← Chapters

ဧည့်သည်၂

Vol. 11 Ch. 108

ဧည့်သည်၂

Vol. 11 Ch. 108

လေပြေလေညှင်းများသည်ရေကန်ကို ဖြတ်သန်းတိုက်ခတ်နေ၏။ အဆောက်အုံငယ်၏ နံရံများပေါ်တွင်ကား ကျောက်စိ်မ်းရောင်လှိုင်းတံပိုးများ ဟိုမှသည်မှ ဖြတ်ပြေးနေသကဲ့သို့ ထင်ရလေသည်။ စုချန်းမှာကား ရေကန်ကိုမေးတင်ဆောက်လုပ်ထားသော အဆောက်အအုံငယ်လေးအတွင်း၌ ထိုင်လျက်ရှိ၏။ ကုချိန်းလွှာ၏ အလွန်လှပသော လက်ချောင်းများမှာကား ကျောက်စိမ်းရေနွေးကရားအိုးကို ကိုင်လျင်ရေနွေးများကို ငှဲ့ပေးလျက်ရှိသည်။ ဤမြင်ကွင်းသည်ပင်မြင်ရသူအပေါင်းတို့ကို ရင်တသိမ့်သိ်မ့်တုန်စေသော ရသတမျိုးကို ပေးစွမ်းလျက်ရှိလေသည်။

စုချန်းအဖို့ ကုချိန်းလွှာနှင့်တွေ့ဆုံရသည့်အချိန်ဟူသမျှ တောင်နောက်ကျော တောအုပ်ကြီးအလယ်တွင်အမြဲတစေ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်များနှင့်သာ အတိပြီးခဲ့၏။ သူတို့နှစ်ယောက်သည်ရံဖန်ရံခါ ချီစွမ်းအားပညာများအား လေ့ကျင့်ကြ၏။ ရံဖန်ရံခါ ရေအိုင်အတွင်းသို့ဆင်း၍ ရေကူးကြ၏။ များသောအားဖြင့်သူတို့နှစ်ယောက်သည်ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်နှင့်ပတ်သက်သည့်ကိစ္စများအား ဆွေးနွေးတိုင်ပင်လေ့ရှိကြသည်။ ယခုတွင်ကား စုချန်းအဖို့ ကုချိန်းလွှာကို ကွဲပြားခြားနားသော အခြေအနေမျိုးနှင့်ကျကျနန လေ့လာခွင့်ရသွားလေပြီ။

မည်မျှပင်ယောကျာ်းဆန်လှသည်ဆိုစေကာမူ ကုချိန်းလွှာသည်ပင်ယံမြင့်ဆီမှ တော်ဝင်သဇင်ပန်းတပွင့်သာ ဖြစ်နေသေး၏။ ထို့ကြောင့်သူမ၏ လှုပ်ရှားမှုမှန်သမျှသည်သိင်္ဂါရ ရသမြောက်စေသော တေးသီချင်းတပုဒ်ကို ဖော်ကျူးနသည်နှင့်ပင်တူနေသေးတော့သည်။ စုချန်းသည်လက်ရှိ ကုချိန်းလွှာကို ငေးကြည့်နေရင်း တောနက်အတွင်းမှ သူမ၏ အကန့်အသတ်မရှိ လွတ်လပ်ပေါ့ပါးသော၊ ကြည်နူးဖွယ်ရာကောင်းသော အပြုအမူ၊ ပြောပုံဆိုပုံများကို အလိုအလျောက်မြင်ယောင်လာ၏။ ထိုအခါ သူ့စိတ်ထဲတွင်ကောင်းကင်ဘုံမှ ဖန်ဆင်းလိုက်သော မိန်းမလှလေးများသည်အလွန်တရာ နားလည်ရခက်ခဲလှသည်ဟု ခံစားမိလာတော့သည်။

ကုချိန်းလွှာနှင့်ပတ်သက်လျင်စုချန်းကား ကံထူးသူဟုပင်ဆိုရပေလိ်မ့်မည်။ သူသည်မျက်မမြင်ဖြစ်နေ၍ သူမသည်သူနှင့်ပတ်သက်လျင်မည်သည့်အတားအဆီး၊ အဟန့်အတားမှ မထားပဲ ရဲတင်းပွင့်လင်းစွာ နေထိုင်လေ့ရှိသည်။ ထို့အတွက်ကြောင့်ပင်သူသည်သူမ၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်လာခဲ့ခြင်းပင်။ အမှန်တော့ ကုချိန်းလွှာနှင့်အရင်းနှီးဆုံးသူဟူသော အခြေအနေကို ရရှိရန်မှာ အလွန်ပင်ခက်ခဲလှ၏။

