← Chapters

အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်း

Vol. 11 Ch. 110

အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်း

Vol. 11 Ch. 110

ရက်စက်ကြမ်းကြုတ်လှသော တဖက်သတ်တိုက်ပွဲကြောင့် လင်မျိုးနွယ်များအားလုံး ကြက်သေသေကာ စကားပင် မပြောနိုင်တော့ချေ။ လင်ချင်းယုန်၏ အမူအရာမှာ ရေခဲတမျှ အေးစက်သွားပြီး လင်မျိုးဆက်လူငယ်များမှာကား ကြိတ်မနိုင်ခဲမရ ဖြစ်ကုန်ကြ၏။ လင်ကျင်းချွင်းတယောက် မည်သည့်အတွက်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန်နှင့် ရှုံးနိမ့်သွားမှန်း တဦးတယောက်မျှပင် နားမလည်လိုက်။ လင်မျိုးနွယ်စုဝင်များနှင့် ကွဲပြားခြားနားစွာ ကုချိန်းလွှာတယောက်သာ အထူးပျော်ရွှင်နေလေသည်။

လင်မျိုးနွယ်စုအနေနှင့် နေရင်းထိုင်ရင်း လမင်းဝတ်ပြုခြင်းဖားပြုပ်ကို ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်လေရာ သူတို့အားလုံး ဒေါသထွက်သည်မှာလည်း အဆိုးတော့မဆိုသာ။ ထို့ကြောင့် လင်မျိုးနွယ်ဝင် လူငယ်များအနေနှင့် ဆက်လက်တိုက်ပွဲဝင်လိုသော်လည်း ကုချိန်းလွှာ၏ စကားမှာ အဆုံးသတ်သွားခဲ့လေပြီ။ သူမ၏ အကြောင်းပြချက်မှာကား အထူးပင် ခိုင်လုံနေ၏။ အဘယ်ကြောင့်ဆိုသော် စုချန်းသည် ယခုအချိန်ထိ လင်အိမ်တော်၏ ဧည့်သည်တယောက်သာ ဖြစ်နေသေးလေရာ တော်ရုံသင့်ရုံ ပညာစမ်းသည်နှင့် လုံလောက်ပေပြီ။ တဗိုလ်တက် တဗိုလ်ဆင်းစနစ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် မလိုအပ်ပေ။

ကုချိန်းလွှာ၏ စကားကို မည်သူမျှ ခွန်းတုံ့မပြန်ရဲလေရာ သူတို့အားလုံးသည် ကြံရာမရဖြစ်သော အမူအရာနှင့် လင်ချင်းယုန်ကိုသာ စိုက်ကြည့်နေကြလေသည်။ လင်ချင်းယုန်မှာကား စကားတခွန်းမျှ မပြောတော့ပဲ အင်္ကျီလက်များကို ယမ်းခါကာ တချိုတည်းထွက်ခွာသွားတော့သည်။ လင်ချင်းယုန်၏ အမူအရာမှာ ယှဉ်ပြိုင်မှုကို ဤနေရာတွင်သာ ရပ်တန့်လိုက်သည့် အမူအရာ ဖြစ်လေရာ လူငယ်များသည် မခံချည့်မခံသာ ဖြစ်ကုန်ကြ၏။ မည်သို့ဆိုစေ ယှဉ်ပြိုင်မှုမှာကား အဆုံးသတ်သွားခဲ့လေပြီ။

ထို့နောက်တွင်ကား စုချန်းသည် ကုချိန်းလွှာနှင့် အချိန်အနည်းငယ်ခန့် ထိုင်စကားပြောပြီး စုအိမ်တော်သို့ မပြန်သေးပဲ စစ်မှန်သော ကျောက်စိမ်းနန်းတော်သို့ ထွက်ခွာလာခဲ့၏။ အကြောင်းမှာ တန်ကျင်းသည် ကနဦးကတည်းက လူတချို့စေလွှတ်ပြီး စုချန်းကို အခေါ်လွှတ်ထားခြင်းကြောင့် ဖြစ်သည်။ သို့သော် ထိုအချိန်က သူသည် လင်မျိုးနွယ်နှင့် ပတ်သက်သည့်ကိစ္စများကို ဖြေရှင်းနေရ၍ အလွန်အလုပ်ရှုပ်နေလေရာ တန်ကျင်းနှင့် သွားမတွေ့နိုင်ခဲ့။ ကျောက်စိမ်းနန်းတော်သို့ ရောက်ရှိသောအခါ တန်ကျင်းတယောက်သည် ရက်ပေါင်းတရာကျော်အတွင်း ရှေးဟောင်းအာကင်နာစာခွေတခုလုံးကို ဘာသာပြန်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ ထိုစာခွေအတွင်း၌ ဝိညာဉ်ဖမ်းချုပ်ခြင်းနည်းစနစ်၊ မူလစွမ်းအင်အလင်းမြားနည်းစနစ်နှင့် စုချန်း အလွန်တရာ လိုချင်လှသော အရိပ်အစားထိုးခြင်းနည်းစနစ် စသော နည်းစနစ်များ ပါဝင်၏။

