← Chapters

နယ်မြေများအား ဖြတ်သန်းခြင်း ၃

Vol. 12 Ch. 119

နယ်မြေများအား ဖြတ်သန်းခြင်း ၃

Vol. 12 Ch. 119

မျှော်စင်ထိပ်ရှိ လသာဆောင်အတွင်းဝယ် အရေးကြီးပုဂ္ဂိုလ်များအားလုံးသည် အလင်းရောင်မျက်နှာပြင်ကို အသုံးပြု၍ ပြိုင်ပွဲကို စောင့်ကြည့်နေကြ၏။ တိုက်ရိုက်ပြသနေသော အလင်းရောင်မျက်နှာပြင်၌ကား သောင်းနှင့်ချီသော ပြိုင်ပွဲဝင် တဦးချင်းစီကို လိုက်လံပြသနေခြင်းမျိုးမဟုတ်။ အချိန်အများစုဝယ် အရေးကြီးသော ပြိုင်ပွဲဝင်တချို့၏ စိတ်ဝင်စားဖွယ်ရာ တိုက်ပွဲများကိုသာ လိုက်လံရှာဖွလျက် ပြသနေခြင်း ဖြစ်သည်။

နောက်ထပ် အလင်းရောင်မျက်နှာပြင်တွင်ကား စိတ်ဝင်စားဖွယ်ရာ တိုက်ပွဲတချို့နှင့် တွဲဖက်လျက် ဦးဆောင်သူများစာရင်းကို အစဉ်အလိုက် ဖော်ပြထား၏။ မျက်နှာပြင်ပေါ်ရှိ နံပါတ်များမှာကား အစဉ်အမြဲ ပြောင်းလဲနေ၏။ ပြိုင်ပွဲဝင်များ၏ အဆင့်အတန်းသည်လည်း အမြဲတစေ တက်လိုက်ကျလိုက်နှင့် ဖြစ်နေ၏။

သို့သော် မည်မျှပင် ပြောင်းလဲနေစေကာမူ ပြိုင်ပွဲဝင်တချို့မှာကား ၎င်းတို့၏ နေရာကို တည်ငြိမ်စွာ ထိမ်းသိမ်းထားကြလေသည်။ တနည်းအားဖြင့် ထိုလူများသည် အမြဲလိုလို ထိပ်ဆုံးတွင် ရှိနေကြခြင်း ဖြစ်သည်။

အစဉ်အလိုက် ဦးဆောင်သူများအနက် ထိပ်ဆုံးနေရာမှ ရှိနေသူမှာ ဂျီဟန်းယင်ဖြစ်သည်။ သူမ အမည်၏ ဘေးတွင် စကားချပ်နှင့် နှင်းငှက်ဟု ရေးသားထား၏။ သူမဘေးနားရှိ နံပါတ်မှာ ၇၅ ဖြစ်သည်။ ဤနေရာတွင် နှင်းငှက်ဟူသော စကားလုံးကို စကားချပ်နှင့် ရေးသားထားခြင်းမှာ ဂျီဟန်းယင်ဟူသော အမည်ပိုင်ရှင် မိန်းကလေးသည် မျိုးရိုးစဉ်လာ သွေးဗီဇဆက်ခံသူဟူသော အဓိပ္ပါယ်ဖြစ်သည်။ သူမဘေးနားရှိ နံပါတ်မှာကား ပြိုင်ပွဲကာလတလျှောက် သူမ စုဆောင်းထားနိုင်သော အမှတ်စုစုပေါင်းပင် ဖြစ်၏။

နေ့ဝက်မျှသော အချိန်အတွင်း ဂျီဟန်းယင်အမည်ရှိ မိန်းကလေးသည် အမှတ်ပေါင်း ၇၀ ကျော်ထိ စုဆောင်းနိုင်ခဲ့လေပြီ။ ၎င်းမှာ ကြောက်စရာကောင်းသော ပမာဏဖြစ်သည်။ ပြိုင်ပွဲ စတင်သည်မှာ သိပ်မကြာသေး၍ ပြိုင်ပွဲဝင်တဦးချင်းစီသည် အမှတ်တမှတ်ခန့်သာ တန်ဖိုးရှိ၏။ နေ့ဝက်ခန့် အချိန်အတွင်း အမှတ်ပေါင်း ၇၀ကျော် စုဆောင်းနိုင်သည်ဟူသော သဘောမှာ ဂျီဟန်းယင်သည် အနည်းဆုံး ပြိုင်ဘက် ၅၀ကျော်ခန့်ကို အန်ိုင်ယူခဲ့ပြီ ဟူသော သဘောပင်။ ပြိုင်ဘက် တဦးစီကို တချက်စီ တိုက်ခိုက် အနိုင်ယူခဲ့လျင်ပင် အများစုမှာ ထိုကဲ့သို့ မူလစွမ်းအင်မျိုး ပ်ိုင်ဆိုင်ရန်မှာ မသေချာလှ။

