ပေါက်ကွဲနေသော မီးလျှံငှက်
Vol. 14 Ch. 134
အတန်ကြာ တုံ့ဆိုင်းတုံ့ဆိုင်း လုပ်နေပြီးနောက် ဝမ်တောက်ရှန်းသည် စုချန်း၏ တောင်းဆိုချက်အများစုကို လက်ခံရန် ဆုံးဖြတ်လိုက်ဟန်တူသည်။ သူသည် နံငယ်ပိုင်းမျှကိုသာ ချန်ထားပြီး တစ်ကိုယ်လုံးရှိ အဝတ်များကို ချွတ်ချလိုက်၏။ အမှန်တော့ ဝမ်တောက်ရှန်းအနေနှင့် စုချန်း၏ ရှေ့မှောက်တွင် မိမွေးတိုင်း ဖမွေးတိုင်း ပြသရမည်ကို ရှက်လွန်း၍တော့မဟုတ်။ ပြိုင်ပွဲဝင်များကို လိုက်လံပြသနေသည့် အလင်း မျက်နှာပြင်ကြောင့်သာ ဖြစ်သည်။
ဝမ်တောက်ရှန်းအနေနှင့် သူ၏ ဗလာကျင်းနေသော ကိုယ်ခန္ဓာကို အလင်းမျက်နှာပြင် ပေါ်တွင်တော့ မပြသလို။ ဤအတွက် အကြောင်းပြချက်ဟူ၍ မယ်မယ်ရရ ရှိမေသော်လည်း လူငယ်တစ်ယောက်၏ အဝတ်မပါသော ကိုယ်ခန္ဓာကို မြင်တွေ့ရ၍ အရေးကြီး ပုဂ္ဂိုလ်တချို့၏ စိတ်ထဲတွင် သင်္ကာမကင်းစရာ၊ စိတ်ရှုပ်ထွေးစရာများ ဖြစ်မလာဟု မည်သူပြောနိုင်မည်နည်း။
ဝမ်တောက်ရှန်း၏ အနှီ ဆုံးဖြတ်ချက်ကြောင့် စုချန်းသည် ၎င်း၏ ကိုယ်ခန္ဓာရှိ အေးခဲနေသော ဆုံချက်များအားလုံးကို ဓာတ်ပြယ်သွားရန် မစွမ်းဆောင်နိုင်ခဲ့။ ထိုအစား သူသည် ဆုံချက် ၁၂နေရာအနက် ၁၁နေရာကိုသာ ဓာတ်ပြယ်သွားစေရန် ကူညီပေးနိုင်ခဲ့လေသည်။ မည်သို့ဆိုစေ ထိုမျှလောက် အနေအထားနှင့်ပင် ဝမ်တောက်ရှန်း၏ အနေအထားသည် များစွာ တိုးတက်လာခဲ့၏။ ၎င်းသည် စုချန်း၏ အမိန့်အတိုင်း တစ်ကိုယ်လုံးရှိ မူလစွမ်းအင်များကို ကိုယ်ခန္ဓာအောက်ပိုင်းတွင် စုစည်းပြီး အရှိန်အဟုန်နှင့် လှည့်ပတ်နေခဲ့လေသည်။
ဝမ်တောက်ရှန်း၏ နံငယ်ပိုင်းတစ်ခုလုံးသည် ရွက်ဖျင်တဲသဖွယ် ဖောင်းကားလာသည်မှအပ အရာအားလုံးသည် အဆင်ပြေနေခဲ့၏။ အမှန်တော့ ကိုယ်ခန္ဓာအောက်ပိုင်းသို့ မူလစွမ်းအင်အများအပြား စုပြုံရောက်ရှိလာ ခဲ့သောကြောင့် ဝမ်တောက်ရှန်း၏ ဖိုအင်္ဂါသည် မာကျောတောင့်တင်း လာခြင်းပင်။ ဝမ်တောက်ရှန်းကား ထိုအတွက် အနည်းငယ်မျှ စိတ်အနှောင့်အယှက် ဖြစ်ဟန်မပေါ်သည့်အပြင် ဂုဏ်ယူနေပုံဖြင့် ကားရားကားရားနှင့် လမ်းလျှောက်နေ၏။ ထို့နောက် သူက ဖျတ်ခနဲ မေးလိုက်သည်။
"ပြိုင်ပွဲနယ်မြေတွေ အကုန်လုံးကို ဖြတ်သန်းပြီး တိုက်ပွဲဝင်မယ်ဆိုတာ သေချာနေပြီလား"
"မကြိုးစားကြည့်ရင် ဘယ်သူကကျား ဘယ်သူကနဂါးမှန်း ဘယ်သိနိုင်ပါ့မလဲဗျ ပြီးတော့ အဆင့်မြင့်နယ်မြေက ပြိုင်ပွဲဝင်တွေ ဘယ်လောက်များ တော်သလဲ ကျုပ်က စမ်းကြည့်ချင်သေးတာ"