ကုချိန်းလွှာအဖို့မှာကား စုချန်း၏ အတွေးများကို အာရုံမစိုက်အား။ သူမတွင်မေးခွန်းများ တပုံတပင်ရှိနေသည်မဟုတ်ပါလား။ ထိုအခါ သူမက လဖက်ရည်ကို စုချန်း၏ ဖန်ခွက်အတွင်း ငှဲ့ပေးရင်းနှင့်ပင်မေးလိုက်သည်။

"ကျွန်မမှာ ရှင့်ကို မေးစရာတွေ အများကြီး ရှိတယ်ရှင့်ကဲ ပြောစမ်းပါအုံး လင်ယဲ့မွှားကို ဘယ်လိုဖမ်းမိသလဲဆိုတာ သူဟာ ကုမျိုးနွယ်စုရဲ့ သွေးဗီဇကို ရပြီးတဲ့နောက်မှာ အင်အားအများကြီး တိုးလာခဲ့တယ်ဒီတော့ သူ့ကို ဖမ်းမိဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးရှင့်"

"သူ့အင်အား ဘယ်လောက်ရှိသလဲဆိုတာ ကျွန်တော်တကယ်မသိဘူးဗျ ဘာကြောင့်လဲဆိုတော့ သူ့ကိုဖမ်းဆီးတဲ့နေရာမှာ အင်အားအများကြီး မသုံးလိုက်ရလို့ပဲ"

ထို့နောက်စုချန်းက လင်ယဲ့မွှားအား သူတို့ မည်သို့မည်ပုံ ဖမ်းဆီးခဲ့သည်ကို ကုချိန်းလွှာအား အကြောင်းစုံ ရှင်းပြလိုက်၏။ ဖြစ်ပျက်ခဲ့ပုံ အကြောင်းစုံအား ဂဃနဏ သိလိုက်ရသောအခါ ကုချိန်းလွှာမှာ ရယ်မော၍ မဆုံးတော့။

သူမ၏ ရယ်မောသံသည်ကား ဆောင်းမနက်ခင်း၌ ထွန်းလင်းလာသော နေမင်းကြီးပမာ နွေးထွေး၏။ သကြားခဲတချို့အား ငုံထားရသည့်ပမာ ချိုမြ၏။ ရယ်မောသံ၊ ကိုယ်နေဟန်နှင့်နီရဲသော နှုတ်ခမ်းအစုံ ပေါင်းစပ်လိုက်သောအခါ ဤမိန်းကလေးသည်လူတော့မဟုတ်နိုင်။ ကောင်းကင်ဘုံမှ နတ်သမီးတပါးပါးသာ ဖြစ်ရမည်ဟု စုချန်း၏ စိတ်ထဲတွင်ခံစားနေရ၏။

အမှန်တော့ ကုချိန်းလွှာသည်လင်မျိုးနွယ်များအကြားဝယ်အင်မတန်မာနကြီးလှသည်ဟု အတင်းတုတ်ခံရသော အမျိုးသမီးငယ်လေး ဖြစ်သည်။ သူမသည်နှစ်နှစ်တာကာလအတွင်းတွင်သူမ၏ သွားများ ပေါ်လာအောင်ပင်မပြုံးဖူး၊ မရယ်ဖူးချေ။ လင်မျိုးနွယ်စုတခုလုံးက ကောင်းကင်ဘုံမှ ရွေးချယ်ခံရသူများဟု ပစားပေးခံရသော မျိုးဆက်သစ်လူငယ်များပင်ကုချိန်းလွှာ၏ ရှေ့မှောက်တွင်အပြောအဆို ၊ အနေအထိုင်အလွန်ဂရုစိုက်ရ၏။ ဤတကြိမ်ရယ်မောခြင်းမှာကား နှစ်နှစ်တာ ကာလအတွင်း သူမအဖို့ ပထမဆုံးအကြိမ်ဟက်ဟက်ပက်ပက်ရယ်မောခြင်းပင်ဖြစ်သည်။

