မထင်မှတ်သော တိုက်ခိုက်မှု ၂
Vol. 13 Ch. 126
မီးလျံကြယ်ပျံများသည်မှန်းဆ၍မရလောက်အောင်အင်အားပြင်းထန်ပြီး ပေါက်ကွဲစေတတ်၏။ ၎င်း၏အင်အားမှာ ကျောက်တောင်ကြီးများကိုပင်ပြိုကွဲစေနိုင်လေရာ အနီရောင်အာရုဏ်ဦးနယ်မြေကို ကာရံထားသော အကာအကွယ်သည်ကြယ်၅လပျံတလုံးကိုသာ ကာကွယ်နိုင်လောက်၏။ အတန်းလိုက်စီတန်းကာ ပျံသန်းလာသော ကြယ်ပျံများကို အဘယ်မှာ ကာကွယ်နိုင်အံ့နည်း။
သို့သော်တိုက်ခိုက်မှု၏ ကြောက်စရာအကောင်းဆုံး အပိုင်းမှာ မီးလျံကြယ်ပျံများ မဟုတ်သေး။
ကြယ်ပျံများ သက်ဆင်းလာသည်နှင့်တပြိုင်နက်မြောက်များလှစွာသော သံမဏိအပ်များသည်မိုးသည်းထန်စွာ ရွာချလိုက်သကဲ့သို့ ဒလဟော ပေါ်ထွက်လာတော့သည်။
သွေးဖြူကောင်ဆူးချွန်များပေတကား။ အနီရောင်တောင်ကြောနယ်မြေတွင်အပြာရောင်သွေးဖြူကောင်ဟု အမည်ရသည့်သားရဲသတ္တဝါဆိုးတကောင်ရှိ၏။ ၎င်း၏ ဆူးတောင်များသည်အလွန်အဆိပ်ပြင်းထန်ပြီး အန္တရာယ်နှင့်ကြုံေ့ာ၎ာာတွ့ာပါက အနှီဆူးတောင်များကို မိုးသီးမိုးပေါက်မျာ့း်ကျသကဲ့သို့ လေထုအတွင်း ပစ်လွှတ်လိုက်လေ့ရှိသည်။ာ့ပဘလာဆူးတောင်များသာ ထိမှန်ခံရပါက အသက်ရှင်ရန်အလွန်ခက်ွာ်ွ၏။
မီးလျံကြယ်ပျံများ၏ နောက်မှပေါ်ပေါက်လာသော ဆူးချွန်များသည်ကား အမှန်တကယ်ပင် သွေးဖြူကောင်ဆူးချွန်များ ဖြစ်ကြသည်။ သိပ်သည်းထူထဲလှသော ဆူးချွန်လှိုင်းလုံးကြီးမှာကား မြားမိုးရွာသကဲ့သို့ တဟုန်ထိုး ပျံသန်းလာ၏။ ၎င်းတို့၏ ပုံစံမှာ မိမိရှေ့တွင်ရှိသမျှ အရာအားလုံးကို နင်းကြိတ်ချေမွသွားမည့်ဟန်ပေါ်နေသည်။ သို့သော်သွေးဖြူကောင်ဆူးချွန်များသည်တိုက်ခိုက်မှု၏ အဆုံးသတ်မဟုတ်သေး။
သွေးဖြူကောင်ဆူးချွန်များ၏ နောက်တွင်လူလေးဦးသည်ဝုန်းခနဲ ဒိုင်းခနဲ ပေါ်ပေါက်လာပြန်၏။ ၎င်းတို့သည်ကိုယ့်ဦးတည်ချက်နှင့်ကိုယ်မျှော်စင်ဆီသို့ တဟုန်ထိုး ပျံသန်းလာကြသည်။ ထိုအထဲမှ တဦးသည်လေကိုဖြတ်၍ စီးဆင်းနေသော ငွေရောင်မြစ်တစင်းနှင့်သဏ္ဍန်တူသည့်အလင်းရောင်တန်းတခုကိုပစ်လွှတ်လိုက်သည်။ နောက်တဦးမှာကား နဂါးကြီးတကောင်ပျံသန်းလာသည့်နှယ်လှံတစင်းကို ထိုးစိုက်လိုက်သည်။ ကျန်တဦးလည်း အလွန်ကြီးမားလှသည့်ပုဆိန်ကြီးကိုမြှောက်၍ ခုတ်ချလိုက်သည်။ ပုဆိန်သည်ကောင်းကင်နှင့်မြေကြီးကို ထပ်ခြမ်းခွဲလိုက်မည်ကဲ့သို့ ထင်ရ၏။ ထိုအချိန်တွင်နောက်ဆုံးတစ်ဦးကလည်း လက်ဝါးဖြင့်ရိုက်ချလိုက်သည်။ ၎င်း၏ လက်ဝါးမှ ခြောက်သွေ့သော ပရေရီမီးလျံများ ပေါ်ထွက်လာ၏။
