စည်းမျဉ်းများ
Vol. 3 Ch. 273
"ရှင့်ကို ဒီမှာ တွေ့ရမယ်လို့ မျှော်လင့်မထားဘူး…"
ယန်ချင်းချင်းက ချန်းဖန်အား အံ့အားသင့်သည့် အကြည့်များဖြင့် ကြည့်ရင်း ပြောသည်။ ချန်းဖန်မှာ သူမ၏ ကျေးဇူးရှင်ဖြစ်သည်။ ချန်းဖန်က သူမ၏ အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ပေးခဲ့သည်။ ထို့အပြင် ဗုဒ္ဓလက်ကောက်အတွင်းမှ ကြောက်စရာ ကောင်းသော အကြောင်းအရာများ ကိုလည်း သူမကို ပြောပြခဲ့သေးသည်။ ချန်းဖန်နှင့် ယခုကဲ့သို့ ပြန်တွေ့ရခြင်းက သူမကို အလွန်ပျော်ရွှင်စေသည်။ နှစ်ကြိမ်တွေ့ဆုံမှု အပြီး၌ ချန်းဖန်၏ နောက်ခံမှာ လျှို့ဝှက်ပြီး အင်အားကြီးမားသော အရာတစ်ခု ဖြစ်ရမည်ဟု သူမက ကောက်ချက်ချမိသည်။ သူမကို လုပ်ကြံရန် လာရောက်သော ကောင်းကင် သတ်ဖြတ်ခြင်းဂိုဏ်းမှ လူသတ်သမားများပင်လျှင် ချန်းဖန်ကို တွေ့သည်နှင့် "ချန်းပေ့ရွှမ်း" ဟုခေါ်ကာ ဒူးတုန် နေခဲ့ကြသေးသည်။
"မတွေ့တာ ကြာပြီ…"
ချန်းဖန်က အရက်တစ်ခွက်ကို ကောက်ယူလိုက်ရင်း နှုတ်ဆက် လိုက်သည်။ ယန်ချင်းချင်း၏ ဖြစ်တည်မှုမှာ သူ့အတွက် မည်သို့မျှ မထူးခြားပေ။ ချင်ရီလန်းနှင့် အခြားလူငယ်များမှာမူ ချန်းဖန်နှင့် ကျော်ကြားသည့် မင်းသမီးလေးတို့ စကားပြောနေသည်ကို ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။ သူမက ထိပ်တန်းမင်းသမီး ယန်ချင်းချင်း ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်နှင့် မိတ်ဆွေဖြစ်ရန်မှာ အလွန်ခက်ခဲသည့် ကိစ္စတစ်ခု ဖြစ်သည်။ ချန်းဖန်နှင့် ယန်ချင်းချင်းတို့မှာ အစောကတည်းက သိနေပုံရသည်။
သူမက ချန်းဖန်အား ချစ်ခင်၊ လေးစားသည့် အမူအရာဖြင့် ကြည့်နေပုံမှာ အပြစ်ကင်းစင်သော ကောင်မလေး တစ်ယောက်လိုပင်။ မသိလျှင် ချန်းဖန်က အိုင်ဒေါဖြစ်နေပြီး ယန်ချင်းချင်းက ပရိသတ်မိန်းကလေး တစ်ယောက် ပုံထင်ရသည်။
ချီဝမ်စန်းပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အနေသည်။ သူတို့ ပထမဆုံး သိခဲ့သော ချန်းဖန်မှာ သာမန်ကောင်လေး တစ်ယောက်သာ ဖြစ်သည်။ ထို့နောက် ချန်းလုပ်ငန်းစု၏ ဆက်ခံသူတစ်ယောက် အဖြစ် တွေ့မြင်ရသည်။ ယခုတစ်ကြိမ်လည်း စူပါစတား တစ်ယောက်၏ မိတ်ဆွေအဖြစ် တွေ့မြင်ရပြန်သည်။
"သူဌေး… ငါတို့ကို မိတ်ဆက်ပေးဦး…"
ချင်ရီလန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ချန်းဖန်က မငြင်းဆန်ပဲ သူ၏ သူငယ်ချင်းများနှင့် ယန်ချင်းချင်းကို မိတ်ဆက်ပေး လိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မက ယန်ချင်းချင်းပါ။ ကျွန်မက မစ္စတာချန်းရဲ့ မိတ်ဆွေဆိုလည်း ဟုတ်သလို သူ့ရဲ့ ပရိသတ်ဆိုလည်း ဟုတ်ပါတယ်…"
