ရည်မှန်းချက်
Vol. 3 Ch. 277
ချန်းဖန်အတွက် နင်းရှန်ချန် ကဲ့သို့သောလူမှာ သေးငယ်သော အင်းဆက် ပိုးမွှားလေးသာ ဖြစ်သည်။ ချန်းဖန်တွင် နင်းရှန်းချန်ကို နင်းခြေရန် နည်းလမ်းပေါင်း သန်းနှင့်ချီ ရှိသည်။ အရိုးရှင်းဆုံး နည်းလမ်း တစ်ခုမှာ ကျန်းလုပ်ငန်းစုထံ ဖုန်းခေါ်ပြီး ဟွာရီ ဖျော်ဖြေရေး၏ စတော့ ဈေးကွက်ကို တိုက်ခိုက်စေခြင်း ဖြစ်သည်။
ဟွာရီ ဖျော်ဖြေရေးမှာ ကျန်းလုပ်ငန်းစုနှင့် ငွေကြေး အင်အားခြင်း နှိုင်းယှဉ်ပါက အလွန် နိမ့်ကျသည်။ ဖျော်ဖြေရေး ကုမ္ပဏီများ အနေဖြင့် မည်မျှပင် အောင်မြင် စေကာမူ သူတို့၏ အခြေခံမှာ စီးပွားရေး အင်အားကြီး လုပ်ငန်းစုများကို ယှဉ်ရန် မဖြစ်နိုင်ပေ။
အကယ်၍ ချန်းဖန်သာ လုပ်ချင်စိတ် ရှိလျှင် ကျန်းလုပ်ငန်းစု၏ အင်အားဖြင့် ဟွာရီ ဖျော်ဖြေရေး ကုမ္ပဏီကို ကောင်းစွာ နှိပ်ကွပ်၍ ရသည်။ ချန်းဖန်၏ နောက်ကွယ်၌ ဟောင်ကောင်မှ အစီအရင် ပညာရှင်များ၊ ပြည်မကြီးမှ လုမိသားစု၊ ဆေးနတ်ဘုရား တောင်ကြား အစရှိသဖြင့် အင်အားကြီး အဖွဲ့များစွာ ရှိနေသည့် အပြင် စစ်တပ်မှ ဗိုလ်ချုပ်၏ဟူသည့် ရာထူးကိုလည်း ပိုင်ဆိုင် ထားသေး၏။ ထိုအင်အားစုများ ပေါင်းလျှင် ဟွာရီဖျော်ဖြေရေး လုပ်ငန်းမှာ မော်ကြည့်ရန်ပင် အခွင့်အရေး မရှိပေ။
သို့သော် ချန်းဖန်က ပိုမို တိုက်ရိုက်ဆန်သော နည်းလမ်းအား ရွေးချယ်ခဲ့သည်။ ထိုအရာကား သတ်ဖြတ်ခြင်းပင်။ အစပိုင်းတွင် ချန်းဖန် နင်းရှန်းချန်ကို သတ်ဖြတ်ရန် စိတ်မဝင်စား ခဲ့သော်လည်း သူ့အား ဒူးထောက် တောင်းပန်ရန် ပြောခဲ့သည့် အချိန်တွင်မူ ခွင့်လွှတ်နိုင်စရာ အကြောင်း မရှိတော့ပေ။
ချန်းဖန်မှာ သာမန်တက္ကသိုလ် ကျောင်းသား တစ်ယောက် အနေဖြင့် ဆက်လက် နေလိုသည့်တိုင် ပိုးကောင်လေးများက သူ့အား စော်ကား နေသည်ကို သည်းမခံနိုင်ပေ။ သူကား မြောက်ဘက် ကောင်းကင်ဘုံ၏ အရှင် ဖြစ်သည်။ သူရောက်ရှိရာ နေရာတိုင်းမှ တန်ခိုးရှင်ကြီးများ ပင်လျှင် သူ့အား ရိုသေစွာ ကြိုဆိုရသည်။ သူ့အား မလေးမစား ပြုမူရဲသူ တစ်ယောက်မှ မရှိချေ။
ချန်းဖန်နှင့် ကျန်းမိသားစုကြားမှ အဖြစ်အပျက်များကို လူအနည်းငယ်သာ သိကြပြီး အများစုကမူ ကောလာဟလများ အဖြစ်သာ ကြားဖူးကြသည်။ ထို့ကြောင့် ဟောင်ကောင်၏ များစွာသော သူဌေးကြီးများမှာ ချန်းဖန်အား တဖြည်းဖြည်း မြင့်တက်လာသည့် ကြယ်တစ်ပွင့် အလားသာ သိကြသည်။ အစီအရင် ပညာရှင်များနှင့် ဆက်စပ် နေသသော အသိုင်းအဝိုင်းသာ ချူလုံ တောင်ထိပ်၌ ဖြစ်ပျက် ခဲ့သည်များကို သိရှိခဲ့ကြသည်။
"ဆရာချန်း ... ပါတီပွဲ ပျက်သွားမှာကို ကျွန်တော် စိုးရိမ်မိတယ်။ ခု ဆရာချန်းတို့ အနားယူရမယ့် နေရာကို ကျွန်တော် လိုက်ပို့ပါ့မယ်”
ချူယူလင်က တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်၏။
"မလိုဘူး ...”