စုချန်းက ရယ်မောရင်း ဖြေလိုက်သည်။ အမှန်တော့ သူသည် နယ်မြေ ၆ရှိ ပြိုင်ပွဲဝင်များ၏ အင်အားကို တွက်ဆနိုင်ခဲ့ပြီ ဖြစ်သည်။ ဝမ်တောက်ရှန်းနောက်သို့ လိုက်လာသည့် ပြိုင်ပွဲဝင် လေးယောက်သည် မြောက်ပိုင်း မြို့တော်မှာသာဆိုလျှင် "ဆရာကြီးများ" ဖြစ်နိုင်သော်လည်း တိမ်တိုက်ပန်းပွင့် မြို့တော်တွင်ကား ၎င်းတို့သည် သာမန် အဆင့်အတန်းမျှသာ ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့အထက်တွက် ပို၍ အင်အားကြီးမားသည့် သွေးဗီဇပိုင်ရှင် တော်ဝင်မျိုးနွယ်စုများ ရှိနေကြသောကြောင့်ပင်။
သို့တိုင်အောင် စုချန်းသည် သူ၏ အစီအစဉ်ကို စွန့်လွှတ်ရန် အနည်းငယ်မျှပင် စိတ်ကူးမရှိ။ အကြောင်းမှာ သူနှင့် ပိုင်လိတို့အကြား ပြိုင်ဆိုင်မှု တစ်ခုတည်းကြောင့် မဟုတ်။ တစ်လောကလုံးရှိ အစွမ်းအထက်ဆုံးဟု ဆိုနိုင်သည့် မျိုးဆက်သစ် လူငယ်ပြိုင်ပွဲဝင်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုသည့်အပြင် သူနှင့် ၎င်းတို့အကြား ကွာဟမှုကို စူးစမ်းလို၍ ဖြစ်သည်။
"မင်းက သိပ်တော့မညံ့ပါဘူး ဒါပေမဲ့ ငါပြောတာကို ယုံစမ်းပါ မင်းအနေနဲ့ နယ်မြေတွေအကုန်လုံးကို ဖြတ်သန်းသွားလာနိုင်ဖို့ ဆိုတာကတော့ ဝေးပါသေးတယ် ငါ့ကိုပဲ ကြည့်လေ ငါလည်း မင်းလိုပဲ ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့တာပဲ ဟော … သိပ်မကြာဘူး ခုတော့ အောက်ခံဘောင်းဘီပဲ ကျန်တဲ့အထိ အဆော်ခံလိုက်ရပြီ"
ဝမ်တောက်ရှန်းသည် စုချန်း၏ ပေါက်ကွဲနေသော မီးလျှံငှက်ကို မတွေ့မြင်လိုက်ရချေ။ ထို့ကြောင့် စုချန်းအပေါ် သူ၏ သုံးသပ်ချက်သည် ဒုတိယပြိုင်ပွဲဝင်နှင့် တိုက်ခိုက်မှု အပေါ်တွင်သာ အခြေခံထားသည်။ ထိုအခါ သူက စုချန်းအား အတတ်နိုင်ဆုံး ဖျောင်းဖျရန် ကြိုးစားနေရှာ၏။ သို့သော် စုချန်းကား သူ၏ ရပ်တည်ချက်ကို စွဲစွဲမြဲမြဲပင် ဆုပ်ကိုင်ထားခဲ့လေသည်။ သူ၏ ဖျောင်းဖျမှု မအောင်မြင်မှန်း သိလိုက်ရသောအခါ ဝမ်တောက်ရှန်းက တစ်စုံတစ်ရာကို ဆုံးဖြတ်ချက် ချလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်းက ကျုပ်ကို ကူညီခဲ့တာပဲ ဒီတော့ ကျုပ်လည်း မင်းနဲ့အတူ လိုက်ခဲ့မယ်"
စူချန်း အတော်လေး အံ့သြသွား၏။ ထို့နောက် သူက ပြောလိုက်သည်။
"ကျုပ်က ဒီအတိုင်းပဲ ကူညီလိုက်တာပါ ခင်ဗျားဆီက ဘာကျေးဇူးတုံ့ပြန်မှုမှ မလိုဘူးဗျ"
"မင်း ဘယ်လိုပဲပြောပြော ကျုပ်ဆိုတဲ့ ဝတုတ်ဘိုးဘိုးကြီးကတော့ လက်မခံနိုင်ဘူးကွ အထူးသဖြင့် မင်းဟာ ဂျီဟန်းယင် ဆိုတဲ့ကောင်မနဲ့ တွေ့တဲ့အခါ ယင်ကောင်တစ်ကောင်လို ပြားကပ်နေအောင် အရိုက်ခံရပြီး နဂါးကျောင်းတော်ဝင်ခွင့် ဆုံးရှုံးသွားတာမျိုးကို ပိုပြီတော့တောင် လက်မခံနိုင်ဘူး ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ မင်းကို နဂါးကျောင်းတော်ထဲ သေချာပေါက် ဝင်ခွင့်ရအောင် လုပ်ပေးနိုင်မှ ကျုပ်က စိတ်ကျေနပ်နိုင်မယ်"
