ပြိုင်ပွဲကျင်းပသည့် နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်း
Vol. 12 Ch. 116
အနီရောင်တောင်ကြောသည် အလွန်ကြီးမားသည့် ကြွေပန်းကန်လုံးကြီးနှင့် တူ၏။ အလွန်ကြီးမားသည့် တောင်တန်းရှည်ကြီးကို တောင်ထွဋ်ပေါင်း ၃၄၂၀တိတိနှင့် ကာရံထားလေရာ ၎င်းကိုကြည့်ရသည်မှာ ဤတောင်ကြောကို ပါးလွှာသော အကာအရံတမျိုးနှင့် ကာရံထားသကဲ့သို့ ထင်ရလေသည်။ ထိုအကာအရံများ၏ အနောက်ဘက်စူးစူးတွင် ကြီးမားပြီး မြင့်မားသော မျှော်စင်ကြီးတခုကို ဆောက်လုပ်ထား၏။
ထိုမျှော်စင်ကို ရုတ်တရက်ကြည့်လျင် ရှည်လျားသော ရွှေရောင်မျှော်စင်ကြီးနှင့် တူလှပြီး မျှော်စင်၏ ရှေ့မှောက်တွင် မြေကွက်လပ်ကြီးတခု ရှိနေ၏။ ရွှေရောင်ကိုယ်ကျပ်ဝတ်စုံများ ဝတ်ဆင်ထားသည့် စစ်သားများသည် နှစ်တန်းစီခွဲလျင် မျှော်စင်ကို ဦးတည်နေသည့် လှေကား၏ တဖက်တချက်တွင် ညီညာစွာ မတ်တပ်ရပ်လျက် ရှိကြကုန်၏။ ထိုသူတို့ကို အနီးကပ်ကြည့်လျင် လူတိုင်းလိုလိုသည် မူလချီစွမ်းအားပညာရှင်များဖြစ်ကြောင်း တွေ့ရှိရပေလိမ့်မည်။
မျှော်စင်၏ ထိပ်ပိုင်းတွင် လသာဆောင်ကြီးတခု ရှိနေ၏။ အတွင်း၌ကား တောင်သုံးလုံးနယ်မြေမှ အထင်ကရ ပုဂ္ဂိုလ်များအားလုံး စုံလင်စွာ ရောက်ရှိနေကြလေသည်။ ထိုလူများမှာ ကောင်းကင်နတ်ဘုရားနန်းတော်၏ ခေါင်းဆောင်ဖြစ်သော လုံဇီချိန်း၊ မြောက်ပိုင်းမြို့တော်၏ ခေါင်းဆောင်ဖြစ်သော ယွဲ့ဝေချုံ၊ တိမ်တိုက်ပန်းပွင့်မြို့တော်၏ ခေါင်းဆောင်ဖြစ်သူ နန်းချိဝေတို့နှင့် အခြား ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြကုန်၏။ ဝေမြစ်ရှိ ယုမျိုးနွယ်စု၊ မြောက်ပိုင်းတောအုပ်ရှိ လျူမျိုးနွယ်စု၊ လှံသုံချောင်းဒေသရှိ ချိန်းမျိုးနွယ်စုတို့အပြင် အခြား မြင့်မြတ်သော မျိုးနွယ်စုတို့လည်း မပျက်မကွက် တက်ရောက်ကြလေသည်။ ထိုမျှသာ မကသေး ဒေသခံ စုမျိုးနွယ်စုနှင့် လင်မျိုးနွယ်စုမှ ထိပ်သီးခေါင်းဆောင်များလည်း စုံလင်စွာ ရောက်ရှိနေကြလေသည်။
