← Chapters

ကြိုးကြာဖက်တီး ၂

Vol. 14 Ch. 133

ကြိုးကြာဖက်တီး ၂

Vol. 14 Ch. 133

ထို့နောက်တွင်ကား ဖုန်းခနဲ ဒိုင်းခနဲ အသံနှစ်သံ တစ်ပြိုင်တည်း ထွက်ပေါ်လာပြီး စုချန်းနှင့် ဝမ်တောက်ရှန်းတို့ နှစ်ယောက်သည် သူတို့၏ ပြိုင်ဘက်အသီးသီးကို အနိုင်ယူလိုက်ကြသည်။ ထိုအခါ စုချန်းက သူအနိုင်ယူလိုက်သော ပြိုင်ဘက်၏ ကျောက်စမ်းပြားကို ယူလိုက်ပြီး အမှတ်များကို နှုတ်ယူလိုက်၏။ ထို့နေက် စုချန်းသည် သူ ပထမဦးဆုံး အမှောက်သိပ်ခဲ့သည့် ပြိုင်ပွဲဝင်ထံမှ အမှတ်များကို နှုတ်ယူနေစဉ် ဝမ်တောက်ရှန်း၏ စကားသံကို ကြားလိုက်ရသည်။

"ဟေး ကျုပ်ဆီမှာ နှစ်ခုရှိနေသေးတယ် ဒါကိုပါ ယူလိုက်ပေတော့"

စုချန်းက နောက်ကို လှည့်ကြည့်လိုက်ရာ ဝမ်တောက်ရှန်းသည် ကျောက်စိမ်းပြားကို လက်တွင်ကိုင်ရင်း သူ့အား စကားလှမ်းပြောနေကြောင်း တွေ့ရှိလိုက်ရသည်။ စုချန်း ပြုံးလိုက်၏။ ထို့နောက် သူက ခေါင်းတစ်ချက်ခါရင်း ပြောလိုက်သည်။

"မလိုပါဘူး ဒီလူတွေက ခင်ဗျား အနိုင်ယူထားတာဆိုတော့ ခင်ဗျားပဲ ယူလိုက်ပါ"

သို့သော် ဝမ်တောက်ရှန်းကား လက်မခံ။ ကျောက်စိမ်းပြားနှစ်ပြားကို စုချန်းထံသို့ ပစ်ပေးရင်း ပြောလိုက်သည်။

"ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ မင်းက ကျုပ်ကို ကူညီခဲ့တာပဲလေ ဒါတွေနဲ့ ထိုက်တန်ပါတယ်"

စုချန်းကား ထပ်မံငြင်းဆိုခြင်း မပြုတော့။ ကျောက်စိမ်းပြားများပေါ်မှ အမှတ်တို့ကို ကုန်စင်အောင် နှုတ်ယူလိုက်တော့သည်။

အမှန်တော့ စုချန်းက အနှီ ပြိုင်ဘက်လေးယောက်အား လွှပေးရန် ကြံစည်ထား၏။ သို့သော် ဝမ်တောက်ရှန်းက ရုတ်တရက် ရှေ့သို့ထွက်လာပြီး ထိုလေးယောက်ထံမှ ကျောက်စိမ်းပြား နှစ်ပြားကိုယူငင်ကာ ချိုးဖဲ့လိုက်လေရာ စုချန်း အံ့သြသွား၏။ ထိုအခါ ဝမ်တောက်ရှန်းက ရှင်းပြလိုက်သည်။

"ဒါက ဒီကောင်တွေ ပြိုင်ပွဲထဲကို ထပ်ဝင်လာပြီး ကျုပ်တို့ကို လက်စားချေလို့ မရအောင် ကြိုတင်ကာကွယ်လိုက်တဲ့ သဘောပဲ သူတို့ကို ကျုပ်မကြောက်ပါဘူး ဒါပေမဲ့ အရေးအကြောင်းဆိုရင် ဝန်ထုပ်ဝန်ပိုး ဖြစ်တာတော့ အမှန်ပဲ ခုလို လေးယောက်ထဲက နှစ်ယောက်ကို ထုတ်ပစ်လိုက်တော့ ကျန်နှစ်ယောက်က ကျုပ်တို့ကို မခြိမ်းခြောက် နိုင်တော့ဘူးပေါ့ ဒီတော့ကျုပ်တို့အနေနဲ့ ဒီကောင်တွေကို လွှတ်ပေးလိုက်လို့ ရပါပြီ"

