နယ်မြေများအား ဖြတ်ကျော်ခြင်း ၂
Vol. 12 Ch. 118
နောက်ထပ် ပြိုင်ပွဲဝင်တယောက်ကို အလဲထိုးပြီး ရမှတ်များ ရယူကာ ၎င်း၏ ကျောက်စိမ်းပြားကို ရစရာမရှိအောင် ပေ့ဖုလင်က ဖျက်ဆီးလိုက်သည်။ ထို့နောက် သူသည် သစ်ပင်နောက်ကွယ်ရှိ ပုန်းအောင်းနေကျ နေရာကို မပြန်မီ ခြေရာလက်ရာများကို သေသသပ်သပ်ပင် ရှင်းလင်းလိုက်၏။
ပေ့ဖုလင်အနေနှင့် အလွန်ကောင်းလှသော ထိုနေရာကို မစွန့်ခွာနိုင်ပဲ ဖြစ်နေ၏။ သူပုန်းအောင်းနေသော နေရာသည် အလွန်ရှည်လျားသော လူသွားလမ်းတလျှောက်တွင် တည်ရှိပြီး လမ်းတဖက်တချက်စီတွင် ဆူးပင်ဆူးခက်များနှင့် ကာရံထားလေရာ လူများအနေနှင့် ထိုလမ်းကို ဖြတ်သန်းရန်မှအပ တခြားရွေးစရာ မရှိပေ။ ပေ့ဖုလင် ပုန်းအောင်းနေသော သစ်ပင်ကြီးသည် တောင်နံရံနှင့် အလွန်နီးကပ်နေပြီး သစ်ပင်နှင့် တောင်နံရံအကြားရှိ အက်ကြောင်းငယ်သည် လူတယောက်ကို ကောင်းမွန်စွာ ဖုံးကွယ်ပေးထားနိုင်၏။
ထိုနေရာ၏ အားသာချက်ကို အသုံးပြု၍ ပေ့ဖုလင်အနေနှင့် ပြိင်ဘက်သုံးယောက်တိတိကို တိုက်ခိုက်ခဲ့ပြီးလေပြီ။ ခြံခိုတိုက်ခိုက်ခံရပြီး ကျောက်စိမ်းပြားများ ပျက်စီးကာ ပြိုင်ပွဲဝင်များ တယောက်ပြီးတယောက် ပျောက်ကွယ်ကုန်ကြသည်ကို ကြည့်၍ ပေ့ဖုလင်တယောက် အလွန်ပျော်ရွှင်နေ၏။
စစ်တိုက်ခြင်းဟူသည်မှာ ညဏ်ရည်ညဏ်သွေးနှင့်လည်း သက်ဆိုင်နေသေး၏။ မြေအနေအထားကို မိမိ၏ အကျိုးအတွက် မည်မျှထိရောက်အောင် အသုံးချနိုင်မည်ဟူသည်မှာ ညဏ်ရည်ညဏ်သွေး၏ ပြသနာသာ ဖြစ်လေသည်။ လက်ရှိအနေအထားအရ ပေ့ဖုလင် ယုံကြည်ထားသည်မှာ သူ့ခွန်အားသည် လုံလောက်မှု မရှိသည့်တိုင်အောင် ဤပြိုင်ပွဲတွင် အဆင့်ကောင်းကောင်း ရနိုင်သည် ဟူ၍ပင် ဖြစ်သည်။ ကံတရားသာဖေးမကူခဲ့လျင် သူသည် အဆင့်တရာအတွင်း၌ပင် ဝင်နိုင်ချေရှိနေသည် မဟုတ်ပါလား။
