ကောင်းမွန်သော သစ္စာတရား ၁
Vol. 12 Ch. 111
စုချန်း၏ စကားကို ကြားလိုက်သောအခါ ညတစ္ဆေက ပြောလိုက်၏။
"ကောင်းပြီလေ အဲဒါဆိုလဲ ခနစောင့် ငါ့အနေနဲ့ အကြီးအကဲတွေကို မေးမြန်းပြီး သူတိုရဲ့ ထင်မြင်ယူဆချက်ကို တောင်းခံလိုက်အုံးမယ်"
ဤယနေ့တွင်ကား စုချန်း၏ မေးခွန်းကို အဖြေပေးရန် နောက်တရက်ထိ စောင့်ဆိုင်းရန် မလိုတော့။ ထိုအစား သူမက ငွေရောင်လက်စွပ်တကွင်းကို ဆွဲထုတ်လိုက်လေသည်။ လက်စွပ်ပေါ်တွင် ခလုတ်တချို့ ရှိနေ၏။ ညတစ္ဆေသည် ထိုအထဲမှ ခလုတ်တခုကို နှိပ်ကာ စုချန်း ကနဦး ပြောကြားခဲ့သည့်အတိုင်း ပြန်လည်ပြောပြလိုက်သည်။ ချက်ချင်းပင် လက်စွပ်အတွင်းမှ ဖျော့တော့သော အနီရောင်အလင်းတန်းတချို့ ဖြာထွက်လာလေသည်။ ထိုအခါ ညတစ္ဆေက လက်စွပ်ကို သူမ၏ နားအနီးတွင်ကပ်ကာ အထဲမှ ပြန်လည်တုံ့ပြန်လာသည့် စကားသံကို နားထောင်လိုက်သည်။ ထို့နောက် သူမက ပြောလိုက်၏။
"မင်းအနေနဲ့ ငါ့တို့ရဲ့ သစ္စာတရားကို မြင်တွေ့ချင်နေတယ်မလား ဒါဆိုရင် ငါနဲ့အတူ လိုက်ခဲ့ပေတော့"
ပြောပြောဆိုဆို သူမက အခန်းပြင်သို့ လှမ်းထွက်လိုက်၏။ ခြံဝင်းအပြင်သို့ရောက်ရှိသောအခါ ရထားလုံးတစီး အသင့်စောင့်ဆိုင်းနေကြောင်း တွေ့ရှိရလေသည်။ ရထားလုံးမာင်းသမားသည် တကိုယ်လုံး အနက်ရောင်ဝတ်ရုံကို ခြုံလွှမ်းထားပြီး မျက်နှာကို ဖုံးကွယ်ထား၏။ စုချန်း လမ်းလျှောက်လာသည်ကို မြင်သောအခါ ရထားလုံးမောင်းသမားက ဖြတ်ခနဲ စိုက်ကြည့်လိုက်၏။ ထိုစဉ် ညတစ္ဆေက အလွန်တရာ အေးစိမ့်သော လေသံနှင့် ပြောလိုက်သည်။
"သေရမှာ မကြောက်ဘူးဆိုရင် ရထားလုံး အပေါ်ကို တက်ခဲ့ပေတော့ဟေ့"
ပြောပြောဆိုဆို သူမက ရထားလုံးပေါ်သို့ ခုန်တက်လိုက်တော့သည်။ ညတစ္ဆေ၏ ခြိမ်းခြောက်ဟန်ပါသော စကားကို ကြားသောအခါ စုချန်းက ရယ်မောရင်း ပြောလိုက်၏။
"ခင်ဗျားတို့အားလုံးနဲ့ ခင်မင်ရင်းနှီးဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ သေရမှာကြောက်နေလို့ ဘယ်ဖြစ်တော့မလဲဗျ"
စကားဆုံးသည်နှင့် စုချန်းကလည်း ညတစ္ဆေနည်းတူ ရထားလုံးပေါ်သို့ ခုန်တက်လိုက်၏။ သူတို့နှစ်ယောက်လုံး အပေါ်သို့ရောက်သည်နှင့် ရထားလုံးသည် နှေးကွေးစွာ ထွက်ခွာလာခဲ့တော့သည်။ သူတို့သည် ဟန်မြစ်အတိုင်း ခရီးနှင်လာခဲ့၏။ မြို့ပြနယ်နိမိတ်ကို ကျော်လွန်ပြီး နာရီဝက်ခန့်အကြာ သူတို့သည် လင်္ယ်ကွင်းတခုသို့ ရောက်ရှိလာခဲ့တော့သည်။