ဂျီဟန်းယင်၏ အောက်တွင်ကား အဆင့်မြင့်မြင့် ရရှိရန် ကြိုးစားယှဉ်ပြိုင်နေကြသော လူအုပ်စုကြီး ရှိနေ၏။ ထိပ်ဆုံးတွင် နေရာရရှိသူများ၏ အမည်များဘေးတွင်ကား သွေးဗီဇအမှတ်အသား လူတိုင်းလိုလို ပါရှိနေကြောင်း တွေ့မြင်နေရလေသည်။ ရံဖန်ရံခါတွင် သွေးဗီဇအမှတ်အသား မပါရှိသူများ ကြားဖြတ်ဝင်ရောက်လာတတ်သော်လည်း ထိုသူများမှာ ချက်ချင်းလိုလိုပင် ပျောက်ကွယ်သွားကြကုန်၏။

အခြားလူများ မဆိုထားနှင့် စုချန်း၊ ပိုင်လိနှင့် လီချိန်းယွင် စသော လူငယ်များသည်ပင် ထိပ်ဆုံးတစ်ရာအတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း မရှိသေး။

"ကြည့်ရတာ ပြိုင်ပွဲက ဒီအတိုင်းပဲ သွားတော့မယ်ထင်တယ် တော်ဝင်မျိုးနွယ်စုတွေရဲ့ သားစဉ်မြေးဆက်တွေဟာ နဂါးကျောင်းတော်ရဲ့ ထူးချွန်တဲ့ ကျောင်းသားတွေ အမြဲတစေ ဖြစ်နေခဲ့တာပဲ ဒါပေမဲ့ ဒီတိုင်းပဲ ကြည့်နေရတာ ကြာလာတော့ ပျင်းစရာကြီး"

ခုံမြင့်တွင် ထိုင်နေသည့် တော်ဝင်မျိုးနွယ်စုဝင်တယောက်က ရယ်မောကာ ပြောလိုက်သည်။

"ဒါ ဘာများ ဆန်းလို့လဲ တော်ဝင် သွေးဗီဇ ပိုင်ဆိုင်ထားတဲ့ လူတယောက်က သာမာန်လူတယောက်ကိုတောင် အနိုင်မရရင် တော်ဝင်သွေးဗီဇလို့ ဘယ်သတ်မှတ်န်ိုင်တော့မလဲဗျ"

ပထမလူ၏ ဘေးနားတွင် ထိုင်နေသောလူက မထူးဆန်းသော လေသံနှင့် ပြောလိုက်သည်။

"အဖိုးအိုချီပြောတာ မမှားဘူးဗျ ပြိုင်ပွဲက ပျင်းစရာကောင်းနေတာတော့ အမှန်ပဲ အနက်ရောင်နေ့ရက်ပြောင်းလဲခြင်း ပေါ်လာမှပဲ ပြိုင်ပွဲက စိတ်ဝင်စားဖို့ ကောင်းလာမဲ့ သဘောမှာ ရှိတယ်"

တစုံတယောက်က ဝင်ရောက်ပြောဆိုလိုက်ပြန်သည်။ "အနက်ရောင်နေ့ရက်ပြောင်းလဲခြင်း" ဟူသောစကားကို ကြားသည်နှင့် လူအတော်များများက တယောက်နားကို တယောက်ကပ်ကာ တီးတိုးပြောဆိုလိုက်ကြသည်။ ထိုစဉ် တစုံတယောက်က စိတ်မကောင်းသော ဟန်ပန်နှင့် ပြောလိုက်ပြန်သည်။

