အခက်အခဲသစ်များ
Vol. 11 Ch. 106
စုချန်း နေထိုင်သော အိမ်တော်ဝင်း၏ တဖက်ခြမ်းတွင်ကျောက်တုံးခန်းမဆောင်ရှိ၏။ ထိုခန်းမအတွင်းဝယ်ရံဖန်ရံခါ စုချန်းက လေ့ကျင့်ခန်းများ လုပ်တတ်သော်လည်း ယခုတွင်ကား အစေခံများအား အပြစ်ပေးရန်နေရာအဖြစ်အသုံးပြုထား၏။ စုချန်းသည်လင်ယဲ့မွှားအား ထိုအခန်းတွင်း၌ ဖမ်းဆီးထားလေသည်။ စုချန်း အခန်းတွင်းသို့ လှမ်းဝင်လိုက်သည်နှင့်လင်ယဲ့မွှားတယောက်အိပ်ယာပေါ်တွင်ပက်လက်လန်နေပြီး စူးစူးဝါးဝါး အော်ဟစ်နေကြောင်း တွေ့ရှိလိုက်ရ၏။
သူ့တကိုယ်လုံးတွင်အမဲရောင်အမွှေးအမြင်များ ပေါက်ရောက်နေပြီး မျက်လုံးများမှာကား ငါးတကောင်၏ မျက်လုံးများပမာ ပြူးကျယ်ဝိုင်းစက်နေ၏။ သူ့ခြေလက်များမှာကား ထူးခြားသော ပုံစံအမျိုးမျိုးနှင့်တွန့်လိမ်ကောက်ကွေးလေသည်။ စုချန်းကား အံ့သြသင့်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ ထို့နောက်သူက မေးလိုက်သည်။
"သူ ဘာဖြစ်နေတာလဲ"
သံမဏိက ခေါင်းခါယမ်းလိုက်၏။
"ကျွန်တော်လည်း သေချာမသိဘူးသခင်သူ့ကို ဒီခေါ်လာပြီး သိပ်မကြာခင်ဒီလိုဖြစ်လာတော့တာပဲ"
"သူ့ကို ပြန်ခေါ်လာတုန်း လမ်းမှာ တယောက်ယောက်နဲ့များ တွေ့ခဲ့မိသေးလား"
"မတွေ့ပါဘူးသခင်သူ့ကို အိတ်တလုံးထဲထည့်ပြီး ဒီကို တန်းပြန်လာတာပါပဲ ဘယ်နေရာကိုမှလည်း မဝင်ခဲ့ပါဘူးခင်ဗျာ"
ထိုစဉ်လင်ယဲ့မွှား၏ ပါးစပ်မှ စကားသံများ ဗလုံးဗထွေး ထွက်ပေါ်နေ၏။ သို့သော်စုချန်းက "ငါ့ကိုကယ်ပါ"ဟူသော စကားလုံးကိုတော့ ရှင်းလင်းပီသစွာ ကြားလိုက်ရလေသည်။ ထို့နောက်တွင်ကား သနားစရာ လင်ယဲ့မွှားခမျာ စုချန်းကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေရှာတော့သည်။
"ဘာတွေဖြစ်နေတာလဲ သခင်"
လင်ယဲ့မွှား၏ ပုံစံကိုကြည့်ရင်း သံမဏိမှာ အနည်းငယ်ကြောက်ရွံ့လာဟန်ဖြင့်မေးလိုက်သည်။
"ခုတော့ ဘာမှမပြောနိုင်သေးဘူးကွ သူ့ကို သေချာ စမ်းသပ်စစ်ဆေးကြည့်ရမယ်ကဲ သံမဏိ တံခါးကို သေချာဂရုစိုက်ကွာ ဘယ်သူမှဝင်မလာစေနဲ့"
