ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာတံခါးပေါက် ၃
Vol. 13 Ch. 129
ဝုန်းခနဲ အဆက်မပြတ် ပေါက်ကွဲသံများ၏ နောက်တွင် အရိပ်မြွေများ၏ နာကျင်စွာ အော်ဟစ်သံများ ဆက်တိုက်လိုလို ပေါ်ပေါက်လာ၏။ သို့သော်ငြားလည်း ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော မွေးရာပါ ဗီဇကြောင့် ပေလားတော့မသိ။ အရိပ်မြွေများသည် စုချန်းကို လက်လွှတ်ဖို့ဝေးစွ၊ ယခင်ကထက်ပင် ဒေါသထွက်လာသော အမူအရာများပြကာ ထပ်ချပ်မကွာ လိုက်ပါ လာကြကုန်၏။
စုချန်းသည် အရူးတစ်ယောက်ပမာ ရှေ့သို့ တစ်ရှိန်ထိုး ပြေးလွှားနေ၏။ ခန်းမကျယ်ကြီးကို အမြန်ဆုံး ဖြတ်သန်းပြီး ကျောက်တုံး အခန်းသို့ ရောက်ရှိရန်မှာ သူ၏ ပထမဦးစားပေးပင် ဖြစ်လေတော့သည်။
ကျောက်တုံး အခန်းတွင်းသို့ ရောက်သော် ကျောက်သားရုပ်တု ဆယ့်နှစ်ရုပ်မှာ မလှုပ်မရှားပဲ ရှေးကအတိုင်း ရှိနေကြောင်း စုချန်း တွေ့ရှိလိုက်ရ၏။ ထိုအခါ စုချန်းက သူဝတ်ဆင် ထားသော ဆွဲပြားကို ဖြုတ်ပြီး ရှေ့သို့ အရှိန်အဟုန်နှင့် လွှင့်ပစ်ကာ ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။
"နိုးကြစမ်း"
စုချန်း၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာ၏။ တစ်ဆက်တည်းမှာပင် ကျောက်ရုပ်ဆယ့်နှစ်ရုပ်သည် ပြင်းထန်စွာ တုန်လှုပ်လာပြီး ၎င်းတို့၏ ကိုယ်ပေါ်မှ ကျောက်တုံး ကျောက်ခဲများက တဖွားဖွားနှင့် ပြုတ်ကျနေလေရာ ပတ်ဝန်းကျင် တစ်ခုလုံး ဖုံတလိမ်းလိမ်းနှင့် ဖြစ်နေတော့သည်။
အကယ်၍ ထိုနေရာတွင် တစ်စုံတစ်ယောက်သာ ရှိနေခဲ့လျင် မြင်တွေ့ရသော မြင်ကွင်းကြောင့် အလွန်အမင်း အံ့သြသင့် နေပေလိမ့်မည်။ သို့သော် စုချန်း၏ ပုံစံမှာကား သွေးအရည်ပျော် ဓားသမားများ ချိန်သားကိုက် မနိုးထလာမည့် အရေးကို ပို၍ စိုးရိမ်ပူပန်နေဟန် ရှိသည်။ ထို့နောက် သူသည် အရိပ်မြွေများ ရုတ်တရက် ထိုးဖောက် ဝင်ရောက်လာမည်ကို စိတ်ပူ၍ ဝိုင်ကရားသုံးခုနှင့် မီးလျံစက်လုံး ငါးလုံးတိတိကို ဆက်တိုက်လိုလို ပစ်လွှတ် လိုက်တော့သည်။
