ကြိုးကြာဖက်တီး ၁
Vol. 14 Ch. 132
စုချန်းသည် လမ်းတစ်လျှောက်လုံး မြူခိုးကြားထဲမှ မြွေခြေလှမ်းကို အရှိန်အဟုန် အမြင့်ဆုံးထုတ်ကာ တဟုန်ထိုး ပြေးလွှားလာခဲ့၏။ သူ့နောက်တွင်ကား ကျောက်တုံးကျောက်ခဲများ တဝုန်းဝုန်းနှင့် ပြိုကျနေလေရာ လိုဏ်ခေါင်းတစ်ခုလုံး ပိတ်ဆို့စ ပြုနေခဲ့လေပြီ။ နောက်ဆုံးတွင်ကား စုချန်းသည် လိုဏ်ဂူတစ်ခုလုံး မပြိုကျမီ လက်မတင်လေးမှာပင် အပြင်သို့ အချိန်မီ ရောက်ရှိလာခဲ့၏။
သူ့ကို ဆီးကြိုနှုတ်ဆက် နေသည်မှာကား တောက်ပသော အလင်ရောင်များပင် ဖြစ်သည်။ အချိန်မှာ ညမဟုတ်တော့ပဲ နောက်တစ်နေ့မနက်ပင် ကူးခဲ့လေပြီ။ အပြင်သို့ရောက်သည်နှင့် စုချန်းက ပတ်ဝန်းကျင်ကို ဖျတ်ခနဲ ဝေ့ကြည့်လိုက်သည်။
သူ့နောက်ကျောတွင်ကား ကျယ်လောင်လှသော အသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။ စုချန်းက နောက်ကို လှည့်ကြည့်လိုက်ရာ သူထွက်လာခဲ့သည့် ဥမင်လိုဏ်ခေါင်းကြီး တစ်ခုလုံးသည် တအိအိ ပြိုဆင်းလာပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ် သွားသည်ကို တွေ့ရှိလိုက်ရသည်။ ဝိညာဉ် မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်သည်ကား မြေကြီးအောက်သို့ ရောက်ရှိသွားလေပြီ။ ထိုနည်းတူစွာ တံခါးပေါက်အတွင်းရှိ ပစ္စည်းများသည်လည်း အပြီးတိုင် မြေမြှုပ်ခံလိုက်ရလေပြီ။
စုချန်းသည် တစ်ချိန်က သင်္ချိုင်းဂူကြီး ဖြစ်ခဲ့ဖူးသောနေရာကို ငေးကြည့်ရင်း သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်မိသည်။ သူသည် ရည်မှန်းချက်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။ တစ်ညတာခန့်သာ ကြိုးစားအားထုတ် လိုက်ရသော်လည်း သူ ရရှိလိုက်သော အကျိုးအမြတ်မှာကား မနည်းလှ။ သူ့အနေနှင့် တန်ဖိုးကြီး ရတနာပစ္စည်း များများစားစား မရရှိလိုက်သော်လည်း အာကင်နာ အသိပညာ ဘဏ္ဍာတိုက်ကြီးကို သိမ်းပိုက်နိုင်ခဲ့သည် မဟုတ်ပါလား။ နောက်လူသည် ရှေ့လူထက် ရတနာများ ရရှိရန် ပိုမိုခက်ခဲသည်ဟူသော ဆိုရိုးစကားရှိ၏။ ထို့ကြောင့် စုချန်း ရရှိခဲ့သော အကျိုးအမြတ်မှာ မဆိုးလှဟု ဆိုရပေလိမ့်မည်။
စုချန်းအနေနှင့် ဤနေရာတွင် အချိန်ဖြုန်းနေရန် မလိုအပ်တော့။ ထိုအခါ သူက ချာခနဲလှည့်ကာ ထွက်လာခဲ့တော့သည်။
