← Chapters

ကောင်းမွန်သော သစ္စာတရား ၂

Vol. 12 Ch. 112

ကောင်းမွန်သော သစ္စာတရား ၂

Vol. 12 Ch. 112

အကြီးအကဲစန်း၏ စကားကို ကြားလိုက်ရသောအခါ စုချန်း၏ လဖက်ရည်ခွက်ကို ကိုင်ထားသောလက်သည် လေထဲမှာပင် တိုးလိုးတန်းလန်း ဖြစ်သွားရှာသည်။ သို့သော် နာက်ဆုံးတွင် စုချန်းက အားရပါးရ ရယ်မောလိုက်၏။ ထို့နောက် သူက ခေါင်းကိုငုံ့ကာ လဖက်ရည်ခွက်ကို တကျိုက်တည်း မော့ချလိုက်ရင်း အကြီးအကဲစန်းကို ကြည့်ကာ ပြောလိုက်သည်။

"ကျုပ်ရဲ့ လျှို့ဝှက်ချက်တွေကို ဒီလိုကြီးမားတဲ့ အဖွဲ့အစည်းကြီးက မသိအောင် အချိန်ဒီလောက်ကြာကြာ လျှို့ဝှက်ထားနိင်တာကိုပဲ ကျုပ်က အံ့သြနေသေးတာဗျ"

ထိုစကားကို ပြောနေချိန်တွင် သူ့မျက်လုံးများသည် အကြီးအကဲစန်းမှစ၍ ညတစ္ဆေ၊ ကြေးနီသမင်၊ ချိန်းဖေးနှင့် အနီးအနားရှိ လူများအားလုံးကို စိုက်ကြည့်နေ၏။ သူ့မျက်လုံးအစုံမှာကား တဖြတ်ဖြတ်နှင့် လင်းလက်တောက်ပနေပြီး ဝိညာဉ်အပြည့်၊ ရှင်သန်မှုအပြည့်နှင့် ဖြစ်နေလေသည်။ ထိုအချိန်တွင် ညတစ္ဆေမှာကား ခံနိုင်ရည်မရှိတော့။ သူမက ကပျာကယာ မေးလိုက်သည်။

"မင်း....မင်း....မင်း မျက်မမြင်မဟုတ်ဘူးပေါ့"

စုချန်း မျက်မမြင်မဟုတ်ကြောင်း သူမ အမှန်တကယ် မသိရှိကြောင်း သိသာနေ၏။ ချိန်းဖေးနှင့် တခြားလူများမှာကား အားရပါးရ ရယ်မောလိုက်ကြသည်။ ၎င်းတို့၏ အမူအရာအရ ထိုကိစ္စကို ရှေးမဆွကပင် သိရှိထားကြောင်း ထင်ရှားနေတော့သည်။

"မင်းသားလေးစု ဘယ်အချိန်တုန်းက ပြန်ကောင်းလာတာလဲ"

"ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး ဒီကိစ္စကို သိသွားတာလဲ"

စုချန်းနှင့် အကြီးအကဲစန်းမှာ တပြိုင်နက်တည်း မေးခွန်းထုတ်လိုက်မိ၏။ ထို့နောက် သူတို့နှစ်ယောက်သည် တယောက်မျက်နှာ တယောက်ကြည့်ကာ အားရပါးရ ရယ်မောလိုက်ကြတော့သည်။

ထိုအခါ စုချန်းက ပြောလိုက်သည်။

"ကျုပ်မျက်လုံးတွေဟာ လင်ချီးကို သတ်ဖြတ်လိုက်တဲ့နေ့မှာပဲ ပြန်ကောင်းလာတော့တာပဲဗျ"

"ဒါဆိုရင် မင်းသားလေးစုရဲ့ မျက်လုံးတွေဟာ အစကတည်းက ပြန်ကောင်းနေခဲ့တာ မဟုတ်ဘူးပေါ့"

အကြီးအကဲစန်းက အံ့သြတသင့်နှင့် မေးလိုက်၏။ ထိုအခါ စုချန်းက လင်ချီးကိ မည်သို့မည်ပုံ သတ်ဖြတ်ခဲ့ကြောင်း အကြောင်းစုံ ရှင်းပြလိုက်၏။ ထို့နောက် စုချန်းက ပြန်လည်မေးမြန်းလိုက်ပြန်သည်။

