← Chapters

မထင်မှတ်သော တိုက်ခိုက်မှု ၁

Vol. 13 Ch. 128

မထင်မှတ်သော တိုက်ခိုက်မှု ၁

Vol. 13 Ch. 128

ဓားနတ်ဆိုးနှင့်အသက်လုပွဲအပြင်မြေပုံကို စူးစမ်းလေ့လာမိသောအဖြစ်ကြောင့်ကြီးမားသော သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ပြီဖြစ်ကြောင်း စုချန်းတယောက်ယခုအချိန်ထိ မသိရှိသေးပေ။ အကယ်၍ သိခဲ့လျင်လည်း ကြီးကြီးမားမား ပြသနာတော့ မဟုတ်။

အတိတ်ကာလရှိ စုချန်းနှင့်လက်ရှိစုချန်းသည်မဆိုင်ရေးချ မဆိုင်တော့။ များစွာ ကွဲပြားခြားနားသွားခဲ့လေပြီ။ သူ့အနေနှင့်လက်ရှိကာလတွင်မျက်မမြင်အဖြစ်အထူးတလည်ဟန်ဆောင်စရာ မလိုတော့သလို မျက်မမြင်မဟုတ်တော့ကြောင်းလည်း တကူးတက လိုက်လံပြောပြနေစရာ မလို။ အရာအားလုံးသည် သူ့သဘောသူဆောင်သွားလိမ့်မည်ဟု သဘောထားလိုက်ရုံမျှသာ။ သူ့ကို ချစ်ခင်နှစ်သက်သော လူများအတွက်ထိုကိစ္စသည်အတောမသတ်နိုင်လောက်သော ပျော်ရွှင်ဖွယ်ရာ၊ အံ့သြသင့်ဖွယ်ရာ ဖြစ်လာမည်မှာ ယုံမှားသံသယ ပွားစရာမလို။ သို့သော်သူ့ကို မချစ်ခင်မနှစ်သက်မုန်းတီးသူများအတွက်ကား ထိုကိစ္စကြောင့်အရှိုက်ကို လက်သီးဖြင့်ထိုးနှက်ခံရသကဲ့သို့ ခံစားရပေလိမ့်မည်။

ထိုလူပုဂ္ဂိုလ်များအနေနှင့်မည်သို့ပင်ခံစားရစေကာမူ ထိုခံစားချက်များသည်ပင်လျင်စုချန်းလိုချင်သော တုံ့ပြန်မှုဖြစ်သည်။ လက်ရှိတွင်ကား စုချန်းအနေနှင့်ရှေ့သို့ ရှောရှောရှုရှု ခရီးဆက်နိုင်ရန်သာ အာရုံစိုက်ထား၏။ ဓားနတ်ဆိုးနှင့်ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက်စုချန်းသည်အခြေအနေတခုကို လက်သင့်ခံလိုက်၏။ ၎င်းမှာ ညအချိန်သည်ဓားနတ်ဆိုး၏ နယ်ပယ်ဖြစ်သလို သူ့ကဲ့သို့ ရှေ့မဆွကတည်းက မျက်ကန်းဖြစ်ဖူးသူတယောက်အတွက်လည်း ကျွမ်းကျင်ရာ နယ်မြေဖြစ်သည်ဟူသော အချက်ပင်။

သုံးနှစ်တိုင်တိုင်မျက်မမြင်ဘဝနှင့်နေထိုင်ခဲ့ပြီးနောက်စုချန်းသည်ညတိုက်ပွဲများဝယ်အခြားမည်သူထက်မျှ အောက်မကျပေ။ အကယ်၍ တစုံတယောက်သာ ညအချိန်တွင်သူနှင့်တိုက်ခိုလိုသည်ဆိုပါက ဝမ်းသာအားရ ကြိုဆိုလိုက်မည်သာ။ ယခုတော့ စုချန်းသည်မှောင်မိုက်သော အနေအထားဝယ်မည်သို့မည်ပုံ တိုက်ခိုက်ရမည်ဟူသည်ကို ပြိုင်ဘက်ဖြစ်သူအား ကောင်းကောင်းကြီး သင်ခန်းစာပေးလိုက်လေပြီ။

