← Chapters

ဆုံးဖြတ်ချက်

Vol. 11 Ch. 104

ဆုံးဖြတ်ချက်

Vol. 11 Ch. 104

ချိုင့်ဝှမ်းအဝင်ပေါက်တွင်စုချန်းကို မြင်လိုက်ရသည်နှင့်လူအုပ်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ သုံးရက်တိုင်တိုင်စောင့်ဆိုင်းပြီးနောက်စုချန်းသည်လူအများ၏ ရှေ့သို့ ပြန်လည်ရောက်ရှိလာခဲ့ပေပြီ။ စုချန်းကား ယခုတိုင်မသေသေးပေတကား။ သူသည်အနီရောင်တောင်ကြောအတွင်းသို့ ဝင်လိုက်ထွက်လိုက်လုပ်နေသည်မှာ သုံးကြိမ်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်။ ကြည့်ရသည်မှာ အနီရောင်တောင်ကြောသည်သူ့အိမ်နောက်ဖေးကဲ့သို့ ဖြစ်နေပြီး မည်သည့်အရာမျှ သူ့အား အန္တရာယ်မပြုနိုင်တော့။

သာမာန်အခြေအနေမျိုးတွင်ကား စုချန်းကို ထိုကိစ္စကြောင့်လူတိုင်းလိုလိုက ကြောက်လန့်နေရပြီး သူ့အား အတိုက်အခံ လုပ်ရဲသူ အတော်လေး ရှားပါးသွားခဲ့လေပြီ။ သို့သော်ဤယနေ့တွင်ကား သာမာန်အခြေအနေမျိုး မဟုတ်လေရာ လူအများ၏ ပုံစံမှာ ကြောက်လန့်ဟန်မရှိပဲ ဒေါသထွက်သော အမူအရာများ ပေါ်ပေါက်နေ၏။

လူအုပ်ကို လှုံ့ဆော်နေသူမှာကား အဖိုးအိုတဦး ဖြစ်သည်။ အဖိုးအိုသည်တခေါင်းလုံး ဖွေးဖွေးဖြူနေသော်လည်း အလွန်တရာ အင်အားပြည့်ဝဟန်ရှိ၏။ သူ့ပုံစံကို ကြည့်ရသည်မှာ အဖြူရောင်အမွေးအမြင်များ ပေါက်ရောက်နေသော ကျားတကောင်နှင့်ပင်တူနေသေးသည်။ စုချန်း လမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်သည်နှင့်အဖိုးအိုက မိုးထစ်ချုံးသကဲ့သို့ အသံနှင့်အော်ဟစ်လိုက်သည်။

"ဟေ့ကောင်စုချန်း လင်ယဲ့မွှား ဘယ်မှာလဲကွ"

စုချန်းက မျက်မမြင်ကဲ့သို့ ဟန်ဆောင်ပြီး အသံကြားရာဆီသို့ ခေါင်းတချက်ငဲ့ကာ မေးလိုက်သည်။

"ခုမေးနေတာ ဘယ်သူလဲဗျ"

စုချန်း၏ သရုပ်ဆောင်ကောင်းပုံကို ကြည့်ရင်း စုချန်းချဲ့မှာ အကူအညီကင်းမဲ့သကဲ့သို့ ခံစားလိုက်ရပြီး သက်မောချလိုက်မိသည်။ စုချန်း၏ လျှို့ဝှက်ချက်ကို မသိရှိခဲ့စဉ်က သူသည်စုချန်းကို မျက်မမြင်တယောက်မှန်း တကယ်ပင်ယုံကြည်ခဲ့မိ၏။ ယခုတော့ မျက်မမြင်တယောက်အဖြစ်ဟန်ဆောင်ရသည်မှာ မလွယ်မှန်း သူ သိရှိသွားခဲ့လေပြီ။ မျက်မမြင်နှင့်မျက်လုံးမြင်သူများကြားဝယ်ကြီးမားသော ကွဲပြားခြားနားချက်တခု ရှိနေ၏။ ၎င်းမှာ အမြင်အာရုံ ကောင်းမွန်သူများ၏ မျက်လုံးသည်အမြဲတမ်း ရှင်သန်နေတတ်ပြီး ခံစားချက်များကို သိုဝှက်သိမ်းဆည်းထားနိုင်ခြင်း မရှိတတ်ပေ။ ထို့ပြင်၎င်းတို့သည်လှုပ်ရှားနေသော အရာဝတ္တုများကို လိုက်ကြည့်တတ်လေ့ရှိ၏။ မျက်လုံးဟူသည်မှာ စိတ်၏ ထွက်ပေါက်ဟုပင်ဆိုရိုးရှိသည်မဟုတ်ပါလား။ သို့သော်စုချန်း၏ မျက်လုံးများမှာကား ပိဘီ အကန်းတယောက်နှင့်တူလှသည်။ သူ့မျက်လုံးများသည်အမြဲလိုလို ထိုင်းမှိုင်းကာ အသက်ဝိညာဉ်ကင်းမဲ့လျက်ရှိပြီး တနေရာတည်းတွင်သာ စူးစိုက်နေတတ်၏။ စုချန်းသည်မျက်မမြင်တယောက်နှင့်တူညီစေရန်အမြဲတစေ စူးစိုက်အားထုတ်လျက်ရှိလေသည်တကား။

