← Chapters

သုတေသနလုပ်ငန်းများ ၂

Vol. 11 Ch. 103

သုတေသနလုပ်ငန်းများ ၂

Vol. 11 Ch. 103

လှိုဏ်ဂူအတွင်း၌ စုချန်းသည်သူ၏ အလုပ်စားပွဲရှေ့တွင်ထိုင်ကာ လက်တွေ့စမ်းသပ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။ သူ့လက်ထဲတွင်အနီရောင်သွေးများ ပြည့်နှက်နေသော နှုတ်သီးရှည်ဖန်ခွက်ကို ကိုင်ထား၏။ ထို့နောက်သူသည်အပြာရောင်ဖျော့ဖျော့ အမှုန့်တချို့ကို ယူလိုက်ပြီး ဖန်ခွက်အတွင်းထည့်ကာ သွေးနှင့်သမသွားစေရန်ဖြည်းညှင်းစွာ လှုပ်ခါလိုက်သည်။ အတန်ကြာသော်ဖန်ခွက်အတွင်းရှိ သွေးများအားလုံး ပြစ်ခဲသွားကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။

ထိုအခါ သူက မှတ်စုစာအုပ်အတွင်းဝယ်အောက်ပါအတိုင်း ရေးသားမှတ်တမ်းတင်လိုက်၏။

စမ်းသပ်ချက်၁: စိမ်းကားခြင်းရေအလျင်ဆေးပင်၏ အလွန်အမင်း အေးခဲစေသော အစွမ်းသတ္တိကြောင့်သွေးများ ပြစ်ခဲသွား၏။ ဖြေရှင်းနည်း: ဆေးပင်၏ အချိုးအစားကို လျှော့ချပါ။

ထို့နောက်စုချန်းသည်စမ်းသပ်မှုများအား ဆက်လက်ပြုလုပ်နေခဲ့လေသည်။ စမ်းသပ်မှုများ တခုပြီးတခု ကျော်လွန်လာခဲ့သလို့ သူ့စာအုပ်ထဲရှိ မှတ်စုတိုများမှာလည်း တဖြည်းဖြည်း ပို၍ များပြားလာ၏။

စမ်းသပ်ချက်၂: ဆေးပင်၏ အချိုးအစားမှာ များပြားနေဆဲ ဖြစ်သည်။ ထို့ကြောင့်ထပ်မံလျှော့ချလိုက်၏။

စမ်းသပ်ချက်၄: သွေးမှာ ပြစ်ခဲသွားခြင်း မရှိတော့။ သို့သော်အပူချိန်နိ်မ့်လွန်း၍ မူလပစ္စည်း၏ ပမာဏသည်အလွန်တရာ လျော့နည်းသွားကြောင်း တွေ့ရှိရသည်။ ထိုပမာဏမှာ စမ်းသပ်မှုပြုလုပ်ရန်မလုံလောက်ပေ။ ဖြေရှင်းနည်း: အေးခဲစေသော ပစ္စည်းများနှင့်မူလပစ္စည်းကို သီးခြားစီ ခွဲထုတ်ရန်။

စမ်းသပ်ချက်၁၂: မူလပစ္စည်းကို သီးခြားစီခွဲထုတ်ရာတွင်အောင်မြင်ခြင်း မရှိသေး။

စမ်းသပ်ချက်၃၂: မူလပစ္စည်းကို သီးခြားစီ ခွဲထုတ်ရာတွင်အောင်မြင်ခြင်း မရှိသေး။

စမ်းသပ်ချက်၄၆: မူလပစ္စည်းကို ခွဲထုတ်ရာတွင်ကနဦး အောင်မြင်မှု ရရှိခဲ့သည်။ သို့သော်ခွဲထုတ်ပြီးနောက်မူလပစ္စည်း၏ သက်ရောက်မှုသည်အလွန်လျော့နည်းသွား၏။အဖြေကို မသိရ။ ထိုအဖြေကို ဆက်လက်ရှာဖွေရပေအုံးမည်။

