← Chapters

ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက် ၁

Vol. 13 Ch. 127

ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက် ၁

Vol. 13 Ch. 127

အုတ်ကျိုးအုတ်ပဲ့များ စုပုံနေသော နေရာသို့ ရောက်သည်နှင့် စုချန်းက အချိန်ကို ချင့်ချိန် တွက်ချက်လိုက်သည်။ သိပ်မကြာမီ ညသန်းခေါင်ကို ကျော်လွန်တော့မည် ဖြစ်သည်။ ညသန်းခေါင်လွန်သည်နှင့် ဒုတိယမြောက်နေ့သို့ ရောက်ရှိသွားပေပြီ။ ထိုနေ့သည် ဤနှစ်အတွက် သတ္တမမြောက်လ၏ နှစ်ဆယ့်နှစ်ရက်နေ့ ဖြစ်လေရာ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက် ပွင့်လာမည့်နေ့လည်း ဖြစ်ပေ၏။

ကောင်းကင်ပေါ်တွင်ကား ကြယ်တစ်လုံးသည် ထူးထူးခြားခြားပင် ထွန်းလင်း တောက်ပနေ၏။ ထိုကြယ်ကို မြင့်မားထိပ်ဖျားကြယ် ဟုခေါ်သည်။ ထိုကြယ်သည် သတ္တမမြောက်လ၏ နှစ်ဆယ့်နှစ်ရက် နေ့တွင်သာ ပေါ်ထွန်းတတ်လေရာ ထိုကြယ်ကို အစွဲပြု၍ ထိုနေ့ကို မြင့်မား ထိပ်ဖျားနေ့ဟု လူတို့သညာပြုကြ၏။

မြင့်မားထိပ်ဖျားကြယ် ပေါ်ထွန်းလာတတ်သော အခါသမယသည်ကား အမြဲလိုပင် တိတိကျကျ ရှိတတ်၏။ မည်မျှထိ တိတိကျကျ ရှိသနည်းဆိုရသော အချိန်ကို ဖော်ပြပေးနိုင်သော နာရီများပင် ရံဖန်ရံခါ မှားတတ်သေးသည်။ အနှီကြယ်သည်ကား တစ်ခါတရံမျှပင် မှားလေ့မှားထ မရှိ။ အကယ်၍ နာရီများ၊ ပြက္ခဒိန်များ၏ အလိုအရ ထိုနေ့သည် မြင့်မားထိပ်ဖျားနေ့ မဟုတ်သည့်တိုင် အနှီကြယ်သာ ထိုနေ့တွင် ပေါ်ထွန်းလာပါက ရုံးများ၊ အဖွဲ့အစည်းများသည် ၎င်းတို့၏ အချိန်ဖော်ပြသည့် ကိရိယာများကို ပြန်လည် ချိန်သားကိုက်ကြရ၏။

ကောင်းကင်ပေါ်တွင် ထွန်းလင်း တောက်ပနေသော ထိုကြယ်ကို မြင်တွေ့နေရသော်လည်း စုချန်းသည် အလျင်စလို လှုပ်ရှားခြင်း မပြုသေး။ ထိုအစား သူသည် ခေတ္တမျှ စောင့်ဆိုင်းနေ၏။ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အမျှ မြင့်မား ထိပ်ဖျားကြယ်သည် တဖြည်းဖြည်း ပို၍ပို၍ ထွန်းလင်း တောက်ပလာ၏။ ထိုအခိုက်မှာပင် စုချန်း၏ မျက်စေ့ရှေ့၌ ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာ၏။

ကောင်းကင်ပေါ်မှ အလင်းရောင်တန်း တစ်ခုသည် စုချန်းနှင့် သိပ်မဝေးလှသော မြေပြင်ပေါ်သို့ ထိုးစိုက်ကျလာပြီး မြူဆိုင်းနေသကဲ့သို့ ခပ်မှိန်မှိန် အလင်းစက်ဝိုင်း တစ်ဝိုင်းသဖွယ် ပြန့်ကားလာ၏။ ထိုအလင်းစက်ဝိုင်းသည် တောင်ကုန်း၏ တဝက်လောက်ကို ဖုံးအုပ်ထားသကဲ့သို့ ထင်ရလေသည်။ အလင်းစက်ဝိုင်း အတွင်း အလင်းရောင်တန်းများက ဟိုမှသည်မှ ဖြတ်သန်းနေလေရာ အလွန်ရှုပ်ထွေးသော မြေပုံတစ်ခုသဖွယ် ဖြစ်ပေါ်နေကြောင်း စုချန်း မြင်တွေ့နေရသည်။

၎င်းကိုကြည့်ရင်း အကြီးအကဲစန်း၏ စကားသည် အကြွင်းမဲ့ မှန်ကန်ပေ၏ဟု စုချန်းက အတည်ပြုလိုက်သည်။ ကြိုတင် မျှော်လင့်ထားခဲ့သည့်အတိုင်း ဤနေရာ တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ ထောင်ချောက်များနှင့် ပြည့်နှက်နေပြီး မြေပြင်ကို ကြယ်အလင်းရောင်များ ဖြစ်ပေါ်စေသည့် ကြီးမားသော ပုံစံကွက်ကြီးနှင့် ကာကွယ်ထား၏။ ကြယ်အလင်းရောင်များ ပျံနှံ့နေသော နေရာသည် အဆိုပါ မူလစွမ်းအင်ပုံစံ တည်ရှိသည့် နေရာပင် ဖြစ်ပေလိမ့်မည်။