ယန်ချင်းချင်းက ပြုံး၍ နှုတ်ဆက်လိုက်သည်။
"အစ်မပြောတာက အစ်မက သူဌေးရဲ့ ပရိသတ်…"
ချင်ရီလန်းက အူကြောင်ကြောင် မေးလိုက်သည်။
"ဒါပေါ့… မစ္စတာချန်းက တကယ့်ဟီးရိုးပဲလေ။ ကျွန်မရဲ့ အသက်ကို ကယ်ပေးဖူးတယ်…"
ယန်ချင်းချင်းက သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်ရင်း ပြောလိုက်သည်။ ထိုအကြောင်းကို တွေးလိုက်သည်နှင့် သူမ၏ မျက်နှာက နူးညံ့မှုများနှင့် ပြည့်သွားသည်။
"တကယ်လို့ သူသာ ကျွန်မကို စိတ်ဝင်စားရင် သူ့ကို လက်ထပ်မှာ…"
"အိုးမိုင်ဂေါ့ … သူဌေး မင်းက ေ-ာက်ရမ်း လန်းလှချည်လား…"
ချင်ရီလန်းက ချန်းဖန်အားဖက်ကာ ထအော်လိုက်သည်။ ယန်ချင်းချင်း၏ စကားလုံးများကြောင့် ချင်ရီလန်း ချန်းဖန်အပေါ် အထင်ကြီးမှုများ ရပ်တန့်၍ မရတော့ပေ။ ချန်းဖန်မှာမူ အေးဆေးစွာ ပြုံးရင်း လက်ထဲမှ ခွက်ကို မော့ချလိုက်သည်။
ချန်းဖန်၏ စိတ်ဝင်စားပုံမရသော ပုံစံကိုကြည့်၍ ယန်ချင်းချင်း အနည်းငယ် စိတ်ပျက် သွားသည်။
***
ထိုအချိန်တွင် ကျိုးချင်းရနှင့် လုကျန်းယုတို့မှာ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်၏ ရှေ့သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ လုကျန်းယုက အချိုသာဆုံး ပြုံးလိုက်ကာ…
"သခင်လေးနင်း…"
"အာ… မင်းပါလား ရှောင်လု…"
အဖြူရောင် ဝတ်စုံနှင့် တစ်ယောက်မှာ နင်းရှန်းချန် ဖြစ်ကာ ဟွာရီဖျော်ဖြေရေး ကုမ္ပဏီ၏ ဆက်ခံသူ တစ်ယောက် ဖြစ်သည်။ သူက လက်တစ်ဖက်ဖြင့် ဝိုင်ခွက်ကို ကိုင်ထားကာ အခြားတစ်ဖက်ဖြင့် လီရှင်းရု၏ ခါးကို ဖက်ထားသည်။ သူက လုကျန်းယန်၏ နှုတ်ဆက်မှုကို ဂရုစိုက်ပုံ သိပ်မရပေ။
"သခင်လေးနင်း … သူက ကျွန်တော့်ရဲ့ သူငယ်ချင်းအသစ် ချင်းရတဲ့။ သူက ခင်ဗျားရဲ့ ပရိသတ် တစ်ယောက်လေ။ သူက သခင်လေးကို တွေ့ချင်တယ် ဆိုလို့…"
လုကျန်းယုက တွန်းရင်း ကျိုးချင်းရကို ရှေ့သို့ တွန်းပို့လိုက်သည်။ သခင်လေးနင်း၏ အပြုအမူအရဆိုလျှင် လုကျန်းယုမှာ သူ၏ သူငယ်ချင်း ဖြစ်ပုံမရပေ။ လုကျန်းယုမှာ သခင်လေးနင်းအား ဖားယားသူများ အနက်မှ တစ်ယောက် ဖြစ်ပုံရသည်။ သူကြွားထားသော စကားများနှင့် လက်တွေ့ဘဝက တော်တော်လေး ကွာခြားနေသည်။ သို့သော်လည်း ကျိုးချင်းရမှာ ရှေ့သို့ တိုး၍ မိတ်ဆက် လိုက်သည်။