ပြောပြောဆိုဆို စုချန်းသည်လက်စွပ်အတွင်းမှ သူ့အလုပ်စားပွဲ၊ နှုတ်သီးရှည်ဖန်ခွက်နှင့်အခြား ဓာတ်ခွဲပစ္စည်းများကို ဆွဲထုတ်လိုက်သည်။ ထို့နောက်သူက လင်ယဲ့မွှားကိုယ်တွင်းမှ သွေးတချို့ကို ထုတ်ယူကာ စစ်ဆေးကြည့်ရှုလိုက်၏။ ထူးခြားသော အမြင်အာရုံကြောင့်သွေးအတွင်းရှိ ပြောင်းလဲမှုများအား စုချန်းတယောက်ရှင်းလင်းပီသစွာ မြင်တွေ့ရလေသည်။ ထိုအခါ လင်ယဲ့မွှား၏ သွေးသည်တကြိ်မ်တခါမျှ မမြင်တွေ့ဖူးသည့်ပုံစံနှင့်ပြောင်းလဲနေကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။
လင်ယဲ့မွှား၏ သွေးအတွင်း၌ ထူးခြားသော မူလပစ္စည်းတမျိုး ပေါ်ပေါက်နေ၏။ လင်ယဲ့မွှား၏ သွေးအတွင်းဝယ်ထိုပစ္စည်းကို မည်သည်အခါကမျှ မမြင်တွေ့ဖူးကြောင်း စုချန်း ကျိန်ရဲ၏။ ဤသို့ဆိုလျင်ထိုပစ္စည်းသည်မည်သည့်နေရာမျှ ပေါ်ပေါက်လာသနည်း။ စုချန်းကား နားမလည်နိုင်တော့။ ထိုပစ္စည်းသည်အလိုအလျောက်ပေါပေါက်လာခြင်း ဟုတ်မဟုတ်စုချန်းအနေနှင့်ထပ်မံစစ်ဆေးရပေအုံးမည်။ လေ့လာရပေအုံးမည်။
ထိုမူလပစ္စည်းသည်စုချန်း မမြင်နိုင်အောင်လင်ယဲ့မွှား၏ ကိုယ်ခန္ဓာအတွင်း အလွန်နက်ရှိုင်းသော နေရာ၌ ပုန်းအောင်းနေသကဲ့သို့ ရှိလေသည်။ တနည်းအားဖြင့်ထိုအရာသည်နက်ရှိုင်းသော ပင်လယ်အတွင်းမှ ရုတ်တရက်တိုးထွက်လာသော တစ္ဆေနှင့်တူပြီး လင်ယဲ့မွှား၏ ကိုယ်ခန္ဓာအတွင်း ထိုးဖောက်ဝင်ရောက်ကာ ၎င်း၏ သွေးဗီဇကို ပြောင်းလဲလိုက်ပုံရသည်။ ကြီးမားသော ပြောင်းလဲမှုကြောင့်လင်ယဲ့မွှားခမျာ ပြင်းထန်သော နာကျင်မှုကို ခံစားရတော့သည်။
မည်သည့်အတွက်ကြောင့်ထိုကဲ့သို့ ဖြစ်ရလေသနည်း။ စုချန်းကား နားမလည်နိုင်တော့။ အနှီတစ္ဆေသရဲကဲ့သို့သော မူလပစ္စည်းသည်မည်သို့သော ပစ္စည်းမျိုး ဖြစ်လေသနည်း။ မည်သည့်အတွက်ကြောင့်ယခုအချိန်မှ ပေါ်ပေါက်လာရသနည်း။ ဤဖြစ်စဉ်မျိုး ဖြစ်ပေါ်လာအောင်မည်သည့်အရာက လှုံ့ဆော်ပေးနေသနည်း။
မည်သို့ဆိုစေ ဤပစ္စည်းသည်အဆိပ်မဟုတ်ကြောင်းတော့ စုချန်း သေသေချာချာ ပြောနိုင်၏။ အနီရောင်တောင်ကြောအတွင်း နေထိုင်ခဲ့စဉ်က စုချန်းသည်အဆိပ်အမျိုးပေါင်း သုံးဆယ်ကျော်လောက်ကို စမ်းသပ်ခဲ့ပြီး ထိုအဆိပ်များက လူ့ကိုယ်ခန္ဓာကို မည်သို့မည်ပုံ ဒုက္ခပေးသည်ကို လေ့လာစူးစမ်းခဲ့၏။ သွေးစီးကြောင်းတွင်အလွှာများ ပိုင်းခြားထားပြီး အဆိပ်ဟူသည်အပြင်ဆုံးအလွှာတွင်သာ ရှိတတ်လေရာ အကယ်၍ အဆိ်ပ်သာဆိုပါက စုချန်းအနေနှင့်အလွယ်တကူ မြင်တွေ့နိုင်ပေသည်။ ယခုတော့ ဤထူးဆန်းသော ပစ္စည်းသည်အဆိပ်မဟုတ်ဆိုလျင်မည်သည့်အရာမျိုး ဖြစ်လေသနည်း။