ချိုင့်ဝှမ်းကြီး တစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး စုချန်းသည် ရေကန်ငယ် တစ်ကန်၏ အနီးသို့ ရောက်ရှိလာခဲ့၏။ ရေကန်အနီးတွင်ကား ညောင်မုတ်ဆိတ်ပင်ကြီး တစ်ပင် ပေါက်ရောက်လျက် ရှိလေသည်။ ညောင်ပင်သည် နှစ်ပေါင်း တစ်ထောင်မျှပင် သက်တမ်းရင့် နေဟန်ရှိပြီး အမြစ်များမှာ နက်ရှိုင်း လိမ်ကောက်နေကာ အရွက်များ ထူထပ်လှသောကြောင့် အရိပ်အာဝါသ ကောင်းလှပေ၏။ အဆိုပါ သစ်ပင်ကြီးသည် လူသားတို့အား တောနက်ကြီးအတွင်း ရောက်ရှိနေသည့် ခံစားချက်မျိုးကို ပေးစွမ်းလျက်ရှိသည်။
စုချန်းသည် ထိုနေရာသို့ရောက်သည်နှင့် ဘေးဘီဝဲယာကို ငဲ့ကြည့်ကာ အဝတ်အစားများကို ချွတ်ချလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်သာ မြင်သွားလျှင် စုချန်းတစ်ယောက် ရေမိုးချိုးတော့မည်ဟု ထင်မှတ်ဖွယ်ရာ ရှိသည်။ စူချန်းအား လိုက်လံပြသလျက် ရှိသော အလင်းမျက်နှာပြင်သည် ၎င်း၏ အပြုအမူကို မြင်တွေ့သောအခါ ချက်ချင်းပင် အခြားတစ်ယောက်ကို ပြောင်းလဲပြသလိုက်၏။
ထို့နောက်တွင်ကား စုချန်းသည် ညောင်မုတ်ဆိတ်ပင်၏ မြစ်များအတွင်းသို့ တိုးဝင်ကာ ရှည်လျားစွာ ပေါက်ရောက်နေသော မြက်ပင်များကို ဖယ်ပြီး အောက်ခြေတွင် အပေါက်တစ်ပေါက် ဖြစ်လာအောင် တူးဆွလိုက်၏။ စိတ်ကြိုက် တွင်းတစ်တွင်း ရသောအခါ စုချန်းသည် ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်အတွင်းမှ ရရှိလာသော မူလလက်စွပ်ကို သေတ္တငယ်အတွင်း ထည့်ကာ မြှုပ်နှံလိုက်၏။ တဖန် သူသည် ကျောက်တုံးတချို့ကို ယူငယ်ကာ အမှတ်အသား ပြုလုပ်လိုက်ပြီး မြက်ပင်၊ ပေါင်းပင်များဖြင့် လုံခြုံစွာ ဖုံးအုပ်လိုက်ပြန်သည်။
လုပ်စရာရှိသည်တို့ကို စိတ်ကြိုက်လုပ်ဆောင် ပြီးသည့်နောက်တွင်ကား စုချန်းသည် ထိုနေရာမှာ စိတ်အေးလက်အေးနှင့် ထွက်ခွာလာခဲ့တော့သည်။
ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်နှင့် ပတ်သက်သည့် ကိစ္စတို့ ဆောင်ရွက်ပြီးသွားပြီ ဖြစ်လေရာ စုချန်းအနေနှင့် နယ်မြေ ၁၃သို့ တပ်ပြန်ခေါက်၍ အမှတ်များ ပိုမိုရရှိလာအောင် ဆောင်ရွက်သင့်သည်။ သို့သော် သူနှင့် လီချိန်းယွင်၊ ပိုင်လိတို့အကြား ပြိုင်ပွဲမှာကား မပြီးဆုံးသေး။ ယခုအနေအထားအရ သူသည် လမ်းတစ်ဝက်သာ ရောက်ရှိသေးသည်။ သူ့အနေနှင့် မြို့ခံပြိုင်ဘက် နှစ်ယောက်ကို အလွယ်တကူတော့ အရှုံးမပေးနိုင်။
