← Chapters

ဘရုခ်ပုံသေနည်း

Vol. 14 Ch. 131

ဘရုခ်ပုံသေနည်း

Vol. 14 Ch. 131

ထိုစာအုပ်မှာ တခြားစာအုပ် မဟုတ်။ မူလစွမ်းအင်ပုံစံများ အကြောင်းကို ရေးသားထားသည့် စာအုပ်ဖြစ်သည်။ တခြား မှတ်တမ်းများနှင့် မတူရသည်မှာကား ဤစာအုပ်တွင် ရေးသားထားသမျှ အကြောင်းအရာများ အားလုံးသည် အလွန်တရာ ဂရုတစိုက်နှင့် ရေးသားထား သောကြောင့်ပင် ဖြစ်သည်။ တဖန် ဤစာအုပ်အတွင်း မိန်းဘရုခ် ရေးသားထားသည့် စမ်းသပ်မှုမှာ ပြီးမြောက်အောင်မြင် သွားခဲ့ပြီဖြစ်လေရာ စမ်းသပ်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက် များမှာလည်း စနစ်တကျနှင့် တိတိကျကျ ပြဌာန်းခဲ့ပြီးသား ဖြစ်သွားလေပြီ။

အရိုးရှင်းဆုံး ပြောရလျှင် စမ်းသပ်မှုနှင့် ပတ်သက်သည့် အချက်အလက်များ အားလုံးသည် စစ်မှန်ပြီး အတည်ပြုပြီးသော အချက်အလက်များ ဖြစ်လေရာ ၎င်းတို့အား မည်သို့မည်ပုံ အသုံးပြုရမည်ကို စာအုပ်တွင် ကွက်ကွက်ကွင်းကွင်း ရေးသားထားခြင်း ဖြစ်သည်။ သို့သော် စာအုပ်အတွင်း မှတ်တမ်းတင်ထားသည့် အကြောင်းအရာများမှာကား မူလစွမ်းရည်များ မဟုတ်။ များပြားလှသည့် မူလစွမ်းအင် အပိုင်းအစများကို ခွဲခြမ်းစိတ်ဖြာပြီး မိန်းဘရုခ် တီထွင်ခဲ့သည့် အယ်လ်ဂိုရစ်သမ် တစ်မျိုး ဖြစ်သည်။ ၎င်းကို ဘုရုခ်ပုံသနည်းဟု ခေါ်၏။ (အယ်လ်ဂိုရစ်သမ်= ပြဿနာဖြေရှင်းနည်း ဖော်ထုတ်ရာတွင် လိုက်နာရမည့် စည်းကမ်း၊ လုပ်နည်းစနစ်)

ဘရုခ်ပုံသေနည်းကို အသုံးပြု၍ မိန်းဘရုခ်သည် မူလစွမ်းရည်များအား တစ်စစီဖြိုခွဲခွာ ခွဲခြမ်းစိတ်ဖြာနိုင်၏။ လိုက်လျောညီထွေမှု ရှိသော ပုံစံသစ်တစ်မျိုးအဖြစ် ပြောင်းလဲပေးနိုင်၏။ တစ်နည်းအားဖြင့် ဘရုခ်ပုံသေနည်းသည် သစ်လွင်သော မူလစွမ်းရည် တစ်မျိုးကို ဖမ်းတီးပေးနိုင်သော အယ်လ်ဂိုရစ်သမ်ပင် ဖြစ်သည်။

ဤစာအုပ်တွင် ရေးသားထားသည့် အကြောင်းအရာများမှာ ဖြစ်ကော ဖြစ်နိုင်ပါမည်လော။ စုချန်းကား အလွန်ပင် ထိတ်လန့်တုန်လှုပ် သွားတော့သည်။

