နယ်မြေများအား ဖြတ်သန်းခြင်း ၆
Vol. 13 Ch. 122
ထင်သည့်အတိုင်းပင် အနက်ရောင်ဝတ်ဆင်ထားသူသည် နောက်ထပ် လေအေးစီးကြောင်းတခုကို ထပ်မံပစ်လွှင့်လာပြန်၏။ အနှိုင်းမဲ့ အေးခဲခြင်းသည်ကား အနည်းငယ်မျှ တုံ့ဆိုုင်းခြင်းမရှိပဲ စုချန်းထံသို့ ဦးတည်ပြေးလွားလာခဲ့ချေပြီ။ ထိုအခိုက်အတန့်သည်ပင် စုချန်းတွင် အင်အားပြင်းထန်သော တိုက်ခိုက်မှုမျိုး ပြုလုပ်ရန် အားနည်းချက်တချို့ ရှိနေကြောင်း သိသာစေခဲ့၏။
မိုးကြိုးဓား သို့မဟုတ် လေလှိုင်းရေဘဝဲလက်တံများ မဆိုထားနှင့် မီးလျံစက်လုံးနှင့် ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများသည်ပင် အင်အားပြင်းထန်စွာ တိုက်ခိုက်နိုင်သော နည်းစနစ်မျိုး မဟုတ်ပေ။ ထို့ကြောင့် စုချန်း သင်ယူလ့ကျင့်ထားသော နည်းစနစ်မှန်သမျှသည် စစ်မြေပြင်တွင် ယေဘုယျအားဖြင့် အသုံးများသော နည်းစနစ်များဟုသာ ဆိုနိုင်၏။ ထိုအတွက် အကြောင်းပြချက်မှာကား အရန်သင့်ပင် ရှိနေ၏။ ၎င်းမှာ စုချန်းသည် အနီရောင်တောင်ကြောတွင် အချိန်အကြာကြီး နေထိုင်ခဲ့ရသည့်အပြင် သူ၏ အဓိက ရည်ရွယ်ချက်မှာ သားရဲသတ္တဝါဆိုးများအား အမဲလိုက်ရန် ဖြစ်သောကြောင့်ပင်။
အောင်မြင်မှုဟူသည် တနေရာတည်း၊ တချိန်တည်းတွင် ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များပေါ် မူတည်ကာ သတ်မှတ်၍မရ။ ရေရှည်အကျိုးဖြစ်ထွန်းမှုအပေါ် အာရုံစိုက်ရန်မှာလည်း အထူးပင် အရေးကြီး၏။ ထို့ကြောင့် စုချန်းသည် ရေတို၊ တချက်လွှတ်နည်းလမ်းမျိုးထက် နေရာစုံတွင် အသုံးဝင်နိုင်မည့် ရေရှည်နည်းလမ်းများကိုသာ ဦးစားပေး၍ လိုက်စားခဲ့ခြင်း ဖြစ်သည်။ တဖန် သူ၏ အားနည်းချက်ကို တခြားလူများ မမြင်သာနိင်စေရန် အနက်ရောင်မျဉ်းကြောင်းဓား၏ သွေးစက်ဝိုင်းနှင့် ဖုံးကွယ်ထားခဲ့လေသည်။ မည်သို့ဆိုစေ အဓိကအကျဆုံး အကြောင်းပြချက်မှာကား အင်အားပြင်းထန်ကာ တချက်လွှတ်တိုက်ခိုက်နိုင်သော မူလစွမ်းရည်များသည် အင်မတန် တန်ဖိုးကြီးမားလှပြီး စုချန်းအနေနှင့် မည်မျှပင် သင်ယူလိုစိတ် ရှိနေစေကာမူ ရရှိရန် အလွန်ခက်ခဲနေသောကြောင့်ပင်တည်း။
သို့သော် မမျှော်မှန်းနိုင်သော ရန်သူများနှင့် တွေ့ဆုံတိုက်ခိုက်ရသောအခါ အခြေအနေဟူသည် အမျိုးမျိုးအဖုံဖုံ ပြောင်းလဲသွားတတ်ပြီး မည်သည့်အရာကိုမဆို ရေရှည် ကြိုတင်တွက်ဆရန်မှာ ခက်ခဲလှ၏။
