← Chapters

ဧည့်သည်၃

Vol. 11 Ch. 109

ဧည့်သည်၃

Vol. 11 Ch. 109

စုချန်းကလည်း တဖက်လူကို လေးစားသမှုရှိသော အမူအရာနှင့် တဖက်လူကို ဦးညွတ်လိုက်၏။ ထိုအခါ ကုချိန်းလွှာက မိတ်ဆက်ပေးလိုက်၏။

"သူက လင်ချန်ကျွန်းရဲ့ သားပဲ လင်မျိုးနွယ်စု တတိယမျိုးဆက်တွေထဲမှာ သူ့အင်အားက အတော်လေး မြင့်တယ်လို့ ဆိုနိုင်..."

ကုချိန်းလွှာ၏ မိတ်ဆက်စကားက အဆုံးသတ်ခွင့် မရလိုက်ချေ။ အကြောင်းမှာ စုချန်းက စားပွဲပေါ်မှ ဖန်ခွက်တခွက်ကို ဖြတ်ခနဲကောက်ကိုင်ကာ ပစ်လွှတ်လိုက်ခြင်းကြောင့် ဖြစ်သည်။ ဖန်ခွက်သည် လေထဲတွင် အလွန်ထူးဆန်းသော ပုံသဏ္ဍန်နှင့် ပျံသန်းသွား၏။ လင်ရှောက်ဖန်းကလည်း ခေသူတော့မဟုတ်။ လက်တဖက်ကိုမြောက်ကာ ဖန်ခွက်ကို ရိုက်ချလိုက်သည်။ သို့သော် ဖန်ခွက်သည် လေထဲတွင် ဝေ့ဝိုက်ပျံသန်းလာလေရာ လင်ရှောက်ဖန်း၏ လက်ဝါးရိုက်ချက်မှာ လွဲချော်သွားတော့သည်။ အနှီဖန်ခွက်သည် မျဉ်းကွေးပုံစံ ဝေ့ဝိုက်သွားပြီး လင်ရှောက်ဖန်း၏ ရင်ဘတ်ကို ဘုန်းခနဲ ထိမှန်သွားတော့သည်။ ၎င်း၏ ကိုယ်ခန္ဓာသည်လည်း နောက်ဘက်သို့ လွင့်စင်သွားလေသည်။ လင်ရှောက်ဖန်းကား တကွက်တည်းနှင့် ရှုံးနိမ့်သွားခဲ့လေပြီ။

စုချန်း၏ တိုက်ခိုက်မှုသည် အလွန်ရိုးစင်းသော်လည်း ထိကားထိရောက်၏။ လူတိုင်းလိုလိုသည် ထိုတိုက်ခိုက်မှုကြောင့် ငေးငိုင်ကုန်ကြလေသည်။ ပို၍ ထူးဆန်းသည်မှာ ထိုနည်းစနစ်ကို လူတိုင်းရင်းနှီးနေခြင်းပင်။

ကုချိန်းလွှာ၏ နှုတ်ဖျားမှ အာမေဋိတ်သံ ထွက်ပေါ်လာ၏။

"ဟာ ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများပါလား"

အထင်ကြီးစရာကောင်းလောက်အောင်ပင် စုချန်းသည် ကုမျိုးနွယ်စုမူပိုင် ပျံသန်းနေသောပန်းပွင့်လက်ချောင်းများကို ကျွမ်းကျင်စွာ အသုံးပြုပြလိုက်၏။ သူသည် ထိုနည်းစနစ်ကို မိုးကြိုးဓားနည်းစနစ်နှင့် ရောစပ်အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ထိုအခါ အင်အားမှာ အလွန်များပြားလာခဲ့ပြီး တကွက်တည်းနှင့်ပင် လင်ရှောက်ဖန်းကို လွင့်ထွက်သွားစေခြင်းပေတည်း။

စုချန်းက မသိမသာပြုံးရင်း ပြောလိုက်သည်။

"လင်ယဲ့မွှားနဲ့ ကျုပ်နဲ့ဟာ မိတ်ဆွေသူငယ်ချင်းကောင်းတွေပါဗျာ"

