သူတို့က ငါ့ကို ဆရာချန်းလို့ ခေါ်တယ်
Vol. 3 Ch. 278
ချန်းဖန်တို့ တစ်စုမှာ သူတို့ တည်းရမည့် အခန်းသို့ မပြန်ပဲ စင်္ကြံလမ်း တစ်ခုမှ လျှောက်ရင်း သင်္ဘောကုန်းပတ်သို့ တက်လာခဲ့သည်။ ထိုနေရာတွင် မည်သူမျှ ရှိမနေခဲ့ပေ။ ညဉ့်အတော်လေး နက်နေပြီ ဖြစ်သောကြောင့် လူများစွာမှာ သူတို့နေရာသို့ ပြန်၍ အနားယူနေကြပြီ ဖြစ်သည်။
ချန်းဖန် လက်ကို နောက်သို့ ပစ်ရင်း ဗစ်တိုးရီးယား ပင်လယ် ကမ်းခြေကို ကြည့်လိုက်သည်။ သာမန်လူများ အနေဖြင့်ဆိုလျှင် မှိန်ပျပျသာ မြင်ရမည် ဖြစ်သော်လည်း ချန်းဖန်ကမူ အရာအားလုံးကို ရှင်းလင်း ပြတ်သားစွာ မြင်နေရသည်။
ပင်လယ်ထဲတွင် ပင်ပင်ပန်းပန်း ငါးရှာနေရသော လူများစွာကိုလည်း သူတွေ့နေရသည်။ ပင်လယ်နေနှင့် လေ၏ ရိုက်ခတ်မှု အောက်၌ ထိုလူများမှာ နေရော ညပါ အလုပ်လုပ်ကြ ရသည်။ ထိုသူများ၏ အသားအရေမှာ ညိုမည်းကာ ပျက်စီးနေပြီ ဖြစ်၏။ ချန်းဖန်မှာ ထိုသို့သော လူများကို နင်းတန့်ချင်းတို့ ကဲ့သို့ လူစားမျိုးထက် ပိုမို တန်ဖိုးထားသည်။
ချန်းဖန် သူ၏ အရင်ဘဝ၌ ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ ရသည်။ သူက အမြဲတမ်း ရိုးသားစွာ ကြိုးစားခဲ့ သော်လည်း ခေါင်းပုံဖြတ် နေသည့် လူတန်းစားကို မည်သို့မှ ကျော်ရန် မတတ်နိုင်ခဲ့ပေ။ ကျင့်ကြံခြင်း လောကကို ရောက်ပြီး နောက်တွင်လည်း ကမ္ဘာမြေသို့ ပြန်ကာ အောက်ခြေ လူတန်းစားများကို အမြဲတမ်း ကူညီချင်ခဲ့သည်။ ချန်းဖန်၏ နှလုံးသားတွင်မူ နင်းရှန်းချန် ကဲ့သို့ လူစားမျိုး အတွက် နေရာ မရှိပေ။ သူတို့ကား တန်ဖိုး မရှိသည့် အင်းဆက်များသာ ဖြစ်သည်။
ချန်းဖန် ချင်ရီလန်းတို့ ဘက်သို့ လှည့်လိုက်ရင်း ...
"မင်းတို့ ကောင်တွေမှာ မေးစရာတွေ ရှိမယ်ဆိုတာ ငါသိပါတယ်။ ခု ငါ့ကို ကြိုက်တာမေး ...”
ချင်ရီလန်းတို့မှာ မေးသင့် မမေးသင့် ချင့်ချိန်နေဟန် ရသည်။
"မင်းတို့က ငါ့သူငယ်ချင်းတွေပဲဟာ။ မင်းတို့ကို နင်းရှန်းချန်ကို ဆက်ဆံသလို ငါမလုပ်ပါဘူး ...”
ချင်ရီလန်းနှင့် အခြား လူများမှာ ထိုစကားကြောင့် ရှော့ခ်ရ သွားသည်။ လျူရှောင်ဟန်က မျက်လုံးပြူးကာ ...
"ဒါဆို နင်တကယ်ပဲ နင်းရှန်းချန်ကို သတ်လိုက်တာလား ...”
"ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူး ...”