နောက်ဆုံးတွင်ကား ကျောက်ရုပ်တစ်ရုပ်သည် လုံးဝ အက်ကွဲသွားပြီး သွေးရောင်ကဲ့သို့ နီရဲသော အလင်းတန်း တစ်ခုသည် စုချန်းဆီသို့ ဦးတည် ပြေးလွှားလာ၏။ ထိုအလင်းတန်းသည် လမ်းခုလတ်မှာပင် ကြီးသည်ထက် ကြီးလာပြီး စုချန်းကို ထိုးဖောက်တော့ မည်ကဲ့သို့ တဖြည်းဖြည်း နီးကပ်လာခဲ့လေပြီ။
"ဘာလဲဟ ခွေးမသားတွေ"
စုချန်းက ကျိန်ဆဲလိုက်သည်။ သို့သော် သူက ကျိန်သာ ကျိန်ဆဲလိုက်မိသည်။ ဤကဲ့သို့ တိုက်ခိုက်မှုမျိုးကို ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်လေရာ မြူခိုကြားမှ မြွေခြေလှမ်းကို အမြင့်ဆုံးထိ နှိုးဆွလိုက်၏။ သူ့တစ်ကိုယ်လုံးမှာလည်း လေထုအတွင်းသို့ ရောက်ရှိသွားပြီး လေထဲတွင် ခြေလှမ်း သုံးလှမ်းတိတိ လျှောက်လှမ်းလိုက်၏။ ထို့နောက် သူ့ကိုယ်ခန္ဓာသည် ၁၈၀ဒီဂရီတိတိ ပြောင်းလဲသွားပြီး ဓားချက်ကို ရှောင်တိမ်း လိုက်လေသည်။
ထိုအချိန်တွင် စုချန်းသည် အတော်လေး မောပန်း နေခဲ့လေပြီ။ သူသည် လေထဲတွင် ဆက်လက်လှုပ်ရှားရန် မတတ်နိုင်တော့လေရာ သူ့တစ်ကိုယ်လုံးမှာ လေလျော့ သွားသော မိုးပျံပူဖောင်းပမာ အောက်ဖက်သို့ တဖြည်းဖြည်း ကျဆင်းလာ၏။ မြေကြီးပေါ်သို့ ရောက်သည်နှင့် သူက ဘေးကိုချက်ချင်း လှိမ့်ထွက်လိုက်၏။ ဘလိတ်ဓားတစ်ချောင်းပမာ ထက်မြည့်နေသော ဓားတစ်လက်က စုချန်း၏ ခေါင်းပေါ်မှ ဖြတ်သန်းသွားပြီး နောက်ထပ် သွေးအရည်ပျော် ဓားသမားတစ်ယောက် ထပ်မံပေါ်ထွက် လာတော့သည်။
စုချန်းကား အနည်းငယ်မျှပင် ရပ်နားခြင်းမပြု။ ရှေ့သို့ တစ်ဟုန်ထိုး ပြေးလွှားနေ၏။ အစပိုင်းက သူသည် သွေးအရည်ပျော် ဓားသမားများ နိုးမထလာမည်ကို စိုးရိမ်၍ ဆွဲပြားကို တအားကုန် လွှင့်ပစ်ခဲ့၏။ ယခုတော့ အခြေအနေမှာ မတူတော့။ ဆွဲပြားကို ဤမျှ ခပ်ဝေးဝေးသို့ လွှင့်ပစ် လိုက်မိသည်မှာ မှားလေပြီဟု သူ့စိတ်ထဲတွင် ခံစား နေခဲ့ရလေပြီ။
ထိုအခိုက်မှာပင် နောက်ထပ် ဓားနှစ်ချောင်းက လေတိုးသံများပြုလျက် စုချန်းထံသို့ ဦးတည်ပြေးလွှား လာပြန်သည်။ တတိယနှင့် စတုတ္ထဓားသမား ထပ်မံ ပေါ်ထွက်လာခြင်း ဖြစ်သည်။ စုချန်းကား မြေကြီးကို ခြေတစ်ချက် ဆောင့်ကာ တတိယဓားချက်ကို လေထဲမှာပင် နီးကပ်စွာ ရှောင်တိမ်း ပေးလိုက်၏။ သို့သော် စတုတ္ထဓားချက်ကိုကား သူ့ခမျာ ရှောင်တိမ်းနိုင်စွမ်း မရှိတော့။ ထိုအခါ သူက မက်အကာအကွယ်ကို နှိုးဆွကာ ဓားချက်ကို ပိတ်ဆို့ ကာကွယ်လိုက်သည်။
