နယ်မြေများအား ဖြတ်သန်းခြင်း ၎
Vol. 12 Ch. 120
ခင်ဗျားဟာ ယောက်ျားတယောက်ဆိုရင် နယ်မြေအကုန်လုံးကို လှည့်ပတ်လျှောက်ကြည့်လိုက်စမ်းပါ"
အဆိုပါ ဝါကျသည် လီချိန်းယွင်နှင့်ပိုင်လိတို့ နှစ်ယောက်လုံးကို တုန်လှုပ်သွားစေ၏။ သူတို့နှစ်ယောက်စလုံးသည် ထူးဆန်းသော သတ္တဝါတကောင်ကို မြင်တွေ့ရသကဲ့သို့ စုချန်းအား စိုက်ကြည့်နေကြ၏။
အထက်ပါ စကားမျိုးကို အလွယ်တကူ ပြောဆိုလိုက်သည့် စုချန်းသည် မည်သို့သော လူစားမျိုးများ ဖြစ်နေဘိသနည်း။ ဤမျှ ရဲဝံ့သော ဆုံးဖြတ်ချက်မျိုးကို အလွယ်တကူ ချမှတ်လိုက်သည့် စုချန်းသည် မည်မျှပင် ထောင်လွှားနေလိုက်သနည်း။
ထိုစကားသည် နယ်မြေ ၁နှင့် တိုက်ပွဲဆင်နွဲရန် ပြောဆိုလိုက်သည်နှင့် အတူတူသာ။ နယ်မြေ ၁တွင် မည်သို့သော လူစားမျိုးများ ရှိနေသည်ကို လူတိုင်းလိုလို သိရှိထားကြ၏။ ၎င်းနယ်မြေသည် တောင်သုံးလုံးဒေသရှိ အသန်မာဆုံးသော မျိုးဆက်သစ်များ၏ ပြိုင်ပွဲဝင် နယ်မြေဖြစ်သည်။ ထိုနယ်မြေတွင် စုချန်းတို့ကဲ့သို့သော သာမာန်မျိုးနွယ်စု ပါရမီရှင်များသည် အလကားသက်သက်သာ ဖြစ်သွား၏။ အကြောင်းမှာ ထိုနယ်မြေရှိ ပြိုင်ပွဲဝင်တိုင်းလိုလိုသည် တော်ဝင်သွေးဗီဇမျိုးနွယ်စုဝင်များ ဖြစ်နေသောကြောင့်ပင်။ စစ်မှန်သော တော်ဝင်သွေးဗီဇပိုင်ရှင်တယောက်နှင့် နှိုင်းစာလျင် သွေးနှောတယောက်သည် ထိုသူ၏ ခြေဖဝါးပေါ်မှ မြူမှုံတမှုံစာမျှသာ ရှိလေသည်။
လီချိန်းယွင်နှင့် ပိုင်လိသည် အဆင့်နိမ့်နယ်မြေများ၏ ဘုန်းကျက်သရေကို မြှင့်တင်ရန် နယ်မြေ၁၂သို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ သူတို့သည် အနည်းဆုံး နယ်မြေ ၁၁ထိ သွားနိုင်လိမ့်မည်ဟု ယူဆထားကြ၏။ အကြောင်းမှာ ထိုနယ်မြေများသည် တခုနှင့်တခု ကပ်လျက် တည်ရှိနေသောကြောင့် ယေဘုယျအားဖြင့် အင်အားအရာတွင်လည်း မတိမ်းမယိမ်းသာ ဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံး၏ စိတ်ထဲတွင် နယ်မြေအားလုံးကို အစမှအဆုံး ဖြတ်သန်းသွားရန် အနည်းငယ်မျှပင် တွေးတောထားခြင်း မရှိ။
သူတို့နှစ်ယောက်၏ အမူအရာကို ကြည့်ရင်း စုချန်းက အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။
"ဘာလဲ ခင်ဗျားတို့က မလုပ်ရဲဘူးလား"