ပေု့ဖုလင် စဉ်းစားနေစဉ်မှာပင် နောက်ထပ်လူတယောက်သည် သူ့ထံသို့ ထပ်မံချည်းကပ်လာပြန်၏။ ထိုအခါ သူက သစ်ပင်နောက်ကျောရှိ အက်ကြောင်းအတွင်းဝယ် ဂရုတစိုက်နှင့် ပုန်းကွယ်လိုက်ပြီး အခွင့်အရေးကို စောင့်စားနေတော့သည်။ နောက်ထပ် ခြေလှမ်းအနည်းငယ်မျှ လှမ်းလိုက်ရုံနှင့် ထိုသူသည် ပေ့ဖုလင်၏ အကောင်းဆုံး တိုက်ခိုက်နိုင်သော အကွာအဝေးသို့ ရောက်ရှိလာပေလိမ့်မည်။ ထိုအခိုက်မှာပင် သူက စတင်တိုက်ခိုက်မည် ဖြစ်သည်။ ရန်သူသည် ထိတ်လန့်ကြောက်ရွံ့ကာ နောက်သို့ ဆုတ်ကာင်းဆုတ်သွားပေလိမ့်မည်။ သို့သော် ပြသနာမရှိ။ ထိုအတွက် ပေ့ဖုလင်က ကြိုတင်ပြင်ဆင်ပြီး ဖြစ်သည်။ သူ၏ သေစေနိုင်သော တိုက်ခိုက်မှုမှာ ကနဦး တိုက်ခိုက်မှုမဟုတ်ပဲ တဖက်လူ ဆုတ်ခွာမည့်လမ်းကြောင်းကို ဖြတ်တောက်တိုက်ခိုက်သော အကွက်သာ ဖြစ်သည်။
ပေ့ဖုလင်အတွက် အကောင်းဆုံးတိုက်ခိုက်နိုင်သော အကွာအဝေးသို့ မရောက်မှီ ခြေသုံးလှမ်းအလိုတွင် တဖက်လူသည် ရုတ်တရက် ရပ်တန့်သွား၏။ ထို့နောက် ၎င်းသည် တစုံတရာကို အတွေးပေါက်လာဟန်ဖြင့် ဦးခေါင်းကို ငုံ့ကာ တွေဝေနေတော့သည်။
"ခွေးမသား မြန်မြန်လျှောက်ပါဟ"
ပေ့ဖုလင်ကား စိတ်ထဲတွင် ကျိန်ဆဲမိတော့သည်။ သို့သော် သူ့အနေနှင့် မည်သို့မျှ မတတ်နိုင်ပဲ ထိုင်စောင့်နေရုံသာ ရှိလေသည်။ လက်ရှိအနေအထားမှာ အတော်လေး ဝေးကွာနေသေး၏။ ဤအခြေအနေတွင် လှုပ်ရှားလိုက်လျင် ရာနှုန်းပြည့် အောင်မြင်မှုရလိမ့်မည်ဟု ပေ့ဖုလင် အာမမခံရဲချေ။
ပေ့ဖုလင်တယောက် အထက်ပါအတိုင်း စဉ်းစားရင်း စိတ်ပူနေစဉ်မှာပင် တဖက်လူသည် ပေ့ဖုလင်ရှိရာသို့ ဖြတ်ခနဲ လှမ်းကြည့်လိုက်၏။ သူ့မျက်နှာတွင်ကား ထူးဆန်းသော အပြုံးတမျိုး ပေါ်ပေါက်နေလေသည်။ ထို့နောက် သူသည် လက်နှစ်ဖက်ကို မြှောက်လိုက်ရာ မီးလုံးကြီးတလုံး ပေါ်ပေါက်လာ၏။ တဖက်လူ၏ လက်ထဲမှ မီးလုံးကြီးကို မြင်လိုက်ရသောအခါ ပေ့ဖုလင်တယောက် ကျက်သီးတဖြန်းဖြန်း ထလာ၏။ အခြေအနေသည် သူ့အတွက် အဆိုးဆုံးအနေအထားသို့ ရောက်ရှိသွားခဲ့ပြီမှန်း ပေ့ဖုလင်တယောက် ကောင်းကောင်းသဘောပေါက်လိုက်ပေပြီ။
သူ့အနေနှင့် ထိုနေရာမှ ထွက်ပြေးလိုစိတ်များ တဖွားဖွားပေါ်ပေါက်လာသော်လည်း ထွက်ပြေးနိုင်စွမ်းကားမရှိ။ လက်ရှိနေရာသည် တဖက်လူကို ခြုံခိုတိုက်ခိုက်ရန် အကောင်းဆုံးနေရာ ဖြစ်သော်လည်း နောက်ဆုတ်ထွက်ပြေးရန် လမ်းမရှိသည်မှာကား အကြီးမားဆုံးသော အားနည်းချက်ပင် ဖြစ်သည်။
