ထိန်းချုပ်မှုအောက်ဝယ်
Vol. 12 Ch. 114
ဆရာကြီးဖန်းသည် သူ၏ လည်မျိုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း ၎င်း၏ လက်ချောင်းများကြားမှ သွေးများတသွင်သွင် စီးကျလာကုန်၏။ သူသည် စုချန်းကို သွေးရူးသွေးတန်းနှင့် စိုက်ကြည့်နေ၏။ သူ့မျက်လုံးများမှာကား ပြူးကျယ်ဝိုင်းစက်နေလေသည်။ အတန်ကြာသော် သနားစရာ အဖိုးအိုသည် မြေကြီးပေါ်သို့ တအိအိနှင့် လဲကျသေဆုံးသွားလေတော့သည်။
မင်းဘာလုပ်လိုက်တာလဲ!!!
မထင်မှတ်ပဲ အဖြစ်ဆိုးသွားရှာသော ဆရာကြီးဖန်းကို ကြည့်ရင်း အကြီးအကဲစန်းက ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်၏။ သူအော်လိုက်သည်နှင့် တပြိုင်နက် တခြားလူများလည်း အခန်းတွင်းသို့ ပြေးဝင်လာကြ၏။ သွေးအိုင်ထဲ၌ လဲကျသေဆုံးနေသော ဆရာကြီးဖန်းကို မြင်သောအခါ သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။ ထိုအခိုက်မှာပင် စုချန်းက ပြောလိုက်သည်။
"ခင်ဗျားတို့အနေနဲ့ အဂ္ဂိရတ်ပညာရှင် အသစ်တယောက် လိုအပ်သွားပြီနဲ့ တူတယ် ခင်ဗျားတို့ လိုအပ်နေတဲ့ ပညာရှင်ဟာ ကျုပ်ပဲ သေချာပေါက် ဖြစ်မယ်ထင်တယ်"
အာရွန်ကား အကြီးအကျယ် ဒေါသထွက်ကာ ကြိမ်းမောင်းတော့သည်။
"ဒီလို့အဆင့်အတန်း ပညာရှင်တယောက် ဖြစ်လာဖို့ ငွေတွေ စွမ်းအားတွေ ဘယ်လောက်ထိ အကုန်ခံပြီး လေ့ကျင့်ခဲ့ရတယ်လို့ မင်းထင်သလဲ ပါရမီရှင်တယောက်ဆိုရင်တောင် ထောင်သောင်းနဲ့ ချီတဲ့ မူလကျောက်တုံးတွေကို မဖြုန်းတီးပဲ ဒီလိုအဆင့်ကို ရောက်မလာနိုင်ဘူးကွ"
ထိုစကားကို ကြားလိုက်သည်နှင့် စုချန်း၏ မျက်နှာပေါ်တွင် အလွန်တရာ ချိုသာလှသော အပြုံးတခု ပေါ်လာ၏။ ထို့နောက် သူကပြောလိုက်သည်။
"ကျုပ်ကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ ခုမှပဲ ကျေးဇူးတရားအကြောင်းကို ကျုပ်တို့တခါမှ ကောင်းကောင်း မဆွေးနွေးရသေးတာကို သတိရလာတယ်ဗျ ကျုပ်ရဲ့ကျေးဇူးတရားကို ဒီလုပ်ရပ်နဲ့ပြန်ဆပ်ဖို့ ခင်ဗျားတို့ဘာကြောင့် မစဉ်းစားတာလဲ"
စုချန်း၏ စကားမှာကား မဆုံးသေး။ သူက အကြီးအကဲစန်းကို စိုက်ကြည့်ရင်း ဆက်လက်ပြောဆိုလိုက်သည်။
