သတ်ခြင်း
Vol. 3 Ch. 276
အပ်ကျသံပင် ကြားရလောက်အောင် တစ်ခန်းလုံး တိတ်ဆိတ် သွား၏။
လူတိုင်းက နင်းယွမ်ဟူ ခေါ်လိုက်သော ဆရာချန်းကို လှည့်ပတ် ရှာလိုက်သည်။ ယနေ့ည၌ ချန်းနာမည်ပါသော အလွန်ချမ်းသာသည့် သူဌေးကြီး တစ်ယောက်အား နင်းရှန်းချန်က ဖိတ်ထားခြင်း ဖြစ်နိုင်သည်။
သူတို့၏ အကြည့်များ အောက်တွင်ပင် နင်းယွမ်ဟူက ချန်းဖန်ရှိရာသို့ လျှောက်လာလိုက်ကာ နှစ်ဖက်အား လူငယ်ထံ ကမ်းပေးရင်း…
"ဆရာချန်း … ကျွန်တော့်ရဲ့ စားသောက်ပွဲကို လာမယ်လို့ မထင်ထားခဲ့ဘူးဗျာ။ ဒါက ကျွန်တော့ကို အကြီးအကျယ် ဂုဏ်ပြုလိုက်တာပါပဲ…"
ချန်းဖန်က အေးဆေးစွာပင် လက်တစ်ဖက်ကို ပြန်ကမ်းပေးကာ နှုတ်ဆက် လိုက်သည်။ နင်းယွမ်ဟူက ချန်းဖန်၏ အေးစက်သော ပုံစံကို ကြည့်ကာ ဆရာချူးအား မေးခွန်းမေးဟန် လှမ်းကြည့်သည်။
ဆရာချူးက ရှေ့သို့ အနည်းငယ် ဆိုးလိုက်ကာ ရိုသေစွာဖြင့်…
"ဆရာချန်း … သူက ဟွာရီဖျော်ဖြေရေး ကုမ္ပဏီရဲ့ ပိုင်ရှင် ဆရာနင်းပါ။ သူက ဆရာချန်းကို အရမ်း လေးစားပြီး တွေ့ချင်နေတာပါ…"
"ဟုတ်ပါတယ်… ဆရာချန်း။ ကျွန်တော့်ကို ရှောင်နင်လို့သာ ခေါ်ပါ…"
နင်းယွမ်ဟူက အပြုံးဖြင့် ပြောလိုက်သည်။ ချန်းဖန်မှာ သူ့အတွက် အလှမ်းမမီသော အရာ ဖြစ်သည်။ အကယ်၍ ချန်းဖန်သာ အလိုရှိလျှင် သူ၏ အပျိုစင်သမီးကိုပင် ကမ်းလှမ်းလိမ့်မည် ဖြစ်သည်။ အခန်းထဲရှိ လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန် အံ့အားသင့် နေကြသည်။
နင်းရှန်းချန်ပင်လျှင် ရှော့ခ်ရနေခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများကိုပင် သူ မယုံကြည်နိုင်ပေ။
"ဒါ… ဒါက ဖြစ်နိုင်လို့လား။ ချန်းဖန်က ငါ့အဖေကို သိတာလား။ ဘာလို့ အဖေက ချန်းဖန်ကို အရမ်း ဖားနေရတာလဲ။ ဘာတွေ ဖြစ်နေတာလဲ"
ကျိုးချင်းရ၊ ချင်းလုလု၊ ချင်ရီလန်းနှင့် ယန်ချင်းချင်းတို့ အားလုံးမှာလည်း ကြက်သေသေ နေကြသည်။
"ဒက်ဒီ…"
နင်းရှန်းချန်က နားမလည်စွာဖြင့် သူ၏ အဖေကို ခေါ်လိုက်သည်။ နင်းယွမ်ဟူမှာ သူ၏ သားကို ယခုမှ မြင်သည်။ သူက နင်းရှန်းချန်ကို ဆွဲခေါ်လိုက်ပြီး…
"ဆရာချန်း … ဒါက ကျွန်တော့်သားလေးပါ။ နင်းရှန်းချန်လို့ ခေါ်ပါတယ်။ ရှန်းချန် … ဒါက ကျန်းလုပ်ငန်းစုရဲ့ ပိုင်ရှင်အသစ်ပဲ။ ဟောင်ကောင်ရဲ့ ဘီလျံနာအသစ်လို့ ပြောရမှာပေါ့။ မစ္စတာ ချန်းပေ့ရွှမ်းလို့ ခေါ်တယ်။ မင်း သူ့ကို အန်ကယ်ချန်းလို့ ခေါ်လို့ရတယ်…"
ဟောင်ကောင်ရဲ့ ဘီလျံနာ အသစ် ...