စမ်းသပ်ချက်၁၂၆: ဤကဲ့သို့ ခွဲထုတ်လိုက်ခြင်းသည်မူပစ္စည်းကို အကြီးအကျယ်ပျက်စီးသွားစေနိုင်ကြောင်း သိလိုက်ရသည်။ ကျွနုပ်မူလအသုံးပြုနေသော ခွဲထုတ်ခြင်းနည်းလမ်းသည်အသုံးမဝင်သောကြောင့်ထိုနည်းလမ်းကို စွန့်လွှတ်ရန်အချိန်ကျရောက်လာခဲ့ပေပြီ။ မူလပစ္စည်းအား မပျက်စီးစေပဲ မည်သို့ခွဲထုတ်ရမည်နည်းဟူသော နည်းလမ်းကို ရရှိရန်ကျွန်ုပ်အနေနှင့်ပြန်လည်စဉ်းစားသုံးသပ်ကာ အစမှပြန်လည်စမ်းသပ်ရပေတော့မည်။

နေ့ရက်များ တရက်ပြီးတရက်လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။ စုချန်းကား အနည်းငယ်မျှပင်အားလျော့ခြင်းမရှိပဲ စမ်းသပ်မှုတခုပြီးတခု ဆက်လက်ဆောင်ရွက်လျက်ရှိ၏။ ထိုအချိန်တွင်သံမဏိသည်အနီရောင်နယ်မြေ၏ ပြင်ပသို့ သွားရောက်ပြီး သားရဲအရေခွံများအား သွားရောက်ရောင်းချ၏။ ရရှိလာသော ငွေကြေးများအားလုံးကိုကား စိမ်းကားခြင်းရေအလျင်ဆေးပင်များ ဝယ်ယူရာတွင်အသုံးပြုလိုက်၏။

အနီရောင်နယ်မြေသို့ ဝင်ရောက်ပြီး ၆၄ရက်မြောက်နေ့တွင်စုချန်းသည်ပထမဆုံးအကြိမ်အဖြစ်စိမ်းကားခြင်းရေအလျင်ဆေးပင်ရှိ မူလပစ္စည်းကို သီးခြားခွဲထုတ်နိုင်ခဲ့လေသည်။ သို့သော်ငြားလည်း သူသည်ယခုအချိန်ထိ မူလပစ္စည်းကို တည်ငြိမ်အောင်မပြုလုပ်နိုင်သေးသလို ထိုပစ္စည်း၏ မူလစွမ်းအင်အပေါ် သက်ရောက်မှုမှာလည်း တိုတောင်းလှပြီး ထိန်းချုပ်ရန်ခက်ခဲလှ၏။ မည်သို့ဆိုစေ စုချန်းသည်ခရီးရှည်ကြီး၏ လမ်းတဝက်သို့ ရောက်ရှိနေခဲ့ပြီဟု ဆိုနိုင်ပေသည်။

ဤပြသနာကို ဖြေရှင်းနိုင်ရန်စုချန်းသည်နည်းလမ်းသစ်များ တခုပြီးတခု ရှာဖွေ၏။ စမ်းးသပ်မှုများ ထပ်ခါထပ်ခါ ပြုလုပ်၏။ မရေမတွက်နိုင်သော စမ်းသပ်မှုပေါင်းများစွာ ပြုလုပ်ခဲ့ပြီးနောက်တွင်စုချန်း၏ စိတ်ကူးစိတ်သန်းများမှာ ရှုပ်ထွေးလာ၏။ ဝိရောဓိဖြစ်လာ၏။ ပဋိပက္ခများ ဖြစ်ပေါ်လာ၏။ ထို့နောက်တွင်ကား သူသည်အောက်ပါအတိုင်း သူ့ကိုယ်သူ ပြန်မေးမိတော့သည်။