အနှီလယ်ကွင်းအတွင်း၌ ဆယ်လုံးထက်မကသော သီးခြားအခန်းများရှိနေကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။ ညတစ္ဆေသည် စုချန်းကို အအိုမင်းဆုံးနှင့် ရှေးအကျဆုံးအခန်းသို့ တည့်တည့်မတ်မတ်ပင် ခေါ်ဆောင်လာခဲ့သည်။ ကြီးမားသော သိုလှောင်ခန်းတခု၏ ရှေ့မှောက်သို့အရောက်ဝယ် ညတစ္ဆေက ၎င်းကိုဖွင့်ပြီး အထဲရှိ တစုံတခုကို ဖိနှိပ်လိုက်ရာ အလွန်မဲမှောင်သော လှိုဏ်ခေါင်းရှည်ကြီး ပေါ်ပေါက်လာတော့၏။
ညတစ္ဆေသည် စုချန်းအား လှိုဏ်ခေါင်းအတွင်းသို့ ခေါ်ဆောင်လာခဲ့၏။ လှိုဏ်ခေါင်းသည် အောက်ဖက်သို့ နိမ့်ဆင်းလာလေလေ ပို၍ ကျယ်ပြန့်လာလေလေပင်ဖြစ်သည်။ အချိန်အတော်ကြာခန့် လမ်းလျှောက်ပြီးသည့် နောက်တွင်ကား သူတို့နှစ်ယောက်သည် မြေအောက်အခန်းကျယ်ပြီးတခုသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။ အခန်းကြီးသည် အလွှာလိုက် တည်ရှိနေသော ကျောက်သားနံရံများကြောင့် အခန်းပေါင်းများစွာနှင့် ဖွဲ့စည်းထားသကဲ့သို့ ထင်ရ၏။
စုချန်းသည် ဧည့်ခန်းမဟု ယူဆရသော နေရာသို့ တည့်တည့်မတ်မတ်ပင် လျှောက်လာခဲ့သည်။ ထိုအချိန်တွင် ဧည့်ခန်းမအတွင်း လူတချို့ မတ်တပ်ရပ်နေ၏။ ထိုလူများ အားလုံးလိုလိုကို စုချန်း မြင်ဖူးပြီးသားပင် ဖြစ်သည်။ ထိုလူများမှာကား ကြေးနီသမင်၊ အာရွန်၊ ချိန်းဖေးနှင့် မီးခိုးတို့ပင် ဖြစ်ကြလေသည်။ ဤနေရာတွင် ဘာရွန်ကိုကား မတွေ့ရ။ သို့သော် ဘာရွန်သည် အဖွဲ့အစည်း၏ မဟာမိတ်မျှသာ ဖြစ်ပြီး သစ္စာခံမဟုတ်လေရာ ဘာရွန်ကို ဤကဲ့သို့သော နေရာမျိုးတွင် တွေ့မြင်ရသည်မှာ သိပ်တော့မဆန်းလှ။
အထက်ပါ လူလေးယောက်အပြင် ထိုနေရာတွင် နောက်ထပ် အဖိုးအိုတယောက် ရှိနေသေး၏။ စုချန်းအနေနှင့် အဖိုးအိုကို တကြိမ်တခါမျှပင် မမြင်ဖူးသော်လည်း ၎င်းကိုကြည့်ရင်း သူ့စိတ်ထဲတွင် အလွန်ရင်းနှီးသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအခိုက်မှာပင် အဖိုးအိုက ရယ်မောရင်း စုချန်းကို နှုတ်ဆက်လိုက်သည်။
"မင်းသားလေးစု ကျုပ်တို့ ပြန်တွေ့ကြပြန်ပြီ"
အဖိုးအို၏ အသံကို ကြားလိုက်ရတော့မှ စုချန်းက ရယ်မောလိုက်သည်။
"အကြီးအကဲစန်းပဲကိုး"
စုချန်း၏ ရှေ့တွင် မတ်တပ်ရပ်နေသော အဖိုးအိုမှာကား အကြီးအကဲ စန်းပေတည်း။ တချိန်က အကြီးအကဲစန်းနှင့် လင်ချီးတို့ လျှို့ဝှက်စကားပြောနေသည်ကို မထင်မှတ်ပဲ နားထောင်လိုက်ရာမှ စုချန်း၏ ဘဝတွင် လျှို့ဝက်အဖွဲ့အစည်းသည် အရေးကြီးသော အခန်းကဏ္ဍသို့ ရောက်ရှိလာခဲ့သည်ဟု ဆိုရမည်။ အကြီးအကဲစန်း၏ ဟန်ပန်မှာ ဤနေရာတွင် ခေါင်းဆောင်တယောက်ဟု ဆိုနိုင်သော်လည်း လျှို့ဝှက်အဖွဲ့အစည်းတခုလုံး၏ ခေါင်းဆောင်တော့ ဟုတ်ဟန်မတူ။
အကြီးအကဲစန်းက စကားစလိုက်သည်။