ထိုအခိုက်မှာပင် တဖက်လူသည် မီးလုံးကြီးကို သစ်ပင်တည့်တည့်သို့ ချိန်ရွယ်ပစ်လွှတ်လိုက်တော့သည်။ ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကြောက်လန့်တကြား အော်ဟစ်သံနှင့်အတူ ပေ့ဖုလင်ကို ကိုယ်ခန္ဓာသည် လေထဲသို့ မြောက်တက်သွားပြီး ကံဆိုးလှစွာပင် ခရမ်းရောင်ဆူးခက်များပေါ်သို့ တည့်တည့်မတ်မတ်ပင် ပြုတ်ကျသွားတော့သည်။ ချွန်မြနေသော ဆူးပင်များသည် သူ့တကိုယ်လုံးသို့ စိုက်ဝင်သွားပြီး ရာပေါင်းများစွာသော အပေါက်များ ပေါ်ပေါက်လာ၏။
ဤမျှဆိုလျင် တဖက်လူမှာ မည်သူမည်ဝါမှန်း စာရှုသူများ သိရှိလောက်ပေပြီ။ တဖက်လူမှာ ကျွှန်ုပ်တို့၏ ဇာတ်လိုက်ကျော် စုချန်းပင် ဖြစ်လေတော့သတည်း။
စုချန်းသည် ပေ့ဖုလင်ထံသို့ ဖြေးညှင်းစွာ လမ်းလျှောက်သွားပြီး ကျောက်စိမ်းပြားကို လှမ်းယူကာ အမှတ်တချို့ကို နှုတ်ယူလိုက်၏။ ဤတကြိမ်တွင်ကား သူသည် နှစ်မှတ်တိတိ ရရှိလိုက်လေသည်။ ထို့နောက် စုချန်းက ပေ့ဖုလင်ကို စိုက်ကြည့်ရင်း ခပ်သဲ့သဲ့ ရယ်မောကာ ပြောလိုက်သည်။
"သိပ်တော့မဆိုးပါဘူး အချိန်တိုအတွင်းမှာ သုံးမှတ်တိတိ ရထားတာပဲ ဒါပေမဲ့ နောက်တခါဆိုရင် တနေရာတည်းမှာ ကြာကြာမနေဖို့တော့ မှတ်ထားအုံးကွ"
"မင်း...မင်း..ငါ့ကို ဘယ်လိုလုပ် ရှာတွေ့တာလဲ"
ပေ့ဖုလင်ခမျာကား စကားပြောရန်ပင် အတော်လေး ကြိုးစားနေရရှာ၏။ ထိုအခါ စုချန်းက ဂရုမစိုက်သော ဟန်ပန်ဖြင့် ပြောလိုက်သည်။
"ဒီနေရာမှာ ခရမ်းရောင်ဆူးပင်တချို့ ကျိုးပဲ့နေတာကို တွေ့ရတယ် မြေကြီးပေါ်မှာလည်း ခြေရာတွေက အများကြီးပဲ ဒါကို ကြည့်ရင် ဒီနေရာမှာ တိုက်ပွဲတပွဲ ဖြစ်ပွားခဲ့တာ သိသာနေတယ် ပြီးတော့ ဒီနေရာမှာ လူတယောက် ကောင်းကောင်း ပုန်းအောင်းနေနိုင်တာဆိုလို့ ဒီသစ်ပင်တပင်ပဲ ရှိတယ် ကျုပ်အနေနဲ့ ခင်ဗျား ပုန်းအောင်းနေတဲ့ နေရာကို အတိအကျ မသိပါဘူး မီးလျံစက်လုံးကို သုံးပြီး စမ်းသပ်ကြည့်တဲ့ သဘောလောက်ပါ အရေးအကြီးဆုံးကတော့...ကျုပ်အနေနဲ့ ဒီလို ခြုံခိုတိုက်ခိုက်မှုမျိုးကို မရေမတွက်နိုင်အောင် ကြုံတွေခဲ့ရပြီဆိုတာပဲ"