ဝမ်တောက်ရှန်း၏ ရှင်းလင်းချက်ကို ကြားသောအခါ စုချန်းက ရယ်မောလိုက်သည်။

"ခင်ဗျားက ဒီလိုကျတော့လည်း တယ်ပြီးစေ့စေ့စပ်စပ် ရှိပါလားဗျ ဟင်"

ဝမ်တောက်ရှန်း မျက်မှောင်ကြုတ်လိုက်၏။

"မင်းစကားကို ကြားရတော့ ငါ့စိတ်ထဲမှာ တစ်မျိုးကြီးပဲကွ ဘာလဲ မင်းက ငါ့ကို ထေ့ငေါ့နေတာလား မင်းမှာ ဝတဲ့လူတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံတတ်တဲ့ စိတ်ထားမျိုး ရှိနေတာလား"

ဝမ်တောက်ရှန်း၏ စကားကြောင့် စုချန်းက ရယ်ကာမောကာနှင့် ရှင်းပြလိုက်သည်။

"အထင်မလွဲပါနဲ့ဗျာ ခင်ဗျား ပြိုင်ပွဲကို နောက်ကျပြီးမှ ရောက်လာတဲ့ကိစ္စကြီးက ကျုပ်စိတ်ထဲမှာ စွဲနေတာကိုး ခင်ဗျား ကြားဖူးမှာပါ လူတစ်ယောက်အပေါ် ပထမဆုံး ထင်မြင်ယူဆချက်ဟာ မေ့ပျောက်ဖို့ ခဲယဉ်းတယ် ဆိုတာလေ"

စုချန်း၏ စကားကြောင့် ဝမ်တောက်ရှန်း တစ်ယောက် ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားရှာ၏။ ဟုတ်တော့လည်း ဟုတ်သည်။ နဂါးကျောင်းတော်ပြိုင်ပွဲ ကဲ့သို့သော ကြီးမားလှသည့် ပြိုင်ပွဲကြီးကိုပင် နောက်ကျပြီးမှ ရောက်လာခဲ့လေရာ စုချန်းက သူ့အား မယုံကြည်သည်မှာ ဆန်းတော့မဆန်း။

ထို့နောက်တွင်ကား သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရင်း အဆက်မပြတ် အော်ဟစ်ရယ်မော လိုက်ကြလေသည်။ အားရအောင် ရယ်မောပြီးနောက် ဝမ်တောက်ရှန်းက သူ့ရင်ဘတ်ကိုသူ လက်ဝါးဖြင့်ပုတ်ပြီး မိတ်ဆက်လိုက်သည်။

"ကျုပ်ကိုကျုပ် မိတ်ဆက်ပေးရဦးမယ် ကျုပ်နာမည် ဝမ်တောက်ရှန်း တိမ်တိုက်ပန်းပွင့် မြို့တော် နှင်းကြိုးကြာ ဝမ်မိသားစုကပဲ ကျုပ်ဟာ အလွန်ဝတဲ့အတွက် လူအတော်များများကတော့ ကြိုးကြာဖက်တီးလို့ပဲ အလွယ်တကူ ခေါ်ဝေါ်ကြတယ် ကျုပ်မှာ ပြဿနာတချို့ရှိတယ် အဲဒါက ဘာလဲဆိုတော့ အချိန်တွေကို အလွန်မေ့တတ်တာပဲ ပြီးတော့ ကျုပ်ဟာ မဖြစ်လာသေးတဲ့ အရာတွေကို စိတ်ပူလေ့မရှိဘူး အဲ ဖြစ်ပြီးသားအရာတွေနဲ့ ပတ်သက်ရင်တော့ အင်မတန် စိုးရိမ်ကြောင့်ကြလေ့ ရှိတယ်"