ချန်းဖန်က သူ့အား လက်ခါပြ လိုက်သည်။ ချန်းဖန် ဘေးနားတွင် ရှိသော လူတစ်စုကို လှည့်ကြည့်လိုက်သည်။ လုကျန်းယု၊ လီရှင်းရုတို့ အပါအဝင် လူတိုင်းမှာ ခေါင်းများကို ငုံ့လျက် ခြေထောက်များ တုန်ခါ နေကြသည်။
ချင်ရီလန်းနှင့် သူ၏ သူငယ်ချင်းများမှာမူ ကြောက်ရွံ့သည့် ပုံထက် အံ့ဩသည့် အမူအရာများသာ ဖြစ်ပေါ်နေခဲ့သည်။ ကျိုးချင်းရမှာ ချန်းဖန်အား ကြည့်ရင်း သိရခက်သော ပုံစံ သူမ မျက်လုံးတွင် ပေါ်လာသည်။
ချန်းဖန်က သူတို့ထံ လျှောက်လာကာ ချင်ရီလန်း၏ ပခုံးကို ဖက်လိုက်ရင်း ...
"သွားကြစို့"
ချင်ရီလန်းတို့က ခေါင်းညိတ်လိုက်ကာ ချန်းဖန်နှင့်အတူ ပါတီခန်းမ ထဲမှ ထွက်လာခဲ့သည်။ ယန်ချင်းချင်းမှာမူ အူကြောင်ကြောင် ဖြစ်နေသည်။ သူမက ချန်းဖန်တို့နှင့် အတူ လိုက်ရမည်လား ထိုနေရာတွင်ပင် ကျန်ရစ်ခဲ့ ရမည်လား ဝေခွဲမရသည့် ပုံပေါ်သည်။
"ချင်းချင်း ... ဆရာချန်းကို ငါ့ကိုယ်စား လိုက်ပို့ပေးလိုက် ...”
သူမ၏ နောက်မှ အသံတစ်ခုက တိုးညင်းစွာ ထွက်ပေါ်လာသည်။ သူမက နောက်သို့ ပြန်ကြည့်လိုက်ရာ မျက်နှာ တစ်ခုလုံး ဖြူရော်နေသော နင်းယွမ်ဟူကို မြင်သည်။ သူ၏ မျက်လုံးတွင် ပူဆွေးမှု၊ ဝမ်းနည်းမှု၊ နာကျင်မှုများ ပေါ်နေသည့်တိုင် သူ၏ အမူအရာက တည်ငြိမ်နေသေး၏။ နင်းယွမ်ဟူက ဘဝ၌ ခက်ခဲမှု၊ အောင်မြင်မှု၊ ကျရှုံးမှုများစွာကို ရင်းနှီးပြီးမှ ဤနေရာသို့ ရောက်လာခြင်း ဖြစ်ရာ သူ့အနေဖြင့် အရာရာကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်း ရှိသည်။
"ဟုတ်ကဲ့ပါ သူဌေးနင်း ...”
ယန်ချင်းချင်းက ခေါင်းကိုညိတ်ရင်း ပြောလိုက်ကာ ချန်းဖန်တို့ ရှိရာသို့ အပြေးကလေး လိုက်လာခဲ့သည်။
ယန်ချင်းချင်း ထွက်သွားသည်နှင့် နင်းယွမ်ဟူက လူအများဘက်သို့ ကြည့်ရင်း ...