ဝုန်းခနဲ အသံနက်ကြီး ဖြစ်ပေါ်လာပြီး ဓားချက်သည် အကာအကွယ် အလွှာနှစ်ထပ်ကို ထိုးဖောက် ဝင်ရောက်လာ၏။ စုချန်းကား ဓားချက်ကို ထပ်မံပိတ်ဆို့ရန် မစဉ်းစား။ ဓားချက်နှင့် အတူပါလာသည့် အင်အားကို အလိုက်သင့်ရယူကာ လေထဲသို့ ခုန်ထွက် လိုက်ပြန်သည်။ ထိုအချိန်တွင် အစောပိုင်း နိုးထလာသော သွေးအရည်ပျော် ဓားသမားများနှင့် အရိပ်မြွေများ၏ ရင်ဆိုင် တိုက်ပွဲမှာကား စတင်နေခဲ့ပြီဖြစ်ကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။
စုချန်း ကြိတ်၍ သက်ပြင်းချလိုက်၏။ သူ၏ ရန်သူနှစ်ဦး အချင်းချင်း တိုက်ခိုက်နေပြီ ဖြစ်သောကြောင့် သူ့အဖို့ အနည်းငယ် အသက်ရှုချောင်စရာ အနေအထား တစ်ရပ်ကို ရရှိလာခဲ့ပြီ မဟုတ်ပါလား။
သို့သော် စိတ်သက်သာရ၍ စက္ကန့်ပိုင်းမျှပင်မကြာသေး၊ သူ့နောက်ကျော်ဆီမှာ တဝုန်းဝုန်း တဒိုင်းဒိုင်း အသံတချို့ကို စုချန်း ကြားလိုက်ရပြန်သည်။ နောက်ထပ် သွေးအရည်ပျော်ဓား သမားလေးယောက် ထပ်မံ ပေါ်ထွက်လာခြင်း ဖြစ်သည်။
အမှန်တော့ စုချန်းသည် ရှေ့တန်း အကျဆုံးနေရာတွင် ရောက်ရှိနေလေရာ နိုးထလာသမျှသော သွေးအရည်ပျော် ဓားသမားများသည် သူ့ကိုသာ အရင်ဆုံး တိုက်ခိုက် ကြပေလိမ့်မည်။ အခြေအနေမှာ မကောင်းလှမှန်း စုချန်းက ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုအခါ သူက မြူခိုးကြားထဲမှ မြွေခြေလှမ်းကို အမြန်ဆုံး နှိုးဆွကာ လေထဲသို့ ခုန်ထွက်ပြီး ပထမဓားချက်ကို ရှောင်တိမ်း လိုက်၏။ တစ်ဆက်တည်းမှာပင် သူသည် နောက်ကျောမှဓားကို ဆွဲထုတ်ကာ ဒုတိယဓားချက်ကို ခုခံပေးလိုက်၏။ သွေးအရည်ပျော်ဓားသမား၏ ပြင်းထန်သော ဓားချက်ကြောင့် စုချန်း၏ ဓားမှာ ရစရာ မရှိအောင် ကျိုးပဲ့ သွားတော့သည်။ တတိယဓားသမားက စုချန်းကို တိုက်ခိုက်ရန် ဟန်ပြင်စဉ်မှာပင် လေလှိုင်း ရေဘဝဲ လက်တံများ ပေါ်ပေါက်လာပြီး ၎င်း၏ ခြေထောက်များကို ဖမ်းချုပ် ထားလိုက်၏။ စုချန်းက ထိုအခွင့်အရေးကို အမိ ရယူပြီး ဓားချက်ကို ရှောင်တိမ်းလိုက်၏။