ထို့နောက်တွင်ကား စုချန်း၏ စိတ်ပိုင်းဆိုင်ရာသည်မသိမသာ ပြောင်းလဲသွားသလို အပြုအမူများမှာလည်း ထူးခြားစွာ ပြောင်းလဲလာ၏။ သူသည်ကျောက်စိမ်းပြား၏ အချက်ပြမှုကို ဖုံးကွယ်ရန်မကြိုးစားတော့။ ထိုအစား ရင်ကော့ခေါင်းမော့ကာ ဝင့်ဝင့်ကြွားကြွားပင်ခရီးဆက်ခဲ့လေသည်။

စုချန်း၏ ထို အမူအရာနှင့်ပုံပန်းသွင်ပြင်သည်တခြား ပြိုင်ပွဲဝင်များကို တနည်းတဖုံ ဆွဲဆောင်နေသကဲ့သို့ ရှိလေ၏။ ထိုအခိုက်မှာပင်...

"ရွှီ"

သစ်သားလှံတံတစ်ချောင်းသည်တောအုပ်အတွင်းမှနေ၍ လေထုကို ဖြတ်သန်းလျက်စုချန်းထံသို့ အရှိန်ပြင်းစွာဖြင့်ဦးတည်ပျံသန်းလာတော့သည်။ ကံမကောင်းအကြောင်းမလှစွာပင်တဖက်လူ လှံတံနှင့်မပစ်ခတ်ခင်ကတည်းက စုချန်းသည်၎င်း၏ အသက်ရှုသံကို ကြိုတင်ကြားသိပြီး ဖြစ်သည်။ ဤကဲ့သို့ အညံ့စား တိုက်ခိုက်မှုမျိုးဖြင့်စုချန်းကို ဒဏ်ရာရရှိစေရန်မှာ ဝေးသေး၏။ ထိုအခါ စုချန်းသည်ကိုယ်ကိုယိမ်းနွဲ့ကာ ရှောင်တိမ်းပြီး လှံတံကို ခါးလည်မှ ဖမ်းဆုတ်၍ တောအုပ်အတွင်းသို့ ပြန်လည်ပစ်လွှတ်လိုက်၏။ သိပ်မကြာမီပင်နာကျင်စွာအော်ဟစ်သံကြီး ထွက်ပေါ်လာကြောင်း စုချန်း ကြားလိုက်ရသည်။

ဤနေရာတွင်ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများ မူလစွမ်းရည်သည်အလွန်တရာ အင်အားပြင်းထန်သည်နှင့်အမျှ လက်တွေ့အသုံးဝင်ကြောင်း မဖြစ်မနေ ဝန်ခံရပေလိမ့်မည်။ မည်သည့်အရာဝတ္တုကိုမဆို ထိုနည်းစနစ်အသုံးပြုပြီး ပစ်လွှတ်လိုက်ပါက တဖက်လူကို ပြင်းထန်စွာ ထိခိုက်သွားစေနိုင်၏။ ထို့ကြောင့်အနှီ နည်းစနစ်သည်စကြာဝဠာတခုလုံးကို တချက်တည်းနှင့်ကိုင်လှုပ်နိုင်သည့်စွမ်းရည်မျိုး မရှိသော်လည်း အလွန်အစွမ်းထက်သော မူလစွမ်းရည်ဟုကား သတ်မှတ်နိုင်၏။

လှံတံပိုင်ရှင်သည်နာကျင်စွာ အော်ဟစ်ရင်း ဆုတ်ခွာသွား၏။ သို့သော်စုချန်းက ရယ်မောရင်း ပြောလိုက်သည်။

"မင်းရဲ့ရမှတ်တွေကို မထားခဲ့ပဲ ဒီအတိုင်း ထွက်ပြေးလို့ ဘယ်ရပါ့မလဲကွာ"

ထို့နောက်သူသည်မြွေခြေလှမ်းကွက်များကို အသုံးပြုပြီး ပြိုင်ဘက်ဖြစ်သူကို အလွယ်တကူပင်ဖမ်းချုပ်လိုက်ကာ အမှတ်များကို နှုတ်ယူလိုက်၏။ သို့သော်ဤတကြိမ်တွင်ကား စုချန်းအဖို့ ကံမကောင်းလှ။ ပြိုင်ဘက်ထံမှ ရမှတ်၁မှတ်သာ ရယူနိုင်ခဲ့လေသည်။ စုချန်း ရမှတ်၁မှတ်နှုတ်ယူပြီးသည်နှင့်ထိုပြိုင်ဘက်သည်ထိုနေရာမှ ထွက်ပြေးပျောက်ကွယ်သွားတော့သည်။