ယန်ဖွင့်လှစ်ခြင်းနယ်မြေပင်တကား။ ယန်ဖွင့်လှစ်ခြင်း ချီစွမ်းအားပညာရှင်လေးယောက်သည်မျှော်စင်ကို လွှမ်းခြုံထားသော လေးဖက်လေးတန်ရှိ အကာအကွယ်များကို တပြိုင်နက်တည်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ မီးလျံကြယ်ပျံများ၊ သွေးဖြူကောင်ဆူးချွန်များနှင့်ယန်ဖွင့်လှစ်ခြင်း ချီစွမ်းအားပညာရှင်လေးယောက်၏ အကွက်ကျကျ ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်ခြင်းကြောင့်မျှော်စင်ပေါ်ရှိ အရေးကြီးပုဂ္ဂိုလ်များအားလုံး ပြုတ်ပြုတ်ပြုန်းကုန်တော့မည့်အခြေအနေမျိုးသို့ ဆိုက်ရောက်လာတော့သည်။
သတ်!!!
ကျရောက်အံ့ဆဲဆဲ ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်ရသောအခါ ကျောက်ယီက လက်တဖက်ကို ညင်သာစွာ မြောက်လိုက်ရာ ကျောက်စိမ်းရောင်သန်းနေသော ကျောက်သလင်းလက်တဖက်ပေါ်ပေါက်လာ၏။ ကျောက်စိမ်းလက်၏ လက်ဖဝါးသည်ကား ကောင်းကင်ဆီသို့ ဦးတည်ထားလေသည်။ ထိုအခိုက်အတန့်မှာပင်အချိန်စက်ဝိုင်းတခုလုံးသည်ရုတ်ချည်း ရပ်တန့်သွားသကဲ့သို့ထင်ရပြီး အရှိန်အဟုန်နှင့်ပျံသန်းလာသော မီးလျံကြယ်ပျံများသည်လည်း အေးခဲကုန်တော့သည်။ တဖန်ကျောက်စိမ်းလက်သည်ညင်သာစွာ လှုပ်ရှားသွားပြန်ရာ ကြယ်ပျံများသည်လာရာလမ်းအတိုင်း အရှိန်ပြင်းစွာ ပြန်လည်ပျံသန်းသွားကြကုန်၏။ ၎င်းတို့၏ နောက်တွင်ကား မီးခိုးများသာ အမျှင်တန်းလျက်ကျန်ရစ်ခဲ့တော့သည်။ မီးခိုးငွေ့များနှင့်အတူ ရောယှက်ပါလာသော လေထုသည်ကား သွေးဖြူကောင်ဆူးချွန်များကို လွင့်ထွက်သွားစေပြီး မြေကြီးပေါ်သို့ တဖြုတ်ဖြုတ်နှင့်ပြုတ်ကျသွားစေ၏။
ထိုအချိန်မှာပင်ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်လေးယောက်၏ တိုက်ခိုက်မှုက ကျရောက်လာပြန်သည်။ ဓား၊ လှံ၊ ပုဆိန်နှင့်လက်ဝါးရိုက်ချက်တို့ ပြိုင်တူကျရောက်လာခြင်း ဖြစ်သည်။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ရှိ ပညာရှင်များပီပီ ၎င်းတို့၏ စွမ်းအားမှာ အကန့်အသတ်မရှိသလို သတ်ဖြတ်နိုင်သော စွမ်းရည်မှာလည်း မြင့်မားလှ၏။