"ကျုပ်ကို အဂ္ဂိရတ်ပညာရှင်တယောက် ဖြစ်လာအောင် လေ့ကျင့်ပေးခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှုရဲ့ အပိုဆုအဖြစ် ချီးမြှင့်ပေးလိုက်ရင် ဘယ်လိုနေမလဲ ဝိညာဉ်မြှုပ်နံခြင်းဆိုင်ရာ တံခါးပေါက်အတွင်းမှာ ရှိတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ရင်တော့ ကျုပ်တို့ အရင်သဘောတူထားတဲ့ အတိုင်းပဲပေါ့ ကနဦး ခင်ဗျားတို့ ပြောဆိုထားတဲ့ ပစ္စည်းတွေဟာ ခင်ဗျားတို့အပိုင် ဖြစ်မယ် ဒီပစ္စည်းတွေကလွဲလို့ ကျန်တဲ့ ကျုပ်ရှာဖွေတွေ့ရှိသမျှတွေကတော့ ကျုပ်အပိုင်ပဲပေါ့"
အကြီးအကဲစန်းမှာကား စုချန်းကိုကြည့်ရင်း စိတ်ဆိုးရအခက် ဒေါသထွက်ရအခက် ဖြစ်နေရှာ၏။ စုချန်းအနေနှင့် ဆရာကြီးဖန်းကို ရုတ်တရက် သတ်ဖြတ်ပြီး ဤမျှ မြင့်မားသော ဈေးနှုန်းမျိုး တောင်းဆိုလိမ့်မည်ဟု သူ့အနေနှင့် လုံးဝမျှော်လင့်မထားချေ။ သို့သော်ငြားလည်း သူ့အနေနှင့် မဖြစ်မနေ ဝန်ခံရမည်မှာ စုချန်း တောင်းဆိုသော ဈေးနှုန်းသည် ရှင်သန်ခြင်းကျောင်းတော်၏ လိုက်လျောပေးနိုင်သည့် အခြေအနေနှင့် နီးစပ်နေပြီး လက်ခံစဉ်းစားစရာ ကောင်းနေသည်ကတော့ အမှန်ပင်။
စုချန်းအနေနှင့် အလောင်းကောင်ဝိညာဉ်ဆေးဝါးကို သူ့လက်ဝယ်တွင် သိမ်းဆည်းထားလိုက်ခြင်းအားဖြင့် သူ၏ အသက်အန္တရာယ်အတွက် အာမခံချက်တခု ရသွားသလို ထိုပန်းကိုအသုံးချ၍ တခြားလူများအား ဒုက္ခပေးမည်ကိုလည်း စိတ်ပူနေစရာ မလိုတော့ပေ။ အကယ်၍ ရှင်သန်ခြင်းကျောင်းတော်အနေနှင့် လိုအပ်နေသော ဆေးဝါးများကို မြန်မြန်ဆန်ဆန် ရယူလိုပါက စုချန်းကို ထိပ်တန်းအဂ္ဂိရတ်ပညာရှင်တယောက် ဖြစ်လာအောင် မြေတောင်မြှောက်ပေးရုံသာ ရှိလေတော့သည်။
တချိန်က အကြီးအကဲစန်းသည် အင်အားကြီးမားသူသာ ရှင်သန်ခြင်းကျောင်းတော်၏ မဟာမိတ်ဖြစ်ခွင့်ရှိသည်ဟု ပြောကြားခဲ့ဖူး၏။ ဤနေရာတွင် စုချန်းမှာကား ခြွင်းချက်ပင် ဖြစ်သည်။ သူ့အနေနှင့် ပေါလျှံကြွယ်ဝသော ဥစ္စဓနများ မရှိသလို ခွန်အားအရာတွင်လည်း ချီစွမ်းအားပညာရှင်အဆင့်မျှသာ ဖြစ်သည်။ သို့သော် သူ့ပါရမီအရ ဝိညာဉ်ငြိမ်းချမ်းခြင်းဆေးဝါးကို ဖော်စပ်နိုင်မည်မှာကား သေချာနေ၏။ သို့သော်ငြားလည်း အဂ္ဂိရတ်ပညာရှင်တယောက်ဟူသည် အသိပညာများမှာ တိုးထွက်လာသော သစ်ပင်တမျိုးမဟုတ်။ ကိုယ်တ်ိုင် လေ့ကျင့်ယူရသည့် အရာမျိုး ဖြစ်သည်။