အဝေးမှ စောင့်ကြည့်နေသော လင်ရှောက်ယဲနှင့်လင်ယွဲ့ဟန်တို့သည်ကုချိန်းလွှာ၏ ရယ်မောပုံကို မြင်တွေ့ရသောအခါ ဆောက်တည်ရာမရသကဲ့သို့ ခံစားလိုက်ရလေသည်။ စုချန်းမှာကား သူမ၏ ရယ်မောခြင်းက မည်မျှ တန်ဖိုးရှိသည်ကို အနည်းငယ်မျှပင်သတိထားမိဟန်မတူ။ သူသည်ကုချိန်းလွှာနှင့်သာ ဆက်လက်ပြောဆိုနေ၏။ ထိုစဉ်ကုချိ်န်းလွှာက ကောက်ကာငင်ကာ မေးမြန်းလိုက်၏။

"ဒီတော့ ရှင်တို့က သူ့ကို ရက်တွေအကြာကြီး ဖမ်းဆီးထားခဲ့တယ်ဆိုပါတော့ အောင်မလေး ပျင်းစရာကြီးရှင်"

စုချန်းက ဖြေလိုက်သည်။

"ဘာများ ပျင်းစရာရှိလို့လဲဗျ သူက ကျွန်တော့အတွက်အသုံးဝင်နေတဲ့ဟာကို"

"ဟင်ဘာများ အသုံးဝင်နေလို့လဲ"

"ပျံသန်းနေတဲ့မြွေ သွေးဗီဇကို အသေးစိတ်လေ့လာတယ်လေဗျာ"

"ဘာပြောတယ်ရှင်က ပျံသန်းနေတဲ့မြွေ သွေးဗီဇကို အသေးစိတ်လေ့လာတယ်ဟုတ်လား"

ကုချိန်းလွှာကား အံသြသင့်မှုကို မထိန်းချုပ်နိုင်တော့ပဲ မျက်လုံးပြူးရင်း မေးလိုက်သည်။ စုချန်းလည်း အင်မတန်တိကျသေချာသော ဟန်ပန်ဖြင့်ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်သည်။ သူ့အနေနဲ့ ထိုကိစ္စကို ကုချိန်းလွှာအား အထူးတလည်ဖုံးကွယ်ထားနေရန်မလိုအပ်ချေ။

လူသားများအနေနှင့်သွေးဗီဇများအား ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းကို မည်သည့်အခါကမျှ လက်လျှော့ခဲ့သည်မဟုတ်ပေ။ ဤကမ္ဘာကြီးသည်လောဘများနှင့်အတိပြီးလျက်င်္ ရောင့်ရဲတင်းတိမ်ခြင်းမရှိသော ကမ္ဘာကြီးသာ ဖြစ်သည်။ ထို့ကြောင့်လူသားတို့သည်တိုးတက်ရာ တိုးတက်ကြောင်းတို့ကို အမြဲတမ်းလိုလို ရှာဖွေနေခဲ့ကြ၏။ သို့သော်သိပ္ပံပညာကို လေ့လာခြင်းသည်ယခုအချိန်ထိ လူသားမျိုးနွယ်တခုလုံး ကောင်းကျိုးပြုနိုင်ခြင်း မရှိသေးပဲ တဦးတယောက်င်္ ကောင်းစားရေးအတွက်သာ ဖြစ်နေသေး၏။

အာကင်နာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးသွားပြီးနောက်လူသားများသည်သွေးဗီဇများအား ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ကြ၏။ လူသားဟူသည်အင်မတန်ရည်ရွယ်ချက်ကြီးမားသူများ ဖြစ်ကြလေရာ သူတို့သည်အာကင်နာမျိုးစိတ်များထက်ပို၍ အောင်မြင်အောင်ပြုလုပ်လိုစိတ်ရှိခဲ့ကြလေသည်။ သို့သော်ငြားလည်း သူတို့သည်မည်သည့်ထူးခြားမှုမျိုးမှ မဖန်တီးနိုင်ခဲ့သလို မူလစွမ်းအင်သုံးစွဲမှုကိုလည်း ကောင်းမွန်လာအောင်မပြုလုပ်နိုင်ခဲ့ချေ။ ယုတ်စွအဆုံး တချိန်က ပျောက်ဆုံးသွားခဲ့သော သွေးဗီဇညှို့ငင်ထုတ်ယူကိရိယာကိုပင်ပြန်လည်တည်ဆောက်နိုင်စွမ်း မရှိခဲ့။ ရာစုနှစ်ပေါင်းများစွာ မည်သည့်အောင်မြင်မှုမှ မရခဲ့သော်လည်း လူသားများသည်ကား ဆက်လက်ကြိုးစားဆဲသာ ဖြစ်လေသည်။ သူတို့သည်သွေးဗီဇများနှင့်မူလစွမ်းအင်ကို မည်သည့်အခါကမျှ လက်လျှော့ခဲ့ခြင်း မရှိခဲ့။