ကျောက်ယီကား စတင်လှုပ်ရှားလာခဲ့လေပြီ။ သူ့ပုံရိပ်သည်ရုတ်တရက်ဝေဝါးသွားပြီး မိုးပြာရောင်အလင်းတန်းတခုအဖြစ်ပြောင်းလဲသွား၏။ သူ၏ ကျောက်စိမ်းလက်မှာကား လေးကြိမ်တိတိ လှုပ်ရှားသွားသည်။ ကျောက်စိမ်းလက်၏ လှုပ်ရှားမှုကြောင့်ထင်သည်။ ဓားအလင်းရောင်သည်အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့ပျောက်ကွယ်သွားပြီး လှံမှာကား အရည်ပျော်သွားသကဲ့သို့ ထင်ရသည်။ ပုဆိန်မှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး လက်ဝါးမှ ထွက်ပေါ်နေသော အလင်းရောင်မှာ ပျောက်ကွယ်သွားတော့သည်။ ထို့နောက်တွင်ကား ယန်ပညာရှင်လေးယောက်သည်မြေကြီးပေါ်သို့ ခြေပစ်လက်ပစ်နှင့်ပြုတ်ကျသွားပြီး ၎င်းတို့၏ ဒွာရပေါက်များဆီမှ သွေးများစီးကျလာ၏။
အဆင့်မြင့်လူသတ်သမားလေးယောက်သည်ကား ကျောက်ယီ၏ မဆိုစလောက်သော လှုပ်ရှားမှုနှင့်ပင်သစ်ကိုင်းခြောက်များပမာ အလွယ်တကူ ချေမွချိုးဖဲ့ခံလိုက်ရလေပြီ။
"မင်းတို့ကိုမင်းတို့ ဘယ်နေရာ ရောက်နေတယ်များ ထင်နေကြတာတုန်း"
ကျောက်ယီ၏ ဟိန်းဟောက်သံ ထွက်ပေါ်လာ၏။ တဆက်တည်းမှာပင်၎င်း၏ ကိုယ်ခန္ဓာသည်မိုးပြာရောင်အလင်းတန်းတခုအဖြစ်ပြောင်းလဲသွားပြီး ထိုလူလေးယောက်၏ နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာ၏။ အလင်းတုန်ခါခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်များသည်မည်သည့်မူလစွမ်းရည်ကိုမျှ အသုံးပြုစရာ မလိုပဲ ၎င်းတို့၏ ကိုယ်ခန္ဓာကို အလင်း၏ လျင်မြန်မှုမျိုးနှင့်လှုပ်ရှားနိုင်ပြီး အမှတ်တမဲ့ကြည့်လျင်ပျံသန်းနေသကဲ့သို့ ထင်မှတ်ရလေသည်။
သို့သော်ကျောက်ယီတယောက်မျှော်စင်ကိုစွန့်ခွာလိုက်သည့်ခနမှာပင်ကောင်းကင်ပေါ်ရှိ တိမ်ထုကြီးသည်အနီရောင်လူ့ဘီလူးကြီးတကောင်အဖြစ်ဖွဲ့စည်းပြောင်းလဲသွားပြီး မျှော်စင်ဆီသို့ ထိုးဆင်းလာတော့သည်။ မျှော်စင်ပေါ်ရှိ လူများအားလုံးလိုလိုမှာ အရေးကြီးပုဂ္ဂိုလ်များသာ ဖြစ်ကြလေရာ အင်အားနည်းသူဟူ၍ တယောက်တလေမျှပင်မပါ။ သို့သော်၎င်းတို့သည်အနီရောင်တိမ်တိုက်လူ့ဘီလူးကြီး၏ ပြိုင်ဘက်မဟုတ်မှန်း ကျောက်ယီက ကောင်းစွာ နားလည်သဘောပေါက်ထား၏။ အကြောင်းမှာ အနှီ တိမ်တိုက်ဘီလူးကြီးကို ဖန်တီးလိုက်သော ရန်သူသည်မည်သူမည်ဝါမှန်း ကျောက်ယီက ကောင်းကောင်းကြီး သိရှိနေသောကြောင့်ပင်ဖြစ်သည်။
ထိုအခြေအနေကို မြင်သောအခါ ကျောက်ယီက သွားကိုစေ့ရင်း အံကြိတ်ကာ အော်ဟစ်လိုက်သည်။