ထိုအခါ စုချန်းက အဖြစ်အပျက်တခုလုံးကို အပြန်အလှန်စဉ်းစားကြည့်၏။ ပြီးခဲ့သော ကာလတလျှောက်လုံး လင်ယဲ့မွှားသည်ပြင်ပလူ တဦးတယောက်နှင့်မျှ တွေ့ဆုံခဲ့သည်မဟုတ်။ ထို့ကြောင့်ထူးဆန်းသော မူလပစ္စည်းသည်စုချန်းက လင်ယဲ့မွှားအပေါ် ပြုလပ်ခဲ့သော စမ်းသပ်မှုများမှတဆင့်ပေါ်ပေါက်လာခြင်းသာ ဖြစ်ရပေလိမ့်မည်။ သို့သော်ရက်ပေါင်းတရာကျော်အတွင်း စုချန်းက လင်ယဲ့မွှားကို အမျိုးမျိုးအဖုံဖုံ စမ်းသပ်ခဲ့လေရာ ဤဖြစ်ရပ်ကို ဖြစ်ပေါ်စေသည်မှာ မည်သည့်စမ်းသပ်မှုပေနည်း။ ကြည့်ရသည်မှာ စမ်းသပ်မှုတခုတည်းကြောင့်ပင်ဟုတ်ပုံမရ။ အကြောင်းမှာ လင်ယဲ့မွှား၏ ပြောင်းလဲမှုသည်ယခုမှသာ ဖြစ်ပေါ်လာသော်လည်း သူသည်စုချန်း၏ စမ်းသပ်ခံသားကောင်ဖြစ်နေခဲ့သည်မှာ အချိန်အတော်လေး ကြာမြင့်နေခဲ့လေပြီ။ ဆိုလိုသည်မှာ ထိုဖြစ်ရပ်သည်ရှေ့မဆွကတည်းက အစပျိုးနေခဲ့လေပြီ။
ထိုအခိုက်မှာပင်တစုံတရာကို စဉ်းစားတွေးတောမိပြီး စုချန်း လန့်ဖြတ်သွား၏။ ထို့နောက်သူက ချက်ချင်းပင်အောရစ်၏ မအောင်မြင်သော သွေးဗီဇနှိုးဆွဆေးကို ပြန်လည်ဖော်စပ်လိုက်၏။ တဖန်သူသည်ထိုဆေးကို လင်ယဲ့မွှား၏ သွေးများထည့်ထားသော နှုတ်သီးရှည်ဖန်ခွက်အတွင်းသို့ ဂရုတစိုက်နှင့်လောင်းထည့်လိုက်ပြန်သည်။ ဆေးနှင့်သွေး သမသွားချိန်မှာပင်တစ္ဆေသရဲကဲ့သို့သော မူလပစ္စည်း၏ ပြောင်းလဲမှုနှုန်းထားသည်မြန်မြန်ဆန်ဆန်ပင်တိုးပွားလာကြောင်း စုချန်း တွေ့ရှိလိုက်ရတော့သည်။
စုချန်းကား လုံးဝ ကြက်သေသေသွားလေပြီ။ သူ့နှုတ်ဖျားမှလည်း အာမေဋိတ်သံတချို့ အလိုအလျောက်ထွက်လာ၏။
"လက်စသတ်တော့ ဒီလိုကိုး"
"ဘာပြောလိုက်တာလဲ သခင်"
သံမဏိခမျာကား နားမလည်နိုင်ရှာ ဖြစ်နေ၏။ ထိုအခါ စုချန်းက ရှင်းပြလိုက်သည်။
"သူ့ရဲ့ သွေးဗီဇဟာ ငါတို့ရဲ့ ဘိုးဘေးဘီဘင်တွေဖြစ်တဲ့ ကမ္ဘာဦးလူသားတွေရဲ့ သွေးဗီဇအဖြစ်ပြောင်းလဲသွားပြီကွ"
_______________×××______________×××__________
သံမဏိမှာကား စုချန်း၏ စကားကို ယခုအချိန်ထိ ဂဃနဏ နားမလည်နိုင်သေး။ ထိုအခါ သူက မေးလိုက်သည်။