"အဖွဲ့အစည်းရဲ့ သတင်းအချက်အလက် ပေါက်ကြားတာဟာ အင်မတန်ကြီးမားတဲ့ ပြသနာတရပ် ဖြစ်လာလိမ့်မယ်လို့ တချိန်က ကျုပ် ထင်ခဲ့မိတယ် ခုတော့ မထင်မှတ်ပဲ ကျုပ်တို့ ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ် ကံကြမ္မာဟာ တကယ့်ကိုပဲ အလှည့်အပြောင်း သိပ်များလွန်းတာပဲကိုး"
ထိုအခါ စုချန်းက တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။
"ကျုပ်ကတော့ ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတတ်တယ်ဆိုတဲ့ သဘောတရားကို ပိုပြီး လက်သင့်ခံထားတယ် ပျော်ရွှင်မှုနဲ့ ကြီးမားတဲ့ ဒုက္ခဆင်းရဲတွေဆိုတာ အမြဲတမ်း နီးကပ်နေတတ်တာမျိုးပါဗျာ"
အဓိပ္ပါယ်လေးနက်လှသော စကားကြောင့် အကြီးအကဲစန်းက အတော်လေး အံ့သြသွား၏။ အတန်ကြာမှ သူက အားရပါးရ ထရယ်လိုက်သည်။
"သိပ်ကောင်းတဲ့စကားပဲ ကံဆိုတာအလုပ်ပဲပေါ့လေ မှန်ပါတယ် မင်းသားလေးစု မှန်ပါပေတယ် ခုလိုအခြေအနေထိ တိုးတက်လာတယ်ဆိုတာ ကံတရားကြောင့်မှ မဟုတ်တာပဲ မင်းသားလေးစုရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲဟာကို..ထိုင်ပါအုံး မင်းသားလေးစု"
ထိုအခန်းတွင် ဧည့်သည်များ ထိုင်ရန် အရန်သင့်ပြင်ဆင်ထား၏။ စုချန်းသည် ရှေ့တိုးရင်း ထိုင်ချလိုက်ကာ ကြေးနီသမင်၊ ချိန်းဖေးတို့နှင့် ယဉ်ယဉ်ကျေးကျေးပင် စကားပြောဆိုလိုက်တော့သည်။ ထိုအခါ အကြီးအကဲစန်းက စုချန်းအတွက် လဖက်ရည်တခွက်ကို ကိုယ်တိုင်ငှဲ့ပေးရင်း စကားစ၏။
"ကျုပ်ကိုကျုပ် မိတ်ဆက်ခွင့်ပြုပါ ကျုပ်နာမည်က စန်းကျင်းလို့ခေါ်တယ် ကျုပ်ဟာ တောင်သုံးလုံးနယ်ပယ် မြောက်ပ်ိုင်းနယ်နိမိတ် ရှင်သန်ခြင်းကျောင်းတော်ရဲ့ အကြီးအကဲပဲ ဆိုပါတော့ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာတံခါးပေါက် ဖွင့်လှစ်မဲ့ကိစ္စအတွက် ကျုပ်မှာ တာဝန်ရှိတယ်"
"ရှင်သန်ခြင်းကျောင်းတော် ဟုတ်လား"
စုချန်းက တခါမှ မကြားဖူးသည့် ပုံစံမျိုး ဟန်ဆောင်လိုက်သည်။ ထိုအခါ အကြီးအကဲစန်းက ပြောလိုက်သည်။
"မင်းသားလေးစု ခင်ဗျားအနေနဲ့ ဒီနာမည်ကို မကြားဖူးသလို ဟန်ဆောင်နေစရာ မလိုတော့ပါဘူးဗျာ မင်းသားလေစု ပြောခဲ့သလို ပူးပေါင်းဆောင်ရွက်မှုဟာ အခြေခံအုတ်မြစ်ဆိုတဲ့ စကားအတိုင်းပဲ ကျုပ်တို့ကြားမှာ သိပြီးသားအရာတခုကို မသိသလို ဟန်ဆောင်နေရင် ကောင်းမွန်တဲ့ ယုံကြည်မှုတခုကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးဗျ"
ထိုအခါ စုချန်းက ခေတ္တမျှ စဉ်းစားရင်း ပြောလိုက်သည်။
"ဒီတော့ ခင်ဗျား ဆိုလိုတာက...ခင်ဗျားတို့က ကျုပ်ဆီ မူလစွမ်းရည်တွေ ရောင်းချပေးလိုက်ကတည်းက ခင်ဗျားတို့ရဲ့ အဖွဲ့အစည်းအကြောင်းကို ကျုပ်ကိုပြောပြဖို့ ရည်ရွယ်ထားပြီးသားပေါ့ ဟုတ်လား"