အခြားတစ်ဖက်တွင်လည်း စုချန်းသည် မူလစွမ်းရည် အသစ်တစ်မျိုး ဖြစ်သော "ပေါက်ကွဲနေသော မီးလျှံငှက်"ကို ဖော်ထုတ်နိုင်ခဲ့လေရာ ထိုစွမ်းရည် မည်မျှ ခရီးရောက်မရောက် အဆင့်မြင့်နယ်မြေရှိ ပြိုင်ဘက်ကောင်း တစ်ယောက်ယောက်နှင့် အကဲစမ်းလိုလှ၏။ ထို့ကြောင့် နယ်မြေ ၁၃သို့ နောက်ပြန်လှည့်မည့်အစား အဆင့်မြင့် နယ်မြေများသို့သာ ဆက်လက်ခရီးဆက်ရန် စုချန်းက ဆုံးဖြတ်လိုက်၏။
ရှေးကနှင့် မတူသည်မှာကား စုချန်းတွင် ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်နှင့် ပတ်သက်သည့် စိတ်ဖိစီးမှုများ ရှိမနေတော့။ ထို့ကြောင့် မည်သည့်တိုက်ပွဲကိုမျှ ရှောင်လွှဲနေရန် မလိုတော့။ အကယ်၍ အကြင်သူသည် စုချန်းရှေ့မှောက်သို့ ခုန်ဝင်လာပါက သူသည် ထိုလူကို အပြတ်တိုက်ခိုက်ပြီး ရှေ့ဆက်သွားမည်သာ။
ဤတစ်ကြိမ်တွင်ကား စုချန်းသည် မျက်နှာဖုံးကို ဆက်လက် ဝတ်ဆင်ထားရန် မလိုအပ်တော့။ ထိုအခိုက်မှာပင် သူ့ဆီသို့ ဦးတည် ပြေးလွှားလာသော လူတချို့ကို စုချန်း မြင်တွေ့လိုက်ရသည်။
လူအုပ်စု၏ ရှေ့ဆုံးမှ ပြေးလွှားလာသူမှာ တခြားသူမဟုတ်။ ပြိုင်ပွဲကို နောက်ဆုံးမှ ရောက်လာသည့် ဖက်တီး ဝမ်တောက်ရှန်းပင် ဖြစ်သည်။ သူ့နောက်တွင်ကား ပြိုင်ပွဲဝင်လေးယောက် လိုက်ပါလာ၏။ ထိုလေးယောက်သည် ဝမ်တောက်ရှန်းအား အမဲဖျက်ရန် လိုက်ပါလာခြင်း ဖြစ်သည်။ ဝမ်တောက်ရှန်းမှာကား အကြီးအကျယ် ဒုက္ခရောက်နေဟန် တူ၏။ စုချန်းကို မြင်တွေ့လိုက်သည်နှင့် ၎င်း၏ မျက်လုံးအစုံသည် ဝင်းလက်တောက်ပသွားပြီး ကပျာကသီ အော်ဟစ်အကူအညီ တောင်းလိုက်သည်။
"ငါ့ကို ကယ်ပါဦးကွာ"
ဝမ်တောက်ရှန်းသည် ပါးစပ်ကသာ အဖြစ်သဘော အကူအညီ တောင်းလိုက်ပုံရသည်။ လူကတော့ စုချန်းဆီသို့ ပြေးမလာ။ ထိုအစား သူက စုချန်းနှင့် မလှမ်းမကမ်းသို့သာ ဦးတည် ပြေးသွားခဲ့သည်။ ဆိုလိုသည့်သဘောမှာ အကယ်၍ စုချန်းကသာ သူ့အား ကူညီရန် ငြင်းပယ်ခဲ့လျှင်လည်း ခိုကိုးရာမဲ့ မဖြစ်စေရန် ကြိုတင်ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။ တစ်ဖက်တွင်လည်း ဝမ်တောက်ရှန်း၏ လုပ်ရပ်က စုချန်းကို တိုက်ပွဲစည်းဝိုင်းအတွင်း မဆွဲလိုသည့်သဘောမျိုး သွား၍ သက်ရောက်နေလေရာ ဤတစ်ချက်သည်ကား စုချန်း၏ စိတ်အာရုံကို အတော်လေး ဆွဲဆောင်နိုင် လိုက်လေသည်။