မိန်းဘရုခ်သည် မူလစွမ်းအင်ကို အသုံးပြုရာတွင် အလွန်ထူးချွန်သူဟု လူသိများသော ပညာရှင်ဖြစ်သည်။ ထို့ကြောင့် သူသည် ဤနည်းလမ်းမျိုးကို တီထွင်နိုင်ခဲ့လေသည်။ တဖန် ဘရုခ်ပုံသေနည်းသည် သူ၏ တီထွင်မှုများအနက် ဂုဏ်ယူစရာ အကောင်းဆုံး တီထွင်မှုများအနက် တစ်ခုဖြစ်သည်ဟု မိန်းဘရုခ်က ထင်မြင်ယူဆခဲ့သည်။ ထို့အတွက်လည်း သူသည် အလွန်တရာပင် ဂုဏ်ယူဝင့်ကြွားခဲ့၏။

ဘရုခ်ပုံသေနည်းသည် အလွန်ပင် ရှုပ်ထွေးလှပေရာ စုချန်းအနေနှင့် အချိန်တိုအတွင်း ထိုနည်းလမ်းကို သင်ယူရန်မှာ မဖြစ်နိုင်ပေ။ သို့သော် သူ့ကို အထူးတလေ စိတ်လှုပ်ရှားစေသည့် အချက်မှာကား ဘရုခ်ပုံသေနည်း လက်စွဲစာအုပ်တွင် မီးလျှံစက်လုံးကို ဥပမာအဖြစ် တင်ပြကာ ဆွေးနွေးထားခြင်းကြောင့် ဖြစ်သည်။ မီးလျှံစက်လုံး နည်းစနစ်ဟူသည် အာကင်နာ နိုင်ငံတော်ကြီး ကောင်းစားစဉ် အချိန်ကာလက လက်တွေ့အကျဆုံး နည်းလမ်းများအနက်မှ တစ်ခုဖြစ်ပြီး လူသိအများဆုံးလည်း ဖြစ်သည်။ ထို့ကြောင့် ထိုနည်းစနစ်ကို သင်ယူလေ့ကျင့်ဖူးသူ မည်သူမဆို အရေးကြုံလာတိုင်း ၎င်းကိုသာ ဥပမာပေး၍ ပြောဆိုလေ့ရှိကြ၏။

စာအုပ်အတွင်းဝယ် ဘရုခ်ပုံသေနည်းကို အသုံးပြု၍ မူလစွမ်းအင် အစိတ်အပိုင်းများအား မည်သို့ဖြိုခွဲရမည်၊ မည်ပုံ ခွဲခြားစိတ်ဖြာရမည်ကို အသေးစိတ် ရှင်းလင်းထား၏။ တိကျသော သင်္ချာဆိုင်ရာ လုပ်ထုံးလုပ်နည်းတို့အား ဆောင်ရွက်ပြီးစီး ပြီးသည့်နောက်ဝယ် မည်သည့်နေရာများတွင် ပြောင်းလဲမှု ဖြစ်ပေါ်လာမည်ကိုလည်း မိန်းဘရုခ်က အကြံပြုထားသေး၏။

ပြောင်းလဲမှုအမျိုးအစား တစ်ခုမှာကား မီးလျှံစက်လုံး နည်းစနစ်နှင့် ငရဲမူလစွမ်းအင် ပုံစံငယ်တို့ ပေါင်းစပ်သွားပြီး ထူးခြားသော အာကင်နာနည်းစနစ်သစ် တစ်ခုဖြစ်သည့် မီးလျှံငှက် နည်းစနစ် ပေါ်ပေါက်လာခြင်း ပေတည်း။