၎င်းသည် ဤမြေအောက် လှိုဏ်ခေါင်းကို တည်ဆောက်ခဲ့သူ ရှေးလူတို့က ကာကွယ်ရေး ယန္တယားအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့သည့်တိုင် ၎င်းစွမ်းအင်ပုံစံသည် မြင့်မားထိပ်ဖျားကြယ်မှ အလင်းရောင်တို့ကို ဆွဲငင်နိုင်စွမ်း ရှိနေဆဲပေတကား။ အံ့သြစရာ ကောင်းလှပါဘိတောင်း။ ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက်သာ အနှီ မူလစွမ်းအင်ပုံစံကို မည်သို့မည်ပုံ ဖွင့်လှစ်ရမည်ကို နားလည်ပါက အလွယ်တကူ ဖွင့်လှစ်နိုင်မည့်အချိန် ဖြစ်ပြီး အထဲမှ ပစ္စည်းများကို ယူငင်ကာ နေ့အလင်းရောင်ကို နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့နိုင်မည့် အခွင့်အရေး ရှိနေ၏။

ပုံမှန်အားဖြင့် စုချန်းသည် ဤနေရာ၏ မူလစွမ်းအင်ပုံစံကို နားမလည်။ သို့သော် ရှေးမဆွကတည်းက အကြီးအကဲစန်းသည် သူ့အား ဤယန္တယားများကို မည်သို့မည်ပုံ ဖွင့်လှစ်နိုင်ကြောင်း စနစ်တကျ သင်ပြခဲ့ပြီး ဖြစ်သည်။

ကြယ်အလင်းရောင်များနှင့် ဖွဲ့စည်းထားသော စွမ်းအင်ပုံစံကားချပ် ပေါ်ပေါက်လာသည်နှင့် စုချန်းသည် ကြီးကျယ်ခမ်းနားသည့် ရှေးဟောင်း အာကင်နာကြိဂံ သင်္ကေတ တည်ရှိသည့် နေရာအထိ အလင်းရောင်ကားချပ်ကို ဖြတ်လျှောက် သွားလိုက်၏။ ထို့နောက် သူက လက်စွပ်အတွင်းမှ ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်သည်။ ထိုပစ္စည်းမှာ အခေါင်းပေါက်ပါသော သံပိုက်လုံး တစ်ခုသာ ဖြစ်သည်။ သူသည် သံပိုက်လုံးကို အသုံးပြု၍ တြိဂံကွက်၏ အလယ်ဗဟိုကို ခုခံမှုမရှိသည်အထိ အထပ်ထပ် အခါခါ ထိုးနှက်လိုက်သည်။ တစ်ဖန် နောက်ထပ် ပုံစံကွက်တစ်ခုသို့ ရောက်သောအခါ သူက သံပြားတစ်ချပ်ကို ဆွဲထုတ်ပြီး မြေကြီးအတွင်းသို့ မြှုပ်နှံလိုက်ပြန်၏။ ထို့နောက် သူသည် ရှေးနည်းအတိုင်း နောက်ထပ် ပုံစံကွက်တစ်ခုသို့ ကူးပြောင်းကာ သွေးများ ပါဝင်နေသည့် အရည်တချို့ကို မြေကြီးပေါ်သို့ သွန်ချလိုက်ပြန်သည်။

ဤပုံဤနည်းအားဖြင့် စုချန်းသည် မတူညီသော ပုံစံကွက် ၃၆ကွက်တိတိကို ကူးပြောင်းကာ မတူညီသော လုပ်ဆောင်မှု ၃၆မျိုးတိတိကို လုပ်ဆောင်ခဲ့၏။ ထို့နောက် သူသည် မူလစွမ်းအင် ပုံစံချပ်ပြားငယ်ကို ဆွဲထုတ်လိုက်ပြီး ပုံစံကွက်ကြီး၏ အလယ်ဗဟို မြေကြီးအောက် သုံးပေအကွာတွင် မြုပ်နှံလိုက်တော့သည်။

ထိုအခိုက်မှာပင် မြေကြီးအောက် တွင်းမှ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင် တစ်မျိုးသည် တဖြည်းဖြည်း ထွန်းလင်းလာ၏။ ထိုအလင်းရောင်သည် မူလစွမ်းအင် ပုံစံကွက်အတိုင်း တောက်ပနေခြင်းဖြစ်ပြီး သိပ်မကြာမီ အလွန်အားကောင်းသော အလင်းရောင်များကို ထုတ်လွှတ် ပေးနေတော့သည်။ အလင်းရောင်မှာ တောက်ပသည်ထက် တောက်ပလာလေရာ ပတ်ဝန်းကျင် တစ်ခုလုံး နေ့အချိန်ကဲ့သို့ ထိန်ထိန်လင်း နေတော့သည်။ အလင်းရောင်များကို ကြည့်ရင်း စုချန်း အတော်လေး စိတ်ရှုပ်လာ၏။ မတော်လို့ တခြားလူများ ရောက်လာမှဖြင့် ဒုက္ခများ သွားနိုင်သည် မဟုတ်ပါလား။

