← Chapters

ထိတ်လန့်တုန်လှုပ်ကုန်ကြပြီ

Vol. 13 Ch. 124

ထိတ်လန့်တုန်လှုပ်ကုန်ကြပြီ

Vol. 13 Ch. 124

နောက်ဆုံးတွင်ကား ခိုးကြောင်ခိုးဝှက် ဝင်ရောက်တိုက်ခိုက်သော အနက်ရောင်ဝတ်ဆင်ထားသည့် ရန်သူသည် ထွက်ပြေးသွားခဲ့လေပြီ။ စုချန်းအတွက်ကား သိပ်မဆိုးလှ။ တွက်ချေကိုက်သည်ဟု ဆိုရမည်။ အကြောင်းမှာ သူသည် နောက်ထပ် ၁၆မှတ်တိတိ ထပ်မံပေါင်းထည့်နိုင်ခဲခြင်းကြောင့်ပင် ဖြစ်သည်။

သို့သော်ငြားလည်း စုချန်းသည် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ရာကောင်းလှသော တိုက်ပွဲအား မေ့ဖျောက်ရန်မူကား ခက်ခဲနေသေး၏။ ကနဦးတိုက်ပွဲသည် ပြိုင်ပွဲကျင်းပသည့် နယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက်ပိုင်း အန္တရာယ်အများဆုံး တိုက်ပွဲဖြစ်သည်။ သူ့ရန်သူ၏ လှုပ်ရှားမှုများအားလုံးသည် တဖက်လူ၏ သေကွင်းသေကွက်များဆီသို့သာ ဦးတည်နေခဲ့လေရာ စုချန်းသာ အနည်းငယ် နှောင့်နှေးသွားပါက ယခုအချိန်ဆိုလျင် သူသည် သေလူတယောက် ဖြစ်နေခဲ့ပေပြီ။

စုချန်းအနေနှင့် ရန်သူသည် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်တတ်ကြောင်းကို မသိ။ သို့သော် သူ သေသေချာချာသိထားသည်မှာကား ဤပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ သေကြေပျက်စီးခြင်းကို ခွင့်ပြုထားကြောင်းပင် ဖြစ်သည်။

ကျင့်ကြံခြင်းလမ်းကြောင်းဟူသည်မှာ လှိုင်းလေငြိမ်သက်သော ပင်လယ်ပြင်တွင် ရွက်လွှင့်သလောက် ချောမွေ့သည့် ကိစ္စမျိုးမဟုတ်။ နေရာတိုင်းလိုလိုတွင် အခက်အခဲများ၊ မရေမတွက်နိုင်သော အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်၏။ တိုက်ပွဲဖြစ်ပွားလာပါက မတော်တဆ ထိခိုက်ဒဏ်ရာရသည်မှာ ဖြစ်တတ်သည့်အမျိုးသာ။ အကယ်၍ ထိုအချက်ကိုသာ ပိတ်ပင်ထားပါကလည်း အမှန်တကယ် ထူးချွန်သူကို ရှာဖွေရန် ခက်ခဲသွားနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် နဂါးကျောင်းတော်သည် စစ်မှန်သည့် ထူးချွန်သူတချို့ကို ရရှိနိုင်ရန် ပြိုင်ပွဲတလျှောက် မလွဲသာမရှောင်သာသည့် ထိခိုက်သေကြေပျက်စီးမှုတချို့ကို ခွင့်ပြုထား၏။

စုချန်းသည်လည်း ပြိုင်ပွဲဝင်တယောက်ပင် ဖြစ်လေရာ အချိန်မရွေး အသက်အန္တရာယ်နှင့် ကြုံတွေ့သွားနိုင်၏။ အမှန်တော့ မြင့်မားသော နယ်မြေများတွင် ပို၍ပို၍ ထူးချွန်ထက်မြက်သော ပါရမီရှင်ပေါင်း မြောက်များစွာ ရှိနေနိုင်လေသည်။ အထက်ပါအတိုင်း စဉ်းစားမိသည်သည် စုချန်း၏ တကိုယ်လုံးတွင် ချွေးစီးများပြန်လာပြီး အေးစက်သော ခံစားချက်များ ပေါ်ပေါက်လာ၏။