"လောင်ပိုကျွန်းလိုလူမျိုးက တယောက်တည်းဆိုတာတောင် အတော်များလွန်းနေပြီ ဘာကြောင့် ခင်ဗျားက ထပ်ပြီး တောင်းဆိုနေတာတုန်း ကျုပ်တို့ အားလုံး အရှက်တကွဲအကျိုးနည်း ဖြစ်ခဲ့ရတဲ့ ကိစ္စကို ပြန်ထုတ်ဖော်နေစရာ ဘာအကြောင်းများ ရှိသလဲဗျ"

"ဟေ့ ဟေ့ အဖိုးအိုလီအန်း...အဖိုးအိုချီက စနောက်နေတာ ခင်ဗျားလည်း သိသားနဲ့ ဘာကြောင့် အတည်ပေါက်ကြး လုပ်နေတာတုန်း လောင်ပုကျွန်းလို လူစားမျိုးက နှစ်ပေါင်းတထောင်လောက်ကြာတာတောင် တယောက်ပေါ်ဖို့ ခဲယဉ်းပါတယ်ဗျာ ဒီတော့ ဒီကိစ္စကို တွေးပူနေစရာ မလိုပါဘူးဗျ"

တယောက်က တင်းမာစပြုလာသော အခြေအနေကို ပြန်လည်လျော့ပါးသွားစေရန် ဝင်ရောက်ပြောဆိုလိုက်ပြန်သည်။

"ဟုတ်တယ်ဗျို့ ကျုပ်တို့ ဒီအကြောင်း ပြောနေမဲ့အစား တခြားအကြောင်းတွေကို ပြောကြတာပေါ့ ဒီနှစ်ရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲမှာ ပါဖို့ တစ်ပြေးနေတာကတော့ ကျုပ်အထင် နှင်းငှက် ၊ သွေးနတ်ဆိုး၊ ညှို့ငင်လိပ်ပြာနဲ့ သစ်ပင် လေးသခင်တို့ပဲ ဖြစ်ဖို့များတယ် သူတို့လေးယောက်ကတော့ ထိပ်ဆုံးဆယ်ယောက်ထဲဝင်ဖို့ သေချာနေပြီးသားပဲ ကျန်တဲ့ ခြောက်နေရာအတွက်သာ ကျုပ်တို့ စဉ်းစားရမှာဗျ"

"ဆွဲဆောင်မျောက်ဝံ ဆိုတဲ့ မိန်းကလေးဟာလည်း စိတ်လှည့်စားခြင်း ထူးချွန်သူ မျိုးနွယ်စုက ဆင်းသက်လာတာပဲ သူ့ကိုလည်း လျှော့တွက်လို့တော့ မရဘူးဗျ"

"ကျုပ်တော့ ဒီလိုမထင်ဘူးဗျို့ စိတ်လှည့်စားခြင်း သွေးဗီဇဟာ အင်အားကြီးတယ်ဆိုပေမဲ့ တကယ့်တိုက်ပွဲတွေမှာ အသုံးမဝင်လှဘူးဗျ သူက စိတ်စွမ်းအင်အပေါ် မှီခိုလွန်းအားကြီးတယ် စိတ်စွမ်းအင်တွေဟာ မူလစွမ်းအင်တွေထက် ပြန်လည်ပြည့်ဖြိုးရာမှာ ပိုပြီး ကြာမြင့်တတ်တယ် ဒီတော့ ပြိုင်ပွဲအချိန်ကြာလာတာနဲ့အမျှ ဒီကလေးမရဲ့ အဆင့်ဟာ ကျဆင်းလာမှာပဲ ကျုပ်ကတော့ ကွမ်ရှမ်းယင်ကို ပိုပြီး စောင့်ကြည့်ချင်မိတယ်"