ဝမ်တောက်ရှန်းက သူ့ရင်ဘတ်ကို တဘုံးဘုံးနှင့်ပုတ်က အာလုတ်သံကြီးနှင့် ပြောဆိုလိုက်၏။ ဤနေရာတွင် ဝမ်တောက်ရှန်း၏ "သေချာပေါက် ဝင်ခွင့်ရအောင်"ဟူသော ဝါကျမှာ အတော်လေး ယုံကြည်မှု ပြည့်ဝနေဟန်ရှိသော အဓိပ္ပာယ်ကို ဆောင်သည်။ သို့သော် ဝမ်တောက်ရှန်း၏ မူလစွမ်းရည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရလေရာ ဤစကားမျိုး ပြောဆိုရန် ထိုက်တန်ပါပေသည်ဟု စုချန်းက ကျိတ်၍ ဝန်ခံလိုက်ရသည်။
ဝမ်တောက်ရှန်း၏ တိမ်တိုက် ထက်ခြမ်းခွဲခြင်း စွမ်းရည်သည် စုချန်း၏ ပေါက်ကွဲနေသော မီးလျှံငှက်နှင့် စွမ်းရည်ချင်းတွင် မတိမ်းမယိမ်းသာ ဖြစ်သည်။ သို့သော် နှင်းကြိုးကြာသွေးဗီဇ ဆက်ခံသူဖြစ်သော ဝမ်တောက်ရှန်းတွင် တိမ်တိုက်ထက်ခြမ်းခွဲခြင်း စွမ်းရည်သာမက တခြား သွေးဗီဇ စွမ်းရည်များလည်း ပိုင်ဆိုင်ထားဦးမည်သာ။ ဤသည်မှာပင် တော်ဝင်သွေးဗီဇ ဆက်ခံသူ မျိုးနွယ်စုဝင် တစ်ယောက် အဘယ်ကြောင့် ဤမျှအထိ ယုံကြည်မှု ရှိနေရသနည်းဟူသော မေးခွန်း၏ အဖြေပင် ဖြစ်သည်။
အလင်းနတ်ဘုရား နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးသွားပြီး နိုင်ငံခုနစ်နိုင်ငံကာလ ရောက်ခဲ့ကတည်းက တော်ဝင်သွေးဗီဇ မျိုးနွယ်စု စနစ်ကြီးတစ်ခုလုံးကို တရားဝင် တည်ထောင်ခဲ့ပြီး လူသားများကိုလည်း အဆင့်မြင့်သူများနှင့် အဆင့်နိမ့်သူများဟု ခွဲခြားသတ်မှတ်ခဲ့၏။ ထိုကဲ့သို့ ခွဲခြားသတ်မှတ်ခြင်းကို ကျောထောက်နောက်ခံ ပြုနေသူများမှာကား အနှီ သွေးဗီဇဆက်ခံနိုင်သူ တော်ဝင်မျိုးနွယ်စုများပင် ဖြစ်ကြလေသည်။
လီနှင့် လင်ယဲ့မွှားကဲသို့သော သူများသည် သွေးနှောများသာ ဖြစ်ကြလေရာ စစ်မှန်သော တော်ဝင်သွေးဗီဇ မျိုးနွယ်စုများ၏ ပြည့်ဝသော အင်အားကို ထုတ်ဖော်ပြသနိုင်ခြင်း မရှိ။ သို့သော် ဝမ်တောက်ရှန်းမှာကား တော်ဝင်သွေးဗီဇ မျိုးနွယ်စု၏ ပထမဦးဆုံး တရားဝင် အဖွဲ့ဝင်ဖြစ်သည်။ အမှန်တော့ ဝမ်တောက်ရှန်းကဲ့သို့ တော်ဝင်သွေးဗီဇ မျိုးနွယ်စုများတွင် ပါဝင်သူ များစွာ ရှိနေသေး၏။ ၎င်းတို့ကို လူသားတို့၏နယ်မြေများ အားလုံးတွင် တွေ့ရှိနိုင်ပေသည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် လူသားမျိုးနွယ်စု၏ အခြေခံအုတ်မြစ်ဟု သတ်မှတ်ခံရသူများ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် သွေးဗီဇမရှိသူများကို အပေါ်စီးမှ ဖိနှိပ်နေသည့် တောင်ကြီးတစ်လုံးနှင့်သာ တူနေတော့သည်။
သွေးဗီဇမရှိသူ တစ်ယောက်အဖို့ သွေးဗီဇပိုင်ရှင် တစ်ယောက်ကို အနိုင်ရရှိရန်မှာ အလွန်ပင် ခက်ခဲလှသည်။ မည်သို့ဆိုစေ စုချန်းကား အနည်းငယ်မျှပင် ကြေက်ရွံ့ခြင်းမရှိ။ ထိုအစား တိုက်ပွဲကို ဆာလောင်သော ဆန္ဒများသာလျှင် ဖွဲမီးသဖွယ် တမြေ့မြေ့ လောင်ကျွမ်းနေတော့သည်။
ဝမ်တောက်ရှန်း၏ စကားကို ကြားသောအခါ စုချန်းက ပြောလိုက်၏။