စုချန်း၏ မေးခွန်းကို အကြီးအကဲစန်းက တိုက်ရိုက်မဖြေပါ။ ထိုအစား သူက ပြောလိုက်သည်။
"အဖွဲ့အစည်းတခုကို ဒီထက်ပိုပြီး တိုးချဲ့ချင်တယ်ဆိုရင် တသက်လုံး မြေအောက်အဖွဲ့အစည်းအနေနဲ့ နေသွားလို့မရဘူး ဒီတော့ ဒီအဖွဲ့အစည်းကို ချဲ့ထွင်မယ်ဆိုရင် အခြေခံအုတ်မြစ်ခိုင်မာလာအောင် မလွဲမသွေ လုပ်ဆောင်ရလိမ့်မယ် မင်းသားလေးစုရဲ့ လုပ်ဆောင်မှုတွေဟာ ကျုပ်တို့ကို အကြီးအကျယ် ကျေနပ်အားရစေတယ် မင်းသားလေး လုပ်ဆောင်ခဲ့သမျှကို ကျုပ်တို့က အကြီးအကျယ် ဂုဏ်ပြုပါတယ် ဒါကြောင့်မို့လို့လဲ ကျုပ်တို့အဖွဲ့အစည်းက မင်းသားလေးစုကို အနာဂါတ်မှာ ကြိုတင်သိမ်းသွင်းထားတဲ့ အရေးကြီးအဖွဲ့ဝင်အဖြစ် သတ်မှတ်ပြီး ကောင်းကောင်းဆက်ဆံခဲ့တာပေါ့ ခုလဲ မင်းသားလေးစုက ကျုပ်တို့ရဲ့ သစ္စာရှိမှုကို မြင်တွေ့လိုတယ်ဆိုလို့ ကျုပ်တို့ ပြမယ် ကြည့်ပါ ဒီနေရာဟာ မြောက်ပိုင်းမြို့တော် ရှင်သန်ခြင်းကျောင်းတော်ရဲ့ လျှို့ဝှက်စည်းဝေးတဲ့ နေရာပဲ ကဲ ဒီလောက်ဆိုရင် ကျုပ်တို့ရဲ့ သစ္စာရှိမှုကို သခင်လေးစု စိတ်ချပြီလား"
အကြီးအကဲစန်း၏ ကမ်းလှမ်းမှုမှာကား မက်လောက်စရာပင်။ သို့သော် စုချန်းက ခေါင်းခါယမ်းလိုက်သည်။
"ကျုပ်အနေနဲ့ အဖွဲ့အစည်းရဲ့ တရားဝင်အဖွဲ့ဝင်တယောက်တော့ မဖြစ်ချင်ဘူး ဖြစ်နိုင်မယ်ဆိုရင်တော့ ကျုပ်အနေနဲ့ ဘာရွန်လိုပဲ ပူးပေါင်းဆောင်ရွက်မှုတခုရဲ့အောက်မှာ အတူတကွ အလုပ်လုပ်တာမျိုးပဲ ပိုသဘောကျတယ်"
စုချန်း၏ စကားကို ကြားလိုက်ရသောအခါ အာရွန် စိတ်ဆိုးသွား၏။
"ဟေ့ မင်းက ဘာမို့လို့ ဒီလိုတောင်းဆိုရဲတာလဲကွ"
ပူးပေါင်းဆောင်ရွက်မှုဟူသည်မှာ အခွင့်အရေး ညီတူညီမျှ ရှိခြင်း၊ တန်းတူရည်တူရှိခြင်းကို ဆိုလို၏။ ပူးပေါင်းဆောင်ရွက်သူများသည် အဖြစ်အပျက်၊ အကြောင်းချင်းရာ တစုံတခုကို အဆင့်တူ ဆွေးနွေးပိုင်ခွင့်ရှိသည်။ ဘာရွန်ကဲ့သို့သော ပုဂ္ဂိုလ်များကိုပင် ပူးပေါင်းဆောင်ရွက်မှု၏ ခေါင်းစဉ်အောက်တွင် တည့်သွင်း၍ မရပေ။ အလုပ်ခန့်အပ်ခြင်း ခံရသည်ဟုသာ သတ်မှတ်နိုင်၏။
စုချန်းကဲ့သို့သော အဆင့်မျိုးက ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုခြင်းမှာ အတော်လေး မာနထောင်လွှားရာ ရောက်နေ၏။ ထို့ကြောင့် အာရွန်စိတ်ဆိုးခြင်းမှာ အထူးတလည် အံ့သြစရာ မဟုတ်တော့။ သို့သော် အာရွန်ကို အကြီးအကဲစန်းက ဟန့်တားလိုက်၏။ ထို့နောက် သူက ရယ်မောရင်း ပြောလိုက်သည်။
