← Chapters

ညတိုက်ပွဲ

Vol. 13 Ch. 123

ညတိုက်ပွဲ

Vol. 13 Ch. 123

ညကော ရောက်လာပြန်ချေပြီ။ တလောကလုံး အမှောင်ထုကသာ ဖုံးလွှမ်းနေ၏။ သို့သော် ဤယနေ့တွင်ကား တခြားညများနှင့် မတူချေ။ အမှောင်ထုမှာ သိပ်သည်းလှပေရာ ကောင်းကင်တခွင်လုံး လမင်းကြီး မဆိုထားနှင့် ကြယ်ပွင့်လေးများပင် ပြူတစ်ပြူတစ် မလုပ်နိုင်ရှာ။ သားရဲတိရိစ္ဆာန်တကောင်သည် အလင်းရောင်တို့ကို ဝါးမြိုလိုက်ဘိသကဲ့သို့ မြင်လေသမျှ အဆုံးမရှိသော အမှောင်ထုပေတကား။

မည်သည့်အရာကိုမျှ သဲသဲကွဲကွဲ မမြင်တွေ့နိုင်စေကာမူ ထိုကိစ္စသည် စုချန်းအတွက် အထူးတလည် ပြသနာတော့ မဟုတ်။ သူသည် တောင်ပေါ်လမ်းလေးအတိုင်း တရွေ့ရွေ့ ခရီးဆက်နေ၏။ ထိုသို့ ခရီးဆက်ရန်အတွက် သူ့အနေနှင့် မျက်လုံးအစုံကို အားကိုးနေရန်မလို။ သစ်တောတလျှောက် ဖြတ်သန်းတိုက်ခတ်လာသော လေပြေလေညှင်းများက သူကို တထောင့်တနေရာမှ ကူညီပေးနေ၏။ သူ့စိတ်ထဲတွင်ကား တခါက မျက်မမြင်ဘဝကို ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားနေရလေသည်။

တခြားလူများအတွက် ကြီးမားသော အခက်အခဲဖြစ်သည့် အမှောင်ထုသည် စုချန်းအတွက်တော့ မဟာမိတ်သဖွယ်ပင် ဖြစ်နေသေး၏။ အမှောင်ကိုအကာအကွယ်ယူ၍ သူသည် သူ့ကိုယ်ခန္ဓာကို ပုံဖျက်ထားနိုင်၏။ လှုပ်ရှားမှုများအား ဖုံးကွယ်ထားနိုင်၏။ ဤသို့နှင့် သူသည် ဘေးအန္တရာယ်ရှိသော နေရာအမျိုးမျိုးကို ချောမွေ့စွာ ဖြတ်သန်းနိုင်ခဲ့လေသည်။ သို့သော် အမှောင်ထုကြောင့် မိမိ၏ တည်နေရာကို သတ်မှတ်ရန် အလွန်ခက်ခဲလေရာ စုချန်းသည် လမ်းမမှားစေရန် မြေပုံကို ထပ်ခါထပ်ခါ ထုတ်ယူဖတ်ရှုနေရ၏။

အတန်ကြာ လမ်းလျှောက်ပြီးနောက် စုချန်းသည် တောင်စောင်းလေးတခုရှေ့တွင် ခြေလှမ်းကို ရပ်တန့်လိုက်၏။ ထို့နောက် သူသည် မြေပုံကို နောက်တကြိမ် ဆွဲထုတ်ရင်း မိမိ ရောက်ရှိနေသောနေရာကို မမှားစေရန် ကျကျနန တိုင်းထွာစစ်ဆေးကြည့်ပြန်၏။ တဖန် သူက ကျောက်သလင်းမီးအိမ်ကို ဖြတ်ခနဲ ထွန်းညှိလိုက်သည်။ ထိုအိုက်အတန့်မှာပင် သူ့နှလုံးသားအတွင်း၌ အချက်ပေးသံများဖြင့် ဆူညံသွား၏။ အန္တရာယ်နှင့် ရင်ဆိုင်တွေ့ကြုံမိတိုင်း အလိုအလျောက်ပေါ်ပေါက်လာသော ဗီဇစိတ်အရ သူသည် ဘေးဖက်သို့ လျင်မြန်စွာ လှိမ့်ချလိုက်၏။