သို့သော် အရိပ်အစားထိုးခြင်းနည်းကို အောရစ်က အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ဟု တမျိုးတဖုံ ခေါ်ဝေါ်၏။

အဖြူရောင်မျှော်စင်ဟူသည်မှာ အာကင်နာနိုင်ငံတော်ကြီး ကောင်းစားခဲ့စဉ်က တည်ရှိခဲ့သော ရှေးဟောင်းအဖွဲ့အစည်းကြီး ဖြစ်လေသည်။ အနှီအဖွဲ့အစည်းသည် သုတေသနအမျိုးမျိုးပြုလုပ်ပြီး မူလစွမ်းအင်ကို အသုံးပြုနိုင်မည့် နည်းလမ်းအမျိုးမျိုးကို ဖော်ထုတ်ခဲ့ကြလေသည်။ ထိုအဖွဲ့အစည်းရှိ မူလချီစွမ်းအားပညာရှင်များသည် ၎င်းတို့တီထွင်ခဲ့သည် မူလစွမ်းရည်များကို နာမည်ပေးရာတွင် မူလစွမ်းရည်၏ ရှေ့တွင် အဖြူရောင်မျှော်စင်ဟူသောအမည်ကို တွဲဖက်နာမည်ပေးလေ့ရှိသည်။ ထို့ကြောင့် ထိုအဖွဲ့အစည်းလက်ထက်ဝယ် အဖြူရောင်မျှော်စင်နှင့်အစချီသော မူလစွမ်းရည်အများအပြား ပေါ်ပေါက်ခဲ့တော့သည်။

အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်သည် ထိုနည်းစနစ်များထဲမှ တမျိုးဖြစ်၏။

စုချန်း မူလက ထင်မြင်ယူဆခဲ့သည်မှာ အရိပ်အစားထိုးခြင်းနည်းစနစ်သည် လေဟာနယ်ပုံစံ မူလစွမ်းရည်များကို တုပရန် ပုံရိပ်ယောင်များကို အသုံးပြုရသော မူလစွမ်းရည်ဟု ယူဆခဲ့၏။ ယခုတော မယုံနိုင်စရာကောင်းလှအောင်ပင် ဤနည်းစနစ်သည် လေဟာနယ်ပုံစံ မူလစွမ်းရည်တမျိုး ဖြစ်နေ၏။

လေဟာနယ်ပုံစံမူလစွမ်းရည်များမှာ မူလစွမ်းအင်ကို အသုံးပြုရသော နည်းစနစ်များထဲတွင် အစွမ်းထက်ဆုံး နည်းစနစ်များ ဖြစ်ကြကုန်၏။ ၎င်းတို့သည် မူလစွမ်းရည်များထဲတွင် ထိပ်တန်းအဆင့် စွမ်းရည်များဖြစ်ကြပြီး အလွန်အင်အားကြီးမားသော မူလချီစွမ်းအားပညာရှင်များသာ ထိုနည်းစနစ်များနှင့် ထိတွေ့ခွင့်ရှိကြလေသည်။ သို့သော် လက်ရှိလူသားတို့ မသိရှိကြသည့်အချက်မှာ အာကင်နာနိုင်ငံတော်ကြီး ကောင်းစားခဲ့စဉ်က အာကင်နာလူမျိုးတို့သည် လေဟာနယ်အမျိုးအစား မူလစွမ်းရည်များ၏ အဆင့်အတန်းမြင့်မားနေမှုကို လျှော့ချရန်ကြိုးစားခဲ့ပြီး အဆင့်န်ိမ့်ချီစွမ်းအားပညာရှင်များပါ ထိုနည်းစနစ်တို့ကို အသုံးပြုနိုင်အောင် တီထွင်ဖန်တီးခဲ့ကြခြင်းပင်။

