← Chapters

နောက်တစ်ခွန်းပြောရင် မင်းဘဝကို အဆုံးသတ်ပေးမယ်

Vol. 3 Ch. 274

နောက်တစ်ခွန်းပြောရင် မင်းဘဝကို အဆုံးသတ်ပေးမယ်

Vol. 3 Ch. 274

"အဲဒီခွေးသားက ဘယ်သူလဲ…"

နင်းရှန်းချန်က ဝိုင်ခွက်ကို လှုပ်ယမ်းရင်း အေးစက်စွာ မေးသည်။

"အာ…"

လူတိုင်းက တစ်ယောက်ကို တစ်ယောက် မေးသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သို့သော် မည်သူကမျှ ချန်းဖန်ကို မသိကြချေ။ သင်္ဘောပေါ်ရှိ လူတိုင်းလိုလိုမှာ ချန်းပေ့ရွှမ်းဆိုသော အမည်ကို သိကြသည့်တိုင် မျက်လုံးဖြင့် မြင်ဖူးသူ မရှိကြချေ။

ချန်းဖန်ကို တွေ့မြင်ဖူးသူဆို၍ ကျန်းအန့်ချီ၏ မွေးနေ့ပွဲမှ လူအနည်းငယ်နှင့် ချူလုံတောင်သို့ လာကြည့်ကြသော လူများသာ ရှိသည်။ သို့သော် ထိုလူများက ယခုသင်္ဘောပေါ်တွင် ပါမလာကြချေ။

ဟောင်ကောင်မှာ ဧရိယာအားဖြင့် စတုရန်း ကီလိုမီတာ တစ်ထောင်ခန့်သာ ကျယ်သော်လည်း လူဦးရေမှာ အလွန်များပြားသော မြို့တစ်မြို့ဖြစ်သည်။ ထို့အပြင် ရုပ်ရှင်ကုမ္ပဏီများ၊ နာမည်ကျော် သရုပ်ဆောင်များမှာလည်း အလွန်ပေါများစွာ ရှိ‌သည့် မြို့ဖြစ်သည်။ ကျန်းအန့်ချီမှာ သူ့မွေးနေ့ကို ဖိတ်ကြားရာ၌ သူမ၏ လုပ်ဖော်ကိုင်ဖက်များ၊ ‌မိတ်ဆွေ အနည်းငယ် ခန့်သာ ဖြစ်သည်။

ထို့အပြင် ချူလုံတောင်ထိပ်သို့ လာရောက်ကြသူများ မှာလည်း ထိပ်ဆုံးများထဲတွင်ပင် အထွတ်အထိပ်အဖြစ် ရပ်တည်နေကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဟောင်ကောင်၏ လူဦးရေနှင့် ယှဉ်ပါက ချန်းဖန်ကို တွေ့မြင်ဖူးသူမှာ အပုံတစ်သန်းတွင် တစ်ပုံခန့်သာ ရှိသည်။

"သူက ကျင်းတက္ကသိုလ်က ငါ့ရဲ့ အတန်းဖော်ပါ…"

ကျိုးချင်းရက ဖြေလိုက်သော်လည်း ချန်းဖန်နှင့် ယန်ချင်းချင်းတို့၏ အပြုအမူများကို ကြည့်ကာ စဉ်းစား၍ မရပေ။ သူတို့နှစ်ယောက်၏ ပုံက သာမန် မိတ်ဆွေများထက် ပိုပုံရသည်။ အကယ်၍ ချန်းဖန်မှာ ယန်ချင်းချင်း၏ မိတ်ဆွေဖြစ်မှန်း သူမသာ သိခဲ့လျှင် ထိုနေရာမှ ခွာခဲ့လိမ့်မည် မဟုတ်ပေ။ ယန်ချင်းချင်းမှာ နင်းရှန်းချန်ကဲ့သို့ များစွာ မချမ်းသာသည့်တိုင် ဖျော်ဖြေရေး နယ်ပယ်တွင် လွှမ်းမိုးနိုင်စွမ်းရှိသည့် မိန်းကလေး တစ်ယောက်ဖြစ်သည်။ အကယ်၍ ချန်းဖန်သာ ယန်ချင်းချင်းကို သူမအတွက် ပြောပေးခဲ့လျှင် သူမအတွက် အခွင့်အရေး တစ်ခုခု ရှိလာနိုင်သည်။ ထိုအတွေးကြောင့် ကျိုးချင်းရ သူမ၏ ဆုံးဖြတ်ချက်ကို နောင်တ ရမိသွားသည်။