"သခင်ဆိုလိုတာက အာကင်နာအဖိုးကြီးရဲ့ ဆေးကြောင့်သူ့ရဲ့ သွေးဗီဇဟာ ကမ္ဘာဦး ရှေးဟောင်းလူသားတွေရဲ့ သွေးဗီဇအဖြစ်ပြောင်းလဲသွားတယ်ပေါ့ ဒါပေမဲ့ ဒီဆေးက မအောင်မြင်ခဲ့ဘူးဆို"
သံမဏိ၏ မေးခွန်းကို ကြားလိုက်ရသောအခါ စုချန်းက ဝေဒနာ ခံစားနေရရှာသော လင်ယဲ့မွှားကို ညွှန်ပြရင်း ရှင်းပြလိုက်သည်။
"မှန်တယ်သူ့ရဲ့ သွေးဗီဇဟာ ကမ္ဘာဦးလူသားတွေရဲ့ ရှေးဟောင်းသွေးဗီဇအဖြစ်ပြောင်းလဲသွားတာတော့ အမှန်ပဲ ဒါပေမဲ့ ဒီအဓိပ္ပါယ်က ဒီဆေး အောင်မြင်တယ်လို့တော့ မဆိုလိုဘူးလေကွာ အောရစ်မျှော်လင့်ခဲ့တာက ဒီပြောင်းလဲမှုကနေပြီး အင်အားကြီးမားတဲ့ သွေးဗီဇစွမ်းအင်ကို ရရှိစေဖို့ပဲ ဒါပေမဲ့ လက်တွေ့မှာတော့ ဘာဖြစ်သွားသလဲ လင်ယဲ့မွှားကိုပဲကြည့်လေ သူ့ဆီမှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုသက်သက်ပဲကွ ဒါကြောင့်မို့လို့ ဒီဆေးဟာ မအောင်မြင်ခဲ့ဘူးလို့ ပြောတာပေါ့ ဒါပေမဲ့ ခုပုံကို ကြည့်ရတာ ဒီဆေးက အောင်မြင်မှုရဲ့ လမ်းစပေါ်ကိုတော့ ရောက်နေပြီလို့ ဆိုနိုင်တယ်ဒီအတိုင်းသာ ငါ့တို့ဆက်ပြီး စမ်းသပ်သွားမယ်ဆိုရင်အောရစ်ရည်မှန်းခဲ့တဲ့ ဆေးမျိုး ဖော်စပ်နိုင်မယ်လို့ ယူဆရတယ်"
အောရစ်အနေနှင့်သူဖော်စပ်ခဲ့သည်သွေးဗီဇဆေးရည်သည်တစိတ်တပိုင်း အောင်မြင်ခဲ့ကြောင်းနှင့်ထိုဆေးရည်သည်သွေးဗီဇ၏ မူလရင်းမြစ်ပုံစံကို ပြန်လည်ပို့ဆောင်ပေးနိုင်ကြောင်း လုံးဝ မျှော်လင့်ခဲ့လိမ့်မည်မဟုတ်။ ဤနေရာတွင်သတိထားရမည်မှာ ပြောင်းလဲမှု ဖြစ်ပေါ်လာစေရန်ဆေးရည်ပုလင်းပေါင်း သုံးရာခန့်သောက်သုံးရန်လိုအပ်ကြောင်းပင်ဖြစ်သည်။ အကယ်၍ စုချန်းသာ လင်ယဲ့မွှား၏ သွေးဗီဇကို လေ့လာရန်ထိုဆေးရည်ကို အသုံးမပြုခဲ့လျင်ထိုဆေးရည်၏ လျှို့ဝှက်ချက်ကို သူ့ဘဝတလျှောက်လုံး သိရှိနိုင်လိမ့်မည်မဟုတ်။ မြောက်များလှစွာသော ရှာဖွေတွေ့ရှိမှုများနှင့်တီထွင်မှုများစွာသည်မတော်တဆ ဖြစ်ရပ်တခုမှ အစပျိုးလာတတ်ကြလေ၏။
စုချန်းအဖို့ကား ကံတရား၏ ဖေးမမှုကို ထပ်မံရရှိခဲ့သည်ဟုသာ တင်စားရပေတော့မည်။ သူသည်အံသြဖွယ်ရာ နည်းလမ်းနှင့်ပျံသန်းနေသောမြွေ၏ မူလပစ္စည်းကို ဖန်တီးနိုင်ခဲ့ပြီး ယခုလည်း မထင်မှတ်ပဲ ရှေးဟောင်းသွေးဗီဇဆေးရည်၏ အကျိုးသက်ရောက်မှုကို ထပ်မံ အတည်ပြုနိုင်ခဲ့လေပြီ။ သို့သော်ငြားလည်း ဤကဲ့သို့ ကံတရားမျိုးမှ သိသာထင်ရှားသော အကျိုးသက်ရောက်မှုကို ပြသနိုင်ရန်မှာ အချိန်များစွာ လိုအပ်နေသေး၏။ ယခုအချိန်တွင်ကား ကံကောင်းသည်ဟူသော စကားလုံးမှာ စုချန်းအတွက်ဝန်ထုပ်ဝန်ပိုးနှင့်သာ တူနေတော့သည်။