စုချန်း၏ စကားကို ကြားလိုက်ရသောအခါ ပေ့ဖုလင်တယောက် အံ့သြတုန်လှုပ်သွား၏။ ထိုအခ်ိုက်မှာပင် စုချန်းသည် ပေ့ဖုလင်ကို အဝေးသို့ လွှင့်ပစ်လိုက်ပြီး ထိုနေရာမှ ဆက်လက်ထွက်ခွာခဲ့လေသည်။
စုချန်း၏ စိတ်အာရုံတွင်ကား မအီမသာန်ိုင်သော ခံစားချက်များ ဖြစ်ပေါ်နေ၏။ အကြောင်းမှာ ဤခရီး စတင်ခဲ့ကတည်းက သူသည် အကြိမ်ကြိမ် ခိုးကြောင်ခိုးဝှက် လုပ်ကြံခံနေရသည် မဟုတ်ပါလား။ နောက်ဆုံးတွင်ကား စုချန်းတယောက် အခြေအနေတရပ်လုံးကို နားလည်သဘောပေါက်လာတော့သည်။
မြောက်များလှစွာသော ပြိုင်ပွဲဝင်များသည် အကြောင်းမသင့်၍ နဂါးကျောင်းတော်၏ ကျောင်းသားများ ဖြစ်ခွင့်မရခဲ့လျင်ပင် ပြိုင်ပွဲတွင် အဆင့်မြင့်မြင့်မားမား ရရှိနိုင်ခဲ့ပါက တခြား အခွင့်အလမ်းများစွာကို ရရှိနိုင်သေး၏။ အကြောင်းမှာ တခြားသော ကျောင်းတော်များသည် နဂါးကျောင်းတော်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော ကံဆိုးရှာသည့် ပါရမီရှင်များကို အခွင့်အရေးပေးရန် စောင့်ဆိုင်းလျက် ရှိနေသောကြောင့်ပင်။ ဤအခြေအနေမျိုးတွင် ပြိုင်ပွဲဝင်များသည် ညဏ်ကိုလွှာကာ အသုံးပြုကြတော့သည်။ ၎င်းတို့သည် နယ်မြေအတွင်း ကြုံသလိုသွားလာခြင်း မပြုကြတော့ပဲ မိမိကို ဖုံးကွယ်ရန်နှင့် အပိုင်အခွင့်အရေးများ ရှာဖွေရန်သာ အဓိက အားထုတ်လာကြ၏။
အထူးသဖြင့် သူတို့သည် တခုတည်းသော အကြောင်းအရာကို ကောင်းမွန်စွာ နားလည်သဘောပေါက်ထားကြ၏။ ၎င်းမှာ မိမိတို့၏ အစွမ်းအစ မလုံလောက်ပါက ဆင်ခြင်ညဏ်ကင်းမဲ့စွာ မပြုလုပ်သင့်။ ထိုသို့ ပြုလုပ်မိပါက ပြိုင်ပွဲမှ လျင်မြန်စွာ ထွက်ခွာသွားရပေလိမ့်မည်။ ထိုအခြေအနေမျိုးတွင် တောလမ်းလေးအတိုင်း တဦးတည်း ခရီးဆက်လာသော စုချန်း၏ လုပ်ရပ်မှာ အပိုင်အခွင့်အရေး ရှာဖွေသူများအား ဖိတ်ခေါ်နေသကဲ့သို့ ရှိလေသည်။