သို့သော် စိတ်အာရုံကို ဆွဲဆောင်နိုင်ခြင်းမှာ လက်တွေ့ လုပ်ဆောင်မှုနှင့်ကား တခြားစီသာ ဖြစ်သည်။ စုချန်းကား ဝမ်တောက်ရှန်း၏ ပြဿနာကို ဝင်ရောက် စွက်ဖက်မည့်ဟန်မရှိ။ ထိုအစား သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ မထုံတက်တေးနိုင်သော အမူအရာဖြင့် မတ်တတ်ရပ်နေ၏။ စုချန်း၏ အမူအရာကို မြင်သောအခါ ဝမ်တောက်ရှန်းက သက်ပြင်းတစ်ချက်ချပြီး ရှေ့သို့ ဆက်ပြေးသွား၏။ ပြိုင်ပွဲဝင် လေးယောက်ကလည်း ဝမ်တောက်ရှန်းနည်းတူ စုချန်း၏ အမူအရာကို မြင်တွေ့လိုက်ကြသည်။ ထိုအခါ သူတို့၏ စိတ်ဝယ် ဤလူငယ်ကား သူတို့အား ကြောက်ရွံ့နေပြီ၊ ဝင်ရောက်နှောင့်ယှက် ရဲလိမ့်မည် မဟုတ်ဟု တသမတ်တည်း ယူဆကာ ဝမ်တောက်ရှန်း၏ နောက်သို့ ဆက်လက် ပြေးလိုက်သွား ကြလေသည်။
နောက်ဆုံးပြိုင်ပွဲဝင် ဖြတ်ကျော်သွားသည်နှင့် စုချန်းက လက်တစ်ဖက်ကို မြှောက်လိုက်ရာ ပေါက်ကွဲနေသော မီးလျှံငှက် ပေါ်ပေါက်လာပြီး လှစ်ခနဲ ပျံသန်းသွားကာ နောက်ဆုံးလူအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် လိုက်တော့သည်။
သို့သော် ပြိုင်ပွဲဝင်၏ သတိဝီရိယမှာကား မြင့်မားလှသည်။ စုချန်းထံမှ မီးလျှံငှက် ထွက်ပေါ်လာသည်နှင့် ၎င်းသည် တစ်စုံတစ်ရာကို အာရုံရလာဟန်ဖြင့် အကာအကွယ်ကို ချက်ချင်းပင် နှိုးဆွလိုက်သည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ ပုံရိပ်ကလည်း ရေပြင်ညီအတိုင်း မှိတ်ချည်လင်းချည် ဖြစ်နေ၏။ ၎င်း၏ တုံ့ပြန်မှုနှင့် မြန်ဆန်သွက်လက်မှုကို ထောက်လျှင် ၎င်း၏ အင်အားမှာ သေးတော့မသေးလှ။ သို့သော် စုချန်း၏ မီးလျှံငှက်သည် လေထုထဲမှာပင် ဦးတည်ချက်မျိုးစုံ ပြောင်းလဲပြီး ထိုသူကိုအရှိန်ပြင်းစွာ ဝင်ရောက်တိုက်ခိုက် လိုက်တော့သည်။ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ၎င်း၏ အကာအကွယ်သည် အစိတ်စိတ် အမြွာမြွာ ဖြစ်သွား၏။ ၎င်း၏ ကိုယ်ခန္ဓာမှာလည်း လေထုအတွင်းသို့ လွင့်ထွက်သွားကာ ချက်ချင်းပင် သတိလစ်သွားတော့သည်။
