← Chapters

ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာတံခါးပေါက် ၂

Vol. 13 Ch. 128

ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာတံခါးပေါက် ၂

Vol. 13 Ch. 128

အမှောင်ထုကား လျင်မြန်စွာ တိုးဝင်လာ၏။ သို့သော် စုချန်းသည် အစစအရာရာ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူသည် မြူခိုးကြားထဲမှ မြွေခြေလှမ်းကို အသုံးပြုပြီး နောက်ကိုဆုတ်လိုက်ရာ သူ့ကိုယ်ခန္ဓာသည် မီးခိုးငွေ့ တစ်ခုပမာ မြောလွင့် သွားတော့သည်။ ထို့နောက်တွင်ကား စုချန်းက သူ့ပတ်ပတ်လည်တွင် နောက်ထပ် အကာအကွယ် တစ်ခုကို ဖော်ထုတ်ထားလိုက်၏။

အမှောင်ထုမှာ တခြားကမ္ဘာမှလာသော မကောင်းဆိုးဝါး၊ မိစ္ဆာကောင်နှင့် တူလှသည်။ ၎င်းသည် ထူးဆန်းသော အသံမျိုးစုံပြုလျက် စုချန်းဆီသို့ တစ်ဟုန်ထိုး ထိုးဆင်းလာ၏။ စုချန်း ကိုယ်ခန္ဓာ ပတ်ပတ်လည်ရှိ အကာအကွယ် များမှာကား သွေးဖြူကောင် ဆူးချွန်များကြောင့် တဖောင်းဖောင်း မြည်အောင် ပေါက်ကွဲ ထွက်နေလေရာ အလွန်တရာ နားကလောဖွယ် ကောင်းသည့် ဆူညံသံများ ထွက်ပေါ်နေတော့သည်။ ထို့နောက်တွင်ကား အကာအကွယ်များသည် ဥခွံများကဲ့သို့ ကွဲအက်စပြုလာ၏။

ထိုအခါ စုချန်းက နောက်ကိုလျင်မြန်စွာ ဆုတ်လိုက်ပြီး အကာအကွယ်များကို ထပ်မံနှိုးဆွလိုက်၏။ ဦးတည်ရာ လမ်းကြောင်းကိုလည်း ပြောင်းလဲ လိုက်လေသည်။ အမှောင်ထုသည် နဂါးကြီး တစ်ကောင်ကဲ့သို့ ပုံစံပြောင်းကာ မီးခိုးများ အမျှင်တန်း လောက်အောင်ပင် စုချန်းနောက်မှ ထပ်ချပ်မကွာ လိုက်ပါလာ၏။ ထိုအခါကျမှ စုချန်းက ထိုအမှောင်ထု မည်သူမည်ဝါမှန်း ကျကျနန တွေ့လိုက်ရသည်။

လား ... လား ... လက်စသတ်တော့ အနှီအမှောင်ထုမှာ တခြားမဟုတ်။ အမျိုးအမည် မသိရသော ပိုးမွှားအုပ်စုကြီး ပေတကား။ ၎င်းတို့၏ ပါးစပ်များမှာကား ကပ်ကျေးကဲ့သို့ ချွန်ထက်ပြီး ရှည်လျား၏။ ၎င်းတို့၏ ပြင်ပကိုယ်ခန္ဓာ တစ်ခုလုံးကိုကား အရိုးများနှင့်သာ ဖွဲ့စည်းထားလေသည်။ ပိုးမွှားအုပ်စုကြီးသည် စူးရှကျယ်လောင်သော အသံများပြုလျက် စုချန်းဆီသို့ နောက်တစ်ကြိမ် ပျံသန်းလာပြန်သည်။