"ကောင်းပြီလေ ဒါဆိုလည်း ကျုပ်တို့ အတူတူ သွားကြမယ် အမျိုးသမီး ဂျီဟန်းယင်နဲ့ ရင်ဆိုင်တိုးမိရင်လည်း ကျုပ်တို့ အတူတကွ တိုက်ခိုက်ကြမယ် တကယ်လို့များ ကျုပ်တို့ အနိုင်ရသွားမယ်ဆိုရင် ခင်ဗျားရဲ့ ဒေါသတွေကို ဖြေဖျောက်လို့ ရတာပေါ့"
ဝမ်တောက်ရှန်း တစ်ယောက် အားရပါးရ ရယ်မောလိုက်၏။
"ကောင်းတယ်ဟေ့ သိပ်ကောင်းတယ် ကျုပ်တို့ နှစ်ယောက်ပေါင်းပြီး ဟောင်ဖွာဟောင်ဖွာ လုပ်နေတဲ့ ဒီကောင်မကို ပညာပေးကြတာပေါ့"
သို့သော် သူတို့နှစ်ယောက် ပေါင်းလျှင်ပင် ဂျီဟန်းယင်အား မနိုင်လောက်မှန်း ခံစားမိသောအခါ ဝမ်တောက်ရှန်းက မနာလိုသော လေသံနှင့် ပြောလိုက်သည်။
"ဒါပေမဲ့ ကြည့်ရတာ ကျုပ်တို့အနေနဲ့ သူနဲ့မတိုးတာ ပိုကောင်းလိမ့်မယ် ထင်တယ်ကွ"
"ခင်ဗျားက သူ့ကို ကြောက်နေလို့လား"
"မကြောက်ပါဘူးကွ သူနဲ့ အတိုက်အခံမလုပ်တာ ပိုကောင်းမလားလို့ပါ"
"ကျုပ်ကတော့ ခင်ဗျား သူ့ကို ကြောက်နေတယ်ပဲ ထင်တယ်"
"ဟေ့ ဟေ့ မင်းရဲ့ ဖက်တီးဘိုးဘိုးကို ဒီလောက်တော့ အထင်မသေးနဲ့လေကွာ ခုချက်ချင်း ပြန်ပြီး တောင်းပန်လိုက်စမ်း"
"ကောင်းပါပြီဗျာ ကောင်းပါပြီ ကျုပ်ကပဲ တောင်းပန်ပါတယ် ကြိုးကြိုဘိုးဘိုးရယ် ခင်ဗျားဟာ ဉာဏ်ပညာကြီးသလောက် သူမတူအောင် ထူးချွန်ပါပေတယ်"
"ကြည့်စမ်း မင်းလေသံက သိပ်မဟုတ်ဘူးကွ ကျုပ်ကိုသက်သက်မဲ့ ရွဲ့နေသလိုပဲ"
"ဟာ ဂွကျတာပဲ ခင်ဗျားဟာက တယ်လည်းတောင်းပန်ရ ခက်တာကိုးဗျ"
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် နောက်လိုက်ပြောင်လိုက်နှင့် သက်တောင့်သက်သာပင် ခရီးဆက်ခဲ့ကြ၏။ အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ယောက်အကြား ရင်းနှီးခင်မင်မှုမှာ တဖြည်းဖြည်း ပို၍သာ တိုးပွားလာတော့သည်။ ဤပုံဤနည်းအတိုင်း ခရီးဆက်လာစဉ်မှာပင် သူတို့ရှေ့၌ ပြိုင်ပွဲဝင်လေးဦး ပေါ်ပေါက်လာ၏။ ထိုလေးယောက်သည် သူတို့နှစ်ယောက်အား သိရှိပုံမရ။ "သားကောင်တော့ တွေ့ပဟဲ့"ဟူသော အမူအရာနှင့် တိုက်ခိုက်ရန် တဟုန်ထိုး ပြေးဝင်လာ၏။ ယခုအချိန်ထိ ပြိုင်ပွဲနယ်မြေအတွင်း ဆက်လက် ရပ်တည်နိုင်သည်ကို ကြည့်လျှင် ထိုလေးယောက်မှာ မခေမှန်း သိသာနေသည်။ မူလချီစွမ်းအား ပညာရှင်များပင် ဖြစ်ကြလေရာ အစွမ်းအစ တစ်စုံတစ်ရာတော့ ရှိကြမည်မှာ ဧကန်ပင် ဖြစ်သည်။
ပြိုင်ပွဲဝင် လေးယောက်အား တွေ့မြင်လိုက်သည်နှင့် ဝမ်တောက်ရှန်းကလည်း အနည်းငယ်မျှပင် တွေဝေမနေ။ သူသည် လေးယောက်အနက်မှ သုံးယောက်အား ရင်ဆိုင်ကာ စုချန်းအား ကျယ်လောင်စွာ သတိပေးလိုက်သည်။
"ဒီဘက်သုံးယောက်ကို ကျုပ် တာဝန်ယူလိုက်မယ် မင်းက ဒီဘက်တစ်ယောက်ကိုပဲ ခဏတဖြုတ် ထိန်းနိုင်အောင် ကြိုးစားပေး ဒီဘက် သုံးယောက်ကို ရှင်းပြီးတာနဲ့ ကျုပ်က မင်းကို ဝင်ကူပေး ..."