ကုချိန်းလွှာကား တခွန်းမှ ဝင်မပြောပေ။ သို့သော် သူက စုချန်း၏ ရည်ရွယ်ချက်ကို ကောင်းစွာနားလည်လိုက်၏။ သူသည် အခွင့်အရေးရတုန်း ကုမျိုးနွယ်မူပိုင် နည်းစနစ်များအား လင်ယဲ့မွှားထံမှ ရရှိလိုက်ခြင်းဖြစ်ကြောင်း တဖက်လှည့်နှင့် လူအများရှေ့တွင် ချပြလိုက်ခြင်းဖြစ်သည်။ ကုမျိုးနွယ်မူပိုင်နည်းစနစ်များဟူသည် သွေးဗီဇရှိမှသာ ၎င်းတို့၏ စွမ်းရည်သတ္တိကို ပေါ်လွင်အောင် အသုံးချနိုင်သော နည်းစနစ်များဖြစ်၏။ ထို့ကြောင့် စုချန်းအနေနှင့် ထိုနည်းစနစ်များကို သင်ယူခဲ့လျင်ပင် သွေးဗီဇမရှိသည့်အတွက် အကျိုးဆက်မှာ ဆိုးရွားဖွယ်ရာမရှိ။ ကုမျိုးနွယ်စုအနေနှင့်လည်း ထိုကိစ္စကို အရေးတယူ လုပ်လိမ့်မည်မဟုတ်။

သို့သော် အကျိုးဆက်နှင့် အပြစ်ပေးခြင်းဟူသည်မှာ ကိစ္စတမျိုးဖြစ်ပြီး ပြိုင်ဘက်နည်းစနစ်များကို သင်ယူခြင်းဟူသည်မှာကား တခြားကိစ္စတမျိုးသာ ဖြစ်သည်။ ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများ နည်းစနစ်ကို စုချန်း အသုံးပြုနေသည်ကို မြင်လိုက်ရသောအခါ လင်မျိုးနွယ်လူငယ်များ အားလုံးလိုလိုသည် စိတ်ရှုပ်ထွေးကုန်ကြ၏။

ထိုအခိုက်မှာပင် နောက်ထပ် လူငယ်တယောက်က စုချန်းကို ထပ်မံစိန်ခေါ်လိုက်ပြန်သည်။

"ဟေ့ စုချန်း မင်းကို ကျုပ်စိမ်ခေါ်တယ်"

စုချန်းကလည်း ထိုသူကို မျက်နှာချင်းဆိုင်လိုက်၏။ ထိုအချိန်မှာပင် ကုချိန်းလွှာ၏ ကြေညာချက် ထွက်ပေါ်လာပြန်သည်။

"သူ့နာမည်က လင်ယု သူဟာ လင်ဖန်းရှောက်ရဲ့သားပဲ ကျားလက်သီးနဲ့ အေးစက်သောအလင်းတန်းနည်းစနစ်တွေမှာ အင်မတန်ထူးချွန်တယ်"

ကုချိန်းလွှာ၏ ကြေညာချက်ဆုံးသည်နှင့် သူတို့နှစ်ယောက်၏ တိုက်ပွဲမှာ စတင်ခဲ့လေသည်။ စုချန်း၏ လှုပ်ရှားမှုမှာကား လျပ်ပြက်တမျှ မြန်ဆန်လှ၏။ ကုချိန်းလွှာ၏ စကားသံဆုံးသည်နှင့် သူ၏ လက်ဝါးသည် လင်ယု၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာခဲ့လေပြီ။ လင်ယုကား ကြိုးပြတ်သွားသည့် စွန်တကောင်ပမာ နောက်ဘက်သို့ လွင့်စင်သွား၏။ စုချန်း၏ ခြေလှမ်းကွက်သည် နောက်ဆုတ်ရာတွင်လည်းကောင်း၊ ရှေ့တိုးရာတွင်လည်းကောင်း အသုံးဝင်လှ၏။ ဤတကြိမ်တွင်လည်း သူသည် ကုမျိုးနွယ်စု မူပိုင်နည်းစနစ်တရပ်ဖြစ်သော မြူခိုးကြားထဲမှ မြွေ၏ခြေလှမ်းကို ထပ်မံအသုံးပြုလိုက်ပြန်ချေပြီတည်း။ စုချန်း၏ တကွက်တည်းသော တိုက်ခိုက်မှုကြောင့် လင်ယုတယောက် ခံလိုက်ရသည်ကို မြင်သောအခါ လင်မျိုးနွယ်လူငယ်များ လန့်ဖြတ်သွား၏။

ထိုအခိုက်မှာပင် ကုချိန်းလွှာက လက်ခုပ်တီးရင်း လှပစွာ ရယ်မောလိုက်၏။

"ကောင်းတယ် ကောင်းတယ် သိပ်ကောင်းတယ် စတုတ္ထသခင်လေးစုဟာ တကယ့်ကို ကောင်းကင်ဘုံက လက်ဆောင်ပေးလိုက်တဲ့ ပါရမီရှင်ပဲ ခုနက မြွေခြေလှမ်းကို အသုံးပြုလိုက်တာ သိပ်ကိုပြောင်မြောက်ပါပေတယ် လင်ယဲ့မွှားအနေနဲ့ မြွေခြေလှမ်းနဲ့ ပျံသန်းနေတဲ့ ပန်းပွင့်လက်ချောင်းများကို လူစိမ်းတယောက်ကို သင်ကြားပေးလိုက်တာ သိပ်အံ့သြစရာမရှိတော့ဘူးပဲ"