စုချန်း၏ အကာအကွယ်များမှာကား ပိုမွှားကောင်များ၏ တိုက်ခိုက်မှုကို ကြာရှည်ခုခံ နိုင်ဖွယ်ရာမရှိ။ ပြော၍ပင်မဆုံးသေး၊ နောက်ဆုံး အကာအကွယ်သည် ဖောင်းခနဲမည်အောင် ပေါက်ကွဲ ထွက်သွားပြီး ပိုးမွှားများသည် စုချန်းကို စတင် တိုက်ခိုက် လာတော့သည်။ ထိုအခါ စုချန်းက လက်တစ်ဖက်ကို ဖြတ်ခနဲမြှောက်ရင်း မီးလျံ စက်လုံးတစ်လုံးကို ပစ်လွှတ်လိုက်၏။

မီလုံးကြီးသည် ပျံသန်းလာသော ပိုးမွှားအုပ်ကြီးအား ဘုန်းခနဲမြည်အောင် ထိမှန်ပြီး မီးတောက် မီးလျံများမှာ ပိုးမွှားအုပ်ကြီး အတွင်း ပျံနှံ့သွားတော့သည်။ ပိုးမွှားကောင် အများအပြားသည် မီးတောက် မီးလျံများကြောင့် ပြာမှုန်များအဖြစ် အနိစ္စသဘောနှင့် ကိစ္စချောကုန်ကြ၏။ မိမိ၏ တိုက်ခိုက်မှုက ထိရောက်သည်ကို မြင်တွေ့သောအခါ စုချန်းသည် နောက်ထပ် မီးလျံစက်လုံး တစ်လုံးကို ထပ်မံ ပစ်လွှတ် လိုက်ပြန်သည်။ ပိုးမွှားကောင်များသည် အခွံမာများ ပိုင်ဆိုင် ထားကြသည့်တိုင် မီးအကင် ခံရသည်ကိုကား ခံနိုင်စွမ်း မရှိရှာ။ စုချန်း၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် ပိုးမွှားကောင် အများအပြား သေဆုံး ကုန်ကြလေသည်။ ကျန်ရှိသော ပိုးမွှားကောင် တချို့မှာကား မီးတောက်မီးလျံများကို ဖောက်ထွင်းကား စုချန်း ဖန်တီးထားသည် အကာအကွယ်ပေါ်ကို ခေါင်းစိုက် ခုန်ဆင်းရင်း မိမိဖာသာ သတ်သေကုန်ကြရှာ၏။

ပိုးမွှားကောင်အုပ်စုကြီး ရှင်းလင်းသွားသည်ကို တွေ့လိုက်ရတော့မှ စုချန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ တိုက်ပွဲမှာ ခေတ္တမျှသာ ကြာမြင့် လိုက်သော်လည်း အန္တရာယ်ကား များလှ၏။ သူ့အနေနှင် ပိုးမွှားကောင်များကို မီးလျံစက်လုံး နည်းစနစ်နှင့် ပြန်လည်တိုက်ခိုက်ရန် စိတ်ကူးမရပဲ ရှောင်တိမ်းရန် သို့မဟုတ် ခုခံကာကွယ်ရန်သာ အာရုံစိုက်နေခဲ့ပါက ပိုးမွှားကောင်များ၏ လက်ဝယ်တွင် အရှင်လတ်လတ် ဝါးမြိုစားသောက် ခံရပေလိမ့်မည်။

အနှီပိုးမွှားကောင် များသည် ဝိညာဉ်မြှုပ်နှံခြင်း ဆိုင်ရာ တံခါးပေါက်တွင် တပ်ဆင်ထားသည့် ထောင်ချောက် မဟုတ်။ ၎င်းတို့သည် အလောင်းကောင် ဝိညာဉ်ပန်းများ ရှင်သန်ကြီးထွား နေသည့် ပတ်ဝန်းကျင်မှ တစ်ဆင့် ဗီဇပြောင်းလဲကာ ဖြစ်ပေါ်လာသည့် ပိုးမွှားများသာ ဖြစ်ကြသည်။ သို့ရာတွင် အနှီပိုးမွှားကောင်များ၏ ဘဝသည် အန္တရာယ်ကင်းသော ပတ်ဝန်းကျင်တွင် ရှင်သန် ခဲ့ရသောကြောင့် ၎င်းတို့၏ ကိုယ်ခန္ဓာမှာလည်း ပြင်ပကမ္ဘာ၏ ဖိအားများကို ခုခံနိုင်စွမ်း နည်းပါး၏။ တစ်နည်းအားဖြင့် ပိုးမွှားကောင်များတွင် သိသာထင်ရှားသော အားနည်းချက်တချို့ ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်အတွင်း မီးမရှိလေရာ စုချန်းက မီးနှင့် တိုက်ခိုက် လိုက်သောအခါ ပိုးမွှားကောင်များ အတုန်းအရုံး သေဆုံးကုန်သည်ကို ကြည့်လျင် ဤအချက်ကို သိသာနိုင်၏။