စုချန်းကလည်း ပြန်လည် မိတ်ဆက်လိုက်၏။

"စုချန်း မြောက်ပိုင်းမြို့တော် စုမျိုးနွယ်စုက လာတယ် သွေးဗီဇမရှိဘူး"

မြောက်ပိုင်းမြို့တော် ဟူသော အသံကိုကြားလိုက်သည်နှင့် ဝမ်တောက်ရှန်း၏ မျက်နှာတွင် ထိတ်လန့်သော အမူအရာများ ပေါ်ပေါက်လာ၏။

"ဟာ ... ဘယ်လိုလုပ်ပြီး နယ်မြေ၁၃က လူက နယ်မြေ ၆ကို ရောက်နေတာတုန်း သေမင်းကိုများ လိုက်ရှာနေတာလားကွာ ဒီနယ်မြေက ပြိုင်ပွဲဝင်တွေဟာ မင်းထက် အများကြီး အင်အား ကောင်းကြတယ်ကွ"

"ဘာလဲ ခင်ဗျားမှာ အဆင့်နိမ့်နယ်မြေက လူတွေကို ခွဲခြားဆက်ဆံတတ်တဲ့ စိတ်ထားမျိုး ရှိနေတာလားဗျ"

စုချန်းက ချက်ချင်းပင် ပြန်လည် မေးမြန်းလိုက်သည်။ စုချန်း၏ မေးခွန်းကြောင့် ဝမ်တောက်ရှန်း တစ်ယောက် ပါးစပ်ကြီး ပြဲသွား၏။ ကနဦးက သူသည် "ခွဲခြားဆက်ဆံ တတ်သလား" ဟူသော စကားလုံးကို စုချန်းအား ပြောဆိုရာတွင် အသုံးပြုခဲ့၏။ ယခုတော့ စုချန်းက သူ့စကားလုံးကို အသုံးပြု၍ သူ့ကို ပြန်လည် လက်စားချေလိုက်ပေပြီ။ ထိုအခါ ဝမ်တောက်ရှန်းက ခါးသီးစွာ ရယ်မောလိုက်သည်။

"ထားပါတော့ ငါပဲမှားတာပါကွာ"

ထိုအခိုက်မှာပင် ဝမ်တောက်ရှန်းသည် ရင်ဘတ်အတွင်းမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ဦးခေါင်းကိုငုံ့ကာ သွေးတချို့ကို ပွက်ခနဲ အန်ထုတ်လိုက်၏။ ထိုသွေးတို့သည် အပြင်သို့ရောက်သည်နှင့် ချက်ချင်းလိုလိုပင် အေးခဲကုန်လေသည်။ စုချန်း ကြက်သေသေသွား၏။ ထို့နောက် သူက ရေခဲရိုက်ထားသော ငါးတစ်ကောင်ကဲ့သို့ ပြာနှမ်းလာသော ဝမ်တောက်ရှန်း၏ မျက်နှာကို ဖျတ်ခနဲကြည့်ရင်း တိုးညင်းသော လေသံနှင့် ပြောလိုက်သည်။

"သေစမ်း နှင်းငှက်မျိုးနွယ်စုတွေရဲ့ နှင်းခါးရေခဲ လက်ဝါးရိုက်ချက်က တယ်လည်းရက်စက် ကြမ်းကြုတ်သကိုး"