"ခွေးမသား ဒီနည်းစနစ်တွေဟာ ကုမျိုးနွယ်စုရဲ့ လျှို့ဝှက်နည်းစနစ်တွေပဲ သူတပါးရဲ့ ပညာကို ခွင့်ပြုချက်မရပဲ ခိုးဝှက်သင်ယူရသလားကွ"

ပြောပြောဆိုဆို နောက်ထပ်လူငယ်တယောက်သည် စုချန်း၏ ရှေ့သို့ ခုန်ဝင်လာပြန်သည်။ စုချန်းသည် ထိုလူငယ်ကို မမြင်ဟန်ပြုကာ ခေါင်းကိုငဲ့လျက် နားစွင့်နေ၏။ ထိုအခိုက်မှာပင် ကုချိန်းလွှာ၏ အသံက ထပ်မံပေါ်ထွက်လာပြန်သည်။

"သူကတော့ လင်ရှောက်ဖန်းရဲ့အစ်ကို လင်ရှောက်အန်းပဲ သူ့ရဲ့ ခွန်အားကတော့ သူ့ညီထက် ပိုကောင်းတယ်"

စကားဆုံးသည်နှင့် လင်ရှောက်အန်းသည် စုချန်းဆီသို့ တဟုန်ထိုး ခုန်ဝင်လာတော့သည်။ စုချန်းကား အနည်းငယ်မျှပင် ဂရုမစိုက်။ သူက လက်ကိုထူးဆန်းသောပုံစံနှင့် လှုပ်ယမ်းလိုက်ရာ များပြားလှသော လေလှိုင်းရေဘဝဲလက်တံများ ပေါ်ပေါက်လာပြီး လင်ရှောက်အန်းကို ဝန်းရံထားလေ၏။ လင်ရှောက်အန်းကား ထိုနည်းစနစ်မျိုးကို မြင်ဖူးဖို့နေနေသာသာ ကြားပင်မကြားဖူးလေရာ အတော်ပင် ထိတ်လန့်တုန်လှုပ်သွားရှာ၏။ ထိုအခါ သူက ထိုလလှိုင်းလက်တံများထဲမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ ကြိုးစားအားထုတ်မှုမှာကား အချည်းနှီးသာ ဖြစ်လေသည်။ တဒင်္ဂအတွင်းမှာပင် သူသည် ထိုလက်တံများ၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရ၏။

တဆက်တည်းမှာပင် စုချန်းသည် လင်ရှောက်အန်းဆီသို့ ခုန်ဝင်သွားပြီး လက်ဝါးနှင့် ရိုက်ချလိုက်၏။ လင်ရှောက်အန်း၏ ကိုယ်ခန္ဓာမှာလည်း ရှေ့လူများနည်းတူ လေထဲသို့ လွင့်စင်သွား၏။ သို့သော် ဤတကြိမ်တွင်ကား သူသည် လင်မျိုးနွယ်လူငယ်များ အုပ်စုလိုက်မတ်တပ်ရပ်နေရာသို့ လွင့်စင်သွားခြင်း ဖြစ်လေရာ လူအုပ်စုတခုလုံး ကစဉ့်ကလျား ဖြစ်သွားလေသည်။

စုချန်း၏ လှုပ်ရှားမှုကိုကြည့်ရင်း ကုချိန်းလွှာက ထပ်မံချီးကျူးလိုက်ပြန်၏။

"သိပ်ကောင်းတဲ့ အကွက်ပဲ ပျံသန်းနေတဲ့ ပန်းပွင့်လက်ချောင်းများ နည်းစနစ်မှာ လူတယောက်ကို လက်နက်အဖြစ် အသုံးပြုတာမျိုး တခါမှ မမြင်ဖူးဘူး"

တဒင်္ဂအတွင်းမှာပင် စုချန်းသည် အထူးတလည် အားထုတ်ရခြင်းမရှိပဲ လူသုံးယောက်ကို အနိုင်ယူလိုက်လေရာ ကျန်လူငယ်များမှာ ရှေ့တိုးမလာရဲတော့။ ထိုအခိုက်မှာပင် လင်ဟန်ယွဲ့၏ စိတ်အာရုံအတွင်း၌ ထူးဆန်းသော အတွေးတမျိုး ပေါ်ပေါက်လာတော့သည်။ စုချန်းသည် စုမျိုးစုအား အနိုင်ကျင့်ရသည်ကို ပျင်းရိလာ၍ လင်မျိုးနွယ်လူငယ်များအား အနိုင်ကျင့်ရန် ဤနေရာသို့ ရောက်လာခြင်းပေလော။ သို့သော် ထိုအတွေးအား လူတိုင်းသိအောင် ထုတ်ဖော်ရန်မှာကား သူမဝံ့ရဲချေ။