အတန်ကြာသော အလင်ရောင်များ လုံးဝပျောက်ကွယ်သွား၏။ သို့သော် မြေပြင်တစ်ခုလုံး သွက်သွက်ခါအောင် လှုပ်ရှားစ ပြုလာပြန်၏။ ပြင်းထန်သော တုန်ခါမှုကြောင့် အရေးထဲအရာ ပေါ်ဆိုသလို ငလျင်လှုပ် နေရသေးသည်ဟု စုချန်းက တွေးတောလိုက်သည်။ သို့သော် ပတ်ဝန်းကျင်ရှိ တောင်များ၊ သစ်ပင်များမှာကား သဘာဝအတိုင်းသာ ရှိနေပြီး သူ့ခြေဖဝါးအောက်ရှိ မြေပြင်သာ သွက်သွက်ခါအောင် လှုပ်ရမ်းနေခြင်း ဖြစ်သည်။ ထို့နောက် စုချတ်း မြင်တွေ့လိုက်ရသည်မှာ မူလပုံစံ၏ အလယ်ဗဟို တည့်တည့်တည့် မူလစွမ်းအင် ပုံစံချပ်ပြားငယ်အား မြှုပ်နှံထားသည့် နေရာသည် တဖြည်းဖြည်း နိမ့်ဆင်းလာပြီး မဲနက်မှောင်မဲနေသော အပေါက်ကြီးတစ်ပေါက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုအပေါက်ကြီးကို မြင်သော် စုချန်းက အလျင်စလို ဝင်ရောက်ခြင်း မပြုသေး။ ထိုအစား သူက ဆေးရည်တစ်မျိုးကို သောက်ချလိုက်၏။ ထို့နောက် သူသည် အထူးပြုလုပ်ထာသော ဝတ်စုံတစ်မျိုးကို လက်စွပ်အတွင်းမှ ဆွဲထုတ် ဝတ်ဆင်လိုက်သည်။ ထိုဝတ်စုံသည် ခေါင်းအစ ခြေအဆုံး လုံခြုံစွာ ကာကွယ်ထားပြီး ယုတ်စွအဆုံး မျက်လုံး နှစ်လုံးကိုပင် ဖောက်ထွင်း မြင်နိုင်သော ကျောက်သလင်းတစ်မျိုးနှင့် ကာကွယ်ထား၏။

ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါပေါက်အတွင်း၌ အလောင်းကောင်ဝိညာဉ် ပန်းများရှိနေ၏။ ထိုပန်းများသည် လောကပေါ်တွင် အဆိပ်အပြင်းထန်ဆုံး ပန်းပင်များ ဖြစ်ကြသည်။ ရှင်သန်ခြင်း ကျောင်းတော်အနေနှင့် အဆိပ်ဖြေဆေးများ ပေးလိုက်သော်လည်း စုချန်းသည် သူ၏ မျှော်လင့်ချက် အားလုံးကို တခြား အဖွဲ့အစည်းအပေါ် ပုံအပ်မထားရဲချေ။ ထိုအခါ မိမိတစ်ကိုယ်လုံးအား စိတ်ချရအောင် ကာကွယ်ပြီးမှ စုချန်းက ကျောက်သလင်းမီးအိမ်ကို မြှောက်ရင်း လှိုဏ်ခေါင်း အတွင်းသို့ ဝင်ရောက်လိုက်သည်။ သူ၏ မီးအိမ်မှာ ကွဲကျေသွားခဲ့ပြီ ဖြစ်လေရာ စုချန်းလက်ထဲရှိ မီးအိမ်သည် ပြိုင်ပွဲဝင် တစ်ယောက်၏ မီးအိမ်သာ ဖြစ်လေသည်။

လှိုဏ်ခေါင်းမှာကား နက်ရှိုင်းလှ၏။ စုချန်းသည် တစ်လှမ်းပြီးတစ်လှမ်း သတိကြီးစွာနှင့် ဆင်းသက် လာခဲ့လေသည်။ အဆုံးသို့ ရောက်ခါနီးသည့်တိုင် စုချန်း မြင်တွေ့ နေရသည်မှာကား မဲမှောင်နက်ရှိုင်းကာ ကျယ်ပြောလှသည့် လှိုဏ်ခေါင်းကြီးပင် ဖြစ်သည်။ လှိုဏ်ခေါင်းအတွင်း မည်မျှကြာအောင် လျှောက်နေမိသည်မသိ။ နောက်ဆုံးတွင်ကား သူသည် ကြီးမားကျယ်ဝန်းသော အခန်းတစ်ခု အတွင်းသို့ ရောက်ရှိနေကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။

စုချန်းကား အခန်းတွင်းသို့ ချက်ချင်းမဝင်။ မူလစွမ်းအင် ပုံစံချပ်ပြားငယ်ကို ဆွဲထုတ်ကာ အခန်းတွင်းသို့ ပစ်ထည့်လိုက်၏။ စွမ်းအင်ချပ်ပြားငယ် အခန်းတွင်းသို့ ရောက်ရှိ သွားသည်နှင့် အလွန်တောက်ပသော အနီရောင် အလင်းတန်းများ ပေါ်ထွက်လာ၏။ ထို့နောက်တွင်ကား အခန်းတွင်းရှိ မူလစွမ်းအင်များသည် အမှတ်တစ်ခုအတွင်း စုစည်းလာ၏။ ထိုမူလစွမ်းအင်၏ ပြင်းအားမှာကား အနီရောင်ကြယ် အဆင့်သို့တိုင် ရောက်ရှိနေကြောင်း တွေ့ရှိရသည်။

အနီရောင်ကြယ် အဆင့်ဟူသည် အချက်နှစ်ချက်ကို ညွှန်ပြနေ၏။ ပထမတစ်ချက်မှာ ... ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက် အတွင်းရှိ မူလစွမ်းအင် စီးဆင်းမှုသည် အလွန်အားကောင်းပြီး ဤနေရာကို ကာကွယ်ထားသည့် ယန္တရားများမှာလည်း ကောင်းကောင်း အလုပ်လုပ်နေသေး၏။ ၎င်းတို့သည် နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်ထိ ပျက်စီးမသွားသေး။ ဟောင်းနွမ်း ဆွေးမြေ့မသွားသေး။ ထိုအတွက်ကြောင့်ပင် ကြယ်အလင်းရောင်များ ထိုးကျလာသည့် အချိန်တွင် ဤနေရာ တစ်ခုလုံးကို လွှမ်းခြုံထားသော မူလစွမ်းအင်ပုံစံ မြေပုံကားချပ်ကြီး တစ်ခုလုံးကို မြင်တွေ့နေရခြင်းပင်။ သို့မဟုတ်လျင် ကနဦးကတည်းက ဤနေရာကို ကာကွယ်ထားသော မူလစွမ်းအင် ပုံစံကွက်၏ အသုံးဝင်မှု အားလုံးသည် အဟောသိကံ ဖြစ်သွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။ သေချာသည်မှာ ဝိညာဉ်မြှုပ်နှံခြင်း တံခါးပေါက်သည် နောင်နှစ်ပေါင်း ထောင်သောင်းချီအောင် မပျက်စီးပဲ တည်ရှိနေနိုင်ရန် စနစ်တကျ တည်ဆောက်ထားခြင်းပင် ဖြစ်သည်။ ဒုတိယ တစ်ချက်မှာကား ဤနေရာရှိ မူလစွမ်းအင်သည် အနီရောင်ကြယ်အဆင့် ရှိလောက်သည်အထိ သိပ်သည်းနေခြင်းပင် ဖြစ်သည်။