ထိုသူများသည် မည်မျှပင် ရာထူးရာခံ မြင့်မားသော ပုဂ္ဂိုလ်များ ဖြစ်စေကာမူ၊ မည်မျှပင် မြင့်မြတ်သော မျိုးနွယ်စုများ ဖြစ်စေကာမူ ယခုအချိန်တွင်ကား သူတို့အားလုံးသည် လူတယောက်တည်းကိုသာ စက်ဝိုင်းသဖွယ် ဝန်းရံလျက် ရှိကြ၏။ ထိုလူသည် သက်လတ်ပိုင်းအရွယ် လူတယောက်ဖြစ်ပြီး သူ၏ စတုရန်းပုံ တိကျစွာ ပေါ်လွင်နေသော မျက်နှာဝယ် အနက်ရောင် ပါးသိုင်းမွှေးများသည် အတန်းသုံးတန်း တန်းလျက် ညီညာစွာ ပေါက်ရောက်နေ၏။ လူတိုင်းလိုလိုသည် ထိုလူအား ပထမဆုံး တွေ့ဆုံမိချိန်ဝယ် တညီတညာတည်း ပေးမိသည့် ထင်မြင်ချက်မှာ ပွင့်လင်းမှုနှင့် ရိုးသားဖြောင့်မတ်မှုပင် ဖြစ်လေသည်။
ထိုလူ၏ အမည်မှာ ကျောက်ယီဖြစ်ပြီး နဂါးကျောင်းတော်၏ ကိုယ်စားလှယ်များအနက်မှ တဦး ဖြစ်သည်။ သူသည်ကား တောင်သုံးလုံးနယ်မြေအတွင်း နဂါးကျောင်းတော်၏ လူရွေးပွဲအတွက် ယခုနှစ်အတွက် အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်၏။ ထိုမျှသာမကသေး သူသည် နဂါးကျောင်းတော်၏ ရွှေရောင်ထောက်ပံ့သူ ဆယ့်ရှစ်ယောက်အနက် တဦးလည်း ဖြစ်နေသေး၏။
ရွှေရောင်ထောက်ပံ့သူဟူသည် ကျောက်သားကျောက်ဆောင်ကြီးများနှင့် ဆင်တူ၏။ အကယ်၍ သူသည် နဂါးကျောင်းတော်၏ အခြေခံအုတ်မြစ် ဖြစ်နေခဲ့လျင် လောင်စန်းနိုင်ငံတော်၏ အခြေခံအုတ်မြစ်လည်း ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သူ့တွင် တရားဝင် ရာထူးဟူ၍ မရှိသော်လည်း သူ့အဆင့်အတန်းမှာကား လူတိုင်းက လေးစားရ၏။ အသိအမှတ် ပြုရ၏။ နဂါးကျောင်းတော်၏ ရွှေရောင်ထောက်ပံ့သူများအနက်မှ တဦး ဖြစ်နေသည့်အတွက် သူ၏ ကိုယ်ခန္ဓာ စွမ်းအားများ စုဆောင်းခြင်း အဆင့်အတန်းမှာလင်း စတုတ္ထနယ်ပယ်ဖြစ်သော အလင်းတုန်ခါခြင်း နယ်ပယ်တွင် ရှိနေကြောင်း အလိုအလျောက် သဘောပေါက် နားလည်နိုင်၏။
အမှန်တော့ ထိုအဆင့်အတန်းမျိုး ရှိသော ပုဂ္ဂိုလ်မှသာ ဤပြိုင်ပွဲကို ပြည့်ဝစွာ ထိန်းချုပ်နိုင်စွမ်း ရှိပေလိမ့်မည်။ အကြောင်းမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော နဂါးကျောင်းတော်၏ လူရွေးပွဲတွင်း ဂိုဏ်းအဖွဲ့အစည်း အမျိုးမျိုး၊ မျိုးနွယ်စုများစွာတို့က အားကြိုးမာန်တက် ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိကြသည်။ ထိုသူတို့သည် ၎င်းတို့၏ မျိုးဆက်သစ်များ အခွင့်အရေး ပိုမိုရရှိစေရန် လာဘ်ပေးလာဘ်ယူမှုများသာမက အခြား ဖြစ်နိုင်ချေရှိသော နည်းလမ်းအမျိုးမျိုးကို အသုံးချကာ ကြိုးစားလေ့ရှိကြ၏။ ဤအခြေအနေတွင် နဂါးကျောင်းတော်အနေနှင့် သာမာန်လူတယောက်ကိုသာ ပို့လိုက်ပါက ပြိုင်ပွဲကို ပြည့်ဝစွာ ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ ပြိုင်ပွဲဝင်များ၏ စိတ်အားထက်သန်မှုများကိုလည်း ခံနိုင်ဖွယ်ရာ အကြောင်းမရှိ။