အဖြူရောင်မျှော်စင် ပို့ဆောင်ခြင်းနည်းစနစ်မှာကား ထိုအခြေအနေမျိုးတွင် ဖန်တီးခြင်းခံထားရသော နည်းစနစ်ဖြစ်သည်။ ထို့ကြောင့် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်၏ အရေးကြီးသောအချက်မှာ ဤနည်းစနစ်ကို အသုံးပြုရန် လိုအပ်ချက်အတော်လေးနည်းပါးပြီး အဆင့်နိမ်ချီစွမ်းအားပညာရှင်များပါ ၎င်းကို အသုံးပြုန်ိုင်၏။ သုံးစွဲရသော မူလစွမ်းအင်ပမာဏမှလည်း နည်းပါးလှသည်။ ထိုအတွက်ကြောင့်ပင် ဤနည်းစနစ်ကို အလွန်တရာ ရှုပ်ထွေးလှသော မူလစွမ်းအင်ပုံစံနှင့် တည်ဆောက်ထားပြီး ၎င်းကို အသုံးပြုလိုက်ပါက အသုံးပြုသည်သည် မြင့်မားသော အကွာအဝေးသို့ ခုန်နိုင်စွမ်းရှိလာစေသည်။

သို့သော် ခုန်ပျံန်ိုင်သော အကွာအဝေးမှာကား တယောက်နှင့်တယောက် မတူကြပေ။ ကိုယ်ခန္ဓာအလေးချိန် နည်းပါးသူသည် ပို၍မြင့်မားစွာ ခုန်နိုင်၏။ သို့သော် ၆မီတာ၊ ၇မီတာထက် ပို၍ ခုန်ရန်မှာကား မဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ ဤနည်းစနစ်သည် စစ်မြေပြင်တွင် အသုံးပြုရန်သာ ဖြစ်သည်။ ထွက်ပြေးရန် မဟုတ်ပေ။ ထို့ပြင် ဤနည်းစနစ်ကိ အသုံးပြု၍ ပိတ်ဆို့ထားသော နေရာများသို့ ဖြတ်သန်း မသွားနိုင်သလို အရာဝတ္တုများကိုလည်း ဖြတ်သန်းသွား၍ မရပေ။

အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်၏ မူလစွမ်းအင်ပုံစံမှာကာ စုချန်း ဤယနေ့ မြင်ဖူးသမျှထဲတွင် အရှုပ်ထွေးဆုံး နည်းစနစ်ပင် ဖြစ်သည်။ ပုံစံတွင် ထောင်နှင့်ချီသော မူလစွမ်းအင်ပုံစံ အပိုင်းအစပေါင်းများစွာကို ပေါင်းစပ်ထား၏။ စုချန်းကား ယခုအချိန်ထိ မူလစွမ်းအင်ပုံစံအပိုင်းအစ ၁၀၀ခန့်ကိုပင် ထိန်းချုပ်နိုင်စွမ်း မရှိသေးပေ။ ထိုအခါ စုချန်းအတွက် ရွေးစရာလမ်းနှစ်လမ်းသာ ရှိတော့၏။ ပထမလမ်းမှာ ဤနည်းစနစ်အား တတ်ကျွမ်းလာသည်အထိ တွန်းတွန်းတိုက်တိုက်နှင့် လေ့ကျင့်ရန်သာ ဖြစ်သည်။ ဒုတိယလမ်းမှာကား နဂါးကျောင်းတော်သားတယောက် ဖြစ်လာသည်အထိ စောင့်ဆိုင်းပြီးမှ ဤနည်းစနစ်ကို လေ့ကျင့်ရန်ဖြစ်သည်။ နဂါးကျောင်းတော်တွင် မူလစွမ်းအင်ဖွဲ့စည်းပုံ လုပ်ငန်းစဉ်များကို လေ့လာသင်ယူပြီးနောက် သူ၏ လေ့ကျင့်ရေးသည် ပို၍ လွယ်ကူလာပေလိမ့်မည်။