ထို့နောက် စုချန်းသည် ရှေ့သို့အနည်းငယ်တိုးပြီး ဝမ်တောက်ရှန်း အန်ထုတ်ထားသည့် သွေးခဲတချို့ကို ကောက်ယူလိုက်သည်။ ပထမဆုံး သူက သွေးနံ့ကို ဂရုတစိုက် ရှူရှိုက်ကြည့်၏။ တဖန် သူ၏ ထူးခြားသော အမြင်အာရုံကို နှိုးဆွပြီး သွေးခဲကို စူးစမ်းလေ့လာ ကြည့်ပြန်သည်။ သွေးအတွင်း၌ သာမန်မျက်လုံးဖြင့် မြင်နိုင်ရန်ခဲယဉ်းသည့် မရေမတွက်နိုင်သော မူလပစ္စည်းများ လှည့်ပတ်နေကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။ ထိုပစ္စည်းများသည် အလွန် ဆန်းကြယ်လှပြီး စုချန်း တစ်ခါမျှ မမြင်ဖူးချေ။ မည်သို့ဆိုစေ အနှီမူလပစ္စည်းများတွင် အေးခဲစေတတ်သော စွမ်းရည်ရှိပြီး ဝမ်တောက်ရှန်း၏ ဒဏ်ရာ သက်သာမည့်အရေးကို တားဆီးနေသည်ကတော့ သေချာနေ၏။ တစ်ချိန်တည်းမှာပင် ထိုမူလပစ္စည်းများကို ဆန့်ကျင် တိုက်ခိုက်နေသော နောက်ထပ် မူလပစ္စည်း တစ်မျိုးကိုလည်း စုချန်း တွေ့ရှိနေရ၏။ ဒုတိယမြောက် မူလပစ္စည်းမှာကား နှင်းကြိုးကြာ သွေးဗီဇမှ ထုတ်လုပ်သော မူလပစ္စည်းပင် ဖြစ်ပေလိမ့်မည်။ မူလပစ္စည်းနှစ်မျိုး နှိုင်းယှဉ်လျှင် ကြိုးကြာသွေးဗီဇ၏ မူလပစ္စည်းသည် သိသိသာသာပင် အားနည်းနေ၏။ သို့သော် အချိန်ကြာလာသည် နှင့်အမျှ ကြိုးကြာသွေးဗီဇ၏ မူလပစ္စည်းက အနိုင်ရရှိသွားမည်မှန်း စုချန်း သဘောပေါက်လိုက်သည်။ အကြောင်းမှာ ဝမ်တောက်ရှန်းကို ဒုက္ခပေးနေသည် နှင်းခါရေခဲလက်ဝါး ရိုက်ချက်၏ မူလပစ္စည်းသည် ကိန်းသေဖြစ်ပြီး ကြိုးကြာသွေးဗီဇ မူလပစ္စည်းမှာကား ဝမ်တောက်ရှန်း၏ ကိုယ်ခန္ဓာက တစ်ချိန်လုံး ထုတ်လုပ်ပေးနေသော မူလပစ္စည်း ဖြစ်သောကြောင့်ပင်။

ဝမ်တောက်ရှန်း အန်ထုတ်လိုက်သည့် သွေးများ အေးခဲသွားရသည့် အကြောင်းမှာကား လက်ရှိအချိန်တွင် နှင်းငှက်မူလစွမ်းရည်၏ အင်အားကို ကြိုးကြာသွေးဗီဇကို အနိုင်မယူနိုင်သေး၍ပင် ဖြစ်သည်။ မည်သို့ဆိုစေ ဂျီဟန်းယင်၏ အင်အားမှာကား ထူးခြားလှပြီး သာမန်ထက် လွန်ကဲနေကြောင်း သိသာနေခဲ့လေပြီ။

ဤနေရာတွင် ထပ်မံဖြည့်စွက်၍ ပြောရလျှင် သွေးအတွင်း၌ ဝမ်တောက်ရှန်းကို ဒုက္ခပေးနေသည့် တခြားအရာတစ်ခု ရှိနေသေး၏။ ထိုအရာမှာ ဝမ်တောက်ရှန်း ကနဦး ပြောပြခဲ့သည့် မိုးမခအဆိပ်မြား ဖြစ်သည်။ သို့သော် အဆိပ်မြား၏ အင်အားမှာ မူလပစ္စည်းထက် များစွာ နည်းပါးလေရာ အချိန်အတိုင်းအတာ တစ်ခုအရောက်တွင် လုံးဝ ပျောက်ကွယ်သွား ပေလိမ့်မည်။