"ကျုပ်တို့ရဲ့ ရှင်သန်ခြင်းကျောင်းတော်ဆိုတာ ဘယ်သူ့ဘယ်သူနဲ့မှ မဟာမိတ်ပြုလုပ်လေ့မရှိဘူး မင်းအနေနဲ့ ဒီလိုပုံစံမျိုး အလုပ်လုပ်ချင်တယ်ဆိုရင်တော့ မင်းရဲ့ကိုယ်ပိုင်တန်ဖိုးကို ပြသရလိမ့်မယ် ဒါပေမဲ့ ခုချိန်မှာတော့ ဒါတွေက သိပ်အရေးမကြီးပါဘူးလေ သန်းပေါင်းများစွာသော မူလကျောက်တုံးဆိုတာ ကိန်းဂဏန်းတခုသက်သက်ပဲ ဟာကို တကယ်တော့ ဝိညာဉ်မြှုုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်အတွင်းမှာ ဒါတွေမှ မရှိတာပဲကိုး"
"ဒါဆိုရင် အထဲမှာ ဘာရှိသလဲဗျ"
"ဆာခ့်ရဲ့ စွမ်းအင်ဗဟိုချက်ဆိုတာ မင်းသားလေးစု ကြားဖူးရဲ့လား"
"ဆာခ့်ရဲ့ စွမ်းအင်ဗဟိုချက် ဟုတ်လားဗျ"
စုချန်းက ခေါင်းမော့ရင်း အတန်ကြာအောင် စဉ်းစားလိုက်သည်။ ထို့နောက် သူက စိတ်ကူးတခု ရလာဟန်ဖြင့် ပြောလိုက်၏။
"ဒါဟာ စွမ်းအင်ရင်းမြစ်တခုပဲ ဖြစ်ရမယ် ဟုတ်သလားဗျ"
"မှန်တယ် ဒါဟာ စွမ်းအင်အရင်းအမြစ်တခုပဲ ဆိုပါတော့"
အကြီးအကဲစန်း၏ မျက်နှာပေါ်တွင် ကျေနပ်နှစ်သိမ့်သော အမူအရာများ ပေါ်ပေါက်လာ၏။ ထို့နောက် သူက စကားဆက်သည်။
"မင်းသားလေးစုဟာ ပညာတတ်မိသားစုက ဆင်းသက်လာတဲ့ လူစားမျိုးပဲ ဒီတော့ စွမ်းအင်အရင်းအမြစ်တွေရဲ့အကြောင်းကို ကြားဖူးလောက်မယ် ထင်တယ်"
စုချန်းအဖို့ စွမ်းအင်အရင်းအမြစ်ဟူသော စကားလုံးကို အဘယ်မှာ မကြားဖူးပဲ နေပါမည်နည်း။ ၎င်းသည် သွေးဗီဇညှို့ငင်ထုတ်ယူကိရိယာနှင့် အဆင့်တူ တန်ဖိုးကြီးမားသော ပစ္စည်းဖြစ်ပြီး လူပျံတော်များ၏ တော်ဝင်ရတနာ ဖြစ်လေသည်။
ရှေးဟောင်းအာကင်နာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးသွားချိန်ဝယ် မျိုးစိတ်ကြီးငါးစိတ်သည် အာကန်နာနိုင်ငံတော်ကို ပိုင်းခြားခွဲဝေလိုက်ကြပြီး လျှို့ဝှက်ရတနာပစ္စည်း အတော်များများကို ကိုယ်စီကိုယ်ငှ ရရှိလ်ိုက်ကြ၏။ ထိုအချိန်ဝယ် လူသားများရရှိလိုက်သော တန်ဖိုးအကြီးမားဆုံး ရတနာပစ္စည်းမှာ သွေးဗီဇညှို့ငင်ထုတ်ယူကိရိယာဖြစ်ပြီး လူပျံတော်များ ရရှိလိုက်သည့် တန်ဖိုးအကြီးမားဆုံး ရတနာပစ္စည်းမှာ စွမ်းအင်အရင်းအမြစ်ပင် ဖြစ်လေတော့သည်။ လူပျံတော်များသည် ထိုပစ္စည်းကို ကောင်းကင်ဟင်းလင်းပြင်မြို့တော်၏ အူတိုင်အဖြစ် အသုံးပြုခဲ့ကြပြီး ကောင်းကာင်နိုင်ငံတော်ကို တည်ထောင်ခဲ့ကြလေသည်။
အမှန်တော့ စွမ်းအင်အရင်းအမြစ်ဟူသည်မှာ ယေဘုယျနာမည်တခုသာ ဖြစ်သည်။ တူညီသော စွမ်းအင်လက္ခဏာရှိသော ပစ္စည်းအတော်များများကို စွမ်းအင်အရင်းအမြစ်ဟုပင် သုံးနှုံးလေ့ရှိပြီး ဆုံမှတ်တခုဝယ် မူလကျောက်တုံးများသည်လည်း စွမ်းအင်အရင်းအမြစ်ပင် ဖြစ်သည်။