အလင်းတုန်ခါခြင်းနယ်ပယ်ရှိ ချီစွမ်းအားရှင်မှသာလျင် ထိုသူတို့၏ အလိုရမ္မက်များအား အရှိန်သတ်စေန်ို၏။ အလင်းတုန်ခါခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်တယောက်အား သာမာန်ဈေးနှုန်းမျိုးနှင့် လာဘ်ထိုး၍ ရလိမ့်မည် မဟုတ်။ ထိုအခါ လာဘ်ထိုးလိုသူ၊ ပြိုင်ပွဲကို မလိမ့်တပတ် အနိုင်ယူလိုသူများကို အလိုအလျောက် ထိန်းချုပ်ပြီးသား ဖြစ်သွားလေသည်။
______________×××______________×××____________
ကျောက်ယီသည် မျှော်စင်ပေါ်မှနေ၍ အဝေးဆီသို့ ငေးကြည့်နေ၏။ သူသည် မွေးဖွားလာကတည်းက တည်ငြိမ်မှုနှင့် မွေးဖွားလာသကဲ့သို့ ထင်ရသည်။ ထို့ကြောင့် မည်သည့်အရာကိုမဆို သူ ကြည့်ရှုလိုက်တိုင်း လေးနက်မှုတမျိုးကို ခံစားရစေ၏။
မျှော်စင်၏ အောက်ဖက်ရှိ မြေကွက်လပ်တွင်ကား နေရာဌာနအသီးသီးမှ ပြိုင်ပွဲဝင်သူများနှင့် ပြည့်နှက်လျက်ရှိလေပြီ။ ဤနှစ်တွင် မြောက်ပိုင်းမြို့တော်ရှိ ပြိုင်ပွဲဝင်များကား တခြားလူများထက် မသိမသာ အသာစီးရနေသည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ သူတို့အနေနှင့် ပြိုင်ပွဲကျင်းပရန်နေရာသို့ အချိန်မှီရောက်ရှိနိုင်စေရန် မနက်ပိုင်း အိပ်ယာမှ အချိန်မီထနိုင်ရန်သာ လိုသည်။ သို့သော် တခြား နေရာဌာနအသီးသီးမှ လာရောက်ကြသည့် ပြိုင်ပွဲဝင်များမှာကား ရက်ပေါင်းများစွာ ကြိုတင်လာရောက်ကြရရှာသည်။ ထိုအထဲတွင်မှ တချို့သည် မြောက်ပိုင်းမြို့တော်၏ တည်းခိုခန်းများတွင် နေထိုင်ကြပြီး တချို့မှာ မြေကြီးပေါ်တွင် အိပ်ယာများခင်းကာ ဖြစ်သလို အိပ်စက်ကြရှာ၏။
ထိုကာလသည် နွေရာသီ၏အပူပြင်းဆုံးကာလ ဖြစ်သော်လည်း ပြိုင်ပွဲဝင်များမှာ ရက်ပေါင်းလပေါင်းများစွာ ကိုယ်ခန္ဓာစွမ်းအား မွေးမြူလာသူများ ဖြစ်ကြလေရာ ထိုအခက်အခဲမျိုးမှာ မှုလောက်စရာ မဟုတ်ပေ။