သို့သော် ဝမ်တောက်ရှန်း ခမျာ စကားကို ဆုံးအောင် မပြောလိုက်ရရှာ။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ သူ့ခေါင်းပေါ်မှ မီးကဲ့သို့ ရဲရဲနီနေသော အလင်းတန်းတစ်ခု ဖြတ်ကျော်သွားမှန်း တွေ့ရှိလိုက်ရသည်။ သူအလွန် အံ့သြသွားပြီး နောက်ကို ကပျာကသီ လှည့်ကြည့်လိုက်ရာ စုချန်းအတွက် သူ ချန်ထားရစ်ခဲ့သော ပြိုင်ပွဲဝင်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ နောက်ဖက်သို့ လွင့်စဉ်လာပြီး မြေကြီးပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားကြောင်း တွေ့ရှိလိုက်ရသည်။
ဝမ်တောက်ရှန်း ခမျာ အံ့သြသင့်လွန်း၍ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေရှာ၏။ ထိုအချိန်တွင် စုချန်းသည် နောက်ထပ် ပေါက်ကွဲနေသော မီးလျှံငှက်တစ်ကောင်ကို ထပ်မံပစ်လွှတ်ရန် ပြင်ဆင်ပြီးလေပြီ။ ထိုအခါ သူက ဝမ်တောက်ရှန်းအား သတိပေးလိုက်သည်။
"သူတို့ကို နည်းနည်းပါးပါး နှောင့်နှေးအောင် လုပ်ပေးထားစမ်းပါဗျ"
"အိုး ဟုတ်ပေသားပဲ"
ထိုအခါကျမှ ဝမ်တောက်ရှန်း၏ အမူအရာက အိပ်မက်မှ လန့်နိုးလာဟန် ရှိသေည်။ ပြိုင်ဘက်သုံးယောက်သည် စုချန်းအား ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလျက်ရှိသည်။ သို့သော် သူတို့သည် ဝမ်တောက်ရှန်း၏ ဖြတ်တောက်ပိတ်ဆို့မှုကို ကျော်လွှားရန် မစွမ်းသာကြ။ ကြိုးကြာဖက်တီးသည် လက်နှစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ကြိုးကြာပုံရိပ်ကြီး တစ်ခု ပေါ်ပေါက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး လေပြင်းများ တိုက်ခတ်လာ၏။ ကြိုးကြာပုံရိပ်သည်ကား တကယ်ပင် အကောင်အထည်ဒြပ်ထု ရှိနေသကဲ့သို့ ထင်ရသည်။ ၎င်းကို ကြည့်ရသည်မှာ နှင်းကြိုးကြာ၏ ထူးခြားသော ခမ်းနားကြီးကျယ်ခြင်းကို ပိုင်ဆိုင်ထားဟန် ရှိသည်။ ထိုစွမ်းရည်မှာကား တခြားမဟုတ်။ နှင်းကြိုးကြာ၏ မူလစွမ်းရည်တစ်မျိုး ဖြစ်သော တောင်ပတစ်ထောင် လက်ဝါးကွက်ပင် ဖြစ်သည်။ ဝမ်တောက်ရှန်း၏ ထောင်ပေါင်းများစွာသော လက်ဝါးများသည် ပြိုင်ဘက်သုံးယောက်ကို မလူးသာ မလွန့်သာအောင် ချုပ်နှောင်ထားနိုင်၏။
"ဟာ ဒီကောင်က ကြိုးကြာဖက်တီး ဝမ်တောက်ရှန်းပဲဟေ့"
ပြိုင်ပွဲဝင် သုံးယောက်သည် ယခုကျမှ မိမိတို့နှင့် ရင်ဆိုင်နေရသူ မည်သူမည်ဝါမှန်း ကောင်းစွာ သဘောပေါက် သွားကြကုန်၏။ သူတို့အားလုံးသည် ထိုနေရာမှ တချိုးတည်း လစ်ပြေးလိုစိတ်များ ပေါ်ပေါက်လာသည်။ သို့သော် များစွာနောက်ကျ သွားခဲ့လေပြီ။ ထိုအချိန်မှာပင် နောက်ထပ် မီးလျှံငှက်တစ်ကောင်သည် လျင်မြန်စွာ ပျံသန်းလာပြီး ပြိုင်ပွဲဝင်တစ်ဦးအား