"ကျင်းတက္ကသိုလ်က ကျောင်းသား…"

နင်းရှန်းချန် နှာခေါင်းရှုံ့လိုက်သည်။ ကျင်းတက္ကသိုလ် ကဲ့သို့သော ကျောင်းများကို သူ သိပ်၍ အထင်မကြီးပေ။ ပိုမို အဆင့်မြင့်မားသော ကျောင်းများမှ ဘွဲ့ရများပင်လျှင် သူ့အတွက် အလုပ် လုပ်ပေးကြရသည်။

"သခင်လေးနင်း … ချင်းချင်းက အဲဒီကောင်လေးနဲ့ တော်တော် နီးစပ်ပုံပဲနော်။ သူက ကြည့်လည်း မကောင်းပဲနဲ့…"

လီရှင်းရုက နင်းရှန်းချန်၏ အနာကို ဆွပေးသည်။ သူမက ယန်ချင်းချင်းကို အမြဲတမ်း ကြည့်မရခဲ့ပေ။ သူမတို့ နှစ်ယောက်လုံးမှာ နာမည်ကျော် မင်းသမီးများ ဖြစ်ကြသည့်တိုင် အများစုက ယန်ချင်းချင်းကိုသာ ပိုကြိုက်ကြသည်။ အဆိုးဆုံးမှာ ယောက်ျားများက သူမ၏ ခန္ဓာကိုယ်ကို တပ်မက်ကြသည့်တိုင် ယန်ချင်းချင်းကိုမူ အမှန်တကယ် မြတ်နိုးကြပုံ ပေါ်သည်။ အကယ်၍ ယန်ချင်းချင်းသာ လက်ခံလျှင် သူမကို လက်ထပ် ယူကြမည့်သူများက ရေတွက်၍ မရပေ။

နင်းရှန်းချန်ပင်လျှင် ယန်ချင်းချင်းကို အသည်းအသန် ကြိုက်နေခဲ့သည်။ သူမအနေဖြင့် ထိုသခင်လေး ကျေနပ်ရန် မည်မျှပင် ကြိုးစားသည့်တိုင် သူက ယန်ချင်းချင်းကိုသာ သဘောကျနေခဲ့သည်။

"နင့် သူငယ်ချင်းတွေ ဘာလုပ် နေကြတာလဲ ကြည့်စမ်း။ နင်တို့တော့ သေပြီပဲ။ သခင်လေးကို မကျေမနပ်ဖြစ်အောင် မလုပ်ပါနဲ့လို့ ငါမပြောဘူးလား…"

လုကျန်းယုက ကျိုးချင်းရအား လှမ်းပြောလိုက်သည်။ ကျိုးချင်းရမှာ မည်သို့မျှ ပြန်မပြောသည့်တိုင် မျက်နှာတစ်ခုလုံး မှောင်မည်းနေခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် နင်းရှန်းချန်ကမူ ချန်းဖန်တို့ ရှိရာသို့ လျှောက်သွားနေပြီ ဖြစ်သည်။ အခန်းအတွင်းရှိ လူအားလုံး၏ အာရုံမှာ အခန်းထောင့်‌ တစ်နေရာတွင် ရပ်နေသည့် ချန်းဖန်တို့ထံသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

"ချင်းချင်း…"

