ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက် ၄
Vol. 13 Ch. 130
တံခါး၏ နောက်ကွယ်တွင်ကား လျှို့ဝှက် အခန်းငယ်တစ်ခန်း ရှိနေ၏။ အခန်းတွင်း၌ မည်သည့် ထောင်ချောက်မျှ ရှိမနေ။ ထောင်ချောက်များအစား ဆေးပုလင်းများ၊ ကရားအိုးများနှင့် မျက်စေ့တဆုံး စာအုပ်များနှင့်သာ ပြည့်နှက်နေ၏။ ကြည့်ရသည်မှာ ဤအခန်းသည် ပစ္စည်းများ သိုလှောင်ထိန်းသိမ်းသည့် အခန်းဖြစ်ပုံရသည်။
အခန်း၏ အလယ်ဗဟိုတွင်ကား ကြီးမားသည့် စားပွဲခုံကြီးတစ်ခုံ ရှိလေသည်။ စုချန်း အဖို့ကား အဆိုပါ စားပွဲမျိုးနှင့် အလွန်ရင်းနှီးနေ၏။ အကြောင်းမှာ သူသည် အဆိုပါ စားပွဲခုံရှည်မျိုးကို အောရစ်ထံမှလည်းကောင်း၊ ဆရာကြီးဖန်းထံမှလည်းကောင်း နှစ်ကြိမ်တိတိ ရရှိခဲ့ဖူးသည် မဟုတ်ပါလား။ ထို့ကြောင့် စုချန်း မြင်တွေ့နေရသော စားပွဲမှာ သုတေသန ပြုလုပ်သည့် စားပွဲရှည်ပေတည်း။
သုတေသန စားပွဲရှည်ကြီး၏ ရှေ့တွင် ကြီးမားသည့် လက်တင် ကုလားထိုင်တစ်လုံး ရှိနေပြီး ထိုကုလားထိုင်ပေါ်တွင် လူတစ်ယောက် ထိုင်နေ၏။ စုချန်း၏ နှလုံးသားမှာ ဖြတ်ခနဲ တုန်လှုပ်သွား၏။ ထို့နောက် သူက ကုလားထိုင်ပေါ်ရှိလူကို သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်သည်။ သို့သော် ထိုလူမှာကား တံခါးကြီးတစ်ချပ်လုံး ဟောင်းလောင်း ပွင့်သွားသည့်တိုင် သူနှင့်မဆိုင်သကဲ့သို့ အနည်းငယ်မျှပင် လှုပ်ရှားလာခြင်းမရှိ။
ထိုအခါ စုချန်းက သတိကြီးကြီးထားကာ ကုလားထိုင် အနီးသို့ ချည်းကပ်သွားသည်။ ထို့နောက် ကုလားထိုင်ကို လှည့်ပတ် ကြည့်ရှုလိုက်၏။ ထိုအခါကျမှ စုချန်းတစ်ယောက် အဖြစ်မှန်ကို သဘောပေါက် သွားတော့သည်။ လက်စသတ်တော့ ကုလားထိုင်ပေါ်ရှိလူမှာ အသက်ဝိညာဉ် ကင်းမဲ့ကာ တစ်ကိုယ်လုံး ခြောက်ကပ်နေသော အလောင်းကောင်ကြီးပေတကား။
ထိုလူ၏ ဦးခေါင်းမှာ အလွန်ကြီးမားပြီး ခြေလက်များမှာကား အလွန်တိုနေ၏။ ရုတ်တရက် ကြည့်လိုက်လျင် ကြီးမားသည့် ကလေးကစားစရာ အရုပ်နှင့်ပင် တူနေသေးတော့သည်။ အမှန်တော့ ခြောက်သွေ့နေသော အလောင်းကောင်ကြီးမှာ ကလေးကစားစရာ အရုပ်တော့ မဖြစ်နိုင်။ မုချ ရှေးဟောင်း အာကင်နာမျိုးစိတ်၏ ကြွင်းကျန်သူ တစ်ယောက်သာ ဖြစ်ရပေလိမ့်မည်။ အာကင်နာ လူမျိုးဟူသည် မူလကပင် ခြေလက် အလွန်တိုကြလေရာ ခြောက်သွေ့နေသော အလောင်းကောင် ဘဝရောက်ပြီးနောက် ရှေးကထက် ပို၍ပင် ရှုံ့တွသေးသွယ် သွားပုံရသည်။