ဝင်ရောက် တိုက်ခိုက်တော့သည်။ ထိုသူကလည်း ညံ့တော့မညံ့။ အလွန် သွက်လက်မြန်ဆန်စွာ ရှောင်တိမ်းပေးလိုက်၏။ မီးလျှံငှက်သည် သူ့နံဘေးမှ ပွတ်ကာသီကာနှင့် ဖြတ်သန်းသွားလေသည်။ ထိုအခိုက်မှာပက် အနှီမီးလျှံငှက်သည် လေထဲမှပင် နောက်ပြန်ကွေ့ဝိုက်ကာ ထိုသူအား ထပ်မံတိုက်ခိုက် လာပြန်၏။ ဤတစ်ကြိမ်တွင်ကား သူ့ခမျာ မရှောင်တိမ်းနိုင်တော့။ ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားတော့သည်။
ထိုအခါ ကျန်ပြိုင်ပွဲဝင် နှစ်ယောက်သည် နောက်ကျသည့်ခြေထောက် သစ္စာဖောက်ဟု ဆိုသည့်အတိုင်း ခြေကုန်သုတ် ထွက်ပြေးရန် ကြိုးစားကြတော့သည်။ ၎င်းတို့ကိုကြည့်ရင်း ဝမ်တောက်ရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဘာကို အခုမှ ထွက်ပြေးချင်တာလဲ ဘယ်မှပြေးမနေနဲ့ မင်းတို့အားလုံး ကျုပ်နဲ့ ဒီနေရာမှာပဲ နေရမှာ"
စကားအဆုံးတွင် ဝမ်တောက်ရှန်း၏ လက်ချောင်းများသည် လေထဲတွင် ပျံသန်းနေသကဲ့သို့ လှုပ်ရှားလိုက်ရာ နှင်းကြိုးကြာ အရှိန်အဝါတချို့သည် ရှေ့သို့ တိုးထွက်ပေါက်ကွဲကုန်ပြီး နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အလင်းရောင်တန်းများက ထိုသူနှစ်ဦးအား ဝါးမျိုဖုံးအုပ်သွား၏။ အလင်းရောင်များ ပျောက်ကွယ်သွားပြီး နောက်တွင်ကား သနားဖွယ်ရာ လူငယ်နှစ်ဦးမှာ သတိမေ့လျက် ရှိချေပြီ။
"မဆိုးဘူးပဲ ဒါကို ဘာစွမ်းရည် ခေါ်သတုန်းဗျ"
စုချန်းက သတိမေ့နေသော ပြိုင်ပွဲဝင်ထံမှ အမှတ်များကို နှုတ်ယူရင်း မေးလိုက်သည်။ ပြိုင်ပွဲဝင်လေးဦး ရှိလေရာ သူတို့နှစ်ဦးအတွက် ဝေပုံကျမှာ တစ်ဦးလျှင် ပြိုင်ပွဲဝင် နှစ်ဦးကျထံမှ အမှတ်များ နှုတ်ယူခွင့် ရရှိလေသည်။
"သွေးဗီဇမူလစွမ်းရည် တစ်မျိုးပဲကွ နှင်းငလျင်ပေါက်ကွဲခြင်းလို့ ခေါ်တယ် မင်းဘယ်လိုထင်သလဲ အတော်လေး ကောင်းတယ်မလား"
ဝမ်တောက်ရှန်းက ပျော်ရွှင်မြူးတူးသော အမူအရာနှင့် ပြောလိုက်သည်။ နှင်းငလျင် ပေါက်ကွဲခြင်းသည် အမှန်တကယ်ပင် အင်အားပြင်းထန်လှ၏။ မည်သည့်နည်းနှင်မျှ တိမ်တိုက်ထက်ခြမ်း ခွဲခြင်းထက် အားနည်းစရာမရှိ။ စေ့စေ့စပ်စပ် တွေးကြည့်လျှင် ၎င်းသည် ဧရိယာကြီးတစ်ခုလုံးကို သိမ်းကျုံးတိုက်ခိုက် နိုင်သည့်အတွက် တိမ်တိုက်ထက်ခြမ်း ခွဲခြင်းထက်ပင် ပို၍အသုံးဝင်သည်ဟု ဆိုနိုင်ပေသည်။
"ဒါပေမဲ့ ဒီတိုက်ခိုက်မှုမျိုးက မူလစွမ်းအင်ကို အတော်လေး ကုန်ခန်းစေပုံပေါ်တယ် ကျုပ်ပြောတာ ဟုတ်ရဲ့လားဗျ"
စုချန်းက မသိမသာ ဖြူရော်နေသော ဝမ်တောက်ရှန်း၏ မျက်နှာကို အကဲခတ်ရင်း မေးလိုက်သည်။ ထိုအခါ ဖက်တီး၏ ပျော်ရွှင်မြူးတူးမှုမှာ ချက်ချင်းပင် ပျောက်ကွယ်သွား၏။ သူက ကသိကအောင့် ဖြစ်နေသော အမူအရာနှင့် ပြုံးရင်း ပြောလိုက်သည်။