အမှန်တော့ သူမသိလိုက်၍သာ ဖြစ်သည်။ သူ ရင်ဆိုင်ခဲ့ရသော အနက်ရောင်ဝတ်ဆင်ထားသည့် ရန်သူသည် ပေါ့သေးသေးလူတယောက် မဟုတ်ပေ။ မျှော်စင်ထိပ်ရှိ လသာဆောင်အတွင်း၌ကား လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်လျက်ရှိသည်။ အလင်းမျက်နှာပြင်ပေါ်တွင်ကား စုချန်း၏ ပုံရိပ်ကို ပြသထား၏။ သူနှင့် အနက်ရောင်ဝတ်ဆင်ထားသူတို့၏ တိုက်ပွဲအား မျှော်စင်ပေါ်ရှိ တော်ဝင်မျိုးနွယ်စုများ အားလုံးလိုလို မြင်တွေ့လိုက်ရကြောင်း စုချန်း မသိလိုက်ချေ။ အမှန်တော့ သူတို့အားလုံး စိတ်ဝင်တစား စောင့်ကြည့်နေသူမှာ စုချန်းမဟုတ်။ အနက်ရောင်ဝတ်ဆင်ထားသူသာ ဖြစ်သည်။

ထိုသူ၏ အမည်မှာ ဓားနတ်ဆိုး ဖြစ်သည်။ သူသည် လတ်တလောပြိုင်ပွဲဝင်များအနက် အတော်လေး နာမည်ကြီးနေသူဖြစ်ပြီး ခြံခိုတိုက်ခိုက်ခြင်းနှင့် ညတိုက်ပွဲများတွင် အထူးပင် ကျွမ်းကျင်သူဖြစ်သည်။ ထို့ပြင် သူသည် တံလျပ်အမဲလိုက်ခွေး၏ သွေးဗီဇပိုင်ဆိုင်ထားသူ ဖြစ်လေရာ အမှောင်ထဲတွင် ကိုယ်ယောင်ဖျောက်နိုင်၏။ မည်သည့် သဲလွန်စမျှ မပေါ်ပေါက်စေပဲ အမှောင်ထဲတွင် ဝင်ထွက်သွားလာနိုင်၏။ နေ့အချိန်များတွင် ဓားနတ်ဆိုး၏ အင်အားသည် ကန့်သတ်ချက်တချို့ ရှိနေပြီး တနေ့တာလုံးတွင်မှ ရမှတ် ၂၀ကျော်ခန့်သာ စုဆောင်းနိုင်၏။ သို့သော် ညအချိန်ကိုကား ဓားနတ်ဆိုး၏ ကိုယ်ပိုင်အချိန်ဟုပင် သတ်မှတ်နိုင်ပြီး ညဝက်မျှအချိန်အတွင်း တနေ့တာလုံး စုဆောင်းခဲ့ရသော ရမှတ် ၂၀ကျော်ကို အလွယ်တကူ စုဆောင်းနိုင်လေသည်။ လူတို့၏ စိတ်ထဲတွင်ကား ညအချိန်ရောက်တိုင်း ဓားနတ်ဆိုးသည် အမှောင်ထုအတွင်း ဝင်ထွက်သွားလာပြီး ပစ်မှတ် တခုပြီးတခု လိုက်လံအမဲလိုက်လေ့ရှိသည်ဟု ထင်မြင်ယူဆခဲ့ကြ၏။ ယခုတော့ ဓားနတ်ဆိုး၏ အောင်မြင်မှုသည် တစုံတယောက်ကို ရှုံးနိမ့်ပြီး အဆုံးသတ်သွားခဲ့လေပြီတည်း။

"တိုက်ပွဲအနေအထားကို ကြည့်ရသလောက် ဓားနတ်ဆိုးရဲ့ ဒဏ်ရာတွေက သိပ်ပြီးတော့ ပေါ့သေးသေးတော့ ဟုတ်ပုံမရဘူး ကြည့်ရတာ ဒီညအဖို့တော့ ဓားနတ်ဆိုးတယောက် လှုပ်လှုပ်ရှားရှား မလုပ်နိုင်တော့တာ သေချာသလောက် ဖြစ်သွားပြီ"

"သူ့ရဲ့ အကောင်းဆုံးအားသာချက်လို့ ယူဆကြတဲ့ ညအချိန်မှာတောင် ဓားနတ်ဆိုးတယောက် တကယ်ကြီး ရှုံးသွားတာကိုး"

