← Chapters

ကောင်းမွန်သော သစ္စာတရား ၃

Vol. 12 Ch. 113

ကောင်းမွန်သော သစ္စာတရား ၃

Vol. 12 Ch. 113

ရှင်သန်ခြင်းကျောင်းတော်ဟူသည် သာမာန် မြေအောက်အဖွဲ့အစည်းမျိုး မဟုတ်။ ကိုယ်ပိုင် ယုံကြည်ချက်၊ ခံယူချက်များ ချမှတ်ထားသော အဖွဲ့အစည်းမျိုး ဖြစ်သည်။ ပုံမှန်အားဖြင့် မြေအောက်အဖွဲ့အစည်းတခုသည် ယုံကြည်ချက်၊ ခံယူချက်ရှိသည်ဆိုပါက ထိုအဖွဲ့အစည်းကို အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်နိုင်၏။

ရှင်သန်ခြင်းကျောင်းတော်သည်လည်း ထိုကဲ့သို့သော အဖွဲ့အစည်းမျိုးပင် ဖြစ်သည်။

အကယ်၍ တစုံတယောက်ကသာ သူတို့သည် ကပ်ရောဂါဆေးဝါးမျိုး မပြုလုပ်ပဲ ဝိညာဉ်ငြိမ်းချမ်းခြင်းဆေးဝါးကိုသာ လိုလားသည်ဟု ဆိုလာပါက စုချန်းအနေနှင့် ယုံစားလိုက်မည်သာ။ သို့သော် ထိုစကားသည် ရှင်သန်ခြင်းကျောင်းတော်မှာ လာသည်ဆိုပါက မည်သို့မျှ ယုတ္တိမတန်ချေ။ ထို့ကြောင့် အာရွန်အနေနှင့် မည်မျှပင် ဒေါသထွက်နေစေကာမူ စုချန်းကား ငြင်းဆန်မြဲငြင်းဆန်ဆဲသာ ဖြစ်သည်။ သို့သော် အကြီးအကဲစန်းကား စိတ်မဆိုးချေ။ သူက စုချန်းကို အတတ်နိုင်ဆုံး လိုက်လျောန်ိုင်ရန် ကြိုးစားလျက်ရှိ၏။

"မင်းသားလေးစုအနေနဲ့ ကျုပ်တို့ကို နားလည်မှုလွဲနေပြီ လက်ရှိ ရှင်သန်ခြင်းကျောင်းတော်ဆိုတာ ရှေးအတိတ်အတီတေတုန်းက ရှင်သန်ခြင်းကျောင်းတော်မျိုး မဟုတ်တော့ဘူးကွဲ့ နှစ်ထောင်သောင်းနဲ့ချီအောင် ပြောင်းလဲလာခဲ့ပြီးတဲ့နောက်မှာ ဘယ်သူကများ ရှေးအာကင်နာမျိုးစိတ်တွေရဲ့ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ အိပ်မက်မျိုးကို စိတ်ဝင်စားတော့မှာလဲ မှန်တာပေါ့ မင်းအနေနဲ့ ကျုပ်တို့ကို မယုံပဲ နေနိုင်ပါတယ် ဒါပေမဲ့ ဘေးပတ်ပတ်လည်ကို တချက်လောက် ကြည့်လိုက်စမ်းပါ မင်းရှေ့မှာ မတ်တပ်ရပ်နေတဲ့ လူတွေထဲမှာ ဘယ်အာကင်နာမျိုးစိတ်များ ပါသလဲ"