စုချန်း ယခင် ကြုံတွေ့ခဲ့ရသော ရန်သူ အတော်များများသည် ညဏ်ရည်ညဏ်သွေး နိမ့်လှပြီး သူ့၏ အားနည်းချက်ကို မည်သူ တဦးတယောက်မျှပင် ဖော်ထုတ်နိုင်စွမ်း မရှိခဲ့။ ယခုတော့ အနက်ရောင်ဝတ်ဆင်ထားသူ၏ မူလစွမ်းရည်သည် အင်အားပြင်းထန်လှပေရာ စုချန်း၏ အားနည်းချက်မှာ ဘူးပေါ်သလို ပေါ်ပေါက်ခဲ့ရပေပြီ။ သို့သော် မည်သို့မျှ မတတ်န်ိုင်လေရာ စုချန်းမှာ မာန်တင်းကာ တိုက်ခိက်နေရရှာ၏။
ထိုအခါ စုချန်းသည် မြူခိုးကြားထဲမှ မြွေခြေလှမ်းနှင့် မက်အကာအကွယ်ကို ထပ်ခါထပ်ခါ ထုတ်ဖော်ကာ တဖက်လူ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နေရရှာတော့သည်။
အနက်ရောင်ဝတ်ဆင်ထားသူသည် တခြား မည်သည့်နည်းလမ်းကိုမျှ အသုံးမပြု။ အနှိုင်းမဲ့ အေးခဲခြင်း စွမ်းရည်ကိုသာ ပုံသေထားလျက် တိုက်ခိုက်နေ၏။ အနှီ မူလစွမ်းရည်၏ အေးခဲစေသော အစွမ်းသတ္တိမှာ ပြင်းထန်လှ၏။ ပတ်ဝန်းကျင်တခုလုံး ရေခဲလှိုင်းကြီးများဖြင့် ထပ်ခါထပ်ခါ ရိုက်ခတ်နေသကဲ့သို့ ရှိလေသည်။ ထိုလှိုင်းလုံးကြီးများဖြင့် ထိမှန်မိသော နေရာဌာနဟူသမျှသည် ဆီးနှင်းများ အချပ်လိုက် အလွှာလိုက် အထပ်ထပ် ဖုံးအုပ်ကုန်တော့သည်။
အေးခဲစေတတ်သော ချီစွမ်းအင် ပမာဏအတော်များများသည် စုချန်း၏ ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက်ကုန်လေရာ စုချန်း၏ လှုပ်ရှားမှုမှာ တဖြည်းဖြည်း ပိုမို နှေးကွေးလာ၏။ အကျိုးဆက်မှာကား နှေးကွေးလာလေလေ ရှောင်တိမ်းရ ပိုမိုခက်ခဲလာလေလေဖြစ်ပြီး စုချန်း၏ ကိုယ်ခန္ဓာအတွင်းသို့ အေးခဲစေသော ချီစွမ်းအင်များ ပို၍ ပို၍ ဝင်ရောက်လာခြင်းပင်တည်း။ ဤအဖြစ်အပျက်သည် စက်ဝိုင်းတခုနှယ် သံသရာလည်လျက် ရှိလေ၏။ ထိုအခါ စုချန်းသည် မက်အကာအကွယ်ကို ပိုမိုထုတ်သုံးရန် ကြိုးစားလျက်ရှိသော်လည်း အနေအထားမှာ အဆိုးဘက်သို့ တဖြည်းဖြည်း ဦးတည်လာကြောင်း သိရှိခံစားနေရလေသည်။
အနက်ရောင်ဝတ်ဆင်ထားသူကလည်း စုချန်း၏ အခြေအနေကို ကောင်းစွာ နားလည်သဘောပေါက်ပုံရသည်။ ရက်စက်ကြမ်းကြုတ်သော လေသံနှင့် ရယ်မောလိုက်၏။
"ဟား ဟား ဟား မင်းအစွမ်း ဒါအကုန်ပဲလားကွ သေဖို့သာပြင်ပေတော့"
အနက်ရောင်ဝတ်ဆင်ထားသူသည် အရူးတယောက်ပမာ ကျယ်လောင်စွာ အော်ဟစ်ပြီး သူ့ကိုယ်ခန္ဓာမှ လေအေးစီးကြောင်းကို ပို၍ နှိုးဆွပေးလိုက်၏။ အမှန်တော့ သူ့စိတ်ထဲတွင် "ခွေးမသား တယ်လဲ ခံနိုင်ရည်ရှိပါကလား" ဟု ကြိတ်၍ကျိန်ဆဲနေလေ၏။ အကြောင်းမှာ လက်ရှိအနေအထားအရ ဤတိုက်ပွဲကို အန်ိုင်ရရှိရန် သူ့အနေနှင့် စုဆောင်းထားသမျှ မူလစွမ်းအင်များကို