ထိုအချိန်မှာပင် တစုံတယောက်က လက်ရှိဖြစ်ရပ်ကို သည်းမခံနိုင်ဟန်ဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

"သခင်မလေးကု သူဟာ ကုမျိုးနွယ်စုမူပိုင် နည်းစနစ်တွေဖြစ်တဲ့ မြွေခြေလှမ်းနဲ့ ပန်းပွင့်လက်ချောင်းများကို အသုံးပြုနေတာပဲဗျ ကျုပ်တို့အခု တိုက်ခိုက်နေတယ်ဆိုတာ သခင်မလေးကိုယ်စား ဒီမတရားမှုကို တိုက်ခိုက်နေတာပဲဗျ ဒါကို ဘယ့်နှယ်ကြောင့် သခင်မလေးက သူ့ဘက်လိုက်ပြောနေရတာတုန်း"

သို့သော် ကုချိန်းလွှာကား ထိုလူငယ်၏ စကားကို လက်ခံပုံမရ။ သူမက မျက်စောင်းထိုးရင်း ပြောလိုက်၏။

"ကုမျိုးနွယ်မူပိုင် နည်းစနစ်သုံးမျိုးဟာ သာမာန် နည်းစနစ်တွေနဲ့ မတူဘူး သွေးဗီဇနည်းစနစ်တွေပဲ ဒီလိုမှမဟုတ်ရင် ဒီနည်းစနစ်တွေကို လင်မျိုးနွယ်တွေဆီ အလွယ်တကူနဲ့ ဘယ်ဝေမျှခဲ့ပါ့မလဲ ခုတော့ ဒီနည်းစနစ်တွေဟာ လင်မျိုးနွယ်စုကတဆင့် အပြင်ကို ပေါက်ကြားစေခဲ့ပြီ ဒီအတွင် လင်မျိုးနွယ်စုထဲက တစုံတယောက်ကတော့ တာဝန်ယူပေးရလိမ့်မယ် ရှင်တို့နဲ့ စုချန်းကြားထဲမှာ ဘယ်လိုပြသနာတွေပဲရှိရှိ ဒီကိစ္စကို ကျွန်မကျေနပ်အောင်တော့ ရှင်တို့ ဖြေရှင်းပေးရလိမ့်မယ်"

ယခုမှ ဒုက္ခရောက်ပေပြီ။ ကနဦး ကုချိန်းလွှာကို အပြစ်တင်လိုက်သော လူငယ်အဖို့ ပါးစပ်ပိတ်ထားသည်ကမှ ပို၍ ကောင်းပေအုံးမည်။ ယခုတော့ ဆတ်ဆော့၍ ပြောမိကာမှ ကုချိန်းလွှာ၏ ဖြေရှင်းချက်တောင်းခြင်းကို ခံနေရရှာတော့သည်။ လင်မျိုးနွယ်လူငယ်များမှာကား ဘာပြောရမှန်း မသိတော့ပဲ တယောက်မျက်နှာ တယောက် ကြည့်နေကြလေသည်။ ထိုစဉ် စုချန်းက ရယ်မောရင်း ပြောဆိုလိုက်သည်။

"ခင်ဗျားတို့အားလုံး ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျုပ်ကတော့ ဒီနည်းစနစ်တွေကို သင်ယူခဲ့မိပြီ ဒါကို သဘာမတူဘူးဆိုရင် ကျုပ်ကို လာပြီး စိန်ခေါ်နိုင်တယ် ကျုပ်ကို ဒုက္ခရောက်အောင် လုပ်နိုင်တယ် ဘယ်သူပဲ စိန်ခေါ်ပါစေ ကျုပ်လက်ခံယှဉ်ပြိုင်မှာပါ"

ထိုစကားကိုကြားလိုက်ရသောအခါ လူတ်ိုင်းလိုလိုသည် ဒေါသထွက်ကုန်ကြ၏။ စုချန်း၏ စကားအရ ကုချိန်းလွှာသည် လက်ရှိပြသနာအတွက် လင်မျိုးနွယ်စုကိုသာ ဒုက္ခရောက်အောင် လုပ်ဆောင်မည်ဖြစ်ပြီး စုချန်းကို ဒုက္ခမပေးဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလား။