"လက်စသတ်တော့ ဒီကောင့်ဆီမှာ ၁မှတ်ပဲကျန်တော့တာကိုး"

စုချန်းက ခေါင်းခါယမ်းရင်း သက်ပြင်းချလိုက်၏။ ထိုအခိုက်မှာပင်အေးစက်သော အလင်းရောင်တခု ရုတ်တရက်ပေါ်ပေါက်လာကာ ပြိုင်ပွဲဝင်နှစ်ယောက်သည်ဓားများကို ဝင့်ကာ စုချန်းဆီသို့ ခုန်ဝင်လာကြကုန်၏။ တယောက်က ဘယ်၊ တယောက်က ညာ ညှပ်ပူးညှပ်ပိတ်အနေအထားနှင့်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူတို့နှစ်ယာက်၏ တိုက်ခိုက်ပုံမှာကား မြန်ဆန်၏။ အလစ်အငိုက်နိုင်၏။ မျှော်မှန်းရန်ခက်ခဲ၏။ ရက်စက်ကြမ်းကြုတ်၏။

စုချန်း၏ အနေအထားမှာ ထောင်ချောက်တခုအတွင်း ကျရောက်သွားသကဲ့သို့ ရှိလေသည်။ သို့သော်ဤမျှ ရှောင်တိမ်းရန်ခက်ခဲပြီး အပိုင်တိုက်ခိုက်သော အနေအထားကိုပင်စုချန်း၏ အကြားအာရုံက ကျကျနန ဝေဖန်ပိုင်းခြားထားပြီး ဖြစ်သည်။ ပြိုင်ဘက်နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို မြင်သည်နှင့်စုချန်းက အားရပါးရ ရယ်မောလိုက်သည်။ ထို့နောက်သူသည်ပြိုင်ဘက်နှစ်ယောက်အနက်တယောက်ကို လုံးဝ လစ်လျူထားလိုက်ပြီး ကျန်တယောက်ဆီသို့ မီးလုံးကြီးတလုံးကို ပစ်လွှတ်လိုက်၏။ ထိုအချိန်တွင်လစ်လျုရှုထားသော ပြိုင်ဘက်၏ဓားက စုချန်း၏ ကိုယ်ခန္ဓာကို ဖောက်ထွင်းဝင်ရောက်တော့မည့် အနေအထားသို့ ရောက်လာတော့သည်။ သို့သော်စုချန်း၏ ကိုယ်ခန္ဓာပတ်ပတ်လည်တွင်အဖြူရောင်အလင်းတန်းများ ပေါ်ပေါက်လာရာ တဖက်လူ၏ ဓားမှာ ထိုအလင်းတန်းများနှင့်တွေ့ဆုံကာ လမ်းခုလတ်မှာပင်ရပ်တန့်သွား၏။

မီးလုံးနှင့်ပစ်ပေါက်တိုက်ခိုက်ခံလိုက်ရသော တယောက်မှာ နောက်ဘက်သို့ ကျွမ်းပြန်ကာ လွင့်စင်သွား၏။ ထို့နောက်စုချန်းသည်ကျန်ပြိုင်ပွဲဝင်ဘက်သို့ လှည့်ပြီး ရယ်မောလိုက်သည်။

"ဘာလဲ မင်းက ငါ့ကို လာပြီး ကလိထိုးနေတာလားကွ"

ထိုသူမှာကား စုချန်းကို ဓားဖြင့်ထိုးရန်အကြိမ်ကြိမ်ကြိုးစားနေသော်လည်း အကာအကွယ်ကို ထိုးဖောက်နိုင်စွမ်း မရှိလေရာ ပြင်းထန်စွာ ထိတ်လန့်ကြောက်ရွံ့လာ၏။ ထိုအခါ သူက နောက်ဆုတ်ရန်ကြိုးစားလိုက်သည်။ သို့သော်နောက်ကျသွားလေပြီ။ လေလှိုင်းရေဘဝဲလက်တံများက သူ့တကိုယ်လုံးကို တင်းကျပ်စွာ ရစ်ပတ်ထားလေရာ ထွက်ပြေးလိုသော်လည်း ထွက်ပြေးနိုင်စွမ်းမရှိတော့။ သူနောက်ဆုံး မြင်တွေ့လိုက်ရသည့်အရာမှာကား နတ်ဆိုးမျက်နှာ၏ လက်သီးချက်များ သူ့ထံသို့ အဆက်မပြတ်ကျရောက်လာခြင်းသာ ဖြစ်သည်။