"မင်းဟာလေ မြင်လည်း မြင်တတ်ပါပေတယ် မင်းပြောသလိုပဲ ဒီတိုက်ခိုက်မှုက အင်အားကို အလွန်ကုန်ခန်းစေတယ် ဒါကြောင့် ကျုပ်အနေနဲ့ သာမန်အချိန်တွေမှာ အသုံးပြုလေ့မရှိဘူး"
အမှန်က ဝမ်တောက်ရှန်းသည် စုချန်း၏ရှေ့တွင် သက်သက်မဲ့ အကြွားပိုလိုက်ခြင်းသာ ဖြစ်သည်။ သို့သော် စုချန်းက သူ၏ အားနည်းချက်ကို ချက်ချင်းပင် မြင်တွေ့သွားသောအခါ အနှီ ကြွားလုံးမှာ သဲထဲရေသွန်သလို ဖြစ်သွားရရှာသည်။ ထိုအခါ သူက စကားလမ်းကြောင်းကို ပြောင်းလိုက်၏။
"မင်း ခုနက ထုတ်သုံးလိုက်တဲ့ တစ်ကွက်ဟာလည်း အင်မတန် အင်အားပြင်းထန် ပေတာပဲ နာမည်ဘယ်လို ခေါ်သတဲ့လဲ သွေးဗီဇမူလစွမ်းရည်ပဲလား"
"မဟုတ်ပါဘူး ဒီစွမ်းရည်က ကျုပ်ဟာကျုပ် ခွဲခြမ်းစိတ်ဖြာပြီး တီထွင်ဆန်းသစ်ထားတဲ့ နည်းလမ်းသစ် တစ်မျိုးပဲ ဆိုပါတော့"
"မင်းကသာ သွေးဗီဇမူလစွမ်းရည် မဟုတ်ဘူး ပြောနေတယ် အင်အားကတော့ ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန်ပေတာပဲ ငါ့ညီ ကျုပ်ကတော့ မင်းကို တကယ် အထင်ကြီးသွားပြီဟေ့"
ဝမ်တောက်ရှန်းက စိတ်လိုလက်ရပင် ချီးကျူးလိုက်၏။ စုချန်းက ခေါင်းခါယမ်းကာ ပြောလိုက်ပြန်၏။
"သိပ်လည်းအထင်ကြီး မနေနဲ့ဗျ ဒီစွမ်းရည်ကို ကျုပ် တတ်ကျွမ်းလာတာ သိပ်မကြာသေးတော့ နည်းနည်း စိမ်းနေသေးတယ် ဒါကြောင့် တစ်ကြိမ် အသုံးပြုပြီးတိုင်း နောက်တစ်ကြိမ် ပြန်သုံးဖို့ အချိန်အတော်ယူရတယ်"
ထိုအခါကျမှ ဝမ်တောက်ရှန်းက စုချန်း၏ အခြေအနေကို နားလည်သဘော ပေါက်သွား၏။
"အော် ဒါကြောင့်မို့ ခုနကကောင်တွေကို ခဏတဖြုတ် နှောင့်နှေးအောင် လုပ်ပေးစမ်းပါဦးလို့ မင်းက ကျုပ်ကို လှမ်းပြောတာကိုး ဒါနဲ့ နေစမ်းပါဦး မင်းအနေနဲ့ ဒီစွမ်းရည်ကို ဘယ်နှစ်ကြိမ်လောက် ထုတ်သုံးနိုင်သလဲ"
စုချန်းအနေနှင့် ထိုကိစ္စကို ဖုံးကွယ်ထားရန် အကြောင်းမရှိလေရာ အမှန်အတိုင်းပင် ပြောပြလိုက်သည်။
"တကယ်လို့ ကျုပ်သာ အကောင်းဆုံး အခြေအနေမှာ ရှိနေခဲ့မယ်ဆိုရင် အကြိမ်တစ်ရာလောက်တော့ ထုတ်သုံးနိုင်မယ်လို့ ယူဆတယ်"
အဆိုပါ အရေအတွက်ကို ကြားလိုက်ရသောအခါ ဝမ်တောက်ရှန်း တစ်ယောက် မျက်လုံးပြူးသွား၏။
"ဟေ ဒီလောက်တောင် များသလားကွ"
ဝမ်တောက်ရှန်း မျက်လုံးမပြူးပဲ အဘယ်မှာ ခံနိုင်မည်နည်း။ သူ၏ သွေးဗီဇစွမ်းအင်သည် အားကောင်းသော်လည်း မူလစွမ်းရည် တစ်မျိုးမျိုးကို ဤမျှ အကြိမ်အရေအတွက် များများ တစ်ဆက်တည်း ထုတ်မသုံးနိုင်ချေ။ ဥပမာပြရလျှင် တိမ်တိုက်ထက်ခြမ်းခွဲခြင်း မူလစွမ်းရည်ဆိုလျှင် ဝမ်တောက်ရှန်းအနေနှင့် ဆယ့်ငါးကြိမ်အထိ ဆက်တိုက် အသုံးပြုနိုင်ပြီး နှင်းငလျင် ပေါက်ကွဲခြင်းကိုမူကား ဝမ်တောက်ရှန်း၏ အများဆုံး အသုံးပြုနိုင်စွမ်းမှာ ငါးကြိမ်သာ ဖြစ်သည်။ ယခုတော့ စုချန်းသည် ပေါက်ကွဲနေသော မီးလျှံငှက်ကဲ့သို့ ပြင်းထန်လှသည့် မူလစွမ်းရည်မျိုးကို အကြိမ်တစ်ရာအထိ အသုံးပြုနိုင်သည်ဟု ဆိုနေပါကလား။