ဤကလေးသည်အချိန်တိုင်းလိုလိုတွင်ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်လျက်ရှိ၏။ သို့သော်စုမျိုးနွယ်စုသည်ဤကလေးအား ဖိနှိပ်ရန်ကြိုးစားခဲ့ကြသည်။ ဝမ်းနည်းဖွယ်ရာ ကောင်းလေစွ။ အဆိုပါအတွေးကြောင့်စုချန်းချဲ့၏ ပါးစပ်ထဲဝယ်ခါးသက်သော ခံစားချက်တရပ်ဖြစ်ပေါ်လာတော့သည်။

ထိုစဉ်ဆံပင်ဖြူနေသော အဖိုးအိုက စုချန်း၏ မေးခွန်းကို ဖြေလိုက်သည်။

"ငါက လင်ယွမ့်ချောင်ပဲ"

စုချန်းက ရယ်မောလိုက်သည်။

"ဒါဆိုရင်မိုးကြိုးလင်ကိုယ်တိုင်ရောက်ရှိလာတဲ့သဘောပေါ့"

လင်ယွမ့်ချောင်သည်လင်မျိုးနွယ်တည်ထောင်သူ လင်ယွမ့်ချန်း (ကနဦးက လင်ယွမ်ချင်းဟု သုံးစွဲခဲ့သည်။ မှားယွင်းနေ၍ နောင်အခါ လင်ယွမ့်ချန်းဟုပင်ဆက်လက်သုံးစွဲသွားမည်...ဤကား စကားချပ်)၏ ညီငယ်ဖြစ်ပြီး လင်မျိုးနွယ်အကြီးအကဲတဦးပင်ဖြစ်သည်။ သူ၏ အမူအကျင့်နှင့်ဒေါသကြောင့်၎င်းကို မိုးကြိုးလင်ဟု လူအများက နာမည်ပေးထားကြ၏။ သို့သော်ထိုနာမည်သည်သူ့ထက်ဝါစဉ်ငယ်သူများ ခေါ်ဆိုရမည့်နာမည်တော့မဟုတ်။ ဒေါသကြောင့်လင်ယွမ့်ချောင်၏ မျက်လုံးများမှာ ပြူးကျယ်ဝိုင်းစက်သွားသည်။ ထို့နောက်သူက ဒေါသတကြီးနှင့်ဆဲဆိုလိုက်၏။

"တယ်လဲ မိုက်ရိုင်းစော်ကားလိုက်တဲ့ကောင်ပါလားကွ"

ပြောပြောဆိုဆို သူက စုချန်းကို လက်ဝါးနှင့်ရိုက်ချလိုက်တော့သည်။ ဤနေရာတွင်စုမျိုးနွယ်စုတခုလုံး ရှိနေသော်လည်း လင်ယွမ့်ချောင်သည်စုချန်းအား "မိုးကြိုးလင်"ဟူသော စကားတလုံးကြောင့်စတင်တိုက်ခိုက်ခဲ့လေပြီ။ ဤတချက်နှင့်ပင်မိုးကြိုးလင်ဤမျှဒေါသကြီးကြောင်း လူတိုင်းလိုလို သဘောပေါက်လိုက်ကြ၏။ စုမျိုးနွယ်စု၏ ထိပ်သီးခေါင်းဆောင်များသည်ပင်ထိုလက်ဝါးရိုက်ချက်ကို မည်သူမျှ မတုံ့ပြန်နိုင်ခဲ့ကြ။ သို့သော်စုချန်းသည်ကား လေထဲတွင်လမ်းလျှောက်သကဲ့သို့ ခြေလှမ်းပေါင်းများစွာ လှမ်းသွားခဲ့ပြီး လင်ယွမ့်ချောင်၏ လက်ဝါးရိုက်ချက်ကို အလွယ်တကူပင်ရှောင်ရှားလိုက်နိုင်၏။