၎င်းသည် စာအုပ်တစ်အုပ်လုံးတွင် ရေးသားထားသမျှ အကြောင်းအရာများအနက် အသေးစိတ်အကျဆုံး အပိုင်းဖြစ်သည်။ မိန်းဘရုခ်သည် ပထမဦးဆုံးအနေနှင့် မီးလျှံစက်လုံး နည်းစနစ်နှင့် ငရဲမူလစွမ်းအင် ပုံစံတို့တွင် ပါဝင်သည့် အစိတ်အပိုင်းများကို စီကာစဉ်ကာ ရေးသားထား၏။ ထို့နောက် သူက ဘရုခ်ပုံသေနည်းကို အသုံးပြု၍ ၎င်းတို့ကို ပြန်လည် ဖြိုခွဲ၏။ တွက်ချက်၏။ မူလစွမ်းအင်ပုံစံများကို ပြန်လည်ရေးသား၏။ နောက်ဆုံးတွင်ကား မူလစွမ်းရည် အသစ်တစ်ရပ် ပေါ်ပေါက်လာ ခဲ့တော့သည်။ ဖြစ်စဉ်တစ်လျှောက်လုံးတွင် မိန်းဘရုခ်သည် ၎င်း၏ ဘရုခ်ပုံသေနည်းကြောင့် မီးလျှံငှက်နည်းစနစ် ပေါ်ပေါက်လာပုံကို အသားပေး ရေးသားထားလေသည်။

စုချန်း အတွက်မှာမူကား ဘရုခ်ပုံသေနည်းကြီး တစ်ခုလုံးသည် အလွန် ရှုပ်ထွေးနေသေး၏။ ၎င်းကို နားလည်နိုင်ရန် အချိန်များစွာ ယူရပေဦးမည်။ သို့သော် စာအုပ်တွင်း၌ မီးလျှံငှက်နည်းစနစ် အကြောင်းကို စံပြုနမူနာတစ်ခုအဖြစ် ရေးသားထားသည့်အပြင် မီးလျှံစက်လုံး နည်းစနစ်မှာ မူလကတည်းက သူ တတ်ကျွမ်းပြီးသား ဖြစ်လေရာ အလွန်လျင်မြန်စွာ လေ့လာသင်ယူနိုင်ခဲ့၏။

ထို့နောက်တွင်ကား စုချန်းသည် သူ့ကိုယ်တွင်းရှိ မူလစွမ်းအင်များကို မီးလျှံငှက် ပုံစံအတိုင်း ရုတ်ခြည်း လှည့်ပတ်စေလိုက်၏။ ထိုအခိုက်မှာပင် သူ့လက်ဖဝါးပေါ်၌ သေးငယ်သော မီးလျှံငှက်ကောင် ထိုင်လျက်သား ရှိနေကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။ ငှက်၏ အရွယ်အစားမှာ အတော်ပင် သေးငယ်၏။ သို့သော် ထိုအထဲတွင် ကိန်းအောင်းနေသည့် မူလစွမ်းအင်မှာကား ထိတ်လန့် လောက်စရာပင်။

ထိုအခါ စုချန်းက လက်ကို ဖျတ်ခနဲ လှုပ်ရှားလိုက်ရာ သူ့စိတ်ကူးထဲမှ အမိန့်အတိုင်း မီးလျှံငှက်သည် လေထဲသို့ ပျံသန်းသွား၏။ ထို့နောက် အနှီငှက်သည် နံရံကို ပြင်းထန်စွာ ဝင်တိုက်ပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာကာ ကျောက်တုံးကျောက်ခဲများ ကျိုးပဲ့ကြေမွကုန်၏။ မီးတောက် မီးလျှံများမှာကား လေထဲသို့ တိုးဝင်ပျောက်ကွယ် သွားတော့သည်။

စုချန်းကား ဝမ်းသာလုံးဆို့လျက် ရှိလေပြီ။ မီးလျှံငှက်၏အင်အားမှာ မီးလျှံစက်လုံးထက် အဆင့်တစ်ဆင့်ခန့် ပိုမိုမြင့်မားသည့်အပြင် ဦးတည်ချက်ကို လိုအပ်သလို ပြောင်းလဲနိုင်သော စွမ်းရည်ရှိ၏။ ၎င်းသည် လေထဲတွင် စက်ဝိုင်းပုံ လှည့်ပတ်လျက် ရန်သူအား တိုက်ခိုက်နိုင်သကဲ့သို့ ရန်သူ၏ နောက်ကျောမှလည်း ပျံသန်း တိုက်ခိုက်နိုင်လေရာ အလွန်ပင် ပြောင်းလွယ် ပြင်လွယ်ရှိသော နည်းစနစ်တစ်ရပ် ပေတကား။