အကြီးအကဲစန်း၏ စကားသည် စုချန်း၏ စိတ်နှလုံးကို ရိုက်ခတ်သွားစေ၏။ မှန်တော့လည်းမှန်ပေ၏။ သူ့ရှေ့တွင် မတ်တပ်ရပ်နေသော လူတိုင်းလိုလိုသည် သာမာန်လူသားများသာ ဖြစ်ကြသည်။ အာကင်နာမျိုးစိတ် တဦးတလေမျှပင် မပါချေ။ ရှည်လျားသော သမိုင်းကြောင်းနှင့် လူ့အဖွဲ့အစည်း၏ တိုးတက်လာပုံတို့ကြောင့် အကြမ်းဖက်အဖွဲ့အစည်းတခု၏ တွေးခေါ်စဉ်းစားပုံနှင့် သဘောသဘာဝတို့သည်ပင် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့လေပြီတကား။ လူသားများအနေနှင့် အာကင်နာမျိုးစိတ်များ၏ နိုင်ငံတော်ပြန်လည်ထူထောင်ရေးအိပ်မက်အတွက် ဝင်ရောက်တိုက်ခိုက်ဖို့ဆိုသည်မှာ ရယ်စရာ ကောင်းလွန်းလှသည်။ ယခုအချိန်တွင်တော့ ၎င်းတို့သည် အရင်းအမြစ်၊ ရတနာများကို လိုက်လံရှာဖွေကာ ပိုမိုကောင်းမွန်သော ဘဝမျိုး ပိုင်ဆ်ိုင်နိုင်ရန်သာ ဦးစားပေး စဉ်းစားကြပေတော့မည်။

သို့သော်ငြားလည်း စုချန်းက ထပ်မံခေါင်းခါယမ်းလိုက်၏။

"ခင်ဗျားပြောတာ မှန်ပါပြီပဲ ဆိုပါစို့ ဒါပေမဲ့ ရှင်သန်ခြင်းကျောင်းတော်ရဲ့ တဦးတလေမှာတောင် ဒီလိုစိတ်ကူးမျိုး မရှိပါဘူးလို့ ခင်ဗျား အာမခံနိုင်လို့လား"

"ဒါကတော့..."

အမှန်ကတော့ အကြီးအကဲစန်းက "အာမခံနိုုင်တယ်"ဟု ပြောရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။ သို့သော် စုချန်းကို ကြည့်ရင်း သူ့အနေနှင့် ထိုစကားကို ပြောမထွက်တော့ပေ။ မှန်ပေ၏။ သူတို့၏ တရံရောအခါဆီမှ အိပ်မက်ကို မစွန့်လွှတ်နိုင်သော လူတချို့လည်း ရှိကောင်းရှိလိမ့်မည်သာ။ ထို့ပြင် ထိုစိတ်ကူးရှိသူများသည်လည်း အဖွဲ့အစည်း၏ ထိပ်ပိုင်းနေရာများတွင် ဝင်ရောက်ပူးကပ်နေနိုင်သေး၏။

ထိုအခါ စုချန်းက ပြောလိုက်၏။

"ဒါဆိုရင်တော့ ခင်ဗျားတို့လက်ထဲ အလောင်းကောင်ဝိညာဉ်ပန်းကို ထည့်ပေးလိုက်ရင် မကောင်းတာတခုခု ဖြစ်လာနိုင်သေးတယ် ဒီတော့ ဒီပြသနာကို ဖြေရှင်းဖို့ ကျုပ်တွေးထားတာလေး ရှိတယ် ဒီအတိုင်းသာ လုပ်ရင်တော့ ပြသနာလည်း ပြေလည်သွားမယ် ကျုပ်တို့ကြားမှာလည်း ခုထက်ပိုပြီး ယုံကြည်မှုတွေ တိုးပွားလာလိမ့်မယ်"

အကြီးအကဲစန်းက မေးလိုက်သည်။

"မင်းသားလေးစုက ဘာစိတ်ကူးများ ရှိလို့လဲ"

စုချန်းက သူ့အတွေးကို ရှင်းပြလိုက်၏။

"အလောင်းကောင်ဝိညာဉ်ပန်းကို တွေ့တဲ့အခါ ဒီပန်းကို ကျုပ်လက်ထဲ ထည့်ပေးလိုက်ပါ ခင်ဗျားတို့အနေနဲ့ ဝိညာဉ်ငြိမ်းချမ်းခြင်းဆေး လိုအပ်တဲ့အခါ ကျုပ်ကို ပြောပါ ကျုပ်က ခင်ဗျားတို့အတွက် ဖော်စပ်ပေးပါ့မယ် ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အန္တရာယ်ကြီးမားတဲ့ အဆိပ်တမျိုး ခင်ဗျားတို့လက်ထဲ ရောက်သွားမှာကို ကျုပ်အဖို့ စိတ်ပူနေစရာ မလိုတော့ဘူး တချိန်တည်းမှာပဲ အလောင်းကောင်ဝိညာဉ်ပန်း ကျုပ်လက်ထဲရောက်နေတဲ့အတွက် ကျုပ်နှုတ်ဖွာနေမှာကိုလည်း ခင်ဗျားတို့ စိတ်ပူနေစရာ မလိုတော့ဘူး ဒီနည်းအားဖြင့် ကျုပ်တို့အကြားမှာ ယုံကြည်မှုတွေ တိုးပွားလာလိမ့်မယ် ဒီအစီအစဉ်မှာ လျှို့ဝှက်ချက်တွေကို ယုံကြည်မှုရဲ့ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုတာထက် ပိုပြီး သင့်တင့်လျောက်ပတ်မယ်လို့ ကျုပ် ယုံကြည်ထားတယ်"