ဤအာကင်နာ မျိုးစိတ်ဝင်သည် လွန်ခဲ့သော နှစ်ပေါင်း များစွာကပင် သေဆုံးခဲ့ပြီး ဖြစ်ပုံရသည်။ သို့သော် သီးခြားခွဲထုတ်ထားသော နေရာတွင် ရောက်ရှိနေသောကြောင့် သူ့အလောင်းသည် ပုပ်သိုးဆွေးမြေ့ သွားရမည့်အစား အသွေးအသားများ ခန်းခြောက် ခြောက်သွေ့သော အလောင်းကောင် ဘဝသို့ ရောက်ရှိသွားပုံရသည်။
စုချန်းသည် အလောင်းအား အနှောင့်အယှက် မပြုပါ။ ထိုအစား သူက ၎င်း၏ စမ်းသပ်မှု မှတ်တမ်းများကိုသာ အာရုံစိုက်၍ လေ့လာမှတ်သား လိုက်သည်။ ထူးချွန် ထက်မြက်သော သုတေသန သမားတိုင်း လိုလိုတွင် စမ်းသပ်မှုများအား မှတ်တမ်း တင်ထားသည့် အလေ့အထကောင်း တစ်ခုရှိ၏။ အာကင်နာ မျိုးစိတ် များသည်လည်း ထို့အတူသာ ဖြစ်သည်။
စားပွဲပေါ်တွင် စမ်းသပ်မှု မှတ်တမ်းများအား တင်ထားသော်လည်း လောလောဆယ်တွင် စုချန်းက ၎င်းတို့အား စိတ်မဝင်စားသေး။ ထိုအစား သူက စမ်းသပ်မှု ရက်စွဲများအား ဦးစားပေး၍ ရှာဖွေလိုက်သည်။ ထိုရက်စွဲများအား ရှာဖွေရသည်မှာ မခက်လှ။ စမ်းသပ်မှု မှတ်တမ်း၏ အလယ်နားလောက်တွင် ရှိတတ်လေသည်။
စုချန်း၏ ထင်မြင် ယူဆချက်သည် အကြွင်းမဲ့ မှန်ကန်နေ၏။ သူ့ရှေ့ရှိ သေဆုံးနေသော အလောင်းကောင်ကြီးသည် ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်၏ စစ်မှန်သော ဖန်တီးသူ ဖြစ်နေချေသည်တကား။
၎င်း၏ နာမည်မှာ မိန်းဘရုခ် ဖြစ်ပြီး အာကင်နာ လူမျိုးများအကြား ထင်ရှားသော ပညာရှင်တစ်ဦး ဖြစ်သည်။ မိန်းဘရုခ်သည် မူလစွမ်းအင် တည်ဆောက်ပုံများနှင့် မူလစွမ်းအင် ပုံစံကွက်များ၏ ပေါင်းစပ်ဖွဲ့စည်းပုံ တို့ကိုသာမက မူလစွမ်းအင်၏ သဘောသဘာဝနှင့် ပြုမူပုံတို့ကိုပါ အခြေခံကျကျ နားလည်ထားသူ ဖြစ်၏။ ထိုမျှသာမကသေး သူသည် ဇီဝဗေဒပိုင်း ဆိုင်ရာ သက်ရှိ တချို့ကိုလည်း အထူးတလည် သုတေသန ပြုခဲ့သေးသည်။ ထောင်ပေါင်းများစွာသော ထောင်ချောက်များ၊ ဖုံးကွယ်ထားသော မူလစွမ်းအင် ပုံစံကွက်များ အပါအဝင် ဝိညာဉ်မြှုပ်နှံခြင်း ဆိုင်ရာ တံခါးပေါက် တစ်ခုလုံးသည် ၎င်းတစ်ဦးတည်း၏ ခြေရာလက်ရာ ဖြစ်ပြီး နောင်နှစ်ပေါင်း တစ်သောင်းတိုင်အောင် ပျက်စီးလိမ့်မည်မဟုတ်။ သူ၏ ပါရမီမှာကား ကြီးမားလှပေရာ မျက်မှောက်ခေတ် မူလစွမ်းအင်ပုံစံ ကျွမ်းကျင်သူများပင် မိန်းလရုခ်ကို မှီဖို့မလွယ်။