"ဒါနဲ့ နေကြစမ်းပါအုံး မျက်နှာဖုံးစွပ်နဲ့ တယောက်က ဘယ်သူတုန်းဗျ သူက ဘယ်လိုလုပ်ပြီး ဓားနတ်ဆိုးရဲ့ တချက်လွှတ်ဓားကွက်တွေကို ခုခံနိုင်တာတုန်း သူက ဘယ်လိုလုပ်ပြီး ဓားနတ်ဆိုးရဲ့ တည်နေရာကို သိရှိနိုင်တာတုန်း"

"ဟုတ်တယ်ဗျို့ ဒီတယောက်ဟာ အမှောင်ထဲမှာလည်း ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားနိုင်သဗျ တယ်ထူးဆန်းတာပဲကိုး"

"ဟော ကြည့်ကြစမ်းဗျို့ သွေးဗီဇမပါတဲ့ တယောက်က ထိပ်ဆုံးအယောက်တစ်ရာထဲ ဝင်လာပြန်ပြီ ဒီတယောက်ဟာ ခုနက တယောက်ပဲ မဟုတ်လားဗျ"

"သူ့နာမည်က စုချန်းတဲ့ ဘယ်သူတုန်း စုချန်းဆိုတာ"

လူတိုင်းလူတိုင်းသည် ကိုယ့်အစုနှင့်က်ိုယ် ဆွေးနွေးဝေဖန်နေကြလေ၏။ ရမှတ် ၅၂မှတ်အထိ ရရှိနိုင်ခဲ့ပြီဖြစ်လေရာ စုချန်းသည် ယခုအချိန်တွင် အဆင့် ၇၄အထိ တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်သည်။ အဆင့် ၇၄မှနေ၍ အဆင့်တစ်ရာပြင်ပကို ပြန်လည်ရောက်ရှိရန် အတော်အတန် ခဲယဉ်းလေရာ စုချန်း၏ နာမည်သည် အလင်းမျက်နှာပြင်ပေါ်တွင် အချိန်အတော်ကြာသည်အထိ ဆက်လက်တည်ရှိနေတော့မည် ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် လူအများ၏ အာရုံစိုက်မှုကို မခံချင်သော်လည်း ထိုကိစ္စကို ရှောင်လွှဲရန် အတော်လေး ခဲယဉ်းသွားခဲ့လေပြီ။

စုမျိုးနွယ်စုဝင်များအဖို့ကား နောက်တကြိမ် ထိပ်လန့်တုန်လှုပ်စရာ ဖြစ်ရပ်ဟု သတ်မှတ်ရပေလိမ့်မည်။ သို့သော် ဤသို့ထိတ်လန့်တုန်လှုပ်ရခြင်းသည် အလင်းမျက်နှာပြင်ပေါ်တွင် စုချန်း၏ နာမည် နောက်တကြိမ် ပြန်ပေါ်လာခြင်းကြောင့်တော့ မဟုတ်။ ယုတ်စွအဆုံး ဓားနတ်ဆိုးကို အနိုင်ယူလိုက်သောကြောင့်လည်း မဟုတ်။ အလင်းမျက်နှာပြင်ပေါ်တွင် မြင်တွေ့နေရသော စုချန်း၏ အပြုအမူကြောင့်ပင် ဖြစ်လေသည်။

စုချန်းသည် သလင်းကျောက်မီးအိမ်ကို မြောက်ပြီး မြေပုံကို စိုက်ကြည့်နေကြောင်း သူတို့အားလုံးလိုလို မြင်တွေ့လိုက်ရ၏။ သူသည် အမှန်တကယ်ပင် မြေပုံကို စိုက်ကြည့်နေခြင်း ဖြစ်သည်။ ဤသို့ဆိုလျင်...စုချန်းသည်...မျက်မမြင် မဟုတ်နိုင်တော့။

မြတ်စွာဘုရား!!!