"မလုပ်ရဲတာ မဟုတ်ဘူးကွ မလုပ်နိုင်တာ"
လီချိန်းယွင်က ပြောလိုက်၏။ သူသည် ကျန်သော နေရာများတွင် အတော်ပင် ဂုဏ်မောက်သော်လည်း ဤတကြိမ်တွင်တော့ အမှန်အတိုင်းပင် ဖွင့်ဟဝန်ခံလိုက်လေသည်။ သို့သော် စုချန်းက လီချိန်းယွင်၏ အကြောင်းပြချက်ကို လက်မခံချေ။ သူက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
"တကယ်လို့ မကြိုးစားကြည့်ဘူးဆိုရင် မင်းအနေနဲ့ လုပ်နိုင်မလုပ်နိုင် ဘယ်လိုလုပ်သိမှာလဲ တကယ်လို့ လူတယောက်ဟာ အဆက်မပြတ် ကြိုးစားနေခဲ့တယ်ဆိုရင် ကံမကောင်းအကြောင်းမလှလို့ ရှုံးနိမ့်သွားတယ်ပဲ ထားအုံး နောင်တရစရာမရှိဘူး ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ သွားဖို့ ဆုံးဖြတ်ပြီးပြီ ဒီဆုံးဖြတ်ချက်ကြောင့် လမ်းတဝက်မှာ ရှုံးနိမ့်ကောင်း ရှုံးနိမ့်သွားမယ် ဒါမှမဟုတ် ခရီးဆုံးတဲ့အထိ လျှောက်ကောင်းလည်း လျှောက်နိုင်လိမ့်မယ် ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ဝမ်းမနည်းဘူး ဒီတော့ စိတ်မကောင်းပါဘူးဗျ ကျုပ် ခင်ဗျားတို့ကို မတိုက်ခိုက်ချင်ဘူး"
ပြောစရာရှိသည်တို့ကို ပြောပြီးသည်နှင့် စုချန်းက ထိုနေရာမှ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။ စကား အတန်ကြာအောင် ပြောဆိုပြီးနောက် နောက်ဆုံးစကားမှာကား စုချန်းက စိတ်ရင်းမှန်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
"မတိုက်ခိုက်ချင်ဘူး"
မှန်ပေ၏။ အဘယ်မှာ တိုက်ခိုက်ချင်ပါမည်နည်း။ လက်ရှိအချိန်တွင် စုချန်းမှာ အတော်လေး မောပန်းနေခဲ့ပြီ ဖြစ်လေရာ သူတို့နှစ်ယောက်နှင့်သာ ဆက်လက်တိုက်ခိုက်ပါက အနိုင်ရသည့်တိုင်အောင် ပေးဆပ်မှု ကြီးမားသွားနိုင်၏။ တဖန် ထိုသို့ အနိုင်ရစေရန်လည်း သူသည် ဝှက်ဖဲများအားလုံးကို ထုတ်သုံးသွားဖွယ်ရာ ရှိနေ၏။ သူ့အနေနှင့် မိမိ၏ ဝှက်ဖဲများကို စောစောစီးစီး ထုတ်မသုံးလို။ ထို့ကြောင့် စကားကို လှည့်ပတ်ပြောဆိုနေခြင်း ဖြစ်သည်။