သူလုပ်ဆောင်နေသမျှသော အရာအားလုံးသည်မည်သည့်ရည်ရွယ်ချက်ကြောင့်ပေနည်း။ မြူခိုးကြားမှ မြွေခြေလှမ်း နည်းစနစ်တခုတည်း အတွက်ပေလော။ ထိုနည်းစနစ်တခုတည်းအတွက်ဆိုလျင်ဤမျှလောက်ထိ ပင်ပင်ပန်းပန်း သုတေသနပြုလုပ်ရန်၊ ရှာဖွေရန်၊ အသိပညာများ တိုးပွားလာစေရန်လိုအပ်လေသလား။

မည်မျှပင်ကြိုးစားစေကာမူ နောက်ဆုံးတွင်သူရိပ်သိမ်းရမည့်တခုတည်းသောအရာမှာ မြွေခြေလှမ်းအား သွေးဗီဇပိုင်ဆိုင်ထားသူ တယောက်နည်းတူ အသုံးပြုနိုင်ရန်သာ ဖြစ်သည်။ ဤတခုတည်းသော စွမ်းဆောင်ရည်အတွက်သူသည်အချိန်နှင့်ခွန်အားများစွာ ဖြုန်းတီးမိခဲ့လေပြီ။ ထိုအခါ သူ၏ ကြိုးစားအားထုတ်မှုနှင့်ရရှိလာမည့်အောင်မြင်မှု တန်၏၊ မတန်၏ကို စုချန်း သံသယဖြစ်လာ၏။ သူသည်မှားယွင်းသော ရွေးချယ်မှုတခုကို ပြုလုပ်ခဲ့မိလေပြီဟု နောင်တရစပြုလာ၏။

သို့သော်နောက်ဆုံးတွင်ကား စုချန်းသည်စုချန်းသာ ဖြစ်လေသည်။ စိတ်ထဲတွင်မည်မျှပင်ဝိရောဓိဖြစ်နေစေကာမူ သူသည်အရှုံးမပေးပဲ စမ်းသပ်မှုများအား ဆက်လက်ပြုလုပ်နေခဲ့လေသည်။ အကြောင်းမှာ သူ၏ ရွေးချယ်မှု မှန်ကန်သည်ဟု ယူဆ၍ မဟုတ်ပေ။ မည်သည့်အရာကိုမှ အလွယ်တကူ အလျှော့မပေးတတ်သော သူ၏ သံမဏိစိတ်ဓာတ်ကြောင့်ပင်ဖြစ်လေသည်။

အနာဂတ်ဟူသည်မြူခိုးများ ဖုံးအုပ်ထားသော အရာဖြစ်လေရာ နောင်တချိန်မည်သည့်ကိစ္စများ ဖြစ်ပေါ်လာမည်မှန်း မည်သူမျှ မသိရှိနိုင်။ စုချန်းသည်လည်း တန်ခိုးရှင်တယောက်မဟုတ်လေရာ အနာဂတ်ကို ကြိုမမြင်နိုင်။ သို့သော်သူဖြတ်သန်းခဲ့ရသော အတိတ်ကိုမူကား စုချန်း မြင်နိုင်၏။ သူ့အတိတ်သည်သူ့အား သင်ခန်းစာတခု ပေးခဲ့၏။ ထိုသင်ခန်းစာမှာ မည်သည့်အခါမျှ လက်မလျှော့ရန်ပင်ဖြစ်လေတော့သည်။ ထိုအခါ စုချန်းသည်လက်ရှိ စမ်းသပ်မှုများအား အနီရောင်ပြစ်ဒဏ်ကာလ ကုန်ဆုံးသွားသည့်တိုင်အောင်မဆုတ်မနစ်ဆက်လက်ပြုလုပ်သွားမည်ဟု ခိုင်ခိုင်မာမာပင်ဆုံးဖြတ်ချက်ချလိုက်တော့သည်။ နောင်နှစ်ပေါင်းများစွာ ကြာမြင့်သောအခါ ထိုစဉ်က သူချမှတ်ခဲ့သော ဆုံးဖြတ်ချက်သည်မည်မျှ မှန်ကန်ပြီး သူကိုယ်တိုင်လည်း မည်မျှ ကံကောင်းခဲ့ကြောင်း စုချန်း သဘောပေါက်လာခဲ့၏။