သို့သော် စတုတ္ထဓားသမား၏ ဓားချက်ကိုကား စုချန်းအဖို့ ရှောင်တိမ်းရန် မစွမ်းသာတော့။ ၎င်း၏ ဓားချက်သည် သူ၏ အကာအကွယ်များပေါ်သို့ ပြင်းထန်စွာ ကျရောက်လာခဲ့လေပြီ။ ဤတစ်ကြိမ် ဓားချက်သည်ကား စုချန်း ပထမအကြိမ် ရင်ဆိုင်ခဲ့ဖူးသော ဓားချက်ထက် ပြင်းထန် ကြမ်းတမ်းလှပေရာ တဝုန်းဝုန်း မြည်သံများ အဆက်မပြတ် ပေါ်ပေါက်လာပြီး သူ့တစ်ကိုယ်လုံးရှိ အကာအကွယ် အလွှာများ အားလုံး ပြတ်တောက် ပွင့်ထွက် ကုန်တော့သည်။ သို့သော် ဓားချက်၏ အရှိန်အဟုန်မှာကား အနည်းငယ်မျှပင် လျော့ပါး မသွားလေရာ ဓားချက်သည် စုချန်း၏ ကိုယ်ခန္ဓာပေါ်သို့ ကွက်တိပင် ကျရောက်လာခဲ့၏။
ဤတစ်ကွက်တွင်ကား စုချန်းတစ်ယောက် ဒဏ်ရာ ရရှိသွားခဲ့လေပြီ။ သူသည် မြေကြီးပေါ်သို့ ဝုန်းခနဲ ပြန်လည် ပြုတ်ကျလာ၏။ ဒဏ်ရာမှာကား ပြင်းထန်လှသည်။ သူ့အနေနှင့် အချိန်တိုအတွင်း လှုပ်လှုပ်ရှားရှား ပြုလုပ်နိုင်တော့မဟုတ်။ သွေးအရည်ပျော် ဓားသမား လေးယောက်ကား ၎င်းတို့၏ ဓားများကို ဆုပ်ကိုင်ကာ စုချန်းဆီသို့ တရွေ့ရွေ့ ချည်းကပ်လာ၏။ သို့သော် စုချန်းသည် အနည်းငယ်မျှပင် လက်မလျှော့။ တံဆိပ်ပြားဆီသို့ လေးဘက် ထောက်သွားရန် ကြိုးစားလျက် ရှိသည်။ သို့သော် စုချန်းအနေနှင့် မည်မျှပင် ကြိုးစားစေကာမူ ဓားသမား လေးယောက်ထက် အဘယ်မှာ မြန်နိုင်အံ့နည်း။
ဓားသမားများသည် ၎င်းတို့၏ ဓားများကို မြှောက်ကာ စုချန်းအား ချိန်ရွယ် ခုတ်ချလိုက်၏။ ဓားလေးချောင်းသည် တဖြည်းဖြည်း နိမ့်ဆင်း လာခဲ့လေပြီ။ မရဏမင်း၏ ကောင်းချီးပေးသံကား သောသောညံ ခဲ့ချေပြီတကား။
သေလုမြောပါး အန္တရာယ် ကျရောက်အံ့ ဆဲဆဲမှာပင် စုချန်းက လက်တစ်ဖက်ကို ဖြတ်ခနဲ မြောက်လိုက်ရာ လေလှိုင်းရေဘဝဲ လက်တံကြီးတစ်ခု ပေါ်ပေါက်လာပြီး မလှမ်းမကမ်းရှိ တံဆိပ်ပြားကို ဆွဲယူကာ နောက်ဘက်သို့ ပစ်ပေးလိုက်၏။ တံဆိပ်ပြားသည် လေထဲတွင် ပျံသန်းလာပြီး စုချန်း၏ လက်ဝယ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိ လာတော့သည်။ စုချန်းကား အနည်းငယ်မျှပင် အချိန်မဆိုင်းရဲ။ တံဆိပ်ပြား လက်ထဲသို့ ရောက်လာသည့်နှင့် ချက်ချင်းပင် ထိုလက်ကို မြှောက်ပြလိုက်၏။ သွေးကဲ့သို့ အနီရဲရဲ ဓားလေးချောင်းသည် စုချန်း၏ နဖူးပြင်ရှေ့မှာပင် ဖြတ်ခနဲ ရပ်တန့် သွားတော့သည်။ ထို့နောက် သွေးအရည်ပျော် ဓားသမား လေးယောက်သည် ၎င်းတို့၏ ဓားများကို ပြန်လည်ရုတ်သိမ်းပြီး အရိပ်မြွေများနှင့် တိုက်ပွဲဖြစ် နေရာဆီသို့ ဦးတည် ပြေးလွှား သွားကြလေပြီ။