ဤနေရာတွင် လီချိန်းယွင်တို့ မဟုတ်ပဲ တခြား လူစိမ်းတယောက်ယောက်သာ ဖြစ်နေပါက စုချန်းအဖို့ မည်မျှပင် လှည့်ပတ်ပြောဆိုစေကာမူ အကျိုးထူးလိမ့်မည် မဟုတ်။ ယခုတော့ လီချိန်းယွင်တို့ကိုယ်တိုင်ပင် နယ်မြေ ၁၃မှ နယ်မြေ ၁၂သို့ လာရောက်ကြသူများ ဖြစ်လေရာ စုချန်း၏ စကားသည် အတိုင်းအတာ တခုအထိ အကျိုးသက်ရောက်မှု ရှိခဲ့လေသည်။ အကယ်၍ သူတို့နှစ်ယောက်ကို တူညီသော ရန်သူအပေါ် အာရုံစိုက်စေရန် ဆွဲဆောင်န်ိုခဲ့ပါက စုချန်း၏ စိတ်ကူးစိတ်သန်းမှာ အောင်မြင်နိုင်ဖွယ်ရာ ရှိသည်။ ကံကောင်းထောက်မခဲ့လျင် စုချန်းအဖို့ တိုက်ပွဲကို ရှောင်ရှားနိုင်ရုံသာမက ခရီးလမ်းတလျှောက် ဖိအားကို လျော့ချပေးနိုင်မည့် လူနှစ်ယောက်ပါ ရရှိလာနိုင်သေးသည်။
အမှန်ကယ်လည်း လီချိန်းယွင်နှင့်ပိုင်လိသည် တယောက်မျက်နှာကို တယောက် စိုက်ကြည့်နေကြ၏။ အတန်ကြာသော လီချိန်းယွင်က အောက်ကလိအာနိုင်သော အသံနှင့် ရယ်မောလိုက်သည်။
"စိတ်ဝင်စားစရာပဲ ဒီ နတ်ဆိုးမျက်နှာက မဆိုးဘူးပဲ ဟေ့ ပိုင်လိ မင်းရော ဘယ်လိုလဲ စိတ်ဝင်စားရဲ့လား"
ထိုအခါ ပိုင်လိက စုချန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"တကယ်လို့ ကျုပ်လည်း သဘောတူတယ်ဆိုရင် ခင်ဗျားရဲ့ မျက်နှာဖုံးကို ချွတ်ပြီး ဘယ်သူဘယ်ဝါဆိုတာ ပြနိုင်မလား"
စုချန်းက ခေါင်းကိုလှည့်ရင်း ပိုင်လိကိုတလှည့်၊ လီချိန်းယွင်ကို တလှည့် စိုက်ကြည့်လိုက်၏။ လီချိန်းယွင်၏ မျက်နှာပေါ်တွင်ကား မျှော်လင့်ချက်များနှင့် ပြည့်နှက်နေ၏။ ထိုအခါ စုချန်းက ခေတ္တမျှ စဉ်းစားဟန်ပြုပြီး ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက်သည်။
"ကောင်းပြီးလေ ခင်ဗျားတို့အနေနဲ့ ကျုပ်ကို အမှီလိုက်နိုင်တယ်ဆိုရင် နောက်တခါ ပြန်တွေ့တဲ့အခါ မျက်နှာဖုံးကို ချွတ်ပြမယ်"
ပြင်းပြသော ဆန္ဒနှင့်ယုံကြည်မှု အရာတွင် စုချန်းသည် အလွန်မြင့်မားကြောင်း ပ်ိုင်လိတို့နှစ်ယောက် မြင်သာအောင် ပြသခဲ့ပြီး ဖြစ်သည်။ သို့သော် မာနကြီးသော လီချိန်းယွင်မှာကား ၎င်းကို လက်ခံန်ိုင်ပုံမရ။ သူက ချက်ချင်းပင် ပိုင်လိအား ပြောဆိုလိုက်သည်။
"ကဲ ဘယ်သူ များများ ပိုရောက်နိုင်မလဲ စမ်းကြည့်ကြတာပေါ့"
ပိုင်လိက ရယ်မောလိုက်၏။
"ကျုပ်ကတော့ ဒီလမ်းအတိုင်း သွားမယ် နောက် ပြန်တွေ့ကြတာပေါ့"
စကားဆုံးသည်နှင့် သူသည် မြက်ပင်များအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