ထို့ကြောင့်ထိုကိစ္စကို စုချန်းအနေနှင့်အထူတလည်ငြင်းဆန်ရန်မလိုအပ်ပေ။ ထိုအခါ ကုချိန်းလွှာက ထပ်မံမေးမြန်းလိုက်သည်။

"ဒီတော့ ရှင်က ဘာကို ရှာဖွေချင်တာတုန်း"

စုချန်းက ဖြေလိုက်သည်။

"ပျံသန်းနေတဲ့မြွေ သွေးဗီဇမရှိပဲ ခင်ဗျား လုပ်သလို ကျွန်တော်လိုက်လုပ်နိုင်မဲ့ ပစ္စည်းမျိုး ရှိမရှိ ကျွန်တော်လိုက်ရှာခဲ့တယ်ဗျ"

ကုချိန်းလွှာက ပြုံးရင်း မေးလိုက်သည်။

"ဒီတော့ အောင်မြင်ခဲ့သလားရှင့်"

စုချန်းက ခေါင်းခါယမ်းလိုက်၏။ စုချန်းအနေနှင့်သူ၏ လှုပ်ရှားမှုများအား လျှို့ဝှက်ရန်မလိုအပ်သော်လည်း ထွက်ပေါ်ခဲ့သော ရလဒ်များအား ကုချိန်းလွှာကို ပြောပြရန်မှာကား အချိန်မတန်သေးပေ။ အကယ်၍ ကုမျိုးနွယ်စုကသာ စုချန်းသည်သွေးဗီဇမရှိပဲ မြွေခြေလှမ်းကွက်များ၏ အင်အားကို တိုးပွားစေနိုင်မည့်မူလပစ္စည်းတမျိုးကို တီထွင်ဖော်စပ်နိုင်ခဲ့ကြောင်း သိရှိသွားပါက ပြသနာအကြီးကြီး တက်သွားနိုင်သည်မဟုတ်ပါလား။

ထိုအခါ ကုချိန်းလွှာက ပါးစပ်ကို လက်ဝါးဖြင့်အုပ်ရင်း လှပစွာ ရယ်မောလိုက်ပြန်သည်။

"ခုတော့ ရှင့်ရဲ့ စိတ်ကူးစိတ်သန်းက ဘယ်လောက်ထိ ရူးနှမ်းတယ်ဆိုတာ သိသွားပြီပေါ့ တကယ်တော့ သွေးဗီဇတွေဟာ မူလစွမ်းအင်ကို လည်ပတ်စေတဲ့နေရာမှာ အကောင်းဆုံး နည်းလမ်းပဲရှင့်ဒါကို အလွယ်တကူနဲ့ ဘယ်ရှာတွေ့နိုင်ပါ့မလဲ"

အဝေးမှ လှမ်းကြည့်နေသော လင်ယွဲ့ဟန်နှင့်လင်ရှောက်ယဲမှာ နောက်တကြိမ်အံ့သြသင့်သွားပြန်သည်။ တိုတောင်းလှသော အချိန်အတွင်းဝယ်သူမသည်နှစ်ကြိမ်တိုင်တိုင်ရယ်မောခဲ့ပြီးလေပြီ။ ဒုတိယသခင်မလေးအား ဆွဲဆောင်နိုင်မည့်ပီယဆေးတမျိုးမျိုးများ စုချန်းတွင်ရှိလေသလား။