ထိုစဉ်လူတိုင်းလိုလိုက လင်ယွမ့်ချောင်ကို အော်ဟစ်တားမြစ်လိုက်ကြ၏။

"ဟေ့ လက်ကိုချလိုက်စမ်း"

သို့သော်ထိုအချိန်တွင်လင်ယွမ့်ချောင်၏ တိုက်ခိုက်မှုမှာ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ သူက အထိတ်တလန့်နှင့်အော်ဟစ်လိုက်၏။

"ဟာ မြူခိုးကြားထဲက မြွေခြေလှမ်းပါလား"

အမှန်တကယ်လည်း စုချန်းသည်မြူခိုးကြားထဲမှ မြွေခြေလှမ်းကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ထိုအခါ သူက မယုံနိုင်ဟန်ဖြင့်မေးလိုက်သည်။

"မင်း ဒီပညာကို ဘယ်က သင်လာခဲ့တာလဲ"

စုချန်းက သိမ်မွေ့စွာပြုံးလိုက်၏။

"ဆင်ကောင်ကြီးတွေ့မှတော့ ဆင်ခြေရာ ရှာဖို့ လိုသေးလို့လားဗျ"

လင်ယဲ့မွှားက ဖြတ်ခနဲ ရေရွတ်လိုက်သည်။

"လင်ယဲ့မွှား"

စုချန်းကလည်း လင်ယွမ့်ချောင်၏ အတွေးကို သိဟန်ဖြင့်ပြုံးလိုက်သည်။

"ခုနက ခင်ဗျား မေးခဲ့တယ်မလား လင်ယဲ့မွှား ဘယ်ရောက်နေသလဲလို့...ဒီတော့ ခင်ဗျားကိုကျုပ်အဖြေနှစ်မျိုးပေးမယ်ပထမအဖြေက ကျုပ်နဲ့ လင်ယဲ့မွှားဟာ အနီရောင်နယ်မြေမှာ အတူတကွ ရုန်းကန်ခဲ့ကြတယ်နောက်တော့ သူနဲ့ကျုပ်နဲ့ အရမ်းခင်မင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်တယောက်ရဲ့ လိုအပ်ချက်ကို နောက်တယောက်က ဖြည့်ဆည်းပေးတဲ့ အခြေအနေထိ ရောက်လာခဲ့တယ်နောက်အဖြေတမျိုးကတော့ လင်ယဲ့မွှားဟာ အင်မတန်ရက်စက်တဲ့ အကြံအစည်နဲ့ ကျုပ်နောက်ကို လိုက်လာခဲ့တယ်ပြီးတော့ ကျုပ်ကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်ဒါပေမဲ့ နောက်ဆုံးမှာတော့ သူရှုံးနိမ့်သွားပြီး အဖမ်းခံလိုက်ရ..."

"မင်း မဟုတ်တရုတ်တွေ ပြောနေတာ"

လင်ယွမ့်ချောင်က သွေးရူးသွေးတန်း အော်ဟစ်လိုက်၏။ သူသည်လင်ယဲ့မွှားကို ရှာဖွေရန်ဤနေရာသို့ ရောက်လာသည်ကတော့ အမှန်ပင်။ သို့သော်ထိုအဓိပ္ပါယ်မှာ လင်ယဲ့မွှား၏ မကောင်းမှုအား ထောက်ခံသည့်အဓိပ္ပါယ်မဟုတ်ပေ။

ဤကမ္ဘာကြီးမှာ စည်းမျဉ်းစည်းကမ်းမရှိသော ကမ္ဘာကြီးဖြစ်၏။ စည်းမျဉ်းစည်းကမ်းသာ ရှိနေခဲ့လျင်စိတ်ပိုင်းဆိုင်ရာများ၊ အမှားအမှန်များဟူသည်မှာ ပုံသေကားချပ်အတိုင်းသာ ရှိနေပေလိမ့်မည်။ အကယ်၍ လင်ယဲ့မွှားသာ စုချန်းနောက်သို့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရန်လိုက်လာခဲ့ရိုးမှန်လျင်သူ၏ ဆိုးဝါးသောကံကြမ္မာမှာ ခံသင့်ခံထိုက်သည်ဟုပင်ဆိုရပေတော့မည်။ အကယ်၍ ထိုကိစ္စသာ သတင်းပျံ့သွားခဲ့လျင်လင်မျိုးနွယ်စု၏ သမိုင်းကြောင်းတွင်နောင်နှစ်ပေါင်းများစွာ အမဲစက်စွန်းထင်းနေတော့မည်ဖြစ်သည်။