အိတ်သွန်ဖာမှောက် အသုံးပြုရမည့် အခြေအနေမျိုးသို့ ဆိုက်ရောက်နေလေရာ နိုင်ကားနိုင်၏။ အကျိုးမရှိ ဆိုသကဲ့သို့ ဖြစ်ရပေတော့မည်။ ဤတပွဲနိုင်သော်လည်း လာမည့်တိုက်ပွဲများတွင် သူသည် မလွဲမသွေ ရှုံးနိမ့်ရပေတော့မည်တကား။ အကယ်၍ ဤငမ်ိုက်သားသာ ဤမျှ ခံနိုင်ရည်ရှိမည်မှန်း ကြိုသိခဲ့လျင်၊ ဤတပွဲတွင် သူသည် တန်ဖိုးကြီးကြီး ပေးဆပ်ရမည်မှန်း ကြိုသိခဲ့လျင် ကနဦးကတည်းက တဖက်လူ၏ အကြံပေးချက်ကို လက်ခံလိုက်မည်သာ။
နှလုံးအိမ်အတွင်း၌သာ နောင်တရစ ပြုနေသော်လည်း သူ၏ တိုက်ခိုက်မှုမှာကား ပို၍ ပြင်းထန်လာ၏။ ပို၍ ကြမ်းတမ်းလာ၏။ သူ့အနေနှင့် စုချန်းကို တကွက်တည်းနှင့် အမှောက်သိပ်ရန် မျှော်လင့်ထားလေသည်။ သို့မှာသာ သူသည် စွမ်းအင်များကို အတတ်နိုင်ဆုံး ချွေတာနိုင်မည် မဟုတ်ပါလား။
စုချန်းကား တဖက်လူ၏ စိတ်ကူးစ်ိတ်သန်းကို ကောင်းစွာ ရိပ်မိလေရာ ဒေါသအမျက် ချောင်းချောင်းထွက်လာ၏။ ထိုအခါ သူက ကြိတ်၍ ကြုံးဝါးလိုက်သည်။
"မင်းက အဲဒီလိုလား တွေ့ကြသေးတာပေါ့ကွာ"
စုချန်းတွင် ပြင်းပြင်းထန်ထန် တချက်လွှတ်တိုက်ခိုက်နိုင်သော မူလစွမ်းရည်မျိုး မရှိသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် သူ့တွင် တခြားမည်သည့်နည်းလမ်းမျှ မရှိဟု ဆိုလိုရာတော့ မရောက်။ ပြိုင်ပွဲ မစတင်မီကတည်းက ကြိတင်ပြင်ဆင်ထားသော လက်နက်သည် သူ၏ အားနည်းချက်ကို ကောင်းစွာဖာထေးပေးနိုင်၏။
ထိုအခိုက်အတန့်မှာပင် စုချန်းက လက်စွပ်အတွင်းမှာ ပစ္စည်းတခုကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။ ထိုပစ္စည်းမှာ တခြားတော့မဟုတ်။ ဝိုင်ကရားငယ်တခုပင် ဖြစ်သည်။ စုချန်း၏ လက်အတွင်းမှ ဝိုင်ကရားကို မြင်သည်နှင့် အနက်ရောင်ဝတ်ဆင်ထားသူက ကြောင်အမ်းအမ်း ဖြစ်သွား၏။ ထို့နောက် သူက အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။
"ဝ်ိုင်ကရားတွေ ဆွဲထုတ်ပြီး ဘာလုပ်မလို့တုန်း ဟား ဟား ဟား အရက်မူးသမားလက်သီးသိုင်များ သုံးမလို့လားကွ"
ဤကမ္ဘာလောကကြီးဝယ် အရက်မူးသမားလက်သီးသိုင်းဟူသည် အမှန်တကယ်ပင် ရှိနေ၏။ သို့သော် ၎င်း၏ အဆင့်အတန်းမှာကား သိပ်မမြင့်မားလှ။ အနှီနည်းစနစ်မှာ အကြမ်းစားဆန်လှပြီး သာမာန်သိုင်းပညာရှင်များသာ အသုံးများလေသည်။
"မဟုတ်ဘူး ဒါမင်းအတွက် အထူးလက်ဆောင်ပဲကွ"