စုချန်း ကနဦး သင်ယူလေ့ကျင့်ထားသော ဝိညာဉ်မျက်လုံး၊ မက်၏ကာကွယ်စောင့်ရှောက်သူနှင့် မီးလျံစက်လုံး နည်းစနစ်များသည် အလွတ်ကျက်မှတ် လေ့ကျင့်ထားခြင်းသာ ဖြစ်၏။ ထို့ကြောင့် သူ၏ အခြေခံမှာ မခိုင်လှ။ အမှန်တော့ ဝိညာဉ်မျက်လုံးနည်းစနစ်သည် အတော်လေး ရှုပ်ထွေးလှသည်ဟု ဆိုန်ိုင်သော်လည်း ၎င်းသည် ဆန်းသစ်တီထွင်ထားသော အာကင်နာနည်းစနစ်ဖြစ်လေရာ မူလစွမ်းအင်ပုံစံနှင့် မူလစွမ်းအင်အဆောင်လက်ဖွဲ့ကို ပေါင်းစပ်ဖော်ထုတ်ရ၏။ သို့သော် အဖြူရောင်မျှော်စင် ပို့ဆောင်ခြင်းနည်းစနစ်မှာကား အလွန် ရှေးကျလှသော အာကင်နာနည်းစနစ်ဖြစ်လေရာ မူလစွမ်းအင်အဆောင်လက်ဖွဲ့ပင် မပါချေ။ မူလစွမ်းအင်ပုံစံတမျိုးတည်းနှင့် ဖော်ထုတ်ရခြင်းဖြစ်၍ ဤနည်းစနစ်သည် ဝိညာဉ်မျက်လုံးနည်းစနစ်ထက် အဆပေါင်းများစွာ ရှုပ်ထွေး၏။

ဤမျှ ရှုပ်ထွေးလှသော နည်းစနစ်နှင့် ကြုံတွေ့ရတော့မှ စုချန်းမှာ လက်မြောက်အရှုံးပေးရမည်ကဲ့သို့ ဖြစ်နေတော့သည်။ သူ့အနေနှင့် ပြင်းပြင်းထန်ထန် ကြိုးစားလျင်ပင် လာမည့် တနှစ်နှစ်နှစ်အတွင်း အောင်မြင်နိုင်ရန် မလွယ်ကူလှ။ စာခွေအတွင်းရှိ ကျန်နည်းစနစ်နှစ်မျိုးမှာလည်း ရှုပ်ထွေးသော ရှေးဟောင်းအာကင်နာနည်းစနစ်များပင် ဖြစ်လေရာ လာမည့် နဂါးကျောင်းတော် ပြိုင်ပွဲမတိုင်မီ ထိုနည်းစနစ်များကို လေ့ကျင့်အောင်မြင်ရန်မှာ မလွယ်ကူလှပေ။

စုချန်းကား အတော်လေး စိတ်ပျက်သွား၏။ သူသည် မူလစွမ်းရည်များကို ပိုင်ဆိုင်ထားသော်လည်း မလေ့ကျင့်နိုင်ပေတကား။ ထိုအခါ နဂါးကျောင်းတော်အတွင်း ဝင်ရောက်လိုသော သူ့ဆန္ဒမှာ ပို၍ ပြင်းပြလာ၏။ နဂါးကျောင်းတော်ကဲ့သို့ ထိပ်တန်းကျောင်းတော်မျိုးကသာ ရှေးဟောင်းအာကင်နာနည်းစနစ်များကို နားလည်နိုင်မည့် အသိပညာမျိုးကို ပေးစွမ်းန်ိုင်ပေလိမ့်မည်။

ထိုအခိုက်မှာပင် တစုံတခုကို စုချန်း စဉ်းစားမိ၏။ သူ့မျက်လုံးများမှာလည်း အရောင်များ ဝင်းလက်တောက်ပလာတော့သည်။ ထို့နောက် သူသည် စုအိမ်တော်သို့ ပြန်လာခဲ့လေသည်။ မိမိအိပ်ဆောင်သို့ ပြန်ရောက်ချိန်တွင်ကား နေပင်စောင်းခဲ့ချေပြီ။ ထိုအခါ စုချန်းသည် ခြေလက်မျက်နှာများအား သန့်ရှင်းရေးလုပ်ပြီးသည်နှင့် မင်ချူးကို ပြန်လွှတ်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"ခင်ဗျား ထွက်လာလို့ရပါပြီဗျာ"

စကားဆုံးသည်နှင့် အမှောင်ထုအတွင်းမှ ညတစ္ဆေ၏ ပုံရိပ်ပေါ်လာ၏။ ဤအမျိုးသမီး၏ ဖုံးကွယ်ခြင်းနည်းစနစ်မှာကား အတော်ပင် အထင်ကြီးစရာ ကောင်းလှ၏။ သူမသည် မည်သူမျှ မမြင်တွေ့စေပဲ စုအိမ်တော်အတွင်း အကြိမ်ပေါင်းများစွာ ဝင်ထွက်သွားလာနိုုင်ခဲ့၏။ စုချန်းကိုယ်တိုင်ပင် ဤအမျိုးသမီး မည်သို့မည်ပုံ ဝင်လာကြောင်း တခါမှ တိတိပပ မသိရသေးပေ။ တနည်းအားဖြင့် သူမသည် ဤနည်းစနစ်မျိုး၌ ပါရမီပါလာပုံရ၏။