စုမျိုးနွယ်စုဝင်များ အားလုံးလိိုုလိုသည် အသံထွက်၍ပင် အော်ဟစ်မိကြကုန်၏။

"မဖြစ်နိုင်ဘူး ဒါ...ဒါ..ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး"

စုခေါ့ကျိ၏ နှုတ်ဖျားမှ ကယောင်ကတန်းနှင့် ရေရွတ်သံများ ထွက်ပေါ်လာသည်။ သူ့မျက်နှာမှာကား လူသေကဲ့သို့ ဖွေးဖွေးဖြူနေ၏။

"ဒီ နတ်ဆိုးမျက်နှာဟာ စုချန်း ဘယ်လိုမှ မဖြစ်နိုင်ဘူး တိုက်ဆိုင်တာပဲ ဖြစ်ရမယ် နတ်ဆိုးမျက်နှာဟာ ဓားနတ်ဆိုးကို အနိုင်ယူလိုက်တယ် တချိန်တည်းမှာပဲ စုချန်းက အခြားတယောက်ကို အနိုင်ယူလိုက်တယ် ဒါကြောင့်မို့ သူ့နာမည်ဟာ ထိပ်ဆုံးအယောက်တစ်ရာထဲ ဝင်လာတာ ဖြစ်ရမယ် သူဟာ စုချန်း မဟုတ်ဘူး စုချန်း ဘယ်လိုမှ မဖြစ်နိုင်ဘူး"

"ဒါပေမဲ့ ဒီအတောအတွင်းမှာ ဘယ်သူမှ အမှတ်များများစားစား ရထားတာမရှိဘူးဗျို့"

စုဖေးဟူက အေးဆေးသော လေသံနှင့် ပြောလိုက်သည်။ အကြောင်းမှာ နတ်ဆိုးမျက်နှာသည် ရမှတ် ၄၈မှတ် ရရှိထား၏။ အကယ်၍ ထိုအမှတ်ဝန်းကျင် ရရှိထားသည့် မည်သူမဆိုသည် နောက်ထပ် ၁၆မှတ်ခန့် ထည့်ပေါင်းလျင် ထိပ်ဆုံးတစ်ရာအတွင်း ဝင်ရန်လုံလောက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ရမှတ်များများစားစား စုဆောင်းန်ိုင်သူဟူ၍ နတ်ဆိုးမျက်နှာမှအပ မည်သူမျှမရှိ။ ထို့ကြောင့် သင်္ချာနည်းအရ နတ်ဆိုးမျက်နှာသည် စုချန်းမှလွဲ၍ တခြား မည်သူများ ဖြစ်နိုင်အံ့နည်း။

စုချန်းချဲ့နှင့် စုဖေးဟူမှတပါး အခြားစုမျိုးနွယ်ဝင်များ အားလုံးလိုလိုသည် မထင်မှတ်သော အဖြစ်အပျက်ကြောင့် အရာအားလုံး ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ စုချန်းတယောက် မည်ပုံမည်နည်းအားဖြင့် မျက်လုံးပြန်မြင်လာသနည်း။

"ဘာကြောင့်လဲ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ သူမမြင်နိုင်တာ မဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး သူမျက်လုံး ပြန်မြင်နေရတာလဲ"

စုချန်းချိန်းက နားမလည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။

"ဘာကြောင့်လဲဆိုတော့ သူ့မျက်လုံးတွေ ပြန်ကောင်းလာလို့ပေါ့ဗျ"

စုဖေးဟူက လှောင်ပြောင်သော ဟန်ပန်ဖြင့် ပြောလိုက်သည်။

"စုချန်း တခါက ပြောဖူးတယ် သူ့ကို မျက်လုံးကန်းအောင် လုပ်သွားတဲ့ သူတောင်းစားအိုကြီးက ပြောသတဲ့ သူဟာ စုချန်းရဲ့ မျက်လုံးကို ပြောင်းလဲရုံပဲ ပြောင်းလဲလိုက်တာ ဒါဟာ စုချန်းအနေနဲ့ တသက်လုံး အမှောင်ထုထဲမှာ နေထိုင်ရမယ်လို့ မဆိုလိုဘူးတဲ့ စုချန်းကိုယ်တိုင်ကလည်း ဒါကို စွဲစွဲမြဲမြဲ ယုံကြည်ခဲ့တယ် ဒါကြောင့်မို့လို့လည်း သူဟာ တခါမှ အရှုံးမပေးခဲ့တာပေါ့"

"ဒါဆိုရင် သူ့မျက်လုံးတွေ ပြန်ကောင်းလာပြီဆိုတာကို ဘာကြောင့်မို့ ကျုပ်တို့ကို ပြောမပြခဲ့တာလဲ"