စုချန်းအနေနှင့် ဘဝတခုလုံးနှင့် ရင်းပြီး အလောင်းအစား ပြုလုပ်ရမည့်အနေအထားမျိုးတွင် သူ၏ တောင်းဆိုချက်မှာ သိပ်များလှသည်ဟုတော့ မဆိုသာ။ အကယ်၍ ဘာရွန် သို့မဟုတ် တခြားလူများသာ သူတို့ရသင့်ရထ်ိုက်သော ဝေစုနှင့် ပတ်သက်၍ ရှင်သန်ခြင်းကျောင်းတော်ကသာ မတရားပြုလုပ်သည်ဟု ယူဆလာပါ ချက်ချင်းလိုလိုပင် လမ်းခွဲလိုက်မည်သာ။ သို့မှသာ သူတို့သည် ရှင်သန်ခြင်းကျောင်းတော်၏ သားကောင်းများမဟုတ်ဟု ယူဆကာ စိတ်သက်သာရနိုင်မည် မဟုတ်ပါလား။
ကွင်းဆက်အားလုံး သူ့နေရာနှင့်သူ နေရာတကျ ရှိသွားပြီးနောက် ပြသနာများအားလုံးသည် ရှင်းလင်းသွားခဲ့လေပြီ။
စုချန်းအနေနှင့် ဤကိစ္စကို ရှေးယခင်ကတည်းက ကျကျနန ကြိုတင်ကြံစည်ထားခဲ့သည်ဟု ဆိုလျင် သူ့ညဏ်ရည်ညဏ်သွေးနှင့် ပြတ်သားမှုသည် ချီးကျူးစရာ ကောင်းချင်မှ ကောင်းနေပေလိမ့်မည်။ သို့သော် စေ့စပ်ညှိနှိုင်းနေစဉ်ကာလအတွင်း အရာအားလုံးသည် လျင်လျင်မြန်မြန်ပင် ဖြစ်ပေါ်လာခဲ့၏။ စုချန်းသည် ဤနေရာတွင် ဆရာကြီးဖန်းနှင့် တွေ့ဆုံမည်မှန်း ကြိုတင်သိရှိထားခြင်းမရှိသော်လည်း အခြေအနေပေါ် မူတည်ပြီး ဆရာကြီးဖန်းအား သတ်ပစ်ရန် မြန်မြန်ဆန်ဆန်ပင် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်လေသည်။ ဆရာကြီးဖန်းကို မကူညီနိုင်လိုက်သော်လည်း အကြီးအကဲစန်းကိုယ်တိုင် စုချန်း၏ အခြေအနေကို သုံးသပ်န်ိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုကို မချီးကျူးပဲ မနေနိုင်တော့။
ထိုအခါ အကြီးအကဲစန်းက ခေါင်းကို ဆတ်ခနဲညိတ်ရင်း ပြောလိုက်သည်။
"မင်းသားလေးစုရဲ့ ခွန်အားက ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်မှာပဲ ရှိနေသေးပေမဲ့ ညဏ်ရည်ညဏ်သွေးကတော့ တကဲ့ ဒိပ်ဒိပ်ကြဲပဲ ဒီတော့ ခုချိန်ကစပြီး မင်းသားလေးစုဟာ ရှင်သန်ခြင်းကျောင်းတော်ရဲ့ တရားဝင် မဟာမိတ်တယောက် ဖြစ်သွားပါပြီ... ဟဲ ဟဲ ဟဲ ရယ်စရာတော့ကောင်းသား...ရှင်သန်ခြင်းကျောင်းတော်ရဲ့သမိုင်းမှာ ဘယ်ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်က ပညာရှင်မှ ကျောင်းတော်ရဲ့ မဟာမိတ်မဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ"