စုချန်းက သက်ပြင်း တစ်ချက်ကို ရှည်လျားစွာ ချလိုက်သည်။ ထိုအခိုက်မှာ ပြင်းထန်လှသော နာကျင်မှုကြောင့် စုချန်းတစ်ယောက် အံကြိတ် မိတော့သည်။ ထို့နောက် သူက ဒဏ်ရာကို စစ်ဆေး ကြည့်ရှုလိုက်၏။ ဒဏ်ရာမှာ ရင်ဘတ်မှ ဝမ်းဗိုက်သို့တိုင် ဟက်တက်ကွဲနေပြီး အတော်ပင် နက်ရှိုင်းလှ၏။ ကံကောင်း၍သာ အူများ အခွေလိုက် ပြုတ်ကျမလာခြင်း ဖြစ်သည်။ ဤနေရာတွင် ကျေးဇူးတင်ရမည်မှာ စူချန်းသည် လေအလျင်တွင် ပန်းများပွင့်ခြင်း ကိုယ်ခန္ဓာ နည်းစနစ်ကို နက်ရှိုင်းစွာ လေ့ကျင့်ထား၍ သူ့ရုပ်ပိုင်းဆိုင်ရာမှာ တခြား ချီစွမ်းအား ပညာရှင်များထက် ပို၍ ခံနိုင်ရည်ရှိနေခြင်း ဖြစ်သည်။ သို့မဟုတ်လျင် သူသည် ဤကဲ့သို့ပင် မတ်တတ် ရပ်နိုင်တော့မည် မဟုတ်။
သို့တိုင်အောင် ပြင်းထန်သော ဒဏ်ရာကြောင့် စုချန်းသည် ခေါင်းများ မူးဝေလာ၏။ ထိုအခါ သူက အနာပျောက် ကင်းစေသော ဆေးရည်ကို လျင်မြန်စွာ ထုတ်ယူပြီး သောက်ချ လိုက်သည်။ ပြိုင်ပွဲအတွင်းသို့ ဆေးဝါးများ ယူဆောင်ခွင့် ပြုထား၍သာ တော်တော့သည်။ မဟုတ်လျင် သူ့အခြေအနေမှာ မလွယ်လှ။
ထိုအချိန်တွင် သွေးအရည်ပျော် ဓားသမားများနှင့် အရိပ်မြွေများ၏ တိုက်ပွဲမှာကား ပြင်းထန်သည်ထက် ပြင်းထန် လာခဲ့လေပြီ။ ဓားသမားများသည် အလွန်တရာ အင်အားကြီးမားသည် မှန်သော်လည်း မြွေများဖက်က အင်အားများနေ၏။ ထိုအခါ မြွေအသေကောင်များ တဖြည်းဖြည်း များပြားလာသလို ဓားသမားများလည်း တစ်ယောက်ပြီးတစ်ယောက် လဲကျ ကုန်တော့သည်။ စုချန်းကား အရေးကြုံလာပါက သုံးစွဲနိုင်ရန် ဝိုင်ကရားများကို အသင့်ပြင်ဆင် ထား၏။ ကံကောင်သည်မှာ နောက်ဆုံးတွင် ဓားသမားများဖက်မှ အနိုင်ရရှိသွားခြင်း ဖြစ်သည်။