သို့သော် မိန်းဘရုခ်၏ စစ်မှန်သော ရည်ရွယ်ချက်မှာကား ထိုမျှလောက်နှင့် ရပ်တန့် နေခဲ့သည်မဟုတ်။ ၎င်းတွင် အလွန်ရူးသွပ်သော စိတ်ကူးစိတ်သန်း တစ်မျိုး ရှိနေ၏။ ထိုစိတ်ကူးမှာ ... မူလစွမ်းအင်ကို အသုံးပြုရာတွင် တော်ဝင်သွေးဗီဇများ၏ စွမ်းရည်ထက် သာလွန်သော အခြား နည်းလမ်းတစ်ရပ် ရှိရအုံးမည်ဟု သူက တွေးတောနေခြင်း ဖြစ်သည်။
တော်ဝင်သွေးဗီဇကို အသုံးမပြုပဲ မူလစွမ်းအင်ကို ထိန်းချုပ်နိင်သည့် အခြားနည်းလမ်း တစ်မျိုး ရှိနေလေသလား။ အမှန်တော့ ရှိနေသည်ဟု ဆိုရပေလိမ့်မည်။ လူသားများသည် ချီစုဆောင်းခြင်း နယ်ပယ်သို့ ဝင်ရောက်နိုင်ရန် မည်သည့် သွေးဗီဇမျှ မလိုပေ။ စိတ်ပျက်စရာ ကောင်းသည်မှာ ချီစုဆောင်းခြင်း နယ်ပယ်ဟူသည် အဆင့်နိမ့်အလွှာသာ ဖြစ်လေရာ ထိန်းချုပ်နိုင်သည့် မူလစွမ်းအင်ကလည်း နည်းပါးလှသည်။ သွေးဗီဇ မပိုင်ဆိုင်ထားသူ တစ်ယောက်အဖို့ အများဆုံး ရောက်ရှိနိုင်သည့် နယ်ပယ်မှာ သွေးဆူပွက်ခြင်း နယ်ပယ်ထက် မပိုပေ။ အကယ်၍ တစ်စုံတစ်ယောက်သာ အဆင့်မြင့် နယ်ပယ်များသို့ ဆက်သွားလိုပါက သွေးဗီဇ အထောက်အပံ့ လိုကို လိုအပ်၏။
ထို့ကြောင့် သွေးဗီဇ၏ အင်အားမလိုအပ်ပဲ မူလစွမ်းရည်ကို ထိန်းချုပ်နိုင်သော နည်းလမ်းများ ရှိသည်ဟု ဆိုနိုင်သော်လည်း ၎င်းမှာ အဆင့်နိမ့်အလွှာ ထိန်းချုပ်မှုမျှသာ ဖြစ်သည်။ ဤသို့ဆိုလျင် သွေးဗီဇ စွမ်းအား မလိုအပ်ပဲ မူလစွမ်းရည်ကို ထိန်းချုပ်နိုင်မည့် အဆင့်မြင့်အလွှာ နည်းလမ်း တချို့တလေများ ရှိနေသလား။
နည်းလမ်းတချို့မှာ အမှန်တကယ်ပင် ရှိနေခဲ့၏။ ရက်စက်သူမျိုး စိတ်များ၏ မူလစွမ်းအင် ကျောင်းတော်နှင့် ဝိညာဉ်မျိုးစိတ်များ၏ ဝိညာဉ်ခန္ဓာအိမ် ပြောင်းလဲခြင်းသည် ၎င်းတို့၏ သက်ဆိုင်ရာ မျိုးစိတ်များအား သွေးဗီဇမလိုပဲ မူလစွမ်းအင်အား အဆင့်မြင့်အလွှာတွင် ထိန်းချုပ်နိုင်သော စွမ်းရည်မျိုးကို ဖြစ်ပေါ်စေ၏။ သို့သော် အထက်ပါ နည်းလမ်း နှစ်ရပ်လုံး လိုလိုတွင် အားနည်းချက် ကိုယ်စီ ရှိနေ၏။ မူလစွမ်းအင် ကျောင်းတော်သည် အသုံးပြုသူများအား ရံဖန်ရံခါ ထိန်းမနိုင် သိမ်းမရ ဖြစ်စေခြင်း၊ အကြောင်းပြချက်မရှိပဲ ဒေါသအိုး ပေါက်ကွဲခြင်း စသည့် အခြေအနေများကို ဖြစ်ပေါ် စေတတ်သည်။ ဝိညာဉ်ခန္ဓာအိမ် ပြောင်းလဲခြင်းမှာကား အသုံးပြုသူ၏ ပင်ကိုယ် သဘာဝကြီး တစ်ခုလုံးကို ပြောင်းလဲ သွားစေတတ်၏။