"မင်းကလား"

အာရွန် ကျယ်လောင်စွာ ရယ်မောလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"ဝိညာဉ်ငြိမ်းချမ်းခြင်းဆေးဆိုတာ အင်မတန် မြင့်မားတဲ့ ဆေးပဲ မင်းလိုကောင်မျိုးက ဒီလိုဆေးကို ဖော်စပ်နိုင်မှာတဲ့လား"

"မဖော်စပ်နိုင်ဘူးဆိုရင်လဲ ဘယ်လိုဖော်စပ်သလဲဆိုတာ သင်ယူလို့ရတယ်"

"အချိန်အများကြီး ကုန်သွားမှာပေါ့ကွ"

"ကျုပ်သာ သေသေချာချာ လေ့လာလိုက်ရင် အဲဒီလောက် အချိန်မကုန်ပါဘူး"

စုချန်း၏ အစီအစဉ်ကို ကြားလိုက်ရသောအခါ အကြီးအကဲစန်းက ခေါင်းတချက် ခါယမ်းလိုက်၏။ ထို့နောက် သူက သက်ပြင်းချကာ ပြောလိုက်သည်။

"မင်းသားလေးစုကို ကြည့်ရတာ အဂ္ဂိရတ်ပညာခန်းတွေကို အတော်လေး အထင်သေးနေပုံရတယ် ကူးစက်ရောဂါပုံစံဆေးနဲ့ ဝိညာဉ်ငြိမ်းချမ်းခြင်းဆေးတွေကို အသာထားအုံး ဒီပညာရပ်မှာ ဘယ်ဟာကိုမှ အချိန်တိုအတွင်း သင်ကြားလေ့ကျင့်ဖို့ မလွယ်ဘူးကွဲ့ မယုံဘူးဆိုရင် ကျုပ်နောက် ခနလိုက်ခဲ့ပါ မင်းသားလေးစုကို ကျုပ် တခု ပြမယ် အဲဒီအခါကျရင် အလိုအလျောက် နားလည်သွားလိမ့်မယ်"

ပြောပြောဆိုဆို အကြီးအကဲစန်းသည် စုချန်းအား အခြားအခန်းတခုသို့ ခေါ်ဆောင်သွား၏။ ထိုအခန်းတွင်း၌ကား အဖိုးအိုတဦးသည် ဆေးဝါးတမျိုးကို ဖော်စပ်ရင်း အလုပ်ရှုပ်နေ၏။ အဖိုးအို၏ အလုပ်စားပွဲနှင့် ပစ္စည်းကိရိယာများသည်ကား အောရစ်ပိုင်ဆိုင်သည့် ပစ္စည်းများထက် ပို၍ များပြားနေလေသည်။

သိသာထင်ရှားသည့် အချက်တချက်မှာကား ဆေးဖော်စပ်နေသည့် အဖိုးကြီး၏ ကျွမ်းကျင်မှုပင် ဖြစ်လေတော့သည်။ ၎င်း၏ လက်တချောင်းစီသည် ကိုယ်ပိုင်စိတ်ကူးစိတ်သန်း ရှိသည့်ပုံစံနှင့် လေထဲတွင် လှလှပပ လှုပ်ရှားကခုန်နေလေရာ လိုက်ဖက်ညီသော သံစုံတေးသွားတပိုဒ်ကို ဖန်တီးနေသကဲ့သို့ ရှိလေ၏။ အဆိုပါ လက်ချောင်းများသည် ကရင်းခုန်ရင်းနှင့်ပင် ဆေးမှုန့်များ၊ ဆေးရည်များနှင့် ဆေးလုံးများကို အချိုးကျကျ ပေါင်းစပ်ဓာတ်ပြုလောင်ကျွမ်းစေလျက်ရှိသည်။ နောက်ဆုံးတွင် ထိုကဲ့သို့ ပေါင်းစပ်ဓာတ်ပြုခြင်းမှနေ၍ တစုံတခုသောအရာကို ထုတ်လုပ်ပေးပေလိမ့်မည်။