"မထင်မှတ်ထားတဲ့ အရာတွေ ဖြစ်ပျက်သွားတဲ့ အတွက် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်သားက မထင်မှတ်ပဲ လေဖြတ် သွားပါတယ်။ သူက အခုချက်ချင်းပဲ ဆေးကုဖို့ လိုနေလို့ပါ။ စိတ်မရှိပါနဲ့ ...”
နင်းယွမ်ဟူက တောင်းပန်လိုက်ရင်း ပါတီခန်းမထဲရှိ မန်နေဂျာ တစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
"ရှောင်နင်း ... ဧည့်သည်တွေကို ငါ့ကိုယ်စား ဧည့်ခံ ပေးစမ်းပါ ...”
"ဟုတ်ကဲ့ပါ သူဌေးနင်း ...”
လူများကလည်း သူဌေးနင်းအား ခွင့်လွှတ်သည့် အလား ခေါင်းညိတ်ပြ ကြသည်။
"သူဌေးနင်း ... ဒီက လူတွေကို မပူပါနဲ့ဗျာ။ ခင်ဗျားရဲ့ သားကိုပဲ ဂရုစိုက်လိုက်ပါ”
လူတိုင်း၏ ကရုဏာ အကြည့်များ အောက်တွင်ပင် နင်းယွမ်ဟူမှာ နင်းရှန်းချန်၏ အလောင်းကို သယ်ရင်း အခန်းထဲမှ ထွက်ခွာ သွားတော့သည်။ နင်းယွမ်ဟူ ထွက်ခွာ သွားသည်နှင့် အခန်းက ဆူညံသံများဖြင့် ပြန်လည် ပြည့်နှက်သွားသည်။
"ချန်းပေ့ရွှမ်းကို ဘယ်သူကမှ အပြစ် မလုပ်သင့်ဘူး။ သူက အရမ်း ကြောက်ဖို့ကောင်းတယ်”
လူတိုင်းက ခေါင်းများကို ခါကာ တီးတိုး ရေရွတ်မိကြသည်။ သူတို့၏ အသံများက ကြောက်ရွံ့မှုကြောင့် တုန်ခါ၍ပင် နေသည်။ ချန်းပေ့ရွှမ်း၏ နည်းလမ်းက ရက်စက်သည်ဟု ပြောနိုင်သည့်တိုင် တိုက်ရိုက်ဆန်သည်။ အကယ်၍ သူသာ စီးပွားရေး လုပ်ငန်းများကို အသုံးပြု၍ တိုက်ခိုက်ခဲ့လျှင် အပြစ်မရှိသည့် လများစွာ ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။
ထို့အပြင် ချန်းဖန် နင်းရှန်းချန်ကို သတ်လိုက်ခြင်းက ကြက်ကိုသတ်၍ မျောက်ကို ခြောက်လိုက်ခြင်းနှင့် အတူတူပင်။ ကျန်းမိသားစု၏ လုပ်ငန်းများစွာကို လွှဲပြောင်း ရယူခဲ့သည့် လူသစ်တစ်ဦးကို သွေးတိုး စမ်းချင်သည့် လူများမှာလည်း မရေမတွက် နိုင်အောင် ရှိသည်။ ချန်းဖန် နင်းရှန်းချန်ကို သတ်လိုက်ခြင်းက အခွင့်အရေး ယူရန် စောင့်ဆိုင်း နေသူများကို သတိပေး လိုက်ခြင်းပင်။
"ခုနက နင်းယွမ်ဟူက ဘာကိုဆိုလို ချင်တာလဲ မသိဘူး။ သူ့သားက လေဖြတ် သွားတယ်တဲ့။ နင်းရှန်းချန် အသက် မရှူတော့တာ ငါတို့အားလုံး မြင်တာပဲဟာ”
အစောင့် တစ်ယောက်က သူ့ဘေးမှ စီနီယာ တစ်ယောက်အား ကပ်၍ မေးလိုက်သည်။
"ပါးစပ် ပိတ်ထားစမ်း ...”