ရွှီခနဲ မြည်သံနှင့်အတူ အလွန်အေးစက်သော အလင်းတန်းတခုသည် အမှောင်ထုအတွင်းမှ ထွက်ပေါ်လာပြီး စုချန်း၏ မျက်နှာရှေ့မှနေ၍ ပွတ်ကာသီကာ ဖြတ်သန်းသွားလေသည်။ သူ့အနေနှင့် ခြုံခိုတိုက်ခိုက်သူ မည်သူမည်ဝါမှန်း ခွဲခြားဆုံးဖြတ်နေရန် အချိန်မရှိတော့။ ထိုအခါ သူက ချက်ချင်းပင် မိုးကြိုးဓားမူလစွမ်းရည်ကို အသုံးပြုပြီး အလင်းရောင်၏ နောက်မှ ကပ်ရက်လိုက်ပါလာသော ဓားချက်ကို ခုခံကာကွယ်လိုက်သည်။ တဆက်တည်းမှာပင် သူက ကျောက်သလင်းမီးအိမ်ကို တိုက်ခိုက်မှု ထွက်ပေါ်လာသော နေရာသို့ ပစ်ပေါက်လိုက်ပြီး နောက်ကို လှည့်ကြည့်လိုက်တော့သည်။

ကျောက်သလင်းမီးအိမ်သည် ပြင်းထန်စွာ ပေါက်ကွဲထွက်ကုန်၏။ နောက်ဆုံး ကျန်ရှိသော အလင်းရောင်အောက်ဝယ် စုချန်း မြင်တွေ့လိုက်ရသည်မှာ သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသူသည် တကိုယ်လုံး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ၎င်း၏ လက်ထဲရှိဓားမှာလည်း အလင်းရောင်မပြန်စေရန် ဓားသွားတခုလုံးကို မဲနက်သော ပစ္စည်းတမျိုးနှင့် ဖုံးအုပ်ထား၏။ ထိုအချိန်မှာပင် ရန်သူထံမှ နောက်ထံ သေစေနိုင်သော ဓားချက်တချက်က စုချန်း၏ ခါးလည်သို့ ဖြတ်ဝင်လာပြန်သည်။

စုချန်းကလည်း ငြိမ်ခံနေမည် လူမျိုးတော့မဟုတ်။ သူက ချက်ချင်းကို နောက်ကိုဆုတ်ပြီး ရန်သူ၏ လက်ကောက်ဝကို သူ၏ လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်၏။ ရန်သူသည် သူ၏ လက်ကို လျင်မြန်စွာ နောက်ဆုတ်ပေးလိုက်၏ ထိုအချိန်တွင် ၎င်း၏ ဘက်ဖက်လက်ဆီမှ အလင်းရောင်တန်းတခု ထွက်ပေါ်လာပြန်သည်။ ထိုအခါ စုချန်းက ခေါင်းကို ငဲ့စောင်းကာ ရှောင်တိမ်းပေးလိုက်ပြီး ရန်သူကို အားရပါးရပင် ခြေထောက်နှင့် ကန်ထည့်လိုက်၏။ သို့သော် စုချန်း၏ တိုက်ခိုက်မှုမှာ ရန်သူ၏ ခုခံကွက်ကြောင့် အဟောသိကံ ဖြစ်သွားရလေသည်။ အကြောင်းမှာ ရန်သူသည် စုချန်း၏ ခြေထောက်လာရာလမ်းကြောင်းတွင် သူ၏ ဓားသွားကို ထောင်ထားပေးလိုက်သောကြောင့်ပင်။ ရန်သူ၏ ပိရိသေသပ်သော ခုခံမှုကြောင့် စုချန်း ဟန်ချက်အနည်းငယ် ပျက်သွား၏။ ရန်သူသည် ထိုအခွင့်အရေးကို အမိအရပင် ရယူပြီး စုချန်းကို တလစပ် တိုက်စစ်ဆင်တော့သည်။ ရန်သူ၏ ဓားချက်တိုင်းသည် သူ၏ သေကွင်းသေကွက်များဆီသို့သာ ဦးတည်နေခဲ့လေရာ စုချန်းအဖို့ကား သေရေးရှင်ရေး အခြေအနေသို့ ရောက်ရှိနေခဲ့လေပြီ။ စုချန်းကား အထူးတလည် ခုခံရှောင်တိမ်းခြင်း မပြုတော့။ ချက်ချင်းပင် ညာဖက်လက်ကို မိုးကြိုးဓားသဖွယ်သုံးပြီး ရန်သူ၏ လည်မြိုကို ထိုးထည့်လိုက်တော့သည်။