တစုံတယောက်က ဒေါသထွက်နေသော လေသံဖြင့် ဆောင့်ကြီးအောင့်ကြီးနှင့် ပြောဆိုလိုက်၏။

"သူက ဘာအတွက် ပြောပြနေရမှာလဲ"

စုဖေးဟူက အေးဆေးတည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။

"တကယ်လို့ သူသာ အမှန်တရားကို ဖွင့်ပြောလိုက်ရင် မင်းတို့အားလုံး သူ့ဆီပြေးသွားပြီး မျက်နှာချိုသွေး ခယဆက်ဆံကြမှာမို့လို့လား သူ့ရဲ့ ပင်ကိုယ်စရိုက်အရ ဒီလို မျက်နှာချိုသွေး ရေပေါ်ဆီ နှမ်းဖြူးလုပ်တာမျိုးကို လက်ခံလိမ့်မယ်လို့ မင်းက ထင်နေတာလား"

စုဖေးဟူ၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်းလိုလိုသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သို့သော် သူတို့အားလုံး၏ ရင်ထဲတွင်ကား ကိုယ်စီကိုယ်ငှ ဒေါသထွက်နေကြလေသည်။ စုချန်း၏ ယခင်အနေအထားအရ သူသည် စုမျိုးနွယ်စုတွင် အရာအားလုံးကို ဆုံးရှုံးသွားဖို့ သေချာသလောက် ရှိနေခဲ့သည်။ သို့သော် စုချန်းသည် ရှုံးနိမ့်ခြင်းကို လက်သင့်မခံပဲ ထိုအရာများကို ပြန်လည်ရရှိရန် အဘယ်ကြောင့် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရလေသနည်း။ တဖက်တွင်လည်း သူသည် မျက်မမြင်အဖြစ် ဆက်လက်ဟန်ဆောင်နေခဲ့ရာ လူတိုင်းလိုလိုသည် သူတို့၏ ညစ်ညမ်းသော စိတ်နေသဘောထားကို စုချန်း၏ ရှေ့မှောက်တွင် ပွင့်ပွင့်လင်းလင်းပင် ဖော်ထုတ်ပြသခဲ့ကြကုန်၏။ ထိုကိစ္စမှာလည်း တနည်းတဖုံ စိတ်ဝင်စားဖွယ်ရာ ကောင်းနေပြန်၏။

ထိုအခိုက်အတန့်မှာပင် သူတို့အားလုံးသည် အတိတ်ကာလဆီမှ အဖြစ်အပျက်များကို မျက်ဝါးထင်ထင် ပြန်လည်မြင်ယောင်လာကြသည်။ သူတို့သည် စုချန်းကို မျက်မမြင်ဟု ယူဆထားလေရာ မည်သည့်အရာကိုမှ ဖုံးကွယ်ရန် မကြိုးစားပဲ ၎င်း၏ ရှေ့မှောက်မှာပင် ပွင့်ပွင့်လင်းလင်း ပြုမူခဲ့ကြသည်။ ညစ်ပတ်သော အပြုအမူများ၊ မထီမဲ့မြင်နိုင်သော အမူအရာများကို အားရပါးရပင် လုပ်ဆောင်ခဲ့ကြသည်။ ယုတ်မာသော အကြံအစည်များကို အကောင်အထည်ဖော်ခဲ့ကြသည်။ တခါတရံတွင် စုချန်းကို အကောက်ကြံရန်၊ အနိုင်ကျင့်ရန်ပင် ကြိုးစားခဲ့ကြသည်။ ဤသို့ဖြစ်ရခြင်းမှာ သူတို့အားလုံး၏ စိတ်ထဲတွင် သူ့ကို မျက်မမြင်ဟု ယူဆထားခြင်းကြောင့်ပင် ဖြစ်သည်။ ထိုအချိန်တွင် စုချန်းမှာကား သူတို့၏ စိတ်နေစိတ်ထား၊ အပြုအမူ၊ ပြောပုံဆိုပုံ၊ ကြံစည်ပုံတို့ကို ကျကျနနပင် လေ့လာအကဲခတ်လျက် ရှိလေသည်တကား။