မူလချီစွမ်းအား ပညာရှင်တစ်ယောက် ပိုင်ဆိုင်သည့် မူလစွမ်းအင်ကို ခရမ်း၊ အနက်၊ အညို၊ အနီ၊ အပြာ၊ အစိမ်းနှင့် အဝါဟူ၍ အဆင့်ဆင့် ခွဲခြားထားနိုင်၏။ ထို့ကြောင့် အနီရောင်ကြယ် အဆင့်ကို ပြနေသော မူလစွမ်းအင် သိပ်သည်းဆဟူသည် အလင်းတုန်ခါခြင်း နယ်ပယ်ရှိ ချီစွမ်းအား ပညာရှင်တစ်ယောက်နှင့် အဆင့်တူနေ၏။ တစ်နည်းအားဖြင့် ဤနေရာကို ကာကွယ်ထားသော ယန္တရားများသည် အလင်းတုန်ခါခြင်း နယ်ပယ် ချီစွမ်းအား ပညာရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်သည်ဟု အဓိပ္ပာယ်ရနေ၏။

စုချန်း ပစ်သွင်းလိုက်သော ချပ်ပြားငယ်သည် အခြေအနေကို ဖော်ပြပေးသော စွမ်းရည်မျှသာ ရှိလေရာ တစ်ခဏအကြာ သူ့အလိုလို ပျက်စီးသွားရှာ၏။ မည်သို့ဆိုစေ အထက်ပါ သတင်း အချက်အလက် နှစ်မျိုးကို သိရှိလိုက်ရသောကြောင့် စုချန်းအနေနှင့် ရှေ့လျောက် ပို၍ သတိထား ရပေတော့မည်။

အခန်းတွင်း၌ကား ကျောက်သား ရုပ်တုပ်များသည် အတန်းနှစ်တန်းဖြင့် စီတန်းကာ ရှိနေကြ၏။ သူတို့ အားလုံးလိုလို၏ ရင်ဘတ်တွင် အနီရောင် တံဆိပ်ပြားများ ချိတ်ဆွဲထားပြီး ခါးတွင် သွေးကဲ့သို့ အနီရဲရဲ ဓားရှည်တစ်ချောင်းစီ ထိုးထားသည်။ သူတို့၏ ပုံစံကိုကြည့်ရုံနှင့် သိုင်းပညာရှင်များမှန်း သိသာနေ၏။ အလင်းနတ်ဘုရား မင်းဆက်ကာလ၌ သွေးအရည်ပျော် ဓားသမားများ ဟူသော သိုင်းပညာရှင်အုပ်စု ရှိခဲ့ဖူးကြောင်း စုချန်း ကြားဖူးထား၏။ အနှီဓားသမား များသည်ကား လူသားများ မဟုတ်။ အလွန် လျှို့ဝှက်သော သွေးဗီဇနည်း စနစ်တစ်မျိုးဖြင့် ပြန်လည် သန့်စင်ထားသည့် အလောင်းကောင်များသာ ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့သည် သွေးဗီဇညှို့ငင် ထုတ်ယူကိရိယာ ဖန်တီးရာတွင် မအောင်မြင်ခဲ့သော စမ်းသပ်မှု ရလဒ်လည်း ဖြစ်နေပြန်၏။

ယခု စုချန်း၏ ရှေ့တွင် ရှိနေသော ကျောက်သားရုပ်တု ဆယ့်နှစ်ရုပ်တုမှာလည်း သွေးအရည်ပျော် ဓားသမားများ ဖြစ်ကြကုန်၏။ ၎င်းတို့ကို ကြည့်ရသည်မှာ အသက်မဲ့နေသော ကျောက်စိုင် ကျောက်သားများသဖွယ် ထင်မှတ်ရသော်လည်း ထူးခြားသော ချိပ်ပိတ်နည်း တစ်မျိုးဖြင့် အသက်ကင်းမဲ့စေရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ အကယ်၍ ပြင်ပမှ တစ်စုံတစ်ယောက်သာ ဝင်ရောက်လာပါက ချိတ်ပိတ်ထားခြင်း ပြုတ်ထွက်သွားပြီး ဓားသမား များသည်လည်း သက်ဝင်လှုပ်ရှား လာပေလိမ့်မည်။

သို့သော် စုချန်းကား ထိုကိစ္စကို စိတ်မပူလှ။ သူက ချက်ချင်းပင် အနက်ရောင် ဆွဲပြားလေးတစ်ခုကို ထုတ်ယူ ချိတ်ဆွဲလိုက်ပြီး တလှမ်းချင်း လျှောက်သွားလိုက်သည်။ ဓားသမားများမှာ အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိ။ ထိုတံဆိပ်ပြားမှာ ရှင်သန်ခြင်း ကျောင်းတော်က ဝိညာဉ်မြှုပ်နှံခြင်းဆိုရာ တံခါးပေါက်အား ဖန်တီးစဉ် ပြုလုပ်ခဲ့သော ရာထူးအမှတ်အသား ဖြစ်သည်။ ထိုအမှတ်အသား ပါရှိသူသည် သွေးအရည်ပျော် ဓားသမားများအား ထိန်းချုပ်နိုင်၏။ သို့သော် စုချန်းသည် ထိုဓားသမားမျာအား ထိန်းချုပ်နိုင်သည့် နည်းလမ်းကို ဂဃနဏ မသိရှိလေရာ အနည်းငယ်မျှပင် စူးစမ်းခြင်း မပြုရဲ။ ၎င်းတို့သည် သူ့အား အလွယ်တကူ ဒုက္ခပေးနိုင်သည် မဟုတ်ပါလား။ ထို့ပြင် ရှင်သန်ခြင်း ကျောင်းတော် ကိုယ်တိုင်က ထိုဓားသမားများအား ပြန်လည် ထိန်းသိမ်းလိုခြင်း မရှိလေရာ စူးစမ်း၍ အကျိုးမရှိမှန်း သိသာနေ၏။