အမှန်တော့ သူတို့အနေနှင့် စုချန်းကို တိုက်ခိုက်လိုလျင် တဦးချင်း စိန်ခေါ်နိုင်ပေ၏။ သို့သော် စုချန်း၏ အင်အားမှာ အလွန်တရာ မြင့်မားလွန်းနေသည်။ သူသည် မူလချီစွမ်းအားပညာရှင်တယောက် ဖြစ်နေလေရာ စုချန်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် မည်သူမျှ စိတ်မကူးရဲတော့။ ဆယ့်ခြောက်နှစ်အောက် လူငယ်များထဲဝယ် စုချန်းနှင့် လက်ရည်ညီမည့်သူဟူ၍ လင်ကျင်းချွင်းနှင့် လင်ချူးယွဲ့တို့သာ ရှိနေ၏။ ပိုင်လိကား ယခုအချိန်ထိ ရောက်မလာသေး။ ထို့ကြောင့် ဤနေရာတွင် လင်ကျင်းချွင်းနှင့် လင်ချူယွဲ့တို့သာ ရှိနေ၏။ ထိုအခါ ကျန်လူငယ်များအားလုံးသည် သူတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်ကြလေသည်။

ထိုစဉ် ကုချိန်းလွှာက ရယ်မောလိုက်သည်။

"အစ်ကိုကြီးကျင်းချွင်း ရှင် သခင်လေးစုနဲ့ မယှဉ်ရဲဘူးလား ရှင်န်ိုင်မယ်ဆိုရင် ကျွန်မက ကုမျိုးနွယ်စု မူပိုင်နည်းစနစ်တွေ လင်မျိုးနွယ်စုဆီကနေ ပေါက်ကြားသွားစေခဲ့တဲ့ ကိစ္စကို လျော်ပေးလိုက်မယ် ဒါပေမဲ့ ရှင်ရှုံးသွားရင်တော့..."

သူမက ခေတ္တစဉ်းစားဟန်ပြုလိုက်၏။ အတန်ကြာမှ သူမက စကားဆက်သည်။

"ရှင် ရှုံးသွားရင် ရှင်တို့လင်မျိုးနွယ်စုရဲ့ လမင်းဝတ်ပြုခြင်းဖားပြုပ်ကို ကျွန်မကို ပေးရမယ်"

လင်ကျင်းချွင်း၏ မျက်နှာမှာကား ကြည့်ရဆိုးလောက်အောင် ရှုံ့မဲ့နေ၏။ ထိုစဉ် စုချန်းက အေးဆေးတည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။

"အစ်ကိုကြီးလင်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူးဆိုရင် ကျုပ်တို့ ဆယ်ကွက်လောက်ပဲ တိုက်ခိုက်ပြီး အလောင်းအစား လုပ်ကြတာပေါ့ ဆယ်ကွက်အတွင်း အစ်ကိုြကြီးလင်ကို အနိုင်ရအောင်မလုပ်နိုင်ဘူးဆိုရင် ကျုပ် ရှုံးသွားပြီလို့ သတ်မှတ်ကြတာပေါ့"

စုချန်း၏စကားမှာ တင်စီးလှ၏။ ဆယ်ကွက်အတွင်း အန်ိုယူမည်ဟု ဆိုလိုက်ခြင်းကြောင့် သူသည် လင်ကျင်းချွင်းကို အနည်းငယ်မျှပင် ဂရုမစိုက်ကြောင်း ပေါ်လွင်နေသည်။ ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်းလိုလို ဒေါသထွက်လာ၏။

ထိုအခါ လင်ကျင်းချွင်းက ပြန်ပြောလိုက်သည်။

"ကျုပ်အနေနဲ့ မတိုက်ရဲတာလဲ မဟုတ်ဘူး ယုံကြည်မှုမရှိတာလဲ မဟုတ်ဘူး ကျုပ်ဘာကြောင့် ချီတုံချတုံ ဖြစ်နေရသလဲဆိုတော့ ဒီလိုဆုံးဖြတ်ချက်မျိုးကို ကိုယ့်သဘောနဲ့ကိုယ် ချမှတ်ခွင့်မရှိလို့ပဲဗျ"

ထိုစဉ် အသံတသံ ထွက်ပေါ်လာ၏။

"မင်း သူနဲ့ တိုက်ခိုက်လိုက်ပါ"

လူတိုင်းလိုလိုသည် အသံလာရာကို ငေးကြည့်လိုက်ကြ၏။ အသံရှင်သည် မိုးပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး

သက်လတ်ပိုင်းအရွယ်ခန့် ရှိ၏။ လူတိုင်း၏ နှုတ်ဖျားမှ အာမေဋိတ်သံ အသီးသီး ပေါ်ထွက်လာ၏။

ဦးရီးတော်ပါလား!!!