ထိုစကားကို ကြားလိုက်ရသောအခါ စုချန်းတယောက် အားရပါးရ ရယ်မောလိုက်တော့သည်။
အကြီးမားဆုံးကိစ္စကို ပြေလည်အောင် ညှိုနှိုင်းပြီးနောက် ကျန်သော ကိစ္စများအားလုံးမှာကား မည်သည့်နည်းနှင့် ဝိညာဉ်မြှုပ်နှံခြင်းဆ်ိုင်ရာ တံခါးပေါက်အား ဝင်ရောက်မည်နည်း၊ ထိုပစ္စည်းများအား မည်သည့်နည်းလမ်းနှင့် အပြင်သို့ ထုတ်ယူမည်နည်း စသော အပရိက ကိစ္စများသာ ဖြစ်တော့သည်။ ထို့နောက်တွင်ကား ကျန်ရှိသော အရေးကြီးသည့် တခုတည်းသော ပြသနာဟူ၍ ပဋိပက္ခများ ဖြစ်ပေါ်မလာစေရန် မည်သည့်နည်းလမ်းနှင့် ချည်းကပ်မည်ဟူသော မေးခွန်းသာ ကျန်ရှိတော့သည်။
ထို့နောက်တွင်ကား စုချန်းနှင့် အကြီးအကဲစန်းတို့သည် စီမံကိန်း၏ နောက်တဆင့်ကို ကျကျနန ဆွေးနွေးပြီး အခန်းတွင်းမှ အတူတကွ ထွက်ခွာသွားကြလေ၏။ အခန်းတွင်း၌ ဆရာကြီးဖန်း၏ ရုပ်အလောင်းသာလျင် ကျန်ရှိတော့သည်။ သူလည်း သိပ်တော့မကြာလှ။ မကြာမီပင် အစေခံတယောက်သည် အခန်းတွင်းသို့ ဝင်လာပြီး ပေကျံနေသော သွေးများအား သုတ်သင်ရှင်းလင်းကာ ဆရာကြီးဖန်း၏ ရုပ်အလောင်းအား ခွေးစာကျွေးရန် သယ်ဆောင်သွားတော့သည်။
အရာအားလုံးသည် ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်လျက် ရှိလေသည်။
_______________×××_______________×××___________
ကျေနပ်အားရဖွယ်ရာရှိသော စီမံကိန်းတခု ရရှိလာအောင် အကြီးအကဲစန်းနှင့် အချိန်ကြာမြင့်စွာ စကားပြောဆိုပြီးနောက် စုချန်းတယောက် ပြန်လာခဲ့၏။ သူ့လက်ထဲတွင်ကား မူလစွမ်းအင်ပုံစံ အပိုင်းအစများနှင့် ပတ်သက်သည့် သင်ရိုးညွန်းတမ်းတခုသာမက ဆရာကြီးဖန်း၏ အလုပ်စားပွဲ၊ ထိုအလုပ်စားပွဲပေါ်ရှိ စမ်းသပ်ကိရိယာများနှင့် စမ်းသပ်ချက်ဆ်ိုင်ရာ မှတ်စုများ ပါလာခဲ့၏။ မူလစွမ်းအင်ပုံစံ အပိုင်းအစများနှင့် ပတ်သက်သည့် သင်ရိုးညွန်းတမ်းသည် စုချန်းအတွက် လက်ဆောင်ဖြစ်ပြီး ကျန်ပစ္စည်းများမှာကား သဘောတူညီချက်၏ ရလဒ်များဖြစ်သည်။ စုချန်းအား ဆရာကြီးအဆင့် အဂ္ဂိရတ်ပညာရှင်တယောက် ဖြစ်စေရန် လေ့ကျင့်သင်ကြားခြင်း သို့မဟုတ် ရှင်သန်ခြင်းကျောင်းတော်၏ ကျေးဇူးဆပ်ခြင်းသည် ဤနေရာမှ စတင်ခဲ့လေပြီ။