"အင်း ... အသုံးဝင်သလောက် ရန်သူကို တစ်ချက်လွှတ် တိုက်ခိုက်နိုင်တဲ့ အင်အားမျိုး မပါတာကတော့ သိပ်ဆိုးတာပဲ"

စုချန်းက စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းတစ်ချက်ချရင်း ညည်းညူလိုက်မိသည်။ စကြဝဠာကြီး တစ်ခုလုံးကို တစ်ချက်တည်းနှင့် တုန်လှုပ်သွားစေ နိုင်သည်အထိ အင်အားပြင်းထန်သော သွေးဗီဇစွမ်းရည် တစ်မျိုးမျိုးကို စုချန်း တောင့်တနေခဲ့သည်မှာ ကြာပြီ။ သို့သော် သာမန်သွေးနှော တစ်ယောက်အတွက် ထိုကဲ့သို့သော အင်အားမျိုးကို ပိုင်ဆိုင်ရန်မှာ အလွန်ပင် ခက်ခဲလှကြောင့် အချိန် ကြာလာသည်နှင့်အမျှ သူ ပို၍ သဘောပေါက်လာခဲ့ပေပြီ။

ထိုစွမ်းရည်မျိုးရရှိရန် အမှန်တကယ်ပင် ဖြစ်နိုင်ဖွယ်ရာ မရှိတော့ပြီးလား။ စုချန်းတစ်ယောက် အထပ်ထပ်အခါခါ စဉ်းစားတွေးတော မိလေသည်။

ပျံသန်းနေသော ပန်းပွင့် လက်ချောင်းများကို မီးလျှံငှက်နှင့် ပေါင်းစပ်ကြည့်လျှင်ကော မည်သို့ရှိမည်နည်း။ ပျံသန်းနေသော ပန်းပွင့်လက်ချောင်း များဟူသည် သူအသုံးပြုလိုက်သော မည်သည့်ပစ္စည်း၏ စွမ်းအင်ကိုမဆို တိုးမြှင့်ပေးနိုင်၏။ သာမန် သစ်ရွက်လေး တစ်ရွက်ပင်လျှင် ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများ အောက်ဝယ် သံမဏိဓားမြှောင် တစ်ချောင်းသဖွယ် ကြောက်မက်ဖွယ် ကောင်းလာခဲ့လေရာ မီးလျှံငှက်သာဆိုလျှင် ...

စုချန်းကား အချိန်ဆိုင်းတတ်သူ မဟုတ်။ သူက အထက်ပါအတိုင်း စိတ်ကူးပေါ်လာသည်နှင့် ချက်ချင်းပင် မီးလျှံငှက်တစ်ကောင်ကို ထပ်မံဖန်တီးလိုက်သည်။ မီးလျှံငှက်သည် မီးလျှံစက်လုံးလောက် မကြီးမားလေရာ ၎င်းကို ဖန်တီးပြီးသည်နှင့် ချက်ချင်း ပြန်လည် ပစ်ထုတ်ရ၏။ တဖန် ၎င်းသည် မူလစွမ်းအင်ပုံစံငယ် ဖြစ်၍ လေထုထဲတွင် ကိုယ်ပိုင်ပုံစံနှင့် ရပ်တည်နိုင်ပြီး ရန်သူကို ဦးတည်ချက် အမျိုးမျိုးဖြင့် တိုက်ခိုက်နိုင်၏။ ထို့ကြောင့် မီးလျှံငှက်အပေါ်တွင် ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများ အသုံးပြုခြင်းမှာ စုချန်းအတွက် ဖြစ်နိုင်ဖွယ်ရာ ရှိလေသည်။