မြေပြင်ပေါ်တွင်လဲကျနေသော ပြိုင်ဘက်နှစ်ယောက်ကို ကြည့်ပြီးနောက်စုချန်းက တီးတိုးရေရွတ်လိုက်သည်။

"အင်း နောက်ဆုံးတော့ သူတို့ဟာ မဟာမိတ်ဖွဲ့မဲ့လမ်းကို ရွေးလိုက်ကြပြီပဲ"

အချိန်ကြာလာသည်နှင့်အမျှ ပြိုင်ပွဲဝင်တချို့သည်ကျွမ်းကျင်သူ ပေါများလှသော ပြိုင်ပွဲနယ်မြေများတွင်တဦးတည်းရပ်တည်ရန်ခဲယဉ်းကြောင်း သဘောပေါက်လာကြကုန်၏။ ထိုအတွက်သူတို့၏ အကြံအစည်မှာ ရလဒ်ကောင်းများရရှိစေရန်မဟာမိတ်များဖွဲ့ကာ ပူးပေါင်းဆောင်ရွက်ခြင်းပင်ဖြစ်သည်။ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိသူများမှာကား မဟာမိတ်မဖွဲ့သလို မဟာမိတ်ဖွဲ့ထားသူများကိုလည်း ကြောက်ရွံ့ခြင်းမရှိချေ။ ယခုလည်း ပြိုင်ပွဲဝင်နှစ်ဦး၏ မဟာမိတ်အဖွဲ့တွင်တိမ်တိုက်ကျားသစ်၊ ဓားနတ်ဆိုးနှင့်အနှိုင်းမဲ့အေးခဲသူကဲ့သို့သော လူစားမျိုး တယောက်မှ မပါဝင်လေရာ စုချန်းကို မည်သို့မျှ ထိခိုက်နိုင်စေခြင်း မရှိခဲ့။ သူတို့၏ ရမှတ်များကိုသာ အလဟသ ဆုံးရှုံးသွားရရှာသည်။

ဤတကြိမ်တွင်စုချန်းသည်ရမှတ်၁၅မှတ်တိတိ ရရှိလိုက်ရာ သူ၏ စုစုပေါင်းရမှတ်မှာ ၆၇မှတ်ထိ ဖြစ်လာခဲ့လေပြီ။ တကြိမ်တည်းနှင့်ဤမျှ များပြားသော အမှတ်များကို စုဆောင်းမိသည့်အကြောင်းပြချက်မှာ ပြိုင်ပွဲဝင်အတော်များများသည်ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ပြီဖြစ်လေရာ အမှတ်များသည်တူရာတူရာ နေရာများတွင်စုစည်းမိလာခြင်းကြောင့်ဖြစ်သည်။

ယခုအချိန်တွင်ပြိုင်ပွဲကို ထိပ်ဆုံးမှ ဦးဆောင်နေသူ နှင်းငှက်ဂျီဟန်းယင်သည်ရမှတ်ပေါင်း ၃၀၀ကျော်အထိ စုဆောင်းထားနိုင်ခဲ့ပြီဖြစ်သည်။ ပြိုင်ပွဲဝင်အများစုမှာလည်း အနည်းဆုံး ရမှတ်၆မှတ်ထိ ရရှိထားကြ၏။ ဆိုလိုသည်မှာ ပြိုင်ပွဲဝင်တဦးကို အနိုင်ယူလိုက်ပါက ယခင်ကဲ့သို့ ရမှတ်၁မှတ်သာ ရရှိနိုင်မည့်အခြေအနေမျိုး မဟုတ်တော့ပဲ အနည်းဆုံး ရမှတ်၂မှတ်အထိ စုဆောင်းရရှိနိုင်မည့်အခြေအနေသို့ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ပြိုင်ပွဲ၏ အခြေအနေမှာ ပို၍ ပြင်းထန်ခက်ခဲလာခဲ့ပြီဖြစ်သည်။ ပြိုင်ပွဲဝင်များ တဦးပြီး တဦး ထွက်ခွာသွားသည်နှင့်အမျှ ကျန်ပြိုင်ပွဲဝင်များ၏ ရမှတ်မှာလည်း များသည်ထက်များလာကြကုန်၏။ ထို့ကြောင့်ပင်ပြိုင်ပွဲဝင်များ၏ ရင်ဆိုင်တိုက်ပွဲမှာလည်း နည်းသည်ထက်နည်းလာခဲ့ပေပြီ။ သို့သော်ရမှတ်စုဆောင်းနိုင်သည့်အရှိန်အဟုန်မှာကား ဆထက်တံပိုး မြန်ဆန်လာခဲ့သည်ဟု ဆိုနိုင်၏။