ဝိညာဉ်မြှုပ်နှံခြင်း တံခါးပေါက်ကို ကာကွယ်ရန် စီမံတပ်ဆင် ထားသည့် သွေးအရည်ပျော် ဓားသမားများ၏ အစွမ်းမှာကား အမှန်ပင် သြချ ရလောက်သည်။ အရိပ်မြွေ အကောင် သုံးရာကျော်မျှသည် ဓားသမားများ လက်ချက်ဖြင့် ပြုတ်ပြုတ်ပြုန်း ကုန်၏။ သို့သော် ဓားသမား ခြောက်ယောက်မှာ အရိပ်မြွေများ လက်ချက်ဖြင့် လက်စတုံး ကုန်ကြသည် ဖြစ်လေရာ သူတို့လည်း တန်ရာတန်ဖိုးတော့ ပေးဆပ် လိုက်ရသည်ဟု ဆိုနိုင်လေသည်။ တိုက်ပွဲပြီးဆုံး သွားသည်နှင့် ဓားသမားများသည် စုချန်းကို ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် မယူဆပဲ မူလနေရာသို့ ပြန်သွားကုန်ကြ၏။ စုချန်းက မည်သို့ အော်ဟစ်နေစေကာမူ ၎င်းတို့သည် စုချန်းအား အရေးမစိုက်တော့။
ထိုအခါ စုချန်းက သက်ပြင်းချ လိုက်သည်။ သူဝတ်ဆင်ထားသည့် ဆွဲပြားသည် သွေးအရည်ပျော် ဓားသမားများက သူ့အား တိုက်ခိုက်လာမည့် အရေးကိုသာ ကာကွယ်ပေးပြီး ဓားသမားများအား အမိန့်ပေးရန် မစွမ်းသာမှန်း သူကောင်းကောင်း သိရှိထား၏။ သို့သော် ဤသို့အမိန့်မပေး နိုင်သည်ကပင် တစ်မျိုးတစ်ဖုံ ကောင်းသည်ဟု ဆိုရမည်။ သွေးအရည်ပျော် ဓားသမားများ ဟူသည် သွေးသားများဖြင့်တာ ဆောက်ထားသော်လည်း ၎င်းတို့တွင် လူသားတို့၏ ဝိညာဉ်မရှိ။ တစ်နည်းအားဖြင့် ၎င်းတို့သည် လမ်းလျှောက် နေသော အလောင်းကောင်များသာ ဖြစ်ကြသည်။ ၎င်းတို့ကို ပြင်ပကမ္ဘာသို့ ယူဆောင်သွားပါက စုချန်းအတွက် မရေမတွက်နိုင်သော ပြသာနာပေါင်းစုံ တက်သွားနိုင်၏။
ဆေးသောက်ပြီးနောက် စုချန်း၏ ဒဏ်ရာမှာ အတော်အတန် သက်သာလာ၏။ ထိုအခါ သူက မတ်တတ်ရပ်ပြီး မြွေအသေကောင်များ ရှိရာသို့ လျှောက်သွား လိုက်သည်။ အလောင်ကောင် ဝိညာဉ်ပန်းများကဲ့သို့ပင် အရိပ်မြွေ များသည်လည်း ဆေးဘက်ဝင် ပါဝင်ပစ္စည်းများ ပေါကြွယ်ဝသော သတ္တဝါမျိုး ဖြစ်ကြပြီး တွေ့ရှိရန် အလွန်ခဲယဉ်း၏။
ဆေးဘက်ဝင် ပစ္စည်းများအား သာမာန်၊ သာမာန်မဟုတ်၊ ရှားပါး၊ ဒဏ္ဍာရီနှင့် နတ်ဘုရားအဆင့် ဆေးဝါးများဟု အဆင့်ငါးဆင့်ခွဲ၍ သတ်မှတ်လေ့ ရှိကြသည်။ အလောင်းကောင် ဝိညာဉ်ပန်းများသည် အဆင့်နိမ့် ဒဏ္ဍာရီအဆင့် ဆေးဝါး အမျိုးအစားထဲတွင် ပါဝင်၏။ အရိပ်မြွေများမှာကား ဝိညာဉ်ပန်းများလောက် တန်ဖိုးမကြီး မားသော်လည်း ရှားပါး ထိပ်တန်း အရည်အသွေးရှိ ဆေးဘက်ဝင်ပစ္စည်းဟု သတ်မှတ် နိုင်ပေသည်။ ယခုတော့ များပြားလှသော အရိပ်မြွေ အသေကောင်များကို ရရှိလိုက်ခြင်းကြောင့် စုချန်းအဖို့ ဤတစ်ကြိမ်တွင် အကျိုးအမြတ် ကြီးကြီးမားမား ရရှိလိုက်ပြီဟု ဆိုနိုင်၏။