အခန်းကျယ်ကြီးကို ဖြတ်ကျော်ပြီးသည်နှင့် ကျောက်တံခါးကြီးများက စုချန်းအား ဆီးကြို နှုတ်ဆက်နေ၏။ သို့သော် သူက တံခါးကို အလျင်စလို ဆွဲဖွင့်ခြင်း မပြု။ ထိုအစား သူသည် ကျောက်တံခါး၏ ရှေ့ခြေတစ်လှမ်း အကွာတွင် ထိုင်ချလိုက်ပြီး ကြမ်းပြင်ကို စေ့စေ့စပ်စပ် စမ်းသပ်လိုက်သည်။ သိပ်မကြာမီ ကျောက်သား လက်ကိုင်တစ်ခုကို စုချန်း တွေ့ရှိလိုက်၏။ ထိုအခါ သူက လက်ကိုင်ကို ဆွဲပြီး စက်ဝိုင်းသဏ္ဌာန် လှည့်လိုက်ရာ ကျောက်တံခါးကြီးသည် ဖြည်းညင်းစွာ ပွင့်လာ၏။

တံခါးပွင့်လာချိန်ဝယ် တံခါးနောက်ကွယ်မှ ယန္တရားများ၏ ရွေ့လျားသံများကို စုချန်း ကြားနေရသည်။ ထိုအသံများသည် တံခါးပေါက် နောက်ကွယ်ရှိ ကာကွယ်ရေး စနစ်ကြီးတစ်ခုလုံးကို ပိတ်ချပစ်နေသော အသံဖြစ်ကြောင်း စုချန်း ကောင်းစွာ သဘောပေါက် လိုက်သည်။ အကယ်၍ တံခါးနောက်ကွယ်ရှိ ကာကွယ်ရေး စနစ်များအကြောင်းကို ကြိုတင်မသိရှိပဲ အလျင်စလို ဆွဲဖွင့်လိုက်ပါက သူသည် ထိုနေရာမှာပင် လဲကျသေဆုံး သွားပေလိမ့်မည်။

ကျောက်တံခါးများ၏ နောက်ကွယ်တွင်ကား ခန်းမကျယ်ပြီး ရှိနေ၏။ အနှီခန်းမဆောင်သည် စုချန်း ယခင်ဖြတ်သန်း လာခဲ့သော ကျောက်တုံး အခန်းထက် ပို၍ ကျယ်ဝန်းပြီး အဆပေါင်းများစွာ ခန့်ညား ထယ်ဝါလှသည်။ ခန်းမဆောင်၏ မျက်နှာကျက်များအား ညလင်း ပုလဲများဖြင့် တန်ဆာဆင် ထားလေရာ တစ်ခန်းလုံးသည် နေ့အခါကဲ့သို့ပင် လင်းလင်းချင်းချင်း ရှိနေ၏။ အနှီ ညလင်းပုလဲများသည် နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့သည့်တိုင် အတိတ် ကာလကဲ့သို့ပင် အကောင်းပကတိ ရှိနေကြသေး၏။ ခန်းမကြီးအတွင်းရှိ လေထုမှာကား သန့်စင် လတ်ဆတ်လှသည်။

ခန်းမဆောင်၏ နံရံများကိုကား လျှို့ဝှက် ဆန်းကြယ်သော အက္ခရာအမျိုးမျိုးဖြင့် ခြယ်သထား၏။ အမှန်တော့ ဤအခန်းသည် မြေအောက် မူလစွမ်းအင် ပုံစံကွက်ကြီး၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပြီး နှစ်ပေါင်း ခုနစ်ထောင်မျှသော အချိန်ကာလအတွင်း မပျက်စီးစေရန် ထိန်းညှိထားခြင်း ဖြစ်သည်။ သို့သော် စုချန်းက သင်္ချိုင်းဂူကို ဖွင့်လှစ် လိုက်သောကြောင့် မူလစွမ်းအင် အကာအကွယ် များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေရာ ဤအတိုင်းသာ ဆက်သွားပါက ဤနေရာသည် သီးခြားတည်ရှိရန် မဖြစ်နိုင်တော့ပေ။

ခန်းမဆောင်၏ တစ်ဖက်တစ်ချက်စီတွင်ကား ကြီးမားလှသော ကျောက်ဆစ်ရုပ်ကြီးလေးရုပ် ရှိနေ၏။ ၎င်းတို့သည် ပေသုံးဆယ်ထိအောင် မြင့်မားလှပြီး အနက်ရောင် ကိုယ်ကျပ်ဝတ်စုံများကို ဝတ်ဆင်ထားသည်။ ၎င်းတို့၏ ပုံစံမှာကား ဆန်းကြယ်လှပြီး အရာရာကို ခြိမ်းခြောက်နိုင်မည့် လက္ခဏာရှိ၏။ ထိုကျောက်ဆစ်ရုပ် လေးရုပ်မှာကား နာမည်ကျော် မူလနတ်ဆိုး ရုပ်သေးရုပ် များပေတည်း။ အနှီနတ်ဆိုးရုပ်များသည် စစ်ပွဲသုံးအဆင့် ရုပ်တုများ ဖြစ်ကြကုန်၏။