______________×××______________×××___________
လီချိန်းယွင်၊ ပိုင်လိတို့နှင့် တိုက်ခိုက်ရမည့်အရေးကို ရှောင်လွှဲနိုင်ခဲ့သည့်အတွက် စုချန်းအနေနှင့် မူလစွမ်းအင် အတော်များများကို ချွေတာနိုင်ခဲ့၏။ ပို၍ အရေးကြီးသည်မှာ လူငယ်နှစ်ယောက်သည် လမ်းတလျှောက်လုံး သူခံစားရမည့် ဖိအားများကို ခွဲဝေယူလိုက်သကဲ့သို့ ဖြစ်သွားသောကြောင့် စုချန်း၏ ရှေ့ခရီးသည် ပို၍ ရိုးရှင်းလွယ်ကူလာခဲ့လေပြီ။ သိပ်မကြာမီ စုချန်းသည် နယ်မြေ ၁၂ကို ဖြတ်ကျော်၍ နယ်မြေ ၁၁အတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့၏။
နယ်မြေ ၁၀မှစ၍ နောက်ပိုင်း နယ်မြေမှန်သမျှကို ယေဘုယျအားဖြင့် အဆင့်နိမ့်နယ်မြေများဟု သတ်မှတ်နိုင်၏။ ထို့ကြောင့် ထိုနယ်မြေများတွင် ကြီးမားသော ပြိုင်ဘက်ဟူ၍ များများစားစား မရှိလှ။ စုချန်းသည် နယ်မြေ တလျှောက် တွေ့ရှိခဲ့သမျှ ပြိုင်ဘက်များကို မီးလျံစက်လုံးနှင့် လေလှိုင်းရေဘဝဲလက်တံများ စသော နည်းစနစ်နှစ်မျိုးကို အလျင်းသင့်သလို အသုံးပြုကာ မြန်မြန်ဆန်ဆန်ပင် ရှင်းလင်းခဲ့လေသည်။ လက်ရှိအချိန်တွင် စုချန်းသည် မူလစွမ်းရည် ခုနှစ်မျိုးအထိ အသုံးပြုနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုမူလစွမ်းရည်များသည် ချီစွမ်းအား စုဆောင်းခြင်းနယ်ပယ် အစွန်အဖျားရှိ ချီစွမ်းအားပညာရှင်တယောက်အတွက် အရေအတွက်အားဖြင့် သိပ်မဆိုးလှဟု ဆိုနိုင်သော်လည်း အရည်အသွေးပိုင်းဆိုင်ရာတွင်ကား အားနည်းချက်များ ရှိနေဆဲပင်။ သူ့တွင် အလွန်ကြီးမားသော သတ်ဖြတ်နိုင်စွမ်း မရှိသလို စကြာဝဠာကြီးတခုလုံးကို တချက်တည်းနှင့် တုန်ခါသွားစေနိုင်သော အစွမ်းသတ္တိမျိုးလည်း မရှိ။
သို့သော် ပြိုင်ပွဲဝင်အများစုမှာကား ချီစွမ်းအားစုဆောင်းခြင်း နယ်ပယ်အတွင်း ဝင်ရောက်ပြီးသူ ဟူ၍ပင် အတော်ရှားပါးလှသည်။ ထိုအထဲတွင်မှ မူလစွမ်းရည် နှစ်မျိုးမှ သုံးမျိုးအထိ ပိုင်ဆိုင်နိုင်ခဲ့လျင် အတော်လေး ဟုတ်နေပေပြီ။
တဖန် စုချန်းတွင် ထူးခြားသော အရည်အသွေးတမျိုး ရှိနေသေး၏။ ၎င်းမှာ ကိုယ်ခန္ဓာစွမ်းအားများ စုဆောင်းခြင်း အဆင့်အတန်းပင် ဖြစ်သည်။ စုချန်း၏ ကိုယ်ခန္ဓာစွမ်းအားသည် ချီစုဆောင်းခြင်းနယ်ပယ် ပဉ္စမအလွှာသို့တိုင် ရောက်ရှိနေခဲ့လေပြီ။ ကိုယ်ခန္ဓာအတွင်း စုဆောင်းထားသော စွမ်းအင်သည် တိုက်ပွဲဝင်စွမ်းအားနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသော်လည်း သွယ်ဝိုက်သော အကျိုးသက်ရောက်မှုများကား ရှိနေ၏။ ထို့ကြောင့် သူ၏ မူလစွမ်းအင်ပမာဏသည် တခြားလူများထက် ပို၍ များပြားနေသည်မှာကား အမှန်ပင်။