ထို့ကြောင့် အထက်ပါ နည်းလမ်း နှစ်ရပ်လုံး လိုလိုသည် သွေးဗီဇမလိုပဲ မူလစွမ်းအင်ကို အဆင့်မြင့်အလွှာ အနေအထားဖြင့် ထိန်းချုပ်နိုင် စေသည်ဟု ဆိုနိုင်သော်လည်း သွေးဗီဇဖြင့် ထိန်းချုပ်သည့် နည်းလမ်းထက် သာလွန် ကောင်းမွန်သည်ဟု ပြော၍တော့မရ။ မိန်းဘရုခ် အမှန်တကယ် လိုချင်သည့် နည်းလမ်းမှာကား သွေးဗီဇထက် သာလွန်သည့် နည်းလမ်းမျိုးသာ ဖြစ်သည်။ ပို၍တိကျစွာ ပြောရလျင် ၎င်းသည် မိန်းဘရုခ် တစ်ဦးတည်း၏ အိပ်မက်မဟုတ်။ နှစ်ပေါင်း တစ်သိန်းအကြာ မူလကမ္ဘာကြီးအတွင်း မှီတင်း နေထိုင်ခဲ့ကြသော ညဏ်ရည်မြင့် မျိုးစိတ်တိုင်း၏ အိပ်မက်လည်း ဖြစ်သည်။
သို့သော် မူလသတ္တဝါ ဆိုးကြီးများမှ တစ်ပါး မည်သူမျှ ထိုကိစ္စကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့။ မူလသတ္တဝါ ဆိုးကြီးများမှာကား ဤကမ္ဘာကြီး၏ အချစ်တော်များဟုပင် ဆိုနိုင်၏။ ဤကမ္ဘာ၏ စွမ်းအင် တစ်မျိုးတည်းကသာ သူတို့အား နက်ရှိုင်းသော အိပ်စက်ခြင်းသို့ ပို့ဆောင်နိုင်လေသည်။
မည်သို့ပင်ဖြစ်စေ မိန်းဘရုခ်ကား သူ၏ စိတ်ကူးယဉ် အိပ်မက်ကို နက်နက်ရှိုင်ရှိုင်း ဖက်တွယ် ထားဆဲသာ ဖြစ်သည်။ ရှေးနှစ်ပေါင်း များစွာကစ၍ ယနေ့ထိတိုင် ညဏ်ရည်မြင့် မျိုးစိတ်များ၏ ပါရမီရှင်ပေါင်း မည်မျှအထိ ဤအိပ်မက်မျိုး အတွင်း နစ်မြှုပ် ကျဆုံးသွားပြီ ဖြစ်ကြောင်း မည်သူမျှမသိနိုင်။ သို့သော် လက်ရှိ အချိန်ထိတော့ ထိုကိစ္စကို အောင်မြင်အောင် မည်သူမျှ မစွမ်းဆောင်နိုင်သေး။ အမှန်တော့ သွေးဗီဇညှို့ငင် ထုတ်ယူကိရိယာ၊ မူလစွမ်းအင် ကျောင်းတော်နှင့် ဝိညာဉ်ခန္ဓာ ပြောင်းလဲခြင်း တို့သည် မူလစွမ်းအင်ကို ထိန်းချုပ်နိုင်ရန် ညဏ်ရည်မြင့် မျိုးစိတ် အသီးသီး၏ ကြိုးစားမှု ပြယုဒ်များသာ ဖြစ်ကြလေသည်။
သို့သော် မိန်းဘရုခ်၏ ရည်မှန်းချက်မှာကား တမူထူးခြားနေ၏။ သူ့နည်းလမ်းသည် သွေးဗီဇထက်ပင် သာလွန်နေရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် မိန်းဘရုခ်သည် သွေးဗီဇ မလိုအပ်ပဲ မူလစွမ်းအင်ကို မြင့်မြင့်မားမား ထိန်းချုပ်နိုင်မည့် နည်းလမ်းတစ်မျိုးကို ရှာဖွေနေသည်ဟု