စုချန်း၏ ဤတကွက်မှာကား သူသေကိုယ်သေ တ်ိုက်ကွက်ပေတည်း။ ရန်သူမှာ သူရဲဘောကြောင်ပုံရသည်။ စုချန်း၏ သူသေကိုယ်သေတိုက်ကွက်ကို မရင်ဆိုင်ရဲပဲ နောက်ကို လျင်မြန်စွာ ဆုတ်ပေးလိုက်၏။ ထို့နောက် သူ့လက်ထဲရှိဓားဖြင့် စုချန်း၏ လက်ကို ခုတ်ချလိုက်သည်။ ထိုအခါ စုချန်းက သူ၏လက်ကို ပြန်လည် နောက်ဆုတ်ပေးလိုက်ရပြန်သည်။

ထို့နောက်တွင်ကား သူတို့နှစ်ယောက်သည် တယောက်ကိုတယောက် သတိကြီးစွာနှင့် စိုက်ကြည့်နေကြလေသည်။ တိုက်ကွက်အနည်းငယ်အတွင်း မည်သူမျှ အသာစီးမရခဲ့လေရာ လက်ရည်တူဟု ဆိုနိုင်သည် မဟုတ်ပါလား။ သူတို့ နှစ်ဦးလုံးလိုလိုသည် မိမိ ပြိုင်ဘက်အသီးသီး၏ တုံ့ပြန်မှုနှင့် ရွေ့လျားပုံကိုကြည့်ရင်း အံ့သြသင့်နေကြကုန်၏။ ထိုအခိုက်မှာပင် အလင်းရောင်တချက် ဝင်းလက်သွားပြီး သူတို့နှစ်ဦးသည် အပြင်းအထန် တိုက်ခိုက်ကြပြန်၏။ သို့သော် မည်သူကမျှ မည်သူ့ကို တကွက်တလေပင် အသာစီးရသွားသည်ဟူ၍ မရှိပဲ လက်ရည်တူနေကြ၏။

ထိုအခိုက်မှာပင် မြေကြီးပေါ်သို့ ပြုတ်ကျကာ ကွဲအက်သွားသော ကျောက်သလင်းမီးအိမ်မှ အလင်းရောင်များ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်တခုလုံး အမှောင်တိ ဖုံးလွှမ်းသွားပြန်သည်။ သို့သော် သူတို့၏ တိုက်ပွဲကို ရပ်တန့်သွားအောင် အမှောင်ထုသည်လည်း စွမ်းဆောင်နိုင်ပုံမရ။

