← Chapters

နယ်မြေများအား ဖြတ်သန်းခြင်း ၅

Vol. 13 Ch. 121

နယ်မြေများအား ဖြတ်သန်းခြင်း ၅

Vol. 13 Ch. 121

တိမ်တိုက်ကျားသစ် ထွက်ခွာသွားပြီးနောက် စုချန်းသည် ခက်ခဲသော ရန်သူများနှင့် ရင်ဆိုင်တွေ့ကြုံရသည်မျိုး မရှိတော့။ ထိုအစား သူသည် လမ်းခုလတ်တနေရာတွင် သားရဲသတ္တဝါဆိုးကြီးတကောင်နှင့် ရင်ဆိုင်တိုးမိကာ အချိန်အတော်လေး ကုန်ဆုံးသွားသေး၏။

ပြိုင်ပွဲကျင်းပရာ နယ်မြေတလျှောက်တွင် သားရဲသတ္တဝါဆိုးကြီးများလည်း ရှိနေသည်ကတော့ အမှန်ပင်။ အနှီ သတ္တဝါဆိုးကြီးများကို သတ်ဖြတ်ပါက အမှတ်များ ပိုမိုရရှိနိုင်ကြောင်း၊ ၎င်းတို့သည် ပြိုင်ပွဲတွင် အကျုံးဝင်ကြောင်း စစ်ဆေးရေးအရာရှိများက တရားဝင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

သို့သော် သားရဲသတ္တဝါဆိုးကြီးများဟူသည် လူသားများနှင့် မတူပေ။ ၎င်းတို့သည် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိ။ ၎င်းတို့ကို ဆွဲဆောင်သိမ်းသွင်း၍ မရ။ ၎င်းတို့သည် အဖွဲ့အစည်းအကြောင်းကို နားမလည်။ ၎င်းတို့သည် တရားသည်၊ မတရားသည်ကို မစဉ်းစား။ အကယ်၍ ပြိုင်ပွဲဝင်နှစ်ယောက် အပြင်းအထန် တိုက်ခိုက်နေသည် ဆိုပါစို့။ သားရဲသတ္တဝါဆိုးကြီးတကောင်သာ မျက်စေ့လည်လမ်းမှား၍ ထိုနေရာသို့ ရောက်ရှိလာပါက အနှီသတ္တဝါသည် လူသားတို့၏ တိုက်ပွဲကို ဝင်ရောက်နှောင့်ယှက်ပေလိမ့်မည်။ ပြိုင်ပွဲဝင်နှစ်ဦးထဲမှ တဦးကို ဝင်ရောက်ကိုက်ခဲပေလိမ့်မည်။ ထိုအခါ တည်ငြိမ်နေသော အခြေအနေမှာ ပျက်ပြားသွားပြီး အရာအားလုံးသည် ကမောက်ကမ ဖြစ်ကုန်ပေလိမ့်မည်။

အထက်ပါ အခြေအနေမျိုးနှင့် တွေ့ကြုံရသောအခါ တချို့တလေမှာ သေလုမြောပါး အခြေအနေမျိုးသို့ပင် ရောက်ရှိသွားရ၏။ တချို့တလေမှာကား ဤကိစ္စသည် မတရားဟု ခံစားမိကြလေသည်။ အမှန်တော့ သားရဲသတ္တဝါဆိုးကြီးများကို ပြိုင်ပွဲတွင် ထည့်သွင်းထားကတည်းက မတရားသည်မှာတော့ အမှန်ပင်။ သို့သော် လူ့အဖွဲ့အစည်းဟူသည်မှာ နဂိုမူလကတည်းက မတရားမှုများ ရောပြွမ်းနေသော သဘောသဘာဝတွင် တည်နေပြီးသား ဖြစ်သည်။ မတရားမှုများသည် နေရာတ်ိုင်းတွင် ရှိနေတတ်ပြီး မမျှော်လင့်သော အခြေအနေမှာလည်း အမြဲတမ်းလိုလို ပေါ်ပေါက်လာတတ်၏။

အကယ်၍ ထိုပြသနာကို ရင်ဆိုင်ကျော်လွှားနိုင်စွမ်း မရှိခဲ့လျင် သင်သည် ထိုပြသနာများ၏ လက်အောက်တွင် အရှုံးပေးလိုက်ရမည်သာ။