"သိပ်မှန်တာပေါ့ အစကတည်းက နှင်းငှက်သွေးဗီဇဟာ ကျုပ်တို့ထက် အတိုင်းအတာ တစ်ခုအထိ မြင့်မားနေခဲ့ပြီးသား ဒါပေမဲ့ ခုလို ကျုပ်ခံလိုက်ရတာ ဂျီဟန်းယင်ရဲ့ အားကောင်းတဲ့ သွေးဗီဇ တစ်ခုတည်းကြောင့် မဟုတ်ဘူး ဒီကောင်မဟာ သွေးဗီဇနှစ်မျိုးအထိ နှိုးဆွနိုင်ခဲ့တာ ကြာပြီ ဒီတော့သူ့ရဲ့ ကိုယ်ခန္ဓာစွမ်းအင် အဆင့်ဟာလည်း ကျုပ်ထက် အများကြီး မြင့်မားနေတာပေါ့ အဲဒီမှာတင် ကျုပ်အဖို့ ချောက်ကျရတာပဲ"

စုချန်းတစ်ယောက် သူ့အပေါ် နားလည်မှု လွဲမှားမည်ကို စိုးရိမ်၍ ဝမ်တောက်ရှန်းက စေ့စေ့စပ်စပ်ပင် ရှင်းပြလိုက်သည်။

"အားကောင်းတဲ့ သွေးဗီဇနှစ်မျိုးအထိ နိုးထနိုင်ခဲ့တယ် ဟုတ်လား"

စုချန်း အလွန် အံ့သြသင့်သွား၏။ သင်သည် အသက် ၁၆နှစ်အရွယ်တွင် သွေးဗီဇတစ်မျိုးကို နှိုးဆွနိုင်ခဲ့လျှင် ပါရမီရှင်တစ်ဦးဟု သတ်မှတ်နိုင်၏။ သို့သော် ထိုကဲ့သို့သော ပါရမီရှင်မျိုးမှာ မရှားလှ။ မြို့တော်တိုင်းလိုလိုတွင် လူနည်းစုအဖြစ် တွေ့ရှိနိုင်၏။ သို့သော် အသက် ၁၆နှစ်အရွယ်တွင် သွေးဗီဇနှစ်မျိုးကို နှိုးဆွနိုင်သူမှာကား အလွန်ပင် ရှားပါးလှ၏။ အနှီ ဂျီဟန်းယင်သည် အလွန် ထူးခြားသူမဖှန်း သိသာနေခဲ့လေပြီ။ ဤပြိုင်ပွဲတစ်ခုလုံးတွင် သူမကို ယှဉ်နိုင်မည့်သူ တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်။

"ဟုတ်တာပေါ့"

ဝမ်တောက်ရှန်းက လေးနက်တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။

"ဒီမိန်းမနဲ့ ရင်ဆိုင်တိုးမိတာ ကျုပ်အဖို့တော့ ကံဆိုးတာပဲ သူ့ရဲ့ အင်အားက တကယ် ကြောက်ဖို့ကောင်းတယ် ကျုပ်ကို မြင်တာနဲ့ မပြောမဆိုပဲ ဝုန်းဒိုင်းကြဲပြီး ဝင်ရောက် တိုက်ခိုက်တော့တာ စကားတောင် ဆုံးအောင် မပြောလိုက်ရဘူး သူ့ရဲ့ လက်ဝါးရိုက်ချက်ကြောင့် ကျုပ်ရဲ့ ကြိုးကြာပုံရိပ်ဟာ ရစရာမရှိအောင် ပျက်စီးသွားခဲ့တဲ့အပြင် ကျုပ်ကိုယ်တိုင်လည်း လက်ဝါးတစ်ချက် ထိမှန်သွားတယ် တကယ်လို့ အပြေးသာမမြန်ခဲ့ရင် ခုချိန်ဆို ကျုပ် သေလောက်ပြီပေါ့ ဒီလို ဒဏ်ရာရခဲ့လို ဟိုခွေးမသား နှစ်ကောင်ကို ကျုပ် မခုခံနိုင်တော့တာပေါ့"