ချန်းပေးရွှမ်း …
ချန်းဖန်ဆိုသော အမည်ကို လူတိုင်စ မကြားဖူးကြသည့်တိုင် ချန်းပေ့ရွှမ်း ဆိုသော အမည်ကိုမူ သူတို့ ကောင်းစွာ သိသည်။ လူများကြား၌ ဆူညံသံများ ပွက်လောရိုက် သွားသည်။ ယခုကဲ့သို့ ဂန္ထဝင် ပုဂ္ဂိုလ်ကြီးကို တွေ့ရလိမ့်မည်ဟု သူတို့ မမျှော်လင့် ထားခဲ့ချေ။
"သူက ကျန်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို အကြွေးနဲ့ သိမ်းခဲ့တဲ့ တစ်ယောက်ပဲ…"
"သူက ကျိုးတချီကိုတောင် သတ်လိုက်တယ်တဲ့။ သူက တကယ့် သေမင်းနော်…"
"အဲဒါ သူပဲ။ ငါ သူ့ရုပ်ကို မမြင်ဖူးပေမဲ့ သူဌေးနင်းကတော့ မှားမှာ မဟုတ်ဘူး။ ချန်းပေ့ရွှမ်းက အရမ်းငယ်တယ်တဲ့။ ငါကြားဖူးတယ်။ သူ့လိုမျိုးပေါ့…"
လူများစွာမှာ ချန်းဖန်အား မျက်တောင်ပင် မခတ်ပဲ ကြည့်နေခဲ့ကြ၏။ ထိုကဲ့သို့ ဂန္ထဝင် ပုဂ္ဂိုလ်ကြီးကို တွေ့မြင်ရန်မှာ အလွန်ခက်ခဲသည်။
ချန်းပေ့ရွှမ်း၏ အောင်မြင်မှုများက မနာလို စရာပင်။ ယနေ့ခေတ်တွင် များစွာသော ဘီလျံနာ သူဌေးကြီးများမှာ ထိုကဲ့သို့ အောင်မြင်မှုများ ရရန် နှစ်ပေါင်းများစွာရင်း၍ အလုပ် လုပ်ကြရသည်။ နည်းပညာခေတ်၏ ရှေ့ဆုံးတွင် ရပ်တည်နေသည့် FACEBOOK ကိုအောင်မြင်ရန်ပင် မာ့ဇူကာဘက်မှာ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။
သို့သော်လည်း ချန်းဖန်မှာမူ ကျန်းမိသားစု၏ အောင်မြင်မှုများကို ခဏအတွင်းမှာပင် လွှဲပြောင်းယူကာ ဟောင်ကောင်၏ ထိပ်တန်း သူဌေးတစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏ အသက်က နှစ်ဆယ်ပင် မပြည့်သေးပေ။ ချန်းဖန်နှင့် နှိုင်းယှဉ်ပါက ပါတီသို့ တက်ရောက်လာသူ အများစုမှာ ယွမ်သန်းရာဂဏန်းခန့်သာ ချမ်းသာသူများ ဖြစ်ကြရာ ချန်းဖန်၏ ခြေဖျားကိုပင် မမီကြချေ။
"သူ… သူက ချန်းပေ့ရွှမ်းလား…"
နင်းရှန်းချန်က ချန်းဖန်အား လက်ညှိုးထိုးရင်း မေးသည်။
"သူက မင်းရဲ့ ဦးလေးကွ။ သူ့နာမည်ကို ခေါ်တာ ရိုင်းတယ် နားလည်လား"