အချိန်မှာကား သိပ်မကျန်တော့။ ပြိုင်ပွဲကျင်းပရန်အချိန် တဖြည်းဖြည်း နီးကပ်လာခဲ့လေပြီ။ မြေကွက်လပ်အတွင်း၌လည်း ပြိုင်ပွဲဝင်သူများ တဖြည်းဖြည်း ပိုမိုဝင်ရောက်လာလေရာ အချိန်တိုအတွင်းဝယ် လူအုပ်ကြီးသည် သောင်းနှင့်ချီ၍ ဖြစ်သွားတော့သည်။ ထိုလူအုပ်ကို ကြိုတင်မိတ်ဆက်စစ်ဆေးမည့် ဧည့်ကြိုများကလည်း နေရာတိုင်းတွင် ရှိနေ၏။ ပြိုင်ပွဲဝင်များမှာလည်း ကိုယ့်အစီအစဉ်နှင့်ကိုယ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြလေသည်။
တောင်သုံးလုံးနယ်မြေတွင် မြို့တော်ပေါင်း ငါးဆယ့်ငါးမြို့ကျော်မျှ ရှိ၏။ မြို့တော်တခုချင်းစီမှ ရွေးချယ်ခံရမည့် ကျောင်းသားအရေအတွက်မှာကား တမြို့နှင့်တမြို့ မတူပေ။ သို့သော် စုစုပေါင်း တရာခန့်တော့ ရွေးချယ်ခံရမည်ဟု အကြမ်းဖျင်း သတ်မှတ်နိုင်သည်။ မြေကွက်လပ်အတွင်း စုဝေးနေသော လူအုပ်မှာကား တသောင်းကျာ်မျှ ရှိနေခဲ့ပြီ ဖြစ်လေရာ လူတရာလျင် တယောက်သာ အခွင့်အရေး ရရှိတော့မည့် သဘောဖြစ်နေ၏။
စုချန်း၊ လင်ကျင်းချွင်း စသော လူငယ်များသည် မျိုးနွယ်စုများ၏ မျိုးဆက်သစ် လူငယ်များ ဖြစ်ကြသော်လည်း ပြိုင်ပွဲဝင်အားလုံးမှာကား သူတို့ကဲ့သို့ အခြေအနေမျိုး မဟုတ်ပေ။ အခြားပြိုင်ပွဲဝင် အတော်များများသည် ၎င်းတို့၏ ကိုယ်ပိုင်အိပ်မက်ကို အကောင်အထည်ဖော်ရန်၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ရန်အတွက် ဤပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်လေသည်။
အချိန်ကျရောက်လာပြီဖြစ်၍ စုမျိုးနွယ်စုမှ ပြိုင်ပွဲဝင်လေးယောက်၏ နာမည်စာရင်းကို တင်သွင်းလိုက်၏။ ထိုသူများမှာ စုချန်း၊ စုချိန်း၊ စုတောင်းနှင့် အခြားတယောက်တို့ ဖြစ်သည်။ ဤနေရာတွင် စုချိန်းပါလာသည့်အတွက် အံ့သြနစရာ မလိုပေ။ အကြောင်းမှာ သူ့အနေနှင့် စုချန်းကို ရှုံးနိမ့်ခဲ့သည် မှန်သော်လည်း သူ၏ ပြိုင်ပွဲဝင်ပြိုင်ခွင့်ကိုကား ဆုံးရှုံးသွားသည်မဟုတ်။ သို့သော် မျိုးနွယ်စုပြိုင်ပွဲ၌ပင် ထိပ်ဆုံးမရခဲ့သူများသည် ဤပြိုင်ပွဲတွင် အိမ်ဖြည့်အဆင့်သာ ရှိကြောင်း လူတိုင်းလိုလိုက နားလည်သဘောပေါက်ထားကြလေသည်။ ပြောင်းပြန်ပြောရလျင် အိမ်ဖြည့်မှန်သော်လည်း အရှုံးပေးစရာ မလိုဟုလည်း အဓိပ္ပါယ် သက်ရောက်နေ၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေ၏။ ထိုစဉ် အဖြူရောင်ဝတ်ရုံကို ဝင်ဆင်ထားသော ပြိုင်ပွဲစစ်ဆေးရေးအရာရှိလူငယ်က ကျောက်ယီကို သတင်းပို့လိုက်သည်။
"အချိန်ကျပါပြီခင်ဗျာ ကျွန်တော်တို့ စနှင့်ကြ......"