ထိုမျှသာမကသေး သူသည် လင်မျိုးနွယ်စုနှင့် ပတ်သက်၍ သေးငယ်သော တောင်းဆိုချက်တခုကို ပြုလုပ်ခဲ့သေး၏။ ထိုတောင်းဆိုချက်မှာ လင်မျိုးနွယ်စုနှင့် ပတ်သက်၍ ဆူဆူပူပူ ဖြစ်ရန်များကို ရှင်သန်ခြင်းကျောင်းတော်က ဖန်တီးပေးရန် ဖြစ်သည်။ လုပ်ကြံသတ်ဖြတ်သည့် အစီအစဉ်အား အခြားသူတဦးဦးက ဆက်လက်ဆောင်ရွက်သွားပေလိမ့်မည်။ လုပ်ကြံသူ မည်သူမည်ဝါ ဖြစ်ကြောင်းကိုကား ရှင်သန်ခြင်းကျော်းတော်အနေနှင့် သိရှိရန် မလိုအ်ပေ။
စုချန်း၏ တောင်းဆိုချက်ကို ကြားသိလိုက်ရသောအခါ အကြီးအကဲစန်းသည် အနည်းငယ် အံ့သြသင့်သွား၏။ ယခင်က သူတို့သည် မြောက်ပိုင်းမြို့တော်ရှိ သူတို့အကြံအစည်များအတွက် လင်မျိုးနွယ်စုကို အသုံးချရန် ကြံစည်ခဲ့ကြသည် မဟုတ်ပါလား။ အခြေအနေတခုလုံးသည် ပြောင်းပြန်လှန်ပစ်သကဲ့သို့ ပြောင်းလဲသွားမည်ဟု အကြီးအကဲစန်းအနေနှင့် လုံးဝ မမျှော်လင့်ထားခဲ့ချေ။
နောက်တချက်မှာ လင်မျိုးနွယ်စုဟူသည် ဆရာကြီးဖန်းနှင့်စာလျင် ကုန်ကြမ်းအဆင့်သာ ရှိ၏။ ထို့ကြောင့် လင်မျိုးနွယ်စုအား အသုံးချမည့်အကြံအစည်ကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် ရှင်သန်ခြင်းကျောင်းတော်အနေနှင့် ဆုံးရှုံးမှုမှာ သိပ်မကြီးမားလှ။ ထိုအခါ အကြီးအကဲစန်းသည် ထိုကိစ္စအား အခမဲ့ကူညီရန်ပင် ဆန္ဒရှိသော်လည်း စုချန်းက လက်မခံခဲ့။ သူသည် ထိုက်သင့်သော တန်ရာတန်ကြေးကို ပေးချေခဲ့လေသည်။
သို့သော်ငြားလည်း လင်အိမ်တော်ကို ပွက်လောရိုက်အောင် ပြုလုပ်ရသာ ကိစ္စမှာ အပရိကသာ ဖြစ်လေရာ စုချန်းအနေနှင့် ထိုကိစ္စအတွက် ငွေကြေးအများကြီး ကုန်ကျနေစရာတော့မလို။ အကြီးအကဲစန်းက သဘောကောင်းစွာဖြင့် လင်ယဲ့မွှားကိုပါ တခါတည်း သတ်ဖြတ်ပေးရန် လောကဝတ်ပြုသေးသာ်လည်း စုချန်းက ထိုကိစ္စကို ငြင်းပယ်လိုက်၏။ သူ့စိတ်ထဲတွင် လင်ယဲ့မွှားကို လက်စတုံးရန် အကောင်းဆုံးသော လူသတ်သမားသည် လင်ကျင်းချွင်းဟု ယုံကြည်ထားသည် မဟုတ်ပါလား။
အမှန်တကယ်လည်း လင်ကျင်းချွင်းသည် စုချန်းကို စိတ်မပျက်စေခဲ့ပေ။