နင်းယွမ်ဟူက နင်းရှန်းချန်၏ ခေါင်းကို ရိုက်ကာ ဆူပူလိုက်သည်။ လီရှင်းရုမှာလည်း အစောပိုင်းက ချန်းဖန်အား လှောင်ပြောင်မိသည့်အတွက် နောင်တ ရနေမိသည်။ ကြောက်စိတ်က သူမ၏ ခေါင်းသို့ပင် ရောက်နေခဲ့ပြီ ဖြစ်သည်။ ယန်ချင်ချင်းမှာလည်း သူမ၏ ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ချန်းဖန်အား ကြည့်နေမိခဲ့သည်။ နောက်ဆုံး၌ ချန်းပေ့ရွှမ်းဆိုသော အမည်ကို သူမ မှတ်မိခဲ့ပြီ ဖြစ်သည်။
"ဘာတွေ ဖြစ်နေတာလဲ။ မင်း ဆရာချန်းကို အပြစ် လုပ်ထားတာလား…"
နင်းယွမ်ဟူမှာ အခြေအနေကို အနည်းငယ် အကဲခတ်လိုက်မိပြီ ဖြစ်သည်။ နင်းရှန်းချန်ကာ ခေါင်းကိုသာ ငုံ့ထားသည်။ သူ တစ်ခွန်းပင် ပြန်မပြောရဲချေ။
"သူက ငါ့ကို ဒူးထောက်ပြီး မတောင်းပန်ရင် သင်္ဘောပေါ်က ကန်ချပြီး ဟောင်ကောင်ကို ရေကူးပြန်ခိုင်းမယ်တဲ့…"
ချန်းဖန်က ဘေးနားရှိ စားပွဲမှ အရက်ခွက်ကို ကောက်ယူလိုက်ရင်း ပြောလိုက်သည်။
"မင်း … မင်း အရူးကောင်…"
နင်းယွမ်ဟူ၏ မျက်နှာက ခဏအတွင်းပင် မည်းမှောင်သွားသည်။ သူ၏ မျက်လုံးများမှာ ပြာဝေလာသဖြင့် ဘေးရှိ စားပွဲကို လက်ဖြင့်ကိုင်ကာ အားယူ၍ ရပ်လိုက်ရသည်။ ထိုခွေးကောင်ကား ဆရာချန်းကို စော်ကားခဲ့သည်။ ထိုအကျိုးဆက်ကို သူပင် မတွေးရဲချေ။ ဆရာချန်း ဒေါသ ထွက်လာခဲ့လျှင် မည်သို့ ပြုလုပ်တတ်သည်ကို သူကောင်းကောင်း သိသည်။ ကျန်းမိသားစုမှာ ချန်းဖန်အား စော်ကားမိသောကြောင့် သေသည်ထက် ပိုမိုဆိုးဝါးသော အရာများကို ခံစားခဲ့ရသည်။
"ဆရာ… ဆရာချန်း… ကျွန်တော့်သားကို ခွင့်လွှတ်ပေးပါဗျာ…"
သူက ချန်းဖန်ကို တောင်းပန်ရင်း နင်းရှန်းချန်၏ ခြေထောက်ကို ကန်လိုက်သည်။
"အရူးကောင် … ခုချက်ချင်း ဒူးထောက်ပြီး ဆရာချန်းကို တောင်းပန်စမ်း…"
နင်းယွမ်ဟူက သူ့သား၏ အသက်ကို ကယ်တင်ရန် ကြိုးစားသည်။ သို့သော် နင်းရှန်းချန်က ထိုအရာကို တန်ဖိုးထားပုံ မပေါ်ချေ။