မတော်တဆမှုများနှင့် အန္တရာယ်များသည် မမျှော်လင့်သော အကျိုးအမြတ်များကို ပေးစွမ်းနိုင်၏။ အနည်းဆုံးတော့ အရိပ်မြွေ အသေကောင်များသည် ကနဦး သူသိမ်းဆည်း ထားခဲ့သော အနက်ရောင်ရွှေ ပန်းပုအောက်ခံခုံနှင့် ကြာပန်းရုပ်များထက် အဆပေါင်းများစွာ တန်ဖိုး ရှိနေသည် မဟုတ်ပါလား။ ထို့နောက်တွင်ကား စုချန်းသည် မြွေအသေကောင်များကို မြန်မြန်ဆန်ဆန်ပင် သိမ်းဆည်းလိုက်၏။ ထိုစဉ် ထူးခြားမှုတခုကို အမှတ်မထင် သတိထားမိလိုက်၍ သူက အောက်ကို ဖြတ်ခနဲ ငုံ့ကြည့်လိုက်သည်။
သူ့ခြေထောက်အောက်ရှိ များပြားလှသော သွေးများသည် အလွန်လျင်မြန်စွာ စီးဆင်းနေပြီး တစ်နေရာတည်းတွင် လာရောက်ပေါင်းစုကာ မူလစွမ်းအင် ပုံစံတစ်ခုသဖွယ် ဖြစ်ပေါ်လာကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။ သူအလွန် အံ့သြသွား၏။ အဘယ်ကြောင့်ပေနည်း။ ဤနေရာရှိ ယန္တရားများ အားလုံး မပျက်စီးသေးသည့် သဘောပေလား။ ဘာတွေများ ဖြစ်ပျက်ကုန်သနည်း။ သူနားမလည်နိုင်တော့။ လတ်ဆတ်သော သွေးများသည် သေဆုံးသွားသည် သွေးအရည်ပျော် ဓားသမား ခြောက်ယောက်၏ သွေးများဖြစ်ကြောင်း စုချန်း ကောင်းကောင်း သဘောပေါက်၏။ သို့သော် သွေးများမှာ လုံလောက်ပုံမရချေ။ မူလစွမ်းအင်ပုံစံသည် တချို့ နေရာများတွင် လစ်ဟာလျက်ရှိပြီး လစ်လပ်နေသည့် နေရာများအား ဖြည့်ဆည်း မပေးမချင်း အနှီ မူလစွမ်းအင်ပုံစံမှာ နိုးထလာမည့်ပုံမပေါ်။
တစ်စုံတစ်ရာကို နားလည် သဘောပေါက်သွားသည့် ဟန်ပန်ဖြင့် စုချန်းက ကျန်ရှိနေသည့် သွေးအရည်ပျော် ဓားသမားခြောက်ယောက်ကို လှည့်ကြည့် လိုက်သည်။ သူ့ဦးနှောက် အတွင်း၌ကား သံသယအတွေးများ အဆက်မပြတ် ပေါ်ပေါက်လျက် ရှိလေပြီ။
အဓိကခန်းမဆောင် အတွင်း၌ အလွန်တရာ အင်အားကြီးမားလှသော မူလနတ်ဆိုး ရုပ်လေးရုပ် ရှိလျက်သားနှင့် အဝင်ပေါက် ကျောက်တုံး အခန်းတွင်းဝယ် သွေးအရည်ပျော် ဓားသမား ဆယ့်နှစ်ယောက်ကို အစောင့်အရှောက် များအဖြစ် အဘယ်ကြောင့် ထပ်မံ ထားရှိရသနည်း။ ခွန်အားချင်း နှိုင်းယှဉ်စတမ်းဆိုလျင် ဓားသမား ဆယ့်နှစ်ယောက်သည် စစ်ပွဲသုံးအဆင့် နတ်ဆိုးရုပ်များကို ခြေဖျားမျှပင် မမှီ။