အထက်ပါအတိုင်း တွေးမိကြကုန်သော စုမျိုးနွယ်ဝင်များအဖို့ကား ခွေးလယားသီးပုံပေါ် တက်ထိုင်မိသကဲ့သို့ ထိုင်မရ ထမရ မရှုနိုင်မကယ်နိုင် ဖြစ်ကုန်ကြလေသည်။ အကြောင်းမှာ သူတို့အားလုံးလိုလိုသည် စုချန်းအပေါ် အပြစ်တခုမဟုတ် တခုတော့ ကျူးလွန်ထားကြသည် မဟုတ်ပါလား။ စုချန်း၏ ဖခင်ရင်းဖြစ်သော စုချန်းအန်ကိုယ်တိုင်မှာပင် သားဖြစ်သူကိုကြည့်ရင်း ပါးစပ်ပင်မဟနိုင်တော့ပဲ မှိုင်တွေငေးမောနေရှာ၏။ အမြင်္င်အာရုံ ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း သားဖြစ်သူသည် ထိုအကြောင်းနှင့် ပတ်သက်၍ တလုံးတပါဒမျှပင် မဟခဲ့ချေ။ နေနိုင်လှချေ၏။ အဘယ်ကြောင့်နည်း။ ရှုပ်ရှက်ခတ်နေသော အတွေးများအနှင့်အတူ စုချန်းအန်၏ ဦးခေါင်းတခုလုံးသည် မူးဝေနောက်ကျိလာ၏။ သူ့မျက်လုံးအစုံမှာလည်း မည်သည့်အရာကိုမျှ သဲသဲကွဲကွဲ မမြင်ရတော့ပဲ မှုန်ရီဝေဝါးလာတော့သည်။

စုချန်း၏ မျက်လုံးများ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားသော နောက်ထပ်လူတယောက် ရှိနေ၏။ ထိုလူမှာ တခြားသူမဟုတ်။ ကုချိန်းလွှာပေတည်း။

တခြားလူများနှင့် မတူသည်မှာ နတ်ဆိုးမျက်နှာသည် စုချန်းမှန်း သူမက တိတိကျကျ သိရှိနေ၏။ ထို့ကြောင့် စုချန်းတယောက် ကျောက်သလင်းမီးအိမ်ကိုမြှောက်ပြီး မြေပုံကို စူးစမ်းလေ့လာနေသည်ကို တွေ့လိုက်ရသောအခါ သူမတကိုယ်လုံး အေးခဲသွားခြင်း ဖြစ်သည်။

ဟင်...သူ့မျက်လုံးတွေ ပြန်ကောင်းနေပါပေါ့လား...

ဘယ်လောက်တောင်ကြာသွားပြီလဲ မသိဘူး...

တရက်လား...နှစ်ရက်လား...ဒါမှမဟုတ် တလလား...နှစ်လလား...

ဒါမှမဟုတ်...ဒီထက် ကြာသွားပြီလား...

ကုချိန်းလွှာ၏ နှလုံးသားသည် ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်စပြုလာ၏။ တောင်ခြေအနောက်ကျောရှိ ရေကန်ထဲတွင် ကုချိန်းလွှာတယောက် နောက်ဆုံးတခေါက် ရေချိုးခဲ့သည်မှာ လွန်ခဲ့သော နှစ်ဝက်ကာလခန့်က ဖြစ်သည်။ ထိုအချိန်သည် နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲ ပြီးဆုံးခဲ့သည့် အချိန်ကာလနှင့် သိပ်မကွာလှ။ ထိုကာလကတည်းက စုချန်း၏ မျက်လုံးအစုံသည် ပြန်လည်ကောင်းမွန်ခဲ့လေသလော။ ကုချိန်းလွှာသည် အထပ်ထပ်အခါခါ စဉ်းစားသုံးသပ်နေ၏။

ဟုတ်ပြီ...

အဲဒီကတည်းက သူ့မျက်လုံးတွေ ပြန်ကောင်းလာခဲ့ပြီးသား ဖြစ်ရမယ်...

ဒီလိုမှမဟုတ်ရင်...