ထို့ကြောင်လင်ယွမ့်ချောင်အနေနှင့်ထိုပြစ်မှုကို ဝန်မခံလိုသည်မှာ သဘာဝကျသော ကိစ္စပင်ဖြစ်သည်။ ထိုအခါ လင်ယဲ့မွှားက စကားကို လျောချလိုက်၏။

"လင်ယဲ့မွှားဟာ အနီရောင်တောင်ကြောကို စွမ်းအားစုဆောင်းဖို့ သွားခဲ့တာ ကြာပြီ ဒါပေမဲ့ ခုချိန်ထိ ပြန်မလာသေးဘူး တစုံတယောက်ပြောတာကတော့ လင်ယဲ့မွှားကို မင်းနဲ့အတူ တွေ့ခဲ့သတဲ့ ဒါကြောင့်ကျုပ်က မေးမလို့ လာခဲ့တာပဲ"

လင်ယွမ့်ချောင်၏ စကားကိုကြားသောအခါ စုချန်းက ရယ်မောလိုက်သည်။

"ဒါကြောင့်မို့လို့လည်း ကျုပ်က အဖြေနှစ်မျိုး ပေးထားပြီးသားလေဗျာ ခင်ဗျားအနေနဲ့ ကြိုက်တဲ့အဖြေကို ရွေးနိုင်တယ်"

ထိုအခါ လင်ယွမ့်ချောင်က

"တကယ်လို့ ပထမအဖြေကို ရွေးမယ်ဆိုရင်ဘာဖြစ်မလဲ"

လင်ယွမ့်ချောင်၏ မေးခွန်းကို ကြားလိုက်ရသောအခါ စုချန်းက မသိမသာ ပြုံးလိုက်၏။ ထို့နောက်သူက ပြောလိုက်သည်။

"ဒါဆိုရင်တော့ လူတိုင်းအတွက်ပျော်စရာတွေ ဖြစ်လာမှာပေါ့ဗျာ အစ်ကိုကြီးလင်နဲ့ ကျုပ်တို့ဟာ မိတ်ဆွေတွေ ဖြစ်သွားတဲ့အတွက်ကျုပ်က သူ့ကို ဘယ်ဒုက္ခပေးတော့မလဲ မြူခိုကြားက မြွေခြေလှမ်းနည်းစနစ်ဟာ သူ့ဆီက ကျုပ်ရထားတာတော့ မှန်တယ်ဒါပေမဲ့ မိတ်ရင်းဆွေရင်းတွေဆိုတာ တယောက်နဲ့ တယောက်ဒီလောက်ထိ တွက်ကပ်လေ့မရှိကြဘူးလေဗျာ ပြီးတော့ အစ်ကိုကြီးလင်ဘယ်ထွက်သွားခဲ့မှန်း ကျုပ်တကယ်ကို မသိဘူးဗျ"

စုချန်း၏ စကားကို ကြားလိုက်သည်နှင့်လင်ယွမ့်ချောင်က ၎င်း၏ ရည်ရွယ်ချက်ကို ကောင်းစွာသဘောပေါက်လိုက်၏။ ဤစကားမှာ လင်ယဲ့မွှားတယောက်ယခုအချိန်ထိ အသက်ရှင်နေသေးသော်လည်း စုချန်းက သူ့အား အလွယ်တကူ ပြန်မပေးနိုင်ဟု အဓိပ္ပါယ်သက်ရောက်နေလေသည်။ ထိုအခါ သူက ထပ်မံမေးမြန်းလိုက်၏။

"တကယ်လို့ ဒုတိယအဖြေကို ရွေးမယ်ဆိုရင်ကော ဘာဖြစ်မလဲ"

စုချန်းက ခေါင်းကိုအနည်းငယ်မော့ရင်း စဉ်းစားဟန်ပြု၏။ ထို့နောက်သူက ပြောလိုက်သည်။

"လင်မျိုးနွယ်စုရဲ့ မိသားစုဝင်တယောက်ဟာ ခရီးရှည်ကြီးကို ဖြတ်သန်းပြီး ကျုပ်နောက်ကို လိုက်လာခဲ့တယ်ပြီးတော့ ကျုပ်ကို သတ်ဖို့ကြံစည်ခဲ့တယ်ဒီအတွက်တန်ရာတန်ကြေးကို ပြန်ပေးရလိမ့်မယ်"