"ထိုစဉ်သံမဏိက မေးမြန်းလိုက်၏။
"ဒီတော့ ကျွန်တော်တို့ ဒီကောင့်ကို ဘာလုပ်ကြမလဲ သခင်"
အိပ်ယာပေါ်တွင်လဲလျောင်းငြီးငြူနေသော လင်ယဲ့မွှားကို ဖြတ်ခနဲ ကြည့်ရင်း စုချန်းက ခေတ္တ စဉ်းစားလိုက်၏။ ထို့နောက်သူက ပြောလိုက်သည်။
"ဒီကောင့်ဆီက သွေးတချို့ကို ထပ်ပြီး ဖောက်ထုတ်ကြမယ်ပြီးတာနဲ့ ငါ့မှာရှိတဲ့ ဆေးတွေ ဆေးဖက်ဝင်အပင်တွေကို သုံးပြီး စမ်းသပ်ကြမယ်ဘယ်ဆေးဟာ ရှေးဟောင်းမူလပစ္စည်းကို ခုခံနိုင်သလဲ ဆိုတာကို သိရအောင်ပေါ့ကွာ"
ထိုအခါ စုချန်းသည်ဖြေဆေးကို အမြန်ဆုံး ဖော်စပ်နိုင်ရန်စမ်းသပ်မှုများ တခုပြီးတခု ဇယ်ဆက်သလို ပြုလုပ်တော့၏။ လင်ယဲ့မွှားခမျာမှာကား ယခုတိုင်နာကျင်လျက်ရှိသေး၏။ သွေးအချို့ကို ထုတ်ယူခံလိုက်ရခြင်းကြောင့်ပြောင်းလဲမှုမှာ အတိုင်းအတာတခုအထိ လျော့နည်းသွားသော်လည်း လုံးဝ ပျောက်ကင်းသွားခြင်းတော့ မရှိ။ ဤအတိုင်းဆိုလျင်လင်ယဲ့မွှားတယောက်မကြာမီအချိန်အတွင်း မရဏခံတွင်းဝသို့ သက်ဆင်းသွားပေတော့မည်။
သံမဏိသည်လည်း စုချန်း၏ အမိန့်အတိုင်း လင်ယဲ့မွှား၏ သွေးများကို ဖောက်ထုတ်ယူနေ၏။ ထို့နောက်သူသည်လတ်လတ်ဆတ်ဆတ်သွေးများ ပြည့်လျှမ်းနေသော ကြီးမားသည့်အင်တုံကို ကိုင်ရင်း စုချန်းကို အစီရင်ခံလိုက်၏။
"သခင်ဒီကောင့်ကို ကြည့်ရတာ အခြေအနေ မဟုတ်ဘူး သွေးပါအန်နေပြီ ကျွန်တော်ဆက်ပြီး သွေးထုတ်လို့ တော်ပါအုံးမလား တော်ကြာ တခါတည်း အသက်ထွက်သွားမှဖြင့်"
စုချန်းကလည်း အမျိုးမျိုးသော ဆေးပင်ဆေးဝါးများကို စမ်းသပ်နေရင်း တပည့်ကျော်ကို ကပျာကယာ ဟန့်တားလိုက်၏။
"တော်လောက်ပြီဟေ့ တော်လောက်ပြီ ရပ်ထားလိုက်တော့"