ဆိုရမည့်အစား သူ့ဘဝ၏ နောက်ဆုံး အိပ်မက်ကို အကောင်အထည် ဖော်နိုင်မည့် ခရီးရှည်ကြီးကို လျှောက်လှမ်း နေခဲ့သည်ဟု ကဗျာဆန်ဆန်ပင် ဆိုရပေလိမ့်မည်။ သွေးဗီဇ ထုတ်ယူကိရိယာ၊ မူလစွမ်းအင် ကျောင်းတော်နှင့် ဝိညာဉ်ခန္ဓာအိမ် ပြောင်းလဲခြင်း တို့မှာကား ထိုခရီးလမ်းပေါ်ရှိ သေးငယ်သော တစ်ထောက်နားရပ်များနှင့် တူလေသည်။
လူအများစုမှာကား အဆိုပါ တစ်ထောက်နား ရပ်များတွင် ခေတ္တနားခိုခွင့် ရသည်နှင့် ကျေနပ်ကုန်ကြ၏။ သို့သော် မည်သည့်အခါမျှ စိတ်မကျေနပ်သော လူတချို့လည်း အမှန်တကယ် ရှိနေဆဲပင်။
လေစားသမှုနှင့် ပြောရလျင် မိန်းဘရုခ်၏ ရည်မှန်းချက်မှာ အလွန်ပင် ကြီးကျယ် ခမ်းနားလှပြီး သူ့ကို ဤကိစ္စနှင့် ပတ်သက်လျင် သူ့ကို စွန့်ဦးတည်ထောင်သူ ဖခင်ကြီးအဖြစ်ပင် သတ်မှတ်နိုင်၏။ သို့သော် အိပ်မက်ကို အကောင်အထည်ဖော်ရန် သူအသုံးပြုခဲ့သော နည်းလမ်းများမှာကား ယုတ်ညံ့လှ၏။ သူသည် အလောင်းကောင် ဝိညာဉ်ပန်းများ ရရှိရန် လူပေါင်း မြောက်များစွာကို အကြောင်းမဲ့သက်သက် သတ်ဖြတ်ပြီ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်ကို ဖန်တီးခဲ့သည်။ သူ့စိတ်ကူးမှာကား ထူးခြားဆန်းပြားလှ၏။ အချိန်ကာလအလျောက် အိုမင်းရင့်ရော် လာခြင်းကို ရှောင်တိမ်းပြီး လူ့သက်တမ်းကို ဆွဲဆန့်နိုင်ရန် မိန်းဘရုခ်သည် သူ့ကိုယ်သူ ဤနေရာ ဌာနကြီးအတွင်း နှစ်ပေါင်းများစွာ လှောင်ပိတ်ထားရန် ကြံစည်ထားခြင်း ဖြစ်သည်။ ဤပုံဤနည်းအားဖြင့် သူသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မူလစွမ်းအင်၏ လျှို့ဝှက်ချက်ကို ရှာတွေ့ပြီး အိုမင်းရင့်ရော်ခြင်း မရှိပဲ အပြင်လောကသို့ ပြန်လည် ရောက်ရှိလာလိမ့်မည်။
သို့သော် လက်ရှိ အနေအထားအရ သုံးသပ်ရလျင် မိန်းဘရုခ်သည် တစ်စုံတစ်ခုကို မှားယွင်း တွက်ချက် မိပုံရသည်။ သို့တည်းမဟုတ် အမှားတစ်စုံတရာ ပြုလုပ်ခဲ့မိပုံရသည်။
မိန်းဘရုခ်သည် မူလကတည်းက အာကင်နာ အဖွဲ့အစည်းကြီး၏ ခေါင်းဆောင် တစ်ဦးဖြစ်လေရာ အရာအားလုံးကို ကြိုတင် ပြင်ဆင်နိုင်ရန် အဖွဲ့အစည်း၏ အရင်းအမြစ်များကို ရယူအသုံးပြုခဲ့၏။ သို့သော် ထိုအရင်းအမြစ်များကို သူသည် သူ့ကိုယ်ကျိုး အတွက်သာ အသုံးချခဲ့ခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ...