အမှန်တော့ အထက်ပါ အချက်အလက်သည်ပင် နဂါးကျောင်းတော်မှ တိုင်းပြည်တဝှမ်းရှိ လူအများအား ပေးလိုသည့် သတင်းအချက်အလက်ပင် ဖြစ်သည်။

သားရဲသတ္တဝါဆိုးကြီးနှင့် ရင်ဆိုင်တိုးမိသော်လည်း ဤတကြိမ်တွင်ကား စုချန်း၏ ကံတရားက သိပ်အဆိုးကြီးဟုတော့ မဆိုသာသေး။ သူသည် တိုက်ပွဲကို ချောချောမွေ့မွေ့ပင် အဆုံးသတ်နိုင်ခဲ့၏။ သို့သော် သားရဲသတ္တဝါဆိုးကြီး၏ ကိုယ်ခန္ဓာမှ စွမ်းအင်အလင်းစက်များ ထွက်ပေါ်လာသော အခါတွင်ကား စုချန်းအနေနှင့် စုပ်ယူရန် ဝေခွဲမရ ဖြစ်နေ၏။

အကြောင်းမှာ မျှော်စင်ပေါ်တွင် ပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသနေသော အလင်းရောင်မျက်နှာပြင်များရှိနေကြောင်း သူ ကောင်းကောင်းသိရှိထား၏။ အနှီ မျက်နှာပြင်သည် သောင်းနှင့်ချီသော ပြိုင်ပွဲဝင်များ ရှိသည့်အနက် စိတ်ဝင်စားဖွယ်ရာ ပွဲစဉ်တချို့ကိုသာ ချိန်သားကိုက်ပြသနေခြင်း ဖြစ်၍ သူ့အပေါ်တွင် ရှိကောင်းမှ ရှိပေလိမ့်မည်။ သို့သော် အတိုင်းအတာတခုအထိ အန္တရာယ် ရှိနေသေးသည်ကတော့ အမှန်ပင်တည်း။

ထို့ကြောင့် စုချန်းသည် အလင်းစက်မှုန်တချို့ကို မသိမသာစေရန်သာ စုပ်ယူနိုင်၏။ သံသယဖြစ်ဖွယ်ရာ လှုပ်ရှားမှုတို့ကို တစွန်းတစမျှပင် မပြုလုပ်ရဲ။ စွမ်းအင်အလင်းစက်မှုန်များ လျော့ပါးပျောက်ကွယ်သွားသည်နှင့် စုချန်းသည် ယခင်ပုံစံအတိုင်း ရှေ့သို့ ဆက်လက်ထွက်ခွာလာခဲ့လေသည်။ ရှေ့သို့တဖြည်းဖြည်း တိုးလာသည်နှင့်အမျှ အတားအဆီးများမှာလည်း လျော့နည်းသည်ထက် နည်းလာခဲ့၏။ အကြောင်းမှာ သူ့အနေနှင့် အမှတ်များ ပို၍ စုဆောင်းမိလာလေလေ ကျောက်စိမ်းပြား၏ အချက်ပြမှုမှာ ပို၍ အားကောင်းလာသောကြောင့်ပင်တည်း။ သို့သော် တဖက်တွင်ကား ကျောက်စိမ်းပြား၏ အချက်ပြမှုသည် အားနည်းသော ပြိုင်ပွဲဝင်များကို နောက်ဆုတ်သွားစေရန် ကူညီပေးနေသော်လည်း အားကောင်းသော ပြိုင်ပွဲဝင်များကိုကား ပို၍ ဆွဲဆောင်နေသကဲ့သို့ ရှိ၏။

ထိုအခိုက်မှာပင်...