သို့သော်ငြားလည်း ၎င်းမှာ အရေးကြီးဆုံး အချက်မဟုတ်သေး။ အရေးအကြီးဆုံးမှာ စုချန်း၏ အဆင့်အတန်းသည်မြန်မြန်ဆန်ဆန်ပင်တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ဓားနတ်ဆိုးအား အနိုင်ယူပြီးနောက်စုချန်း၏ အဆင့်သည်ပြန်လည်ကျဆင်းသွားလိမ့်မည်ဟု အတော်များများက ယူဆထားခဲ့ကြ၏။ ထိုအစား သူသည်ရင်ဆိုင်တိုက်ပွဲများ အဆက်မပြတ်ကြုံတွေ့ခဲ့ရပြီး သူ၏ အဆင့်မှာလည်း ဆက်လက်တိုးတက်လာ၏။ ရမှတ်၁၅မှတ်ထိ ရရှိရန်စုချန်းအနေနှင့်အချိန်မည်မျှထိ ယူရမည်နည်း။ မည်သို့ဆိုစေ စုချန်း၏ အဆင့်သည်ကား ၇၄မှ ၇၂ထိ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

အဆင့်နှစ်ဆင့်မျှ တိုးလာခြင်းမှာ သိပ်မထူးဆန်းလှ။ သို့သော်တော်ဝင်သွေးဗီဇမပါသူတယောက်အဖို့ အဆင့်ကျသွားရမည့်အစား အဆင့်တိုးလာခြင်းမှာကား ရှားပါးဖြစ်ရပ်ဖြစ်သည်။ ဤကိစ္စသည်လူအတော်များများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့လေသည်။ နောက်ဆုံးတွင်စုချန်းကို တယောက်ပြီးတယောက်အာရုံစိုက်မိလာ၏။ အကျိုးဆက်မှာကား အလင်းမျက်နှာပြင်သည်တချိန်လုံးလိုလို စုချန်းကို ပစ်မှတ်ထားကာ လိုက်လံပြသနေခြင်းပင်ဖြစ်သည်။

စုချန်းကား အပြင်ဘက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှုများကို အနည်းငယ်မျှ မသိလေရာ မြန်မြန်ဆန်ဆန်ပင်ခရီးဆက်ရန်ဟန်ပြင်လိုက်သည်။ သူ စဉ်းစားနေသည်မှာ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်အတွင်းသို့ ညအချိန်ဝင်ရောက်နိုင်ရေးပင်ဖြစ်သည်။ သို့မှာသာ နေ့ဘက်တွင်ဖြစ်ပေါ်နိုင်သည့်ပြသနာများကို ရှောင်လွှဲနိုင်မည်မဟုတ်ပါလား။ သို့သော်သူသည်အပြင်ဘက်ရှိ လူများ၏ စိတ်ဝင်စားစရာလူတယောက်ဖြစ်နေခဲ့ပြီကို ယခုအချိန်ထိ မသိရှိရှာ။

"ဖန်း"

နောက်ထပ်ပြိုင်ပွဲဝင်တယောက်ကား ခုန်ပျံကျော်လွှား၍ ဝင်ရောက်လာပြန်၏။ မီးလျံစက်လုံး၏ အလင်းရောင်ကြောင့်မှောင်မဲနေသော ပတ်ဝန်းကျင်တခုလုံးသည်လင်းထင်သွားလေရာ အလွန်ထူးဆန်းသော မြင်ကွင်းတမျိုးကို ဖြစ်ပေါ်လာစေသည်။ ထိုအခိုက်မှာပင်စုချန်း၏ ပုံရိပ်သည်ဝေဝါးဖျော့တော့သွားပြီး အမှောင်ထုအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