စုချန်းကလည်း အခြေအနေကို ရှင်းပြလိုက်၏။

"ကျွန်တော့ရဲ့ စမ်းသပ်မှုက မအောင်မြင်ဘူးဆိုပေမဲ့ ဒီစမ်းသပ်ကာလမှာ ကျွန်တော်ဟာ အသိပညာဗဟုသုတနဲ့ အတွေ့အကြုံတွေ အများကြီး တိုးပွားလာခဲ့တယ်ဗျ ဒီတော့ သိပ်မဆိုးဘူး ဆိုရမှာပေါ့"

"လာမဲ့ရက်အနည်းငယ်အတွင်းမှာပဲ နဂါးကျောင်းတော်ရဲ့ ဝင်ခွင့်ပြိုင်ပွဲက လာတော့မယ်ရှင်က ခုချိန်ထိ အတွေ့အကြုံ ဗဟုသုတတွေအကြောင်း ပြောနေတုန်း တခြားလူတွေက ရှင့်ကို ဘာအခွင့်အရေးမှ ပေးနေမှာ မဟုတ်ဘူးရှင့်"

ထိုအခါ စုချန်းက

"လင်ယဲ့မွှားတယောက်ကတော့ ပူစရာမလိုတော့ပါဘူးဗျာ ဒီကောင်ဟာ အစွယ်ကျိုးနေတဲ့ မြွေဘဝကို ရောက်သွားပါပြီ"

သို့သော်ကုချိန်းလွှာကား သူမ၏ စိုးရိမ်ပူပန်စိတ်ကို ဖြေဖျောက်နိုင်ဟန်မတူ။ ထိုအခါ သူမက ပြောလိုက်၏။

"အို သူ့အပြင်တခြားအစွမ်းထက်တဲ့ ပြိုင်ဘက်တွေ အများကြီး ကျန်နေသေးတယ်ရှင့်ပြီးတော့ ရှင့်အနေနဲ့ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်ကိုလည်း အာရုံစိုက်ရအုံးမယ်လေ ပြိုင်ပွဲကာလမှာ ဒီလိုအာရုံထွေပြားနေတာဟာ..."

စုချန်းက စကားဖြတ်ပြောလိုက်သည်။

"ဒါဆို ကျွန်တော့ပြိုင်ဘက်ဖြစ်လာမဲ့ လူတွေထဲက နောက်တယောက်ကိုပါ ဒုက္ခပေးလိုက်မယ်လေ ပြိုင်ဘက်တယောက်ထပ်လျော့သွားတာပေါ့ဗျာ"

"ဘယ်သူ့ကိုလဲရှင့်"

စုချန်းက ချက်ချင်းပင်ရှေ့အနည်းငယ်တိုးကာ ကုချိန်းလွှာ၏ နားရွက်အနီးသို့ကပ်၍ နာမည်တလုံးကို ခပ်တိုးတိုး ပြောလိုက်၏။ ထိုအပြုအမူသည်အတော်လေး ရဲတင်းရာကျသော်လည်း ကုချိန်းလွှာက ဟန့်တားခြင်းမရှိ။ ၎င်းကိုကြည့်ရင်း လင်ယွဲ့ဟန်နှင့်လင်ရှောက်ယဲတို့မှာ ပါးစပ်အဟောင်းသားနှင့်ဖြစ်ကုန်ကြလေသည်။ စုချန်း၏ပါးစပ်မှ ထွက်လာသော နာမည်ကို ကြားလိုက်ရသောအခါ ကုချိန်းလွှာ၏ မျက်လုံးက ပြူးကျယ်ဝိုင်းစက်သွား၏။ နှုတ်ဖျားမှလည်း မေးလိုက်မိသည်။

"သူ့ကိုလား"

ထိုအခါ စုချန်းက မေးလိုက်သည်။

"ကျွန်တော်သူ့ကို ဘယ်လိုဒုက္ခပေးမလဲ ခင်ဗျား ကြည့်ချင်သလား"

"အို ကြည့်ချင်တာပေါ့ သိပ်ကို ကြည့်ချင်တာပေါ့"

ပြောပြောဆိုဆို သူမက ခေါင်းကို အထပ်ထပ်အခါခါ ညိတ်လိုက်၏။ ထိုအချိန်တွင်သူမ၏ အိနြေ္ဒကြီးမားလှသော အမူအရာသည်တဒင်္ဂပျောက်ကွယ်သွားပြီး ပီဘိ ကလေးငယ်တယောက်နှင့်တူလှသည်။