ကုချိန်းလွှာ၏ စိတ်ထဲတွင် စုချန်းကို အရှင်လတ်လတ် အရေခွံခွာပစ်လိုသော ဆန္ဒများ တဖွားဖွား ပေါ်ပေါက်နေ၏။ တချိန်တည်းမှာပင် သူမ၏ နှလုံးသားသည်လည်း ပြင်းထန်စွာ လှုပ်ရှားနေလေသည်။

စုချန်း၏ မျက်လုံးကိုကြည့်ရင်း အနည်းငယ်မျှပင် အံ့သြသင့်ခြင်းမရှိသော လူတစုတော့ ရှိနေသေး၏။ ထိုလူများမှာကား ရှင်သန်ခြင်းကျောင်းတော်မှ လူများပင် ဖြစ်သည်။

မှန်ပေသည်။ ဤနေရာဌာနသို့ ရှင်သန်ခြင်းကျောင်းတော်မှ လူများလည်း ရောက်ရှိနေကြ၏။ သို့သော် သူတို့သည် မျှော်စင်ထိပ်တွင် ရှိနေကြသည်တော့ မဟုတ်။ မျှော်စင်ထိပ်ဖျားရှိ လသာဆောင်သည်ကား ဆွေကြီးမျိုးကြီးများအတွက်သာ ဖြစ်သည်။ သို့သော် မျှော်စင်နှင့် ခပ်လှမ်းလှမ်းရှိ တောင်စောင်းလေးအနီး၊ မြက်ခင်းပြင်နှင့် သစ်ရိပ်ဝါးရိပ်များအောက်ဝယ် ပြိုင်ပွဲဝင်များ၏ ကံကြမ္မာကို လာရောက်စောင့်ကြည့်နေကြသော လေ့လာသူများလည်း ရှိနေ၏။ သူတို့အနေနှင့်ပြိုင်ပွဲနယ်မြေများအတွင်းသို့ ဝင်ရောက်ခွင့်မရှိသော်လည်း ပြိုင်ပွဲကို စောင့်ကြည့်ပိုင်ခွင့်တော့ ရှိကြလေသည်။

အကြီးအကဲစန်း၊ ညတစ္ဆေနှင့် တခြားလူများသည် တောင်စောင်းလေးပေါ်တွင်ထိုင်ရင်း လေပေါ်တွင် တည်ရှိနေသော အလင်းမျက်နှာပြင်ကို ငေးမောကြည့်ရှုနေကြ၏။ ထိုအချိန်တွင် စုချန်းသည် ပြိုင်ဘက်ကို အနိုင်ယူပြီး အလင်းမျက်နှာပြင်ပေါ်ဝယ် စုချန်း၏ ပုံရိပ်ကိုသာ အထူးတလည် ပြသလျက်ရှိသောအခါ အကြီးအကဲစန်းက သက်ပြင်းတချက်ချရင်း ပြောလိုက်သည်။

"သူတို့အားလုံး စုချန်းကို သတိပြုမိကုန်ပြီ ကြည့်ရတာ ငါတို့ ကြားဝင်ရတော့မဲ့ပုံပဲ"

အမှန်တော့ ရှင်သန်ခြင်းကျောင်းတော်အနေနှင့် ဤအခြေအနေမျိုး ဖြစ်ပေါ်လာသည်ကို အနည်းငယ်မျှပင် မလိုလားခဲ့ချေ။ စစ်ဆေးရေးအရာရှိများအနေနှင့် စုချန်း၏ စွမ်းဆောင်ရည်ကို သတိထားမိသွားပြီးနောက် အလင်းမျက်နှာပြင်ပေါ်တွင် စုချန်းကိုသာ ဦးစားပေး၍ ပြသပေတော့မည်။ ထိုကိစ္စသည် အထူးပင် အန္တရာယ်များလှ၏။ အကယ်၍ အလင်းမျက်နှာပြင်ပေါ်တွင် ပြသခြင်းခံနေရသည့် အချိန်၌သာ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်ကို ဖွင့်လှစ်မိပါက "တသက်လုံးဖုံးထားသမျှ ကုန်းတော့မှပေါ်"ဆိုသကဲ့သို့ ဖြစ်ရပေတော့မည်။

"ဒါ စုချန်းရဲ့ အပြစ်တော့ မဟုတ်ဘူး"

ညတစ္ဆေက စုချန်းဘက်မှ ကာကွယ်ပြောဆိုလိုက်သည်။

"ငါသိပါတယ်"

အကြီးအကဲစန်းက ဝန်ခံလိုက်၏။ ထို့နောက် သူက အမိန့်ပေးလိုက်သည်။

"ကဲ ဒုတ်ိယအစီအစဉ်ကို စဖို့ တခြားလူတွေကို ပြောလိုက်"

All Chapters