"နောက်ဆုံးတော့ ငါနဲ့ ထိုက်တန်တဲ့ ပြိုင်ဘက်ကို တွေ့ရပြီပဲ"

ခပ်လှမ်းလှမ်းမှ အသံတသံ ထွက်ပေါ်လာ၏။ အသံရှင်မှာ အနက်ရောင်ဝတ်ဆင်ထားသော လူတယောက်ဖြစ်ပြီး မျက်နှာကို ဖုံးအုပ်ထားလေရာ ကွဲကွဲပြားပြား မြင်နိုင်ရန် ခက်ခဲလှ၏။ သူ့အသံမှာကား ရေခဲတိုက်ထဲမှ ထွက်ပေါ်လာသော အသံကဲ့သို့ အေးစက်နေပေရာ ကြားရသူအပေါင်းကို ကြက်သီးဖြန်းဖြန်း ထသွားစေနိုင်သော အစွမ်းသတ္တိတမျိုးရှိနေသည်ဟုပင် ဆိုနိုင်၏။

တဖက်လူ၏ ကျောက်စိမ်းပြားဆီမှ အတော်အားကောင်းသော အချက်ပြမှုကို ထပ်တူထပ်မျှပင် ရလိုက်၍ စုချန်းက မေးမြန်းလိုက်သည်။

"မင်းကိုကြည့်ရတာ အတော်လေး စိတ်အားထက်သန်နေတဲ့ပုံပဲ"

"သိပ်မှန်တာပေါ့ကွ ဒီကကောင်တွေအတော်များများဟာ ဘာမှ သုံးစားမရတဲ့ အမှိုက်တွေပဲ ဒီကောင်တွေနဲ့ တ်ိုက်ရတာ ကြာတော့ ပျင်းစရာကောင်းလာတယ် မင်းကို ကြည့်ရတာတော့ အတော်လေး အားကောင်းမဲ့ ပုံပဲ ဒီတခါတော့ ငါ ပင်ပန်းရကျိုးနပ်မယ်လို့ မျှော်လင့်တယ်"

ထိုသူ၏ ဂုဏ်မောက်သော လေသံကို ကြားလိုက်ရသောအခါ စုချန်းက ချက်ချင်းပင် တုံ့ပြန်ပြောဆိုလိုက်သည်။

"မင်းအနေနဲ့ ကမ္ဘာလောကကြီးပေါ်မှာ ပြိုင်ဘက်ကင်းနေတဲ့လူလို့ ဟန်ဆောင်စရာ မလိုပါဘူးကွာ တကယ်လို့များ ငါ့မှာ ပြိုင်ဘက်မရှိတော့ဘူး လောကကြီးက အထီးကျန်လှချည်ရဲ့လို့ ယူဆနေခဲ့ရင် သွေးဆူပွက်ခြင်းနယ်ပယ်က ချီစွမ်းအား ပညာရှင်တယောက်ယောက်နဲ့ ပြိုင်ကြည့်ပါလား ဒါနဲ့မှ မလုံလောက်သေးရင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်က ပညာရှင်တွေကို လိုက်ရှာပြီး ပြိုင်ပေါ့ကွ ဒီကမ္ဘာလောကကြီးဟာ အင်မတန် အပြောကျယ်သလောက် ပညာရှင်တွေလည်း အများသားပဲ ငါပြောတာကို ယုံစမ်းပါ သူတို့ထဲက တယောက်ယောက်ကတော့ တကယ့်ပညာရှင်အစစ်ဟာ ဘာလဲဆိုတာ ကောင်းကောင်းကြီးကို ပြပေးလိမ့်မယ်ကွ"

စုချန်း၏ စကားကြောင့် အနက်ရောင်ဝတ်ဆင်ထားသူကား လည်ပင်းညှစ်ခံလိုက်ရသကဲ့သို့ ရှိလေသည်။ အတန်ကြာသည်အထိ စကားပင်ဟဟ မပြောနိုင်တော့။

သူ၏ဂုဏ်မောက်သော အမူအရာနှင့် "ငါသာလျင် ပြိုင်ဘက်ကင်း" ဟူသော သဘောထားကို စုချန်းက ရေတွင်းထဲမှ ဖားသူငယ်နှင့် ခိုင်းနှိုင်းပြလိုက်ခြင်း ဖြစ်သည်။ စုချန်း၏ စကားမှာ သွေးထွက်အောင် မှန်ကန်နေ၏။ သူ့အဆင့်သည် ချီစုဆောင်းခြင်းနယ်ပယ်သာ ရှိသေးပြီး အတွေ့အကြုံ အလွန် နုနယ်သေး၏။ အကယ်၍ ချီစုဆောင်းခြင်းနယ်ပယ်တူ ကျွမ်းကျင်သူများနှင့် နှိုင်းစာလျင် သူ့အဆင့်သည် "အိုးထဲကမှ ကြက်" အဆင့်သာ ရှိနေသေး၏။ ဟန်ဆောင်နေ၍ ဘာများ ထူးသွားမည်နည်း။