ချီစုဆောင်းခြင်းနယ်ပယ် ပထမအလွှာသည် အဝါရောင်ကြယ် ဆယ်လုံးရှိသည်ဆိုပါက ပဉ္စမအလွှာသည် အဝါရောင်ကြယ် အလုံးငါးဆယ်နှင့် ညီမျှနေ၏။ ထို့ကြောင့် ချီစုဆောင်းခြင်းနယ်ပယ် ပထမအလွှာ ပြိုင်ပွဲဝင်များကြားဝယ် စုချန်း၏ စွမ်းအင်သည် သာမာန်ထက် ငါးဆခန့် မြင့်မားနေသည်ဟု ဆိုနိုင်သည်။ နယ်မြေအားလုံးကို ခွဲခြမ်းစိတ်ဖြာလိုက်လျင်ပင် စုချန်းထက် အင်အားပြည့်ဝသူဟူ၍ အတော်ပင် ရှားပေလိမ့်မည်။
နောက်တချက်မှာ စုချန်း၏ ကံတရားပင် ဖြစ်သည်။ သူသည် ယခုအချိန်ထိ ကုသိုုလ်ကံ ကောင်းနေသေး၏။ သူသည် ယခုအချိန်ထိ အလွန်ခက်ခဲသော ပြိုင်ဘက်များနှင့် မတွေ့ဆုံရသေးသလို သူ့နယ်မြေမှ လူငယ်နှစ်ယောက်ကလည်း သူနှင့်အတူ အဆင့်မြငိ့နယ်မြေများကို ဖြတ်သန်းသွားမည်ဖြစ်ရာ ဝန်ထုပ်ဝန်ပိုးများ အတော်လေး လျော့ပါးသွား၏။ ထိုအခါ စုချန်းသည် နယ်မြေ ၁၁ကို မည်သည့်အခက်အခဲမှ မကြုံတွေ့ရပဲ သက်တောင့်သက်သာပင် ဝင်ရောက်နိုင်ခဲ့တော့သည်။
သို့ရာတွင် နယ်မြေ ၁၀အတွင်းသို့ ရောက်ရှိသွားသည့်အခါတွင်ကား စုချန်းတယောက် အခက်အခဲတချို့နှင့် တွေ့ကြုံရတော့သည်။
ထိုအခက်အခဲမှာ တခြားတော့ မဟုတ်။ အသားအရေ မဲနက်နေသော လူငယ်တယောက် ဖြစ်သည်။ လူငယ်၏ တိုက်ခိုက်ပုံမှာ ရက်စက်ကြမ်းကြုတ်သော ဟိုင်အီးနားတကောင်နှင့် တူလှပြီး ခြေနှင့်လက်များကို အသုံးပြုရုံသာမက ပါးစပ်ဖြင့်ပါ ကိုက်ဆွဲတတ်သေး၏။ ဤလူငယ်နှင့် တိုက်ခိုက်ရသည်မှာ ညစ်ပတ်သော သတ္တဝါတကောင်နှင့် တ်ိုက်ခိုက်နေရသကဲ့သို့ ရှိလေသည် (ဟိုင်အီးနားဆိုတာ အာဖရိကနဲ့ အာရှတိုက်တို့မှာ တွေ့ရလေ့ရှိပြီး ခွေးနဲ့ တူတယ် အုပ်စုဖွဲ့ အမဲလိုက်တတ်တယ်...ဤကား စကားချပ်) ။ သို့သော် လူငယ်၏ တိုက်ခိုက်ပုံမှာ အသုံးတော့ဝင်ပုံရသည်။ သူ၏ ထူးဆန်းလှသော တိုက်ခိုက်ပုံကြောင့် အတိုက်ခိုက်ခံရသူအဖို့ အသက်ပင် မရှုအားလောက်အောင် မျက်ကလူးဆန်ပြာ ဖြစ်သွားစေနိုင်သည်ကတော့ အမှန်ပင်။ လူငယ်၏ လျှို့ဝှက်လက်နက်မှာကား ငရဲကျောက်သားအမှုန့်အိတ် ဖြစ်သည်။ စိတ်ပျက်စရာ နဂါးကျောင်းတော်သည် ဤကဲ့သို့သော လက်နက်မျိုးကိုပင် ယူဆောင်ခွင့် ပြုထားချေသည်တကား။