နင်းရှန်းချန်မှာ ရွှေဇွန်းကိုက်၍ မွေးဖွားလာခဲ့သူ ဖြစ်ပြီး အမြဲတမ်း လူတိုင်းကို အထက်စီးမှ နေ၍ ဆက်ဆံခဲ့ရသူ ဖြစ်သည်။ လူများစွာ၏ ရှေ့၌ လူတစ်ယော်ကို ဒူးထောက်၍ တောင်းပန်ရခြင်းမှာ သူ့အတွက် သေသည်ထက် ဆိုးသည်။ နင်းရှန်းချန်က သူ့အဖေ၏ အမိန့်ကို မနာခံပဲ ပြန်အော် လိုက်သည်။
"ဒက်ဒီ … ဘာလို့ လုပ်သင့်တာလဲ ပြောပါဦး။ သူက ကျန်းမိသားစုကို သူက ဆက်ခံခဲ့လို့လား။ သူတို့ရဲ့ လုပ်ငန်းတွေက ဟွာရီဖျော်ဖြေရေးနဲ့ ယှဉ်ရင် ဘာတွေများ သာနေလို့လဲ။ အဲဒီ ခွေးသားကို မတောင်းပန် နိုင်ဘူး…"
"မင်း … မင်း…"
နင်းယွမ်ဟူမှာ ဒေါသ ထွက်လွန်းသဖြင့် အသားများပင် တဆတ်ဆတ် တုန်လာခဲ့သည်။
နင်းရှန်းချန်က ချန်းဖန်ဘက်သို့ လှည့်လိုက်ကာ…
"ချန်းပေ့ရွှမ်း … မင်းကို ငါက အစက မသိလို့ ပြောမိတာ။ မင်းကလည်း ငါ့သူငယ်ချင်းရဲ့ ပါးကို ရိုက်တယ်။ အဲဒါကို ကျေပြီလို့ သဘောထားလိုက်။ ဘယ်လိုလဲ…"
နင်းရှန်းချန်၏ အတွေးတွင်မူ ဟွာရီဖျော်ဖြေရေး လုပ်ငန်းမှာ တရုတ်၏ အကြီးဆုံးများ အနက် တစ်ခု အပါအဝင်ဖြစ်ပြီး ကျန်းမိသားစု၏ လုပ်ငန်းများနှင့် ယှဉ်ပါက အောက်ကျစရာ မရှိပေ။ ချန်းပေ့ရွှမ်းမှာ ချန်းမိသားစု၏ လုပ်ငန်းများကို ဆက်ခံခဲ့သည့်တိုင် သူတို့ထက် သာစရာ အကြောင်း မရှိပေ။ ထို့ကြောင့် ချန်းပေ့ရွှမ်းအား ဒူးထောက် တောင်းပန်ရန် မလိုအပ်ပေ။
သို့သော် နင်းရှန်းချန်မှာ သူ ဆန့်ကျင်နေခဲ့သော သူမှာ မည်သူ ဖြစ်ကြောင်း နားမလည်ခဲ့ချေ။
"ကျေပြီ ဟုတ်လား…"
ချန်းဖန်က အရက်ခွက်ကို မော့သောက်လိုက်ရင်း ပြုံးလိုက်သည်။ ထို့နောက် နင်းရှန်းချန်ကို ကြည့်လိုက်ရင်း…
"မင်းဆီက နောက်တစ်ခွန်း ထပ်ကြားရရင် မင်းကို သတ်မယ်လို့ မပြောခဲ့ဖူးဘူးလား။ အဲဒါက ပြက်လုံး တစ်ခုလို့ ထင်နေတာလား…"
"မင်းက ငါ့ကို သတ်မယ်ပေါ့…"
နင်းရှန်းချန်က လှောင်ရယ် ရယ်လိုက်သည်။ သူက ဟွာရီဖျော်ဖြေရေး၏ ဆက်ခံသူ ဖြစ်သည်။ ထို့အပြင် ယခုကဲ့သို့ လူများစွာရှေ့၌ သူ့ကို သတ်ရန် ခြိမ်းခြောက် နေခြင်းက အမှန်ပင် ရယ်စရာ ကောင်းလွန်းသည်။
"မင်းကိုငါ သတ်မယ်ဆိုရင် တားမယ့်သူ တစ်ယောက်မှ မရှိဘူး…"