သို့သော် သူ့အတွက်ကား စုချန်း၏ စကားသည် အရှက်ခွဲလိုက်သကဲ့သို့ ရှိလေ၏။ ထိုအခါ အကာအကွယ်နောက်ကွယ်မှ သူ့မျက်နှာ တခုလုံးသည် ဒေါသကြောင့် ရဲရဲနီလာတော့သည်။ ထို့နောက် သူက အလွန်တရာ ဒေါသထွက်နေသော လေသံနှင့် ပြောလိုက်၏။

"ခွေးမသား မင်းကများ ငါ့ကို ရိုင်းရိုင်းစိုင်းစ်ိုင်း ပြောရဲသလား မင်းကိုငါ တခါတည်း သတ်ပစ်မယ်ကွ"

ပြောပြောဆိုဆို သူက လက်တဖက်ကို လေထဲတွင် မြောက်လိုက်ရာ လေထုထဲတွင် နှင်းခဲများကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော လှံတချောင်း ပေါ်ပေါက်လာ၏။ ထို့နောက် သူက ကြုံးဝါးလိုက်ပြန်သည်။

"ရေခဲလှံရဲ့ အစွမ်းကို နည်းနည်းပါးပါး မြည်းစမ်းကြည့်ပေတော့"

စကားဆုံးသည်နှင့် သူက ရေခဲလှံကို ပစ်လွှတ်လိုက်၏။ သို့သော် စုချန်းကား ထိုအချိန်တွင် လေထဲသို့ ရောက်ရှိနေခဲ့ပေပြီ။ ရေခဲလှံသည် စုချန်း၏ နောက်ကျောမှ ဖြတ်သန်းသွားပြီး မြေကြီးနှင့်ထိကာ ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။ စုချန်းသည် ထိုအချိန်ထိ လေထဲ၌ပင် ရှိနေလေရာ ရေခဲလှံ၏ ပြင်းထန်သော ပေါက်ကွဲမှုမှာ သူ့အား ထိခိုက်စေနိုင်ခြင်း မရှိတော့ပဲ အဟောသိကံ ဖြစ်သွားလေ၏။ ထိုအခါ မာနထောင်လွှားနေရှာသော အနက်ရောင်ဝတ်ဆင်ထားသူမှာ အတော်လေး အံ့သြသင့်သွားရှာသည်။

"မင်း....မင်း....ငါ့ရဲ့ ရေခဲလှံကို ဘယ်လိုရှောင်လိုက်တာလဲ"

အမှန်တော့ ရေခဲလှံ၏ စစ်မှန်သော တိုက်ခိုက်မှုမှာ ကနဦးတွင် ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုသာ ဖြစ်သည်။ တနည်းအားဖြင့် ၎င်းသည် အနက်ရောင်ဝတ်ဆင်ထားသူ၏ တိုက်ခိုက်ရေးဗျူဟာလည်း ဖြစ်သည်။ သူသည် တဖက်လူအား စကားလုံးများသုံး၍ ဆွဲဆောင်ထားစဉ် နောက်ကျောဘက်မှ ပြင်းထန်သော ပေါက်ကွဲမှုက သူ့အား အောင်ပွဲဆီသို့ ပို့ဆောင်ပေးလိုက်ခြင်ပင်တည်း။

သူ၏ အပိုင်တိုက်ခိုက်မှုက လွဲချော်သွားလေရာ အနက်ရောင်ဝတ်ဆင်ထားသူမှာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားတော့သည်။ ထိုအခါ စုချန်းက ဂရုမစိုက်သော အမူအရာနှင့် ပုခုံးတွန့်ရင်း ပြောလိုက်သည်။

"မင်းရဲ့ တိုက်ခိုက်နည်းဗျူဟာကလည်း မင်းအတိုင်းပါပဲလားကွ သုံးစားမရဘူး ပျင်းစရာကောင်းလိုက်တာ"