စုချန်းကို မြင်သည်နှင့် ညတစ္ဆေက ပြောလိုက်၏။

"စုချန်း မင်းအနေနဲ့ ငါတို့ကို ကူညီဖို့ အလျော်အစားအနေနဲ့ ဘာပြန်လိုချင်သလဲ"

ထိုအခါ စုချန်းက အံ့သြသင့်ချင်ဟန်ဆောင်ပြီး ပြောလိုက်၏။

"ဟင် ဒီကိစ္စကို ကျုပ်မကူညီနိင်ပါဘူးလို့ ခင်ဗျားကို ပြောခဲ့ပြီးပြီလေဗျာ"

ညတစ္ဆေ၏ အမူအရာက အနည်းငယ် စိတ်ပျက်သွားဟန် ပေါ်လာ၏။ ထို့နောက် သူမက ပြောလိုက်သည်။

"ဟေ့ တော်လောက်ပြီ မင်းသာ အစောကြီးကတည်းက ကူညီဖို့ စိတ်ကူးမရှိရင် ဒီလိုဆွေးနွေးဖို့ တောင်းဆိုခဲ့မှာတောင် မဟုတ်ဘူး တကယ်တော့ မင်းမှာ ဆွေးနွေးဖို့စိတ်ကူး ဟိုးအရင်ကတည်းက ရှိပြီးသားမှန်း ငါသိတယ်"

"အိုး ခင်ဗျားကတော့ လုပ်ချလိုက်ပြန်ပြီ တစုံတယောက်ရဲ့ ပြောဆိုမှုအပေါ် အခြေခံပြီး စဉ်းစားရုံနဲ့ ဒါ အမှန်ကြီးပါလို့ ပြောလို့ရပါ့မလားဗျ"

စကားဆုံးသည်နှင့် သူက အံ့သြသင့်သော အမူအရာမျိုး ပြုလုပ်လိုက်၏။ ထို့နောက် လေသံပြောင်းရင်း ပြောလိုက်ပြန်သည်။

"ခင်ဗျား ထူးချွန်တဲ့ အရာတွေထဲမှာ စဉ်းစားတွေးခေါ်ခြင်းဆိုတာ ဘယ်တုန်းကမှ မပါခဲ့ပါဘူးဗျာ"

တစုံတခုနှင့် ပြင်းပြင်းထန်ထန် ထိုးနှက်ခြင်းခံလိုက်ရသကဲ့သို့ အမျိုးသမီး၏ ကိုယ်ခန္ဓာမှာ တုန်ယင်သွား၏။ အတန်ကြာ နှုတ်ဆိတ်နေပြီးမှ သူမက စကားစသည်။

"ဒီမယ် စုချန်း အဲဒီအထဲမှာရှိတဲ့ ရတနာတွေဟာ အနည်းဆုံး မူလကျောက်တုံး တသန်းထက်မနည်းဘူး ငါတို့ကို မင်းကူညီနေသမျှ ဒီချမ်းသာကြွယ်ဝမှုတွေဟာ မင်းအတွက်ပဲလို့ အဖွဲ့အစည်းက ကတိပေးလိုက်တယ် တကယ်လို့ ဒီလောက်နဲ့ မလုံလောက်သေးရင်တောင် အပိုဆောင်း ထပ်ပေးအုံးမယ်လို့ အကြီးအကဲတွေက ပြောတယ်"

စုချန်းကား လက်မခံသည့် အမူအရာနှင့် ခေါင်းခါယမ်းလိုက်၏။

"တော်လောက်ပြီ အမျိုးသမီး ကျုပ်က အရူးမဟုတ်ဘူးဗျ"