ထို့နောက် သူက မီးလျှံငှက်ပေါ်တွင် ပျံသန်းနေသော ပန်းပွင့် လက်ချောင်းများ၏ အင်အားကို ထည့်သွင်းရန် ကြိုးစားလိုက်ရာ မီးလျှံငှက်သည် ချက်ချင်းပင် ပေါက်ကွဲသွား၏။ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြောင့် မီးတောက်မီးလျှံများ တစ်ခန်းလုံးသို့ ပျံ့နှံ့သွားသည်။ ကနဦးကတည်းက တစ်ခန်းလုံးကို ကြိုတင် ရှင်းလင်းထား၍သာ တော်တော့သည်။ သို့မဟုတ်လျှင် ကျောက်တုံးအခန်း၏ တစ်ဝက်ခန့်သည် တစ်ချက်တည်းနှင့် ရစရာမရှိအောင် ပျက်စီးသွားပေ လိမ့်မည်။

မီးလျှံငှက် လိုချင်သော ပစ်မှတ်သို့မရောက်မီ ပေါက်ကွဲသွား၍ စုချန်း၏ စမ်းသပ်ချက်သည် ကျရှုံးသွားခဲ့ပြီဟု ဆိုနိုင်၏။ ထိုအခါ သူက ခေါင်းတစ်ချက်ခါရင်း ခါးသီးစွာ ရယ်မောလိုက်သည်။

"ဟား ဟား ဟား ငါဟာ ဒါလေးကိုတောင် အောင်မြင်အောင် မလုပ်နိုင်ဘူးပဲကိုး ထားပါတော့ မီးလျှံငှက်ဆိုတော့လည်း မီးလျှံငှက်ပဲပေါ့"

ထို့နောက် သူက ထိုနေရာမှ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်မှာပင် တစ်စုံတစ်ရာကို စဉ်းစားမိပြီး စုချန်းက တီးတိုးရေရွတ်လိုက်သည်။

"ဟင် ဒါနဲ့ နေစမ်းပါဦး မီးလျှံငှက် ပေါက်ကွဲသွားတယ် ဆိုတာ ပျံသန်းနေသော ပန်းပွင့် လက်ချောင်းများရဲ့ အင်အားကို မခံနိုင်လို့ပဲ မဟုတ်လား တကယ်လို့ ငရဲမူလစွမ်းအင်ပုံစံရဲ့ အင်အားကို မြှင့်တင်လိုက်မယ် ဆိုရင်ကော ဘရုခ်ပုံသေနည်းထဲမှာ ဘယ်မူလစွမ်းအင်ပုံစံ အပိုင်းအစတွေကတော့ အင်အားကို ဆပွာဖို့ သင့်တော်တယ်လို့ သီးခြား ဖော်ပြထားတာမှ မရှိတာ တကယ်လို့ ငါသာ တည်ငြိမ်မှုကို တိုးပွားလာအောင် စွမ်းဆောင်နိုင်ရင် မီးလျှံငှက်ဟာ မြင့်မားတဲ့ မူလစွမ်းအင် အနေအထားမှာ ဘာကြောင့် မရပ်တည်နိုင်ရမှာလဲ"

အထက်ပါအတိုင်း စဉ်းစားမိသည်နှင့် စုချန်းတယောက် စိတ်ကို မထိန်းနိုင်တော့။ စာအုပ်ကို ချက်ချင်းဆွဲထုတ်ပြီး ထိုအထဲတွင် မှတ်တမ်းတင်ထားသည့် မူလစွမ်းအင်ပုံစံများကို အခြေခံ၍ စတင် တွက်ချက်တော့သည်။ ၎င်းသည် စုချန်းတယောက် ဘရုခ်ပုံသေနည်းအား ပထမဆုံးအကြိမ် စတင် အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ကျေးဇူးတင်စရာ ကောင်းသည်မှာ သူ့အနေနှင့် ရှုပ်ထွေးလှသည့် မူလစွမ်းရည်နှစ်မျိုး ပေါင်းစပ်သောအဆင့်ထိ တွက်ချက်ရန် မလို။ မီးလျှံငှက် တည်ငြိမ်မှုရှိစေရန် မူလစွမ်းအင်ပမာဏ မည်မျှလောက်အထိ အသုံးပြုရမည်ဟူသော အချက်ကိုသာ အာရုံစိုက် တွက်ချက်ရန် ဖြစ်သည်။