ကံကောင်းသည်။ မှန်ပေ၏။ စုချန်းတယောက်အမှန်တကယ်ပင်ကံကောင်းခဲ့လေသည်။

အကြောင်းမှာ ၁၂၆ရက်မြောက်နေ့တွင်စုချန်းသည်သူကြုံတွေ့နေရသော အခက်အခဲ အတော်များများကို ဖြေရှင်းနိုင်ခဲ့ပြီး သူ၏ ပထမဆုံး ပျံသန်းနေသောမြွေ မူလပစ္စည်းဆေးကို ဖော်စပ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုဆေးကို သောက်သုံးပြီးနောက်သူ၏ မြွေခြေလှမ်းနည်းစနစ်သည်အလွန်တိုးတက်လာကြောင်း စုချန်းတယောက်ရှင်းရှင်းလင်းလင်းပင်သိရှိလိုက်ရ၏။ ထိုတိုးတက်မှုသည်အကန့်အသတ်နှင့်သာ ဖြစ်သော်လည်း သူသည်လမ်းမှန်ကို လျှောက်လှမ်းမိနေပြီဖြစ်ကြောင်း စုချန်း သဘောပေါက်လိုက်၏။ သွေးဗီဇများကို အစားထိုးတုပရန်မှာ မဖြစ်နိုင်သော အရာမဟုတ်တော့။

ရက်ပေါင်းတရာကျော်မျှ အတွင်း ထိုရလဒ်မျိုး ရရှိခဲ့သည့်နေရာတွင်စုချန်း၏ ကြိုးစားအားထုတ်မှုသည်ညီမျှခြင်း၏ သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်သည်။ အဓိကမှာ ကံတရားကြောင့်ပင်ဖြစ်သည်။

သူသည်မထင်မှတ်ပဲ စိမ်းကားခြင်းရေအလျင်ဆေးပင်အတွင်းရှိ မူလပစ္စည်းကို မထင်မှတ်ပဲ တွေ့ရှိခဲ့၏။ ထိုဆေးပင်၏ တန်ဖိုးမှာလည်း နည်းပါးလှပေရာ သူ့အတွက်ကုန်ကျစရိတ်သိပ်မကြီးလှပဲ များပြားလှသော စမ်းသပ်မှုများအား ပြုလုပ်နိုင်ခဲ့သည်။ မြူခိုးကြားထဲမှ မြွေခြေလှမ်းနည်းစနစ်နှင့်သူ၏ ထူးခြားလှသော အမြင်အာရုံကြောင့်လည်း သွေးဗီဇ၏ သဘောသဘာဝကို လေ့လာစူးစမ်းရာတွင်ပိုမို လွယ်ကူစေခဲ့ပြန်၏။ အောရစ်၏ စမ်းသပ်ခြင်းနည်းလမ်ူများနှင့်စဉ်းစားတွေးခေါ်ပုံသည်လည်း မူလပစ္စည်းဆေးဝါး ဖော်စပ်ရာတွင်တဖက်တလမ်းမှ အထောက်အကူ ပြုခဲ့ပြန်သည်။

နောက်ဆုံးအနေနှင့်ကား သူ၏ စမ်းသပ်မှုကာလရှည်ကြီးအတွင်း မည်သည့်မတော်တဆမှုမှ မဖြစ်ပေါ်ခဲ့သလို အကြီးအကျယ်ပျက်စီးဆုံးရှုံးသွားသည်ဟူ၍လည်း မရှိခဲ့။ ဤပုံဤနည်းအားဖြင့်စုချန်းသည်သူ၏ စမ်းသပ်မှုကာလအား ဆုံးခန်းတိုင်အောင်လုပ်ဆောင်နိုင်ခဲ့ပြီး သူရှာဖွေနေသည့်အရာကို တွေ့ရှိခဲ့လေသည်။ အကယ်၍ စုချန်းသာ ထိုအခြေအနေဆိုးမျိုးနှင့်ကြုံတွေ့ခဲ့ရလျင်ရှေးမဆွကပင် ထိုစမ်းသပ်မှုများကို လက်လျော့ကောင်း လက်လျော့ခဲ့ပေလိမ့်မည်။