ထို့ကြောင့် လူပျံတော်များ ပိုင်ဆ်ိုင်သော ထိုအရာသည်လည်း အလွန်တရာ အင်အားပြင်းထန်သော စွမ်းအင်အရင်းအမြစ်တမျိုးပင် ဖြစ်သည်။ ထိုစွမ်းအင်သည် မြို့ကြီးတမြို့ကို လေပေါ်တွင် ပျံသန်းစေရန် စွမ်းဆောင်နိုင်သည်ဟုဆိုလျင် ၎င်း၏ အင်အားကို မှန်းဆ၍ ရလောက်ပေပြီ။ ၎င်းသည် အလွန်ကြီးမားသော တည်ဆောက်မှုတခု၏ ရလဒ်ဖြစ်ပြီး ထူးခြားသော အစွမ်းသတ္တိများကို ပိုင်ဆိုင်ထား၏။ တပ်ဆင်ပြီးပါက ၎င်းသည် လေထုထဲမှ မူလစွမ်းအင်များကို အလိုအလျောက် စုပ်ယူနိုင်စွမ်းရှိပြီး အလွန်သန့်စင်သော စွမ်းအင်အကြမ်းစားအဖြစ် ပြောင်းလဲပေးနိုင်၏။ အနှီ တီထွင်မှုကို ထူးချွန်သော အာကင်နာသခင်ကြီးတဦးဖြစ်သူ အိုင်ဆက်ဒေါ ဆာခ့်က တီထွင်ခဲ့လေရာ ထိုပစ္စည်းကိုလည်း ဆာခ့်ရဲ့ စွမ်းအင်အရင်းအမြစ်ဟု ခေါ်ဝေါ်ကြလေသည်။
ထို့ကြောင့် အကြီးအကဲစန်း၏ နှုတ်ဖျားမှာ ဆာခ့်ရဲ့ စွမ်းအင်အရင်းအမြစ်ဟူသော စကားလုံး ထွက်ပေါ်လာသောအခါ စုချန်း အတော်လေး အံ့သြသင့်သွားခြင်း ဖြစ်သည်။ သူ့စကားအတိုင်း ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်တွင် ထိုပစ္စည်းသာ တကယ်ရှိနေခဲ့ပါက တောင်သုံးလုံးနယ်နိမိတ်ရှိ ရှိရှိသမျှ ရတနာများထက် တန်ဖိုးကြီးမားသည်ဟုပင် ဆိုရတော့မည်။ ထိုသတင်းသာ ပေါက်ကြားသွားပါက မျိုးစိတ်ကြီးငါးစိတ်ကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်လာမည်မှာ ဗေဒင်မေးနေရန်ပင် မလိုတော့။
ထို့ကြောင့်ပင် အကြီးအကဲစန်းက စုချန်းကို ထပ်မံရှင်းပြလိုက်ပြန်သည်။
"အတိအကျ ပြောရရင် သူတို့ဟာ ကောင်းကင်ဟင်းလင်းပြင်မြို့တော်ရဲ့အူတိုင်အဖြစ် အသုံးပြုခဲ့တဲ့ တခုတည်းသော စွမ်းအင်အရင်းအမြစ်ပုံစံမှာတော့ ရှိမနေတော့ဘူး ဆိုလိုတာက တစုတစည်းတည်း မဟုတ်ဘူး ဆိုပါတော့ မင်းသားလေးစု နားလည်အောင် ရှင်းပြရရင် အဲဒီမှာ အဆင့်သုံးဆင့် ရှိတယ် ပထမက မြို့တော်အဆင့် ဆာခ့်ရဲ့ စွမ်းအင်အရင်းအမြစ်လို့ခေါ်တယ် သူကတော့ မြို့ကြီးတမြို့လုံးကို စွမ်းအင်အလုံအလာက် ပေးစွမ်းနိုင်တယ် နောက်တခုကတော့ စစ်သင်္ဘောအဆင့် စွမ်းအင်အရင်းအမြစ်လို့ ခေါ်တယ် သူကတော့ စစ်သင်္ဘောတွေကို လေပေါ်မှာ ပေါလောပေါ်စေနိုင်တဲ့ အစွမ်းသတ္တိရှိတယ် နောက်ဆုံးတခုကတော့ ကိရိယာအဆင့် ဆာခ့်ရဲ့ စွမ်းအင်အရင်းအမြစ်လို့ ခေါ်တယ် သူကတော့ ကျောက်ရုပ်တွေ တခြားအရုပ်တွေ ရုပ်သေးရုပ်တွေက်ို စွမ်းအင်ပေးဖို့အတွက် အသုံးပြုနိုင်တယ်"
"ဒီတော့ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်ထဲမှာရှိတဲ့ စွမ်းအင်အရင်းအမြစ်က ဒီသုံးမျိုးထဲက ဘယ်တခု....."