လင်ယွမ့်ချောင်က

"ဘာတန်ရာတန်ကြေးလဲ"

စုချန်းက ရေခဲတမျှ အေးစက်သောလေသံနှင့်အဖြေပြန်ပေးလိုက်လေသည်။

"တန်ရာတန်ကြေးကတော့ သူ့အသက်ပဲ"

စုချန်း၏ အဖြေကိုကြားလိုက်ရသောအခါ လင်ယွမ့်ချောင်က ဒေါသထွက်သွား၏။ ထို့နောက်တုန်ယင်သောလေသံနှင့်ပြောလိုက်သည်။

"မဟုတ်ဘူး ဒီနေရာမှာ တတိယအဖြေ ရှိအုံးမယ်လို့ ကျုပ်ထင်တယ်"

စုချန်းက

"တတိယအဖြေဟုတ်လား...ပြောပါဗျာ"

လင်ယွမ့်ချောင်က

"မင်းနဲ့ လင်ယဲ့မွှားဟာ တောထဲမှာ စကားများ ရန်ဖြစ်ခဲ့ကြတယ်မင်းဟာ လောဘအလွန်ကြီးတဲ့အတွက်သူ့ကို ဒုက္ခပေးပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို လုယူဖို့ ကြံစည်ခဲ့တယ်"

လင်ယွမ့်ချောင်၏ စကားကိုကြားလိုက်ရသောအခါ စုချန်းက စိတ်ကိုမထိန်းနိုင်တော့ဟန်ဖြင့်အားရပါးရ ရယ်မောလိုက်တော့သည်။

"ခင်ဗျားတို့လူက သိပ်သနားစရာကောင်းတဲ့ကောင်ပဲ သူပိုင်ဆိုင်တာဆိုလို့ ချာတူးလန်ဓားတချောင်းရယ်မှန်ကွဲတချို့နဲ့ မူလကျောက်တုံး အနည်းငယ်ပဲ ရှိတယ်သူပိုင်ဆိုင်တာတွေ အကုန်ပေါင်းလိုက်ရင်တောင်ကျုပ်ခြေထောက်က ဖိနပ်တရံစာတောင်မရှိဘူး ဒီလိုကောင်မျိုးအတွက်များ ကျုပ်က လျှို့ဝှက်ကြံစည်ပြီး လုယက်နေစရာလားဗျ"

"ဒီတော့ မင်း သူနဲ့တွေ့ခဲ့တယ်လို့ ဝန်ခံလိုက်တာပေါ့ ဟုတ်လား"

လင်ယွမ့်ချောင်က အငိုက်ဖမ်းကာ မေးလိုက်၏။ ထိုအခါ စုချန်းက

"ကျုပ်က သူနဲ့မတွေ့ခဲ့ဘူးလို့ ဘယ်တုန်းကမှ မငြင်းဆန်ခဲ့ရသေးဘူး ရှင်ရှင်းပြောရရင်သူဘယ်မှာ ရှိသလဲဆိုတာတောင်ကျုပ်ပြောနိုင်သေးတယ်စိတ်မပူစမ်းပါနဲ့ သူ ကျန်းကျန်းမာမာနဲ့ အသက်ရှင်လျက်ရှိပါသေးတယ်ဗျ ဒီတော့ မေးခွန်းက..."

ဤနေရာသို့အရောက်တွင်စုချန်းက လက်နှစ်ဖက်ကို ဟန်ပါပါနှင့်ဖြန့်လိုက်သည်။ ထို့နောက်သူက စကားဆက်၏။

"ဘယ်သူက ဘယ်သူ့ရဲ့ ရတနာတွေကို လိုချင်သလဲဆိုတာပဲ ဒီမယ်လင်မျိုးနွယ်ရဲ့ ဒုတိယအကြီးအကဲ...ခင်ဗျားအနေနဲ့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မလုပ်ဘူးဆိုရင်ခင်ဗျားရဲ့လူကို ကျုပ်မလွှတ်ပေးနိုင်ဘူးဗျ"

ထိုအချိန်တွင်စုချန်းချဲ့က နှုတ်ဆိတ်မနေတော့ပဲ ဝင်ရောက်ပြောဆိုလိုက်၏။

"ကျုပ်တို့ချန်းအာရဲ့စကားက ကျိုးကြောင်းဆီလျော်သားပဲ သူဟာ ခင်ဗျားမြေးရဲ့ ကံကြမ္မာကို အတည်ပြုခဲ့ပြီးပြီ ခင်ဗျားရဲ့ မြေး ကျန်းကျန်းမာမာနဲ့ အသက်ရှင်လျက်ရှိနေသေးတယ်လို့ သူပြောနေတယ်လေ ဒီတော့ နောက်တဆင့်အနေနဲ့ သူ့တို့အကြား ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ဆက်ပြီးဆန်းစစ်ကြတာပေါ့"