ပိုးမွှားကောင် အုပ်စုကြီး၏ လိုက်လံ တိုက်ခိုက်ခြင်း ခံရချိန်ဝယ် စုချန်းအဖို့ တစ်စုံတရာကို ကောင်းစွာ နားလည် သဘောပေါက်လိုက်၏။ ၎င်းမှာ ... သူ၏ အင်အားအကြီးမားဆုံး စွမ်းရည်သည် မူလစွမ်းရည်များ မဟုတ်သလို ချမ်းသာကြွယ်ဝမှုလည်း မဟုတ်။ အန္တရာယ်နှင့် ထိပ်တိုက် ရင်ဆိုင်မိချိန်ဝယ် ခေါင်းအေးအေးနှင့် ဆင်ခြင်သုံးသပ် ဆုံးဖြတ်နိုင်သော ညဏ်ပညာသာ ဖြစ်ချေသည်တကား။

ထို့နောက်တွင်ကား စုချန်းသည် ပိုးမွှား အသေကောင်များပေါ်ကို ဖြတ်လျှောက်သွားပြီး နံရံရှေ့သို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိသွားပြန်သည်။ အလွှာပေါင်းများစွာ ခြားနား နေသည့်အတိုင် လူတိရိစ္ဆာန်တို့၏ အသွေးအသားနှင့် အရိုးတို့မှ ထွက်ပေါ် လာသကဲ့သို့ ပြင်းထန်သည့် ပုပ်စပ်စပ် အနံ့အသက်တစ်မျိုးကို စုချန်း ရှုရှိုက်ခံစားမိနေရ၏။ သီးခြားတည်ရှိမှု ပျက်ယွင်း သွားကတည်းက ဤနေရာတစ်ခုလုံးသည် ထိတ်လန့် ချောက်ချားဖွယ်ရာ အတိတ်နမိတ် မကောင်းသည့် အရိပ်လက္ခဏာများနှင့် တဖြည်းဖြည်း ပြည့်လျှမ်း လာခဲ့လေပြီတည်း။

နောက်ဆုံးတွင်ကား ဤနေရာသည် အလွန်ကြီးမားလှသည့် သင်္ချိုင်းဂူကြီး တစ်ဂူသာ ဖြစ်သလို စုချန်း၏ ရှေ့မှောက်တွင် ပေါ်ပေါက်လာသော အရာမှာလည်း အလောင်းများနှင့် ပြည့်နှက်နေသည့် တွင်းကြီးတစ်တွင်းသာ ဖြစ်လေသည်။ တွင်းကြီးမှာ အချင်းပေ ၃၀၀ထိ ကျယ်ဝန်းပြီး အကြမ်းဖျင်း ပေ၅၀ထိ နက်ရှိုင်း၏။ တွင်းနက်အတွင်းဝယ် ကျောက်စိုင်ကျောက်သား များသည် ခြောက်နေရာတိတိတွင် ထူးဆန်းသည့် ပုံသဏ္ဌာန် အမျိုးမျိုးနှင့် ငေါထွက်နေ၏။ အလွန်ရှုပ်ထွေးသည် မူလစွမ်းအင်ပုံစံများကို ထွင်းထုထားခြင်းအပြင် တွင်းနက်ကြီး၏ ထူးဆန်းသော ပုံစံကြောင့် ဤနေရာတစ်ခုလုံးတွင် ကြီးမားသော မူလစွမ်းအင် ပုံစံတချို့ ဖုံးကွယ် တည်ရှိနေကြောင်း သိသာထင်ရှား နေလေသည်။