စီနီယာက သူ့အား အော်လိုက်သည်။
"သူဌေးနင်းက သူနဲ့ ချန်းပေ့ရွှမ်းကြားမှာ သွေးမလွှမ်း ချင်တော့လို့ပေါ့။ ဟွာရီ ဖျော်ဖြေရေးက ဟောင်ကောင်မှာ ဘယ်လောက်ပဲ အင်အား ကြီးပါစေ။ ဆရာချန်းနဲ့တော့ ဘယ်လိုမှ ယှဉ်လို့ မရဘူး”
အခြား တစ်ယောက်က ဝင်ရောက် ရှင်းပြလိုက်သည်။
"နောက်ပြီးတော့ နင်းရှန်းချန်ကို ဆရာချန်းက လက်ညှိုးနဲ့ ထိုးတာတောင် မင်းမြင်ခဲ့ ရလို့လား ...”
နင်းရှန်ချန်၏ သူငယ်ချင်း များမှာမူ စကားလုံးများ ပျောက်ရှနေခဲ့၏။ ချန်းဖန်မှာ နင်းရှန်းချန်အား သတ်မည်ဟု ပြောခဲ့သည့်တိုင် သူတိုက်ခိုက် လိုက်သည်ကို မည်သူမျှ မမြင်ကြပေ။ အကယ်၍ ဆရာဝန်အား စစ်ဆေး စေလျှင်ပင် နှလုံးရပ် သွားခြင်းဟုသာ ခေါင်းစဉ် တပ်ကြလိမ့်မည် ဖြစ်သည်။
သို့သော် ပါတီခန်းမ အတွင်းရှိ လူများက နင်းရှန်းချန်မှာ ချန်းဖန်ကြောင့် သေသွားခြင်း ဖြစ်ကြောင်း သိကြသည်။ အခြား အကြောင်းပြချက်များကို သူတို့ ယုံကြည်လိမ့်မည် မဟုတ်ပါ။
"သူဌေးနင်းက တကယ်တော်တဲ့ လူပဲ။ သူက ရှုံးမယ့် တိုက်ပွဲကို ဘယ်တော့မှ မတိုက်ဘူး။ သူက ဝမ်းနည်းမှုတွေ ကိုတောင် ကောင်းကောင်းဖုံးကွယ် ထားနိုင်ခဲ့တယ်။ သူက ဟွာရီ ဖျော်ဖြေရေးရဲ့ တည်ထောင်သူ ပီသလွန်းတယ်”
အစောင့် အဘိုးအို တစ်ယောက်က ခေါင်းကို ညိတ်ရင်း ပြောသည်။ အခြားအစောင့် လူငယ်များကလည်း တစ်ယောက်နှင့် တစ်ယောက် တိုးကပ်ကာ ...
"သူဌေးနင်းက ကုမ္ပဏီရဲ့ မင်းသမီး ငယ်ငယ်လေးတွေ၊ မော်ဒယ်လေးတွေနဲ့ အမြဲ အိပ်နေတာ။ အဲဒါကြောင့် သူ့မှာ အခြား တိတ်တိတ်ပုန်း သားသမီးတွေ အများကြီး ရှိသေးတယ်။ ဒါကြောင့် သားတစ်ယောက်သေတာ သူ အရမ်း ခံစားရမှာ မဟုတ်ဘူး ...”
"ဟုတ်တယ် နောက်ပြီးတော့ နင်းရှန်းသာ သူ့အဖေ ခြေရာကို တစ်ထပ်တည်း နင်းနိုင်ခဲ့မယ် ဆိုရင် ခုလို သေမှာ မဟုတ်ဘူး”
နင်းယွမ်ဟူ အပါအဝင် ဖျော်ဖြေရေး ကုမ္ပဏီ တစ်ခု၏ သူဌေးများ အနေဖြင့် သူတို့၏ ဇနီးမယားကို သစ္စာရှိရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ အကယ်၍ သူတို့က တကူးတက မရှာလျှင်ပင် သူတို့ထံသို့ အလိုလျောက် ရောက်လာသည့် မိန်းကလေး အရေအတွက်က ရေတွက်၍ မရနိုင်ပေ။ နင်းယွမ်ဟူတွင်လည်း တိတ်တိတ်ပုန်း သားများစွာ ရှိနေသေးသည်။ ထိုအကြောင်းကို သူ၏ ဘေးတွင်ရှိသော လူများ အသိဆုံးပင်။
ထို့ကြောင့် များစွာသော လူများမှာ နင်းရှန်းချန် သေဆုံးခြင်းကြောင့် နင်းယွမ်ဟိုင် အရမ်း ခံစားရမည် မဟုတ်ကြောင်း သိရှိကြသည်။
နင်းယွမ်ဟူက ပါတီခန်းမထဲမှ ထွက်လာသည်နှင့် နင်းရှန်းချန်၏ အသက်မဲ့ ခန္ဓာကိုယ်ကို သက်တော်စောင့်များထံ ပစ်ပေးလိုက်သည်။ သူ၏ မျက်နှာမှ ဝမ်းနည်းသော အမူအရာများကမူ လုံးဝ မရှိတော့ပေ။ ထို့အစား အေးဆေး တည်ငြိမ်သော မျက်နှာနှင့် နက်နဲသော မျက်လုံးများ ပြန်ပေါ်လာသည်။
"သူဌေးနင်း ... ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ။ သခင်လေး အတွက် လက်စား ချေကြမှာလား ...”