တဖက်လူနှင့် ယခုမှသာ တွေ့ဆုံခြင်းဖြစ်သော်လည်း စုချန်းကား ထိုသူ၏ စိတ်သဘောထားကို ကောင်းစွာ နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်လေရာ စကားပြောခြင်းဖြင့် အချိန်မဖြုန်းလိုတော့။ သူက ချက်ချင်းပင် မီးလျံစက်လုံးတလုံးကို ဖန်တီးပြီး ပစ်လွှတ်လိုက်တော့သည်။

မီးလျံစက်လုံးနည်းစနစ်ဟူသည်ကား လူသုံးများသော နည်းစနစ်တခုဖြစ်သည်။ အထူးသဖြင့် အဆင့်နိမ့် ချီစွမ်းအားပညာရှင်များအကြားဝယ် ပို၍ပင် အသုံးများသေး၏။ ဤနည်းစနစ်ကို အသုံးပြုလျင် မူလစွမ်းအင်ပမာဏကို များပြားစွာ သုံးစွဲရလေသည်။ ဤနည်းစနစ်သည် နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့သော်လည်း ယခုအချိန်ထိ ပျောက်ကွယ်ခြင်းမရှိသေးသည့် ရှေးဟောင်းအာကင်နာနည်းစစ်ဖြစ်ပြီး လူသားတို့နှင့် အလွန်ရင်းနှီးသည်ဟုပင် ဆိုနိုင်သည်။

မီးလျံစက်လုံး ပျံသန်းလာသည်ကို မြင်တွေ့လိုက်သည်နှင့် အနက်ရောင်ဝတ်ဆင်ထားသူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထိုအခ်ိုက်မှာပင် သူ၏ ဝတ်ရုံအတွင်းမှ လေအေးစီးကြောင်းတခု ထွက်ပေါ်လာပြီး မီးလုံးကြီးဆီသို့ ဦးတည် တိုက်ခတ်တော့သည်။ လေအေးများဖြင့် အဆက်မပြတ် တိုက်ခတ်ခံရခြင်းကြောင့် မီးလုံးကြီးသည် သေးသည်ထက်သေးလာပြီး နောက်ဆုံးတွင် ပေါက်ကွဲသံ သဲ့သဲ့နှင့်အတူ ပျောက်ကွယ်သွားတော့သည်။

စုချန်းအဖို့မှာကား တဖက်လူ၏ ခုခံသော နည်းစနစ်သည် လုံးဝ အသစ်အဆန်း ဖြစ်နေ၏။ မိမိ၏ မီးလုံးကြီးကို တဖက်လူ၏ လေအေးစီးကြောင်းက အမှန်တကယ်ပင် ငြိမ်းသတ်ခဲ့ချေပြီတကား။ လေအေးစီးကြောင်း၏ စွမ်းပကားမှာ ထိုမျှပင် မကသေး။ စုချန်းဆီသို့ပင် ဦးတည်တိုက်ခိုက်လာ၏။

"အနှိုင်းမဲ့အေးခဲခြင်းရဲ့ စွမ်းပကားကို စမ်းကြည့်စမ်းဟေ့"

အော်သံ၏ အဆုံးတွင် ရေခဲတမျှ အေးစက်သော ချီစွမ်းအင်ပတ်လမ်းသည် လေထုကို ဖြတ်၍ ရွေ့လျားလာ၏။ ၎င်း ရွေ့လျားရာ လမ်းတလျှောက်တွင်ကား ရေခဲများ အဆုတ်လိုက် အခဲလိုက် ပြုတ်ကျကျန်ခဲ့လေသည်။ လေအေးစီးကြောင်း၏ အန္တရာယ်မှာကား ကြောက်စရာပင်။ စုချန်းကား အနည်းငယ်မျှပင် ပေါ့ပေါ့တန်တန် သဘောမထားရဲ။ သူက ချက်ချင်းပင် မြုခိုးကြားထဲမှ မြွေခြေလှမ်းကို ထပ်ခါထပ်ခါ နှိုးဆွလိုက်ရုံသာမက မက်၏ ကာကွယ်စောင့်ရှောက်သူ နည်းစနစ်ကိုပါ သုံးကြိမ်တိတိ နှိုးဆွ ကာကွယ်လိုက်၏။