"ဒါနဲ့ ကျုပ်ကလည်း မေးရအုံးမယ် ကျုပ်ဟာ နတ်ဆိုးမျက်နှာဆိုတာ သိသွားတာက သိပ်အံ့သြစရာ မရှိဘူး ဒါပေမဲ့ လီရဲ့သေဆုံးခြင်းက ကျုပ်နဲ့ သက်ဆိုင်တယ်လို့ ပြောနိုင်တာကတော့ အင်မတန် အံ့သြစရာ ကောင်းနေတယ်"

သံမဏိနှင့် လီရှုတို့ကြောင့် စုချန်းသည် နတ်ဆိုးမျက်နှာမှန်း သိရှိသွားသည်မှာ အထူးတလည် အံ့သြသင့်စရာမဟုတ်။ စုချန်းသာ နတ်ဆိုးမျက်နှာဆိုပါက သူ့ အမြင်အာရုံသည် ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း အလိုအလျောက် သိရှိသွားမည်သာ။ သို့သော် လီသေဆုံးခြင်းသည် မည်သူ့လက်ချက်မှန်း သိရှိသွားသည်ကတော့ အလွန် အံ့သြစရာကောင်းနေ၏။ ထိုအခါ အကြီးအကဲစန်းက ရှင်းပြလိုက်သည်။

"မင်းအနေနဲ့ အလောင်းကောင်ကို ဖျောက်ပစ်ခဲ့တာနဲ့ သဲလွန်စတွေ ခြေရာလက်ရာတွေကို ရှင်းပစ်ခဲ့တာကတော့ အတော်လေး ကောင်းမွန်ပါတယ် ဒါပေမဲ့ နောက်တခါဆိုရင်တော့ ခြေရာလက်ရာတွေကို ဒီထက် သပ်သပ်ရပ်ရပ် ဖျောက်ဖျက်ပစ်ဖို့ မှတ်ထားပေါ့ ဘာကြောင့်လဲဆိုတော့ ပျက်စီးနေတဲ့ မူလကိရိယာတွေဟာ တိုက်ပွဲရဲ့ သင်္ကေတဖြစ်နေလို့ပဲ ဒီထက်ပိုပြီးသေချာသွားတာက ပျက်စီးနေတဲ့ လျှို့ဝှက်အခန်းပဲ ဒါကို ကြည့်ရင် တစုံတယောက်ဟာ ဒီနေရာကို ပြန်လာပြီး ရတနာတွေ လာရှာတယ် ဒါကို မလိုလားတဲ့ အခြားတယောက်နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတာ သိသာနေလို့ပဲ ဂရုတစိုက်သာ ရှာဖွေလို့ရှိရင် သဲလွန်စဆိုတာ ရှိစမြဲပေါ့လေ"

"အဲဒီမှာ သဲလွန်စတချို့ ကျန်နေခဲ့တယ်ပဲ ထားပါတော့ ဒါပေမဲ့ ဒီလောက်နဲ့တော့ လီကိုသတ်တဲ့လူဟာ ကျုပ်ပါလို့ ပြောလို့မရဘူးလေ"

ထိုအခါ အကြီးအကဲစန်းက ပြန်ပြောလိုက်သည်။

"မင်း ဒီကိုရောက်တော့ လူတ်ိုင်းကို နှုတ်ဆက်ခဲ့တယ် ဒါပေမဲ့ လီအကြောင်းကိုတော့ ဘာကြောင့် မမေးမြန်းခဲ့တာလဲ"

စုချန်းက စကားမပြောနိုင်လောက်အောင် ဖြစ်သွားရှာသည်။ မထင်မှတ်သော အမှားလေးတချက်ကြောင့် လျှို့ဝှက်ချက် ပေါ်သွားရသည် မဟုတ်ပါလား။ အကြီးအကဲစန်းကား ထင်သလောက် ပေါ့သေးသေးလူ မဟုတ်ပေ။ စုချန်းက ခေါင်းတချက်ကုတ်ရင်း တောင်းပန်လိုက်ရတော့သည်။

"ဒီကိစ္စနဲ့ပတ်သတ်ပြီး ခင်ဗျားတို့ ဗွေမယူဖို့ မျှော်လင့်ပါတယ်ဗျာ"