ဒတိယမြောက် ညနေခင်းတွင်ကား လင်ကျင်းချွင်းသည် စိုးရိမ်ပူပန်ခြင်း၊ ကြောက်လန့်ခြင်းတို့ကြောင့် ဂဏာမငြိမ် ဖြစ်နေရှာ၏။ နောက်ဆုံးတွင် သူသည် ဆုံးဖြတ်ချက်တရပ်ကို ခိုင်ခိုင်မာမာ ချမှတ်လိုက်တော့သည်။ ဤဆုံးဖြတ်ချက်ကြောင့် အနာဂတ်တွင် သူသည် စုချန်း၏ ချုပ်ကိုင်မှုအောက်သို့ ကျရောက်သွားနိုင်ကြောင်း သဘောပေါက်ထားသာ်လည်း သူ့အနေနှင့် နောက်ထပ်ရွေးစရာ လမ်းမရှိတော့။ သူသည် လင်ယဲ့မွှား မဟုတ်သလို ၎င်းကဲ့သို့ သူ့ကို ထောက်ပံ့ပေးမည့် ဖခင်လည်းမရှိ။ သူသည် လင်မျိုးနွယ်စု၏ ဆွေမျိုးနီးစပ်သူ အဆင့်မျှသာ ရှိ၏။ ထို့ကြောင့် လက်ရှိအနေအထားသို့ ရောက်ရှိလာအောင် သူ့အနေနှင့် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရ၏။ လက်ရှိအနေအထားကို မစွန့်လွှတ်လိုလျင် သူ့အတွက် ရွေးစရာတလမ်းသာ ကျန်ရှိတော့သည်။ ၎င်းမှာ လင်ယဲ့မွှားကို လုပ်ကြံသတ်ဖြတ်ပြီး သူ၏ ဦးခေါင်းကို စုချန်း လက်အတွင်းသို့ ထည့်ပေးလိုက်ရန်သာ ဖြစ်သည်။
လင်ကျင်းချွင်း၏ အညံ့ခံမှုနှင့်အတူ စုချန်း၏ အစီအစဉ်သည် စနစ်တကျ အကောင်အထည် ပေါ်လာတော့သည်။
တတိယမြောက်ညတွင် လင်ယဲ့မွှားတယောက် လင်အိမ်တော်သို့ ပြန်လည်ရောက်ရှိလာ၏။ ထိုညတွင် လေသည် ပြင်းပြင်းထန်ထန် တ်ိုက်ခတ်လျက်ရှိပြီး ကောင်းကင်တခွင်လုံး မဲမဲမှောင်နေ၏။ မီးရှို့သတ်ဖြတ်မှုများ ဖန်တီးရန် အကောင်းဆုံးသော အနေအထားပေတည်း။
စုချန်းသည် မြောက်ပိုင်းမြို့တော်၏ တောင်ဘက်ခြမ်း တောင်ကုန်းလေးတခု၏ ထိပ်တွင်မတ်တပ်ရပ်လျက် ရှိသည်။ သူသည် မီးထိန်ထိန်လင်းလျက်ရှိသော လင်အိမ်တော်ကို အပေါ်စီးမှ အကဲခတ်နေခြင်း ဖြစ်သည်။
ထိုအချိန်တွင် အမှောင်ထု၏ အားသာချက်ကို ရယူလျက် လူတစုသည် လင်အိမ်တော်အနီးသို့ တိတ်ဆိတ်စွာ ချည်းကပ်လျက်ရှိသည်။ တချိန်တည်းမှာပင် လင်မျိုးနွယ်စုဝင် တယောက်သည်လည်း ထူးဆန်းသော ရည်ရွယ်ချက်နှင့် တစုံတရာကို စောင့်ဆိုင်းလျက် ရှိလေ၏။
"မင်းသိလား ခုချိန်မှာ ငါ တခုခု တွေးမိတယ်ကွ"
တောင်ထ်ိပ်ပေါ်မှ အောက်ကို ငေးကြည့်လျက် စုချန်းက ပြောလိုက်သည်။ သံမဏိကား ပါးစပ်ကို တင်းကျပ်စွာ စေ့ထား၏။ စုချန်းက သူ့စကားကိုသူ ဆုံးအောင်ဆက်ပြောမည်ဖြစ်ကြောင်း သူသိရှိသောကြောင့် ဖြစ်သည်။ အမှန်တကယ်လည်း စုချန်းက စကားဆက်လာ၏။