"ကိရိယာအဆင့် စွမ်းအင်အရင်းအမြစ်ပဲ အတိအကျပြောရရင် လေးခုဖြစ်လိမ့်မယ် တံခါးပေါက်အတွင်းမှာရှိတဲ့ ကြီးမားတဲ့ မူလနတ်ဆိုးရုပ်သေးရုပ်လေးရုပ်ကို စွမ်းအင်ထောက်ပံ့ဖို့အတွက် အသုံးပြုတာပဲ"
အကြီးအကဲစန်းက ထပ်မံရှင်းပြလ်ိုက်သည်။ သို့သော် စုချန်းကား စိတ်ကျေနပ်မှု မရသေးဟန်ဖြင့် အတိအကျပင် ထပ်မံမေးမြန်းလိုက်သည်။
"သူတို့ကို မူလနတ်ဆိုးရုပ်သေးရုပ်လေးမျိုးအတွက် စွမ်းအင်အထောက်အပံ့အဖြစ်ပဲ သုံးတာလား ဒါမှမဟုတ် မူလနတ်ဆိုးရုပ်သေးရုပ်လေးမျိုးအပါအဝင် တခြားပစ္စည်းအတော်များများအတွက် စွမ်းအင်အထောက်အပံ့အဖြစ် သုံးတာလား"
ထိုမေးခွန်းနှစ်မျိုးသည် တူသလိုလို ရှိသော်လည်း အဓိပ္ပါယ်မှာကား တခြားစီသာ။ ထိုအခါ အကြီးအကဲစန်းက ရယ်မောလိုက်၏။
"ဒါဟာ ကိရိယာအဆင့် ဆာခ့်ရဲ့ စွမ်းအင်အရင်းအမြစ်ပဲ ဖြစ်တဲ့အတွက် သူ့အရွယ်အစားက ရွှေရောင်ဝတ်စုံလောက်ကို ရှိတယ် ပြီးတော့ သူ့ကို ကြီးမားတဲ့ မူလနတ်ဆိုးရုပ်သေးရုပ်တွေအတွက်ပဲ အသုံးပြုနိုင်တယ်"
ထိုအခါ စုချန်းက ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကျုပ်အတွက် ဘာမှအသုံးမဝင်ဘူးပဲ"
ကြီးမားသော မူလနတ်ဆိုးရုပ်သေးရုပ်များကို ထိန်းချုပ်ခြင်းဟူသည်မှာ အလွန်တရာ ရှုပ်ထွေးသော ကိစ္စဖြစ်ပြီး ၎င်းတို့ကို သယ်ယူရာတွင်လည်းကောင်း၊ ဖုံးကွယ်ရာတွင်လည်းကောင်း ခက်ခဲ၏။ ထို့ကြောင့် အနှီရုပ်သေးရုပ်များသည် အင်အားပြင်းထန်လှသော်လည်း ပစ်မှတ်တခု ဖြစ်နေသည်ကတော့ အမှန်ပင်။ စုချန်းအနေနှင့်ကား မိမိ၏ ခွန်အား တိုးပွားလာစေရန်သာ အာရုံစိုက်သူ ဖြစ်လေရာ ထိပစ္စည်းမျိုးကို စိတ်မဝင်စားလှပေ။ အကြီးအကဲစန်းက ပြောလိုက်ပြန်သည်။
"ဒါ့အပြင်တော့ လေဟာနယ်သလင်းကျောက်သုံးခုရှိသေးတယ်လို့ သိထားတယ် မင်းသားလေးစုအနေနဲ့ ဒီပစ္စည်းတွေရဲ့ တန်ဖိုးကို ကျုပ်မပြောဘူးဆိုရင်တောင် သိမှာပါ"
လေဟာနယ်သလင်းကျောက်ဟူသည်မှာ အလွန်ရှားပါးသော ပစ္စည်းတမျိုးဖြစ်ပြီး တခြားအရာဝတ္တုများအတွက် နေရာလပ်များ ပေးစွမ်းနိုင်၏။ ၎င်းကိုအသုံးပြု၍ လေဟာနယ်လက်စွပ်များ ပြုလုပ်နိုင်သော်လည်း ထိုကိစ္စသည် ဖြုန်းတီးခြင်းမျှသာ ဖြစ်သည်။ ၎င်းတို့၏ အမှန်တကယ် အသုံးဝင်ပုံမှာ မူလကိရိယာများကို ထူးခြားသော စွမ်းအင်တမျိုး ပေးစွမ်းနိုင်ခြင်း ဖြစ်သည်။ မူလကိရိယာများသည် ထိုစွမ်းအင်မျိုးကို ပိုင်ဆိုင်ပါက အလွန်တရာ အစွမ်းထက်လာတတ်၏။ ထို့ကြောင့် သလင်းကျောက်သုံးတုံးဆိုပါက တန်ဖိုးအလွန်မြင့်၏။
စုချန်းက ထပ်မံမေးမြန်းလိုက်ပြန်သည်။
"တခြားကော ဘာရှိသေးလဲဗျ"
"တခြားဘာတွေရှိသေးလဲဆိုတာတော့ အတိအကျ ပြောဖို့ခက်တယ် ခုနက ပြောပြခဲ့သမျှဟာ သမိုင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားသမျှက ရတဲ့ သဲလွန်စတွေကို ဆွဲထုတ်ကောက်ချက်ချထားတာပဲ ဒီတော့ သိပ်တန်ဖိုးမရှိတဲ့ ပစ္စည်းမျိုးတွေကို သူတို့ မှတ်တမ်းတင်ထားမှာ မဟုတ်ဘူးလေ"
"ဒီလိုဆိုရင်..."