ချန်းဖန်က ပြုံးရင်း ပြောလိုက်သည်။
"သူက မကြာခင် သေတော့မှာ။ ငါက သူ့ကို မစောင့်ရအောင် ကူညီလိုက်တာပါ”
ချန်းဖန် သူ၏ အတိတ်ဘဝကို ပြန်လည် တွေးလိုက်မိသည်။ အတိတ် ဘဝတွင်လည်း ချန်းဖန် နင်းရှန်းချန်နှင့် တွေ့ဆုံခဲ့ဖူးသည်။ ထိုအချိန်တွင် ချန်းဖန်မှာ ကျင်းရှို့ လုပ်ငန်းစု၏ ပိုင်ရှင်တစ်ယောက် ဖြစ်နေပြီ ဖြစ်ကာ နင်းရှန်းချန်မှာလည်း ဟွာရီ ဖျော်ဖြေရေး လုပ်ငန်းကို ဆက်ခံခဲ့ပြီးပြီ ဖြစ်သည်။
မကြာခင်မှာပင် ရှု့ယုံဖေးဟု ခေါ်သည့် နာမည် ကြီးလာသည့် မင်းသမီးလေး တစ်ယောက်နှင့် ဖျော်ဖြေရေး ကုမ္ပဏီမှ လူများကြား၌ ပြဿနာများ ဖြစ်ပေါ်ခဲ့သည်။ ထိုအထဲတွင် နင်းရှန်းချန်လည်း အပါအဝင် ဖြစ်သည်။ ရှု့ယုံဖေးမှာ ကုမ္ပဏီများစွာ၏ ထိုးနှက်မှုကို ခံရသည့် အပြင် ပါပါရာဇီများ၏ ပစ်မှတ်ထား တိုက်ခိုက်မှုကိုပါ ခံခဲ့ရသည်။ နောက်ဆုံးတွင် ဖိအားများကို ရင်မဆိုင်နိုင်ပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် ခဲ့သည်။
ရှု့ယုံဖေး သေဆုံးမှု၏ အဓိက တရားခံများတွင် နင်းရှန်းချန်လည်း အပါအဝင် ဖြစ်သည်။ နောက် သိပ်မကြာခင်မှာပင် နင်းရှန်းချန်၏ လိင်မှုကိစ္စ အရှုပ်တော်ပုံများနှင့် ပြိုင်ဘက်များအား လုပ်ကြံခြင်းများကို မီဒီယာ တစ်ခုက ဖွင့်ချခဲ့သည်။ ထိုကိစ္စများကြောင့်ပင် သူ၏ ဘဝကို ထောင်ထဲ၌ အဆုံးသတ်ခဲ့ ရသည်။
အတိတ်ဘဝ၌ ချန်းဖန်မှာ ဖျော်ဖြေရေး လောကနှင့် မနီးစပ်ခဲ့ သောကြောင့် ရှု့ယုံဖေး၏ သေဆုံးမှု အကြောင်းရင်းကို ရှင်းလင်းစွာ မသိခဲ့ရပေ။ သူကြားခဲ့ရသမျှသာ ကောလာဟလ များသာ ဖြစ်သည်။ ထို့ကြောင့် အစောပိုင်း၌ နင်းရှန်းချန်အား သတ်ရန် ရည်ရွယ်ချက် မရှိသည့်တိုင် နင်းရှန်းချန်၏ အပြုအမူများက သူနှင့် သူငယ်ချင်းများကို များစွာ စော်ကားခဲ့သည်။
အကယ်၍ ချန်းဖန်သာ သာမန်လူ တစ်ယောက်သာ ဖြစ်ခဲ့လျှင် ယခုအချိန်၌ ဒူးထောက်၍ တောင်းပန် နေရလောက်ပြီ ဖြစ်သည်။
"ဒါပေမဲ့ ငါတို့ နင်လက်တစ်ချောင်းတောင် လှုပ်တာ မမြင်ရဘူးလေ ...”