ခုနှစ်ပြည်ထောင်တွင် စစ်တပ်ကို တပ်ခွဲများ၊ မီးသတ်တပ်ဖွဲ့များ၊ သက်တော်စောင့်တပ်ဖွဲ့များ၊ ကုသရေးတပ်ဖွဲ့များ၊ တပ်ရင်းများ၊ မြို့စောင့်တပ်ဖွဲ့များနှင့် ကြည်းတပ်ဟူ၍ အသီးသီး ခွဲခြားထား၏။ လူဆယ်ယောက်လျင် တပ်ခွဲ၊ လူသုံးဆယ်လျင် မီးသတ်တပ်ဖွဲ့၊ လူတစ်ရာလျင် သက်တော်စောင့်တပ်ဖွဲ့၊ လူသုံးရာလျင် ကုသရေးတပ်ဖွဲ့၊ လူတစ်ထောင်လျင် တပ်ရင်း၊ လူသုံးထောင်လျင် မြို့စောင့်တပ်၊ လူတစ်သောင်းလျင် ကြည်းတပ်ဟု အကြမ်းဖျင်း ယူဆနိုင်၏။

စစ်ပွဲသုံးအဆင့် မူလနတ်ဆိုးရုပ် ဟူသည်မှာ ၎င်းနတ်ဆိုး ရုပ်များသည် တပ်ရင်း တစ်ရင်း၏ တိုက်ခိုက်မှု အင်အားကို ခုခံနိုင်သည်ဟု အဓိပ္ပာယ်ရသည်။ ထိုခေတ် ထိုအခါက အလင်းနတ်ဘုရား နိုင်ငံတော်၏ စစ်အင်အားကိုနေ ရာချထားပုံမှာ သာမာန်တပ်ရင်း တစ်ရင်းတွင် ယန်ဖွင့်လှစ်ခြင်း နယ်ပယ်ရှိ ချီစွမ်းအား ပညာရှင်တစ်ယောက်၊ သွေးဆူပွက်ခြင်း နယ်ပယ်ရှိ ချီစွမ်းအားပညာရှင် ဆယ့်ငါးယောက်၊ ချီစုဆောင်းခြင်း နယ်ပယ်ရှိ ချီစွမ်းအားပညာရှင် သုံးရာနှင့် သာမာန်သိုင်းပညာရှင် အယောက်ခုနှစ်ရာ ရှိရမည် ဖြစ်သည်။ ထိုကဲ့သို့သော တပ်ရင်းမျိုးနှင့် တိုက်ခိုက်မည့်သူမှာ အလင်းတုန်ခါခြင်း နယ်ပယ် အဆင့်မြင့်အလွှာရှိ ချီစွမ်းအား ပညာရှင်မျိုး ဖြစ်နေရန် လိုအပ်ပေသည်။ ဤမျှဆိုလျင် မူလနတ်ဆိုးရုပ် လေးရုပ်၏ အစွမ်းကို မြင်သာနိုင်ပေပြီ။ အခန်းတွင်း၌ နတ်ဆိုးရုပ် လေးရုပ်ရှိလေရာ မူလစွမ်းအင်ချပ်ပြားမှ အနီရောင်ကြယ်အဆင့် ပြသသည်မှာ အံ့သြစရာ မဟုတ်တော့။

ကံမကောင်း အကြောင်းမလှသည်မှာ နတ်ဆိုးရုပ်များ၏ အင်အားသည် ပြင်းထန်လှသည်နှင့်အမျှ ၎င်းတို့၏ မူလစွမ်းအင်ကလည်း မြင့်မားလွန်းပေရာ ထိုနတ်ဆိုးရုပ်များအား လက်စွပ် အတွင်းတွင် သိမ်းဆည်းရန်မှာ မဖြစ်နိုင်ပေ။ သာမာန်သိုလှောင်ရေး လက်စွပ်များအနေနှင့် ဤမျှ စွမ်းအင် မြင့်မားသော အရာများအား သိမ်းဆည်းနိုင်ခြင်းမရှိ။ နောက်တစ်ချက်မှာ ထိုနတ်ဆိုးရုပ်များ၏ အရွယ်အစား ဖြစ်သည်။ ၎င်းတို့သည် အရွယ်အစား ကြီးမားလှပြီး လမ်းလျှောက်သည့်အခါ မြေကြီးများပင် တုန်ခါသွားတတ်လေရာ ၎င်းတို့ကို အပြင်သို့ ခေါ်ထုတ်ရန်မှ မဖြစ်နိုင်။ ထို့ကြောင့်ပင် ရှင်သန်ခြင်း ကျောင်းတော်သည် ထိုနတ်ဆိုးရုပ်များအား အပေါ်တွင် အထူးတလည် အာရုံစိုက်ခြင်း မရှိလှ။ ၎င်းတို့သည် နတ်ဆိုးရုပ်ကို မောင်းနှင်နိုင်သည့် တခြားပစ္စည်း အပေါ်တွင်သာ အာရုံစိုက် ထားကြလေသည်။

ထိုပစ္စည်းမှာကား ကိရိယာအဆင့် ဆာခ့်၏ စွမ်းအင် ဗဟိုချက်ပင် ဖြစ်လေတော့သည်။ အလွန်တရာ ရှားပါး လှသောကြောင့် ဆာခ့်၏ စွမ်းအင် ဗဟိုချက်သည် မူလနတ်ဆိုး ရုပ်သေးရုပ်များထက် များစွာ အဖိုးတန်၏။ စုချန်းကား ဆွဲပြားကို ဝတ်ဆင်ထားသည့် အတွက် ရုပ်သေးရုပ်များ၏ တိုက်ခိုက်ခြင်းကို မခံရလေရာ သူသည် ရုပ်သေးရုပ်များ၏ နောက်ကျောရှိ စက်ကိရိယာကို အကြီးအကဲစန်း သင်ကြား ပြသထားသည့် အတိုင်း ဖွင့်လှစ်လိုက်သည်။ အတန်ကြာသော် ကြိတ်ဆုံကျောက် အရွယ်အစားခန့်ရှိသည့် ပစ္စည်းတစ်ခု ပေါ်ထွက်လာသည်။ ထိုပစ္စည်းမှာကား တန်ဖိုးကြီးမားလှသည့် ကိရိယာအဆင့် ဆာခ့်၏ စွမ်းအင် ဗဟိုချက်ပေတည်း။