"ဟာ တယ်ခက်တဲ့ကလေးပါလား ဘာကြောင့်ထွက်ပြေးရတာလဲမသိ ဒီအချိန်ဟာ သူ့ရဲ့ ခွန်အားကိုပြသရမဲ့ အချိန်ဆိုတာ သူမသိဘူးထင်တယ်"

တစုံတယောက်က ရယ်မောကာ ပြောဆိုလိုက်၏။

"သူဟာ ဓားနတ်ဆိုးလိုပဲ ညတိုက်ပွဲတွေမှာ ကျွမ်းကျင်တဲ့သူပဲ"

နောက်တယောက်ကလည်း ထောက်ခံပြောဆိုလိုက်၏။

"ဘာပဲဖြစ်ဖြစ်ဒီကောင်လေးက အထင်ကြီးစရာတော့ကောင်းတယ်ဗျို့ ခင်ဗျားတို့ သတိထားမိရဲ့လား သူဟာ မူလစွမ်းရည်ခုနှစ်မျိုးအထိ ပိုင်ဆိုင်ထားတယ်ဗျ"

"ဟုတ်တော့ဟုတ်တယ်ဒါပေမဲ့ သူ့မှာ အင်အားပြင်းထန်တဲ့ မူလစွမ်းရည်မျိုး တခုမှ မရှိဘူးဗျို့ အရေအတွက်ကို သိပ်ပြီးအားကိုးလွန်းရင်လည်း ပြသနာကို ဖြေရှင်းတဲ့နေရာမှာ အားနည်းသွားတတ်တယ်ဗျ"

နောက်တယောက်က စုချန်း၏ အကြီးမားဆုံးအားနည်းချက်ကို မှန်မှန်ကန်ကန်ပင်ထောက်ပြပြောဆိုလိုက်သည်။

"အိုး ဒီအတိုင်းဆိုရင်တော့ သူ့ရဲ့ ရှေ့ခရီးမှာ ကန့်သတ်ချက်တချို့ ရှိနေပြီလို့ ဆိုရမှာပဲ သူဟာ အောင်မြင်မှုတချို့ ရခဲ့တယ်ထိပ်ဆုံးတစ်ရာအတွင်း ဝင်နိုင်ခဲ့တယ်ဒါပေမဲ့ လောင်ပိုကျွန်းလို လူစားမျိုးတော့ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး နောက်ဆုံးအနေနဲ့ ပြောရရင်သူ့ရဲ့ အဆင့်အတန်းဟာ အာဏာကုန်ထိပ်ဆုံး ၅၀ပဲ"

တယောက်က ကောက်ချချလိုက်ပြန်သည်။ ပြိုင်ပွဲကိုစောင့်ကြည့်နေသည့်ပုဂ္ဂိုလ်များ အားလုံးလိုလိုသည်အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြလေရာ တချက်မျှ ကြည့်ရုံနှင့်စုချန်း၏ ခွန်အားနှင့်ရောက်ရှိနိုင်မည့်အမြင့်ဆုံးအဆင့်ကို အလွယ်တကူ တွက်ချက်ပြောဆိုနိုင်ကြလေသည်။ သို့သော်ငြားလည်း အင်မတန်အတွေ့အကြုံရင့်ကျက်သူများပင်ကြိုတင်မှန်းဆရန်ခက်ခဲသော အခြေအနေမျိုးဟူသည်မှာ ရံဖန်ရံခါ မျက်လှည့်ပြသကဲ့သို့ပင် ပေါ်ပေါက်လာတတ်၏။

အရေးကြီးပုဂ္ဂိုလ်များ အားလုံးလိုလိုသည်အထက်ပါအတိုင်း ဆွေးနွေးခန်း ဖွင့်နေကြစဉ်စုချန်းသည်သူ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော နယ်မြေ ၆အတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့၏။ ယခုတော့ သူသည်ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်တည်ရှိရာ နယ်မြေသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင်ရောက်ရှိသွားခဲ့လေပြီ။ ထိုနေရာတခုလုံးမှာ အုတ်ခဲပုံကြီးများ၊ ပြိုလဲနေသော သစ်ပင်များနှင့်သာ ပြည့်နှက်နေ၏။