ချင်းလုလုက မေးလိုက်သည်။
"ကမ္ဘာပေါ်မှာ မင်းတို့ နားမလည်နိုင်တဲ့ အရာတွေ အများကြီးပဲ”
ချန်းဖန်က ပြုံးရင်း ဆက်ပြောလိုက်သည်။
"ဥပမာ ယွမ်ဟန်က နင်တို့ကို သူ့ရဲ့ အဆောင်ကို သုံးပြီး လှည့်စား ခဲ့တယ်လေ။ အဲဒီအချိန်မှာ သူ နင်တို့ကို သတ်မယ်ဆိုရင် နင်တို့ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး”
ချန်းဖန်က ပြောရင်း ချီဝမ်စန်းကို လှမ်းကြည့်လိုက်သည်။ ယွမ်ဟန်က သူ၏ နဂါးလက်ကောက်ကို သုံးကာ ကြောက်စရာ ကောင်းသည့် ပုံရိပ်များ ဖြစ်ပေါ် စေသည့်တိုင် ချီဝမ်စန်း၏ အမူအရာက အလွန် တည်ငြိမ်သည်ကို ချန်းဖန် သတိပြုမိခဲ့သည်။ ချီဝမ်စန်းမှာ ထိုသို့ အစီအရင် ပစ္စည်းများနှင့် ပတ်သက်မှု တစ်ခုခု ရှိပုံရသည်။
"တကယ်လား ...”
ချင်းလုလု၊ လျူရှောင်ချင်နှင့် ကျိုးချင်းရ တို့က နောက်ကျော မလုံသည့် ပုံစံဖြင့် မေးလိုက်သည်။
"သူဌေး ... မင်းကလည်း အဲဒီလို အစီအရင်တွေ လုပ်တတ်တာလား ...”
ချင်ရီလန်းကလည်း မေးသည်။ သူတို့အားလုံးမှ မြို့ငယ်လေးများ၏ ချမ်းသာသော မိသားစုများမှသာ ဖြစ်ရာ ထိုအကြောင်းအရာများကို မကြားခဲ့ဖူးချေ။
"ဒါပေါ့ ...”
ချန်းဖန်က လက်ညှိုးကို အနားရှိ စားပွဲတစ်ခုကို ညွှန်လိုက်သည်။ စားပွဲပေါ်တွင် မထွန်းညှိ ရသေးသော ဖယောင်းတိုင်များ ရှိပြီး ထိုအရာများက ဧည့်သည်များ ကိုယ်တိုင် ထွန်းညှိရန် ထားရှိခြင်း ဖြစ်သည်။ သို့သော် ချန်းဖန် လက်တစ်ဖက် ဝှေ့ယမ်း လိုက်သည်နှင့် ထိုဖယောင်းတိုင် အားလုံးမှာ မီးတောက်လာသည်။ ပင်လယ်လေ၏ အောက်တွင်ပင် ထိုအရာများက ငြိမ်းသွားမည့်ပုံ မရှိချေ။
"အာ ...”
ချင်းလုလုနှင့် အခြားလူများမှာ ပါးစပ်များကိုပင် ပိတ်ကာ ထိုမြင်ကွင်းအား တအံ့တဩ ကြည့်ကြသည်။ ထိုအရာက ဟယ်ရီပေါ်တာ ကားထဲမှ မှော်မန္တန် တစ်ခုအလားပင် ထင်မှတ်ရသည်။ သို့သော်လည်း ဟယ်ရီပေါ်မှာ စိတ်ကူးယဉ် ဇာတ်လမ်း ဖြစ်ပေါ်လည်း ယခုက အမှန်တကယ် ဖြစ်နေခြင်း ဖြစ်သည်။
"လက်တွေ့ ဘဝမှာ အစွမ်းထက်တဲ့ အစီအရင် ပညာရှင်တွေ အများကြီးပဲ။ ငါက အဲဒီထဲက တစ်ယောက်ပဲလေ”
ချန်းဖန်က အေးဆေးစွာ ရှင်းပြလိုက်သည်။