"အရှည်ကြီးဘာတွန်မင်းက ခုချိန်ထိ ယုတ်မာညစ်ပတ်နေတုန်းပဲကိုး"
စကားဆုံးသည်နှင့်သူသည်အနီရောင်တိမ်တိုက်လူ့ဘီလူးကြီးကို လက်ဝါးဖြင့်ရိုက်ချလိုက်တော့သည်။ ကျောက်စိမ်းလက်သည်အနီရောင်လူ့ဘီလူးကြီးထံသို့ တိုးဝင်သွားသည်နှင့်အလင်းရောင်များ ထွန်းလင်းထွက်ပေါ်လာ၏။ ထို့နောက်တွင်ကား ကြောက်မက်ဖွယ်ရာ တိမ်တိုက်လူ့ဘီလူးကြီးသည်ကျောက်ယီ၏ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်သော ထိုးနှက်မှုအောက်ဝယ်ပျောက်ကွယ်သွားတော့သည်။ သို့သော်တိမ်တိုက်လူ့ဘီလူးကြီးကို ကျောက်ယီ အာရုံစိုက်မိသည့်တဒင်္ဂဝယ်ယန်ပညာရှင်လေးယောက်အဖို့ ထွက်ပြေးရန်အချိန်ရသွားတော့သည်။
"ဟား ဟား ဟား နဂါးကျောင်းတော်ရဲ့ ရွှေရောင်ထောက်ပံ့သူတယောက်အစွမ်းက တယ်ကောင်းသကိုး မဟုတ်ရင်တော့ ဒီအထဲက လူတချို့ကို ငါ သတ်ပစ်မလို့ပဲ ဒါပေမဲ့ မင်းရှိနေတာ့ ဒီတကြိမ်ခွင့်လွှတ်ပေးလိုက်မယ်ဘာပဲဖြစ်ဖြစ် မင်းကို စိတ်အနှောင့်အယှက်ပေးရတာ ပျော်စရာကောင်းလိုက်တာ ဟီး ဟီး ဟီး"
အသံသည်တောင်ကြောတခုလုံးကို ပဲ့တင်ထပ်ထွက်ပေါ်လာပြီးနောက်တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ထိုအချိန်ထိ လူအတော်များများသည်နဝေတိမ်တောင်ဖြစ်နေကြကုန်၏။ သူတို့၏ စိတ်ထဲတွင်သေရွာမှ တခေါက်ပြန်လာရသကဲ့သို့ ခံစားနေရလေသည်။ ကျောက်ယီသည်ကြယ်ပျံများနှင့်ဆူးချွန်များကို အပြည့်အဝ မရှင်းထုတ်နိုင်ခဲ့လေရာ လူတချို့ ဒဏ်ရာရရှိသွားကြကုန်၏။ ကျောက်ယီကား ထိုလူများ၏ အသက်ကို အလဟသ ဆုံးရှုံးမခံနိုင်။ ထိုအခါ သူက ဆေးလုံးတချို့ကို ဆွဲထုတ်ရင်း အမိန့်ပေးလိုက်သည်။
"ဒီဆေးကို ရေနဲ့ဖျော်ပြီး ဒဏ်ရရှိသွားတဲ့ လူတွေရဲ့ ပါးစပ်ထဲကို ထည့်ပေးလိုက်အဆိပ်မိတာ ချက်ချင်း သက်သာသွားလိမ့်မယ်"
ထိုအခါ နဂါးကျောင်းတော်မှ တပည့်များသည်ချက်ချင်းပင်ကျောက်ယီ၏ အမိန့်အတိုင်း ဆောင်ရွက်ကြကုန်၏။
တော်ဝင်မျိုးနွယ်စုဝင်တချို့သည်ကား ယခုတိုင်ထိတ်လန့်တုန်လှုပ်လျက်ရှိကြကုန်၏။ သို့သော်တယောက်က အားတင်းကာ မေးလိုက်သည်။
"ကျေးဇူးပြုပြီး ဆရာ ကျုပ်တို့ကို တိုက်ခိုက်တာ ဘယ်အဖွဲ့လဲဗျ"
"ရှေးဟောင်း အာကင်နာမျိုးစိတ်တွေရဲ့ အကြွင်းအကျန်ဖြစ်တဲ့ ရှင်သန်ခြင်းကျောင်းတော်က လူတွေပဲဗျ သူတို့အကြောင်း အကျယ်တဝင့်ရှင်းပြနေရလောက်အောင်တန်ဖိုးမရှိပါဘူး"