ရန်သူသည် အမှောင်ထုကို ဂရုမစိုက်ပဲ စုချန်းထံသို့ ဓားချက်တချက် ပစ်သွင်းလိုက်ပြန်သည်။ စုချန်းကား ရန်သူ၏ ဓားလမ်းကြောင်းကို မမြင်နိုင်သော်လည်း အနည်းငယ်မျှပင် ဂရုမစိုက်။ ကိုယ်ကို အနည်းငယ်စောင်းရင်း ရှောင်တိမ်းပေးလိုက်ရာ ရန်သူ၏ ဓားသည် သူ့လက်မောင်းအနီးမှ တိတ်ဆိတ်စွာ ဖြတ်သန်းသွားလေသည်။ ထိုအခိုက်အတန့်မှာပင် စုချန်းက တန်ပြန်တိုက်ကွက်တကွက်ကို ဖော်ဆောင်လိုက်၏။ သူက ရန်သူ၏ မျက်နှာကို ဖမ်းဆုတ်ပြီး ဒူးခေါင်းကို ခြေထောက်နှင့် ပြင်းထန်စွာ ကန်ကျောက်လိုက်ခြင်း ဖြစ်သည်။ ရန်သူကလည်း ပါးနပ်လှ၏။ သူသည် စုချန်းနည်းတူ သဲကွဲစွာ မမြင်ရသော်လည်း နောက်ဘက်သို့ လျင်မြန်စွာ ခုန်ဆုတ်ပြီး စုချန်း၏ တန်ပြန်တိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။ မလိုအပ်ပဲ မစွန့်စားလိုသည့် သဘောပင် ဖြစ်သည်။

ထို့နောက်တွင်ကား သူတို့နှစ်ယောက်သည် အမှောင်ထုအတွင်းမှာပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတော့သည်။ သူတို့၏ လှုပ်ရှားမှုများမှာကား သရဲပူးကပ်နေတမျှ လျင်မြန်လှ၏။ ဤတကြိမ်တိုက်ပွဲသည် ယခု စုချန်း ကြုံတွေ့ခဲ့ရသော တိုက်ပွဲများနှင့် မတူ။ မည်သည့် မူလစွမ်းရည်မျှ မပါသေးသော်လည်း တုံ့ပြန်မှုလေးတခု အနည်းငယ်နောက်ကျသွားသည်နှင့် ပြင်းထန်သော ဒဏ်ရာ ရရှိသွားနိုင်လေရာ အထူးပင် အန္တရာယ်ကြီးမားလှ၏။

အထူးပင် အံ့သြစရာကောင်းသည့်အချက်မှာ သူတို့နှစ်ဦးလုံးလိုလိုသည် ပိန်းပိတ်အောင် မှောင်နေသော အကာလညအခါဝယ် ကျွမ်းကျင်စွာ တိုက်ခိုက်နိုင်ကြခြင်းပင် ဖြစ်သည်။ သူတို့နှစ်ဦးသည် စက္ကန့်ပိုင်းအတွင်း ဆယ်ကြိမ်ထက်မနည်း တ်ိုက်ခိုက်ခဲ့ကြလေပြီ။ ထိုအချိန်တွင် ကျယ်လောင်သော အသံကြီး ပေါ်ထွက်လာပြီး စုချန်း၏ မိုးကြိုးဓားသည် ရန်သူ၏ လက်မောင်းကို ထိမှန်သွား၏။ စုချန်း ကိုယ်တိုင်မှာလည်း မသက်သာလှ။ ရန်သူ၏ ဓားချက်ကြောင့် ရင်ဘတ်တွင် ဒဏ်ရာရရှိသွား၏။ ထို့နောက် ရန်သူနှစ်ဦးသည် ဒဏ်ရာကိုယ်စီနှင့် အချိန်အတန်ကြာမျှ လူချင်းကွဲကုန်တော့သည်။

ရက်စက်ကြမ်းကြုတ်လှသော တိုက်ပွဲကား အချိန်အတန်ကြာမျှ ရပ်တန့်သွား၏။ သို့သော် အန္တရာယ်အငွေ့အသက်များမှာကား ပတ်ဝန်းကျင်တခုလုံးကို ဖုံးလွှမ်းလျက် ရှိနေဆဲပင်တည်း။