စုချန်းအနေနှင့်ကား လတ်တလောတွင် မည်သူနှင့်မျှ တိုက်ခိုက်လိုစိတ် မရှိ။ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်အတွင်း အမြန်ဆုံး ဝင်ရောက်၍ အထဲမှ ပစ္စည်းများအား ယူငင်လိုသော ဆန္ဒသာ ရှိ၏။ သို့သော် ကံဆိုးသည်မှာ စုချန်းသည် ထိုကိစ္စအား မည်သူ့ကိုမျှ ပြောပိုင်ခွင့် မရှိ။ ပြောပြလျင်လည်း မည်သူမျှ နားလည်ပေးနိုင်မည် မထင်။ ထိုအခါ စုချန်းခမျာ လမ်းတလျှောက်လုံး ခြုံခိုတိုက်ခိုက်သူများနှင့်သာ မကြခန တွေ့ကြုံနေရတော့သည်။
တောင်ကြောတလျှောက် လမ်းမျှော်ကြည့်ရှုလိုက်ပါက များပြားလှသော ပြိုင်ပွဲဝင်များသည် သဲမှုန်များပမာ ပျံ့လွင့်နေကြ၏။ ဤအတိုင်းကြည့်လျင် ၎င်းတို့ကိုအရိပ်အယောင်မျှပင် မမြင်တွေ့ရသော်လည်း သင်သည် ဤတောင်များပေါ်တွင် လမ်းလျှောက်နေသ၍ မြက်ပင်များ နောက်ကွယ်မှသော်လည်းကောင်း၊ ကျောက်ဆောင်ကျောက်သားများ နောက်မှသော်လည်းကောင်း၊ သစ်ပင်များ နောက်မှသော်လည်းကောင်း၊ ချောင်းများမြောင်းများ အတွင်းမှသော်လည်းကောင်း ခြုံခိုတိုက်ခိုက်မည့်သူများ စောင့်ကြိနေကြောင်း လက်ခံထားရပေလိမ့်မည်။
ပြိုင်ပွဲတွင် ကောင်းမွန်သော ရလဒ်များ ရရှိစေရန် ပြိုင်ပွဲဝင်အများစုသည် လူသတ်သမားများသဖွယ် ခိုးကြောင်ခိုးဝှက်နည်းလမ်းများကို အသုံးပြုလာကြ၏။ ထူးချွန်ထက်မြက်သော လူတချို့လည်း မရှိတော့မဟုတ်။ ရှိကြသည်သာ။ သို့ရာတွင် ၎င်းတို့သည် လူနည်းစုများသာ ဖြစ်ကြ၏။ ထိုအနည်းစုသော ပြိုင်ပွဲဝင်များမှာကား ၎င်းတို့၏ ယုံကြည်ချက်ကို မြဲမြံစွာ ဆုပ်ကိုင်ပြီး လမ်းများပေါ်တွင် ရဲရင့်စွာ လျှောက်လှမ်းကာ ကြုံတွေ့လာသမျှသော စိမ်ခေါ်မှုများကို နောက်မတွန့်ပဲ ရင်ဆိုင်ကြလေသည်။ ထိုလူစားမျိုးအတွက် ကံကြမ္မာမှာ နှစ်မျိုးနှစ်စား ရှိလေ၏။ ပထမတမျိုးမှာ အကြင်သူသည် ခွန်အားနည်းပါးပါက ပြိုင်ပွဲမှ စောစောစီးစီး လက်ပြနှုတ်ဆက်လိုက်ရခြင်းပင် ဖြစ်သည်။ ဒုတိယတမျိုးမှာကား အကယ်၍ လုံလောက်သော ခွန်အားသာ ရှိပါက အမှတ်များများစားစား စုဆောင်းမိနိုင်ခြင်းပင် ဖြစ်သည်။
သို့သော်ငြားလည်း ပြိုင်ပွဲတွင် မူလကျောက်တုံးများအား အသုံးပြုခွင့် မရှိလေရာ မည်မျှပင် အင်အားကြီးမားစေကာမူ မူလစွမ်းအင်များ ကုန်ဆုံးလာခြင်းကြောင့် တကြိမ်မဟုတ် တကြိမ်တွင် ရှုံးနိမ့်သွားနိုင်၏။