သို့ရာတွင် ရလဒ်မှာကား မျှော်လင့်သကဲ့သို့ ဖြစ်လာပုံမရ။ ဖုုံးခနဲ မြည်သံနှင့်အတူ အဖိုးအိုလက်တွင်းရှိ ဆေးပုလင်းသည် ပေါက်ကွဲထွက်ကုန်တော့သည်။

"သေစမ်း မှားသွားပြန်ပြီ ဒီတခါလည်း ထပ်မှားသွားပြန်ပြီ"

အဖိုးအိုက ဒေါသတကြီးနှင့် အော်ငေါက်လိုက်၏။ ထို့နောက် သူက ချက်ချင်းပင် အကြီးအကဲစန်းနှင့် စုချန်းဘက်သို့လှည့်ကာ ငေါက်ငမ်းလိုက်သည်။

"ဒါမင်းအပြစ်ပဲ မင်းတို့ တံခါးပေါက်က ဝင်လာတော့ ငါ့ရဲ့ အာရုံစူးစိုက်မှုတွေ ပျံ့လွင့်ကုန်တယ် မင်းကို ငါ ပြောထားတယ်မလား ငါ အလုပ်လုပ်နေတဲ့အချိန် အခန်းထဲကို ဝင်မလာပါနဲ့လို့"

အကြီးအကဲစန်းက အဖိုးအို၏ စကားကို မတုံ့ပြန်သေးပဲ စုချန်းကို ရှင်းပြလိုက်၏။

"သူက ဆရာကြီးဖန်းလို့ခေါ်တယ် ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်အတွက် အထူးတလည် ဖိတ်ခေါ်ထားတာပဲ ဆရာကြီးဖန်းနှင့် ဈေးနှုန်းက အင်မတန်မြင့်တဲ့အပြင် တော်ရုံတန်ရုံ ဟိုဟိုဒီဒီ သွားလေ့မရှိဘူး ကျုပ်တို့ဆီက အလောင်းကောင်ဝိညာဉ်ပန်းရဲ့ အကြောင်းကိုသာ မသိခဲ့ရင် ကျုပ်တို့ရဲ့ ထောက်ခံချက်ကို သူ လက်ခံမှာမဟုတ်ဘူး"

တဆက်တည်းမှာပင် သူက ဆရာကြီးဖန်းကို လှည့်ကာပြောလိုက်သည်။

"ကျုပ် တောင်းပန်ပါတယ် ဆရာကြီးဖန်း တမင်သက်သက် အနှောင့်အယှက်ပေးတဲ့ သဘော မဟုတ်ပါဘူး အရေးကြီးတဲ့ မေးခွန်းတခု မေးစရာရှိလို့ပါ"

"မေးမယ်ဆိုလဲ မြန်မြန်မေး"

ထိုအခါ အကြီးအကဲစန်းက စုချန်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"ကျုပ်ဘေးနားမှာရပ်နေတဲ့ ဒီလူငယ်ဟာ ဆေးဝါးသန့်စင်တဲ့ ပညာရပ်ကို လေ့လာလိုသတဲ့ ဆရာကြီး ဒီတော့ ဆရာကြီးက ဒီလူငယ်ကို ရှင်းပြစေချင်တယ် ဒီလို ဘာအတွေ့အကြုံမှမရှိတဲ့ လူငယ်တယောက်ဟာ ဝိညာဉ်ငြိမ်းချမ်းခြင်းဆေးလို အဆင့်မြင့်ဆေးဝါးမျိုးကို ဖော်စပ်နိုင်တဲ့ အဆင့်ထိရောက်ဖို့ ဘယ်လောက်ထိ ကြာမြင့်နိုင်သလဲဆိုတာကိုပေါ့.."