သူ၏ ဘေးမှ တစ်ယောက်က မေးလိုက်သည်။
"လက်စား ချေဖို့လား ...”
နင်းယွမ်ဟူ၏ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွားသည်။
"ဒီအသုံးမကျတဲ့ အရူးက ငါတည်ထောင်ခဲ့ တာတွေကို ဖျက်ဆီးတာက လွဲရင် ဘာလုပ်တတ်လဲ။ မိန်းမတစ်ယောက် အတွက် သူလုပ်တဲ့ပုံက ငါ့အသက်ကိုတောင် ပေးရတော့မလို့။ မိသားစုထဲမှာ သူ့ကြောင့် ဆိုးဆိုးရွားရွား တစ်ခုခု မဖြစ်ခင် သူသေသွားတာ ကောင်းတယ် ...”
နင်းယွမ်ဟူမှာ အကြောက်ပြေသေးပုံ မရပေ။ သူ့တွင် တရားဝင် သားသုံးယောက်နှင့် သမီးတစ်ယောက် အပြင် တိတ်တိတ်ပုန်း သားသမီး ဆယ်ယောက်ကျော်လည်း ရှိနေသေးရာ သားတစ်ယောက် သေဆုံးခြင်းက ကြီးကျယ်သော ကိစ္စတစ်ခု မဟုတ်ပေ။
ဖျော်ဖြေရေး လုပ်ငန်းမှာ အပြိုင်အဆိုင်၊ အတိုက်အခိုက် များသော လုပ်ငန်းတစ်ခု ဖြစ်ရာ နင်းယွမ်ဟူသာ ရိုးသားပြီး အပြစ် ကင်းစင်သည့် လူတစ်ယောက် ဖြစ်လျှင် ယခုကဲ့သို့ အောင်မြင် လာလိမ့်မည် မဟုတ်ပေ။ နင်းရှန်းချန် လုပ်ခဲ့သော အပြုအမူက သူ့အသက်ပင် ပေးရတော့ မလို ဖြစ်ခဲ့သည်။ ဆရာချန်း၏ ဒေါသ မည်မျှ ကြီးသည်ကို သူသိထားသည်။
သားတစ်ယောက် ဆုံးရှုံးခဲ့လျှင်ပင် သူ့၌ အခြားသားများ ရှိသေးသည်။ ဟွာရီဖျော်ဖြေရေး ကုမ္ပဏီ ဆုံးရှုံးခဲ့လျှင် သူ၏ အရာရာက ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။ ထိုအရာက နင်းယွမ်ဟူ အတွက် သေဆုံးသည်ထက် ပိုမို ဆိုးဝါးသော အရာ ဖြစ်သည်။
"ငါ ဒီအတိုင်း ထိုင်နေလို့ မရဘူး။ ယန်ချင်းချင်း တစ်ယောက်တည်းက ဆရာချန်းရဲ့ ဒေါသကို ဖြေနိုင်ပါ့မလား ...”
နင်းယွမ်ဟူ မျက်မှောင်ကြုတ်ရင်း တွေ့လိုက်၏။ သူ၏ မိသားစု မပျက်စီးခင် ဆရာချန်း၏ ဒေါသပြေအောင် သူကြိုးစားရမည် ဖြစ်သည်။
"ငါ ဆရာချန်းဆီ သွားပြီး တောင်းပန်သင့်တယ်လို့ ထင်တယ်”
နင်းယွမ်ဟူက အံတစ်ချက် ကြိတ်ကာ သူ၏ လက်ထောက်ကို ခေါ်လိုက်သည်။
"လီရှင်းရု ဆီကိုသွား။ ငါ သူ့ကို တွေ့ချင်တယ်လို့ ...”
***