ကံမကောင်းအကြောင်းမလှစွာပင် တခြားလူများ ကောင်းစွာ အနားယူနေချိန်ဝယ် စုချန်းအနေနှင့် အနားယူနေရန် အချိန်မရှိ။ မနက်ဖြန်ဆိုလျင် ဝိညာဉ်မြှုုပ်နှံခြင်းဆိုင်ရာ တံခါးပေါက် ပွင့်ပေပြီ။ ထို့နေ့တွင် အချိန်မီရောက်အောင် မသွားနိုင်ခဲ့လျင် သူ ကြိုးစားခဲ့သမျှ အရာအားလုံး ဆုံးရှုံးသွားပေလ်ိမ့်မည်။ ထို့ကြောင့် စုချန်းသည် အံကိုတင်းတင်းကြိတ်ကာ ကြိုးစားပမ်းစားနှင့် ခရီးဆက်နေရလေသည်။
ဤနေရာတွင် သတိပြုရန်တခုရှိသည်မှာ စုချန်း၏ ကျောက်စိမ်းပြားဖြစ်သည်။ အမှတ်များ စုဆောင်းမိသထက် စုဆောင်းမိလာလေလေ စုချန်း၏ ကျောက်စိမ်းပြားသည် အရောင်များ ဝင်းလက်လာပြီး အနီးအနားသို့ မည်သူမဆို ၎င်းကို ခံစားသိရှိနိုင်စေခြင်းပင် ဖြစ်သည်။ ၎င်းသည် ကျောက်စိမ်းပြား၏ ထူးခြားသော ဂုဏ်သတ္တိတမျိုးမှန်း စုချန်း သဘောပေါက်လိုက်၏။ ဤကျောက်စိမ်းပြားပိုင်ရှင်သည် အမှတ်များများ စုဆောင်းထားသူမှန်း တခြားသူများ သိရှိစေရန် ဤအချက်ပြမှုကို အသုံးပြုထားခြင်း ဖြစ်သည်။
တစုံတယောက်သည် အမှတ်များများ စုဆောင်းရရှိထားသူဆိုပါက ထိုသူသည် အင်အားကြီးမားသူမှန်း အလိုအလျောက် သဘောပေါက်နိုင်ပေသည်။ ထို့ကြောင့် လူတချို့အား အလိုအလျောက် နောက်တွန့်သွားစေနိုင်၏။ သိ့သော် တဖက်တွင်လည်း ထိုအချက်က ပိုမိုအားကောင်းသော ပြိုင်ဘက်များအား လက်ယပ်ဖိတ်ခေါ်နေသကဲ့သို့ ရှိလေသည်။ အကြောင်းမှာ ထိုကျောက်စိမ်းပြားပိုင်ရှင်မျိုးအား အနိုင်တိုက်ခိုက်နိုင်ပါက တကြိမ်တည်းနှင့် အမှတ်များစွာ စုဆောင်းရရှိသွားစေနိုင်သည် မဟုတ်ပါလား။
မည်သို့ဆိုစေ တခုတော့ သေချာနေ၏။ ၎င်းမှာ ထိပ်ဆုံး တစ်ရာအတွင်း ဝင်ရောက်န်ိုင်မည့် မည်သူမဆိုသည် သာမညောင်ည ပုဂ္ဂိုလ်မျိုးတော့ မဟုတ်န်ိုင်။ တကယ့်ကျွမ်းကျင်သူများအား အနိုင်ရမှသာလျင် ထိုသူသည် ထိပ်ဆုံးတွင် ရပ်တည်နိုင်မည် မဟုတ်ပါလား။