ထိုလူမှာ တခြားလူမဟုတ်။ လင်မျိုးနွယ်၏ အကြီးအကဲတဦးဖြစ်သူ လင်ချင်းယုန်ပင် ဖြစ်လေတော့သတည်း။ စုချန်းကိုကြည့်ရင်း လင်ချင်းယုန်က ပြောလိုက်သည်။

"မျက်မမြင်တယောက်က ဒီလိုမောက်မာတဲ့စကားမျိုး ပြောရဲတယ်ဆိုတော့ အစွမ်းအစ ဘယ်လောက်များရှိသလဲ ကျုပ်က သိချင်သေးတယ် ဒီအတွက်ကြောင့် ကျုပ်တို့ လင်မျိုးနွယ်ရဲ့ လမင်းဝတ်ပြုခြင်းဖားပြုပ်ကို ဆုံးရှုံးမယ်ဆိုရင်လဲ ဆုံးရှုံးသွားပါစေ"

"ဟုတ်ကဲ့ပါခင်ဗျ"

အကြီးအကဲတယောက်၏ ခွင့်ပြုချက် ရလိုက်ပြီမို့ လင်ကျင်းချွင်း၏ ယုံကြည်မှုမှာ တဟုန်ထိုး မြင့်တက်လာ၏။ ထို့နောက် သူက စုချန်းကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင်ကား သတ်ဖြတ်လိုသော အငွေ့အသက်များ တရှိန်းရှိန်း တောက်လောင်နေခဲ့လေပြီ။

ဆယ်ကွက်အတွင်း ငါ့ကို အနိုင်တိုက်မယ်ပေါ့ ဟုတ်လား မင်းက ငါ့ကို လင်ယဲ့မွှားလို ငတုံးများ ထင်နေသလား...

တွေ့ကြသေးတာပေါ့ မင်းကိုငါ ကောင်းကောင်းကြီး ပညာပေးလိုက်မယ်ကွ...

လင်ကျင်းချွင်းသည် အထက်ပါအတ်ိုင်း စဉ်းစားရင်း မြူခိုးကြားထဲမှ မြွေခြေလှမ်းကို စတင်နှိုးဆွလိုက်တော့သည်။ သူ့ခြေထောက်များသည် မြူခိုးများကြားဝယ် တိုက်ခိုက်နေသော လေထုကဲ့သို့ ဖြစ်လာ၏။ သူ၏ တိုက်ခိုက်ပုံမှာ ရိုးစင်းဟန်ရှိသော်လည်း အမှားတော့မပါချေ။ ထို့ကြောင့် လင်ကျင်းချွင်းသည် တည်ငြိမ်စွာ တိုက်ပွဲဝင်တတ်သူမှန်း သိသာနေခဲ့လေပြီ။ လင်ကျင်းချွင်း၏ လှုပ်ရှားပုံကိုကြည့်ရင်း လင်ချင်းယုန်က ဂုဏ်ယူဟန်ဖြင့် ခေါင်းကို ဆတ်ခနဲညိတ်လိုက်သည်။ လင်ကျင်းချွင်းသည် လင်ယဲ့မွှားကဲ့သို့ ပေါက်ကွဲအားကောင်းကောင်းနှင့် ပြင်းထန်စွာ မတိုက်ခိုက်တတ်သော်လည်း ၎င်း၏ တည်ငြိမ်မှုကြောင့် အမှားပြုလုပ်ရန်ကား ခဲယဉ်း၏။ အမှားပြုလုပ်ရန် ခဲယဉ်းလေလေ စုချန်းအနေနှင့် အချိန်တိုအတွင်း လင်ကျင်းချွင်းကို အနိုင်ရရန် ခဲယဉ်းလေလေပင် ဖြစ်သည်။

စုချန်းသည် ခေါင်းကိုငဲ့ရင်း နားထာင်လိုက်ရာ လေတိုးသံကို ကြားလိုက်ရသည်။ ထိုအခါ သူက ရယ်မောရင်း ပြောလိုက်၏။

"ကဲ စကြတာပေါ့"

စကားဆုံးသူနှင့် သူသည် လက်ကို ဓားပုံသဏ္ဍန်ပြုလုပ်ရင်း လင်ကျင်းချွင်းကို ထိုးစိုက်လိုက်ရာ မိုးခြိမ်းသံကဲ့သို့သော အသံနက်ကြီးများ ပေါ်ထွက်လာတော့သည်။ လင်ကျင်းချွင်းသည်ကား ထိုတိုက်ခိုက်မှုမျိုးကို မြင်တွေ့ပြီးသား ဖြစ်လေရာ မည်သို့မည်ပုံ ခုခံမည်မှန်း ကြိုတင်တွေးထားပြီးသား ဖြစ်၏။ ထိုအခါ သူက စုချန်း၏ တိုက်ခိုက်မှုကို ခုခံတားဆီးလိုက်ပြီး အမာကို အမာချင်း ခုခံသည့်သဘောမျိုး မဖြစ်စေရန် ခြေထောက်ကိုလည်း နောက်သို့အလိုက်သင့် ဆုတ်ပေးလိုက်လေသည်။ ထိုအခိုက်မှာပင် စုချန်းက လင်ကျင်းချွင်း ကြားသာအောင် စကားတခွန်းကို ခပ်တိုးတိုး ပြောလိုက်တော့သည်။