ဤနေရာတွင်ကျေးဇူးတင်စရာကောင်းသည်မှာ စုချန်းတွင်စမ်းသပ်ရန်ဆေးပင်ဆေးမြစ်များ၊ ဆေးဝါးများနှင့်စမ်းသပ်ရေးအထောက်အကူပစ္စည်းများ လုံလောက်အောင်ရှိနေခြင်းပင်။ အနီရောင်တောင်ကြောတွင်ရက်ပေါင်းတရာကျော်တိုင်တိုင်စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ လိုအပ်သောပစ္စည်းဟူ၍ မရှိရလေအောင်စုချန်းသည်ဆေးအမျိုးမျိုးနှင့်တခြားပစ္စည်းမျိုးစုံကို လုံလောက်အောင်ဝယ်ယူစုဆောင်းထားခဲ့၏။ ထိုအတွက်ကြောင့်ယခုကဲ့သို့ သေရေးရှင်ရေးအချိန်တွင်စမ်းသပ်မှုများ အဆက်မပြတ်ပြုလုပ်နိုင်ခြင်းဖြစ်သည်။
အမြင်အာရုံကို လိုအပ်သည်ထက်ပိုမိုအသုံးပြုလိုက်ရ၍ စုချန်း၏ မျက်လုံးအစုံမှာ ရဲရဲနီလာ၏။ သို့သော်သူသည်ရပ်တန့်ခြင်း မပြု။ သူ့အနေနှင့်လင်ယဲ့မွှားကို အသေမခံနိုင်။ အနည်းဆုံးတော့ ဤနေရာတွင်အသေမခံနိုင်။ အတွေးနှင့်စုချန်းမှာ အဆက်မပြတ်စမ်းသပ်နေ၏။ မရေမတွက်နိုင်လောက်အောင်စမ်းသပ်မှုများ တခုပြီးတခု ပြုလုပ်ပြီးချိန်တွင်ကား ထူးဆန်းသော မူလပစ္စည်းသည်၎င်း၏ အသက်ကို သုတ်သင်သတ်ဖြတ်မည့်ရန်သူကို အရှင်လတ်လတ်တွေ့လိုက်ရသကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
စုချန်းကား ထခုန်မိမတတ်ဝမ်းသာသွားတော့သည်။ ထို့နောက်သူက သံမဏိကို အော်ဟစ်အမိန့်ပေးလိုက်၏။
"တွေ့ပြီဟေ့ ဒါ အပြာရောင်ကျောက်တုံးမြက်ပင်ပဲ သူ့ကို အပြာရောင်ကျောက်တုံးမြက်ပင်မြန်မြန်ကျွေးလိုက်စမ်း"
အပြာရောင်ကျောက်တုံးမြက်ပင်သည်မည်သည့်ဘေးထွက်ဆိုးကျိုးများ ရှိနေစေကာမူ စုချန်းမှာကား ထိုကိစ္စကို စဉ်းစားရန်အချိန်မရှိတော့။ သူက မြက်ပင်လက်တဆုပ်ကို ဆွဲယူရင်း လင်ယဲ့မွှား၏ ပါးစပ်တွင်းသို့ ထည့်ပေးလိုက်၏။ ပါးစပ်ကလည်း ပြောလိုက်လေသည်။
"စားစမ်း မင်း မသေချင်ဘူးဆိုရင်အမြန်ဆုံးသာ စားလိုက်ပေတော့"
လင်ယဲ့မွှားသည်မြက်ပင်များကို ကြိုးစားကာ ဝါးစားလိုက်သော်လည်း အလုပ်ဖြစ်ပုံတော့မရ။ ယခုတိုင်ငြီးငြူလျက်ပင်ရှိသေး၏။ ထိုအခါ စုချန်းက ကမန်းကတန်းပင်မြက်ပင်တချို့ကို စေ့စေ့မြည်အောင်ဆုပ်ခြေလျက်သံမဏိ၏ လက်တွင်းသို့ ထည့်ပေးရင်း အမိန့်ပေးလိုက်သည်။
"ရော့ အဲဒီက ထွက်လာတဲ့ အရည်ကိုမှ သူ့ပါးစပ်ထဲဝင်အောင်တိုက်ပေတော့"
အပြာရောင်ကျောက်တုံးမြက်ပင်၏ အရည်များ တစက်ပြီး တစက်လင်ယဲ့မွှား၏ ပါးစပ်အတွင်း ကျဆင်းလျက်ရှိသည်။ သူ၏ ကိုယ်ခန္ဓာသည်လည်း နောက်ဆုံးတွင်ငြိမ်သက်သွားတော့သည်။ မြက်ပင်ကား အစွမ်းထက်ပုံရ၏။ လင်ယဲ့မွှား၏ အော်ငြီးသံများ ပျောက်ကွယ်သွားပြီး အသက်ရှုမှာလည်း တဖြည်းဖြည်း မှန်လာ၏။