လက်ရှိအခြေအနေတွင် သူ့အင်အားကို ဖြည့်စွက်ရန် မည်သည့် မူလကျောက်တုံးမျှ မရှိလေရာ စုချန်း၏ လုပ်ရပ်မှာ အတော်လေး စွန့်စားသော သဘောသဘာဝကိုပင် ဆောင်နေ၏။

သို့သော် သူ၏ ဆုံးဖြတ်နိုင်စွမ်းမှာ လက်ရှိအချိန်ထိ အမှားအယွင်း မရှိသေးချေ။ မြူခိုးကြားထဲမှ မြွေခြေလှမ်းကွက်များ၏ စွမ်းပကားကြောင့် တဖက်လူ၏ ပြင်းထန်သော တိုက်ခိုက်မှုကို စုချန်း ရှောင်တိမ်းနိုင်လိုက်သည်။ သို့သော် လေအေးစီးကြောင်းမှ ပျံ့လွင့်လာသော အအေးလှိုင်းများ၏ ဒဏ်ကိုတော့ စုချန်း အတော်လေး ခံစားလိုက်ရသည်။ အအေးလှိုင်းများသည် မက်အကာအကွယ်ကို ဖောက်ထွင်းဝင်ရောက်လာသောကြောင့် စုချန်းတကိုယ်လုံး ခိုက်ခိုက်တုန်အောင် အေးစက်သွား၏။

စုချန်း နောက်သို့ ကပျာကယာ ဆုတ်ပေးလိုက်ရသည်။ သူ၏ အမြန်နှုန်းသည် မည်မျှထိ မြန်ဆန်သနည်းဟု ဆိုရသော် နောက်ကျောမှ ပုံရိပ်ယောင်များ တသီတသန်းကြီး ပေါ်ထွက်လာသကဲ့သို့ပင် ထင်လိုက်ရသည်။ ဤမျှ မမြန်လျင်လည်း မဖြစ်။ လေအေးစီးကြောင်း၏ စက်ကွင်းထဲတွင်သာ ပိတ်မိသွားလျင် သူ့တကိုယ်လုံး ရေခဲရိုက်ခံထားရသော ငါးကဲ့သို့ ပြာနှမ်းသွားနိုင်သည် မဟုတ်ပါလား။ သို့တိုင်အောင် တဖက်လူ၏ အနှိုင်းမဲ့အေးခဲခြင်း နည်းစနစ်ကြောင့် စုချန်း ရှေ့ ဧရိယာတခုလုံး ဆီးနှင်းများ ဖုံးလွှမ်းလျက် ရှိလေသည်။

အတော်လေး အစွမ်းထက်သော မူလစွမ်းရည်ပေတကား။ စုချန်းတယောက် အတော်လေး ထိတ်လန့်သွား၏။ အင်မတန်ပြင်းထန်သော မူလစွမ်းရည်မျိုးနှင့် ရင်ဆိုင်တိုးမိခြင်းသည် စုချန်းအဖို့ ရိုးအီလှပေပြီ။ ဤတကြိမ်မှာ ပထမဆုံးအကြိမ်မဟုတ်။ သို့သော်လည်း အနှိုင်းမဲ့အေးခဲခြင်း မူလစွမ်းရည်မှာကား ချီစုဆောင်းခြင်းနယ်ပယ်တွင် ထိပ်တန်းစွမ်းရည်ဟုပင် သတ်မှတ်နိုင်လောက်၏။ စုချန်း၏ စိတ်ထဲတွင်ကား အနှီမူလစွမ်းရည်သည် သွေးဆူပွက်ခြင်းနယ်ပယ်ရှိ မူလစွမ်းရည်ပင် ဖြစ်နေမလားဟု စဉ်းစားတွေးတောနေမိတော့သည်။

အမှန်တော့ စုချန်း ထိတ်လန့်နေသကဲ့သို့ပင် အနက်ရောင်ဝတ်ဆင်ထားသူသည်လည်း စုချန်းနှင့် ထပ်တူထပ်မျှ ထိတ်လန့်နေ၏။

ဘာလဲဟ...အနှိုင်းမဲ့အေးခဲခြင်းကိုတောင် ဒီကောင် လွတ်အောင်ရှောင်ထွက်သွားပါလား...ဘာနည်းစနစ်မို့လို့ ဒီလောက် မြန်နေတာလဲ...ဘာအကာအကွယ်မို့လို့ ဒီလောက် ခံနိုင်ရည်ရှိနေတာလဲ...