သို့သော်လက်ရှိတွင်ကား စုချန်း၌ ထိုကဲ့သို့ အတွေးအခေါ်မျိုး ထပ်မံပေါ်ပေါက်လာခြင်း မရှိတော့။ သူသည်သူ၏ လတ်တလောအောင်မြင်မှုအပေါ် အလွန်စိတ်လှုပ်ရှားကာ ဝမ်းသာပျော်ရွှင်နေတော့သည်။ ဤမဆိုစလောက်သော အောင်မြင်မှုသည်သူ၏ ယုံကြည်မှုကို တိုးပွားလာစေပြီး ဤလမ်းကြောင်းပေါ်တွင်တစိုက်မတ်မတ်လျှောက်လှမ်းသွားစေရန်ဆုံးဖြတ်ချက်ကို တွန်းအားပေးနေလေသည်။

တချိန်တည်းမှာပင်ပျံသန်းနေသောမြွေသွေးဗီဇ၏မူလပစ္စည်းသည်တခြားမူလစွမ်းရည်များအပေါ် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိကြောင်း စုချန်း သိရှိလာ၏။ ၎င်းသည်မူလစွမ်းအင်အပေါ် လွှမ်းမိုးနိုင်သော်လည်း ပြောင်းလဲမှုများသည်သွေးဗီဇစွမ်းရည်များနှင့်သာ သင့်တော်၏။ အကယ်၍ တူညီသော သွေးဗီဇ၏ သက်ဆိုင်ရာ မူလစွမ်းရည်များအပေါ် မူလပစ္စည်းက အကျိုးသက်ရောက်မှု ရှိသည်ဟုဆိုလျင်ထိုအဓိပ္ပါယ်မှာ စုချန်းသည်ပျံသန်းနေသောမြွေသွေးဗီဇ၏ တခြားသွေးဗီဇစွမ်းရည်များကို ထပ်မံသင်ယူနိုင်ခဲ့လျင်သူ့အနေနှင့်သွေးဗီဇ၏ကန့်သတ်ချက်ကို ကျော်လွှားနိုင်လိမ့်မည်ဟူသော အဓိပ္ပါယ်ပင်ဖြစ်လေတော့သည်။

သို့သော်ယခုအချိန်ထိ သွေးဗီဇ၏ ကန့်သတ်ချက်ကို ကျော်လွှားနိုင်ခြင်းမှာ ယခုတိုင်အကန့်အသတ်နှင့်သာ ရှိနေသေး၏။ အကြောင်းရင်းမှာ သူ၏ မူလပစ္စည်းနှင့်ပတ်သက်သော တိုးတက်မှုသည်ကနဦးအဆင့်တွင်သာ ရှိနေသေးပြီး နောက်ထပ်အဆင့်ပေါင်းများစွာ ကျော်ဖြတ်ရပေအုံးမည်။ နောက်တချက်မှာ သူ့အနေနှင့်မူလစွမ်းအင်စီးဆင်းမှုပြသနာနှင့်စုပ်ယူခြင်းနည်းလမ်းကို ပြောင်းလဲရန်ကျန်ရှိနေသေး၏။ ထို့ကြောင့်စုချန်း၏ လက်ရှိအောင်မြင်မှုပမာဏသည်အလွန်တရာ သေးငယ်လွန်းသေးသည်ဟု ဆိုရခြင်းဖြစ်သည်။