ထိုစဉ် ကြေးနီသမင်က ပထမဆုံးအကြိမ်အနေနှင့် ရယ်ကာမောကာ ပြောဆိုလိုက်သည်။

"လီဆိုတဲ့ ငမိုက်သားဟာ ပစ္စည်းတွေအကုန်လုံးကို သူတယောက်တည်း လိုချင်တယ် ဒါကြောင့်မို့ ဒီကောင်က သေသင့်ပါတယ် ဒါပေမဲ့ မင်းသားလေးစုအနေနဲ့ကကော...အရိပ်တပ်ဖွဲ့ရဲ့ ရတနာသိုက်ဟာ ကျုပ်တို့ရှာတွေ့သလောက် မကတာကို ခုသိသွားပြီဆိုတော့ အရင်သဘောတူညီချက်အတ်ိုင်း ကျုပ်တို့ကို ပေးကမ်းသင့်တယ် မထင်ဘူးလား"

စုချန်းက ခေါင်းခါယမ်းလိုက်သည်။

"ဝမ်းနည်းပါတယ်ဗျာ ဒါက လုံးဝကွဲပြားခြားနားတဲ့ အခြေအနေမျိုးပါ သွေးဆူပွက်ခြင်းနယ်ပယ်မှာရှိတဲ့ ချီစွမ်းအားပညာရှင်တယောက်ကို သတ်ဖြတ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ ဒီအတွက် ကျုပ်မှာ ငွေအတော်လေး ကုန်သွားတယ်ဗျ"

စုချန်း၏ စကားကြောင့် လူတိုင်း နှုတ်ဆိတ်သွားသည်။ ဤလူငယ်သည် သူတို့အဖွဲ့အစည်းမှ လူတယောက်ကို သတ်ဖြတ်ခဲ့သော်လည်း သူကပင် မှန်သယောင် ပြောဆိုနေသေး၏။ သို့သော် ကြေးနီသမင်ကလည်း စကားအဖြစ်သာ ပြောဆိုနေခြင်း ဖြစ်သည်။ သူတို့အနေနှင့် ဆုံးရှုံးပီးသွားသော အကျိုးအမြတ်များအကြောင်းကို ပြောဆိုနေရန် အကြောင်းမရှိတော့။ လက်ရှိအခြေအနေကို မည်သို့မည်ပုံ အကျိုးရှိအောင် အသုံးချမည်ဟူသော နည်းလမ်းကသာလျင် အကောင်းဆုံးဖြစ်သည်။

အကြီးအကဲစန်းက စကားစပြန်သည်။

"မင်းသားလေးစုအနေနဲ့ အရိပ်တပ်ဖွဲ့ရဲ့ ရတနာတွေကို ယူလို့ရပါတယ် ဒါပေမဲ့ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်ထဲက ရတနာတွေကို ယူဖို့ဆိုတာကတော့..."

အကြီးအကဲစန်း၏ စကားမှာ ဆုံးပင်မဆုံးလ်ိုပေ။ စုချန်းက စကားဖြတ်ပြောလိုက်ခြင်းကြောင့် ဖြစ်သည်။

"ခနနေပါအုံးဗျာ ကျုပ်ကတော့ အထဲမှာ ဘာပစ္စည်းရှိသလဲဆိုတဲ့ ကိစ္စကိုပဲ အရင်ဆုံး ရှင်းအောင်ပြောထားသင့်တယ် ထင်တာပဲ ခုချိန်ထိ ကျုပ်ကတော့ ကနဦး သဘောထားအတိုင်းပဲ ရှိနေသေးတယ် ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း မပြောဘူးဆိုရင် ကျန်တဲ့ပစ္စည်းတွေက ကျုပ်အပိုင်လို့ပဲ သတ်မှတ်ရလိမ့်မယ် ဒါကိုမှ မပြောချင်သေးဘူးဆိုရင်လည်း ဆက်လိမ်ပေါ့ဗျာ ဒါပေမဲ့ ကျုပ်ဟာ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်ကို ဝင်ရောက်နိုင်မဲ့ တဦးတည်းသောသူဆိုတာကိုတော့ မမေ့နဲ့ပေါ့လေ ပြီးတော့ ကျုပ်ဟာ မျက်မမြင်မဟုတ်မှန်းလည်း ခင်ဗျားတို့ သိသွားပြီပဲ ဒီတော့ ကျုပ်အမြင်အာရုံကို ဘာနဲ့မှ ဖုံးကွယ်လို့မရတော့ဘူးဗျ ဒီအချိန်ဟာ လှည့်ကွက်တွေ သုံးနေရမဲ့ အချိန် မဟုတ်တော့ပါဘူးဗျာ"