"ဝိညာဉ်ငြ်ိမ်းချမ်းခြင်းဆေးလို ဆေးဝါးမျိုးကို ဖော်စပ်ဖို့ အချိန်ဘယ်လောက်ထိ ကြာမြင့်နိုင်သလဲ ဟုတ်လား ဒါကတော့ ဒီပညာရပ်အပေါ် ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်တယ် ဘယ်လောက်ထိ ကြာမြင့်နိုင်မလဲဆိုတော့..."

ဆရာကြီးဖန်းက စုချန်းကို ဖြတ်ခနဲစိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဒါကတော့ သူ့ရဲ့ ပါရမီနဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာ မူတည်နေတယ် တချို့ပါရမီရှင်တွေဆိုရင်တော့ နှစ်နှစ် သုံးနှစ်လောက်နဲ့ တတ်မြောက်သွားတတ်ပြီး ငတုံးတွေဆိုရင်တော့ တသက်လုံးသင်ရင်တောင် မတတ်မြောက်ကြဘူး ဒီကောင့်ကို ကြည့်ရတာတော့ ငတုံးနဲ့ တူသလိုပဲ"

ဆရာကြီးဖန်း၏ အမူအရာမှာကား ကဲ့ရဲ့လှောင်ပြောင်လိုဟန် အတိပြီး၏။ သို့သော် စုချန်းကား ဂရုမစိုက်။ သူက ချက်ချင်းပင် ရှေ့သို့လမ်းလျှောက်သွားလိုက်ပြီး ဆေးမှုန့်တချို့ကို ယူကာ ပုလင်းအတွင်းသို့ ပစ်ထဲ့လိုက်၏။ ထိုအခါ ဆရာကြီးဖန်းက ကပျာကယာ လှမ်းတားလိုက်သည်။

"ဟေ့ ဟေ့ ငါ့ပစ္စည်းတွေကို မထိနဲ့ကွ"

စုချန်းကား အဖိုးအိုကို ရှိသည်ဟုပင် ယူဆပုံမရ။ သူက ပြောလိုက်၏။

"ဒီနေရာမှာ အကြီးအကဲစန်းရဲ့ အမှားကို ပြင်ပေးရမဲ့ တချက်ရှိတယ် ဘာလို့လဲဆိုတော့ ကျုပ်ဟာ အတွေ့အကြုံ လုံးဝမရှိတဲ့ လူစားမျိုးမဟုတ်ဘူး ထိုက်သင့်တဲ့ အတွေ့အကြုံတချို့ ရှိနေတယ်ဆိုတာပဲ"

ထို့နောက် သူသည် ဆေးမှုန့်များကို နှုတ်သီးရှည်ဖန်ခွက်အတွင်း ထည့်လိုက်ပြီး တခြားပစ္စည်းများ တခုပြီးတခု ပေါင်းစပ်နေတော့သည်။ သူ့အနေအထားသည် ဆရာကြီးဖန်း၏ အနေအထားသို့ မရောက်ရှိသေးသည့်တိုင် ဆေးဝါများ ကိုင်တွယ်ရာတွင် အလွန် လက်ငြိမ်လှပြီး မည်သည့် အမှားအယွင်းမှ မရှိချေ။ အတန်ကြာသော် ပေါ့ပါးသော အနာများကို သက်သာပျောက်ကင်းစေသည့် ဆေးတလက် ဆရာကြီးဖန်း၏ ရှေ့မှောက်တွင် ပေါ်ပေါက်လာတော့သည်။ ထို့နောက် စုချန်းက ပြောလိုက်၏။

"ဒါဟာ ရက်ပေါင်း ၁၅၀အတွင်း ကျုပ်ရရှိခဲ့တဲ့ ထိန်းချုပ်မှုအဆင့်အတန်းပဲ ခင်ဗျားတို့ ဘယ်လိုထင်သလဲ"

ဆရာကြီးဖန်းက မေးစေ့ကိုပွတ်ရင်း ပြောလိုက်၏။

"မဆိုးပါဘူး မင်းမှာ ပါရမီနည်းနည်းပါးပါးတော့ ရှိပုံပါပဲ တရက်မှာ လေးနာရီသာ အချိန်ပေးလေ့ကျင့်မယ်ဆိုရင် လာမဲ့ ခုနှစ်နှစ် ရှစ်နှစ်အတွင်းမှာ ဝိညာဉ်ငြိမ်းချမ်းခြင်းဆေးကို ဖော်စပ်နိုင်မဲ့ အခြေအနေမျိုးကို ရောက်ရှိလာလိမ့်မယ်"