စုချန်းက စကားကို ဆုံးအောင်ဆက်မပြောပဲ ခေတ္တစဉ်းစားဟန် ပြုလိုက်၏။ ထို့နောက် ထူးဆန်းစွာ ပြုံးကာ ပြောလိုက်သည်။
"ဒီလိုဆိုရင် ကျုပ်တို့ရဲ့ အပေးအယူကျတော့ကော ဘယ်လိုလုပ်မလဲ လောလောဆယ် အဲဒီထဲမှာရှိတဲ့ ပစ္စည်းတွေက ကျုပ်အတွက် အသုံးမဝင်ဘူး ဖြစ်နေတယ် ဒီတော့ ဒီလိုလုပ်ပါလား ကျုပ်က ခင်ဗျားတို့ကို ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်ထဲဝင်ဖို့ ကူညီပေးမယ် အထက်က ပြောခဲ့တဲ့ ပစ္စည်းနှစ်မျိုးကို ရရင် ခင်ဗျားတို့ကို ပေးမယ် ဒါပေမဲ့ အဲဒီထဲမှာ တခြားပစ္စည်း တစုံတရာ ထပ်တွေ့ခဲ့ရင် ဒါတွေကို ကျုပ်အပိုင်ပဲလို့ သတ်မှတ်ရမယ် ဘယ့်နှယ်လဲ"
"ဟာ ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ"
အာရွန်က နေရာမှ ခုန်ထရင်း ပြောလ်ိုက်သည်။ ထိုအခါ အကြီးအကဲစန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
"ကြည့်ရတာ မင်းသားလေးစု မသိအောင် ဘာတခုမှ ထိန်ချန်လို့ မရဘူးနဲ့တူတယ်"
စုချန်းက သိမ်မွေ့စွာ ပြုံးလိုက်၏။
"ကဲ ခုဆိုရင် ခင်ဗျားတို့ဘက်က ထုထည်ကြီးမားတဲ့ သစ္စာတရားကို ပြသရမဲ့ အချိန်ပဲ ထင်ပါရဲ့ဗျာ"
စုချန်း၏ စကားကို ကြားသောအခါ အကြီးအကဲစန်းက အေးဆေးသော လေသံနှင့် ပြောလိုက်သည်။
"ဟုတ်တော့လဲ ဟုတ်ပါတယ် ဒါပေမဲ့ နည်းနည်းများ မတရားဖြစ်နေသလားလို့ ကျုပ်တို့ဘက်ကပဲ သစ္စာတရားကို ပြနေရတယ် မင်းသားလေးစုဘက်ကကော ရိုးသားမှုကို ပြသင့်တယ် မထင်ဘူးလား"
"ကျုပ် ဟုတ်လား ကျုပ်က ဘာရိုးသားမှုကို ပြရမှာလဲ ကျုပ်မှာ တခြားလူတွေကို ပြောမပြနိုင်စရာ ဘာလျှို့ဝှက်ချက်မရှိဘူးဗျ"
"ဟုတ်ကောဟုတ်ရဲ့လား မင်းသားလေးစုရဲ့"
အကြီးအကဲစန်းက တစုံတရာကို တပ်အပ်သေချာစွာ သိနေသော ဟန်ပန်နှင့် ပြောလိုက်သည်။
"မင်းသားလေးစုရဲ့ လျှို့ဝှက်ချက်တွေဟာ လူအတော်များများရဲ့ အာရုံကို ဖမ်းစားနိုင်လိမ့်မယ်လို့ ကျုပ်က ယုံကြည်ထားတယ် ဥပမာပြောရရင်...မင်းသားလေးစုရဲ့မျက်လုံး...ဒါမှမဟုတ် လီရဲ့ ကံကြမ္မာ...ကျုပ်ပြောတာ ဟုတ်ရဲ့လား ဆိုင်ရှင်ကြီး နတ်ဆိုးမျက်နှာ"