အမှန်တော့ စုချန်းချဲ့သည်စုချန်းက လင်ယဲ့မွှားအား သတ်ဖြတ်လိုက်မည်ကို တချိန်လုံးလိုလို စိုးရိမ်နေခဲ့၏။ ထိုသို့သာဆိုလျင်စုမျိုးနွယ်စုအနေနှင့်စုချန်းကို ကာကွယ်ပေးရန်မဖြစ်နိုင်တော့။ စုချန်းအနေနှင့်လင်ယဲ့မွှားက သူ့အား သတ်ဖြတ်ရန်ကြံစည်ခဲ့သည်ဟု မည်မျှပင်ပြောဆိုစေကာမူ ထိုနေရာတွင် တခြားသက်သေမရှိလေရာ သူပြောသမျှ စကားလုံးများသည်အချည်းနှီးသာ ဖြစ်သွားဖွယ်ရာ ရှိနေ၏။ ယခုတော့ စုချန်း၏ စကားအရ လင်ယဲ့မွှားသည်ကျန်းမာကြောင်း၊ အသက်ရှင်လျက်ရှိကြောင်း သိရှိလိုက်ရသောအခါ သူ၏ ယုံကြည်မှုမှာ တိုးပွားလာပြီး ယခုကဲ့သို့ ဝင်ရောက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဤနေရာတွင်သတ်ိချပ်သင့်သည်မှာ လင်ယဲ့မွှားတယောက်အသက်ရှင်နေသေးမှန်း အတည်ပြုနိုင်ခါမှ စုချန်းချဲ့က ဝင်ရောက်ပြောဆိုလိ်ုက်ကြောင်းပင်။ ကနဦးတွင်၎င်းသည်တုပ်တုပ်မျှပင်မလှုပ်ပဲ ငြိမ်သက်စွာစောင့်ဆိုင်းနေကြောင်း စာရှုသူများ သတိချပ်မိပေလိမ့်မည်။ ဤသည်မှာ စုချန်းချဲ့၏ စိတ်ထားပင်ဖြစ်သည်။ ထိုကဲ့သို့သော စိတ်ထားရှိသူများသည်တစုံတယောက်အရေးကြုံသည့်အချိန်တွင်ကူညီရမည့်အရေးထက်၎င်းတို့အတွက်ထိခိုက်မှု ကြုံတွေ့မည်ကိုသာ ပို၍ စိတ်ပူတတ်ကြ၏။ ထို့ကြောင့်မိမိ၏ မြေးအရင်း သေရေးရှင်ရေး ကြုံတွေ့နေခဲ့သော အချိန်၌ပင်အသာစီးမှ ပြောဆိုနိုင်မည့်အခြေအနေမျိုးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

စုချန်းချဲ့၏ စကားကို ကြားလိုက်ရသောအခါ လင်ယွမ့်ချောင်ကြက်သေသေသွား၏။ ထို့နောက်သူက ပြောလိုက်သည်။

"ဘာကို ဆက်ပြီး ဆန်းစစ်နေရမှာလဲ လူကို လက်လွှဲပေးလိုက်... သူကျန်းမာတယ်ဆိုတာနဲ့ ကျုပ်တို့က သူ့ကိုခေါ်ပြီး တခါတည်း ထွက်သွားလိုက်မယ်"

စုချန်းချဲ့က အေးစက်သော လေသံနှင့်ရယ်မောလိုက်၏။

"အိပ်မက်မက်မနေနဲ့ မင်းက ကျုပ်တို့ စုမျိုးနွယ်စုကို ဘာများထင်နေသလဲ လာချင်တဲ့အချိန်လာပြီး သွားချင်တဲ့အချိန်သွားလို့ရမယ်လို့ ထင်နေတယ်ပေါ့ မင်းအနေနဲ့ ကျုပ်တို့မျိုးနွယ်အတွက်တရားမျှတမှုတခုတော့ ဖော်ဆောင်ပေးသင့်တာပေါ့"

လင်ယွမ့်ချောင်ထိတ်လန့်တုန်လှုပ်သွား၏။

"မင်းပြောချင်တာက လင်ယဲ့မွှားဟာ စုချန်းကို ဒုက္ခပေးခဲ့တယ်လို့ ဆိုလိုတာလား အဲဒါဆို သူ့ကို ထုတ်ပေးလိုက်လေ ဒီကိစ္စမှာ သူဟာ တဦးတည်းသော သက်သေပဲ"