ကျောက်ယီက အချိန်ကို ခေတ္တလှမ်းကြည့်ရင်း စကားဖြတ်ပြောလိုက်သည်။
"ကျုပ်တို့ နည်းနည်း ထပ်စောင့်ကြတာပေါ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေတဲ့လူတွေ ရှိနိုင်သေးတယ်"
စစစ်ဆေးရေးအရာရှိလူငယ်သည် ကျောက်ယီ၏ သည်းခံနိုင်စွမ်းကို ကောင်းစွာ နားလည်ထား၏။ အမှန်တော့ ကျောက်ယီသည် အပြင်ပန်းမှ မာကျောဟန်ပေါ်သော်လည်း စိတ်သဘောထား အလွန်ပျော့ပြောင်းသူ ဖြစ်သည်။ ဤတကြိမ်တွင်လည်း ကျောက်ယီသည် သူ၏ ကြင်နာမှုကို ထပ်မံပြသခဲ့ပြီး ပြိုင်ပွဲကျင်းပမည့်အချိန်ကို နောက်သို့အနည်းငယ် ဆုတ်ခဲ့ပြန်လေပြီ။
အမှန်တော့ နဂါးကျောင်းတော်၏ ကျောင်းသားရွေးချယ်ပွဲသည် အလွန်ကြီးကျယ်သော ကိစ္စဖြစ်ပြီး လူတိုင်းအတွက် အရေးကြီးသည်ဟု ထင်ရသော်လည်း နောက်ကျနေတတ်သော ပြိုင်ပွဲဝင်များကိုကား အမြဲတစေ တွေ့ရှိရလေ့ရှိသည်။ ကျောက်ယီကား ထိုလူများကို အမြဲတစေ အခွင့်အရေး ပေးလေ့ရှိ၏။ ကံခေ၍ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော်ငြား နောက်ကျသည့်အတွက် နောင်တမရရှိစေရန်မှာ ကျောက်ယီ၏ စေတနာပင် ဖြစ်သည်။
ထိုအခိုက်မှာပင် နောက်ကျနေသူများသည် မြေကွက်လပ်အတွင်းသို့ တယောက်ပြီးတယောက် ပြေးဝင်လာကြ၏။ ထိုစဉ်...
"ငါ့ကိုလည်း စောင့်ကြပါအုံးဟ"
ကျယ်လောင်သောအသံနှင့်အတူ ခပ်လှမ်းလှမ်းမှ မနိုင်မနင်း ပြေးလာသော လူဝကြီးတယောက်။အသံကြောင့် လူတိုင်းလိုလိုသည် လှည့်ကြည့်လိုက်ကြ၏။ ထိုလူဝ သို့မဟုတ် ဖက်တီးသည် တကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေပြီး အသက်ကိုပြင်းထန်စွာ ရှုသွင်းလျက်ရှိသည်။ နောက်ဆုံးတွင်ကား သူသည် မြေကွက်လပ်သို့ ရောက်ရှိလာ၏။ ထိုအခါ ဖက်တီးက စိုရွှဲနေသော ချွေးများကို သုတ်ရင်း မေးလ်ိုက်သည်။
"ပြိုင်ပွဲမစသေးဘူး မဟုတ်လားဗျ"
ပြိုင်ပွဲဝင်တယောက်က ဖက်တီး၏ မေးခွန်းကို ဖြေလိုက်သည်။
"အချိန်ကတော့ စေ့နေပြီ ဒါပေမဲ့ မင်း ကံကောင်းသွားတယ် ပြိုင်ပွဲကြီးကြပ်သူက ပြိုင်ပွဲစမဲ့အချိန်ကို နောက်ဆုတ်ထားတယ်လို့ ထင်တာပဲ"
"တော်သေးတာပေါ့ဗျာ"
ဖက်တီးက သက်ပြင်းချရင်း ပြောလိုက်သည်။