"မဟုတ်သေးဘူးဗျ ကျုပ်တို့အနေနဲ့ ကွမ်ရှမ်းယင်ကို ထည့်မစဉ်းစားသင့်ဘူး ဘာကြောင့်လဲဆိုတော့ သူဟာ နာမည်ကြီးပေမဲ့ ဒီအဆင့်ကို ရောက်ဖို့ ယင်ရှမ်းယီကို အားကိုးခဲ့ရတယ် ဒီတော့ သူ့ခွန်အားဟာ အကန့်အသတ်ရှိနေတယ် ပြီးတော့ ကိုယ့်အကျိုးအတွက် မိန်းမတယောက်ကို အားကိုးရတာဟာ ယောက်ျားစစ်စစ်တွေကြားထဲမှာ ရှက်စရာပဲဗျ ဒါကြောင့်မို့ ကျုပ်ကတော့ ကြံ့ဓား ဆိုတဲ့တယောက်ကို ပိုသဘောကျတယ် သူ့အင်အားက လေးစားလောက်စရာပဲဗျ"

"အဲဒီကောင်က ခွန်အားကောင်းပေမဲ့ ဦးနှောက်မပါဘူးဗျ"

"အဆိပ်ကင်းခြေများ ကျတော့ကော သူ့အဆိပ်ဟာ အတော်လေး ကြောက်စရာကောင်းတာပဲ"

"ဝိညာဉ်မိုးကြိုး......"

"မိုးခေါင်သောနဂါး......"

"ကြိုးကြာဖက်တီး...."

မျှော်စင်ပေါ်ရှိ ပုဂ္ဂိုလ်ကြီးများကား အထက်ပါအတိုင်း တယောက်တပေါက်နှင့် ထင်ရာမြင်ရာ ငြင်းခုန်နေကြလေသည်။

______________×××______________×××___________

"ဟူး မလွယ်ပါလား"

စုချန်းကား သက်ပြင်းတချက်ကို ရှည်လျားစွာချရင်း ရေရွတ်လိုက်သည်။ သူရင်ဆိုင်နေရသော ပြိုင်ဘက်သည် သူ့ကို အတော်လေး ဒုက္ခပေးနိုုင်ခဲ့၏။ ၎င်းကို အနိုင်ရရန် သူ့အနေနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသည်။ သို့သော် ဤအချက်မှာ အဓိကကျသော ပြသနာမဟုတ်သေး။ အဓိကပြသနာမှာ သူသည် တိုက်ပွဲတွင် အတော်လေးများပြားသော မူလစွမ်းအင်များကို အသုံးပြုခဲ့ရခြင်းပင်။ ယခုဆိုလျင် သူသည် အတော်လေး မောပန်းနေခဲ့ပေပြီ။ ယခုမှ နယ်မြေနှစ်ခုသာ ရှိသေး၏။ ရည်မှန်းချက်နေရာသို့ ရောက်ရှိရန် နောက်ထပ် နယ်မြေငါးခုတိတိ ဖြတ်သန်းရပေအုံးမည်။

အထက်ပါအတိုင်း စဉ်းစားမိသောအခါ စုချန်း၏ ဦးခေါင်းတခုလုံးသည် ပြင်းထန်စွာ ကိုက်ခဲလာ၏။ သူ့တာဝန်မှာ နဂို မျှော်လင့်ထားသည်ထက် များစွာ ပို၍ ခက်ခဲနေခဲ့လေပြီ။

ထို့နောက်တွင်ကား စုချန်းသည် သတိမေ့နေသော ပြိုင်ဘက်ထံမှ အမှတ်တချို့အား နှုတ်ယူကာ ၎င်းကို အနီးအနားရှိ မြက်ခင်းထဲတွင် ဖွက်ထားလိုက်၏။ ဤနေရာကို ဖြတ်သန်းသွားသော တခြားလူများအနေနှင့် သူ့ကို အခွင့်အရေး မယူနိုင်စေရန် ဖြစ်သည်။

လုပ်စရာရှိသည်တို့ကို လုပ်ဆောင်ပြီးသည်နှင့် စုချန်းသည် နောက်လှည့်ကာ ထိုနေရာမှ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။ သို့သော် စုချန်းအနေနှင့် ခြေလှမ်း များများစားစား မလှမ်းလိုက်ရပေ။ ထူးခြားသော ခံစားချက် တစုံတရာကြောင့် ချက်ချင်းပင် နောက်ကို လှည့်ကြည့်လိုက်သည်။ သူ့လက်ထဲတွင်လည်း သံမဏိဓားတလက် ချက်ချင်း ပေါ်ပေါက်လာ၏။