ထိုကိစ္စကြောင့်မျိုးနွယ်စုများအကြား အုတ်အော်သောင်းနင်းဖြစ်မည်၊ ပြသနာတက်မည်ကို ကုချိန်းလွှာအနေနှင့်အနည်းငယ်မျှပင်စိတ်ပူခြင်းမရှိပေ။ ကုချိန်းလွှာသည်လင်မျိုးနွယ်စုများကို မိမိ၏ ဆွေမျိုးသားချင်းများပမာ သဘောထားသူမဟုတ်။ အလုပ်သဘောအရသာ ဆက်ဆံနေရခြင်း ဖြစ်သည်။ ထိုအခါ ထိုလူများထဲမှ တယောက်ယောက်ဒုက္ခရောက်မည်ကို အနည်းငယ်မျှပင်စိတ်ပူခြင်းမရှိသည်မှာ ကုချိန်းလွှာအတွက်သဘာဝကျနေလေသည်။

စုချန်းက ပြောလိုက်ပြန်သည်။

"ဒါဆိုရင်ခင်ဗျားက သူ့ကို ခေါ်လိုက်သူ့ကို ဘယ်လိုဒုက္ခပေးမလဲဆိုတာ ကျွန်တော်ပြမယ်"

စုချန်း၏ အကြံအစည်ကို ကုချိန်းလွှာက ချင်ချင်း သဘောတူလိုက်သည်။ ထို့နောက်သူမက အဝေးမှ စောင့်ကြည့်နေသော လင်ယွဲ့ဟန်တို့နှစ်ယောက်ကို လက်ညိုးထိုးကာ အမိန့်ပေးလိုက်တော့သည်။

"ဟေ့ ဟိုနှစ်ယောက်!!! ရှင်တို့တွေ ပိုင်လိ လင်ချူးယွဲ့နဲ့ လင်ကျင်းချွင်းတို့ကို ကျွန်မက လဖက်ရည်သောက်ဖို့ ဖိတ်တယ်လို့ သွားပြောလိုက်စုမျိုးနွယ်မျိုးဆက်သစ်တွေနဲ့ လင်မျိုးနွယ်မျိုးဆက်သစ်တွေကြားထဲမှာ ဘယ်သူက ပိုတော်သလဲ ကျွန်မသိချင်တယ်"

ကုချိန်းလွှာ၏ အမိန့်ကို ကြားလိုက်ရသောအခါ လင်ယွဲ့ဟန်နှင့်လင်ရှောက်ယဲတို့သည်တယောက်မျက်နှာကို တယောက်စိုက်ကြည့်မိကြ၏။ သို့သော်သူတို့အနေနှင့်ကုချိန်းလွှာ၏ အမိန့်ကို မနာခံပဲ မနေဝံ့လေရာ အပြေးအလွှားပင်ထွက်ခွာသွားကြလေသည်။သိပ်မကြာမီပင်လူငယ်အုပ်စုသည်ရေကန်အနီးသို့ ရောက်ရှိလာ၏။ သို့သော်လူငယ်များ၏ အရေအတွက်မှာကား သုံးဦးမကပေ။ ဖြတ်ခနဲစိုက်ကြည့်မိရုံနှင့်လူငယ်များ အယောက်၂၀မှ ၃၀အကြား ရှိမှန်းသိသာနေလေသည်။

လူငယ်အုပ်စုကို ဦးဆောင်လာသူ ယောကျာ်းလေးတယောက်နှင့်မိန်းကလေးတယောက်အနက်ယောကျာ်းလေးမှာ လင်ကျင်းချွင်း ဖြစ်၏။ မိန်းကလေးမှာ ရုပ်ရည်ရူပကာ အတော်ပင်ချောမောလှပသော်လည်း မာနကြီးဟန်၊ စိတ်ကြီးဝင်ဟန်ပေါ်နေ၏။ အနှီမိန်းကလေးသည်မုချ လင်ချူးယွဲ့ပင်ဖြစ်ရပေလိမ့်မည်။ သူမ၏ ရင်ခွင်အတွင်း၌ကား ကြောင်တကောင်ကို ကလေးချီထားသကဲ့ ချီထား၏။ ထိုကြောင်မှာကား သာမာန်ကြောင်မျိုးမဟုတ်။ နတ်ဆိုးကြောင်ပေတည်း။ ယခုအချိန်တွင်ကြောင်ပေါက်လေးဘဝ၌သာ ရှိသေးသော်လည်း ၎င်းသာ အရွယ်ရောက်လာပါက နှိုင်းဆ၍မရအောင်သန်မာလာပေလိမ့်မည်။