နှစ်ပရိစ္ဆေဒ ကြာမြင့်လာသည်နှင့်အမျှ အဆိုပါ မူလစွမ်းအင်ပုံစံ၏ အသုံးဝင်မှုမှာ ပျက်စီးသွားခဲ့လေပြီ။ သို့သော် ၎င်းကို တွင်းနက်ကြီး ဖန်တီးရာတွင်ကား ကောင်းစွာ အသုံးချနိုင်ခဲ့ပုံ ပေါ်၏။ တွင်းနက်ကြီး အတွင်း၌ အနက်ရောင် ရွှံ့နွံများနှင့် ပြည့်နှက်နေ၏။ ရွှံ့နွံများ ပေါ်တွင်ကား အဖြူရောင် အရိုးစုများ ဟိုမှသည်မှ ပျံ့ကျဲ တည်ရှိနေကြသည်။ ၎င်းတို့ကို အဝေးမှကြည့်လျင် လူသူကင်းမဲ့သော ဖုန်ဆိုးမြေပေါ်တွင် တည်ရှိနေသည် အရိုးပုံကြီးနှင့် တူလှသည်။

သို့သော်ငြားလည်း ၎င်းသည် ကြောက်စရာ အကောင်းဆုံး မြင်ကွင်း မဟုတ်သေး။ ကြောက်စရာ အကောင်းဆုံးမြင်ကွင်းမှာ အရိုးစုများ မဟုတ်လျင် ရွှံ့နွံများပင် ဖြစ်နေမည်လော။

အနက်ရောင်ရွှံ့နွံများ ...

၎င်းတို့သည် ရွှံ့နွံအစစ် မဟုတ်ပဲ လူသားတို့၏ အသွေးအသားတို့သာ ဖြစ်ကြောင်း စုချန်း ကောင်းကောင်းကြီး သိရှိထား၏။ တစ်နည်းအားဖြင့် တွင်းနက်ကြီး အတွင်းရှိ အနက်ရောင်ရွှံ့နွံများသည် လူသားတို့၏ အသွေးအသားများမှ ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။ ထိုထက်ပို၍ တိကျစွာဆိုရလျင် ဤနေရာကြီး တစ်ခုလုံးကို ပြင်ဆင်ထားရသည့် ရည်ရွယ်ချက်မှာ အသွေးအသား ရွှံ့နွံကြီးကို ဖန်တီးရန်ပင် ဖြစ်လေသည်။

အနက်ရောင်ရွှံ့နွံများ အတွင်း ဆွေးမြေ့ခြင်း မရှိသေးသည့် အရိုးများအပြင် ပန်းတချို့လည်း ရှိနေ၏။ အဆိုပါပန်းများမှာ အနည်းငယ်မျှပင် ထူးခြားဟန်မပေါ်။ တချို့ပန်းပင် များသည် ရွှံ့နွံများအတွင်း ပေါက်ရောက်နေကြပြီး တချို့မှာ အရိုးများကို ဝန်းရံကာ ပေါက်ရောက် နေကြ၏။ တချို့မှာ နံရံများပေါ်တွင် ချိတ်ဆွဲပေါက်ရောက် နေကြသည်။ အနှီပန်းပင် များသည် ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် နည်းအမျိုးမျိုးဖြင့် ရှင်သန်နိုင်ရန် ကြိုးစားနေသည့် သာမာန် ပန်းပင်များနှင့်သာ တူလှပြီး မည်သည့် ထူးခြားချက်မှ ရှိနေဟန်မတူ။

မည်သို့ဆိုစေ စုချန်း တစ်ယောက် တိတိကျကျ သိရှိနေသည်မှာကား ဤပန်းပင် များကြောင့် မရေမတွက်နိုင်ပေါင်း လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီး သူမြင်တွေ့နေရသော နေရာဌာနကြီး တစ်ခုလုံးကို ဖြစ်ပေါ် လာစေခဲ့ခြင်းပင်တည်း။