"သခင်လေးနင်း … ကျွန်မက ကျိုးချင်းရပါ။ ပြည်မကြီး ကျန်းနန်ယ်က လာတာပါ။ ခု ကျင်းတက္ကသိုလ်မှာ သရုပ်ဆောင် အနုပညာကို သင်ယူနေပါတယ်…"
"ကျင်းတက္ကသိုလ် သရုပ်ဆောင် အနုပညာ သင်တန်း…"
ထိုစကားကြောင့် သခင်လေးနင်း အနည်းငယ် စိတ်ဝင်စားသွားသည်။ သူက ကျိုးချင်းရကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။ သူမ၏ ရုပ်ရည်က အခန်းထဲတွင် အလှဆုံး မဟုတ်သည့်တိုင် ဆွဲဆောင်မှုတော့ ရှိသည်။ ထို့အပြင် သူမ တက်ရောက်နေသော ကျင်းတက္ကသိုလ် သရုပ်ဆောင် အနုပညာဌာနမှာလည်း အထင်ကြီးလောက် စရာပင်။
နင်းရှန်းချန်အတွက် သေချာသော တစ်ခုမှာ ကျိုးချင်းရ၏ ခန္ဓာကိုယ်မှာ အဝတ်အစား မပါလျှင် အလွန် ကြည့်ကောင်းလိမ့်မည် ဖြစ်ကြောင်းပင်။ သူ၏ အတွေ့အကြုံများကို အခြေခံ၍ ပြောရလျှင် ထိုမိန်းကလေးမှာ အပျိုစင် တစ်ယောက် ဖြစ်ရမည်။
"အရှုံးသမား ရှောင်လုရဲ့ လက်ထဲကို ဒီအလန်းလေးက ဘယ်လိုလုပ် ရောက်နေတာလဲ…"
နင်းရှန်းချန်တွေးရင်း ကျိုးချင်းရကို နွေးထွေးစွာ ပြုံးပြကာ ဘေးနားရှိ လူများနှင့် မိတ်ဆက်ပေးလိုက်သည်။ ထိုအထဲမှ အများစုမှာ ဒါရိုက်တာများ၊ သရုပ်ဆောင်များ ဖြစ်ကြပြီး ကျိုးချင်းရ တီဗွီဖန်သားထက်တွင် တွေ့ခဲ့ဖူးသူများ ဖြစ်ကြသည်။
"ချင်းရ… ငါ လုပ်စရာတွေ ရှိလို့ သွားဦးမယ်။ ညကျမှ ဆက်ဆွေးနွေး ကြတာပေါ့…"
ခဏကြာပြီးနောက် နင်းရှန်းချန်က ပြောလိုက်သည်။ ထိုစကားကြောင့် ကျိုးချင်းရ၏ ရင်မှာ ခုန်သွားခဲ့သည်။ ထိုစကား၏ အဓိပ္ပာယ်ကို သူမ သိသည်။ မည်သို့ပင်ဆိုစေ သူမ၏ ခန္ဓာကိုယ်ကိုတော့ ရောင်းမစားလိုချေ။ သူမတွင် ရည်းစားများ ရှိခဲ့သည့်တိုင် အိပ်ရာပေါ်သို့ တစ်ခါမျှ မလိုက်ခဲ့ချေ။ သူမက ယခုထိ အပျိုစင် တစ်ယောက်သာ ဖြစ်သည်။
ရုတ်တရက် နင်းချန်းရှန်၏ ဘေးမှ လူများစွာမှာ သူမကို ကြည့်၍ တိတ်ဆိတ် သွားကြသည်။ ထိုအခွင့်အရေးက လွယ်လွယ်ကူကူ မရနိုင်သော အခွင့်အရေး ဖြစ်သည်။ ကျိုးချင်းရက လုကျန်းယုအား အကူအညီ တောင်းဟန် လှမ်းကြည့် လိုက်သော်လည်း သူမကို လက်ခံရန် တိုက်တွန်းနေသည့် ပုံသာ မြင်တွေ့ရသည်။ သူမ နောက်ဆုံး၌ လုကျန်းယုမှာ ချမ်းသာသော သူဌေးသား တစ်ယောက် မဟုတ်ပဲ ဖားယားတတ်သော လူတစ်ယောက် ဖြစ်ကြောင်း နားလည်သွားပြီ ဖြစ်သည်။
"စိတ်မကောင်းပါဘူးရှင်။ ကျွန်မက ဒီကို သူငယ်ချင်းတွေနဲ့ လာတာပါ။ သူတို့နဲ့ပဲ အတူပြန်ရမှာပါ…"
ကျိုးချင်းရက ပြုံး၍ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ နင်းချန်းရှန်က သူမကို ယခု သဘောကျလျှင်ပင် ခဏအတွင်း၌ ငြီးငွေ့ သွားလိမ့်မည် ဖြစ်သည်။