ထိုအခါ စုချန်းက အေးဆေးသော လေသံနှင့်ဝင်ပြောလိုက်သည်။

"အလိမ်အညာတွေကို ဖော်ထုတ်နိုင်တဲ့ မူလစွမ်းရည်မျိုး ရှိတယ်ဆိုတာ ကျုပ်တို့အားလုံး သိပြီးသားပဲ လူအတော်များများက ဒါကိုမသိပေမဲ့ ကျုပ်ကတော့ နည်းလမ်းတချို့ကို သိထားတယ်ဒီတော့ ကျုပ်ကို အချိန်နည်းနည်းလောက်ပေးပါ ကျုပ်သူ့ကို ထုတ်ပေးမယ်အဲဒီအချိန်ကျရင်ဘယ်သူက အမှန်အတိုင်းပြောနေပြီး ဘယ်သူက လိမ်နေတယ်ဆိုတာကို လူတိုင်း သိလာလိမ့်မယ်"

လိမ်ညာမှုကို ဖော်ထုတ်ခြင်းသည်ရှေးဟောင်အာကင်နာ နည်းစနစ်ဖြစ်သည်။ ထိုနည်းစနစ်ကို ရှေးယခင်ကတည်းက ညတစ္ဆေ၏ လက်ထဲတွင်စုချန်း မြင်ဖူး၏။ ထို့ကြောင့်ရှင်သန်ခြင်းကျောင်းတော်ရှိ လူများထဲတွင်ထိုနည်းစနစ်ကို တတ်ကျွမ်းသော လူများရှိကြောင်း စုချန်း ကောင်းကောင်းသဘောပေါက်ထား၏။ လင်ယွမ့်ချောင်ကိုယ်တိုင်လည်း ထိုနည်းစနစ်အကြောင်းကို ကောင်းစွာကြားဖူးလေရာ သူက ထိတ်လန့်သွား၏။ သူ၏ အမူအရာမှာလည်း ချက်ချင်းပင်ပြောင်းလဲသွားလေသည်။ ထို့နောက်သူက ချိုသာသော အမူအရာနှင့်ပြောလိုက်၏။

"နေကြပါအုံးလေ ကျုပ်တို့အားလုံး လူယဉ်ကျေးတွေပဲဟာကို ဒီလိုတွေ လုပ်နေစရာ မလိုပါဘူးလေ ဟဲ ဟဲ ဟဲ ဒီနေရာမှာ နားလည်မှုလွဲနေတာတချို့ ရှိလိမ့်မယ်လို့ ကျုပ်ထင်တယ်ဒီတော့ အေးအေးဆေးဆေး စကားပြောပြီး ဖြေရှင်းကြတာပေါ့"

လင်ယွမ့်ချောင်မှာ အလွန်ဒေါသထွက်နေသော အခြေအနေမှ အောက်ကျို့ရသော အခြေအနေသို့ မထင်မှတ်ပဲ ကျရောက်သွားခဲ့လေပြီ။ ထိုစဉ်စုချန်းချဲ့က တစုံတရာ ပြောမည့်ဟန်ပြင်လိုက်ရာ စုချန်းက စကားဖြတ်ပြောလိုက်၏။

"ဒါကြောင့်မို့လို့ ကျုပ်ကပြောတာပေါ့ အဖြေနှစ်မျိုးမှာ ကြိုက်တဲ့ အဖြေကို ရွေးချယ်ခွင့်ရှိပါတယ်လို့"

လင်ယွမ့်ချောင်ကား ခေါင်းမမာနိုင်တော့။ ထိုအခါ သူက မျက်ခုံးပင့်ရင်း ပြောလိုက်သည်။

"ကျုပ်ကတော့ ပထမအဖြေကိုပဲ ရွေးချယ်လိုက်ပြီ"

သူသည်ယခုအချိန်ကျမှ စုချန်း၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်လာ၏။ လမ်းမှာ သူ့အတွက်ဖွင့်ထားပြီးသား ဖြစ်သည်။ သို့သော်၎င်းကို နားလည်သဘောမပေါက်နိုင်ခဲ့၍သာ ယခုကဲ့သို့ စကားအခြေအတင်ပြောဆိုနေရခြင်း မဟုတ်ပါလား။