"ကျုပ်အနေနဲ့ တရက်ကို ခြောက်နာရီ လေ့ကျင့်နိုင်တယ် ပြီးတော့ အဲဒီအချိန်တုန်းက ကျုပ်ရဲ့အင်အားကို အပြည့်အဝ မသုံးခဲ့သေးဘူး"

"ဒါဆိုရင်တော့ သုံးနှစ်ကနေ ငါးနှစ်အတွင်းပဲ ဒါနဲ့ မင်းက ဘာဖြစ်လို့ ဒါတွေ ငါ့ကို လာမေးနေတာလဲ"

ဆရာကြီးဖန်းက အညှာတာကင်းမဲ့စွာ ပြောလိုက်သည်။ ထိုအခါ အကြီးအကဲစန်းက ဝင်ရောက်ရှင်းပြလိုက်၏။

"ဒီလူငယ်က အလောင်းကောင်ဝိညာဉ်ပန်းကို သုံးပြီး ဝိညာဉ်ငြိမ်းချမ်းခြင်းဆေးကို ဖော်စပ်နိုင်မယ့် အဆင့်အတန်းမျိုးကို ရောက်ချင်နေတာ"

"ဘာကွ ဒါဘယ်လိုလုပ်ခွင့်ပြုလို့ ရပါ့မလဲ အလောင်းကောင်ဝိညာဉ်ပန်းကို လိုအပ်တဲ့ဆေးဟာ ဝိညာဉ်ငြ်ိမ်းချမ်းခြင်းဆေးတမျိုးတည်းမှ မဟုတ်ပဲ ဒီပန်းကို သုံးမှ ဖော်စပ်လို့ရတဲ့ တခြား အဆင့်မြင့်ဆေးတွေ အများကြီးပဲ"

"အဲဒီထဲမှာ အဆိပ်တွေကော ပါသလား ကျုပ်အနေနဲ့ ဒီပန်းကို သုံးပြီး တခြားလူတွေကို ဒုက္ခပေးမှာမျိုးကို မလိုလားဘူးဗျ"

စုချန်းသည် စကားဆုံးသည်နှင့် ဆရာကြီးဖန်း၏ အလုပ်ခုံကို စိုက်ကြည့်လိုက်သည်။ ထိုအထဲတွင် သူမမြင်ဖူးသောအရာ များစွာရှိနေ၏။ ဆေးရည်စိမ်ထားသော သားရဲသတ္တဝါဆိုးတကောင်၏ အသည်းနှလုံးသည် ယခုတိုင် ခုန်လျက်ရှိသေး၏။ ပန်းအိုးအတွင်းရှိ ဆေးပင်တပင်သည် အမျိုးသမီးတယောက်၏ မျက်နှာနှင့် တူလှသည်။ ထူးဆန်းသော ပုံသဏ္ဍန်ရှိသည့် သားရဲသတ္တဝါဆိုးတကောင်၏ သွားသည် ဓားကဲ့သို့ ချွန်မြနေ၏။