"သူဌေးပြောတာ အမှန်ပဲ။ ငါတို့ ခုနေတဲ့ အိမ်ကို ပြောင်းတုန်းက အိမ်ထဲမှာ သရဲတစ်ကောင် ရှိနေခဲ့တယ်။ အဲဒီသရဲက ငါတို့ကို အမြဲခြောက်နေတာ။ အဲဒါနဲ့ ငါ့အမေက ဆရာတစ်ယောက်ကို ပင့်ခဲ့တယ်။ အဲဒီညကဆိုရင် ငါတို့အိမ်က စစ်ပွဲတစ်ခု ဖြစ်နေတဲ့ အတိုင်းပဲ။ မိုးလင်းတော့ ဆရာက ပြောတယ်။ သူက သရဲကို ဖမ်းလိုက်ပြီတဲ့။ အဲဒီနောက် ငါတို့ ဘာမှ ထပ်မတွေ့ရတော့ဘူး”
ချင်ရီလန်းက လက်ခုပ်တီးရင်း ဝင်ပြောလိုက်သည်။
"အဲဒီအချိန်တုန်းက ငါက အရမ်း ငယ်သေးတော့ ဘာဖြစ်မှန်း နားမလည်ခဲ့ဘူး။ ခု တွေးကြည့်ရရင် အဲဒီဆရာက သူဌေးပြောတဲ့ အစီအရင် ဆရာတစ်ယောက် ဖြစ်ရမယ်”
လူတိုင်းက ချင်ရီလန်း၏ ပုံပြင်ကိုပါ နားထောင်ပြီး အံ့အားသင့် နေကြသည်။ သူတို့ အားလုံးမှာ သိပ္ပံခေတ်၏ ဆယ်ကျော်သက်များ ဖြစ်ရာ ထိုသို့သော အရာများကို မယုံခဲ့ကြချေ။
"သူဌေး မင်းက အဲဒီလို အစွမ်းတွေ ရှိတယ်ပဲ ထားပါတော့။ ဒါပေမဲ့ သူတို့က ဘာလို့မင်းကို ချန်းဖန်လို့ မခေါ်ပဲ ချန်းပေ့ရွှမ်းလို့ ခေါ်တာလဲ။ နောက်ပြီးတော့ မင်းက ဘာဖြစ်လို့ ဟောင်ကောင်ရဲ့ ဘီလျံနာအသစ် ဖြစ်လာတာလဲ ...”
ချင်ရီလန်းက ထပ်မေးလိုက်သည်။ သူ၏ မေးခွန်းက အားလုံး သိချင်သော အရာဖြစ်သည်။ ထို့ကြောင့် ချန်းဖန်အား စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ ချန်းဖန်တွင် ထူးဆန်းသော အစွမ်းများ ရှိသည့်တိုင် ထိုအရာများက ကျန်းမိသားစုများ၏ ကြွယ်ဝမှုများနှင့် မဆိုင်ပေ။ ကျန်းမိသား၏ ချမ်းသာခြင်းကို ရှန်းမိသားစုနှင့် ချန်းမိသားစုတို့ပင် မယှဉ်သာပေ။ ကျန်းနန်နယ် တစ်ခုလုံးတွင် ကျန်းမိသားစု၏ ကြွယ်ဝမှုကို ယှဉ်နိုင်သည်မှာ ပြည်နယ်၏ အချမ်းသာဆုံး ကျိုးတုန်းဟိုင်သာ ရှိသည်။
"ကျန်းမိသားစုဆီမှာ ငါ့ အကြွေးတွေ ရှိတယ်လေ။ ငါက ပြန်ယူရုံပဲ”
ချန်းဖန်က ပခုံးကို တွန့်ရင်း ပြောလိုက်သည်။
"ချန်းပေ့ရွှမ်းက ငါ့ရဲ့ ဒုတိယ နာမည်လေ။ ငါ့မှာက နာမည်သုံးခု ရှိတယ်”
ချန်းဖန်က အနည်းငယ် ပြုံးကာ ဆက်ပြောလိုက်သည်။
"သူတို့က ငါ့ကို ဆရာချန်းလို့ ခေါ်သေးတယ်”
"ဆရာချန်း ...”
လူတိုင်းက ကြောင်တောင်တောင်ဖြင့် လိုက်၍ ရေရွတ်လိုက်သည်။ နောက်ဆုံး၌ ကျိုးချင်းရက တစ်စုံတစ်ခုကို သတိရသွားပြီး ချန်းဖန်အာ လက်ညှိုးထိုးကာ ...