နင်းရှန်းချန်က ယန်ချင်းချင်းကို ခေါ်လိုက်သည်။ ထိုအချိန်တွင် ယန်ချင်းချင်းမှာ ချန်းဖန်၏ ပခုံးတစ်ဖက်ပေါ် လက်ကိုတင်၍ ရယ်မောကာ စကား ပြောနေခဲ့သည်။ သူမက ချန်းဖန်ထံမှ မခွာပဲ နင်းရှန်းချန်အား လှည့်ကြည့်လိုက်သည်။

"သခင်လေးနင်း…"

သူမက ပြန်လည် နှုတ်ဆက် လိုက်သည်။

"ချင်းချင်း … ဒါရိုက်တာကျန်းက မင်းကို စောင့်နေတယ်။ သူနဲ့ သွားစကားပြောရင်း သောက်ကြရအောင်…"

နင်းရှန်းချန်က ဟန်ဆောင်ပြုံးရင်း ယန်ချင်းချင်း၏ လက်ကို လှမ်းဆွဲလိုက်သည်။ သို့သော် ယန်ချင်းချင်းက ရှောင်လိုက်ပြီး ချန်းဖန်ထံ ပိုမို တိုးကပ်လိုက်သည်။ ထိုအပြုအမူကို ကြည့်၍ နင်းရှန်းချန်၏ အကြည့်များက အေးစက် သွားသည်။

"ချင်းချင်း … သူက မင်းရဲ့ သူငယ်ချင်း အသစ်လား။ ငါနဲ့ မိတ်ဆက်ပေးပါဦး …"

လီရှင်းရုက သူတို့ အနားသို့ ရောက်လာကာ မေးလိုက်သည်။

"သခင်လေးနင်း … ရှင်းရု … သူက ငါ့မိတ်ဆွေ မစ္စတာချန်းဖန်တဲ့။ ကျန်တာက သူ့သူငယ်ချင်းတွေလေ”

ယန်ချင်းချင်းက ချန်းဖန်၏ လက်မောင်းကို ကိုင်လိုက်ရင်း ဆက်ပြော လိုက်သည်။

"မစ္စတာချန်း … သူက သခင်းလေးနင်းတဲ့။ ဟွာရီဖျော်ဖြေရေး လုပ်ငန်းရဲ့ ဆက်ခံသူပေါ့…"

"ချန်းဖန်…"

နင်းရှန်းချန်က ထိုနာမည်ကို တီးတိုး ရေရွတ်လိုက်သည်။ ထို့နောက် အပြုံးတုတစ်ခုကို ဆင်မြန်းရင်း…

"ချင်းချင်းက လူတိုင်းနဲ့ မိတ်ဆွေ မဖွဲ့တတ်ဘူး။ မစ္စတာချန်းက ဘယ်ကလဲ…"

"ငါက ကျင်းတက္ကသိုလ် စီးပွားရေးကျောင်းရဲ့ ကျောင်းသား တစ်ယောက်။ အဲဒါ အကုန်ပဲ…"

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"ကျင်းတက္ကသိုလ် စီးပွားရေးကျောင်း…"

နင်းရှန်းချန်၏ နှုတ်ခမ်းများက အထင်သေးမှုဖြင့် တွန့်သွားသည်။

"မင်းတို့ကို ကျင်းတက္ကသိုလ်ထဲမှ မှတ်နေတာ။ လက်စသတ်တော့ စီးပွားရေးကျောင်းကပဲ…"

နင်းရှန်းချန်က အထင်သေးသည့် အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

"ငါဖိတ်တဲ့ အထဲမှာ မင်းတို့ မပါပါဘူး။ မင်းတို့က ဘယ်လိုလုပ်ပြီး အထဲကို ဝင်လာတာလဲ…"

"သခင်လေးလုနဲ့ အတူ ဝင်လာတာပါ…"

ချင်ရီလန်းက ဝင်ဖြေလိုက်သည်။

"သခင်လေးလု…"

နင်းရှန်းချန်မှာ ထိုနာမည်ကို ခေါ်၍ အော်ဟစ် ရယ်မောလိုက်သည်။ ချင်ရီလန်းနှင့် အခြားလူများမှာ ထိုအပြုအမူကြောင့် အနည်းငယ် အံ့အားသင့် သွားသည်။