ကြမ်းပြင်ပေါ်ရှိ လတ်ဆတ်သော သွေးများကို ကြည့်ရင်း စုချန်း၏ ဦနှောက် အတွင်းဝယ် စိတ်ကူးစိတ်သန်းတစ်ခု ပေါ်ပေါက် လာတော့သည်။ သွေးအရည်ပျော် ဓားသမားများ တည်ရှိနေရခြင်း၏ စစ်မှန်သော ရည်ရွယ်ချက်မှာ ဤနေရာကို ကာကွယ်ရန် မဟုတ်ပဲ တခြား တစ်ခုခုကြောင့်ပေလော။ စိတ်ဝင်စားစရာတော့ ကောင်းနေခဲ့ပေပြီ။
သို့သော် စုချန်းသည် အလျင်စလို လှုပ်ရှားခြင်းမရှိ။ သူသည် ပထမဆုံးအနေနှင့် ခန်းမကျယ်ကြီးဆီသို့ ပြန်သွားပြီး နံရံတစ်ဖက်ခြမ်းရှိ အလောင်းကောင် ဝိညာဉ်ပန်းများကို ခူးဆွတ်ရန် ဟန်ပြင်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ မည်သည့်ပြသာနာမှ မပေါ်တော့လေရာ သူသည် ဝိညာဉ်ပန်းများကို စိတ်တိုင်းကျ ယူငင်ခူးဆွတ်ပြီး နဂိုကတည်းက အထူးစီမံ ပြုလုပ်ထားသော ကျောက်စိမ်းသေတ္တာအတွင်း ထည့်သွင်း သိမ်းဆည်းလိုက်၏။ အလောင်းကောင် ဝိညာဉ်ပန်းများ ညှိုးနွမ်းခြင်းကို ကာကွယ်ရန် အထူးစီမံထားသည့် ကျောက်စိမ်းသေတ္တာဖြင့်သာ သိမ်းဆည်း ရလေ့ရှိရာ သူ၏ ကျောက်စိမ်း သေတ္တာမှာလည်း ရှားပါးတန်ဖိုးကြီး ရတနာတစ်မျိုး ဖြစ်သည်။
ထို့နောက် သူက ကျောက်တုံး အခန်းတွင်းသို့ ပြန်လာခဲ့၏။ သူ့တွင် ဆက်လက် စူးစမ်းစရာ ကိစ္စတစ်ရပ် ကျန်ရှိနေသေးသည် မဟုတ်ပါလား။
ထိုအခါ စုချန်းသည် အကာအကွယ်ကို အမြင့်ဆုံးထိ နှိုးဆွလိုက်ပြီး ဓားကို ဝှေ့ယမ်းလိုက်၏။ ဓားရောင်များ ဝင်းလက်တောက်ပစွာ ပေါ်ထွက်လာပြီး ဓားသမား ခြောက်ယောက်၏ ကိုယ်ခန္ဓာသည် ကြမ်းပြင်ပေါ်သို့ တအိအိနှင့် လဲပြိုသွားတော့သည်။ ဓားသမားများ၏ ကိုယ်ခန္ဓာမှ ထွက်လာသော သွေးများကြောင့် ကြမ်းပြင်ပေါ်ရှိ တစ်ဝက်တစ်ပျက် မူလစွမ်းအင် ပုံစံသည် ပြီးပြည့်စုံစွာ ပေါ်ပေါက်လာပြီး ကျောက်တုံးအခန်းသည် ပြင်းထန်စွာ လှုပ်ရှားလာ၏။ စူချန်းကလည်း ဥမင်လှိုင်ဏ်ခေါင်း၏ အဝင်ပေါက်တိုင်အောင် နောက်ဆုတ် ပေးလိုက်၏။ သို့သော် ထိုနေရာတွင် မည်သည့် ထောင်ချောက်မျှ ရှိနေပုံမရ။
အတန်ကြာသော် တုန်ခါခြင်း ရပ်တန့်သွားပြီး ကျောက်တုံးအခန်း၏ နံရံပေါ်တွင် သေးငယ်သော တံခါးတစ်ချပ် အသံတိတ် ပွင့်လှစ်လာကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။