အမှန်တော့ ကျောက်စ်ိမ်းပြား၏ အချက်ပြမှုအား ဖုံးကွယ်၍ ရ၏။ သို့သော် ထိုအတွက် မူလစွမ်းအင်တချို့အား အသုံးပြုရပေလိမ့်မည်။ ဆိုလိုသည်မှာ ထိုပြိုင်ပွဲဝင်သည် အခြေအနေပေါ် မူတည်ပြီး ကျောက်စိမ်းပြား၏ အချက်ပြမှုကို ဖုံးကွယ်ခြင်း၊ ဖော်ထုတ်ခြင်း ပြုလုပ်နိုင်သည် ဟူသော သဘောပင်။
စတင်ပြိုင်ပွဲဝင်သည့်နေ၏ မွန်းလွဲပိုင်း၌ပင် စုချန်းသည် နယ်မြေ ၁၃မှ နယ်မြေ ၁၂သို့ ဖြတ်သန်းဝင်ရောက်နိုင်ခဲ့၏။
သူမသိလိုက်သည်မှာ နယ်မြေ ၁၂ အတွင်းသို့ ရောက်ရှိပြီး သိပ်မကြာမီပင် ဓားရှည်ကိုင်ထားသော လူငယ်တယောက်သည် နယ်မြေ ၁၃၏ နယ်စပ်မျဉ်းအနီးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ လူငယ်သည် နယ်စပ်မျဉ်းကိုကြည့်ရင်း အေးစက်သော လေသံနှင့် ပြောလိုက်သည်။
"ဒီမတိုင်ခင်တုန်းကတော့ ပြိုင်ပွဲဝင်အများစုဟာ အဆင့်မြင့်နယ်မြေကနေ အဆင့်နိမ့်နယ်မြေတွေကိုလာပြီး အမှတ်များများ ရရှိဖို့ လုကြယက်ကြတိုက်ခိုက်ကြတယ် ဒီတခေါက်မှာတော့ ငါ လီချိန်းယွင်ဟာ ဒီအစဉ်အလာကို ပြောင်းပြန်လှန်ပစ်မယ် ခုကစပြီး အဆင့်မြင့်နယ်မြေတွေကို သွားပြီး အမဲလိုက်ကြည့်တာပေါ့လေ"
ပြောပြောဆိုဆို သူက နယ်မြေ ၁၂ အတွင်းသို့ လှမ်းဝင်လိုက်၏။ သိပ်မကြာမီ သူ့နောက်မှ လျှော်ပင်များနှင့် ပြုလုပ်ထားသည့် အဝတ်ကြမ်းကို ဝတ်ဆင်ထားသော လူငယ်တယောက်က လိုက်လာပြန်၏။ ထိုလူငယ်၏ ရုပ်ရည်မှာ ရွက်ကြမ်းရေကျိုမျှသာ ဖြစ်ပြီး မျက်လုံးအစုံမှာလည်း မည်မျှပင် အိပ်စက်စေကာမူ အိပ်ရေးမဝဟန်ပေါက်နေလေသည်။
စုချန်း၏ အလျင်စလိုနိုင်ပုံနှင့် လီချိန်းယွင်၏ မြင့်မားသော စိတ်ဓာတ်တို့နှင့် နှိုင်းစာလျင် ထိုလူငယ်၏ ပုံစံမှာ ပို၍ သက်တောင့်သက်သာ ရှိလှသည်ကတော့ အမှန်ပင်။ လူငယ်သည် နယ်စပ်မျဉ်းသို့ ရောက်သည်နှင့် ကောင်းကင်ကို တိတ်ဆိတ်ငြိမ်သက်စွာ မော့ကြည့်နေ၏။ အတန်ကြာသော သူ့နှုတ်မှ စကားတခွန်းကို တီးတိုးရေရွတ်လိုက်သည်။
"အင်း...ဆုံးဖြတ်ပြီးပြီဆိုတော့လဲ လုပ်ရုံပဲပေါ့"
ထို့နောက် သူက အနီးအနားရှိ ကျောက်သားပေါ်တွင် လက်ညှိုးကို ခဲတံအဖြစ် အသုံးပြုပြီး ခပ်သော့သော့ ရေးသားလိုက်သည်။
"တခြားနယ်မြေတွေမှာ နည်းနည်းပါးပါး သွားကစားလိုက်အုံးမယ်ဗျို့.......ပုံ.. ပိုင်လိ"