သူသည် သီးခြား ဖန်တီးထားသော ဤနေရာတွင် အချိန်အတိုင်းအတာ တစ်ခုအထိ လှောင်ပိတ်ခံ၍ နေထိုင်သွားမည်ဆိုပါက အချိန်သည်လည်း ရပ်တန့် နေပေလိမ့်မည်။ ထိုအခါ နှစ်ပေါင်းမည်မျှပင် ကြာမြင့်သွားစေကာမူ အိုမင်းရင့်ရော်ခြင်း ဟူသည်မှာ သူ့အတွက် ပြသာနာ မဟုတ်တော့။ အချိန်တန်သည်နှင့် သူသည် တံခါးကိုဖွင့်ပြီး ကမ္ဘာလောကကြီး၏ ပြောင်းလဲခြင်းများကို ငေးမော ကြည့်ရှုမည်။ ထို့နောက် အလောင်းကောင် ဝိညာဉ်ပန်းများကို ယူငင် လိုက်မည်သာ။
သို့သော် နှစ်ပေါင်းများစွာ ကြာမြင့် သွားမည်ဆိုပါက အဖွဲ့အစည်းအပေါ် မကောင်းသော အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ကျရောက် လာနိုင်ချေရှိကြောင်း မိန်းဘရုခ်အနေနှင့် အဘယ်ကြောင့် ထည့်မတွက် ခဲ့လေသနည်း။ အမှန်တော့ သူ့စိတ်ထဲတွင် ဤကိစ္စမှာ ထည့်တွက်စရာ မလိုဟု ဆုံးဖြတ်ထားခြင်းကြောင့် ဖြစ်သည်။ အဆုံးစွန်သော အိပ်မက်နှင့် ပတ်သက် လာလျင် အရာအားလုံးသည် အသေးအဖွဲမျှသာ၊ လူတိုင်းသည် စွန့်လွှတ်မှုများ ပြုလုပ်ရမည်ဟု သူ့အနေနှင့် ယူဆထားသည် မဟုတ်ပါလား။
ထို့နောက် မိန်းဘရုခ်သည် အရာအားလုံးကို စနစ်တကျ စီစဉ်ထားခဲ့၏။ သူ့အစီအစဉ်မှာ အလွန်ကောင်းမွန် လှသော်လည်း အဖွဲ့အစည်း၏ အကျိုးကျေးဇူးကိုမူကား လစ်လျူရှု ထားခဲ့မိ၏။ ထိုအခြေအနေကို လူတချို့ သတိထားမိသောအခါ အဓိကရုန်းများ စတင်ပေါ်ပေါက် လာတော့သည်။ မိန်းဘရုခ်နှင့် သူ့လက်အောက် ငယ်သားများသည် စစ်ပွဲကို အနိုင်ရရှိရန် အပြင်းအထန် တိုက်ပွဲဝင်ခဲ့ကြ၏။ နောက်ဆုံးတွင်ကား တွင်းနက်ကြီးအတွင်း အာကင်နာမျိုးစိတ် ဝင်များ၏ အလောင်းများဖြင့်သာ တဖြည်းဖြည်း ပြည့်နှက် လာခဲ့သည်ဟု ဆိုရမည်။
နောက်ဆုံးတွင် မိန်းဘရုခ် အနိုင်ရရှိသွား၏။ သို့သော် သူသည်လည်း ဒဏ်ရာ အပြင်းအထန် ရရှိသွားတော့သည်။ သေလုမြောပါး ဒဏ်ရာကြောင့် သူ၏ မူလစွမ်းအင်ပုံစံ တစ်ခုလုံး ပျက်စီးသွားခဲ့လေရာ အချိန်တိုအတွင်း ဖြစ်ပေါ်လာမည့် ပြောင်းလဲခြင်းများအား မြင်တွေ့နိုင်ဖွယ်ရာ မရှိတော့။ မိန်းဘရုခ် ကိုယ်တိုင်ကလည်း သူ့အနေနှင့် အသက်ရှင်ဖွယ်ရာ မရှိတော့ကြောင်း ကောင်းကောင်းသိသည်။ ထိုအခါ သူသည် ကျောက်တုံးအခန်း၏ တစ်ဖက်ခြမ်းတွင် လျှို့ဝှက် အခန်းငယ် တစ်ခန်းကို တည်ဆောက်ပြီး ထိုအခန်းတွင်း၌ပင် တိတ်ဆိတ်စွာ သေဆုံးရန် ရွေးချယ်လိုက်၏။ သူ၏ မှတ်တမ်းများ ထဲတွင်ကား သူ့ကိုယ်သူ ဖုံးကွယ်ရန် မည်သည့် နည်းလမ်းများကို အသုံးပြုခဲ့ကြောင်း ဂဃနဏ ရေးသားထားခြင်းမရှိ။