ဤနေရာသို့အရောက်တွင် ဝမ်တောက်ရှန်းက စကားကို ခေတ္တမျှရပ်တန့်ပြီး စဉ်းစားဟန်ပြုလိုက်သည်။ အတန်ကြာမှ သူက စကားဆက်လိုက်၏။

"အမှန်တော့ ဂျီဟန်းယင်ရဲ့ လက်ဝါးရိုက်ချက် မမှန်ခဲ့ရင်လည်း ကျုပ်က ကျန်းချန်းအန် ဆိုတဲ့ကောင်ကို နိုင်ချင်မှနိုင်မှာပါ ဒါပေမဲ့ ခုလောက်ထိ ရုပ်ပျက်ဆင်းပျက်တော့ မရှုံးနိမ့်ဘူးပေါ့ကွာ ဒါတွေအားလုံးဟာ ဟိုကောင်မကြောင့်ပဲ"

စကားပြောဆို နေရင်းနှင့်ပင် ဝမ်တောက်ရှန်းသည် ကြိတ်မနိုင်ခဲမရ ဖြစ်လာဟန်ဖြင့် စတင်ကျိန်ဆဲတော့သည်။ ထိုစဉ် စုချန်းက လွှတ်ခနဲ ပြောလိုက်၏။

"တကယ်လို့သာ ကျုပ်က ဒီအေးခဲစေတဲ့ ချီစွမ်းအင်ကို သက်သာပျောက်ကင်း သွားအောင် လုပ်ပေးနိုင်ရင်ကော"

"ဟေ မင်းဘာပြောလိုက်တာလဲ"

ဝမ်တောက်ရှန်းကား အံ့သြသင့်သွားဟန်ဖြင့် စုချန်းကို မျက်လုံးကြီးပြူးကာ စိုက်ကြည့်နေလေသည်။

"ခင်ဗျား ပြောသလိုသာဆိုရင် ခင်ဗျား ကိုယ်တွင်းမှာရှိတဲ့ အေးခဲစေတဲ့ ချီစွမ်းအင်ကို ဓာတ်ပြယ်သွားအောင် ကျုပ် ကူညီပေးနိုင်တယ် ဒါတင်မကသေးဘူး မိုးမခသစ်သား အဆိပ်ကိုလည်း ကျုပ်က ထုတ်ပေးနိုင်သေးတယ်"

"မင်း ဘယ်လိုလုပ်မှာလဲ ဖြေဆေး တစ်မျိုးမျိုးများ ရှိနေတာလား"

ဝမ်တောက်ရှန်းက စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်၏။ စုချန်းက ခေါင်းခါယမ်းလိုက်သည်။

"မဟုတ်ဘူး ဒါပေမဲ့ ကျုပ်မှာ နည်းလမ်းရှိပါတယ် အဓိက လိုအပ်တာကတော့ ခင်ဗျားအနေနဲ့ ကျုပ်ကို အပြည့်အဝ ယုံကြည်ဖို့ပဲ"

"ယုံရမယ် ဟုတ်လား"

ဝမ်တောက်ရှန်းက စုချန်းကို သံသယမကင်းဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

"ဒီတော့ ကျုပ်က ဘာလုပ်ဖို့ လိုအပ်သလဲ"

"ခင်ဗျားကို ကုသမပေးခင် ခင်ဗျားရဲ့ တစ်ကိုယ်လုံးကို သေသေချာချာ စမ်းသပ်စစ်ဆေးဖို့ လိုအပ်သဗျ"