"အရူးမလေး… သခင်လေးနင်းကို အဲဒီလိုတွေ့ခွင့်ရဖို့ မိန်းကလေး ဘယ်နှယောက်လောက် စောင့်နေရလဲ ဆိုတာ သိလား…"
အသက်လတ် လူကြီးတစ်ယောက်က ပြောလိုက်သည်။ သူ၏ အမည်က သူဌေးကူ ဖြစ်ကာ ကုမ္ပဏီကြီးတစ်ခု၏ ပိုင်ရှင်လည်း ဖြစ်သည်။ သူ၏ ကုမ္ပဏီ၏ ဟွာရီကုမ္ပဏီလောက် ကြီးကျယ်ခြင်း မရှိသော်လည်း အောင်မြင်မှု နေရာတစ်ခု အထိ ရရှိထားသည့် ကုမ္ပဏီ ဖြစ်သည်။
"ဟုတ်တယ် ရှောင်ကျိုး… နင်က အခွင့်အရေးကို မယူတတ်ဘူးပဲ…"
လီရှင်းရုက ကျိုးချင်းရကို သနားစွာကြည့်၍ ဝင်ပြောသည်။ နင်းရှန်းချန်မှာ လတ်ဆတ်သော ကောင်မလေးများကို သဘောကျကြောင်း သူမ ကောင်းကောင်း သိသည်။
"ဟမ့်… နင့်လို မိန်းကလေးတွေက ထောင်နဲ့ချီ ရှိတယ်။ သူတို့အားလုံးက သခင်လေးနင်းသာ အလိုရှိရင် အချိန်မရွေးပဲ။ တကယ်ဆို မင်းကတောင် တောင်းပန်ရဦးမှာ…"
ဒါရိုက်တာ တစ်ယောက်က နှာခေါင်းရှုံ့ကာ ဝင်ရောက်ပြောသည်။ ကျိုးချင်းရမှာမူ ဘေးမှလူများ၏ ဝိုင်းဝန်းဖိအားပေးမှုကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။
ကျိုးချင်းရ၏ အပြုအမူကိုကြည့်၍ သခင်လေးနင်း စိတ်ထဲမှ ရယ်လိုက်သည်။
"သူက တကယ့် အပျိုစင်လေးပဲ။ နောက်ပြီး သူ့ရဲ့ ပညာအရည်အချင်း၊ ရုပ်ရည်တို့ကြောင့် ကိုယ့်ကိုယ်ကိုယ် စပယ်ရှယ်လို့ ထင်နေပုံရတယ်…"
သူက တစ်ချက် ပြုံးလိုက်ကာ…
"မင်းက သူငယ်ချင်းတွေနဲ့ အတူလာတယ်ဆို။ သူတို့က ဘယ်မှာလဲ…"
ကျိုးချင်းရက ဖြေရန် ဟန်ပြင်လိုက်သော်လည်း လုကျန်းယုက ကပျာကယာဖြင့်…
"သခင်လေးကျန်း… ချင်းရရဲ့ သူငယ်ချင်းတွေက ဟိုမှာပါ…"
လူတိုင်းက လုကျန်းယု လက်ညှိုးထိုးပြရာသို့ ကြည့်လိုက်ကြသည်။ အံ့အားသင့်စွာပင် ယန်ချင်းချင်းမှာ ကျိုးချင်းရ၏ သူငယ်ချင်းများနှင့် တရင်းတနှီး စကား ပြောဆိုနေသည်။ သူမက လက်တစ်ဖက်ကိုပင် ထိုအုပ်စုထဲမှ ကောင်လေး တစ်ယောက်၏ ပခုံးခေါ်သို့ တင်ထားသည်။
"သူတို့က ယန်ချင်းချင်းကို သိတာလား…"
သခင်လေးနင်းပင် အလွန် အံ့အားသင့်သွားသည်။ ယန်ချင်းချင်းနှင့် လီရှင်းရုတို့မှာ ကုမ္ပဏီ တစ်ခုတည်းတွင် အလုပ် လုပ်ကြသော်လည်း သူဆို့၏ ပုံစံများက ကွာခြားသည်။ သခင်လေးနင်းမှာ ယန်ချင်းချင်းကိုရရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည့်တိုင် မထူးခြားခဲ့ပေ။ ယန်ချင်းချင်းမှာ ထိပ်တန်း မင်းသမီးတစ်လက် ဖြစ်နေသောကြောင့် တွန်းအားပေး၍ မရခဲ့ပေ။ ယန်ချင်းချင်းနှင့် ထိုလူငယ်၏ နေပုံထိုင်ပုံကြောင့် သူ ဒေါသ အလိပ်လိပ် ထွက်လာခဲ့သည်။
***