စုချန်းကား လူငယ်၏ ပြင်းထန်ကြမ်းတမ်းသော တိုက်ခိုက်မှုကို ခံနေရ၏။ ထိုအခိုက်မှာပင် စုချန်းက ဝိညာဉ်မျက်လုံးနှင့် လေလှိုင်းရေဘဝဲလက်တံများကို အသုံးပြုကာ လူင်ကိ ထိန်းချုပ်ပြီး မီးလျံစက်လုံးနှင့် အပိုင်တိုက်ခိုက်လိုက်၏။ လူငယ်သည် မြေကြီးပေါ်သို့ ခြေပစ်လက်ပစ်နှင့် ပြုတ်ကျသွားပြီး မယုံကြည်နိုင်ဟန်ဖြင့် အော်ဟစ်လိုက်သည်။
"မင်း နယ်မြေ ၁၀က ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"အိုး ဟုတ်ရဲ့လားကွ"
စုချန်းက လူငယ်ကို ထေ့ငေါ့လိုက်၏။
"သိပ်ဟုတ်တာပေါ့ နယ်မြေ ၁၀ကကောင် အတော်များများနဲ့ ငါ တိုက်ခိုက်ပြီးပြီ ငါ့ကို အနိုင်ယူနိုင်တဲ့ကောင်ဆိုတာ လက်တဆုပ်စာတောင် မရှိဘူး သူတို့အားလုံးကို ငါ သိတယ်"
လူငယ်၏ စကားကို ကြားလ်ိုက်ရသောအခါ စုချန်းက ရယ်မောလိုက်၏။ ထို့နောက် သူက မေးမြန်းလိုက်သည်။
"မင်းရဲ့ တ်ိုက်ခိုက်ပုံက အတော်လေး ထူးဆန်းတာပဲ ဒါ့အပြင် မင်းက ငရဲကျောက်သားအမှုန့်အိတ်ကိုတောင် မကြောက်မလန့် အသုံးပြုနေတယ် ဒီတော့ မင်းကို ယှဉ်နိုင်မဲ့လူ အတော်ရှားတာကို သိပ်အံ့သြစရာတော့ မရှိဘူး မင်း အမြဲတမ်း ဒီလိုပဲ တိုက်ခိုက်တတ်သလားကွ"
"တကယ်လို့ မင်းဟာ ငယ်စဉ်ကတည်းက ထမင်းတလုတ်အတွက် အမြဲလိုလို တိုက်ခိုက်နေရမယ်ဆိုရင် ငါဘာကြောင့် ဒီလို တိုက်ခိုက်ရသလဲ မင်းနားလည်လာလိမ့်မယ်"
လူငယ်၏ စကားကြောင့် စုချန်း အလွန် အံ့သြသွား၏။ သို့သော် သူက ချက်ချင်းလိုလိုပင် လူငယ်၏ ဘဝပေးအခြေအနေကို နားလည်သဘောပေါက်လိုက်၏။ လူငယ်ကား လမ်းတေလေတဦးပေတည်း။ ထိုအခါ သူက သက်ပြင်းတချက်ကို မသိမသာ ချလိုက်၏။ လူငယ်သည် အတွေ့အကြုံပြည့်ဝသော်လည်း စွမ်းရည်နည်းပါးနေသည်မှာ အထူးတလည် အံ့သြစရာ မရှိတော့။ အကယ်၍ ဤလူငယ်မျိုးသာ ပထမနေရာမှ ချီစွမ်းအားပညာရှင်တယောက် ဖြစ်လာခဲ့လျင် အံသြသင့်စရာ ဖြစ်လာပေလိမ့်မည်။
ထိုအခိုက်မှာပင် လူငယ်က အော်ဟစ်မေးမြန်းလိုက်ပြန်သည်။
"ဟေ့ မင်း ဘယ်နယ်မြေကလည်း ပြောသွားစမ်းပါ"
"မင်းက ဘာလုပ်မလို့တုန်း ငါနဲ့ ထပ်ပြီး တိုက်ခိုက်ချင်သေးလို့လား"
"ဒါပေါ့ကွ"
လူငယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ငါ့ကို အနိုင်ယူသွားတိုင်း မင်းကို အလွယ်တကူ သွားခွင့်ပြုမယ် ထင်သလား ငါက လွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့ ကောင်စားမျိုး မဟုတ်ဘူးကွ ငါဟာ တနေ့ မင်းကို သေချာပေါက် အနိုင်ရစေရမယ် တခုတော့ရှိတယ် တကယ်လို့ အဲဒီနေ့ ငါနိုင်သွားရင် မူလစွမ်းရည်တွေကို သင်ပေးရမယ်"
စုချန်းက စကားပင် မပြောနိုင်တော့။ အတန်ကြာမှ သူက ပြောလိုက်သည်။
"မူလစွမ်းရည်တွေကို ဒီလိုနည်းလမ်းမျိုးနဲ့ စုဆောင်းလို့ မရဘူးကွ"
"ဒါဆိုရင် ငါ ဘာလုပ်ရမှာလဲ"
လူငယ်က ပြန်မေးလိုက်သည်။ စုချန်းက ခေတ္တ စဉ်းစားဟန်ပြုပြီးမှ ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ ငါ့နာမည် စုချန်းလို့ ခေါ်တယ် နယ်မြေ ၁၃က လာတာပဲ"
"ငါ့နာမည် တိမ်တိုက်ကျားသစ်လို့ ခေါ်တယ်"
"တိမ်တိုက်ကျားသစ် ဟုတ်လား မင်းရဲ့ မိသားစုနာမည်က ယန် လား (တိမ်တိုက်ကျားသစ်မှာ လူငယ်၏ အမည်ရင်း မဟုတ်ပေ။ သူ့ စိတ်ကြိုက် ရွေးချယ်ထားသော နာမည်တခုသာ ဖြစ်သည်။ လူငယ်၏ နာမည်ရင်းမှာ ယန်တာအို ဖြစ်သည်...ဤကားစကားချပ်) "
လူငယ်က ခေါင်းခါပြလိုက်၏။
"မိဘမဲ့ ကလေးတွေမှာ မိသားစုနာမည် ဘယ်လိုပါ့မလဲကွာ တိမ်တိုက်ကျားသစ်ဟာ ငါ့နာမည်ပဲကွ"
လက်စသတ်တော့ ဒီလိုကိုး...
စုချန်းကား လုံးဝနားလည်သဘောပေါက်သွားခဲ့လေပြီ။ တိမ်တိုက်ကျားသစ်အမည်ရှိလူငယ်သည် မွေးကင်းစ ကလေးဘဝကတည်းက ဈေးမြို့တော်၏ လမ်းမပေါ်တွင် စွန့်ပစ်ခံခဲ့ရခြင်း ဖြစ်သည်။ မည်သည့်အထောက်အပံ့မှ မရှိပဲ လက်ရှိအနေအထားသို့ ရောက်လာအောင် လူငယ်သည် အသည်းအသန် ကြိုးစားခဲ့ရ၏။ ထိုကိစ္စမှာ မလွယ်လှပါ။ ထိုအခိုက်မှာပင် စုချန်းသည် မိမိ၏ ဘဝကို ပြန်လည်သတိရလာ၏။ မျက်လုံးကွယ်သွားပြီးနောက်ပိုင်း သူ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များသည် လူငယ်၏ ဘဝနှင့် ထပ်တူကျနေသည် မဟုတ်ပါလား။
အထက်ပါအတိုင်း စဉ်းစားမိသည်နှင့် စုချန်းသည် လက်စွပ်အတွင်းမှ တစုံတခုကို ဆွဲထုတ်ကာ လူငယ်အား ကမ်းပေးလိုက်သည်။
"ရော့ ဒါကို ယူလိုက် ဒါဟာ မင်းအတွက်ပဲ"