မမျှော်လင့်ပဲ ပြောင်းလဲသွားသော အခြေအနေကြောင့် ကျန်ပြိုင်ပွဲဝင် သုံးယောက်သည် ချက်ချင်းလိုလိုပင် နောက်သို့လှည့်လာ၏။ ထို့နောက် တစ်ယောက်က ပြောလိုက်သည်။
"ငါက ဒီကောင့်ကို တာဝန်ယူလိုက်မယ် မင်းတို့နှစ်ယောက်က ဖက်တီးနောက်ကို ဆက်လိုက်ကြကွာ"
ပြောပြောဆိုဆို ပြိုင်ပွဲဝင်တစ်ယောက် စုချန်းဆီသို့ ခုန်ဝင်တိုက်ခိုက် လိုက်တော့သည်။ စုချန်းကား မီးလျှံငှက်နည်းစနစ်ကို ထင်သလောက် မကျွမ်းကျင်သေး။ ထိုအခါ သူက လေလှိုင်းရေဘဝဲ လက်တံများကို အသုံးပြု၍ ပြိုင်ဘက်ကို တားဆီးလိုက်၏။ တစ်ချိန်တည်းမှာပင် ဓားရောင်များ ဝင်းလက်သွားပြီး ကြောက်မက်ဖွယ်ရာ ဓားလှိုင်းတစ်ခုသည် ပြိုင်ဘက်ဆီသို့ ဦးတည်ပြေးဝင် သွားတော့သည်။
ပြိုင်ဘက်သည် ပေါ့ပါးသော အကာအကွယ်တစ်မျိုးကို နှိုးဆွလိုက်လေရာ စုချန်း၏ လေလှိုင်းရေဘဝဲ လက်တံများမှာ အပိုင်းပိုင်း ကျိုးပြတ်ကုန်၏။ ထိုအခိုက်မှာပင် စုချန်း၏ ဓားလှိုင်းက ပြိုင်ဘက်ထံသို့ ကျရောက်လာတော့သည်။ သို့သော် ပြိုင်ဘက်ကလည်း ခေတော့မခေ။ ဓားလှိုင်းကို ရှောင်တိမ်း၍ မရနိုင်တော့မှန်း သဘောပေါက်လိုသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ကိုယ်ခန္ဓာသည် နောက်ဘက်သို့ လွင့်မျောသွားလေရာ ဓားလှိုင်းသည် သူ၏ နှာခေါင်းပေါ်မှ ဖြတ်သန်းသွားလေသည်။ ဤတစ်ကွက်တည်းနှင့် စုချန်း၏ ပြိုင်ဘက်သည် သူ၏ မြန်ဆန်သွက်လက်မှု၊ ဖြတ်ထိုးဉာဏ်နှင့် အင်အားကို ဖော်ပြခဲ့ပြီးလေပြီ။ မိမိ၏ ဟန်ချက်ကို ပြန်လည် ထိန်းသိမ်းမိသည်နှင့် ၎င်းက လက်ချောင်းများကို လေထဲသို့ မြှောက်လိုက်ရာ အနက်ရောင် အလင်းတန်းတစ်ခုက စုချန်းထံသို့ ဦးတည်ပြေးလွှား လာတော့သည်။ တစ်ဆက်တည်းမှာပင် ၎င်းက လှမ်းအော်ပြောလိုက်၏။
"ဟေ့ ခုချက်ချင်း နောက်ဆုတ်မယ်ဆိုရင် ခုနက ဖြစ်ပျက်ခဲ့သမျှကို ငါတို့ဘက်က ကြေအေးပေးလိုက်မယ်"
ထိုအခိုက်မှာပင် စုချန်းကလည်း ဝမ်တောက်ရှန်းကို လှမ်းအော်သတိပေး လိုက်၏။
"အစ်ကိုကြီးဝမ် အဲဒီမှာ လူနှစ်ယောက်ပဲ ကျန်တော့တာ ချက်ချင်း တိုက်ခိုက်လိုက် ပါတော့လား"