"အဲဒါဆို နင်က အားလုံး ပြောနေကြတဲ့ ဆရာချန်းပေါ့”
ကျိုးချင်းရ၏ စကားက လူငယ်များ အားလုံးကို လှုပ်နှိုးပေးလိုက် သလိုပင်။ သူတို့အားလုံး ချန်းဖန်အား မယုံကြည်နိုင်ခြင်း၊ အံ့အားသင့်ခြင်း များဖြင့် ကြည့်လိုက်မိ ကြသည်။ ရှန်းမိသားစု ပြိုကွဲစဉ် အခါက ဆရာချန်း၏ ကောလာဟလများကို သူတို့ကြားဖူးခဲ့ သေးသည်။ နောက်ဆုံး၌ ချန်းဖန်၏ သူငယ်ချင်းများမှာ အဖြစ်အပျက်များကို ဆက်စပ်မိ သွားကြပြီ ဖြစ်၏။
"အံ့အားသင့်စရာ မရှိဘူး။ အရမ်း လန်းလွန်းတယ် ...”
ချင်ရီလန်းက လက်ခုပ်တီး လိုက်သည်။
"သူဌေးက ကျန်းပေ့နယ်ရဲ့ ဆရာချန်း။ ချန်းမိသားစုရဲ့ အဓိက ထောက်တိုင်ထဲက တစ်ယောက်။ တကယ်ပဲ အရမ်း မိုက်လွန်းတယ်ကွာ။ အဲဒါကြောင့် မင်းက အသုံးမကျတဲ့ ကျောက်တုံးလေးကိုတောင် သုံးဆယ်မီလျံ ပေးပြီး ဝယ်ခဲ့တာပဲ”
"အဲဒါက အသုံးမကျတဲ့ဟာ မဟုတ်ဘူး။ ဓမ္မရတနာကွ"
ချန်းဖန်က ချင်ရီလန်း၏ စကားကို တည့်မတ်ပေး လိုက်သည်။
"အာ ဟုတ်သားပဲ။ အသုံးမကျတဲ့ ဓမ္မရတနာ ဟဲဟဲ ...”
ချင်ရီလန်းက အရှက်ပြေ ရယ်ရင်း ပြန်ပြောသည်။
ကျိုးချင်းရက တစ်ခုခုကို ဆက်စပ် တွေးမိပြီး ခေါင်းညိတ်လိုက်သည်။ ချန်းဖန်အား သတ္တမ သခင်ကြီးဟောင်က တလေးတစား လာခေါ် ရသည်မှာ မထူးဆန်းပေ။ သူမှာ ကျင်းမြို့တော် အထက်တန်းစား အသိုင်းအဝိုင်းမှ ဖြစ်ရာ ဆရာချန်း၏ အစွမ်းအကြောင်း အကြိမ်များစွာ ကြားဖူးခဲ့သည်။ ဆရာချန်းရှေ့တွင် တန့်ယွမ်ချင်းပင် မလေးမစား မလုပ်ရဲပေ။ ဆရာချန်းအား ဆန့်ကျင် တိုက်ခိုက်ခဲ့သည်မှာ ရှန်းမိသားစု တစ်ခုတည်းသာ ရှိခဲ့ပြီး တစ်မိသားစုလုံး အမြစ်ပြတ် ချေမှုန်းခြင်း ခံခဲ့ရသည်။ အလားတူပင် နင်းရှန်းချန်မှာ ချန်းဖန်အား စော်ကားမိ သဖြင့် အသက် ဆုံးရှုံးခဲ့ရ၏။
ကျန်းမိသားစုမှ အဘိုးအိုကျန်း သေဆုံးမှု၊ ကျန်းအန့်ချီ၏ ထူးဆန်းသော ရောဂါ အားလုံးက ချန်းဖန်နှင့် ဆက်စပ် နေလောက်သည်။ ကျိုးချင်းရမှာ ချန်းဖန်အားကြည့်၍ ကြက်သီး မွေးညင်းများ ထသည်အထိ ကြောက်ရွံ့မိ သွားသည်။
"ရှန်းမိသားစုက ကောလာဟလထဲက အတိုင်းပဲလား ...”
ချင်ရီလန်းက ထပ်မေးလိုက်သည်။
"အဲဒီနေ့က ငါပြန်ရောက်တော့ ငါ့အမေ လုပ်ကြံ ခံရတယ် ...”