ပြောပြောဆိုဆို စုချန်းက ဝိုင်ကရား၏ နှုတ်ခမ်းကို ငြင်သာစွာ လှည့်လိုက်ပြီး အနက်ရောင်ဝတ်ဆင်ထားသူကို ပစ်ပေါက်လိုက်တော့သည်။ အနက်ရောင် ဝတ်ဆင်ထားသူကား ဝိုင်ကရား၏ အထာကို မသိချေ။ "ငါ့ရှေ့က ဖယ်စမ်း" ဟု ငေါက်ငမ်းပြီး လက်တဖက်ကို ဝေ့ယမ်းလိုက်လေရာ လေကြမ်းတချက်သည် ဝိုင်ကရားကို ပွတ်တိုက်သွား၏။ ထိုအချိန်မှာ ဝိုင်ကရားသည် အနက်ရောင်ဝတ်ဆင်ထားသူ၏ လက်နှင့်ထိမှန်ပြီး ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။
ကြောက်မက်ဖွယ်ရာ မီးတောက်မီးလျံများသည်ကား ပတ်ဝန်းကျင်တခုလုံးကို လျင်လျင်မြန်မြန်ပင် ဝါးမြိုသွား၏။ အနှီ မီးလျံများသည် အနက်ရောင်ဝတ်ဆင်ထားသူ၏ အနှိင်းမဲ့ အေးခဲခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်တိုးမိသောအခါ မီးပွင့်များ ဟိုမှသည်မှ တဖွားဖွား ဖြစ်ပေါ်စေလျက် တမျိုးတဖုံပင် ကြည့်၍ လှနေသေး၏။
ထိုအချိန်တွင် အနှိုင်းမဲ့အေးခဲခြင်းသည် မီးတောက်မီးလျံများကို ရေရှည်ဖြိုခွဲနိုင်စွမ်း မရှိတော့။ ဆန့်ကျင်ဘက် အားလှိုင်းနှစ်မျိုး ထိပ်တိုက်ရင်ဆိုင်မိခြင်းကြောင့် ပတ်ဝန်းကျင်တခုလုံးသည် တချို့နေရာတွင် မီးများလောင်ကျွမ်းလျက်၊ တချို့နေရာတွင် ရေခဲများ ဖုံးလွှမ်းလျက် ကျန်ရစ်ခဲ့ရှာ၏။ ထိုမြင်ကွင်းသည်ကား မြင်ရသူအပေါင်းတို့ ရင်သပ်ရှုမောရလောက်အောင် အထူးပင် လှပလျက် ရှိလေသည်။
"အား"
အနက်ရောင်ဝတ်ဆင်ထားသူသည် ကြောက်လန့်တကြား အော်ဟစ်လိုက်၏။ အကြောင်းမှာ သူသည် စုချန်းကဲ့သို့ လျင်မြန်ခြင်း မရှိလေရာ အကြွင်းအကျန် အားလှိုင်းတချို့၏ အဖျားခတ်ခြင်းကို ခံလိုက်ရပြီး လေထဲသို့ အရုတ်ကြိုးပြတ် လွင့်စင်သွားတော့သည်။ စုချန်းသည် ထိုအခွင့်အရေးကို အပိုင်ပင် ရယူလိုက်၏။ သူက မီးလျံစက်လုံးတလုံးကို ချက်ချင်း ပစ်လွှတ်လိုက်သည်။ မီးလုံးသည် အနက်ရောင်ဝတ်ဆင်ထားသူကို တည့်မတ်စွာ ထိမှန်သွား၏။ ငမိုက်သားသည် လေထဲသို့ ဝုန်းခနဲ လွင့်စင်သွားပြီး သစ်ပင်တပင်နှင့် ရိုက်ခတ်မိကာ မြေကြီးပေါ်သို့ ခြေပစ်လက်ပစ်နှင့် ပြုတ်ကျသွားရှာတော့သည်။ သူ၏ မျက်နှာပေါ်တွင် ဖုံးအုပ်ထားသော အကာအကွယ်မှာလည်း ပြုတ်ကျသွားလေရာ မျက်နှာတခုလုံး အနီရောင် အဖုအပိမ့်များနှင့် အရုပ်ဆိုးလှသော လူငယ်တယောက်၏ မျက်နှာ ပေါ်ပေါက်လာ၏။ တာတေလံအောင် ရုပ်ဆိုးလှပေရာ သူ့မျက်နှာကို တချိန်လုံး ဖုံးအုပ်ထားသည်မှာ အထူးတလည် အံ့သြစရာ မဟုတ်တော့။
"မဟုတ်ဘူး"