စုချန်း မြင်တွေ့နေရသည့် ပုံပန်းသဏ္ဌာန် ထူခြားဟန် မတူသော အနှီပန်းပင် များမှာကား နာမည်ကျော် အလောင်းကောင် ဝိညာဉ်ပန်းပင်များပင် ဖြစ်ချေသည်တကား။ နာမည်နှင့်လိုက်အောင် အလောင်းကောင်များ၏ အသွေးအသားမှ ဖြစ်ပေါ်လာသော ရွံရှာ စက်ဆုပ်ဖွယ်ရာ ရွှံ့နွံများ အတွင်း၌သာ ပေါက်ရောက်တတ်သည့် ထူးခြားသော အပင်မျိုးစိတ်ဝင် ဤပန်းကို ရရှိအောင် လူတချို့သည် ဝိညာဉ်ပေါင်း မြောက်များစွာကို မြှုပ်နှံပြီး ဤနေရာတွင် မြေအောက် ဂူသင်္ချိုင်းကြီးကို ဖန်တီးခဲ့ကြကုန်၏။ သူတို့ပြုလုပ်ခဲ့သော ရက်စက်ယုတ်မာမှုများ အားလုံးသည် ထူးခြားပုံ မထင်ရသည့် ဤပန်းပင်များ အတွက်သာ ဖြစ်ကြသည်။

ထိုအခိုက်မှာပင် စုချန်းသည် ပြင်းထန်စွာ ဒေါသထွက်လာပြီး သုံးစားမရသော အဆိပ်ပန်းများကို ဖျက်ဆီးလိုစိတ်များ တဖွားဖွား ပေါ်ပေါက် လာတော့သည်။ နောက်ဆုံးတွင် ဆင်ခြင်တုံတရားက စုချန်း၏ စိတ်လိုက်မာန်ပါ ပြုလုပ်လိုသော ဆန္ဒကို ပြန်လည် အနိုင်ရရှိသွားလေသည်။ အမှန်တော့ ဤပန်းပင်များသည် သဘာဝတရား၏ လက်ဆောင်မွန်သာ ဖြစ်လေရာ မည်သည့် အပြစ်မျှမရှိ။ အမှန်တကယ် အပြစ်တင်ရမည်မှာ လူသားမျိုးနွယ်များ၏ နှလုံးသားအတွင်းရှိ လောဘတရားသာလျင် ဖြစ်လေတော့သည်။

ထို့နောက် စုချန်းသည် စိတ်ကိုထိန်းရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သင်္ကာမကင်းစရာ မည်သည့် အရိပ်အယောင်မျှ မတွေ့ရ၍ သူသည် ရှေ့တိုးကာ အလောင်းကောင် ဝိညာဉ်ပန်းပင်များကို ခူးဆွတ်ရန် ဟန်ပြင်လိုက်၏။ ပထမဆုံး ပန်းပင်ကို ခူးဆွတ်အံ့ ဆဲဆဲ၌ပင် နှလုံးသား အတွင်း၌ အန္တရာယ် အငွေ့အသက်များကို စုချန်း ရရှိလိုက်သည်။ ထိုအခါ သူက ပန်းပင်ကို ခူးဆွတ်ခြင်း မပြုတော့ပဲ လက်ကို လျင်မြန်စွာ ရုတ်လိုက်၏။ ထိုအခိုက်မှာပင် ရွှံနွံအတွင်းမှာ မဲနက်သော အရိပ်သဏ္ဌာန်တစ်ခု လျင်မြန်စွာ တိုးထွက်လာပြီး စုချန်းကို ဝင်ရောက် တိုက်ခိုက်တော့သည်။

ကံကောင်းသွားသည်မှာ စုချန်းသည် ယခုအချိန်ထိ နှိုးဆွထားသော အကာအကွယ်များကို မရုပ်သိမ်းရသေးပေ။ ထိုအခါ အနက်ရောင် အရိပ်သည် သူ၏ အကာအကွယ်ကို ဝင်ဆောင့်ပြီး ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်လာ၏။ ထိုအခါကျမှ သူ့အား ခြုံခိုတိုက်ခိုက်သော အရာမှာ ခြေဖဝါးလောက်ပင် မရှည်သော အနက်ရောင် မြွေတစ်ကောင်မှန်း စုချန်း တွေ့ရှိလိုက်ရသည်။ မြွေငယ်သည် သူ၏ ပထမဆုံး တိုက်ခိုက်မှု မထိရောက်မှန်း သိလိုက်သည်နှင့် သံသေးသံကြောင်နှင့် အော်ဟစ်နေ၏။ မြွေကို မြင်တွေ့လိုက်သည်နှင့် စုချန်း၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