ကြည့်ရသည်မှာ မိန်းဘရုခ်သည် သူ့ကို တခြားလူများက ရှာဖွေတွေ့ရှိရန် မျှော်လင့်ခဲ့ပုံမရ။ ထို့ကြောင့်ပင် လျှို့ဝှက်အခန်းကို ဖွင့်လှစ်မည့် နည်းလမ်းနှင့် ပတ်သက်၍ မည်သည့် သဲလွန်စမျှ ချန်းမထားခဲ့ခြင်းပင်။ တစ်ဖက်တွင်လည်း လျှို့ဝှက်အခန်းကို ဖွင့်လှစ်ရမည့် နည်းလမ်းမှာ မိန်းဘရုခ်၏ စိတ်ထဲတွင် အလွယ်ကူဆုံး နည်းလမ်းမျိုးသာ ဖြစ်ခဲ့စေလိုပုံ ရနေပြန်သည်။ အမှန်တော့ မိန်းဘရုခ် ကိုယ်တိုင်လည်း စိတ်ထဲတွင် အတော်လေး ဒွိဟ ဖြစ်နေခဲ့၏။ သူသည် သူကျူးလွန်ခဲ့သည့် ပြစ်မှုများအား နောင်လာ နောက်သားများကို အသိပေးသင့်၊ မပေးသင့် ဝေခွဲမရခဲ့ချေ။ လျော့တိလျော့ရဲ နိုင်လှသော လျှို့ဝှက်အခန်းကို ဖွင့်လှစ်သည့် နည်းလမ်းကို ကြည့်လျှင် မိန်းဘရုခ်၏ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခကို မြင်တွေ့နိုင်လေသည်။
မိန်းဘရုခ်၏ စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခမှာ မှန်၊မမှန် မေးခွန်း ထုတ်နိုင်ဖွယ်ရာကား မရှိတော့။ သူသည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီကတည်းက သေဆုံးသွားခဲ့လေပြီ။ သေချာသည်ကတော့ စုချန်းသည် မိန်းဘရုခ်၏ နောက်ဆုံး အမွေဆက်ခံသူ ဖြစ်လာခြင်းပင်။ အမှန်တော့ မိန်းဘရုခ်သည် မချမ်းသာလှ။ သူသည် ပညာကိုသာ လိုလားသူ ဖြစ်လေရာ မူလကိရိယာ တစ်မျိုးတစ်လေပင် ပိုင်ဆိုင်ထားခြင်းမရှိ။ သို့သော် များပြားလှသော ဗဟုသုတ၊ ပညာရပ်များကိုမူကား ချန်ထား ရစ်ခဲ့လေသည်။ အခန်းတွင်းရှိ မရေမတွက်နိုင်သော မှတ်စုမှတ်ရာ များသည် မိန်းဘရုခ်၏ စစ်မှန်သော ရတနာများ ဖြစ်ကြသည်။ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ မည်သည့် ရတနာမျိုး ထက်မဆို ပို၍ တန်ဖိုးကြီးမား၏။ အမှန်အတိုင်းပြောရလျှင် ဤအခန်းတွင်းမှ မှတ်တမ်းမှတ်ရာများကို စုစည်းလိုက်လျှင် အဆင့်မြင့် တက္ကသိုလ်တစ်ခု၏ စာကြည့်တိုက်နှင့်ပင် ယှဉ်နိုင်၏။
အကယ်၍ စုချန်းသာ ထိုမှတ်တမ်းများ အားလုံးကို လေ့လာနိုင်ခဲ့လျှင် နဂါးကျောင်းတော်သို့ မဝင်ရောက် နိုင်ခဲ့သည့်တိုင် ပြသာနာမဟုတ်တော့။ အသိအမြင် ဗဟုသုတများမှအပ နဂါးကျောင်းတော်အနေနှင့် ပိုမိုပိုင်ဆိုင်ထားသော အရာဟူ၍ အရင်းအမြစ်များ၊ အဆက်အသွယ်ကောင်းများ၊ အခွင့်အလမ်းများနှင့် ဆရာများ၏ လမ်းညွှန်မှုများသာ ဖြစ်လေရာ စုချန်းအတွက် အထူးတလည် မက်မောစရာတော့ မရှိလှ။
ကြိုတင် သဘောတူညီချက်အရ အခန်းတွင်းရှိ ပစ္စည်းများ အားလုံးကို စုချန်းအနေနှင့် ပိုင်ဆိုင်ခွင့်ရှိနေ၏။ ထို့နောက်တွင်ကား စုချန်းသည် အခန်းတွင်းရှိ မည်သည့် ပစ္စည်းကိုမျှ သီးသန့် ဖယ်ထားသည်ဟူ၍ မရှိတော့ပဲ အိတ်သွန်ဖာမှောက် သိမ်းဆည်းတော့သည်။ မတော်တဆ ဖြစ်ရပ်များသည် ပျော်ရွှင်ဖွယ်ရာ၊ အံ့သြသင့်ဖွယ်ရာများကို သယ်ဆောင် လာတတ်သည်မှာ အမှန်ပေတကား။ ပိုးမွှားကောင်များနှင့် အရိပ်မြွေများကြောင့်သာ မဟုတ်လျင် စုချန်းအနေနှင့် ဤနေရာကို ရှာဖွေ တွေ့ရှိနိုင်မည်မဟုတ်။