"ရှောင်လု… သူတို့ကို မင်း ခေါ်လာတာလား…"

"သခင်လေးနင်း သူတို့က ချင်းရနဲ့အတူ လာတာပါ။ အဲဒါကြောင့် သူတို့ကို ခေါ်လာခဲ့တာ။ ဒါပေမဲ့ သခင်လေးနင်းကို အနှောင့်အယှက် မပေးဖို့ ပြောထားပြီးသား။ ခုချက်ချင်း ကျွန်တော် သူတို့ကို နှင်ထုတ် လိုက်ပါမယ်…"

လုကျန်းယုက သခင်လေးနင်းကို ပြောပြီးနောက် ချန်းဖန်တို့ဘက်သို့ လှည့်ကာ …

"မင်းတို့ကများ သခင်လေးနင်းကို မလေးမစား လုပ်ရဲတယ်ပေါ့။ ခုချက်ချင်း ထွက်သွားစမ်း …"

လုကျန်းယုက သူ၏ အမှားကို ဖာထေးရန် ချန်းဖန်တို့အား အပြစ်အားလုံး ပုံချလိုက်သည်။ ထိုတစ်သိုက်မှာ ပြည်မကြီးမှ သာမန် ကောလိပ် ကျောင်းသားများသာ ဖြစ်ကြသည်။ ထိုကဲ့သို့သော အဆင့်အတန်းက သူတို့အတွက် ရယ်စရာ တစ်ခုထက် မပိုပေ။

ရုတ်တရက် …

ဖောင်း …

ကျယ်လောင်သော အသံနှင့်အတူ လုကျန်းယု နောက်သို့ လန်ကျသွားသည်။ သူက အရှိန်မထိန်းနိုင်ပဲ နောက်မှ စားပွဲများကိုပင် ဝင်တိုက်မိကာ ပြုတ်ကျသွားခဲ့သည်။

သူ့ကို ရိုက်လိုက်သူက ချန်းဖန်ပင် ဖြစ်သည်။ လူတိုင်းက ချန်းဖန်အား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။

"ခွေးသား… မင်း ငါ့ကို ဘာလို့ရိုက်တာလဲ"

လုကျန်းယုက ကုန်းထကာ မေးလိုက်သည်။ ချန်းဖန်ကမူ လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားရင်း သူ့ကို အရေးမလုပ်ခဲ့ပေ။

နင်းရှန်းချန်က လက်ခုပ်တီးလိုက်ရင်း ယန်ချင်းချင်း ဘက်သို့ လှည့်ကာ…

"ချင်းချင်း မင်းလူက တော်တော့ကို ရိုင်းစိုင်းတာပဲ။ အရမ်းကောင်းတယ်…"

ယန်ချင်းချင်းမှာ မည်သို့လုပ်ရမှန်း မသိတော့ချေ။ တစ်ဖက်မှာ သူမ၏ သူဌေးဖြစ်ပြီး အခြားတစ်ယောက်က သူ၏ မိတ်ဆွေ ဖြစ်သည်။

သူမက ထိုကိစ္စကို အကောင်းဆုံး ဖြေနိုင်းနိုင်ရန် တွေးနေစဉ်မှာပင် …

"နောက်တစ်ခွန်းပြောရင် မင်းဘဝကို အဆုံးသတ်ပေးမယ်…"

ချန်းဖန်၏ အသံက ‌တည်ငြိမ်စွာ ထွက်ပေါ် လာခဲ့သည်။ ချန်းဖန်၏ စကားကြောင့် လူများအားလုံး လုံးဝ တိတ်ဆိတ် သွားခဲ့သည်။ ယန်ချင်းချင်း တစ်ယောက်သာ ထိုစကား၏ နောက်ကွယ်မှ လေးနက်မှုကို သဘောပေါက် မိသည်။

ချန်းဖန်မှာ လူသတ်ရန် ဝန်မလေးသော လူတစ်ယောက် ဖြစ်ကြောင်း သူမသာ သိသည်။

***

All Chapters