မြတ်စွာဘုရား။ အရိပ်မြွေပေတကား။

အရိပ်မြွေဟူသည် အလောင်းကောင် ဝိညာဉ်ပန်းများ ရှင်သန် ကြီးထွားနိုင်သည့် ပတ်ဝန်းကျင်မျိုး ဖြစ်သည့် စက်ဆုပ်ရွံရှာဖွယ် နေရာထိုင်ခင်းမျိုးတွင် ကျင်လည်ကျက်စား တတ်သော သက်ရှိတစ်မျိုးသာ ဖြစ်သည်။ ရှင်သန်ခြင်း ကျောင်းတော်အဖွဲ့သားများနှင့် စုချန်းသည် ကနဦး ကတည်းကပင် ဤနေရာ၌ အရိပ်မြွေကဲ့သို့ တခြားသားရဲ သတ္တဝါဆိုးများ ရှိနိုင်၊ မရှိနိုင် ကြိုတင် တွက်ချက်ခဲ့ကြ၏။ သို့သော် ဤနေရာသည် လူသားတို့ ပြုလုပ် ဖန်တီးထားသော နေရာ ဖြစ်နေသည့်အပြင် ထိုလူများသည် ပန်းပင်ကို ရှင်သန် ကြီးထွားလာအောင် ပြုစုစောင့်ရှောက် နေသူများ ဖြစ်၍ မိမိကိုယ်မိမိ ဒုက္ခပြန်ပေးရန် အကြောင်းမရှိဟု စုချန်းတို ယူဆမိခဲ့သည်။

ယခုတော့ အဆိုပါ ယူဆချက်သည် တက်တက်စင်အောင် လွဲမှားနေခဲ့လေပြီ။

ဤနေရာကို ဖန်တီးခဲ့ သူများကပင် အရိပ်မြွေများကို ယူဆောင် လာခဲ့လေသလော၊ သို့တည်းမဟုတ် ထိုမြွေများသည်ပင် ဤနေရာ၏ သေခြင်းတရားကို ခံစားမိ၍ ၎င်းတို့ဖာသာ ၎င်းတို့ ခရီးနှင် ရောက်ရှိလာခြင်းပေလော။ မည်သို့ဆိုစေ အရေးကားမကြီးတော့။ ဤနေရာတွင် အရိပ်မြွေများ ရှိနေခဲ့လေပြီ။

အရိပ်မြွေဟူသည် အင်အား ကြီးမားလှသော သားရဲသတ္တဝါဆိုးတော့ မဟုတ်။ သို့သော် ၎င်းတို့သည် အုပ်စုလိုက် နေထိုင်တတ်ကြသော သတ္တဝါများ ဖြစ်သည်။ ယခုလည်း ပထမ တစ်ကောင် ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပင် ရွှံ့နွံများအတွင်းမှ ရာပေါင်းများစွာသော အရိပ်မြွေများ တိုးထွက် လာကြလေသည်။ ၎င်းတို့ကို မြင်တွေ့ လိုက်ရသောအခါ စုချန်းတစ်ယောက် အတော်ပင် စိတ်ပျက်လက်ပျက် ဖြစ်သွားရှာ၏။ အကြောင်းမှာ အရိပ်မြွေဟူသည် အဆင့်နိမ့် သတ္တဝါဆိုးများသာ ဖြစ်သော်လည်း ရာနှင့်ချီသော အရိပ်မြွေများသာ စုပေါင်း တိုက်ခိုက်လာပါက သူ့အတွက် မလွယ်လှပေ။