ထိုစဉ်လူငယ်အုပ်စုအတွင်းမှ တယောက်က ကုချိန်းလွှာကို အရိုအသေပြုကာ ပြောလိုက်သည်။

"စုအိမ်တော်ရဲ့ စတုတ္ထသခင်လေးဟာ သခင်မလေး ကုချိန်းလွှာရဲ့ အထူးဧည့်သည်တော်ဖြစ်နေတဲ့အပြင်တယောက်နဲ့တယောက်အထူးခင်မင်နေကြတယ်လို့ သိရတယ်ကျွန်တော်တို့အနေနဲ့ ဒီနေရာကို ရောက်လာတာ နှုတ်ခွန်းဆက်ဖို့ပါ ဒီလိုရောက်လာလို့ သခင်မလေးတို့အတွက်အနှောင့်အယှက်ဖြစ်သွားရင်ခွင့်လွှတ်ပါခင်ဗျာ"

စကားအဆုံးဝယ်သူက စုချန်းကို စိုက်ကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင်ကား ရန်လိုမုန်းတီးဟန်များ အတိုင်းသာ ပေါ်လွင်နေလေသည်။ လင်ယွဲ့ဟန်နှင့်လင်ရှောက်ယဲတို့နှစ်ယောက်လင်ကျင်းချွင်းနှင့်တခြားနှစ်ယောက်အား သွားခေါ်စဉ်လင်ကျင်းချွင်းသည်တခြားလူငယ်များနှင့်အတူ ရှိနေခဲ့၏။ ထိုအတွက်ကြောင့်ပင်ဤနေရာသို့ သူတို့အားလုံး အုံလိုက်ကျင်းလိုက်ပေါက်ချလာကြခြင်း ဖြစ်သည်။ ကုချိန်းလွှာကိုယ်တိုင်စုချန်းကို ဧည့်ဝတ်ပြုနေသည်ဟူသော စကားကြောင့်လည်း လူငယ်များအားလုံးလိုလိုသည်အထူးပင်စိတ်လှုပ်ရှားနေကြ၏။

အကြောင်းမှာ လင်မျိုးနွယ်စု၏ နောက်ပေါက်လူငယ်များ အားလုံးလိုလိုသည်ကုချိန်းလွှာအား နတ်မိမယ်တပါးသဖွယ်သတ်မှတ်ထားခြင်းကြောင့်ပင်ဖြစ်သည်။ သူမသည်ရုပ်ဆင်းအဂါင်္သာ လှပရုံမက ဆွေကြီးမျိုးကြီးမှ ဆင်းသက်လာသူလည်း ဖြစ်၏။ အကယ်၍ သူတို့ထဲမှ တယောက်ယောက်သာ ကုချိန်းလွှာနှင့်လက်ဆက်နိုင်ခဲ့ပါက ထိုလူငယ်သည်ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်မည့်တံခါးတချပ်ကို ဖွင့်လှစ်နိုင်ခြင်းနှင့်အတူတူပင်ဖြစ်သည်။ ကံမကောင်းအကြောင်းမလှစွာပင်နှစ်နှစ်တာကာလအတွင်း သူတို့အနေနှင့်မည်မျှပင်ကြိုးစားအားထုတ်စေကာမူ ကုချိန်းလွှာအနေနှင့်မည်သူ့ကိုမျှ မျက်နှာသာမပေးစဖူး။ သို့သော်ထိုကဲ့သို့ မျက်နှာသာမပေးခံရသည်ကပင်အချင်းချင်း နှစ်သိမ့်ပေးစရာ အကြောင်းတရားတခုဖြစ်နေ၍ ခံသာနေသည်ဟု ဆိုရမည်။