အနက်ရောင်ဝတ်ဆင်ထားသောလူငယ်က သွေးရူးသွေးတမ်းနှင့် အော်ဟစ်လိုက်၏။ ထို့နောက် သူသည် မျက်နှာကို အဝတ်ဖြင့် ကပျာကယာ ဖုံးအုပ်ရင်း နောက်သို့ ဒရောသောပါဖြင့် ဆုတ်ရန် ကြိုးစားလိုက်သည်။ ထိုအခိုက်အတန့်ဝယ် သူ၏ မောက်မာထောင်လွှားမှုများ အားလုံးမှာ ပျောက်ကွယ်သွားဟန် တူ၏။
စုချန်းသည် ထိုလူငယ်၏ စိတ်နေစိတ်ထားနှင့် သဘောသဘာဝကို ကောင်းစွာ နည်းလည်သဘောပေါက်စ ပြုလာလေသည်။
ဆိုးဝါးလှသော ရုပ်ရည်ရူပကာကြောင့် လူငယ်သည် ပထမတွင် ယုံကြည်မှုများ ပျောက်ဆုံးပြီး အကြီးအကျယ် အရှက်ရခဲ့ပုံ ပေါ်သည်။ ထို့နောက် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ပြီး အတိုင်းအတာတခုအထိ အောင်မြင်မှု ရလာသောအခါတွင်ကား လူငယ်၏ မာနတံခွန်မှာ မိုးထိအောင် မြင့်သွားခဲ့ပြန်သည်။ သို့သော် ဤကဲ့သို့သော လူစားမျိုး မှန်သမျှသည် အပြင်ပန်းက မာသယောင်ရှိသော်လည်း စိတ်ဓာတ်အင်အား အလွန်တရာ အားနည်းသော လူညံ့လူဖျင်းများသာ ဖြစ်ကြကုန်၏။
လူငယ်ကိုကြည့်ရင်း စုချန်းတယောက် ပညာပေးလိုသော စိတ်များပင် ပျောက်ဆုံးကုန်၏။ နောက်ဆုံးတွင် သူက သက်ပြင်းတချက်ချရင်း လူငယ်ထံမှ အမှတ်တချို့ကို နှုတ်ယူလိုက်သည်။ မည်သို့ဆိုစေ ရင်ဆိုင်တိုက်ပွဲတပွဲတော့ ဆင်နွဲခဲ့ရသည် ဖြစ်လေရာ အောင်မြင်မှု၏ အသီးအပွင့်ကိုတော့ ခူးဆွတ်ရပေလိမ့်မည်။ ပထမတွင် စုချန်းက ဂဃနဏ မသိရှိသေးသော်လည်း အမှတ်များ ရယူပြီးချိန်တွင်တော့ သူအတော်လေး ထိတ်လန့်သွား၏။ အကြောင်းမှာ လူငယ်ထံမှ သူသည် အမှတ်ပေါင်း ၁၃မှတ်တိတိ ရရှိလိုက်ခြင်းကြောင့်ပင်တည်း။
အမှန်တော့ အနက်ရောင်ဝတ်ဆင်ထားသော လူငယ်သည် စုချန်းနှင့် မတွေ့မီကပင် ရမှတ်ပေါင်း ၄၀ထိ ရရှိထားပြီး ဖြစ်သည်။ သို့သော် စုချန်းမှာကား တိုက်ပွဲများကို ရှောင်လွှားပြီး ခရီးဆက်နေခြင်း ဖြစ်လေရာ ရည်မှန်းချက်နေရာသို့ ရောက်သွားသည့်တိုင် နောက်ထပ်ရရှိနိုင်သည့်အမှတ်မှာ ၂၃မှတ်ထက် ပိုလာရန်မရှိ။ ယခုတော့ အနက်ရောင်ဝတ်ဆင်ထားသောလူငယ်ကြောင့် စုချန်းသည် ရမှတ်အတော်များများကို ပေါင်းထည့်ခဲ့နိုင်ခဲ့ပြီ ဖြစ်လေရာ သူ့ ကျောက်စိမ်းပြား၏ အချက်ပြမှုမှာ အဆင့်အတန်းတခုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူ မသိရှိလိုက်သည်မှာကား အနက်ရောင်ဝတ်ဆင်ထားသော လူငယ်ထံမှ ရမှတ်တချို့ကို ရယူပြီးနောက် အလင်းမျက်နှာပြင်ပေါ်ရှိ နံပါတ်တချို့ အပြောင်းအလဲ ဖြစ်သွားခြင်း ဖြစ်သည်။ စုချန်းသည် ပထမဆုံးအကြိမ်အနေနှင့် အဆင့် တစ်ရာအတွင်း ဝင်ရောက်လာနိုင်ခဲ့ပြီး သူ့နာမည်သည် အဆင့် ၉၈ နေရာတွင် ရပ်တန့်နေ၏။ ဂုဏ်ယူဖွယ်ရာ ဆိုရလျင် အဆင့် တစ်မှ တစ်ရာ အတွင်း ရပ်တည်ထားနိုင်သည့် ပြိုင်ပွဲဝင်များအနက် နာမည်၏ နောက်တွင် သွေးဗီဇအမှတ်အသား မပါသူဟူ၍ စုချန်းတယောက်သာ ရှိလေသည်။