"လင်ယဲ့မွှား ပြန်ရောက်လာပြီဆိုတော့ မင်းအနေနဲ့ နည်းနည်းမှ စိတ်မပူဘူးလား"

စုချန်း၏ စကားကြောင့် လင်ကျင်းချွင်းတယောက် အလွနတုန်လှုပ်သွား၏။ ထိုအခါ သူ၏ အေးဆေးတည်ငြိမ်မှုမှာလည်း ပျက်ယွင်းသွားတော့သည်။ ထိုအခိုက်မှာပင် စုချန်း၏ ဓားပုံစံလက်ဝါးသည် လင်ကျင်းချွင်း၏ လက်ကောက်ဝတ်ကို ရိုက်ချလိုက်ပြီး တဆက်တည်းမှာပင် ဟာလာဟင်းလင်းဖြစ်သွားသော လင်ကျင်းချွင်း၏ ရင်ဘတ်ကို ရိုက်ချလိုက်တော့သည်။ သို့သော် စုချန်းကား အနည်းငယ်မျှပင် သက်ညှာခြင်းမရှိ။ သူသည် လင်ကျင်းချွင်း၏ နှလုံးသားကို အပ်ဖျားနှင့် ထိုးဖောက်သကဲ့သို့ နာကျင်စေသော စကားလုံးတချို့ကို ထပ်မံ ပြောဆိုလိုက်ပြန်သည်။

"လင်ယဲ့မွှားကို တဖက်လှည့်နဲ့ ငါ့ကိုသတ်ခိုင်းပြီး အကျိုးအမြတ် ရယူခဲ့တဲ့ ကိစ္စကို ဖုံးကွယ်ထားနိုင်မယ်လို့ မင်းတကယ်ပဲ ထင်နေတာလား"

"မင်းပြောနေတာတွေ ငါတခုမှ မသိဘူးကွ"

လင်ကျင်းချွင်း၏ စကားသံမှာ မိုးခြိမ်းသံများအကြားဝယ် ပျောက်ကွယ်သွားသကဲ့သို့ ထင်ရသည်။ သို့သော် စုချန်းကား ၎င်း၏ စကားကို ရှင်းလင်းပီသစွာ ကြားနေရလေသည်။ ထိုအခါ စုချန်းက လင်ကျင်းချွင်းကို ထပ်မံထိုးနှက်လိုက်ပြန်၏။

"မင်းအနေနဲ့ ခုချိန်မှာ ဘူးခံငြင်းလို့ရတယ် ဒါပေမဲ့ မင်းရဲ့အထက်လူကြီးတွေကို ရှင်းပြဖို့တော့ အကြောင်းပြချက်ကောင်းကောင်း ရှာထားသင့်တယ်ကွ လင်ယဲ့မွှား ဘာကြောင့် ငါ့ကို သတ်ဖို့ကြိုးစားသလဲဆိုတာ မင်းအနေနဲ့ လင်ယွမ့်ချောင်နဲ့ လင်ချင်းယုန်တို့ကို ဘယ်လိုရှင်းပြမလဲ ဒါကို သူ့စိတ်နဲ့သူလုပ်တာလို့ မင်း ပြောမလို့လား လင်ယဲ့မွှား သေသွားရင်တော့ ဒီလိုပြောတာ ဘာပြသနာမှ မရှိဘူးပေါ့ ခက်တာက လင်ယဲ့မွှား မသေဘူးကွ သူသတိပြန်ရလာတာနဲ့ မင်းရဲ့အလိမ်အညာတွေ ဘူးပေါ်သလို ပေါ်ကုန်မှာပဲ"

လင်ကျင်းချွင်း၏ နှလုံးသားမှာကား ပြင်းထန်စွာ ခုန်ပေါက်လှုပ်ရှားနေ၏။ သူ၏ လှုပ်ရှားမှုမှာလည်း သိသိသာသာပင် နှေးကွေးသွားတော့သည်။ ထိုအချိန်တွင် စုချန်းသည် လင်ကျင်းချွင်း၏အနီးသို့ လျင်မြန်စွာ တိုးကပ်လာပြီး ၎င်း၏ ကိုယ်ခန္ဓာအလယ်ပိုင်းကို ဒူးနှင့်တိုက်လိုက်၏။ လင်ကျင်ချွင်း၏ ပါးစပ်မှ သွေးများအန်ထွက်လာပြီး သူ့ကိုယ်ခန္ဓာသည်လည်း လေထဲသို့ လွင့်စင်သွားရှာ၏။

"ဟေ့ သူအနားကပ်လာတာ မခံနဲ့လေ"