လင်ယွမ့်ချောင်၏ စကားကို ကြားလိုက်ရသောအခါ စုချန်းက ရယ်မောလိုက်၏။

"ဒီတော့ လင်မျိုးနွယ်စုရဲ့ ဒုတိယအကြီးအကဲအနေနဲ့ လင်ယဲ့မွှားနဲ့ စုချန်းဟာ အလွန်ရင်းနှီးခင်မင်တဲ့ သူငယ်ချင်းတွေဆိုတာ ယုံကြည်သွားပြီပေါ့"

လင်ယွမ့်ချောင်က ယုံကြည်မှုရှိသော ဟန်ပန်နှင့်ပြောလိုက်သည်။

"ဟာ သိပ်ယုံတာပေါ့ သူငယ်ချင်းကောင်းတွေဆိုတာ တယောက်နဲ့တယောက်ဒုက္ခပေးမဲ့အစား တယောက်ရဲ့ အခက်အခဲကို တယောက်က ကူညီဖြေရှင်းပေးတတ်ကြတယ်လေ"

"ကျုပ်ကလည်း ဒီလိုပဲ ယူဆမိတာပဲ"

စုချန်းက ခေါင်းကိုဆတ်ခနဲညိတ်ရင်း ပြောလိုက်သည်။ ထို့နောက်သူက စကားဆက်သည်။

"ကျုပ်နဲ့ လင်ယဲ့မွှားဟာ ဘယ်ဘဝက ရေစက်လဲတော့မသိဘူး ပထမဆုံးအကြိမ်တွေ့ဆုံတာနဲ့ အလွန်ခင်မင်သွားကြတယ်ဒီတော့ ကျုပ်က သူ့ကို အထူးဧည့်သည်တော်အနေနဲ့ စုအိမ်တော်မှာ သုံးရက်လောက်နေထိုင်ဖို့ ဖိတ်ကြားထားလိုက်တယ်သုံးရက်ပြည့်တာနဲ့ သူဟာ လင်မျိုးနွယ်စုဆီကို ပြန်လည်ရောက်ရှိလာပါလိမ့်မယ်ခင်ဗျာ"

"သုံးရက်ဟုတ်လား...အင်း...ပြသနာမရှိပါဘူးလေ"

လင်ယွမ့်ချောင်အနေနှင့်စုချန်းကို အတင်းအကျပ်အရေးဆိုနိုင်ရန်မည်သည့်နိုင်ကွက်မျှ မရှိချေ။ သုံးရက်ပြည့်သည့်နောက်ကိုယ့်လူကိုယ်ပြန်ရလျင်တော်ပြီဟုသာ သဘောထားလိုက်ရတော့သည်။ ထိုအခါ သူက စိတ်လျော့ပြီး ပြောလိုက်၏။

"အင်းလေ သုံးရက်ပြည့်ရင်သူပြန်ရောက်လာမယ်ဆိုတာ ကျုပ်ယုံပါတယ်"

သို့သော်ထိုအချိန်တွင်စုချန်းက အံ့သြသင့်စရာ စကားတခွန်းကို ပြောလိုက်လေသည်။

"အမှန်တော့ သူနဲ့ကျုပ်ဟာ အပြန်အလှန်သဘောတူညီမှုတွေ ပြုလုပ်ခဲ့ကြတယ်ဗျ ကျုပ်က သူ့ကို စုအိမ်တော်မှာ သုံးရက်တာ အထူးဧည့်သည်တော်အဖြစ်နေထိုင်ဖို့ ဖိတ်ခေါ်ခဲ့သလို သူကလည်း ကျုပ်ကို လင်မျိုးနွယ်စုရဲ့ သားရဲတိရိစ္ဆာန်ဥယျဉ်ကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ခဲ့တယ်"

လင်ယွမ့်ချောင်၏ မျက်လုံးများကား ဇီးကွက်ပမာ ပြူးကျယ်ဝိုင်းစက်သွားတော့သည်။ နောက်ဆုံးတော့ သူသည်စုချန်း၏ တကယ့်ရည်ရွယ်ချက်အစစ်အမှန်ကို နားလည်သဘောပေါက်သွားခဲ့လေပြီ။

လင်ယဲ့မွှားကို ပြန်လည်ရရှိရန်လင်မျိုးနွယ်စုမှ စုမျိုးနွယ်စုကို ပေးရမည့်တန်ဖိုး အစစ်အမှန်မှာ စုချန်းကို သားရဲတိရိစ္ဆာန်ဥယျဉ်အတွင်းသို့ ဝင်ခွင့်ပြုလိုက်ရန်ပင်ဖြစ်လေတော့သတည်း။

All Chapters