စုချန်းကို လှည့်ဖြား၍ မရနိုင်မှန်း သဘောပေါက်လာသောအခါ နောက်ဆုံးတွင် အကြီးအကဲစန်းက အလျော့ပေးလိုက်၏။ သူက သက်ပြင်းတချက်ချရင်း ပြောလိုက်သည်။

"တကယ်တော့ အဲဒါဟာ အလောင်းကောင်ဝိညာဉ်ပန်းပဲ"

"ဗျာ အလောင်းကောင်ဝိညာဉ်ပန်း ဟုတ်လား"

စုချန်းကား နေရာမှ ခုန်ထမိတော့သည်။

________________×××______________×××__________

အလောင်းကောင်ဝိညာဉ်ပန်းဟူသည် အလွန်တရာ မှောင်မဲသော နေရာမျိုးတွင်သာ ပေါက်ရောက်တတ်သည့် ပန်းပင်တမျိုး ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးအတွင်း ပျံ့နှံ့နေသော မသန့်ရှင်းသည့် ချီဓာတ်များကို စုပ်ယူလေ့ရှိရာ အလွန်တရာ အဆိပ်ပြင်းထန်၏။ ထိုမျှသာမကသေး ထိုပန်းပင်မျိုး ကြီးထွားသန်မာလာစေရန် လိုအပ်သော ရေခံမြေခံမှာလည်း အလွန်ညစ်ပတ်ပြီး အဆိပ်ပြင်းထန်သော နေရာဒေသမျိုးပင် ဖြစ်သည်။

သို့သော် ဤသည်မှာ ဖတ်စာအုပ်များအတွင်းမှ ရေးသားညွှန်းဆိုချက်များသာ ဖြစ်သည်။ မည်သည့်အရာမဆို အသုံးချသူ၏ ခံယူချက်အပေါ်တွင်သာ မူတည်ပြီး ရလဒ်များ ကွဲပြားသွားတတ်သည် မဟုတ်ပါလား။ ထူးခြားသော နေရာဒေသမျိုးတွင်သာ ရှင်သန်နိုင်သော အလောင်းကောင်ဝိညာဉ်အဆိပ်ပန်းသည်လည်း ထိုသဘောအတိုင်းပင်တည်း။ အဆိပ်ပြင်းထန်သည် ဆိုသော်ငြား တခြားအသုံးဝင်ပုံ အမျိုးမျိုး ရှိသလို ရှားပါးပြီး တန်ဖိုးကြီးမားသည့် ရတနာပစ္စည်းတမျိုးပင် ဖြစ်သည်။

ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်အတွင်း အလောင်းကောင်ဝိညာဉ်ပန်း ရှိနေသည်ဟု ကြားလိုက်ရကတည်းက စုချန်းသည် ဤတံခါးပေါက်၏ ဖြစ်တည်နေရသည့် အကြောင်းပြချက်ကို ကောင်းစွာ နားလည်သဘောပေါက်လာတော့သည်။

ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာတံခါးပေါက် တည်ရှိနေရသည့် ပထမဆုံးအကြောင်းပြချက်မှာ ထိုနေရာသည် အလောင်းကောင်းဝိညာဉ်ပန်းများ၏ ရှင်သန်ကြီးထွားမှုကို ကောင်းကောင်းကြီး အထောက်အပံ့ ပေးနေခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။ အလောင်းကောင်ဝိညာဉ်ပန်းဟူသည် အလွန်တရာ ညစ်ညမ်းပြီး မကောင်းသောနေရာများတွင်သာ ရှင်သန်ကြီးထွားနိုင်လေရာ လူသားတို့၏ ကမ္ဘာလောကတွင် ထိုနေရာမျိုးကို ရှာတွေ့ရန် အလွန်ခဲယဉ်း၏။ ထိုနေရာမျိုးမှာ သားရဲသတ္တဝါဆိုးများ ကျင်လည်ကျက်စားသော ဒေသမျိုးတွင်သာ အတွေ့များတတ်သည် မဟုတ်ပါလား။