ထိုအရာမှာ တခြားမဟုတ်။ မိုးကြိုးဓားမူလစွမ်းရည်နှင့်ပတ်သက်သည်များကို ရေးသားထားသော လက်စွဲစာရွက်ပေတည်း။ တိမ်တိုက်ကျားသစ်အမည်ရှိ လူငယ်ကား မိုးကြိုးဓားစာရွက်ကို ဆုပ်ကိုင်ရင်း စုချန်းကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်သည်။
"မင်း ဘာကြောင့် ငါ့ကို ဒီစာရွက် ပေးတာလဲ"
စုချန်းက ပုခုံးတွန့်လိုက်သည်။
"ပေးချင်လို့ ပေးတာပေါ့ကွာ ဒီစာရွက်ဟာ သိပ်လည်းတန်ဖိုးကြီးလှတယ်တော့ မဟုတ်ပါဘူး ပြီးတော့ ဒီအထဲက နည်းစနစ်တွေကို ငါ တတ်မြောက်ထားပြီးသား ဒီတော့ မင်း ဒါကို သဘောကျတယ်ဆိုရင် မင်းဟာ ဖြစ်သွားပြီလို့သာ မှတ်လိုက်ပေတော့"
စုချန်းအတွက်ကား အရာတိုင်းသည် ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ်သာ ဖြစ်သည်။ သူ့အနေနှင့် ဆန္ဒရှိသမျှ အရာအားလုံးကို အလွယ်တကူ ပြုလုပ်နိုင်၏။ မည်သည့်အကြောင်းကြောင့်မျှ တွန့်ဆုတ်နေစရာ မရှိ။ လူငယ်ကား အလွန်တရာ စိတ်လှုပ်ရှားသော အမူအရာနှင့် စုချန်းကို စိုက်ကြည့်နေ၏။ ထို့နောက် သူသည် စုချန်းတယောက် သူ့စကားကို ပြန်လည်ရုတ်သိမ်းသွားမည်ကို စိုးရိမ်သကဲ့သို့ နောက်ကို ကမန်းကတန်း ဆုတ်လိုက်ပြီး တဟုန်ထိုး ထွက်ပြေးသွားတော့သည်။
တဖက်လူ၏ မထင်မှတ်သော တုံ့ပြန်မှုကြောင့် စုချန်း အံ့သြသွား၏။ လူငယ်အနေနှင့် အနည်းဆုံးတော့ သူ့ကို ကျေးဇူးတင်စကား ဆိုသင့်သည် မဟုတ်ပါလား။ သို့သော် စုချန်းအနေနှင့် သူပေးလိုက်သော လက်ဆောင်အတွက် မည်သည့်တုံ့ပြန်မှုမှ မျှော်ကိုးနေခဲ့သည် မဟုတ်လေရာ ခေါင်းတချက်ခါလိုက်ရင်း အားရပါးရ ရယ်မောလိုက်သည်။ ထို့နောက် သူသည် ထိုနေရာမှ ထွက်ခွာသွားရန် ဟန်ပြင်လိုက်တော့သည်။
ထိုအခိုက်မှာပင် သူ့နောက်ကျောမှ ထူးဆန်းသော လှုပ်ရှားမှတခုကို ကြားလိုက်ရ၍ စုချန်းက လှည့်ကြည့်လိုက်ရာ ခပ်လှမ်းလှမ်းတွင် မတ်တပ်ရပ်နေသော တိမ်တိုက်ကျားသစ်အမည်ရှိ လူငယ်ကို မြင်တွေ့လိုက်ရသည်။ သူက စုချန်းကို ကြည့်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ငါ မင်းကို မှတ်မိသွားပြီကွ"
"ဟေ့ ဟေ့ မင်းရဲ့ ကျေးဇူးတင်စကားပြောပုံက ဒါမျိုးလားဟ"
လူငယ်၏ မထင်မှတ်သော လုပ်ရပ်ကြောင့် စုချန်းကား စကားပင် မပြောနိုင်အောင် ဖြစ်သွား၏။
လူငယ်ကား နောက်တကြိမ် ထွက်ခွာသွားပြန်၏။
ဤတကြိမ်တွင်ကား သူသည် ပြန်ပေါ်မလာတော့။