ဤနေရာတွင် ဝမ်တောက်ရှန်းအနေနှင့် စုချန်းအပေါ် နားလည်မှု လွဲမှားနေခြင်း ဖြစ်သည်။ အမှန်တော့ မီးလျှံငှက်သည် မူလစွမ်းအင် အများအပြား မကုန်ခန်းသော်လည်း ၎င်း၏ ပြင်းအားမှာကား သာမန်ထက် ခုနစ်ဆမှ ရှစ်ဆအထိ မြင့်မား၏။ ပို၍ အရေးကြီးသည်မှာ စုချန်း၏ ကိုယ်ခန္ဓာစွမ်းအင် အဆင့်အတန်းသည် အဆင့်ငါး အလွှာသို့တိုင် ရောက်ရှိနေခဲ့လေပြီ။ ပေါက်ကွဲနေသော မီးလျှံငှက်ကို တစ်ကြိမ်အသုံးပြုတိုင်း ကုန်ခန်းနိုင်သည့် မူလစွမ်းအင်ပမာဏမှာ အဝါရောင်ကြယ် တစ်ဝက်နှင့် ညီမျှ၏။ ထို့ကြောင့် ကိုယ်ခန္ဓာစွမ်းအင် အဆင့်ငါးအလွှာ ရောက်ရှိနေသူ တစ်ယောက်အတွက် မီးလျှံငှက် မူလစွမ်းရည်ကို အကြိမ်တစ်ရာအထိ ထုတ်သုံးနိုင်သည်မှာ သာမန်ကိစ္စသာ ဖြစ်သည်။ အကယ်၍ စုချန်းအနေနှင့် ကိုယ်ခန္ဓာစွမ်းအင် အဆင့်ငါးအလွှာတွင် ရှိမနေပဲ အဆင့်နှစ်အလွှာ၌သာ ရှိနေလျှင်ပင် မီးလျှံငှက်ကို အကြိမ်ပေါင်း လေးဆယ်အထိ ထုတ်သုံးနိုင်လေရာ ဤနေရာတွင်ကား စုချန်း၏ ပေါက်ကွဲနေသော မီးလျှံငှက်သည် ဝမ်တောက်ရှန်း၏ သွေးဗီဇစွမ်းရည်များထက် အပြတ်အသတ် သာလွန်နေသည်ဟု ဆိုရပေလိမ့်မည်။
ဝမ်တောက်ရှန်းကား ဤမျှထူးဆန်းသည့် လူငယ်မျိုးနှင့် ဆုံတွေ့ရလိမ့်မည်ဟု အိပ်မက်မျှပင် မမက်ဖူး။ သူသည် စုချန်းအား အံ့သြသင့်စွာ ငေးကြည့်နေ၏။ အတန်ကြာမှ သူက တစ်စုံတစ်ရာကို စဉ်းစားမိဟန်ဖြင့် ရယ်မောလိုက်သည်။
"နေဦးကွ ကျုပ်တစ်ခု စဉ်းစားမိတယ် ဒီနည်းစနစ်ကို သိပ်မကျွမ်းကျင် သေးဘူးလို့ မင်း ခနက ပြောလိုက်တယ် ဒီတော့ ဒီလိုလုပ်ရင် မကောင်းဘူးလား နောက်ထပ် ပြိင်ပွဲဝင်တွေများ ထပ်တွေ့လို့ရှိရင် ကျုပ်က ဒီကောင်တွေကို နှောင့်နှေးအောင် ရင်ဆိုင်ထိန်းချုပ် ထားပေးမယ် မင်းက ကျုပ်နောက်မှာနေပြီး ဒီနည်းစနစ်နဲ့ ဒီကောင်တွေကို တိုက်ခိုက်ပေါ့ မင်းရဲ့ မူလစွမ်းရည်က အတော့ကို အင်အားပြင်းထန်တာကွ တော်တော့လူ ခံနိုင်ဖို့ မလွယ်ဘူး ဒီလိုနည်းလမ်းနဲ့သာဆိုရင် ကျုပ်တို့အနေနဲ့ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်လိမ့်မယ် ဒီလောက်ဆိုရင် ဒီကောင်တွေကို အနိုင်ယူဖို့ လိုအပ်တာထက်တောင် ပိုနေလိမ့်ဦးမယ် ဘယ့်နှယ်လဲ"
စုချန်း၏ မျက်လုံးအစုံသည် ဝင်းလက်တောက်ပသွား၏။
"အတိုင်းထက်အလွန်ပေါ့ဗျာ ကျုပ်မှာ လိုအပ်နေတာကလည်း လေ့ကျင့်မှုလေး နည်းနည်းပါးပါး လောက်ပါပဲ"