သို့သော် ထိုကိစ္စသည် လူအများကို အုတ်အော်သောင်းနင်း ဖြစ်လောက်သည့်အထိတော့ ဆွဲဆောင်နိုင်ခဲ့ပုံမရ။ အကြောင်းမှာ အဆင့်သတ်မှတ်ချက်ဟူသည် အမြဲတမ်း ပြောင်းလဲနေသော အရာဖြစ်သည်။ အဆင့်တစ်ရာအတွင် ဝင်ရောက်နိုင်သူများအနက် စုချန်းသည် ပထမဆုံးမဟုတ်သလို နောက်ဆုံးလည်းမဟုတ်။ အရေးအကြီးဆုံးအချက်မှာ စုချန်းအနေနှင့် အဆင့်တစ်ရာအတွင်းဝယ် အချိန်မည်မျှ ကြာကြာနေနိုင်မည်နည်း ဟူသော အချက်ပင် ဖြစ်သည်။
သို့သော် စုမျိုးနွယ်စုအတွက်မှာကား ထိုမျှလောက်သော အောင်မြင်မှုသည်ပင် ၎င်းတို့ကို ရင်သပ်ရှုမောစေရန် လုံလောက်၏။ စုချန်းအန်၊ စုခေါ့ကျိ၊ စုချန်းချိန်းနှင့် လူတိုင်းလိုလိုသည် စုချန်း၏နာမည်ကို ကောင်းစွာ မြင်တွေ့လိုက်ရလေသည်။ သူတို့အားလုံးသည် စုချန်း၏ တိုက်ပုံခိုက်ပုံများကို မြင်တွေ့ရသည်မဟုတ်။ အလင်းမျက်နှာပြင်ပေါ်ရှိ စုချန်း၏ အဆင့်အတန်းကိုသာ မြင်တွေ့ရသည် ဖြစ်လေရာ စုမျိုးနွယ်စုဝင်များသည်ကား ရေခဲရိုက်ခံထားရသော ကြက်သားများကဲ့သို့ အေးခဲကုန်ကြတော့သည်။
စုချန်းသည် ရမှတ် ၃၆မှတ်တည်းနှင့် ထိပ်ဆုံးတစ်ရာအတွင်း ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ဤကိစ္စမှာ မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။ တခုခုတော့ လွဲမှားနေခဲ့ပေပြီ။ စုမျိုးနွယ်စုဝင်များသည် သံသယမျိုးစုံနှင့် ဗျာပါဒ ပွားကုန်ကြ၏။ ယုတ်စွအဆုံး စုချန်းချဲ့ကိုယ်တိုင်ပင် စကားမပြောနိုင်ပဲ ဖြစ်နေ၏။
ထိုအချိန်တွင် စုချန်းသည် ပြိုင်ပွဲနယ်မြေအတွင်း ရောက်ရှိနေသည် ဖြစ်လေရာ သူ့နာမည် ထိပ်ဆုံးတစ်ရာအတွင်း ဝင်သွားကြောင်း မသိရှိသလို အပြင်ဘက်ရှိ ပြသနာများကိုလည် မသိရှိခဲ့ပေ။ အနက်ရောင်ဝတ်ဆင်ထားသော လူငယ်ထံမှ ရမှတ်များကို နှုတ်ယူပြီးသည်နှင့် သူသည် ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ မိမိအား ပြိုင်ပွဲမှ ထွက်ခွာသည်အထိ ဆက်လက်မတိုက်ခိုက်ပဲ ခရီးဆက်ရန် ဟန်ပြင်နေသော စုချန်းကို ကြည့်ရင်း အနက်ရောင်ဝတ်ဆင်ထားသော လူငယ်က အော်ဟစ်လိုက်သည်။
"အဲဒါဘာတုန်းကွ"
စုချန်းက ခြေလှမ်းကို ရပ်တန့်လိုက်၏။