"သိပ်လဲတော်မနေနဲ့ ဟိုအပေါ်မှာရှိတဲ့ စားပွဲကို တွေ့လား အဲဒီကို မြန်မြန်သွားပြီး ခင်ဗျားရဲ့ နာမည်နဲ့ဇာတိကို မြန်မြန်သွားဖြည့်ချေ သူတို့က မင်းဆီမှာ ပြိုင်ပွဲနဲ့ မသက်ဆ်ိုင်တဲ့ တခြားပစ္စည်းတွေ ပါမပါ စစ်ဆေးလိမ့်မယ် ပြီးရင်တော့ ကျောက်စိမ်းပြားလေးကို ယူပြီး ဒီကို ပြန်လာခဲ့ပေတော့ အဲဒါသာမပါရင် သူတို့က ခင်ဗျားကို ပြိုင်ပွဲကျင်းပမဲ့နေရာကို ဝင်ခွင့်ပြုမှာ မဟုတ်ဘူး တခုတော့ သတိထားအုံး ကျောက်စိမ်းပြား ရပြီးတာနဲ့ ဒီမြေကွက်လပ်ရဲ့ အပြင်ကို ထွက်သွားခွင့် မရှိတော့ဘူး ပြိုင်ပွဲဝင်မဟုတ်တဲ့ တခြားဘယ်သူနဲ့မှ စကားပြောခွင့် မရှိတော့ဘူး တကယ်လို့ ဒီစည်းကမ်းတွေကို ဖောက်ဖျက်တာနဲ့ သူတို့က ခင်ဗျားကို လိမ်ဖို့ကြိုးစားနေတယ်လို့ ယူဆမှာပဲ"
ထိုအခါကျမှ ဖက်တီးသည် အိပ်မက်မှ လန့်နိုးလာဟန် ရှိသည်။ သူသည် ကမူးရှုးထိုးနှင့် လုပ်စရာရှိသည်တို့ကို အပြေးအလွှား သွားရောက်ဆောင်ရွက်၏။ သိပ်မကြာမီ ကျောက်စိမ်းပြားကိုကိုင်လျက် သူ ပြန်ရောက်လာလေသည်။ ထို့နောက် သူသည် သူ့အား သတိပေးစကား ပြောကြားခဲ့သော ပြိုင်ပွဲဝင်၏ ဘေးတွင် မတ်တပ်ရပ်လျက် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ဟောဒီမှာ ရခဲ့ပြီဗျို့ ဒါနဲ့ ကျုပ်ကို သတိပေးတဲ့အတွက် သိပ်ကိုကျေးဇူးတင်ပါတယ်ဗျ အော် ဒါနဲ့ ကျုပ်နာမည် ဝမ်တောက်ရှန်းပါ တိမ်တိုက်ပန်းပွင့်မြို့တော်က လာတာပါ"
"ဝမ်တောက်ရှန်း ((သူ၏ မိသားစုနာမည်မှာ ဘုရင်ဟု အဓိပ္ပါယ်ရ၍ သူ့အမည်မှာကား တောင်တတောင်ကို တိုက်ခိုက်သိမ်းပိုက်ခြင်းဟု အဓိပ္ပါယ်ရ၏။ ဤကား စကားချပ်) ဟုတ်လား သိပ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ နာမည်ပဲ"
သတိပေးစကားပြောသော ပြိုင်ပွဲဝင်က ရယ်မောလျက် ပြောလိုက်၏။ ထို့နောက် သူကလည်း သူ့ကိုယ်သူ ပြန်မိတ်ဆက်လိုက်သည်။
"ကျုပ်နာမည် စုချန်းလို့ခေါ်တယ် မြောက်ပိုင်းမြို့တော်က"
"ကျုပ်နာမည်က စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်လား ကျုပ်ညီမနာမည်က ပိုတောင်ဆိုးသေး သူ့နာမည်က ဝမ်တောက်ဟွာလို့ ခေါ်တယ်"
ဝမ်တောက်ရှန်းက ပြုံးရယ်လျက် ပြောလိုက်သည်။ သူ၏ စကားပြောဆိုသော ပုံစံမှာ အတော်ပင် ဆိုးဝါးလှ၏။ စုချန်းကား မရယ်ပဲမနေနိုင်တော့။ သူတို့ စကားပြောဆိုပြီး သိပ်မကြာမီ မျှော်စင်ပေါ်ရှိလူက စတင်စကားပြောဆိုလိုက်သည်။ ထိုလူမှာ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော စစ်ဆေးရေးအရာရှိပင် ဖြစ်သည်။ သူသည် မည်သည့် အသံကို ကျယ်ပြန့်စေသော ကိရိယာကိုမျှ အသုံးပြုပုံ မရသော်လည်း သူ့အသံကိုမူကား လူတိုင်း၏ နားထဲတွင် ရှင်းလင်းပီသစွာ ကြားနေရလေသည်။
"ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းလူတိုင်းဟာ စည်းမျဉ်းစည်းကမ်းတွေကို သိရှိထားကြပြီလို့ ယူဆမိတယ် ကျုပ်ပြောတာဟုတ်ရဲ့လား မင်းတို့လက်ထဲမှ ရှိနေတဲ့ ကျောက်စ်ိမ်းပြားဟာ ပြိုင်ပွဲကျင်းပမဲ့ နေရာရဲ့ ဝင်ခွင့်ထွက်ခွင့် လက်မှတ်ဖြစ်သလို မင်းတို့ရဲ့ ရမှတ်တွေကို စာရင်းသွင်းပေးမဲ့ မှတ်တမ်းစာအုပ်လည်းဖြစ်တယ် အမှတ်တွေကို ရေတွက်ပုံကတာ့ သ်ိပ်ကိုလွယ်ကူတယ် အဆင့်နိမ့်သားရဲသတ္တဝါဆိုးတကောင်ကို သတ်တိုင်းမှာ တမှတ်စီရမယ် အလယ်အလတ်အဆင့်ဆိုရင်တော့ သုံးမှတ်ရမယ် ပြိုင်ဘက် ပြိုင်ပွဲဝင်ကို အနိုင်ရမယ်ဆိုရင်တော့ ရှုံးန်ိမ့်သူရမှတ်စုစုပါင်းရဲ့ သုံးပုံတပုံကို အနိုင်ရသူထံ ထည့်ပေါင်းပေးမယ် မင်းတို့အနေနဲ့ ပြိုင်ဘက် ပြိုင်ပွဲဝင်တွေရဲ့ ကျောက်စိမ်းပြားကိုလည်း ခိုးယူခွင့်ရှိတယ် ဒါပေမဲ့ တရက်ကို တကြိမ်ပဲ ခွင့်ပြုတယ် ပြိုင်ပွဲဟာ စုစုပေါင်း သုံးရက်ကြာမြင့်လိမ့်မယ်
နယ်မြေတ်ိုင်းကို သီးခြားစီ အကဲဖြတ်တယ် အမှတ်အမြင့်ဆုံး ရရှိသူတွေသာ ပြိုင်ပွဲရဲ့ နောက်တဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်
တကယ်လို့ ပြိုင်ပွဲဝင်တယောက်ဟာ တမှတ်မှ မရခဲ့ရင် ဒါမှမဟုတ် ဆန္ဒအလျောက် ကျောက်စိမ်းပြားကို ချိုးဖဲ့လိုက်ရင် ပြိုင်ပွဲနယ်မြေရဲ့ အပြင်ဘက်ကို ပို့ဆောင်ခြင်းခံရမယ် သူ့ရဲ့ နဂါးကျောင်းတော်ဝင်ခွင့်ဟာလည်း တခါတည်း ဆုံးရှုံးသွားပြီလို့ ယူဆရမယ်
နောက်ဆုံးအနေနဲ့ ပြောရရင် နဂါးကျောင်းတော်အနေနဲ့ ပြိုင်ပွဲဝင်တွေကို ကာကွယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားထားပေမဲ့ အန္တရာယ်ကတော့ ရှိနေတုန်းပဲ ဒီပြိုင်ပွဲမှာ နှစ်စဉ်နှစ်တ်ိုင်းလိုလို ထိခိုက်ဒဏ်ရာရတာတွေ သေဆုံးတာတွေ ဖြစ်လေ့ရှိတယ် ဒါဟာ ရှောင်လွဲမရတဲ့ အကြောင်းတရားပဲ ဖြစ်တယ် ကျုပ်တို့ လူသားမျိုးနွယ်ဆိုတာ ရဲရင့်တဲ့ စစ်သည်တော်တွေပဲ ကြောက်တတ်တဲ့သူတွေဟာ ဘယ်လိုမှ ချီစွမ်းအားပညာရှင်တယောက် ဖြစ်လာစရာ အကြောင်းမရှိဘူး ဒီတော့.. မင်းတို့အားလုံး အဆင်သင့် ဖြစ်ကြပြီလား"