သူတို့နှစ်ဦးသည် အမှောင်ထုအတွင်းမှာပင် ငြိမ်သက်စွာ မတ်တပ်ရပ်နေကြ၏။ တယောက်နှင့်တယောက် စကားတခွန်းပင် မပြောပြပဲ တိတ်ဆိတ်နေကြ၏။ ယုတ်စွအဆုံး အသက်ရှုသံမျှပင် မကြားရ။ ဤမျှ တိတ်ဆိတ်နေသော ညအခါဝယ် စကားစပြောသူသည် ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် အတူတူသာတည်း။

စုချန်းသည် ခြေလှမ်းကို ဂရုတစိုက်ဖြင့်လှမ်းရင်း လေတိုးသံကို အာရုံစိုက်၍ နားထောင်နေ၏။ ထို့နောက် သူသည် လက်စွပ်အတွင်းမှ သံမဏိဓားရှည်ကို တိတ်တဆိတ် ဆွဲထုတ်လိုက်သည်။ နောက်ဆုံးတွင်တော့ သူ့အတွက် လက်နက်ဆွဲထုတ်ရန် အချိန်ရခဲ့ပေပြီ။ ထိုအချိန်တွင် တဖက်ရန်သူသည်လည်း စုချန်း၏ တည်နေရာကို ၎င်း၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း မှန်းဆတွက်ချနေ၏။

သူတို့နှစ်ဦးသည် အမှောင်ထုအတွင်း၌ပင် တယောက်နှင့်တယောက် စက်ဝိုင်းပုံ ရွေ့လျားနေကြ၏။ သူတို့၏ ရွေ့လျားပုံသည် ကျပန်းဆန်သည်ဟု ထင်ရသော်လည်း အံ့သြသင့်စရာကောင်းလောက်အောင်ပင် တယောက်နှင့် တယောက် ပိုမိုနီးကပ်လာ၏။ ထို့နောက် သူတို့နှစ်ယောက်သည် လေထဲသို့ ပြိုင်တူခုန်ထွက်ပြီး တိုက်ခိုက်လိုက်ကြတော့သည်။ အေးစက်နေသော သံမဏိဓားနှင့် မဲနက်သော ဓားတို့သည် တချွမ်းချွမ်းမည်အောင် ရိုက်ခတ်မိကြပြီး မီးပွင့်မီးဖွားများ တဖွားဖွား ပေါ်ပေါက်လာ၏။

အမှန်တော့ သူတို့နှစ်ယောက်သည် ကနဦးကပင် တယောက်၏ တည်နေရာကို နောက်တယောက်က ရှာဖွေတွေ့ရှိခဲ့ပြီးသားပင်။

ထိုစဉ် ရန်သူသည် လေချွန်သံတချက်ပြုလိုက်ရာ ၎င်း၏ လက်ထဲမှဓားသည် ထူးဆန်းသော ထောင့်ချိုးတခုအဖြစ် ကွေ့ဝိုက်သွား၏။ ဓားသွားမှလည်း အတိတ်နိမိတ်မကောင်းဟန်တူသော အနက်ရောင်လှိုင်းတခု ပေါ်ပေါက်လာသည်။ မိမိ၏ ရန်သူသည် မူလစွမ်းရည်ကို စတင်အသုံးပြုလိုက်ပြီဖြစ်ကြောင်း စုချန်းက သဘောပေါက်လိုက်သည်။

ဖောင်းခနဲ ကျယ်လောင်သော ပေါက်ကွဲသံကြီး ပေါ်လာပြီး ရန်သူသည် နာကျင်စွာ အော်ဟစ်ကာ နောက်ဖက်သို့ လွင့်ထွက်သွား၏။ ကြီးမားသော မီးလုံးကြီးတလုံးသည်ကား ရန်သူနှင့် ကပ်လျက်လိုက်ပါသွား၏။ အနီးကပ်တုက်ပွဲများ အပြီးတွင်ကား သူတို့နှစ်ယောက်သည် တဦးချင်းစီ၏ အားသာချက်ကို ဖော်ပြနိုင်သည့် အနေအထားသို့ ရောက်ရှိသွားခဲ့လေပြီ။