ကျောက်ယီက ဖြေလိုက်၏။ ရှင်သန်ခြင်းကျောင်းတော်ဟူသည်လူသားနိုင်ငံ ခုနှစ်နိုင်ငံအကြားတွင်အလွန်နာမည်ကြီး၏။ သူတို့၏ နာမည်ကိုကြားလိုက်ရသည်နှင့်လူတိုင်းလိုလို နားလည်သဘောပေါက်ကုန်ကြ၏။ ရှင်သန်ခြင်းကျောင်းတော်အနေနှင့်ဤမျှ ဆိုးရွားသော လုပ်ရပ်မျိုးကို ပြုလုပ်သည်မှာ အထူးတလည်အံ့သြစရာမရှိ။ အကြောင်းမှာ အကြမ်းဖက်အဖွဲ့အစည်းဟူသည်အကြောင်းမယ်မယ်ရရမရှိသော်လည်း ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်မျိုးကို ဆောင်ရွက်တတ်သည်မဟုတ်ပါလား။
သို့သော်ငြားလည်း ကျောက်ယီ၏ စိတ်ထဲတွင်ကား တိမ်မြုပ်နေသေးသော အချက်တချို့ ကျန်ရှိနေလိမ့်အုံးမည်ဟု ခံစားနေရလေသည်။
ရှင်သန်ခြင်းကျောင်းတော်ဟူသည်နှစ်ပေါင်းထောင်ချီ တည်တံ့လာသော ရှေးဟောင်းအာကင်နာ အဖွဲ့အစည်းဖြစ်သော်လည်း အချိန်ကာလများစွာ ကြာမြင့်လာပြီးနောက်သူတို့၏ ရည်ရွယ်ချက်မှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ခေါင်းကြောမာလှသော သက်ကြီးရွယ်အိုတချို့မှလွဲ၍ ကျန်ရှိသော အာကင်နာတို့သည်၎င်းတို့၏ အကြမ်းဖက်လှုပ်ရှားမှုကို စီးပွားရေးလုပ်ငန်းအဖြစ်သာ သဘောထားကြတော့သည်။ ရိုးရှင်းစွာပြောရလျင်၎င်းတို့သည်အတွေးအခေါ်၊ ခံယူချက်ပိုင်းဆိုင်ရာထက်ပြင်ပလှုံ့ဆော်မှုများအပေါ် မူတည်ပြီး မောင်းနှင်နေသော အဖွဲ့အစည်းအဖြစ်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ယခုတော့ မည်သည့်အကျိုးကျေးဇူးကို မြှော်ကိုး၍ နဂါးကျောင်းတော်၏ စာမေးပွဲကျင်းပရာ နေရာဌာနကို အကြောင်းမဲ့သက်သက်ဝင်ရောက်တိုက်ခိုက်လေသနည်း။ ကျောက်ယီကား မည်သို့မျှ နားမလည်နိုင်တော့။ ၎င်းတို့၏ မထင်မှတ်သော တိုက်ခိုက်မှုသည်ရှင်သန်ခြင်းကျောင်းတော်၏ သာမာန်ကျင့်သုံးနေကျ ပုံစံမျိုးမဟုတ်။ တိုက်ခိုက်မှု သုံးရပ်လုံးသည်အင်အားပြင်းထန်လှသည်ဆိုသော်ငြား ဤပြိုင်ပွဲကို ကျောက်ယီ ဦးစီးနေကြောင်း လူတိုင်းလိုလို သိရှိထားလေရာ ထိုတိုက်ခိုက်မှုမျိုးမှာ သူ့ကိုအထင်သေးရာပင်ရောက်နေပေသေးသည်။
ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ရှိ ချီစွမ်းအားရှင်ပညာရှင်လေးဦး ရှုံးနိမ့်သွားသည်နှင့်တပြိုင်နက်အရှည်ကြီးဘာတွန်သည်ရုတ်တရက်ပေါ်ပေါက်လာပြီး ဝင်ရောက်တိုက်ခိုက်ခဲ့၏။ သို့သော်၎င်း၏ တိုက်ခိုက်မှုသည်သူ့လူလေးဦး ထွက်ပြေးနိုင်စေရန်အချိန်ဆွဲသည့်သဘောမှန်း အတိုင်းသားမြင်သာနေသည်။ ထိုလေးဦး ထွက်ပြေးသွားသည်နှင့်တပြိုင်နက်ဘာတွန်သည်လည်း ချက်ချင်းလိုလိုပင်ဆုတ်ခွာသွား၏။ ဤသို့ဆိုလျင်ဘာတွန်သည်မိမိတို့ကို ထိရောက်စွာ တိုက်ခိုက်ရန်စကတည်းက ရည်ရွယ်ထားသည်မဟုတ်ပဲ သူ့လူများ ထွက်ပြေးနိုင်ရန်သာ ဝင်ရောက်နှောင့်ယှက်သည့်သဘောပေလော။
ကျောက်ယီကား အထပ်ထပ်အခါခါ စဉ်းစားနေ၏။ မည်သို့စဉ်းစားစေကာမူ ရှင်သန်ခြင်းကျောင်းတော်၏ လုပ်ရပ်သည်ယုတ္တိမတန်ဟု သူ့စိတ်ထဲတွင်ခံစားနေရလေသည်။ ထိုအခိုက်မှာပင်တစုံတရာကို တွေးတောမိပြီး ကျောက်ယီတယောက်စကားမပြောနိုင်ဖြစ်သွားရှာ၏။ ထို့နောက်သူက ရုတ်တရက်အမိန့်ပေးလိုက်သည်။
"ဟေ့ ငါတို့ရဲ့ စောင့်ကြည့်ဧရိယာကို တိုးမြှင့်ပြီး တခြားဘယ်နေရာတွေမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေသလဲ ရှာကြည့်ပြီးတော့ ငါတို့ရဲ့ ဆုံးရှုံးမှုစာရင်းကို အမြန်ဆုံး ပြုစု အရေးကြီးပုဂ္ဂိုလ်တစုံတယောက်များ သေဆုံးသွားသလား စစ်ဆေးကြည့်စမ်း"
"ဆရာရဲ့ အမိန့်အတိုင်း နယ်မြေတခုလုံးကို ထိန်းချုပ်ပြီးပါပြီ အမှတ်၆ တပ်ရင်းကိုလည်း စေလွှတ်ပြီးပါပြီ ဆုံးရှုံးမှုစာရင်းကတော့ အတော်များများ ထိခိုက်ဒဏ်ရာ ရသွားကြပေမဲ့ လောလောဆယ်တော့ ကောင်လေးတယောက်ကလွဲပြီး သေဆုံးသူ မရှိသေးပါဘူး ဒီကောင်လေးကတော့ အဆိပ်ဆူးချွန်တွေ အတော်များများ စိုက်ဝင်ခံရပြီး က်ဖို့အချိန်မရလိုက်ပဲ သေဆုံးသွားတာပါ တော်ဝင်မျိုးနွယ်စုဝင်တွေကတော့ မူလကတည်းက အဆိပ်ကိုကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို ပိုင်ဆိုင်ထားတဲ့အတွက်အဆိပ်ဖြေဆေးသောက်ပြီးကတည်းက ပြန်လည်သက်သာနေကြပါပြီ ဒါပေမဲ့ မူလစွမ်းအင်ပုံစံရဲ့ တချို့အစိတ်အပိုင်းတွေကတော့ ပျက်စီးသွားပါတယ်ခင်ဗျာ"
"ဘယ်လို ဘယ်လို"
"မူလအမှတ်တချို့ ကျိုးကြေသွားတဲ့အတွက်ပုံရိပ်ကို ထုတ်လွှင့်ပေးနိုင်စွမ်း မရှိတော့ပါဘူးခင်ဗျာ ဒါပေမဲ့ ပျက်စီးမှုက သိပ်မပြင်းထန်တဲ့အတွက်မြန်မြန်ဆန်ဆန်ပဲ ပြင်ဆင်လို့ပြီးပါလိမ့်မယ်ကျွန်တော်တို့ရဲ့ပြိုင်ပွဲကို မထိခိုက်နိုင်ပါဘူး သိပ်မကြာခင်မှာပဲ ပြိုင်ပွဲဝင်တွေရဲ့ လှုပ်ရှားမှုကို ပြန်လည်ရှုစားနိုင်ပါလိမ့်မယ်"
"ဟေ ဘယ်လိုလုပ်ပြီး ဒီအမှတ်တွေက ကျိုးပဲ့ကုန်တာတုန်းကွ"