စုချန်း၏ လက်စွပ်သည် ဤစွမ်းအင်ဗဟိုချက်ကို သိုလှောင်နိုင်စွမ်းမရှိ။ သို့သော် စုချန်းကား အနည်းငယ်မျှပင် စိတ်ပူဟန်မတူ။ သူ့မျက်လုံးအစုံမှာကား ခန်းမဆောင်၏ တစ်နေရာကို စိုက်ကြည့်နေ၏။

ထိုနေရာတွင် အနက်ရောင် ရွှေတစ်မျိုးနှင့် ပြုလုပ်ထားသော ပန်းပုအောက်ခံခုံကြီး ရှိနေ၏။ ထိုအပေါ်တွင်ကား ကြာပန်းတို့ကို စီကာစဉ်ကာနှင့် အတန်းလိုက် လှပတင့်တယ်စွာ ထွင်းထုထားသည်။ ထိုကြာပန်းတို့၏ အပေါ်တွင်ကား မျက်နှာပြင်ပေါင်း ၃၆ခုအထိ ရှိသော သလင်းကျောက်တုံး များသည် လေပေါ်တွင် ပေါလောပေါ်ကာ ကြာပန်းရုပ်များအား လှည့်ပတ် နေကြလေသည်။ အနီးကပ် ကြည့်လိုက်ရင် သလင်းကျောက်သားများ အတွင်း၌ ထူးခြားသော ပစ္စည်းတစ်မျိုးကို ဖောက်ထွင်း မြင်တွေ့ရပေလိမ့်မည်။ ထိုပစ္စည်းများမှာ ဟင်းလင်းပြင် အဆီအနှစ်များပင် ဖြစ်လေသည်။

ဟင်းလင်းပြင် အဆီအနှစ်ဟူသည် နေရာကွက်လပ်များကို ဖြစ်ပေါ်စေသော ပစ္စည်းဖြစ်လေရာ အင်အား ပြင်းထန်လှသော ဟင်းလင်းပြင်ဆိုင်ရာ စွမ်းရည် သတ္တိထူးများကို ပိုင်ဆိုင်ထား၏။ တစ်နည်းအားဖြင့် သူတို့သည် တခြား မည်သည့် ပစ္စည်းကိုမျှ မှီခိုခြင်းမရှိပဲ နေရာဒေသတစ်ခုကို သီးခြားဖြစ်တည် စေနိုင်လေသည်။ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက် နှစ်ပေါင်း ုနစ်ထောင်ကျော်တိုင် ကောင်းမွန်စွာ တည်ရှိနေနိုင်သည်မှာ ဟင်းလင်းပြင် အဆီအနှစ် သလင်းကျောက်များက ဤနေရာနှင့် ပြင်ပကမ္ဘာအား သီးခြား ခွဲထုတ်ထားခြင်းကြောင့်သာ ဖြစ်သည်။ သို့သော် နောက်နောင် များတွင်ကား ထိုအဖြစ်အပျက်မျိုး ရှိမလာနိုင်တော့။ စုချန်းတစ်ယောက် မူလစွမ်းအင်ပုံစံအား ဖော်ထုတ်လိုက် ကတည်းက အရာအားလုံးသည် တဖြည်းဖြည်း ပျောက်ကွယ်စ ပြုနေခဲ့လေပြီ။

ဟင်းလင်းပြင်အဆီအနှစ် သလင်းကျောက်များ၏ ရှေ့သို့ ရောက်သည်နှင့် စုချန်းသည် လက်စွပ်အတွင်းမှ နောက်ထပ် မူလစွမ်းအင် ချပ်ပြားငယ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး အနက်ရောင် ရွှေပန်းပုအောက်ခံ ခုံပေါ်တွင် ညင်သာစွာ တင်လိုက်သည်။ ဟင်းလင်းပြင် အဆီအနှစ်များ ဟူသည် ဟင်းလင်းပြင်ဆိုင်ရာ စွမ်းရည် သတ္တိထူးများကို ပိုင်ဆိုင်ထား၍ ၎င်းတို့ကို ဤအတိုင်း ဆုပ်ကိုင်၍ မရသလို လေဟာနယ် လက်စွပ်အတွင်း ထည့်သွင်း သိမ်းဆည်း၍လည်း မရပေ။ ထို့ကြောင့် အနှီ အဆီအနှစ်များအား သိမ်းဆည်းရန်မှာ လတ်တလော စုချန်း အသုံးပြုနေသော နည်းလမ်းသာလျင် ရှိသည်။

မူလစွမ်းအင်ချပ်ပြားကို တင်လိုက်သည်နှင့် ဟင်းလင်းပြင် အဆီအနှစ် သလင်းကျောက် များသည် ချပ်ပြားဆီသို့ တရွေ့ရွေ့ နီးကပ်လာ၏။ မူလစွမ်းအင် ချပ်ပြားဆီမှ အရောင်များ တဖျပ်ဖျပ် လင်းလက် တောက်ပလာသည်နှင့်အမျှ ဟင်းလင်းပြင် အဆီအနှစ် များသည်လည်း ချပ်ပြားငယ်ဆီသို့ ပို၍ ပို၍ နီးကပ် လာကြလေသည်။ နောက်ဆုံးတွင်ကား ဟင်းလင်းပြင် အဆီအနှစ် သုံးခုသည် မူလစွမ်းအင် ချပ်ပြားငယ်၏ ထိပ်တွင် ပူးကပ်မိကာ ပုလဲသုံးလုံး တပ်ဆင် ထားသည့်ပမာ ဖြစ်ပေါ်လာ၏။ အကယ်၍ အကြောင်းမသိ သူများကသာ ရုတ်တရက် ကြည့်မိလျင် ညလင်းပုလဲသုံးလုံး တပ်ဆင်ထားသည့် မူလစွမ်းအင် ချပ်ပြားဟုသာ ယူဆကြပေလိမ့်မည်။