ထို့နောက်တွင်ကား ပြိုင်ဖက်နှစ်ယောက်သည် တယောက်နှင့်တယောက် မျက်တောင်မခတ် စိုက်ကြည့်နေကြရင်း အပြန်အလှန် စိုးရွံ့နေကြလေသည်။

"မင်း ဆက်ပြီး တိုက်ခိုက်ချင်နေသေးတာလား"

စုချန်းက ရုတ်တရက် မေးမြန်းလ်ိုက်၏။ စုချန်း၏ မေးခွန်းကောင့် အနက်ရောင်ဝတ်ဆင်ထားသူမှာ ရုတ်တရက် နဝေတိမ်တောင် ဖြစ်သွားရှာ၏။ စုချန်း၏ ဆိုလိုရင်းကို ရုတ်တရက် သူ နားမလည်နိုင် ဖြစ်နေလေသည်။ ထိုအခါ စုချန်းက ရှင်းပြလိုက်သည်။

"မင်းရဲ့ အနှိုင်းမဲ့အေးခဲခြင်းက အတော်လေး စွမ်းပကားကြီးတာ ငါဝန်ခံပါတယ် ဒါပေမဲ့ မင်းနဲ့မတူတာက ငါဟာ ခုချိန်မှာ ကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်ရမှာကို စိတ်မဝင်စားဘူး အနည်းဆုံးတော့ ခုချိန်မှာ စိတ်မဝင်စားသေးဘူးပဲ ဆိုပါတော့ ဆိုလိုတာက လောလောဆယ်မှာ ငါ့အနေနဲ့ ဘယ်ကျွမ်းကျင်သူမျိုးနဲ့မှ တိုက်ခိုက်လိုစိတ် မရှိသေးဘူးကွ ဒီတော့ ငါတို့အနေနဲ့ ခုလို တယောက်နဲ့တယောက် တိုက်ခိုက်နေမဲ့အစား ကိုယ့်လမ်းကိုယ်လျှောက်ပြီး အလွယ်တကူ အနိုင်ယူလို့ရမဲ့ လူစားမျိုးတွေကို လိုက်ရှာရင် ပိုမကောင်းဘူးလား ဘာပဲဖြစ်ဖြစ် ငါတို့အတွက် အမှတ်ရဖို့က အဓိကပဲကွ တကယ်လို့ ငါတို့ခုလိုမျိုး တိုက်ခိုက်နေရင် တခြားလူတွေက ဒီအခွင့်အရေးကို အမိအရ ယူသွားလိမ့်မယ်"

တဖက်လူအတွက်ပါ ထည့်သွင်းစဉ်းစားပေးထားခြင်းကြောင့် သူ့စကားသည် အလွန်လက်တွေ့ကျပြီး ကျိုးကြောင်းဆီလျော်သည်ဟု စုချန်းက ခံစားလိုက်ရ၏။ အကယ်၍ သူ့ပြိုင်ဖက်သာ ရူးသွပ်နေသူ မဟုတ်ခဲ့လျင် သေချာပေါက် သူ့စကားကို လက်သင့်ခံလ်ိမ့်မည်သာ။ သို့သော် သူ၏ ထင်မြင်ယူဆချက်မှာ တက်တက်စင်အောင် လွဲမှားသွားတော့သည်။ သူ့စကားကို ကြားလိုက်ရသောအခါ အနက်ရောင်ဝတ်ဆင်ထားသူက အောက်ကလိအာနိုင်သော အသံနှင့် ရယ်မောရင်း ပြောလိုက်သည်။

"ဟား ဟား ဟား ခုလိုပြောကတည်းက မင်းကြောက်နေပြီဆိုတာ ငါသဘောပေါက်ပါတယ်ကွာ"

ထိုစကားကိုကြားလိုက်သည်နှင့်အခြေအနေသည် အဆိုးဖက်သို့ ဦးတည်သွားပြီဖြစ်ကြောင်း စုချန်းက ချက်ချင်း သဘောပေါက်လိုက်သည်။

All Chapters