စုချန်းနှင့် မလှမ်းမကမ်းတွင်ကား မိုးပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တယောက် မတ်တပ်ရပ်နေ၏။ သူ့ကျော်တွင်ကား အလွန်ရှည်လျားသော ဓားတလက်ကို လွယ်ထားလေသည်။ ထိုဓားသည် သာမာန်ဓားတချောင်း ဖြစ်သော်လည်း ပုံသဏ္ဍာန်မှာကား အလွန်ထူးဆန်း၏။ ဓား၏ ကိုယ်ထည်မှာလည်း သာမာန်ဓားများထက် ပို၍ထူထဲရှည်လျားပြီး လခြမ်းကွေးကဲ့သို့ ကွေးကောက်နေပြန်၏။ အနှီဓားမျိုးသည် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်တတ်သူမျိုးအတွက် မသင့်တော်ပေ။ ထို့ကြောင့် ဓားပိုင်ရှင်သည် လျင်မြန်မှု၊ သွက်လက်မြန်ဆန်မှုတို့ကို အားကိုးအားထားပြု၍ တိုက်ခိုက်တတ်သူမျိုး ဖြစ်ရပေလိမ့်မည်။

ထိုအခိုက်မှာပင် လူငယ်က အလွန်မာနကြီးသော လေသံဖြင့် ပြောလိုက်သည်။

"သိပ်လဲစိတ်မပူပါနဲ့ဗျ ကျုပ်က ခင်ဗျားကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရတဲ့အထိ အဆင့်မနိမ့်ပါဘူး ကြည့်ရတာ မင်းဟာ ဇွဲတော့ အတော်လေး ကောင်းပုံရတယ် ဒီတော့ ကျုပ်က မင်းကို အနိုင်ယူရုံလောက်ပဲ ယူမယ် ကျောက်စိမ်းပြားကို မချိုးတော့ဘူး ဟုတ်ပြီလား"

စုချန်းကား လူငယ်ကို မြင်တွေ့လိုက်ရသောအခါ အလွန်ပင် အံ့သြသင့်သွား၏။ သူ့နှုတ်ဖျားမှလည်း တီးတိုးရေရွတ်လိုက်သည်။

"လီချိန်းယွင်ပါလား"

မိုးပြာရောင်ဝတ်စုံကို ဝင်ဆင်ထားသော လူငယ်ကလည်း စုချန်း၏ နှုတ်ဖျားမှ ရေရွတ်သံကို ကြားလိုက်ရသောအခါ အံ့သြသင့်သွားပုံရသည်။ ထိုအခါ သူက ပြောလိုက်၏။

"မင်းက ကျုပ်ကို မှတ်မိတယ်ပေါ့"

စုချန်းက ခေါင်းကို ဖြေးညှင်းစွာ ညှိတ်ပြလိုက်သည်။ အမှန်တကယ်လည်း သူသည် လီချိန်းယွင်ကို မှတ်မိနေ၏။ သူတို့နှစ်ယောက်သည် တချိန်က ပါရမီရှင်များဟု အတူတကွ သတ်မှတ်ခံခဲ့ရသူများ ဖြစ်သည်။ သို့သော် အံ့သြစရာကောင်းလောက်အောင်ပင် သူတို့နှစ်ယောက်၏ ကံကြမ္မာသည် ဆန့်ကျင်ဘက် ဖြစ်ခဲ့ရလေသည်။