ထို့နောက် သူက လက်သုံးချောင်းထောင်ရင်း စကားဆက်သည်။

"နံပါတ်တစ်... ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်ထဲမှာ မရေမတွက်နိုင်လောက်တဲ့ ရတနာတွေ ရှိနေရင်တောင် နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်လို့ အသုံးမဝင်ဖို့ များတယ် နံပါတ်နှစ်...တကယ်လို့ ဒီရတနာတွေကို မပျက်စီးအောင် ထိန်းသိမ်းထားနိုင်တဲ့ မူလစွမ်းအင်ပုံစံတွေ ရှိခဲ့တယ်ဆိုရင်တော့ ဒီရတနာတွေရဲ့ တန်ဖိုးဟာ မူလကျောက်တုံး သန်းပေါင်းများစွာ တန်နေလိမ့်မယ် ရတနာဆိုတာ တန်ဖိုးကြီးလာတာနဲ့အမျှ အန္တရာယ်လည်းများတယ်ဗျ နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ အရင်တုန်းက ကျုပ်သာ သေဆုံးသွားခဲ့ရင် ခင်ဗျားတို့ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားနိုင်တဲ့အတွက် ခင်ဗျားတို့ကို ကျုပ် ယုံလို့ရသေးတယ် ဒါပေမဲ့ ခုချိန်မှာတော့ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်က ပွင့်တော့မယ်ဆိုတော့ ဒီလျှို့ဝှက်ချက်က သိပ်ပြီး အရေးမပါတော့ဘူး ဒီအချိန်မှာက အထဲက ပစ္စည်းတွေကို ယူပေးလိုက်ရင် ကျုပ်အတွက် အပြင်မှာ စောင့်နေမှာက မူလကျောက်တုံး တသန်းလား ဒါမှမဟုတ် နှုတ်ပိတ်ခြင်းလားဆိုတာ ခင်ဗျား ဖြေကြည့်ပါလား"

စုချန်း၏ စကားကို ကြားလိုက်သောအခါ ညတစ္ဆေ အတော်လေး အံ့သြသွား၏။ စုချန်း၏ စကားသည် လျှို့ဝှက်အဖွဲ့အစည်းမှ ကြိုတင်တွေးတောထားသည်များနှင့် လုံးဝကိုက်ညီနေသည် မဟုတ်ပါလား။ သို့သော် စုချန်းသည် ဖြစ်နိုင်ချေများအား ယခင်ကတည်းက ကြိုတင်တွက်ဆထားလိမ့်မည်ဟုကား မည်သူမျှ တွေးတောမိလိမ့်မည် မဟုတ်။

ထိုအခါ ညတစ္ဆေက မေးလိုက်၏။

"ဒီတော့ မင်း ဘာလုပ်သင့်တယ်လို့ ထင်သလဲ"

ထိုမေးခွန်းကို ကြားသောအခါ စုချန်းက ပြုံးလ်ိုက်၏။ ကတိတခုကို အလွယ်တကူ ပေးခဲ့လျင် ထိုအရာသည် လိမ်ညာမှုသာ ဖြစ်ဖို့များနေ၏။ စုချန်းသည် ငယ်ရွယ်သူဖြစ်သော်လည်း မျက်စိကွယ်နေသော ကာလအတွင်း ဆိုးဝါးယုတ်ညစ်သော လိမ်ညာမှုများစွာနှင့် ကြုံတွေ့ခဲ့ရ၏။ ထိုကာလအတွင်းဝယ် သူသည် ဦးနှောက်ကိုသာ အဓိက အသုံးပြုခဲ့ရ၏။

ထို့နောက် သူက ပြောလိုက်သည်။

"ကျုပ်တို့အချင်းချင်း ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင် တယောက်ကို တယောက် ယုံကြည်မှုရှိဖို့ လိုတယ်ဗျ အရင်တုန်းက ခင်ဗျားတို့ အဖွဲ့အစည်းနဲ့ ကျုပ်ဟာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ် တယောက်ရဲ့လိုအပ်ချက်ကို တယောက်က ဖြည့်ဆည်းခဲ့ကြတယ် ဒါပေမဲ့ ခုချိန်မှာ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်က ပွင့်သွားပြီဆိုတော့ ဒီပူးပေါင်းဆောင်ရွက်မှုက ဒီနေရာမှာပဲ အဆုံးသတ်သွားပြီ ဒီတော့ ကျုပ်နဲ့ ဆက်ပြီး လက်တွဲချင်ရင် သဘောတူညီချက်အသစ် လုပ်ရလိမ့်မယ် ဒီလိုမှာသာ ကျုပ်တို့ဟာ အချင်းချင်း ယုံကြည်မှုရှိလာပြီး ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း ပိုပြီး တန်ဖိုးရှိလာလိမ့်မယ် ဒီတော့ ကျုပ်တို့အချင်းချင်း ယုံကြည်လာအောင် ခင်ဗျားတို့ရဲ့ သစ္စာရှိမှုကို ဘယ်လိုပြသမလဲ"

All Chapters