သို့သော်ပြသနာ၏ အစပိုင်းသည်သဘာဝနှင့်သက်ဆိုင်ပြီး နောက်ပိုင်းတွင်ကား နည်းလမ်းများအပေါ်တွင်မူတည်နေသည်။ သဘာဝပြသနာကို ဖြေရှင်းပြီးသည့်နောက်ပိုင်းတွင်နည်းလမ်းပိုင်းဆိုင်ရာမှာ အထူးတလည်ပြသနာမျိုး မဟုတ်တော့။ စုချန်းအတွက်မှာမူကား ထိုပြသနာသည်အချိန်၏ ပြသနာမျှသာဖြစ်ပြီး မည်သည့်လမ်းကြောင်းကို ရွေးချယ်မည်ဟူသော ပြသနာမဟုတ်တော့။ နောက်လာမည့်နေ့ရက်များတွင်ကား စုချန်းသည်သူ၏ မူလပစ္စည်းဆေးဝါးကို ပိုမိုပြည့်စုံလာစေရန်အားထုတ်နေပြီး မူလစွမ်းအင်ပုံစံသစ်တခု တည်ဆောက်ရန်ကြိုးစားနေခဲ့လေသည်။

သို့သော်သူ၏ စမ်းသပ်မှုများအားလုံးသည်လင်ယဲ့မွှား၏ ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင်မူတည်နေသေး၏။ ထိုအကြောင်းကြောင့်ပင်လင်ယဲ့မွှားမှာ ပိုမိုခံစားနေရရှာသည်။ လင်ယဲ့မွှားကိုယ်တွင်းမှ သွေးများအား ထုတ်ယူပြီး သွေးအတွင်း ပြောင်းလဲမှုများအပေါ် မူလစွမ်းအင်၏ သက်ရောက်ပုံကို လေ့လာခြင်းမှာ စုချန်း မကြာခန ပြုလုပ်လေ့ရှိသော ကိစ္စမျိုးဖြစ်သည်။ တခါတရံတွင်ကား စုချန်းသည်လင်ယဲ့မွှား၏ သွေးဗီဇများ ဆူပွက်နေချိန်တွင်၎င်း၏ကိုယ်ခန္ဓာကို ဓားနှင့်မွှန်းလေ့ရှိသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့်သူသည်သွေးဗီဇနှင့်မူလစွမ်းအင်အကြား ဆက်နွယ်မှုနှင့်လျင်မြန်သော ပြောင်းလဲမှုတို့ကို လေ့လာနိုင်၏။ ရံဖန်ရံခါတွင်ကား သူသည်ဓားကိုပင်မသုံးတော့ပဲ လင်ယဲ့မွှားကို လက်သီးဖြင့်ထိုးနှက်ကာ သွေးခြည်ဥအတွင်းမှ သန့်စင်သော မူလစွမ်းအင်ပြောင်းလဲမှုကို အသေးစိတ်လေ့လာပြန်သည်။

စုချန်း၏ နောက်ထပ်စမ်းသပ်မှုတခုမှာ အလွန်အေးစက်သော ရေထဲ၌ လင်ယဲ့မွှား၏ ကိုယ်ခန္ဓာကို ထည့်သွင်းစမ်းသပ်ခြင်း ဖြစ်သည်။ ထိုသို့စမ်းသပ်ခြင်းအားဖြင့်အလွန်အေးစက်သော အပူချိန်၌ လင်ယဲ့မွှား၏ ကိုယ်ခန္ဓာအတွင်း ပြောင်းလဲမှုများကို စုချန်း လေ့လာနိုင်သလို အလွန်မြင့်မားသော အပူချိန်၌ လင်ယဲ့မွှား၏ ကိုယ်ခန္ဓာ မည်သို့မည်ပုံ ပြောင်းလဲလာမည်ဟူသော တွေးတောမှန်းဆချက်ကိုလည်း အထောက်အကူ ပြုစေ၏။ ထို့ပြင်စုချန်းသည်လင်ယဲ့မွှားအား ဝိညာဉ်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိပြီး အဆိပ်များ တိုက်ကျွေးတတ်လေသည်။ ၎င်းကိုယ်တွင်းရှိ မူလစွမ်းအင်တုံ့ပြန်မှုကို စူးစမ်းနိုင်ရန်ဖြစ်သည်။