စုချန်းကား အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိ။ ချာခနဲ နောက်လှည့်ကာ ခြေကုန်သုတ် တော့သည်။ ထိုအခါ အရိပ်မြွေများသည် မြွေတွန်သံများပြုလျက် စုချန်း နောက်သို့ တစ်ဟုန်ထိုး လိုက်လာကြတော့သည်။ အရိပ်မြွေဟူသည် ကိုယ်ခန္ဓာကြီးမားသော သတ္တဝါမျိုးမဟုတ်။ ထို့ကြောင့် ၎င်းတို့၏ အပြင်အားမှာ နည်းပါး လှသော်လည်း ၎င်းတို့၏ ကိုယ်ခန္ဓာ အတွင်း၌ အလွန်ပြင်းထန်သော အဆိပ်များကို သိုလှောင်ထားပြီး အလင်းတမျှ မြန်ဆန်လှ၏။ အချိန်အနည်းငယ် အတွင်းမှာပင် အရိပ်မြွေအုပ်စုသည် စုချန်းအနီးသို့ တဖြည်းဖြည်း တိုးကပ်လာ၏။

စုချန်းမှာ မတတ်သာတော့။ မူလစွမ်းအင်များကို လှည့်ပတ် စီးဆင်းစေကာ မြူခိုးကြားထဲမှ မြွေခြေလှမ်းကို အမြင့်ဆုံး အနေအထားထိ ထုတ်ဖော် အသုံးပြုလိုက် ရတော့သည်။ ထိုအခါ သူ၏ တစ်ကိုယ်လုံးသည် မီးခိုးငွေ့တန်းပမာ လေထဲသို့ မြောလွင့်သွားပြီး လေပေါ်တွင် လမ်းလျှောက် နေသကဲ့သို့ ထင်မှတ်ရလေသည်။ သူ့စိတ်ထဲတွင်ကား ကောင်းကင်ပေါ်တွင် ပျံသန်း နေသကဲ့သို့ ခံစားနေရ၏။

လေဟုန်စီးနေသော စုချန်း၏ ပုံစံမှာ တင့်တယ်လှပြီး မြင်ရသူ အပေါင်းကို ရင်သပ်ရှုမော စေလောက်ပေသည်။ အကယ်၍ ကုချိန်းလွှာသာ ထိုမြင်ကွင်းကို မြင်တွေ့ရလျင် အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေပေလိမ့်မည်။ အကြောင်းမှာ မြွေခြေလှမ်းကို စုချန်း အသုံးပြုလိုက်သော အဆင့်အတန်းသည် သွေးဗီဇ မပိုင်ဆိုင်ထား တစ်ယောက် အသုံးပြုနိုင်မည့် စွမ်းရည်ထက် များစွာ ကျော်လွန် နေခဲ့သောကြောင့်ပင် ဖြစ်သည်။

သို့သော် စိတ်ပျက်ဖွယ်ရာ ကောင်းသည်မှာ မြွေခြေလှမ်းကွက် များကို အမြင့်ဆုံး အနေအထားထိ ထုတ်ဖော် အသုံးပြုလိုက်သော်လည်း အရိပ်မြွေများ မျက်ခြေပြတ်သွားရန်ကား စုချန်း မစွမ်းဆောင်နိုင်ခဲ့။ မြွေအုပ်စုနှင့် သူ့ကြားရှိ အကွာအဝေးကို နီးကပ် မသွားစေရန်သာ ထိန်းသိမ်း ထားနိုင်ခဲ့လေသည်။ ပို၍ဆိုးသည်မှာကား နောက်ကျ ကျန်ရစ်ခဲ့သော အရိပ်မြွေ တချို့သည် အချင်းချင်း ရစ်ပတ်လုံးထွေးကာ စက်လုံးသဖွယ် ဖန်တီးလိုက်ပြီး ၎င်းတို့ရှေ့ရှိ အရိပ်မြွေများအား နောက်မှ ဆောင့်တွန်း ပေးနေခြင်း ဖြစ်သည်။ ဤပုံဤနည်းအားဖြင်း အရိပ်မြွေတို့၏ အရှိန်အဟုန်မှ ပို၍မြန်ဆန်လာ၏။ အရိပ်မြွေတို့၏ ထူးခြားသော နည်းစနစ် တစ်မျိုးပေတည်း။