ထိုကဲ့သို့ ညစ်ညမ်းပြီး မသန့်ရှင်းသော နေရာမျိုးကို မရှာနိုင်သောအခါ ၎င်းတို့သည် ထိုနေရာမျိုးတခု ကိုယ်တိုင်ဖန်တီးရန် ဆုံးဖြတ်လိုက်ကြပုံရသည်။ နောက်ကြောင်းကို ပြန်၍ သုံးသပ်ကြည့်လျင် အလင်းနတ်ဘုရားမင်းဆက်အတွင်း ဖြစ်ပေါ်ခဲ့သော ပရမ်းပတာဖြစ်ရပ်များ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများမှာ အနှီ စက်ဆုပ်ရွံရှာစရာကောင်းသော နေရာမျိုးကို ဖန်တီးရန်ပင် ဖြစ်လေသည်။ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက် ဖြစ်ပေါ်လာခြင်းသည် ဤရည်မှန်းချက်၏ အပိုင်းအစ တခုမျှသာ ဖြစ်၏။ လူသေကောင်များ၊ ဝိညာဉ်များ ငြိမ်းချမ်းစွာ အနားယူနေသော ထိုနေရာ၏ နောက်ကွယ်တွင် တကိုယ်ကောင်းဆန်သော၊ ကိုယ်ကျိုးစီးပွားပါဝင်သော လျှို့ဝှက်အကြံအစည်ကြီးတခု ရှိနှင့်နေခဲ့လေသည်တကား။

အထက်တွင် ဖော်ပြခဲ့ပြီးသော ဆာ့ခ် စွမ်းအင်အရင်းအမြစ်နှင့် လေဟာနယ်သလင်္င်းကျောက်များမှာကား ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် ပံ့ပိုးပေးခဲ့သော ပစ္စည်းများပင် ဖြစ်သည်။ ထိုဒေသကို ကာကွယ်ရန် နေရာချထားသော မူလနတ်ဆိုးရုပ်သေးရုပ်များကို ဆာခ့်စွမ်းအင်အရင်းအမြစ်က အင်အားထောက်ပံ့ပေးထား၏။ ထိုအချိန်တွင် လေဟာနယ်သလင်းကျောက်များက ထိုဒေသကို ချဲ့ထွင်ပြီး အလောင်းကောင်ဝိညာဉ်ပန်းများကို အတိုင်းအဆမရှိ ရှင်သန်ကြီးထွားစေခဲ့လေသည်တကား။

အစီအစဉ်တခုလုံးသည် ဟာကွက်မရှိ ပြည့်စုံကောင်းမွန်သည်မှာ မှန်သော်လည်း လုံးဝမအောင်မြင်ခဲ့ချေ။ အကြောင်းမှာ အစီအစဉ်၏ ပဲ့ကိုင်ရှင်များဖြစ်သူ အာကင်နာအဖွဲ့အစည်းသည် ရစရာမရှိအောင် ဖြိုခွဲခံလိုက်ရသောကြောင့်ပင်။ အများစုမှာ သတ်ဖြတ်ခံလိုက်ရပြီး လူနည်းစုသာ လွတ်မြောက်နိုင်ခဲ့၏။

ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာတံခါးပေါက်၏ လျှို့ဝှက်ချက်မှာလည်း ဤယနေ့တ်ိုင်အောင် လုံခြုံစွာ ထိမ်းသိမ်းထားနိုင်ခဲ့လေသည်။

"အော်...ဒါကြောင့်ပဲကိုး..."