စုချန်း၏ လေသံအရ ဝမ်တောက်ရှန်းက ကျန်ပြိုင်ပွဲဝင်နှစ်ဦးကို ယှဉ်နိုင်လိမ့်မည်ဟု စိတ်ချ ယုံကြည်ထားဟန် ပေါ်လေသည်။ စုချန်း၏ စကားကိုကြားသည်နှင့် ဝမ်တောက်ရှန်းက နောက်ကို လှည့်ကြည့်လိုက်ရာ သူ့နောက်သို့ လိုက်လာသူ လေးဦးအနက် နှစ်ဦးသာ ကျန်တော့ကြောင်း တွေ့ရှိလိုက်ရလေသည်။ ဝမ်တောက်ရှန်း၏ မျက်နှာပေါ်တွင် ပွင့်လင်းလှသော အပြုံးတစ်ရပ် ပေါ်ပေါက်လာ၏။
"သိပ်ကို ကျေးဇူးတင်ပါတယ် ညီလေး"
ပြောပြောဆိုဆို သူက လက်နှစ်ဖက်ကို နောက်သို့ ဆန့်တန်းလိုက်ရာ သူ့နောက်ကျောတွင် အလွန်ကြီးမားလှသော အဖြူရောင် ကြိုးကြာငှက် တစ်ကောင်၏ ပုံရိပ် ပေါ်ပေါက်လာ၏။ ထို့နောက် သူက လက်နှစ်ဖက်ကို နိမ့်ချီမြင့်ချီ ပြုလုပ်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မင်းတို့ကောင်တွေ ကိုယ့်အဘိုးကို မရိုမသေ မလေးမစား လုပ်ရဲတယ် မင်းတို့အဘိုး ဘာကောင်လဲဆိုတာ ပြရသေးတာပေါ့ကွာ"
စကားအဆုံးတွင် ကြိုးကြာပုံရိပ်သည် ခေါင်းမော့ပြီး ကျယ်လောင်စွာ ဟစ်ကျွေးလိုက်၏။ ထို့နောက်တွင်ကား ဝမ်တောက်ရှန်း၏ လက်နှစ်ဖက်ဆီမှ နှင်းပွင့်များကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အလင်းတန်းတစ်ခုသည် သက်တံသဖွယ် တစ်ဖက်လူဆီသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။ ပြိုင်ဘက်ကလည်း ခေသူတော့မဟုတ်။ အကာအကွယ်တချို့ကို နှိုးဆွပြီး ကာကွယ်လိုက်သည်။ သို့သော် ကြိုးကြာငှက်၏ စွမ်းအားမှာ သာမန်မဟုတ်လေရာ ၎င်း၏ အကာအကွယ်မှာ ရစရာမရှိအောင် ကျိုးပဲ့ကုန်၏။ ၎င်း၏ ကိုယ်ခန္ဓာမှာလည်း အရုပ်ကြိုးပြတ်သွားသည့် စွန်ပမာ နောက်ဘက်သို့ လွင့်ထွက်သွားတော့သည်။ ဝမ်တောက်ရှန်း၏ ပြိုင်ဘက် နှစ်ယောက်အနက် ယခုဆိုလျှင် တစ်ယောက်သာ ကျန်ရှိတော့သည်။
သို့သော် တိုက်ခိုက်မှုအပြီး ဝမ်တောက်ရှန်း၏ ပုံစံမှာ ချက်ချင်းပင် မှေးမှိန်ဖျော့တော့သွား၏။ ကြည့်ရသည်မှာ အနှီ မူလစွမ်းရည်ကို ဖော်ထုတ်ရန်အတွက် ဝမ်တောက်ရှန်း တစ်ယောက် အတော်လေး အင်အား သုံးစွဲလိုက်ရဟန် ရှိသည်။ ကံကောင်းသည်မှာ ပြိုင်ဘက်နှစ်ဦးအနက် တစ်ဦးသာ ကျန်ရှိတေ့သည်။ ထိုအခါ ဝမ်တောက်ရှန်းသည် အော်ဟစ်ရယ်မောလိုက်ပြီး သူ၏ ကြီးမားလှသော လက်သီးကို ဆုပ်ကာ ပြိုင်ဘက်ဖြစ်သူအား လုံးထွေး သတ်ပုတ်တော့သည်။