ရှေးဟောင်းအာကင်နာ နည်းစနစ်များဟူသည် မူလစွမ်းအင် စုပ်ယူမှု အကန့်အသတ်ကို မြှင့်တင်လိုက်ပါက ၎င်း၏ မူလစွမ်းအင် ထုတ်လုပ်မှုမှာလည်း တိုးမြှင့်လာမည်မှာ ဓမ္မတာသာ။ သို့မဟုတ်ပါက မူလစွမ်းအင် စုပ်ယူမှု အကန့်အသတ်အတွက် ညွှန်ပြစရာ မရှိ ဖြစ်နေပေလိမ့်မည်။ ထိုအခါ တခြားနေရာ များတွင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး စုချန်း၏ အလုပ်သည်လည်း ပို၍ ရှုပ်ထွေးခက်ခဲလာမည် ဖြစ်သည်။ သို့သော် ပျံသန်းနေသော ပန်းပွင့်လက်ချောင်း များမှာကား ရှေးဟောင်းအာကင်နာ နည်းစနစ်မဟုတ်။ ၎င်းသည် မူလစွမ်းအင် အဆောင်လက်ဖွဲ့ကို အသုံးပြု၍ ထုတ်ဖော်ရသော မူလစွမ်းရည်သာ ဖြစ်လေရာ စုချန်းအတွက် ကိုင်တွယ်ရသည်မှာ ပို၍ လွယ်ကူစေခဲ့၏။

သို့တိုင်အောင် လိုအပ်သော အဖြေကို ရရှိရန် စုချန်း ခမျာ နာရီအတော်ကြာအောင် တွက်ချက်လိုက်ရ၏။ နောက်ဆုံးတွင်ကား ဘရုခ်ပုံသေနည်း၏ အကူအညီဖြင့် မူလစွမ်းအင်ပုံစံကွက် အသစ်တစ်ခု ပေါ်ထွက်လာခဲ့လေသည်။

၎င်းသည် မီးလျှံငှက်သာ ဖြစ်နေသေးသော်လည်း မူလစွမ်းအင်ပုံစံ၏ အစိတ်အပိုင်းတချို့ ပြောင်းလဲထား၍ ပုံစံငယ်၏ အင်အားမှာ ပိုမို အားကောင်းလာခဲ့၏။ ဤနည်းလမ်းတွင် မီးလျှံငှက်သည် ပို၍ ခံနိုင်ရည် ရှိလာခဲ့သော်လည်း ၎င်း၏ မူလသဘာဝ ဖြစ်သော မြန်ဆန်မှုနှင့် ပြောင်းလွယ် ပြင်လွယ်ရှိမှုမှာ ပျောက်ဆုံးသွားခဲ့လေပြီ။ ဘရုခ်ပုံသေနည်းနှင့် ထပ်မံပြောင်းလဲ လိုက်သော မီးလျှံငှက်သည် ထူးကဲသော ရလဒ်ဖြစ်သည်။ သို့သော် ပျံသန်းနေသော ပန်းပွင့် လက်ချောင်းများသာ မရှိလျင် ၎င်းသည် အသုံးမဝင်သည့် ရလဒ်သာ ဖြစ်နေပေဦးမည်တည်း။

ထို့နောက်တွင်ကား စုချန်းက နည်းစနစ်နှစ်မျိုးကို ပေါင်းစပ်အသုံးပြု လိုက်လေရာ ထူးခြားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့သည်။