အနှီ အုတ်ခဲပုံများနှင့်ကျိုးကျေပြိုလဲနေသော သစ်ပင်များမှာ အမှန်တော့ ရှင်သန်ခြင်းကျောင်းတော်မှ လူများ၏ လက်ချက်ပင်ဖြစ်သည်။ သူတို့သည်ဤနေရာတွင်ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်ကို မရှာတွေ့မီ သဘဝသစ်တောများကို ခုတ်ထွင်ရှင်းလင်းခဲ့ရ၏။ မြေအောက်ဥမင်လှိုဏ်ခေါင်းများ တူးဖော်ခဲ့ရ၏။ ဤသို့ဤပုံ ပင်ပင်ပန်းပန်း ရှာဖွေတူးဖော်ပြီး ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်ကို တွေ့ရှိကာ ဖွင့်လုဖွင့်ဆဲ အနေအထားသို့ ရောက်ပြီးမှ နဂါးကျောင်းတော်ပြိုင်ပွဲကြောင့်သူတို့လူများကို အလျင်အမြန်ရွှေ့ပြောင်းပေးခဲ့ရ၏။

ဤအဖြစ်အပျက်သည်ရှင်သန်ခြင်းကျောင်းတော်အတွက်စိတ်ကသိကအောင့်ဖြစ်စရာ၊ အခံရခက်စရာ၊ ဒေါသထွက်စရာ ဖြစ်နေ၏။ မည်သူမဆို သူတို့၏ နှလုံးသားအတွင်းရှိ စိတ်ဓာတ်ကျမှုကို အလွယ်တကူပင်မြင်သာနိုင်လောက်သည်။ ထိုသို့ ပြောင်းရွှေ့ပေးလိုက်ရုံပင်မကပဲ ၎င်းတို့သည်ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်၏ တည်နေရာကို တခြားလူများ မရိပ်မိသွားစေရန်ပုံဖျက်ဖုံးကွယ်ခြင်းတို့ပင်ပြုလုပ်ပေးခဲ့ရ၏။ မည်မျှ ဝမ်းနည်းစရာ ကောင်းလိုက်လေသနည်း။

မျှော်စင်ပေါ်တွင်ကား လူအုပ်စုသည်ပြိုင်ပွဲကို ဆက်လက်ကြည့်ရှုနေကြ၏။ ကျောက်ယီသည်အလင်းမျက်နှာပြင်ကို မရီမပြုံး တည်ကြည်ခန့်ငြားသော အမူအရာနှင့်စိုက်ကြည့်နေ၏။ သူ့မျက်နှာမှာ အမြဲလိုလို တည်ကြည်နေပြီး သူ့အမူအရာမှာလည်း အရာရာတိုင်းကို အလေးအနက်ထားသကဲ့သို့ ရှိသည်။ သူ့အမူအရာနှင့်သူ့မျက်နှာသည်ကျောက်သားရုပ်တုတစ်ခုကဲ့သို့ ဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိ။ သို့သော်ငြားလည်း ကျောက်ယီ၏ ရေခဲတုံးကဲ့သို့ အေးစက်လှသော မျက်နှာပေးသည်ဤတကြိမ်တွင်တော့ အလွန်မြင်ရခဲသည့်ပုံစံအဖြစ်ပြောင်းလဲသွားတော့သည်။

သူ၏ မျက်ခုံးအစုံသည်အပေါ်သို့ မြင့်တက်သွား၏။ သူ၏ မျက်လုံးထဲတွင်ကား ထိတ်လန့်သော အရိပ်အယောင်များ ယှက်သန်းလာသည်။ ထို့နောက်တွင်တော့ သူ့အမူအရာသည်ကျောက်သားရုပ်တုအခြေအနေမှ နတ်ဘုရားတပါးပုံစံသို့ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

ထို့နောက်တွင်ကား ခရာတွတ်သံများ ကျယ်လောင်စွာ ပေါ်ထွက်လာပြီး မရေမတွက်နိုင်လောက်အောင်များပြားလှသည့်မီးလျံကြယ်ပျံများသည်မျှော်စင်ဆီသို့ ဦးတည်ပျံသန်းလာတော့သည်။

All Chapters