အထက်ပါအတိုင်း သတ်ပုတ်နေရင်းမှပင် သူက မေးလိုက်သေးသည်။
"ဟေ့ ငါ့အနေနဲ့ နှစ်ယောက်တစ်ယောက် ချနိုင်တယ်ဆိုတာ မင်းက ဘယ်လိုလုပ်ပြီး သိနေတာတုန်း"
စုချန်းကား ထိုအချိန်တွင် သူ့ပြိုင်ဘက်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူ့တစ်ကိုယ်လုံးသည် မီးခိုးငွေ့တန်းပမာ လေထဲတွင် မျောလွင့်နေ၏။ တိုက်ခိုက်နေရင်းကပင် သူက ဝမ်တောက်ရှန်းအား ရှင်းပြလိုက်သည်။
"ဒီလိုလေ အစ်ကိုကြီးဝမ်ရဲ့ ... နောက်ကနေ လူလေးယောက် လိုက်လာတယ် ဆိုကတည်းက ခင်ဗျားရဲ့ အမှတ်က မက်လောက်စရာဆိုတာ သိသာနေပြီးသားဟာကို ... ထပ်ပြောရရင် ကျုပ်ကိုတွေ့တဲ့ အချိန်မှာတောင် သူတို့ဟာ လူစုမခွဲရဲဘူးဗျ ... ဆိုလိုတာက ဒီလူတွေ ခင်ဗျားရဲ့အင်အားကို နည်းနည်းလေးမှ အထင်မသေးရဲဘူး ဆိုတာပဲ ... နောက်ဆုံး ကုန်ကုန်ပြောရရင်ဗျာ ... သူတို့ထဲက တစ်ယောက်ကို ကျုပ် ဒုက္ခပေးလိုက်တဲ့ အချိန်ထိ သူတို့က ကျုပ်ကို နောက်ဆုတ်ပေးဖို့ ပြောနေတုန်းပဲ ဒါကိုကြည့်ရင် သူတို့ဘက်က နှစ်ယောက် ပေါင်းရင်တောင် ခင်ဗျားကို နိုင်ဖို့မသေချာဘူးဆိုတာ လယ်ပြင်မှ ဆင်သွားနေသလိုပေါ့ဗျာ"
စုချန်း၏ စကားကို ကြားလိုက်ရသောအခါ ဝမ်တောက်ရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်၏။
"ဟား ဟား ဟား ညီလေးခန့်မှန်းတာ တကယ်ကိုမှန်တယ် သာမန် အခြေအနေမှာဆိုရင် ဒီလိုကောင်မျိုး နှစ်ယောက်မပြောနဲ့ လေးယောက် တစ်ပြိုင်တည်း လာရင်တောင် ကျုပ်က မမှုသေးဘူး ဒီကောင်တွေဟာ ဘာအရည်ချင်းမှမရှိတဲ့ အမှိုက်လို ကောင်တွေပဲဟာကို"
"သာမန်အခြေအနေ ဟုတ်လား ခုလောလောဆယ် အစ်ကိုကြီးဝမ်ရဲ့ အခြေအနေက သာမန်အခြေအနေမှာ ရှိမနေဘူးပေါ့ ဟုတ်ရဲ့လား"
စုချန်းက မေးလိုက်၏။ သူတို့နှစ်ယောက်သည် ပြိုင်ဘက် နှစ်ယောက်ကို ရှိသည်ဟုပင် ယူဆပုံမရပဲ တိုက်ရင်း ခိုက်ရင်းနှင့်ပင် စကားစမြည် ပြောဆိုနေကြလေရာ ပြိုင်ဘက်များမှာ ပြင်းထန်စွာ ဒေါသထွက်လာ၏။ သူတို့၏ တိုက်ခိုက်မှုမှာလည်း ယခင်ကထက် မြန်ဆန်လာတော့သည်။ သို့သော် စိတ်တည်ငြိမ်မှု မရှိတော့ခြင်းကြောင့် ၎င်းတို့၏ တိုက်ကွက်များတွင် ဟာကွက်များ၊ အားနည်းချက်များ ဖြစ်ပေါ်လာတော့သည်။