ထိုထက်ပို၍ အကြီးမားဆုံး ပျော်ရွှင်ဖွယ်ရာ၊ အံ့သြသင့်ဖွယ်ရာမှာကား မိန်းဘရုခ်၏ လက်တွင် ဝတ်ဆင်ထားသော လေဟာနယ် လက်စွပ်ကြောင့်ပင် ဖြစ်လေတော့သည်။ အပိုဆု အနေနှင့် လက်စွပ် အတွင်းဝယ် မူလကျောက်တုံးများပင် ပါရှိနေသေး၏။ တစ်ဖန် ထိုလက်စွပ်သည် စုချန်း၏ လက်စွပ်နှင့် မတူပေ။ စုချန်း၏ လက်စွပ်ထက် အဆပေါင်းများစွာ ကြီးမားပြီး တကယ့် ပညာရှင် တစ်ယောက်၏ လက်စွပ်မျိုး ဖြစ်လေရာ အသုံးပြုနိုင်ပုံမှာလည်း များစွာ ခြားနားနေ၏။ သို့သော် လက်စွပ် အတွင်း၌ကား မည်သည့်ပစ္စည်းမှ များများစားစား ရှိမနေ။ ကြည့်ရသည်မှာ လက်စွပ်ကို နောက်ဆုံးအကြိမ် အသုံးပြုခဲ့စဉ်က ဤအခန်းတွင်းရှိ ပစ္စည်းများကို သယ်ဆောင်ရန် အသုံးပြုခဲ့ပုံ ရလေသည်။
လက်စွပ်အတွင်း နောက်ဆုံးကျန်ရှိသော ပစ္စည်းဟူ၍ အဆင့်မြင့် မူလကျောက်တုံးသာ ဖြစ်လေသည်။ သို့သော် ထိုကျောက်တုံး အတွင်းရှိ မူလစွမ်းအင် အများစုမှာကား ဝါးမြိုစားသောက်ခံခဲ့ ရပြီးလေပြီ။ ဆိုလိုသည်မှာ မူလစွမ်းအင် အနည်းစုကား ကျန်ရှိနေသေး၏။
ထိုအခါ စုချန်းသည် အလွန်အမင်း စိတ်လှုပ်ရှား လာတော့သည်။ ရေကန်အသင့် ကြာအသင့်ပေတကား။ သူသည် ယခုအချိန်တွင် နဂါးကျောင်တော်၏ ပြိုင်ပွဲဝင် တစ်ဦးသာ ဖြစ်နေသေး၏။ မည်သည့်ပြိုင်ပွဲဝင်မှ ၎င်းတို့၏ မူလစွမ်းအင်များကို ပြန်လည် ဖြည့်ဆည်းရန် မူလကျောက်တုံးများ မပါပေ။ ဤ အဆင့်မြင့် မူလကျောက်တုံးနှင့် ဆိုလျှင် သူ၏ မူလစွမ်းအင်များကို ပြန်လည် ပြည့်ဝလာနိုင်စေ၏။ ပြင်းထန်သော တိုက်ပွဲနှစ်ပွဲကြောင့် မူလစွမ်းအင်များ အတော်လေး လျော့ပါးသွားခဲ့ပြီ ဖြစ်လေရာ စုချန်းက ချက်ချင်းပင် ကျောက်တုံးအတွင်းမှ မူလစွမ်းအင်များအား စုပ်ယူလိုက်၏။ ထို့နောက်တွင်ကား စုချန်း၏ မူလစွမ်းအင်သည် အဆင့်အမြင့်ဆုံး အနေအထားထိ ပြန်လည်ရောက်ရှိ လာတော့သည်။
အသုံးပြုပြီးသော မူလကျောက်တုံးအား လွှင့်ပစ်လိုက်ပြီး စုချန်းသည် မိန်းဘရုခ်အား နောက်ဆုံးအနေနှင့် စိုက်ကြည့်လိုက်သည်။ ထိုအခိုက်မှာပင် သူ့မျက်လုံးအစုံက ၎င်း၏ အင်္ကျီ အိပ်ကပ်ကို သတိထားမိလိုက်၏။ အိပ်ကပ် အတွင်းဝယ် ပါးလွှာသော စမ်းသပ်မှု မှတ်တမ်း စာအုပ်တစ်အုပ် ရှိနေခဲ့လေသည်။
စုချန်းက စာအုပ်ကို ဆွဲယူပြီး အမှတ်တမဲ့ လှန်လှော် ကြည့်ရှုလိုက်သည်။ ထို့နောက်တွင်ကား သူသည် စာအုပ်ကို လက်က မချနိုင်တော့။