အထက်ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ပြီးနောက် ဟင်းလင်းပြင် အဆီအနှစ်သုံးခု တပ်ဆင်ထားသည့် မူလစွမ်းအင် ပုံစံချပ်ပြားသည် သိုလှောင်ရေးပစ္စည်း တစ်မျိုးသဖွယ် ဖြစ်လာလေရာ ထိုပစ္စည်းအတွင်း၌ ဆာခ့်၏ စွမ်းအင် ဗဟိုချက်လေးခုကို ကောင်းကောင်းကြီး သိမ်းဆည်း ထားနိုင်၏။ ဆာခ့်၏ စွမ်းအင် ဗဟိုချက်များကို သိမ်းဆည်း ပြီးသည်နှင့် စုချန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက်တွင်ကား စုချန်းသည် အနက်ရောင် ရွှေပန်းပုအောက်ခံခုံနှင့် ကြာပန်း ပန်းပုရုပ် တို့ကိုပါ တစ်ပါတည်း သိမ်းဆည်း ထားလိုက်၏။ သဘောတူညီချက်အရ အထက်ပါ ပစ္စည်းနှစ်မျိုးကို သာမက တခြားပစ္စည်း များကိုပါ ရှင်သန်ခြင်း ကျောင်းတော်ကို ခွင့်တောင်း စရာမလိုပဲ စုချန်းအနေနှင့် သဘောရှိ ကလောဟိ ယူငင်နိုင်၏။

သိမ်းဆည်းစရာ ရှိသည်တို့ကို ကျကျနန သိမ်းဆည်းပြီးသည့် နောက်တွင်ကား စုချန်းသည် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်ပြန်၏။ အရာအားလုံးသည် အကြီးအကဲစန်း ပြောသကဲ့သို့ ချောချောမွေ့မွေ့ ရှိနေသေး၏။ ယခုအချိန်ထိ အခက်အခဲ တစ်စုံတရာမျှပင် မပေါ်သေး။ ဆောင်ရွက်စရာ ရှိသည်ဟူ၍ နောက်ဆုံးတစ်ဆင့်သာ ကျန်တော့သည်။ ထိုအခါ စုချန်းက ခန်းမကျယ်ကြီး၏ နောက်ဘက်ရှိ နံရံကို စိုက်ကြည့်လိုက်သည်။

လက်ရှိအချိန်ထိ စုချန်း ရှာဖွေတွေ့ရှိသမျှ အရာများ အားလုံးသည် ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်၏ ရတနာ အစစ်အမှန် မဟုတ်သေး။ ထိုပစ္စည်းများသည် ဤနေရာ၏ ရတနာကို ကာကွယ်ရန် အရန်အတား ပစ္စည်းများသာ ဖြစ်ကြသည်။ နံရံ၏ နောက်ကွယ်တွင်ကား ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်၏ ရတနာ အစစ်အမှန်ဖြစ်သော အလောင်းကောင် ဝိညာဉ်ပန်းပင်များ တည်ရှိနေလေသည်။ တချိန်တည်းမှာပင် ၎င်းသည် ဤနေရာ၏ အန္တရာယ် အများဆုံး နေရာလည်း ဖြစ်ပေသည်။

အလောင်းကောင် ဝိညာဉ်ပန်းများ စိုက်ပျိုးမည့် နေရာဌာနသည် ပြင်ပကမ္ဘာနှင့် ဆက်စပ်နေ၍ မရပေ။ ထိုအခါ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်ကို ဖန်တီးခဲ့သူများက သီးခြားနေရာ တစ်ခုတွင် ရှိနေခဲ့စဉ် အလောင်းကောင် ဝိညာဉ်ပန်းများသည်လည်း နှစ်ပေါင်း ခုနှစ်ထောင်တိုင်တိုင် ရှင်သန်ပွားများ နေခဲ့ကြ၏။

နှစ်ပေါင်း ခုနှစ်ထောင်အတွင်း မည်သည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့မည်မှန်း ဘုရားသခင်သာ သိပေလိမ့်မည်။ ထိုအခြေအနေမျိုး အတွက် အကြီးအကဲစန်းနှင့် တခြားလူများ ကိုယ်တိုင် ကြိုတင် ပြင်ဆင်ထားနိုင်စွမ်း မရှိကြ။ နံရံကိုဖြတ်သန်းပြီး ကြုံတွေ့ရမည့် အန္တရာယ် အခက်အခဲ များကိုမူကား စုချန်း ကိုယ်တိုင်သာ ရင်ဆိုင်ဖြေရှင်း ရပေတော့မည်။

ထိုအခါ စုချန်းသည် အသက်ကို ပြင်းထန်စွာ ရှုသွင်းပြီး မက်အကာအကွယ်ကို ဆယ်လွှာအထိ နှိုးဆွကာ နံရံကို သတိကြီးစွာထား၍ တွန်းလိုက်၏။ နံရံသည် တကျွီကျွီမြည်လာပြီး ဖြေးညင်းစွာ ပွင့်လာတော့သည်။

ထို့နောက်တွင်ကား သူရောက်ရှိနေသည့် အခန်းအတွင်းသို့ အမှောင်ထုကြီး တစ်ခု တိုးဝင် လာတော့သည်၊၊

All Chapters