ရန်သူမှာကား မခေလှ။ တုံ့ပြန်မှုမှာ အထူးပင် မြန်ဆန်လှ၏။ သူသည် လေထဲမှာပင် ကိုယ်ခန္ဓာကို ထိန်းသိမ်းနိုင်ရန် ကြိုးစားလိုက်ပြီး သူ့ထံသို့ ဦးတည်ပျံ့လွင့်လာသော မီးလုံးကြီးကို မြွေတကောင်ကဲ့သို့ တွန့်လိမ်ကွေးကောက်ရင်း ရှောင်တိမ်းလိုက်၏။ သို့သော် စုချန်း၏ တိုက်ခိုက်မှုမှာကား ထိုမျှလောက်နှင့် ဆုံးသွားသည်မဟုတ်။ လေလှိုင်းရေဘဝဲလက်တံ ဆယ်ခုခန့်သည် ရန်သူထံသို့ ဦးတည်ရွေ့လျားလာပြန်၏။ ထိုအခါ ရန်သူက လက်ထဲရှိဓားကို ဟိုမှသည်မှ ဝေ့ယမ်းလိုက်ပြန်ရာ ဓားသွားမှ အနက်ရောင်လှိုင်းများ ထွက်ပေါ်လာပြီး စုချန်း၏ လေလှိုင်းရေဘဝဲလက်တံများမှာ အလွယ်တကူပင် ပြတ်တောက်ကုန်တော့သည်။ သို့သော် ထိုအခိုက်အတန့်မှာပင် ရန်သူ၏ ဦးခေါင်းသည် ပြင်းထန်စွာ နာကျင်ကိုက်ခဲလာပြီး သူ့ကိုယ်ခန္ဓာသည်လည်း မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့၏။ စုချန်း၏ တတိယမြောက် တိုက်ခိုက်မှုဖြစ်သော ဝိညာဉ်မျက်လုံးပေတည်း။

ထိုအခါ စုချန်းသည် မြူခိုးကြားထဲမှ မြွေခြေလှမ်းကွက်များကို နှိုးဆွပြီး ရန်သူထံသို့ ခုန်ဝင်ကာ သူ့လက်ထဲရှိ ဓားကို ဝင့်ရင်း ချီစွမ်းအားစီးဆင်းမှုတခုကို ဖန်တီးလိုက်၏။ ရုတ်တရက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ အသံနက်ကြီး ထွက်ပေါ်လာပြီး စုချန်းလက်ထဲရှိ ဓားသွားသည် ရန်သူဆီသို့ တိုးဝင်သွားတော့သည်။ ဓားကွက်သည် သာမာန်ဓားကွက်ပင် ဖြစ်သော်လည်း ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများ နည်းစနစ်အပြင် မိုးကြိုးဓားစွမ်းအားများကိုပါ ထည့်သွင်းပေါင်းစပ်ထားသောကြောင့် လျှော့တွက်၍တော့မရ။ ဓားချက်သာ ကျကျနန ထိမှန်သွားပါက ရန်သူ၏ ကိုယ်ခန္ဓာအတ္တဘောကြီးသည် နှစ်ခြမ်းကွဲထွက်သွားနိုင်လောက်၏။