လင်မျိုးနွယ်စု လူငယ်မျိုးဆက်သစ်များက စိုးရိမ်တကြီး အော်ဟစ်သတိပေးလိုက်၏။ သို့သော် သတိပေးစကားမှာ များစွာနောက်ကျသွားခဲ့လေပြီ။ ထိုအချိန်တွင် လင်ကျင်းချွင်း၏ စိတ်အာရုံသည် များစွာရှုပ်ထွေးနေခဲ့လေရာ စုချန်း၏ တိုက်ခိုက်မှုကို မည်သို့မျှ ခုခံကာကွယ်နိုင်စွမ်း မရှိခဲ့။

စုချန်း၏ တိုက်ခိုက်မှုမှာကား အဆက်မပြတ် ပေါ်ထွက်လာ၏။ သူသည် မိုးကြိုးလက်ချောင်းများဖြင့် လင်ကျင်းချွင်း၏ လက်မောင်းကို ဖမ်းဆုပ်ပြီး တောအုပ်အတွင်းသို့ ခုန်ဝင်သွားလေရာ လင်ကျင်းချွင်း၏ ကိုယ်ခန္ဓာမှာ သစ်ပင်များနှင့် တဖြောင်းဖြောင်းမြည်အောင် ရိုက်ခတ်မိကုန်၏။ ထို့နောက် စုချန်းက လင်ကျင်းချွင်းကို မြေကြီးပေါ်သို့ပစ်ချပြီး ပြောလိုက်သည်။

"ကျုပ်က လင်ယဲ့မွှားကို ခုနှစ်ရက်မူးဝေဆေးရည် တိုက်ထားတာ ဒီတော့ သူဟာ လာမဲ့လေးရက်အတွင်းမှာ သတိရလာလိမ့်မယ် သူနိုးလာရင် ဘာဖြစ်မလဲ မင်းသိတယ်မလား ဒီတော့ ကိုယ့်ကိုယ်ကို ကယ်ဖို့ စဉ်းစားစမ်းပါကွ"

ထိုအခါကျမှ လင်ကျင်းချွင်းသည် စုချန်း၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားတော့သည်။ ထိုအခါ သူက မေးလိုက်၏။

"ဘာလဲ မင်းက ကျုပ်ကို လင်ယဲ့မွှားကို သွားသတ်စေချင်တာလား ပြီးတော့မှ မင်းက ကျုပ်ကို အဲဒီအချက်ကို အကြောင်းပြုပြီး ငွေညှစ်မယ်ပေါ့"

လင်ကျင်းချွင်း၏ စကားကို ကြားလိုက်ရသောအခါ စုချန်းက ညစ်ကျယ်ကျယ်နိုင်သော အသံနှင့် ရယ်မောလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

"ကြည့်ရတာ ဒီလို ညစ်တီးညစ်ပတ်အတွေးမျိုးက မင်းတွေးနေကျနဲ့ တူတယ်"

ပြောပြောဆိုဆို သူက လင်ကျင်းချွင်း၏ဝမ်းဗိုက်ကို လက်သီးနှင့် ထိုးလိုက်ပြန်သည်။ ပြင်းထန်သော အင်အားကြောင့် လင်ကျင်းချွင်း၏ တကိုယ်လုံး တုန်ခါသွား၏။ သို့တ်ိုင်အောင် လင်ကျင်းချွင်းကား ဆက်လက်တွန်းလှန်နေဆဲသာ ဖြစ်သည်။

"မင်းက ငါ့ကို အလွယ်တကူ အကျပ်ကိုင်ဖို့များ စဉ်းတောင်မစဉ်းစားနဲ့ကွ"

ထိုအခါ စုချန်းက ရယ်မောလိုက်သည်။

"ဟား ဟား ဟား ဘယ်လိုပဲပြောပြော နောက်ဆုံးတော့ မင်းအနေနဲ့ သဘောတူရမှာပါကွာ စဉ်းစားစရာရှိတာ စဉ်းစားပြီးရင် ငါ့ဆီလာခဲ့ပေါ့ကွာ မင်းအနေနဲ့ ငါ့ရဲ့ အကူအညီမပါပဲ သူ့ကို မသတ်နိုင်ဘူးဆိုတာတော့ သတိထားပေါ့ မှတ်ထားအုံးနော် မင်းမှာ အချိန်လေးရက်ပဲ ကျန်တော့တယ်ကွ"

ထို့နောက် သူက လင်ကျင်းချွင်း၏ မျက်နှာကို လက်သီးနှင့် ပြင်းထန်စွာ ထိုးနှက်ပြီး ပြောလိုက်ပြန်သည်။

"ကဲ ငါပြောတာ မင်း လက်ခံချင်ခံ မခံချင်လဲနေ လောလောဆယ်တော့ မင်း ရှုံးသွားပြီပဲ"

စကားဆုံးသည်နှင့် စုချန်းသည် လင်ကျင်းချွင်းကို မြေကြီးပေါ်သို့ ပြင်းထန်စွာ ကိုင်ပေါက်လိုက်တော့သည်။

All Chapters