ဤနေရာရှိ အရာအားလုံးသည် စုချန်းကို အသစ်အဆန်းကဲ့သို့ ခံစားစေ၏။

ထိုအခိုက်မှာပင် ဆရာကြီးဖန်းက အရူးတယောက်ကဲ့သို့ အော်ဟစ်လိုက်သည်။

"ဟေ့ကောင် မင်းက ဘာသိလို့လဲ လက်နက်ဆိုတာ လက်နက်သက်သက်ပဲကွ လူတွေကို အန္တရာယ်မပေးဘူး တကယ်တမ်း လူတွေကို အန္တရာယ်ပြုတာက ဒီလက်နက်ကို မဟုတ်တဲ့နေရာမှာ အသုံးချချင်တဲ့ လူတွေပဲ ငါတို့က လက်နက်ဖန်တီးသူတွေကွ ဒီတော့ ဒီလက်နက်က်ို လူတွေဘယ်လို အသုံးချမလဲဆိုတာ ဘာကြောင့်များ စိတ်ပူနေစရာလိုသလဲ မင်းမသေဘူးဆိုတာနဲ့ပဲ မလုံလောက်သေးဘူးလား ဒီမယ်ကောင်လေး မင်းအနေနဲ့ ကမ္ဘာကြီးတခုလုံးကို ကယ်တင်လို့မရဘူးကွ လက်တွေ့မကျတဲ့ အိပ်မက်တွေကို မေ့ထားပြီး ကမ္ဘာလောကကြီးရဲ့ အဆုံးစွန်သော လျှို့ဝှက်ချက်တွေကိုပဲ လေ့လာလိုက်စားစမ်းပါကွာ ဒီလိုမှသာ လူ့ဘဝဆိုတာ တန်ဖိုးရှိတာကွ ဒီပန်းဟာ အင်မတန်ရှားပါးတဲ့ ကုန်ကြမ်းတမျိုး ဒီတော့ ဆေးတဖုံဖော်စပ်ရုံလောက်ပဲ သုံးမယ်ဆိုရင် သိပ်ပြီး ရူးမိုက်ရာကျနေမှာပေါ့ ဒီကုန်ကြမ်းကို လိုအပ်နေတဲ့ တခြား အဆင့်မြင့်ဆေးဝါးတွေ အများကြီးပဲ ရှိနေသေးတယ်ကွ"

ဆရာကြီးဖန်း၏ စကားကို ကြားလိုက်ရသောအခါ စုချန်းက သားရဲသတ္တဝါဆိုး၏ သွားကိုကောက်ကိုင်ပြီး လက်ဖဝါးကို ခြစ်လိုက်၏။ ဓားသွားပမာ ထက်ရှနေသော သွားကြောင့် စုချန်း၏ လက်ဖဝါးတွင် သွေးစီးကြောင်းတခု ပေါ်ပေါက်လာသည်။ ထို့နောက် သူက တင်းမာပြတ်သားသော လေသံနှင့် ပြောလိုက်သည်။

"ခင်ဗျားရဲ့စကားကို ကြားလိုက်တော့ ကျုပ်အဖို့ အလောင်းကာင်ဝိညာဉ်ပန်းကို ကျုပ်လက်ထဲမှာပဲ ထိန်းသိမ်းထားဖို့ ပိုပြီး သေချာသွားစေတယ် ထပ်ပြောရရင် ဒီပန်းကို ဝိညာဉ်ငြိမ်းချမ်းခြင်းဆေးဝါး ဖော်စပ်ဖို့အတွက်ပဲ ကန့်သတ်အသုံးပြုရမယ်"

"ခွေးမသား"

ဆရာကြီးဖန်းက အကြီးအကျယ် ဒေါသထွက်သွားသော ဟန်ပန်နှင့် ဆဲဆိုလိုက်သည်။ ထို့နောက် သူက အော်ဟစ်ပြောဆိုလိုက်၏။

"ဒီအတ်ိုင်းသာဆိုရင် ဘာဖြစ်လို့များ ကျုပ်ကို ဒီနေရာ လာခိုင်းသေးလဲ ဘာမဟုတ်တဲ့ ဝိညာဉ်ငြိမ်းချမ်းခြင်းဆေးနည်းနည်းလောက်နဲ့ တကူးတက လာနေစရာလားကွ"

စုချန်းက ဖြတ်ခနဲ ပြန်ပြောလိုက်သည်။

"ခင်ဗျားပြောတာ ဒီတခါတော့ မှန်သွားပြီ"

"ဘာပြောတယ်ကွ"

ထိုအခါ စုချန်းက

"ဟုတ်တယ် ခင်ဗျား ဒီနေရာမှာ ဆက်နေစရာ ဘာအကြောင်းမှ မရှိတော့ဘူး"

စကားအဆုံးတွင် စုချန်းက လက်တဖက်ကို လှုပ်ရှားလိုက်ရာ သူ့လက်ထဲရှိ သားရဲသတ္တဝါဆိုး၏ သွားသည် ဆရာကြီးဖန်း၏ လည်မျိုအတွင်းသို့ စိုက်ဝင်သွားတော့သည်။

All Chapters