အမှန်တော့ စုချန်းအနေနှင့်ထိုစမ်းသပ်မှုများအားလုံးကို ပြုလုပ်နေရန်မလိုအပ်ပေ။ ထိုသို့မှမလုပ်လျင်လည်း အချိန်ဖြုန်းနေရန်သာ ရှိ၏။ တဖန်လင်ယဲ့မွှားသည်သူ့အတွက်တန်ဖိုးရှိနေသေးရာ အကြောင်းမဲ့သက်သပ်သတ်ဖြတ်ရန်ခဲယဉ်း၏။ ထို့ကြောင့်စုချန်းအနေနှင့်ရနိုင်သမျှသော အကျိုးအမြတ်များကို ညှစ်ထုတ်နေခြင်းဖြစ်သည်။ သို့သော်လက်ရှိအချိန်တွင်လင်ယဲ့မွှားအား မည်သည့်အခါကမျှ ခွဲစိတ်ခြင်းမပြုဟူသော စကားကိုမူ လက်ရှိအချိန်ထိ စုချန်းက စောင့်ထိန်းထားဆဲပင်တည်း။ ထူးခြားသော အမြင်အာရုံကြောင့်လည်း စုချန်းအနေနှင့်လင်ယဲ့မွှားကို အထူးတလည်ခွဲစိတ်ရန်မလိုပဲ ရှင်းလင်းပီသစွာ မြင်တွေ့နေရ၏။ အချိန်ကြာမြင့်လာသည်နှင့်အမျှ စုချန်း၏ အမြင်အာရုံမှာ တနေ့တခြား တိုးတက်လာခဲ့သည်မဟုတ်ပါလား။

ထိုအကြောင်းကြောင့်လင်ယဲ့မွှားမှာ သေလည်းမသေနိုင်ပဲ သေလုမြောပါးဝေဒနာများ ခံစားနေရရှာတော့သည်။ သူ့မျက်လုံးထဲတွင်ကား လင်ယဲ့မွှားကို ကြည့်ရသည်မှာ နတ်ဆိုးတကာင်ပမာသာ ထင်မှတ်နေလေ၏။ နတ်ဆိုးတကောင်၏ ရက်စက်တတ်သော စိတ်ထားမျိုးရှိသူသာ တခြားလူများအပေါ်နှိပ်စက်ခြင်း၌ ပျော်မွေ့တတ်ကြသည်မဟုတ်ပါလား။ စုချန်းကား လူသားမဟုတ်တော့။ သွေးဆာနေသော နတ်ဆိုးတကောင်ပေတကား။ စုချန်းကား လင်ယဲ့မွှား၏ အတွေးကို မသိ။ သိလျင်လည်း သူ့အနေနှင့်ဂရုစိုက်မည်မဟုတ်။ အနီရောင်ပြစ်ဒဏ်ကာလမှာ သိပ်မကြာခင်ပြည့်တော့မည်ဖြစ်လေရာ ရရှိနိင်မျှ အချိန်အားလုံးကို အကျိုးရှိရှိ အသုံးချရန်လိုအပ်နေသည်မဟုတ်ပါလား။

ထို့ကြောင့်စုချန်း၏ စမ်းသပ်မှုအကြိမ်အရေအတွက်မှာ ပို၍စိပ်လာ၏။ ထိုအတောအတွင်းဝယ်သံမဏိသည်နယ်မြေပြင်ပသို့ နှစ်ကြိမ်တိုင်တိုင်ထွက်၍ သားရဲအရေခွံများ အရောင်းအဝယ်ပြုလုပ်ခဲ့ပြီးလေသည်။ ရရှိလာသော ငွေကြေးများအားလုံးကို စိမ်းကားခြင်းရေအလျင်ဆေးပင်နှင့်တခြားအရင်းအမြစ်များ ဝယ်ယူရာတွင်အသုံးပြုခဲ့ပြီး ငွေကြေးမလောက်ငသောအခါ စုချန်းသည်ကိုယ်ပိုင်ငွေကြေးတချို့ကိုပါ ထုတ်သုံးခဲ့ရ၏။