အကြောင်းမှာ စုချန်းသည် သူတောင်းစားအိုကြီး၏ လက်ချက်ကြောင့် မျက်မမြင်ဒုက္ခိတဘဝသို့ ကျရောက်ခဲ့ရချိန်ဝယ် လီချိန်းယွင်သည် အကြီးအကျယ် ကံထူးခဲ့၏။ သူသည် မိုးမခဓားရှောင်ရှမ်း၏ မျက်စေ့ကျမှုကို ခံခဲ့ရပြီး သိပ်မကြာမီပင် ရှောင်ရှမ်း၏ မြေးတပည့် ဖြစ်လာခဲ့လေသည်။ ထို့နောက် သူသည် ရှောင်ရှမ်းထံမှ ကခုန်နေသော လေဝက်သစ်ချဓားနှင့် ဖုံးကွယ်ထိုးသွင်းခြင်းနည်းစနစ်တို့ကို ဆက်ခံနိုင်ခဲ့၏။ ဝက်သစ်ချဓားသည် အလွန် တန်ဖိုးကြီးမားသော ဓားတလက်ဖြစ်ပြီး ၎င်း၏ ရွေ့လျားမှုမှာ ထူးဆန်း၏။ ဖုံးကွယ်ထိုးသွင်းခြင်းမှာကား အလွန် ကြောက်မက်ဖွယ်ကောင်းသော နည်းစနစ်ဖြစ်ပြီး ရန်သူကို တချက်လွှတ်တိုက်ခိုက်ခြင်းမျိုး ဖြစ်သည်။ လီချိန်းယွင်အနေနှင့် ရှောင်ရှမ်းထံမှ နာမည်ကျော် နည်းစနစ်များကို လက်ခံရရှိထား၍ ၎င်းကို အနိုင်ရရှိရန် စုချန်းကိုယ်တ်ိုင် ယုံကြည်မှုမရှိပေ။

ထိုအခိုက်မှာပင် လီချိန်းယွင်က တစုံတရာကို နားလည်သဘောပေါက်သွားဟန်ဖြင့် မေးလိုက်သည်။

"မင်းက မြောက်ပိုင်းမြို့တော်ကလား"

စုချန်းက ခေါင်းညိတ်ပြလိုက်၏။

"နယ်မြေ ၁၂ မှာ တခြားပြိုင်ပွဲဝင်တယောက်ကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး"

လီချိန်းယွင်က ရယ်မောကာ ပြောလိုက်၏။ ထိုအခါ စုချန်းက ခေါင်းခါယမ်းလိုက်သည်။

"ဒီနေရာကို ရောက်လာတာ ကျုပ်တို့ နှစ်ယောက်ပဲ မဟုတ်လောက်ဘူးထင်တယ်"

လီချိန်းယွင်က အတော်လေး အံ့သြသင့်သွား၏။ သို့သော် သူက ချက်ချင်းပင် သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်သည်။

"ဟေ့ ဘယ်သူလဲ ထွက်လာခဲ့စမ်း"

"အစ်ကိုကြီးလီ ခင်ဗျားရဲ့ တုံ့ပြန်မှုက နတ်ဆိုးမျက်နှာထက် နောက်ကျတယ်ဗျ"

အတော်လေးဝေးသော သစ်ပင်တပင်ပေါ်မှ အသံတသံ ထွက်ပေါ်လာ၏။ လူငယ်သည် သစ်ပင်ထိပ်ဖျားတွင် မတ်တပ်ရပ်နေခြင်း ဖြစ်သည်။ လူငယ်၏ အဝတ်အစားမှာကား ဟောင်းနွမ်းစုတ်ပြဲနေ၏။ ထိုလူငယ်မှာကား ပိုင်လိပေတည်း။

"လက်စသတ်တော့ မင်းကိုးကွ"

ပိုင်လိ၏ အသံကိုကြားသည်နှင့် လီချိန်းယွင်က အေးစက်သော လေသံနှင့် ပြောလိုက်သည်။

"အစောကြီးကတည်းက မင်းမှန်း ငါသိသင့်တာ တောင်သုံးလုံးနယ်မြေတဝိုက်မှာ အဆင်မြင့်နယ်မြေတွေကို ထိုးဖောက်ဝင်လာရဲတာ လူအနည်းငယ်ပဲ ရှိတယ် ဘယ်မှာလဲ လင်ချူးယွဲ့နဲ့ လင်ကျင်းချွင်း...သူတို့ကော ပါမလာဘူးလား"

"လင်ချူးယွဲ့က နယ်မြေ ၁၃မှာပဲ ရှိသေးတယ် ဒါပေမဲ့ လင်ကျင်းချွင်းကတော့ နယ်မြေ ၁၅ကိုသွားပြီး အမှတ်စုဆောင်းနေလေရဲ့"

ပိုင်လိက ဖြေလိုက်သည်။ ထိုအခါ လီချိန်းယွင်က ရယ်သွမ်းသွေးလိုက်၏။

"ဟား ဟား ဟား တယ်လဲအသုံးမကျတဲ့ ကောင်တွေပါလား"