ချန်းဖန်၏ စကားသံ ထွက်လာသည်နှင့် အားလုံး တိတ်ဆိတ်သွား ပြန်သည်။ လူတိုင်းက အရာအားလုံးကို နားလည်ဟန် ခေါင်းညိတ် လိုက်မိသည်။ ထိုမိသားစု နှစ်ခုကြားမှ တိုက်ပွဲကို သူတို့မှတ်မိ နေသေးသည်။ ရှန်းမိသားစုက ချန်းမိသားစုကို ဘက်ပေါင်းစုံမှ နှိပ်ကွပ်ခဲ့သည့် အပြင် ချန်းဖန်၏ အမေကိုပင် သတ်ရန် ကြိုးစားခဲ့ပုံ ရသည်။
ချီဝမ်စန်းက တစ်ခွန်းမှ ဝင်မပြောဘဲ ချန်းဖန်၏ စကားများကို တိတ်ဆိတ်စွာ နားထောင် နေခဲ့သည်။ သူက အကြောင်းအရာ တော်တော်များများကို ဆက်စပ်မိ သည့်တိုင် အခြားအရာများ ရှိနေဦးမည် ဖြစ်ကြောင်း သတိပြုမိသည်။ ချန်းဖန်၏ ဒုတိယ နာမည်ဖြစ်သော ချန်းပေ့ရွှမ်းက နင်းယွမ်ဟူကို ဒူးတုန်အောင် ကြောက်ရွံ့ စေခဲ့သည်။
ကျန်းမိသားစု၏ လုပ်ငန်းများ လွှဲပြောင်း ပေးရခြင်းတွင်လည်း အခြား လျှို့ဝှက်ချက်များ ရှိနေနိုင်သည်။ ချန်းဖန်၏ ကောင်မလေး ဖန့်ချုံးအား ရှန်းချန်ဝမ် လိုက်နေကြောင်း ကိုလည်း ကျိုးချင်းရထံမှ သူကြားဖူးခဲ့သည်။ ချန်းဖန်နှင့် ရှန်းချန်ဝမ်ကြားမှ အချစ်တိုက်ပွဲ ကလည်း ရှန်းမိသားစု ကျဆုံးရခြင်း၏ အကြောင်းရင်း တစ်ခု ဖြစ်နေနိုင်သည်။ ချီဝမ်စန်းမှာ ထိုအတွေးများကို သူ၏ စိတ်တွင်သာ သိမ်းဆည်း ထားလိုက်သည်။
"သူဌေး ... ခုက စပြီး မင်းက ဘီလျံနာ တစ်ယောက် ဖြစ်သွားပြီနော်။ မင်းကတော့ ကျောင်းက ကောင်မလေးတွေ ကြားမှာ အရမ်းကို ကျော်ကြား လာတော့မှာပဲ။ ပန်းကလေးတွေ အတွက် အဆင်သင့် ဖြစ်အောင် ပြင်ထားနော် ဟီးဟီး"
ချင်ရီလန်းက စိတ်အား ထက်သန်စွာ ပြောလိုက်သည်။ ချင်းလုလုသာ သူ့ဘေး၌ ရှိမနေလျှင် သွားရည်များပင် ကျနေလောက်သည်။
သူ၏ အသံများက ချန်းဖန်အား မနာလို နေကြောင်း ထင်ထင်ရှားရှား ဖော်ပြနေသည်။ သူ၏ မိဘများမှာ ချမ်းသာသည့်တိုင် ထိုအရာများက သူ၏ ပိုက်ဆံ မဟုတ်ပေ။ သို့သော်လည်း ချန်းဖန်၏ ပိုင်ဆိုင်မှုများက သူနှင့်သာ ဆိုင်သည် မဟုတ်ပါလား။
ယန်ချင်းချင်းကမူ ရောက်လာကတည်းက ဘေးတွင်သာ ရပ်ရင်း ချန်းဖန်အား လေးစားစွာ ကြည့်နေခဲ့သည်။ ချမ်းသာပြီး အစွမ်းထက်သော ယောက်ျားကို မကြိုက်သည့် မိန်းကလေး မရှိပေ။
***