အခြားတဖက်တွင်လည်း စုချန်း၏ ဤတကြိမ်ခရီးစဉ်သည်ငွေကြေးရှာဖွေရန်မဟုတ်ပေ။ သူ့တွင်စုဆောင်းထားသော မူလကျောက်တုံး အတော်များများ ကျန်ရှိနေသေး၏။ သို့သော်စမ်းသပ်မှုများကြောင့်စုချန်း၏ ကိုယ်ခန္ဓာစွမ်းအင်စုဆောင်းခြင်း လုပ်ငန်းစဉ်ကိုကား အကြီးအကျယ်ထိခိုက်စေခဲ့လေသည်။ ရက်တရာကျော်အတွင်း စုချန်းသည်ချီစုဆောင်းခြင်းနယ်ပယ်ဒုတိယအလွှာမှ ပဉ္စမအလွှာသို့သာ တက်ရောက်နိုင်ခဲ့၏။ သို့သော်ဤမျှလောက်သော တိုးတက်မှုသည်ပင်အခြားလူများနှင့်နှိုင်းယှဉ်လျင်အလွန်မြန်ဆန်သော နှုန်းထားဖြစ်သည်။

အမှန်တော့ စုချန်းသည်ထိုကိစ္စကို အထူးတလည်ဂရုစိုက်ခြင်း မရှိလှ။ အနီရောင်တောင်ကြောအတွင်ရက်ပေါင်း၁၅၀ပြည့်သောနေ့တွင်စုချန်းသည်မူလပစ္စည်းဆေးကို ပို၍ ကောင်းမွန်လာစေရန်ဖန်တီးနိုင်ခဲ့၏။ အချိန်မှာလည်း အတော်လင့်နေခဲ့ပြီဖြစ်လေရာ သူ့အနေနှင့်အိမ်ပြန်ရန်အချိန်ကျရောက်လာခဲ့လေပြီ။ လင်ယဲ့မွှားအနေနှင့်ကား ဤနေ့သည်အထူးတလည်စိတ်လှုပ်ရှားစရာကောင်းသော နေ့ဖြစ်သည်။ အကြောင်းမှာ သူ့အနေနှင့်ဆက်လက်နှိပ်စက်ခံစရာ မလိုတော့။ သို့သော်စုချန်းကား လင်ယဲ့မွှားကို လက်မလွတ်ခဲ့ချေ။ သူသည်လင်ယဲ့မွှားကို သူနှင့်တပါတည်းခေါ်ဆောင်ကာ အနီရောင်တောင်ကြောကို စွန့်ခွာလာခဲ့လေသည်။

နှစ်ရက်ခန့်အကြာ စုချန်းသည်မြောက်ပိုင်းမြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်သို့ ရောက်ရှိလာ၏။ ချိုင့်ဝှမ်းအဝင်ပေါက်ရှိ လူများကို မြင်တွေ့လိုက်ရသောအခါ စုချန်းတယောက်ဟက်ဟက်ပက်ပက်ရယ်မောလိုက်တော့သည်။ ရပ်စောင့်နေသော လူအုပ်မှာ များပြားလှ၏။ စုမျိုးနွယ်စုဝင်များသာမက လင်မျိုးနွယ်စုဝင်များလည်း ပါဝင်လေသည်။ အစေခံများ သက်သက်မဟုတ်။ အကြီးအကဲများကိုယ်တိုင်ပါဝင်လေ၏။

စုချန်းချဲ့၊ စုချန်းအန်၊ စုဖေးဟူနှင့်တခြားအကြီးအကဲများအားလုံးလိုလိုပင်လူစုံတက်စုံ ရောက်ရှိနေကြလေပြီ။

All Chapters