"မင်းမေးနေတာ ဝိုင်ကရားနဲ့ တူတယ် ဘာမှမဟုတ်ပါဘူး ငါရဲ့ တီထွင်မှုတခုပဲ ဆိုပါတော့"
စုချန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း အနက်ရောင်ဝတ်ဆင်ထားသော လူငယ်က သွေးရူးသွေးတန်းနှင့် အော်ဟစ်လိုက်သည်။
"မဟုတ်ဘူး...ငါ ခန်းအာလီ ရှုံးသွားတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဒီကောင် နတ်ဆိုးမျက်နှာ လိမ်နေတာ...သေချာပေါက် လိမ်နေတာ...ဒီပစ္စည်းဟာ ဒီကောင့်ရဲ့ တီထွင်မှု မဟုတ်ဘူး အပြင်က ဝယ်လာတာပဲ ဖြစ်ရမယ် ဒီကောင် စည်းမျဉ်းကို ချိုးဖောက်ထားတာပဲ မကျေနပ်ဘူးဟေ့ မကျေနပ်ဘူး ကျုပ် တိုင်ကြားချင်ပါတယ်"
ခန်းအာလီ၏ အော်သံမှာ တောအုပ်အတွင်း ကျယ်လောင်စွာ ပေါ်ထွက်လာ၏။ စုချန်းသည် ၎င်း၏ အော်သံကို ကြားသောအခါ ခေါင်းကိုဖြည်းညှင်းစွာ ခါယမ်းပြီး ပြုံးလိုက်မိတော့သည်။
နဂါးကျောင်းတော်အနေနှင့် ပြင်ပမှ ဝယ်ယူလာသော ပေါက်ကွဲပစ္စည်းများကို ပြိုင်ပွဲတွင် ခွင့်မပြုထားချေ။ သို့သော် ထိုအထဲတွင် ကိုယ်တိုင် တီထွင်ထားသည့် ပစ္စည်းများ မပါဝင်။ စုချန်းသည် ကနဦးကပင် ဝိုင်ကရားကို စစ်ဆေးသူများကို ပြသပြီး သူတို့၏ ရှေ့မှောက်တွင်ပင် ပေါက်ကွဲစေတတ်သော ဆေးရည်ကို ဖော်စပ်ပြခဲ့၏။ ထိုသို့သာမဟုတ်လျင် ထိုပစ္စည်းများကို အထဲသို့ ယူဆောင်လာခွင့် ပြုလိမ့်မည်မဟုတ်။
သို့သော် ခန်းအာလီ၏ အော်ဟစ်သံသည် စုချန်းကို သွယ်ဝိုက်သောအားဖြင့် ကူညီပေးခဲ့သည်ဟု ဆိုရပေတော့မည်။ အကြောင်းမှာ ၎င်း၏ အော်သံသည် ကျယ်လောင်လှပေရာ အနီးအနားရှိ လူတိုင်းလိုလိုသည် အဖြစ်အပျက်ကို ကောင်းစွာ နားလည်သဘောပေါက်လိုက်ကြ၏။
ဘာလဲဟ!!!
ခန်းအာလီတောင် ရှုံးသွားသတဲ့လား???
အနှိုင်းမဲ့အေးခဲခြင်းကို အနိုင်ရအောင် ဘယ်လိုလူစားမျိုးကများ လုပ်နိုင်တာလဲ???
နတ်ဆိုးမျက်နှာ နတ်ဆိုးမျက်နှာဆိုတာ ဘယ်သူများလဲ??
ခန်းအာလီ ပြောဆိုနေသည့် လိမ်လည်ခြင်းနှင့် စောဒကတက်ခြင်း ကိစ္စကိုကား မည်သူကမျှ အာရုံမစိုက်ချေ။ ပြိုင်ပွဲနယ်မြေများအတွင်းသို့ ဝင်ရောက်မည့် ပြိုင်ပွဲဝင်များအား အထပ်ထပ် အခါခါ စစ်ဆေးခဲ့ပြီးလေပြီ။ ထို့ကြောင့် ဤပြိုင်ပွဲတွင် မသမာမှုပြုလုပ်ရန်မှာ အလွန်ပင် ခက်ခဲလှ၏။ မည်သို့ဆိုစေ ခွန်အားသည် ခွန်အားသာလျင် ဖြစ်သည်။ ပြိုင်ပွဲဝင်တဦး၏ ခွန်အားသည် လိမ်လည်လှည့်ဖျားရာမှ ဆင်းသက်လာသည် ဆိုစေအုံး၊ ထိုသူသည် တခြားလူများထက် သာလွန်နေသေးသည်မှာကား အမှန်ပင်။ အပြစ်ပေးခြင်း ဟူသည်မှာကား ကြီးကြပ်သူများ၏ တာဝန်သာ ဖြစ်သည်။ ထိုအခါ ခန်းအာလီထက်ပင် အင်အားကြီးမားသော နတ်ဆိုးမျက်နှာအား တော်ရုံတန်ရုံလူ ရန်မစရဲတော့ချေ။