စုချန်းက ရှင်းပြလိုက်သည်။

စုချန်းအား မိမိ၏ ကိုယ်ခန္ဓာကို စစ်ဆေးခွင့် ပြုလိုက်ခြင်းဟူသည် ဝမ်တောက်ရှန်းအဖို့ ကာကွယ်ရေး စနစ်များအားလုံးကို ရပ်ဆိုင်းထားရသည်နှင့် အတူတူသာ။ ထိုအခြေအနေတွင် စုချန်းသာ မရိုးမသား ကြံစည်လာပါက ဝမ်တောက်ရှန်းအဖို့ မည်သို့မျှ မတတ်နိုင်။ သူ့အနေနှင့် လုပ်စရာဟူ၍ မိမိကိုယ်မိမိ သတ်သေရန်သာ ရှိတော့သည်။ ထို့ကြောင့် ဤကိစ္စတွင် ယုံကြည်မှု လိုအပ်သည်ဟူသော စုချန်း၏ စကားမှာ မထူးဆန်း။

စုချန်း၏ ရှင်းလင်းချက်ကို ကြားလိုက်ရသောအခါ ဝမ်တောက်ရှန်းက မသိမသာ ပြုံးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"အဲဒီလိုလား ကောင်းပြီလေ ကျုပ်တို့ စမ်းသပ်ကြည့်ကြတာပေါ့"

ထို့နောက်တွင်ကား စုချန်း၏ လက်ချောင်းများသည် ဝမ်တော်ရှန်း၏ မျက်ခုံးမွေးနှစ်ခု အကြားဝယ် သွက်လက်စွာ လှုပ်ရှားနေ၏။ ဝမ်တောက်ရှန်းကား မည်သို့မျှ ခုခံကာကွယ်ထားခြင်း မရှိလေရာ စုချန်းအဖို့ စမ်းသပ်ရသည်မှာ အထူးပင် သက်တောင့်သက်သာ ရှိလှသည်။ ဝမ်တောက်ရှန်းသည် စုချန်းအား အတော်လေး ယုံကြည်စိတ်ချမှု ရှိသည်မှာ ပေါ်လွင်နေ၏။

မူလစွမ်းအင် အငွေ့အသက် တစ်ခုသည် ဝမ်တောက်ရှန်း၏ ကိုယ်ခန္ဓာအတွင်းသို့ စီးဝင်သွား၏။ အနေအထားအရ စုချန်းသည် မူလစွမ်းအင်ကို အသုံးပြုပြီး ဝမ်တောက်ရှန်း၏ အခြေအနေကို စစ်ဆေးနေဟန် ရှိ၏။ သို့သော် အဖြစ်မှန်မှာကား ထိုသို့မဟုတ်။ စုချန်းသည် သူ၏ အမြင်အာရုံကို နှိုးဆွပြီး ဝမ်တောက်ရှန်း ကိုယ်တွင်းရှိ စွမ်းအင်စီးဆင်းမှုကို စူးစမ်းနေခြင်း ဖြစ်သည်။

နှင်းခါးရေခဲလက်ဝါး ရိုက်ချက်က ဝမ်တောက်ရှန်းအား အကြီးအကျယ် ဒုက္ခပေးနေသည်မှာ မူလပစ္စည်း တစ်ခုတည်းကြောင့်မဟုတ်။ ထူးခြားသော စွမ်းအင် စီးဆင်းပုံကြောင့်လည်း ပါဝင်နေ၏။ စုချန်းအနေနှင့် မူလပစ္စည်းကို တိုက်ဖျက်နိုင်မည့် နည်းလမ်းကို ဤမျှ တိုတောင်းသော အချိန်လေးအတွင်းဝယ် မရှာဖွေနိုင်။ သို့သော် နှင်းခါးရေခဲ မူလစွမ်းအင်၏ စီးဆင်းမှုလမ်းကြောင်းကို ဖြတ်တောက်နိုင်မည့် နည်းလမ်းကိုကား သူ၏ ထူးခြားသော အမြင်အာရုံကို အသုံးပြု၍ ရှာဖွေနိုင်၏။ သိပ်မကြာမီပင် စုချန်းသည် မူလစွမ်းအင် မကြာခဏ ဖြတ်သန်း စီးဆင်းနေသည့် ဆုံချက်နေရာတစ်ခုကို ရှာဖွေတွေ့ရှိ လိုက်တော့သည်။