ချန်းဖန်က ပြုံးလိုက်သည်။ ထိုခဏတွင်ပင် အဇူရာရောင် အလင်းတစ်ခုက သူ့မျက်လုံးတွင် ဖြတ်ပြေးသွားသည်။
"အိုး… တကယ်ကြီး။ မင်းက ငါ့ကို…"
နင်းရှန်းချန် စကားမဆုံးခင်မှာပင် ဒူးခွေကာ လဲကျ သွားတော့သည်။
"ရှန်းချန်… ဘာဖြစ်တာလဲ…"
နင်းယွမ်ဟူ သူ့သားကို ပြေးပွေ့လိုက်ကာ ခန္ဓာကိုယ်ကို လှုပ်၍ မေးလိုက်သည်။ သို့သော် တုံ့ပြန်မှု မရခဲ့ပေ။
"သူဌေးနင်း … ခင်ဗျားရဲ့သား သေပြီ…"
ချူးယူလင်က လေးပင်စွာ ဝင်ရောက် ပြောလိုက်သည်။
"စိတ်စွမ်းအား အစီအရင်။ ဒါက စိတ်စွမ်းအား အစီအရင်။ သူက နတ်ဘုရား သန့်စင်ခြင်း အဆင့်ကို ရောက်နေပြီလား…"
ချူးယူလင် အတွေးများ ရှုပ်ထွေးနေခဲ့သည်။
နင်းယွမ်ဟူမှာမူ သူ၏ သားငယ် သေဆုံးသွားသည်ကို သဘောပေါက် လိုက်သည်။ သူ၏ မျက်နှာက စာရွက် တစ်ရွက်ကဲ့သို့ ဖြူဖွေးနေခဲ့ပြီး ထိုနေရာတွင်ပင် ငူငိုင်ကာ ထိုင်နေခဲ့သည်။ ဘေးမှ ကြည့်နေကြသူများမှာလည်း ကြောက်လန့်မှုကြောင့် တဆတ်ဆတ် တုန်ရီနေကြသည်။
နင်းရှန်းချန်ကား သေပြီ ဖြစ်သည်။
ဟွာရီ ဖျော်ဖြေရေး၏ ဆက်ခံသူ နင်းရှန်းချန် အသက် မရှိတော့ပေ။
လွန်ခဲ့သည့် တစ်မိနစ်ကပင် နင်းရှန်းချန်မှာ မောက်မာ ဝင့်ကြွားစွာ ပြောဆို နေခဲ့သေးသည်။ ယခုမူ သူ၏ အသက်နှင့် ခန္ဓာက ကွဲကွာ သွားခဲ့ပြီ ဖြစ်သည်။
လူတိုင်းက သာမန်ဆန်သော လူငယ်လေးကို ကြည့်လိုက် ကြသည်။ သူ၏ စွမ်းအားက ချမ်းသာခြင်း၊ အာဏာ ရှိခြင်းများထက် ပို၍ မြင့်သော အဆင့်တွင် ရှိပုံရသည်။ သူက လူတစ်ယောက်၏ အသက်ကိုပင် ပုရွက်ဆိတ်ကဲ့သို့ သဘောထားတာ သတ်ဖြတ်သည်။ ကျန်းမိသားစုနှင့် ပတ်သက်သည့် ကောလာဟလများမှာ မှန်ပုံရသည်။ အဘိုးအိုကျန်းနှင့် ကျန်းအန့်ချီတို့၏ ပုံမှန်မဟုတ်သော အဖြစ်အပျက်က ထိုကောင်လေးနှင့် ဆိုင်ပုံရသည်။
"မင်း ငါ့ကို မစော်ကားခဲ့သင့်ဘူး…"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ အခန်း တစ်ခုလုံးကား လုံးဝ တိတ်ဆိတ် နေခဲ့၏။ တစ်ယောက်မျှ စကား မပြောရဲကြချေ။
***