သူ၏စကားကို မည်သူမျှ ပြန်မဖြေ။ ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ထိုအခါ စစ်ဆေးရေးအရာရှိက လက်နှစ်ဖက်ကို ဝေ့ယမ်းရင်း ပြောလိုက်သည်။
"ကောင်းတယ် သိပ်ကောင်းတယ် ကဲ အားလုံး စပြီး လှုပ်ရှားကြပေတော့"
လက်နှစ်ဖက် ဝေ့ယမ်းလိုက်သည်နှင့် မျှော်စင်အောက်ဖက်ရှိ မြေကွက်လပ်ကြီးတွင် အလင်းရောင်တန်းများ ထွက်ပေါ်လာ၏။ အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် မြေကြီးပေါ်ရှိ အက်ကြောင်းရာများအတ်ိုင် အလွန်ရှုပ်ထွေးသော လမ်းကြောင်းများ ပေါ်ပေါက်လာ၏။ နောက်ဆုံးတွင်ကား ၎င်းသည် အလွန်ကြီးမားသော စွမ်းအင်ပုံစံကြီးအဖြစ် ပေါ်ပေါက်လာတော့သည်။
မျှော်စင်အောက် မြေကွက်လပ်တွင် ကြီးမားသည့် စွမ်းအင်ပုံစံကြီး ဖြစ်ပေါ်လာသည့်နည်းတူ အနီရောင်အာရုဏ်ဦးတောင်ကြောတွင်လည်း ထပ်တူညီသော စွမ်းအင်ပုံစံ ဖြစ်ပေါ်လာ၏။ ထို့နောက် ပြိုင်ပွဲဝင်တို့၏ ပုံရိပ်များသည် တဖြည်းဖြည်း မှုန်ဝါးလာပြီး နောက်ဆုံးတွင် မြေကွက်လပ်ကြီးနည်းတူ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထိုအစား ကြီးမားသည့် အလင်းရောင်မျက်နှာပြင်ကြီးနှစ်ခု တပြိုင်တည်း ပေါ်ပေါက်လာလေသည်။
အလင်းမျက်နှာပြင်နှစ်ခုအနက် တခုတွင် အနီရောင်အာရုဏ်ဦးတောင်ကြော၏ မြေအနေအထားနှင့် များပြားလှသော ပြိုင်ပွဲဝင်များ၏ အခြေအနေတို့ကို ပြသထား၏။ ၎င်းမှာ ပြိုင်ပွဲတခုလုံးကို တိုက်ရိုက်ကြည့်ရှုနေရသကဲ့သို့ ရှိလေသည်။ ကျန်မျက်နှာပြင်တခုတွင်ကား ပြိုင်ပွဲဝင်နာမည်တို့ကိုပြွတ်သိပ်စွာ ရေးထိုးထား၏။ တဦးချင်းစီ၏ နာမည်များ နောက်တွင်လည်း နံပါတ်သုံးကို ရေးသားထားလေရာ ပြိုင်ပွဲစတင်ကတည်းက ပေးလိုက်သော အမှတ်သုံးမှတ်ကို ကိုယ်စားပြုပုံရသည်။ ၎င်းမှာ ပြိုင်ပွဲ၏ ဦးဆောင်သူကို အဆက်မပြတ် ဖော်ပြပေးနေမည့် မျက်နှာပြင်ပေတည်း။
ထိုအခိုက်မှာပင် ပြိုင်ပွဲဝင်တဦး၏ နာမည်နောက်တွင် အမှတ် ၄ ဟု ပေါ်ပေါက်လာပြီး ထိုပြိုင်ပွဲဝင်သည်လည်း အမည်စာရင်း၏။ ထိပ်ဆုံးသို့ ရောက်ရှိသွားတော့သည်။
ပြိုင်ပွဲစတင်သည်မှ မကြာသေး။ တစုံတယောက်သည် အမှတ် စတင်ရရှိသွားခဲ့လေပြီ။