စုချန်းက သက်ပြင်းတချက် ရှည်လျားစွာ ချလိုက်သည်။ တဆက်တည်းမှာပင် သူက မေးမြန်းလိုက်၏။

"ဒီတော့ ခင်ဗျားတို့က ခုကျမှ ဒီပန်းတွေကို ယူဖို့ အသည်းအသန် ကြိုးစားနေတာဆိုတော့ ဘာရည်ရွယ်ချက်နဲ့လဲ"

"ကျုပ်တို့က ဒီပန်းတွေကို ဆေးဝါးတွေ သန့်စင်တဲ့နေရာမှာ အသုံးပြုဖို့ ရည်မှန်းထားတယ်"

ထိုအခါ စုချန်းက ပြောလိုက်၏။

"ဘယ်လိုဆေးဝါးမျိုးလဲဆိုတာ အရေးကြီးတဲ့ မေးခွန်းပဲဗျ ဒီပန်းဟာ မျိုးစုံ အသုံးပြုန်ိုင်တယ်ဆိုတာ ကျုပ်တို့အားလုံး သိကြတယ် နာမကျန်းဖြစ်တဲ့နေရာတွေမှာ အသုံးချနိုင်သလို အလွန်ပြင်းထန်တဲ့ အဆိပ်မျိုးလည်း ဖော်စပ်နိုင်တယ် ကျုပ်သိသလောက် ဒီပန်းကို အသုံးပြုပြီး ကပ်ရောဂါသဏ္ဍန် ဆေးတမျိုး ဖော်စပ်နိုင်တယ်လို့ ဆိုထားတယ် အဲဒီဆေးရည်တပုလင်းဟာ တောင်သုံးလုံးနယ်မြေက လူအများစုကို ရှင်းပစ်ဖို့ လုံလောက်တယ်မလား"

အကြီးအကဲစန်းက စုချန်း၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွား၏။

"ဒီပန်းကို အဆိပ်ဖော်စပ်တဲ့နေရာမှာ အသုံးပြုမှာကို မင်းက စိတ်ပူနေတာလား"

စုချန်းက သူ၏ သဘောထားကို ရှင်းပြလိုက်၏။

"ကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ ကျုပ်အနေနဲ့ အမြဲတမ်း စည်းမျဉ်းစည်းကမ်းတွေ ထားလေ့ရှိတယ် ဘယ်တော့မှ မတို့သင့်မထိသင့်တဲ့ ကန့်သတ်ချက်တွေ ထားလေ့ရှိတယ်"

"မင်းအနေနဲ့ ဒီကိစ္စကို စိတ်ပူစရာ မလိုပါဘူးလေ ကျုပ်တို့အဖွဲ့အစည်းရဲ့ မူဝါဒအရ ဒါမျိုးတွေ မလုပ်ပါဘူး ကျုပ်တို့အနေနဲ့ ဒီပန်းကို ဝိညာဉ်ငြိမ်းချမ်းခြင်းဆေး ဖော်စပ်တဲ့နေရာမှာ အသုံးပြုဖို့ပဲ ရည်ရွယ်ထားတာပါ"

အကြီးအကဲစန်းက ရှင်းပြလိုက်သည်။ ဝိညာဉ်ငြိမ်းချမ်းခြင်းဆေးဝါးဟူသည်မှာ တစုံတယောက်၏ ဝိညာဉ်ပိုင်းဆိုင်ရာ အင်အားကို တိုးပွားလာစေသော ဆေးဖြစ်သည်။ ထိုဆေးကို ဖော်စပ်ရာတွင် အလောင်းကောင်ဝိညာဉ်ပန်းမှာ အဓိက ပါဝင်ပစ္စည်းဖြစ်၏။

သို့သော် စုချန်းကား အနည်းငယ်မျှ ယုံကြည်ခြင်းမရှိ။ ထိုအခါ သူက ပြောလိုက်သည်။

"ဒီလို အချည်းနှီး ကတိပေးတာမျိုးကို ကျုပ်ကတော့ မယုံကြည်ရဲပေါင်ဗျာ"

အာရွန် ဒေါသထွက်သွား၏။

"ဟေ့ မင်း ဘာစကားပြောတာလဲ"

စုချန်းကား အာရွန်ကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိ။ ထိုလူကို ရဲရဲတင်းတင်းပင် မျက်နှာချင်းဆိုင်ရင်း ပြောလိုက်သည်။

"ကျုပ် ဘာပြောဖို့ ကြိုးစားနေသလဲဆိုတော့ ရှင်သန်ခြင်းကျာင်းတော်ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးလဲလို့ ကျုပ်သိနေတယ် ဆိုတာပဲ"

All Chapters