အဆင့်နိမ့်ဒေသမှ အဆင့်မြင့်ဒေသသို့ သွားခြင်းသည် မိမိ၏ သူရသတ္တိကို ပြသခြင်း ဖြစ်ပြီး အဆင့်မြင့်ဒေသမှ အဆင့်နိမ့်ဒေသသို့ သွားလာခြင်းသည်ကား အင်အားနည်းပါးသူကို အနိုင်ကျင့်ခြင်းသာ ဖြစ်သည်။ မိမိကိုယ်ကို အင်အားကြီးမားသည်ဟု ယုံကြည်သူများသည် သူရဲဘောကြောင်သော လုပ်ရပ်မျိုးကို ဝေးဝေးမှ ရှောင်ကြဉ်တတ်လေသည်။

သို့သော် ဤနေရာတွင်ကား လင်ကျင်းချွင်းသည် တစုံတရာကို မေ့လျော့နေခဲ့၏။

လင်ကျင်းချွင်းတယောက် နယ်မြေ ၁၅သို့ ရောက်ရှိနေရခြင်းမှာ အမှန်တကယ်တော့ စုချန်း၏ အကြံအစည် ဖြစ်ည်။ စုချန်း၏ စိတ်ထဲတွင် လင်ကျင်းချွင်းကို သူ၏ နောက်ဆုံး အသက်ကယ်ဆေးအဖြစ် သတ်မှတ်ထား၏။ အကယ်၍ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက် ကိစ္စနှင့်ပတ်သက်ပြီး အလုပ်ရှုပ်နေ၍ အမှတ်များ လုံလောက်စွာ စုဆောင်းနိုင်စွမ်း မရှိခဲ့လျင် သူ့အနေနှင့် လင်ကျင်းချွင်းထံမှ အမှတ်များကို လုယူရန် ကြိုတင်တွေးတောထားသည် မဟုတ်ပါလား။

ထိုအခိုက်မှာပင် လီချိန်းယွင်က စကားစလာ၏။

"ကျုပ်တို့အားလုံးဟာ နယ်မြေ ၁၃ကပဲ ဒါပေမဲ့ မထင်မှတ်ပဲ နယ်မြေ၁၂မှာ အတူတကွ လာဆုံနေရပြီ ဒါဟာ တွေးကြည့်ရင် အတော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ"

"ဒါကို တိုက်ဆိုင်မှုလို့တော့ ယူဆလို့ မရဘူးဗျ နယ်မြေ ၁၃ကနေ နယ်မြေ ၁၂ကို လာမယ်ဆိုရင် ဒီလမ်းဟာ အနီးဆုံးပဲ ဒီတော့ ကျုပ်တို့အားလုံးသာ တနေရာတည်းကလာရင် ဒီနေရာမှာ သေချာပေါက် တွေ့ဆုံမိမှာပဲ"

ပိုင်လိက ခေါင်းတချက်ကုတ်ရင်း ပြောလိုက်သည်။

"အို ဒါတွေကို ဆန်းစစ်နေပြီး ဘာလုပ်မလို့တုန်း ကျုပ်တို့ ဒီနေရာမှာ တွေ့ပြီဆိုတော့ ဘာလို့ စကားပြောနေတော့မလဲ တိုက်ခိုက်ကြပါစို့လား"

လီချိန်းယွင်က အလောသုံးဆယ်ပင် စိန်ခေါ်လိုက်၏။ တဆက်တည်းမှာပင် ထူးဆန်းသော ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ပိုင်လိကား ယခုအချိန်ထိ အပြုံးမပျက်သေးချေ။ သို့သော် သူ့အပြုံးတွင် ဂရုစိုက်ခြင်း၊ သတိကြီးကြီးထားခြင်း စသော အဓိပ္ပါယ်များ ရောစပ်ပါဝင်နေ၏။

"ကျုပ်တို့ရဲ့ ပြိုင်ဆိုင်မှုပုံစံကို တမျိုးတမည် ပြောင်းလဲလိုက်ရင် မကောင်းဘူးလား"

စုချန်းက ရုတ်တရက် ဝင်ပြောလိုက်၏။ လူငယ်နှစ်ယောက်က စုချန်းကို ချက်ချင်းပင် လှမ်းကြည့်လိုက်ကြ၏။ ထိုအခါ စုချန်းက ရှင်းပြလိုက်သည်။