"ကျွန်တော်တို့ အောင်မြင်သွားပြီလား သခင်"
သံမဏိက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"အင်း"
စုချန်းက အေးစက်စက်လေသံနှင့်ပြန်ဖြေလိုက်၏။ သူ့မျက်နှာတွင်ကား အနည်းငယ်မျှပင်ဝမ်းမြောက်ဟန်မရှိ။ စုချန်း၏ အမူအရာကိုကြည့်ရင်း သံမဏိ ဇဝေဇဝါ ဖြစ်သွားရှာ၏။ ထိုအခါ သူက မေးမြန်းလိုက်ပြန်သည်။
"ဒီမြက်ပင်မှာလည်း ဘေးထွက်ဆိုးကျိုး ရှိနေတာပဲလား သခင်"
သံမဏိသည်စုချန်းနှင့်နေထိုင်လာခဲ့သည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်လေရာ ဘေးထွက်ဆိုးကျိုးဟူသော အဓိပ္ပါယ်ကို ကောင်းကောင်း နားလည်၏။ စုချန်းက ဖြေလိုက်သည်။
"အပြာရောင်ကျောက်တုံးမြက်ပင်ဆိုတာ သွေးခဲစေတဲ့ အမှုန့်ပြုလုပ်တဲ့နေရာမှာ သုံးတာပဲ"
သွေးခဲစေသော အမှုန့်ဟူသော စကားလုံး၏ အဓိပ္ပါယ်ကိုကား သံမဏိတယောက်နားမလည်ရှာ။ ထိုအခါ စုချန်းက စကားဆက်သည်။
"ရှင်းရှင်းပြောရရင်တော့ သွေးခဲစေတဲ့အမှုန့်ဆိုတာ သွေးဗီဇ အဆိပ်တမျိုးပဲ ဒီအဆိပ်မိခဲ့ရင်အဆိပ်မိသူရဲ့ သွေးဗီဇဟာ ကျုံ့ဝင်သွားတတ်တယ်ဆိုလိုတာက သွေးနှောတွေသာ ဒီအဆိပ်မိခဲ့ရင်သူတို့ရဲ့ သွေးဗီဇဟာ ထာဝရ ပျောက်ကွယ်သွားလိ်မ့်မယ်မျိုးရိုးစဉ်လာ သွေးဗီဇဆက်ခံသူတွေ ဆိုရင်တော့ သူတို့ရဲ့ သွေးဗီဇဟာ ပုန်းလျှိုးသွားလိမ့်မယ်"
"တယ်စွမ်းတဲ့ အဆိပ်ပါလား ဒီအတိုင်းဆိုရင်ဒီမြက်ပင်အလုပ်ဖြစ်တာ ဘာမှအံ့သြစရာ မရှိတော့ဘူးပေါ့....ဟာ ဒါနဲ့ နေပါအုံး သခင်....သခင်ဆိုလိုတာ....သူ့ရဲ့ ပျံသန်းနေတဲ့မြွေသွေးဗီဇဟာ...."
သံမဏိက မျက်လုံးကြီးပြူးရင်း မေးလိုက်၏။ ထိုအခါ စုချန်းက ခေါင်းညိတ်ရင်း တပည့်ကျော်ကို ရှင်းပြလိုက်၏။
"သိပ်မှန်တာပေါ့ ငါတို့ဟာ သူ့ကို အပြာရောင်ကျောက်တုံးမြက်ပင်တွေ အလွန်အကျွံ တိုက်ကျွေးခဲ့မိတယ်ဒါကြောင့်သူ့ရဲ့ ပျံသန်းနေသောမြွေ သွေးဗီဇ ပျောက်ကွယ်သွားရုံတင်မကဘူး နောင်အခါမှာ သူဟာ ဘယ်သွေးဗီဇကိုမှ လက်ခံနိုင်စွမ်း မရှိတော့ဘူး"
သံမဏိကဲ့သို့ ရိုးသားဖြောင့်မတ်သူပင်လျင်စုချန်း၏ ဆိုလိုရင်းကို ကောင်းစွာနားလည်သဘောပေါက်သွား၏။ ထိုအခါ သူက ပြောလိုက်သည်။
"ဒါဆိုရင်ကျွန်တော်တို့ ပြသနာတက်ပြီပေါ့ သခင်"