ထိုအခါ သူက ထိုနေရာကို လက်ဖြင့်ထောက်ရင်း ဝမ်တောက်ရှန်းကို အမိန့်ပေးလိုက်သည်။

"ခင်ဗျားရဲ့ သွေးဗီဇအားအင်တွေ အကုန်လုံးကို စုစည်းပြီး ဒီနေရာကို ဖြိုခွဲနိုင်အောင် ကြိုးစားစမ်းဗျာ"

ဝမ်တောက်ရှန်းကလည်း စုချန်း၏ အမိန့်အတိုင်း တသွေမတိမ်း လုပ်ဆောင်လိုက်သည်။ သိပ်မကြာမီ ပြင်းထန်သော စုစည်းမှုအောက်ဝယ် အားကောင်းလှသော သွေးဗီဇအားအင်များ တရှိန်ထိုး ထွက်ပေါ်လာပြီး ဂျီယန်းယင်၏ မူလပစ္စည်းက အပိုင်းသိမ်းပိုက် ထားဟန်တူသော ထိုဆုံချက်သည် တစ်စစီ ပြိုကွဲသွားတော့၏။ ဝမ်တောက်ရှန်း၏ ပါးစပ်အတွင်းမှ ချိုမြိန်သော အရသာတစ်မျိုး ပေါ်ပေါက်လာပြီး သွေးများကို ပွက်ခနဲ အန်ထုတ်လိုက်ပြန်သည်။ သို့သော် အထက်ပါအတိုင်း သွေးများအန်ထုတ်ပြီးသည်နှင့် ဝမ်တောက်ရှန်း၏ တစ်ကိုယ်လုံးသည် အလွန်ပင် သက်တောင့်သက်သာရှိကာ နေထိုင်၍ ကောင်းသွား၏။ မူလက အေးစက်နေသော သူ့ကိုယ်ခန္ဓာမှာလည်း ပြန်လည်နွေးထွေးစ ပြုလာလေသည်။

"အောင်ပြီကွ အောင်ပြီ"

ဝမ်တောက်ရှန်းက ဝမ်းသာအားရနှင့် အော်ဟစ်လိုက်၏။

"ဘယ်ကလာ ဒါအစပဲ ရှိသေးတယ်ဗျ"

စုချန်းက ပြောလိုက်သည်။ သို့သော် သူက စကားကို မဆက်သေးပဲ ရပ်တန့်ထားလိုက်၏။ ထိုအခါ ဝမ်တောက်ရှန်းက မေးမြန်းလိုက်သည်။

"ဟေ ဘယ်လိုကွ ရှင်းပြစမ်းပါဦး"

"ခင်ဗျားအနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်"

"ကျုပ် ဘာလုပ်ရမလဲ ပြောမှာသာ ပြောစမ်းပါကွာ"

ဝမ်တောက်ရှန်းက အလျင်စလိုပင် ပြောလိုက်၏။ သူ့စိတ်ထဲတွင် စုချန်းအား အပြည့်အဝ ယုံကြည်စိတ်ချနေခဲ့ပြီ ဖြစ်သည်။

စုချန်းကား အတန်ကြာအောင် ငိုင်တွေစဉ်းစားနေ၏။ နောက်ဆုံးတွင် သူက ပြောလိုက်သည်။

"ဒီလိုဆိုရင်တော့ ... ခင်ဗျားရဲ့ အဝတ်အစားတွေကို ချွတ်လိုက်ပါ ဘာမှ မကျန်တဲ့အထိ ချွတ်ရမှာနော်"

"ဘာကွ"

ဝမ်တောက်ရှန်း တစ်ယောက် ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားရှာသည်။

All Chapters