"ကံကြမ္မာက ကျုပ်တို့အားလုံးကို ဒီနေရာမှာ ဆုံစည်းစေခဲ့ပြီ ကြည့်ရတာ ကျုပ်တို့အတွက် ကံကြမ္မာမှာ သီးခြားအစီအစဉ် ရှိပုံရတယ်ဗျ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ ခုဆိုရင် ကျုပ်တို့အားလုံးဟာ ကိုယ့်နယ်မြေမဟုတ်တဲ့ နေရာတွေမှာ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး အဆင့်မြင့်နယ်မြေတွေကို ဦးတည်နေကြတယ် ဒါဟာ ဘာကြောင့်လဲ ကျုပ်တို့ဟာ သူများနောက်မှာ ကျန်မနေခဲ့ချင်လို့ပဲ ဒါတင်မကသေးဘူး ကျုပ်တို့ဟာ မြောက်ပိုင်းမြို့တော်လို ဖားခြေရာခွက်ထဲမှာ ပျော်မနေပဲ ကြီးမားတဲ့ ကိစ္စတွေကို လုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြချင်နေလို့ပဲ ဟုတ်တယ်မလား"

စုချန်း၏ စကားသည် သူတို့၏ နှလုံးသားများကို လှုပ်ခတ်သွားစေ၏။ စုချန်း၏ စကားသာ မမှန်ခဲ့လျင် သူတို့အားလုံးသည် အဘယ်ကြောင့် ဤနေရာကို ရောက်ရှိနေမည်နည်း။ ထိုစဉ် စုချန်းက စကားဆက်ပြန်သည်။

"ဒီတော့ ကျုပ်တို့အချင်းချင်း ဘာကြောင့်တ်ိုက်ခိုက်နေမှာလဲ ကံကြမ္မာက ဒီနေရာမှာ ဆုံတွေ့စေမှတော့ ကျုပ်တို့ကို မတိုက်ခိုက်စေချင်လို့ပဲ ဖြစ်ရမယ် နဂါးကျောင်းတော်ကို ဝင်ခွင့်ရဖို့အတွက် အမှတ်တွေ စုဆောင်းဖို့ လိုတယ်ဆိုတာ ကျုပ်မငြင်းဘူး ဒါပေမဲ့ ဒီအမှတ်တွေဟာ ဘယ်သူဘယ်ဝါကို အနိုင်ရမှရယ်လို့ သတ်မှတ်ထားတာ မရှိဘူး တကယ်တော့ ကျုပ်တို့ဟာ တောင်သုံးလုံးနယ်မြေမှာ ရှိတဲ့ မရေမတွက်နိင်တဲ့ ပြိုင်ပွဲဝင်တွေနဲ့ ယှဉ်ပြိုင်နေရတာပဲ ဒီတော့ ဘာကြောင့် ကျုပ်တို့အချင်းချင်း တိုက်ခိုက်နေတော့မလဲ"

လီချိန်းယွင်က မေးလိုက်သည်။

"ခင်ဗျားပြောနေတာ အမှတ်အများဆုံး ရရှိတဲ့လူက အနိုင်ရမယ်လို့ ပြောနေတာလား ဒါက ဘာမှလည်းမထူးဆန်းပါဘူးဗျာ"

"မဟုတ်ဘူး ကျုပ်ပြောနေတာ အဝေးဆုံးနဲ့ နယ်မြေအမှတ် ဘယ်လောက်အထိ အမြင့်ဆုံး သွားနိုင်ခဲ့သလဲ ဆိုတာကို ပြိုင်သင့်တယ်လို့ ပြောနေတာ"

စုချန်းက အလွန်တရာ ထူးဆန်းသော ဟန်ပန်နှင့် ပြုံးရင်း ရှေ့တည့်တည့်ရှိ တောလမ်းလေးကို လက်ညိုးထိုးကာ ပြောလိုက်သည်။

"ဒီလမ်းကြောင်းတလျှောက် သွားကြည့်စမ်းပါ ခင်ဗျားဟာ ယောက်ျားတယောက်ဆိုရင် နယ်မြေအကုန်လုံးကို လှည့်ပတ်လျှောက်ကြည့်လိုက်စမ်းပါ"

All Chapters