"ကြယ်ပျံတချို့ ပြုတ်ကျတာ ဖြစ်ပါလိမ့်မယ်ဒါပေမဲ့ တခြားအကြောင်းးတခုခုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ခင်ဗျာ"
"လူလွှတ်ပြီး အမြန်ဆုံး ပြင်ခိုင်းစမ်းကွာ"
"ကောင်းပါပြီ ဆရာ"
ကျောက်ယီကား အတွေးပင်လယ်အတွင်းသို့ ပြန်လည်နစ်မြုပ်သွားပြန်သည်။ သူ့စိတ်အာရုံအတွင်း၌ကား သံသယစိတ်များ တဖွားဖွား ပေါ်ပေါက်နေ၏။
ဤဖြစ်ရပ်သည်တိုက်ဆိုင်မှုပေလော။ သို့တည်းမဟုတ်ရှင်သန်ခြင်းကျောင်းတော်၏ တကဲ့ ပစ်မှတ်ပေလော။
သို့မဟုတ်၎င်းတို့၏ လွှမ်းမိုးမှုသည်ပြိုင်ပွဲဝင်များအကြားသို့ပင်ရောက်ရှိနေပြီး တစုံတယောက်ကို လျှို့ဝှက်စွာ ကူညီရန်ကြိုးစားနေသလော။ နဂါးကျောင်းတော်၏ ကျောင်းသားများသည်ပညာစုံသည်နှင့်တပြိုင်နက်အရေးကြီးပုဂ္ဂိုလ်များ ဖြစ်လာကြပေလိမ့်မည်။ ရှင်သန်ခြင်းကျောင်းတော်အနေနှင့်ထိုကဲ့သို့သော လူများကို သူ့တို့၏ အဖွဲ့အစည်းအတွင်းသို့ သွတ်သွင်းရန်ကြိုးစားနေသည်ဟုဆိုလျင်အံသြသင့်နေရန်အကြောင်းမရှိ။ ပြိုင်ပွဲဝင်တဦးကို ကာကွယ်ရန်နှင့်ပြိုင်ပွဲကို အောင်မြင်စွာ ဖြတ်သန်းနိုင်ရန်ဤမျှ များပြားသော အင်အားကို ထုတ်နှုတ်သုံးစွဲခြင်းသည်အတော်လေး ပိုလွန်းရာရောက်နေသော်လည်း လုံလောက်သော အမှတ်များ ရရှိရန်အားထုတ်ထားခြင်းသည်သာ အကောင်းဆုံး နည်းလမ်း မဟုတ်ပါလား။ စ
ဤအတိုင်းသာဆိုလျင်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော အချိန်ကာလ အတောအတွင်းဝယ်အမှတ်များများ စုဆောင်းမိသည့်ပြိုင်ပွဲဝင်တိုင်းလိုလိုသည်သံသယဖြစ်စရာကောင်းနေ၏။
တိုက်ရိုက်ထုတ်လွှင့်ပြသသော အလင်းမျက်နှာပြင်သည်ယာယီရပ်တန့်သွားသော်လည်း ဦးဆောင်သူစာရင်းကို ဖော်ပြပေးနေသော အလင်းမျက်နှာပြင်မှာ အကောင်းပကတိ ကျန်နေသေးရာ နောက်ဆုံး တွေ့မြင်လိုက်သော တိုက်ပွဲကို သတိရ၍ ကျောက်ယီက စုချန်း၏ နာမည်ကို လှမ်းကြည့်လိုက်သည်။ ထိပ်ဆုံး အယောက်တစ်ရာအတွင်း သွေးဗီဇ အမှတ်အသား မပါသူဟူ၍ စုချန်းတယောက်သာ ရှိလေသည်။
သို့သော်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော ကာလအတွင်း စုချန်း၏ ရမှတ်မှာ မြန်ဆန်စွာ တိုးပွားလာခြင်းမရှိ။
အမှန်တော့ စုချန်း၏ ရမှတ်သည်ထိုနေ့ညဝယ်၁မှတ်မျှပင်တိုးပွားလာခြင်းမရှိပဲ ယခင်အတိုင်း ၆၇မှတ်မှာပင်ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။