ယခုတော့ စုချန်းသည်မိုးပေါ်မှကျလာသည့်နှယ်ဝုန်းခနဲဒိုင်းခနဲ ပေါ်လာပြီး ကုချိန်းလွှာနှင့်ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့သည့်ဖြစ်ရပ်မှာ သူတို့အတွက်သည်းမခံနိုင်စရာ ဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော်ကုချိန်းလွှာသည်သူတို့၏ မြေပေါ်တွင်ဖူးပွင့်နေသည့်ဂေါ်ဖီထုပ်ဟုသာ လင်မျိုးနွယ်တတိယမျိုးဆက်များက ယူဆထားခဲ့ကြသည်မဟုတ်ပါလား။ မိသားစုစိုက်ခင်းမှ ဖူးပွင့်လာသော ဂေါ်ဖီထုပ်သည်ဝက်တကောင်ကို ကျွေးမွေးလိုက်လျင်ပင်တခြားလူတယောက်ဝင်ရောက်ခူးခတ်စားသုံးသွားသည်ထက်အများကြီး ခံသာနေသည်မဟုတ်ပါလား။

သို့သော်....

ထူးခြားချက်မှာကား...

ကုချိန်းလွှာသည်လူသုံးဦးကိုသာ ဖိတ်ကြားခဲ့သော်လည်း လူငယ်များအားလုံး ရောက်ရှိလာခဲ့၏။ သို့သော်စုချန်း၏ အဓိကပစ်မှတ်ဖြစ်သော ပိုင်လိမှာမူကား သူသည်ယှဉ်ပြိုင်တိုက်ခိုက်မှုများကို စိတ်မဝင်စား၍ ယဉ်ကျေးစွာပင်ပြန်ကြားခဲ့လေသည်။ လင်တမျိုးနွယ်လုံးတွင်ကုချိန်းလွှာ၏ ဖိတ်ခေါ်ချက်ကို ငြင်းဆန်နိုင်သောသူဟူ၍ ပိုင်လိတယောက်သာရှိကြောင်း ထင်ရှားနေခဲ့လေပြီ။

ကုချိန်းလွှာအတွက်မှာမူကား ထိုကိစ္စမှ ပြသနာမဟုတ်။ ထိုအခါ သူမက တီးတိုးရေရွတ်လိုက်သည်။

"အင်း....ရည်ရွယ်ထားတဲ့လူက ရောက်မလာဘူး...မထင်တဲ့ လူတွေကျတော့ အများကြီး ရောက်လာတာကိုး"

ကုချိန်းလွှာသည်ပြောသင့်မှန်း မပြောသင့်မှန်း မသိချေ။ ထိုအခါ သူမ၏ နှုတ်ထွက်စကားကြောင့်လူတိုင်းလိုလို ဒေါသထွက်ကုန်ကြတော့သည်။ သို့သော်နတ်မိမယ်ဟူသည်ထူးခြားသော အခွင့်အာဏာများ ရှိလေရာ လင်မျိုးနွယ်လူငယ်များသည်ကုချိန်းလွှာကိုကား အနည်းငယ်မျှပင်စိတ်မဆိုးရဲပဲ စုချန်းကိုသာ အခြောက်တိုက်မုန်းတီးကုန်ကြတော့သည်။

ထိုအခိုက်မှာပင်လင်မျိုးနွယ်စု မျိုးဆက်သစ်လူငယ်တယောက်သည်ရှေ့သို့လှမ်းထွက်လာရင်း ပြောလိုက်သည်။

""စုမျိုးနွယ်စုရဲ့ တတိယသခင်လေးဟာ သာမာန်လူတွေနဲ့ မတူပဲ နဂါးတကောင်လို ဖီးနစ်ငှက်တကောင်လိုပဲတဲ့ သူဟာ မျက်မမြင်ပေမဲ့ သူ့နှလုံးသားက အလွန်ကြည်လင်တယ်စုမျိုးနွယ်တတိယမျိုးဆက်တွေထဲက ဘယ်သူမှ သူ့ကို မဖိနှိပ်နိုင်ဘူးလို့ လူတွေပြောနေကြတာရှိတယ်ဒီတော့ ကျုပ်လင်ရှောက်ဖန်းက စုသခင်လေးရဲ့ ခွန်အားကို မြင်တွေ့လိုပါတယ်"

လင်ရှောက်ဖန်း၏ စိမ်ခေါ်မှုကို ကြားလိုက်ရသောအခါ ကျန်လူငယ်များက ဆူညံစွာ အော်ဟစ်အားပေးလိုက်ကြ၏။

သူတို့ကား တိုက်ပွဲကို တောင်းဆိုနေကြလေပြီ။

All Chapters