ရန်သူသည်ကား သေရေးရှင်ရေး အခိုက်အတန့်သို့ ရောက်ရှိသွားခဲ့လေပြီ။ ထိုလူသည် စုချန်း၏ လက်ချက်ကြောင့် သေမင်း၏ ခံတွင်းဝသို့ သက်ဆင်းရတော့မည့် အရေးကိုမြင်သောအခါ သွေးရူးသွေးတန်းဖြင့် အော်ဟစ်လိုက်၏။ ထိုအခိုက်မှာပင် သူ့ကိုယ်ခန္ဓာသည် ရုတ်တရက် မှေးမှိန်လာပြီး အဆုံးမရှိသော အမှောင်ထုအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။ စုချန်း၏ဓားသည် ရန်သူ၏ ကိုယ်ခန္ဓာကို ဖောက်ထွင်းသွားပြီဟု ထင်ရသော်လည်း အမှန်တော့ လေကိုသာ ဖောက်ထွင်းသွားခြင်း ဖြစ်သည်။ ဓားကွက် ထိမှန်ခါနီးဆဲဆဲဝယ် ရန်သူသည် အမှောင်ထုအတွင်းသို့ လှစ်ခနဲ တိုးဝင်ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

"ပြေးဖို့ကြိုးစားချင်တာပေါ့ ဟုတ်လား"

စုချန်းသည် ခေါင်းကိုငဲ့ရင်း ရန်သူ၏ ရွေ့လျားမှုကို ဂရုတစိုက်နှင့် နားထောင်လိုက်၏။ ထို့နောက်တွင်ကား စုချန်း၏ နောက်ထပ်လက်နက်တမျိုးဖြစ်သော ဝိုင်ကရားသည် လျပ်တပြက်ပေါ်ပေါက်လာပြီး အမှောင်ဟင်းလင်ပြင်ထုအတွင်း ကျရောက်ပေါက်ကွဲသွားတော့သည်။ ပြင်းထန်သော ပေါက်ကွဲမှုကြောင့် မီးတောက်မီးလျံများသည် ကောင်းကင်ပေါ်သို့ တိုးထွက်လာ၏။ ထို့နောက်တွင်ကား အနက်ရောင်ပုံရိပ်တခုကို စုချန်း မြင်တွေ့လိုက်ရသည်။

ရန်သူသည် ပေါက်ကွဲမှုကြောင့် ဆက်လက်ပုန်းအောင်းရန် မစွမ်းသာတော့ဟန် တူသည်။ သူ့နှုတ်ဖျားမှလည်း နာကျင်စွာ အော်ဟစ်နေ၏။ အနှီအော်သံမှာ တိုက်ပွဲစဉ်တလျှောက်လုံး ရန်သူ၏ ပထမဦးဆုံး နာကျင်စွာ အော်ဟစ်သံ ဖြစ်သည်။ သူသည် မြေကြီးပေါ်သို့ ခြေချမိသည်နှင့် ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားလိုက်ပြန်၏။ သို့သော် စုချန်းကား ရန်သူ၏ ကြိုးစားအားထုတ်မှုကို လက်လွတ်စပယ် ခွင့်မပြုတော့။ သူက မီးလျံစက်လုံးတလုံးကို ရန်သူထံသို့ ပစ်လွှတ်ရင်း ငေါက်ငမ်းလိုက်သည်။

"ဟေ့ ထွက်မပြေးခင် မင်းအမှတ်တွေကို ထားခဲ့စမ်းကွ"

ရန်သူသည် စုချန်း၏ အကွက်ကျကျ တိုက်ခိုက်မှုကြောင့် မည်သည့်အခွင့်အရေးမျှ မရရှာတော့ပဲ ထပ်ခါထပ်ခါ ရှောင်တိမ်းနေရတော့သည်။ မီးလျံစက်လုံး တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးသည်နှင့် နောက်ထပ်ပေါ်လာသည်မှာကား လေလှိုင်းရေဘဝဲလက်တံများပင် ဖြစ်၏။ ထို့နောက်တွင်ကား ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများ နည်းစနစ်ကို အသုံးပြုထားသော သစ်ရွက်များက တဝှီးဝှီးမြည်၍ ပျံသန်းလာပြန်၏။ ထိုအချိန်တွင် စုချန်းသည် ဝိညာဉ်မျက်လုံး တိုက်ခိုက်မှုကို နောက်တကြိမ် အသုံးပြုရန် အသင့်ဖြစ်နေခဲ့ပြန်လေပြီ။