ထိုအခိုက်မှာပင် ဝမ်တောက်ရှန်းက လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်။ သာမန်လက်ဝါး ရိုက်ချက်ပင် ဖြစ်သော်ငြား အင်အားမှာကား ကြောက်မက်ဖွယ်ရာ ပြင်းထန်လှ၏။ လက်ဝါး ရိုက်ချက်များသည် တစ်ချက်ပြီး တစ်ချက် ပြိုင်ဘက်ထံသို့ ကျရောက်သွား၏။ တိုက်ခိုက်နေရင်းမှပင် သူက စကားဆက်လိုက်သည်။
"အမှန်တော့ ကျုပ်ရဲ့ကံတရားက အတော်လေး ဆိုးတယ်လို့ ဆိုရမယ် ကျုပ်ဟာ ပထမဦးဆုံး ဂျီဟန်းယင်နဲ့ ရင်ဆိုင်တိုးပြီး သူ့ရဲ့ နှင်းခါးရေခဲလက်ဝါး ရိုက်ချက်ဒဏ်ကို ခံလိုက်ရတယ် ဒီဒဏ်ကြောင့် ကျုပ်ရဲ့ သွေးဗီဇတွေ အေးခဲသွားပြီး နှိုးဆွဖို့ အင်မတန်ခက်ခဲတဲ့ အခြေအနေမျိုးကို ဆိုက်ရောက်သွားခဲ့တယ် ဒီနောက်မှာတော့ ကျန်းချန်းအန်ဆိုတဲ့ ခွေးမသားနဲ့ ရင်ဆိုင်တိုးပြီး ဒီကောင့်ရဲ့ မိုးမခအဆိပ်မြား တစ်ချက် ထိမှန်ခံလိုက်ရလို့ ကျုပ်ရဲ့ မူလစွမ်းအင်တွေ အတော်လေး အင်အားချည့်နဲ့ကုန်တယ် ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး ကြံ့ဓားကျန့်ခွမ်း ဆိုတဲ့ကောင်နဲ့ ထပ်တိုးပြီး ဓားတစ်ချက် အခုတ်ခံလိုက်ရ ပြန်တယ် ဒီဓားချက်ကြောင့် ကျုပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာအင်အား ထိခိုက်သွားခဲ့တယ် ဒီလေးကောင်က ဒါကို အခွင့်ကောင်းယူပြီး ကျုပ်ကိုအမဲဖျက်ဖို့ ကြံတာပဲ တကယ်တော့ ကျုပ်ကသာ ဒီကောင်တွေကို အမဲဖျက်မဲ့လူ ဖြစ်သင့်တာ"
စုချန်းအနေနှင့် ထိုလူများ၏ နာမည်ကို တစ်ခါမျှ မကြားဖူးချေ။ သို့သော် ဝမ်တောက်ရှန်း၏ စကားအရ ထိုလူများသည် နှယ်နှယ်ရရ မဟုတ်ကြောင်း သိသာနေ၏။ အကြောင်းမှာ ဝမ်တောက်ရှန်းသည် ဒဏ်ရာများ ရရှိထားလျက်နှင့်ပင် ပြိုင်ဘက် တစ်ယောက်ကို အလဲထိုးပြီး နောက်တစ်ယောက်ကို သာသာယာယာပင် တိုက်ခိုက်နိုင်သေးသည်ကို ကြည့်လျှင် ဤဖက်တီး၏ အရည်အချင်းမှာ သာမညောင်ည မဟုတ်ချေတကား။ ထိုအခါ ဝမ်တောက်ရှန်းအပေါ် စုချန်း၏ အမြင်မှာ ပြောင်းလဲသွား၏။ ထို့နောက် သူက မေးလိုက်သည်။
"ဒီတော့ ခင်ဗျားဟာ အသုံးမကျတဲ့ ဖက်တီး မဟုတ်ဘူးပေါ့လေ"
စုချန်း၏ စကားကြောင့် ဝမ်တောက်ရှန်း ဒေါသထွက်သွား၏။ သူက ကျယ်လောင်စွာ အော်ဟစ်ပြောဆို လိုက်သည်။
"ဝတိုင်း အသုံးမကျဘူးလို့ မင်းကို ဘယ်သူက ပြောသလဲကွ"