"ငါဟာ ရှင်သန်ခြင်းကျောင်းတော် အဖွဲ့သားတွေကို လင်အိမ်တော်ကို နှောင့်ယှက်ဖို့ အကူအညီတောင်းခဲ့တယ် ဒါပေမဲ့ ဒီထက်ရိုးရှင်းအောင်လုပ်ပြီး လင်ချူးယွဲ့နဲ့ ပိုင်လိတို့ကိုပါ တခါတည်း သတ်ခိုင်းလို့ရနေသားပဲ ယုတ်စွအဆုံး လင်ချိန်းယွင်လို အဆင့်မျိုးကိုပါ ရှင်းခိုင်းလို့ရတယ် ဒါဆိုရင် ခုထက်ပိုပြီး ရိုးရှင်းမသွားပေဘူးလား ခုထက်ပိုပြီး ခွန်အားကို ချွေတာရာ မရောက်ပေဘူးလား"
မေးခွန်းမှာ သံမဏိအတွက် ရှုပ်ထွေးလှ၏။ ထိုအခါ သံမဏိက ခေတ္တမျှ စဉ်းစားရင်း ပြောလိုက်သည်။
"ကျွန်တော် မသိပါဘူး သခင် ဒါပေမဲ့ လူတွေကို သတ်ဖြတ်တာဟာ သိပ်တော့ အဓိပ္ပါယ်မရှိဘူးလို့ ခံစားရတယ် ဘယ်လိုပဲဖြစ်ဖြစ် လူတွေ များများစားစား မသေဘူးဆိုရင်တော့ ပိုကောင်းတာပေါ့"
စုချန်း အားရပါးရ ရယ်မောလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"တကယ်လို့ တယောက်ယောက်က မင်းကို သတ်ချင်တယ် ဆိုရင်ကောကွာ"
သံမဏိက ခေါင်းကုတ်ရင်း ပြောလိုက်သည်။
"သခင်က ကျွန်တော့ကို ပျံသန်းနေသောလေကိုယ်ခန္ဓာနည်းစနစ်နဲ့ သံတောင်တောင်းအကာအကွယ် တို့ကို သင်ပေးထားတယ် ဒါ့အပြင် ကျွန်တော့မှာ ရွှေရောင်ဝတ်စုံလည်း ရှိနေတော့ ကျွန်တော့အနေနဲ့ အလွယ်တကူတော့ မသေနိုင်ဘူး ထင်တာပဲ"
သံမဏိ၏ စကားမှာ အတော်လေး သဘာဝကျနေ၏။ ထိုအခါ စုချန်းက နောက်တကြိမ် ရယ်မောလိုက်ပြန်သည်။
ထိုအခိုက်မှာပင် အောက်ဘက်ဆီမှ ကမ္ဘာပျက်တမျှ ကျယ်လောင်သော အသံများ ဖြစ်ပေါ်လာပြီး လင်အိမ်တော်မှာလည်း မီးများ ဟိုမှသည်မှ တောက်လောင်လျက်ရှိသည်။ လူသတ်သမားများသည်ကား ထိုအခွင့်အရေးကို အမိအရယူကာ ပီပြင်စွာ လှုပ်ရှားနေကြလေသည်။
စုချန်းသည် အောက်ဖက်ဆီမှာ ဖရိုဖရဲမြင်ကွင်းများကို စူးစိုက်ကြည့်ရှုနေ၏။ သူ့မျက်လုံးများမှာကား ကောင်းကင်ယံမှ ကြယ်ပွင့်လေးများကဲ့သို့ တဖြတ်ဖြတ် လင်းလက်တောက်ပနေလေသည်။
ထို့နောက် သူက ပြောလိုက်သည်။
"မင်းပြောတဲ့အထဲမှာ တခုကတော့ အင်မတန် မှန်တယ် လူတွေကို သတ်ရတာဟာ တကယ် အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ပဲကွ"