အမှောင်ထုနှင့် အနီးကပ်တိုက်ပွဲများတွင် တဖက်ရန်သူ၏ တိက်ခိုက်ရေးစွမ်းရည်သည် စုချန်းထက် မနိမ့်ချေ။ သို့သော် လူချင်းကွဲသွားပြီးနောက် တယောက်နှင့်တယောက် မူလစွမ်းရည်များကို အသုံးပြုပြီး တိုက်ခိုက်သော အခါတွင်ကား ရန်သူသည် စုချန်းထက် များစွာနိမ့်ပါးနေကြောင်း သိသာနေခဲ့လေပြီ။ ၎င်းသည် စုချန်း၏ ပြင်းထန်ကြမ်းတမ်းသော တိုက်ခိုက်မှုများကြောင့် သေရေးရှင်ရေး အနေအထားသို့ ကျရောက်လျက်ရှိလေရာ နောက်ဆုံးတွင် မျက်လုံးပြူးမျက်ဆန်ပြူးနှင့် အော်ဟစ်ပြောဆိုလိုက်၏။

"ဟေ့ ဟေ့ ဒီမှာ ရော့ရော့ ယူလိုက်တော့"

ပြောပြောဆိုဆို သူက ကျောက်စိမ်းပြားကို ပစ်ပေးလိုက်၏။ စုချန်းကလည်း ကျောက်စိမ်းပြားကို ဖမ်းယူရင်း ဖိနှိပ်ချေမွရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် ရန်သူ၏ လက်ထဲမှ အလင်းရောင်တချက် ဝင်းလက်သွားပြီး ထိုအရာသည် စုချန်း၏ ကိုယ်ခန္ဓာအလယ်ပိုင်းသို့ ဦးတည်ကာ တဟုန်ထိုး ပြေးဝင်လာတော့သည်။ အရှုံးပေးတော့မည့်ပုံစံနှင့် ရုတ်ချည်း အကောက်ကြံ တိုက်ခိုက်လိုက်ခြင်းပေတကား။

ထိုအခိုက်မှာပင် ကျယ်လောင်သော အသံမျိုးစုံ ထွက်ပေါ်လာ၏။ ထိုအသံများမှာ ရန်သူ၏ အနက်ရောင်ဓားသွားက စုချန်း ကိုယ်ခန္ဓာပတ်ပတ်လည်ရှိ အကာအကွယ်များအား ထိုးဖောက်ရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် အကာအကွယ်မှာ တထပ်တည်းမဟုတ်။ အလွှာပေါင်းများစွာ ကာရံထားလေရာ ဓားတချောင်းတည်းနှင့် စုချန်း၏ အကာအကွယ်များအား အဘယ်မှာ ထိုးဖောက်နိုင်အံ့နည်း။

"ဒါ...ဒါ...ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ရန်သူက ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်လိုက်သည်။ စုချန်း၏ တုံ့ပြန်မှုမှာကား တခြားအရာမဟုတ်။ တဖက်လူ၏ မျက်နှာကို မီးလျံစက်လုံးနှင့် ပစ်ပေါက်လိုက်ခြင်းပင် ဖြစ်သည်။

"အား...ငါ မင်းကို မှတ်ထားတယ်ကွ"

ရန်သူသည် ခါးသီးသော လေသံနှင့် အော်ဟစ်လိုက်ပြီး လေထဲသို့ လွင့်စင်သွား၏။ လေထုထဲမှာပင် သူ့ကိုယ်ခန္ဓာသည် တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားတော့သည်။ ပတ်ဝန်းကျင်တခုလုံးတွင် ကျန်ရှိသောအရာဟူ၍ ၎င်း၏ ဆဲဆိုကြိမ်းမောင်းနေသော စကားသံများသာ ဖြစ်ကြလေသတည်း။

All Chapters