ထိုအခါ စုချန်းသည် ပေါက်ကွဲ စေတတ်သော ဆေးရည်များ ထည့်ထားသည့် ဝိုင်ကရားကို လျင်မြန်စွာ ဆွဲထုတ်ပြီး မြွေအုပ်ကို ပစ်ပေါက် တိုက်ခိုက်လိုက်သည်။ ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ မြွေဆယ်ကောင်ခန့်သည် အဝေးသို့ လွင့်ထွက်သွား၏။ ၎င်းတို့၏ အကြေးခွံများမှာလည်း ပြုတ်ထွက်ကုန်ပြီး နာကျင်စွာ အော်ဟစ် နေကြလေသည်။ သို့သော် အသက်ထွက်သွားမည့် ပုံစံတော့ မပေါ်။

အရိပ်မြွေဟူသည် သားရဲသတ္တဝါဆိုး အုပ်စုဝင်ဖြစ်လေရာ ပိုးကောင်များလောက် အားမနည်း။ ထို့ကြောင့် စုချန်း၏ တစ်ကြိမ်တည်းသော တိုက်ခိုက်မှုသည် မြွေများကို ဒဏ်ရာ ရစေသော်လည်း သေအောင်ကား မတတ်နိုင်ခဲ့ဟု ဆိုရပေလိမ့်မည်။ မြွေတချို့ ဒဏ်ရာရရှိသွား၍ မြွေအုပ်စုသည် အနည်းငယ်မျှ တုံ့ဆိုင်း သွားသော်လည်း တခဏအကြာ ဒဏ်ရာမရရှိသော မြွေများက ယခင်ကထက် ရက်စက် ကြမ်းတမ်းသော ဟန်ပန်ဖြင့် စုချန်းဆီသို့ ဦးတည် ပျံသန်း လာကြပြန်သည်။ ထို့ကြောင့် စုချန်း၏ လက်နက်သည် မြွေအုပ်စုကို အနည်းငယ် နှောင့်နှေးစေရုံမှအပ မည်သို့မျှ အသုံးမဝင်ကြောင်း သိသာနေခဲ့လေပြီ။

"သေစမ်း"

စုချန်းက ဒေါသတကြီးနှင့် ကျိန်ဆဲလိုက်သည်။ ဆင်ပြောင်ကြီး အမြီးကျမှ တစ်ဆိုသကဲ့သို့ ဖြစ်ရလေပြီ။ အစီအစဉ် တစ်ခုလုံးကို မည်မျှပင် ချောမွေ့စေရန် အားထုတ် ထားသော်ငြား မတော်တဆမှု တစ်ခုကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပြီ မဟုတ်ပါလား။ သူ့အနေနှင့် အရိပ်မြွေများလက်မှ လွတ်အောင် ထွက်မပြေးနိုင်သလို ၎င်းတို့ကိုလည်း မသတ်ဖြတ်နိုင်။ ဤသို့ဆိုလျင် သူမည်သို့ လုပ်ရမည်နည်း။ စုချန်းသည် ဦးနှောက်ကို အလုပ်ပေးကာ အပြင်းအထန် စဉ်းစားနေ၏။

ထိုအခိုက်အတန့်မှာပင် တစ်စုံတရာကို စဉ်းစားမိပြီး စုချန်း၏ မျက်လုံး အစုံသည် ဝင်းလက် တောက်ပလာ၏။ ထို့နောက် သူက ချက်ချင်းပင် ဝိုင်ကရားနှစ်ခုကို ဆွဲထုတ်ပြီး မြွေအုပ်ကို ပစ်ပေါက် လိုက်သည်။ မြွေအုပ်စု နှောင့်နှေး သွားစဉ်မှာပင် စုချန်းသည် နောက်လှည့်ပြီး တစ်ဟုန်ထိုး ထွက်ပြေး သွားတော့သည်။

All Chapters