မီးလျှံငှက်သည် လေထဲသို့ စွေခနဲ နေအောင် ပျံသန်းသွား၏။ ၎င်း၏ အရှိန်အဟုန်မှာကား ယခင်ထက် အဆပေါင်းများစွာ မြန်ဆန်လှသည်။ မည်မျှထိ မြန်ဆန်သနည်း ဆိုသော် လေထဲတွင် မီးတောက်မီးလျှံများပင် အတန်းလိုက်နေအောင် ကျန်ရစ်ခဲ့၏။ ထို့နောက် ၎င်းသည် တောင်နံရံကို အရှိန်ပြင်းစွာ ထိမှန်သွားတော့သည်။ မီးလျှံငှက် နံရံကို ထိမှန်သွားချိန်ဝယ် ကြီးမားလှသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး နံရံဝယ် အပေါက်ကြီးတစ်ပေါက် ပေါ်လာကာ မရေမတွက် နိုင်လောက်သော သဲမှုန်များနှင့် ကျောက်တုံးများ ပြုတ်ကျလာ၏။

"အောင်ပြီဟေ့"

စိတ်လှုပ်ရှားမှုကို မထိန်းသိမ်းနိုင်တော့ပဲ စုချန်းတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

တိုက်ခိုက်မှု၏ အင်အားမှာကား ပြင်းထန်လှ၏။ အနက်ရောင် မျဉ်းကြောင်းဓား၏ သွေးစက်ဝိုင်းထက်ပင် ပြင်းထန်နေသေးသည်။ ယခုတွင်တော့ သူသည် သွေးဗီဇမူလ စွမ်းရည်ထက်ပင် အင်အားပြင်းထန်သည့် မူလစွမ်းရည်တစ်မျိုးကို ကိုယ်တိုင် ဖန်တီးနိုင်ခဲ့လေပြီ။ စုချန်းတစ်ယောက် ဝမ်းသာလိုက်သည်မှာကား ပြောဖွယ်ရာပင် မရှိတော့။ စိတ်လှုပ်ရှားလွန်း၍ သူ့ခမျာ အော်ဟစ်ငိုကြွေးလို စိတ်များပင် ပေါ်ပေါ်လာတော့သည်။

ယခု သူဖန်တီးလိုက်သည့် မူလစွမ်းရည်သည် ဤကမ္ဘာလောကကြီးဝယ် မည်သည့်အခါမျှ နည်းစနစ်သစ် ဖြစ်သည်။ တစ်နည်းအားဖြင့် သူ၏ မူပိုင်နည်းစနစ်သစ် ဖြစ်သည်။ ထိုအခါ နာမည်တစ်ခုခုတော့ ပေးရပေအံ့။ ပေါက်ကွဲနေသော မီးလျှံငှက်ဟု နာမည်ပေးလိုက်သော် မည်သို့ရှိမည်နည်း။

စုချန်းသည် အထက်ပါအတိုင်း စဉ်းစားရင်း အတွေးရေယဉ်ကြော၌ ကူးခပ်နေစဉ်မှာပင် ဦးခေါင်းပေါ်မှ ကျယ်လောင်လှသော အသံကို ကြားလိုက်ရပြီး သူ့တစ်ကိုယ်လုံးမှာလည်း ငလျင်လှုပ်နေသကဲ့သို့ ခံစားလိုက်ရသည်။

မြတ်စွာဘုရား။ ဥမင်လိုဏ်ခေါင်းကြီး တစ်ခုလုံးသည် ပြိုကျလုဆဲဆဲ အခြေအနေသို့ ဆိုက်ရောက်နေခဲ့ ချေပြီတကား။

ထိုအခါ စုချန်းသည် အနည်းငယ်မျှ အချိန်မဆိုင်းရဲတော့ပဲ နောက်လှည့်ကာ တဟုန်ထိုး ထွက်ပြေးလာ ခဲ့တော့သည်။

All Chapters