ထိုအခါ နတ်ဆိုးမျက်နှာဖုံး ဝတ်ဆင်ထားသော စုချန်း လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်နှင့် လူတိုင်းလူလို၏ စိတ်ထဲတွင် ဤလူသည် ခန်းအာလီကို အနိုင်ယူလိုက်သူမှန်း သဘောပေါက်သွားကြကုန်၏။ မည်သူမျှ စုချန်းကို ရန်မစရဲတော့။ ဘူးတရာ၏ အပေါက်ကို ပိတ်ရန် လွယ်ကူသော်လည်း ပါးစပ်တစ်ပေါက်ကို ပိတ်ရန်ခက်သည်ဟူသော စကားအတိုင်း ကောလဟလသည် တောမီးပမာ ပျံ့နှံ့သွားခဲ့လေရာ စုချန်းသည် ထိုနယ်မြေတွင် နာမည်ကျော် ဖြစ်လာ၏။ နာမည်ကြီးလာခြင်း၏ အကျိုးဆက်မှာကား ပို၍ ခရီးတွင်လာခြင်း ဖြစ်သည်။ လမ်းခရီးတလျှောက်တွင် မည်သည့်တိုက်ပွဲမှ ကြုံတွေ့ရခြင်း မရှိတော့ပဲ စုချန်းသည် နယ်မြေ ၉မှ နယ်မြေ၈သို့ လျင်မြန်စွာ ဖြတ်သန်းနိုင်ခဲ့တော့သည်။
တဖက်တွင်လည်း နာမည်ကြီးလာသည့်အတွက် အားနည်းချက်တချို့တော့ ရှိနေခဲ့ပြန်၏။ ၎င်းမှာ စုချန်း၏ ရမှတ်သည် နောက်ထပ် တိုးပွားလာခြင်း မရှိတော့သလို လူတချို့သည်လည်း စုချန်းကို ကျော်တက်သွားပြန်လေရာ သူသည် အဆင့်တစ်ရာ၏ ပြင်ပသို့ ပြန်လည်ရောက်ရှိသွားပြန်၏။
ထိုအနေအထားကို ကြည့်၍ စုမျိုးနွယ်ဝင်များသည် စိတ်ပျက်ဖို့နေနေသာသာ စိတ်သက်သာပင်ရကုန်ကြ၏။ အကြောင်းမှာ စုချန်းသာ အဆင့်တစ်ရာအတွင်းဝယ် အချိန်ကြာကြာ ရပ်တည်ထားနိုင်ပါက စုမျိုးနွယ်စုဝင်များအဖို့ မျက်နှာကို လက်ဝါးဖြင့် ဖြတ်ရိုက်ခံရသကဲ့သို့ ရှိပေလိမ့်မည်။ ဆိုလိုသည်မှာ လွန်ခဲ့သော နှစ်တချို့အတွင်း စုမျိုးနွယ်စု လုပ်ဆောင်ခဲ့သမျှသည် အကြီးအကျယ် ဟာသဆန်သည်ဟူသော အဓိပ္ပါယ်ပင်တည်း။ အထူးသဖြင့် စုချန်းအန်၏ အမူအရာမှာ ပို၍ သိသာလှသည်။ စုချန်း၏ နာမည် ပျောက်ဆုံးသွားသည်ကို မြင်တွေ့လိုက်တော့မှ ၎င်းသည် စိတ်သက်သာရသွားသော အမူအရာနှင့် သက်ပြင်းတချက်ကို ခိုး၍ချလိုက်၏။
စုချန်း အဆင့်တစ်ရာအတွင်း ဝင်ရောက်လာခြင်းသည် အခြေအနေတခုလုံး၏ ထင်မှတ်မထားသော အစိတ်အပိုင်း ဖြစ်သည်။ သူ့လုပ်နိုင်သော အနေအထားထက် ပို၍ မြင့်မားသော နေရာတွင် ရပ်တည်နိုင်ခဲ့လိမ့်မည်ဟု စုချန်းအပေါ် မည်သူမျှ မျှော်လင့်ထားခြင်း မရှိ။ စုမျိုးနွယ်ဝင်များအတွက် ကျေးဇူးတင်စရာကောင်းသည်မှာ စုချန်း၏ ရမှတ်သည် နေဝင်သည်အထိ ဆက်လက် တိုးတက်လာခြင်းမရှိပဲ ယခင်အနေအထား၌သာ ရပ်တန့်နေ၏။