အသင်းတစ်သင်း ဖွဲ့လိုက်ပြီ
Vol. 14 Ch. 135
ဘုန်း … ဘုန်း
ကျယ်လောင်သော ပေါက်ကွဲသံနှစ်ချက် ထွက်ပေါ်လာပြီး လူပုံသဏ္ဌာန် အရိပ်နှစ်ရိပ်သည် လေထုအတွင်းသို့ လွင့်စဉ်သွား၏။
"ဖမ်းထားလိုက်စမ်းဟေ့ မင်းအတွက်တစ်ခု ကျုပ်အတွက် တစ်ခုပေါ့"
ရှုံးနိမ့်သွားသော ပြိုက်ပွဲဝင်နှစ်ယောက်၏ စိတ်ပျက်မှုကို မသိသားဆိုးရွားစွာ ဝမ်တောက်ရှန်းက ဝမ်းသာအားရနှင့် ဝေစုခွဲလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် ကျောက်စိမ်းပြား အသီးသီးမှ အမှတ်များကို ယူငင်လိုက်ကြ၏။ သူတို့နှစ်ယောက်၏ လှုပ်ရှားမှုမှာ မြန်ဆန်လှပေရာ တစ်ဖက်လူများမှာ တုံ့ပြန်နေရန်ပင် အချိန်မရလိုက်ပဲ သတိမေ့ကုန်ကြသည်။ ထိုသူတို့ သတိပြန်လည် ရရှိလာချိန်တွင်ကား စုချန်းတို့နှစ်ယောက်က ပျောက်ကွယ်သွားခဲ့လေပြီ။
"ဒီတစ်ခေါက်တော့ ကျုပ် လေးမှတ်ရလိုက်သကွ မင်းကော ဘယ်လောက်ရလိုက်တုန်း"
"ခင်ဗျားထက် နည်းနည်းတော့ သာတယ်ဗျ ငါးမှတ်"
"နည်းနည်းလေးပဲ သာတာပါကွာ"
ဝမ်တောက်ရှန်းက နှုတ်ခမ်းများကို တွန့်ကွေးရင်း ပြုံးလိုက်သည်။ တစ်နေ့တာမျှသော တိုက်ပွဲကာလအတွင် ပြိုင်ပွဲဝင် အတော်များများသည် ရှုံးနိမ့်ကုန်ကြပြီ ဖြစ်လေရာ ကျန်ရှိသူများမှာ အမှတ်များသူများသာ ဖြစ်ကြသည်။ သို့သော် ယခုအချိန်ထိ စုချန်းတို့ ကြုံတွေ့ခဲ့သမျှ ပြိုင်ပွဲဝင်မျာမှာကား အမှတ်နည်းသူများသာ ဖြစ်နေသေးသည်။ ထို့ကြောင့် သူတို့၏ အခြေအနေမှာ ကံမလိုက်သေးဟုပင် ဆိုရမည်။
လုံလောက်သောအမှတ် မရရှိသောအခါ သူတို့နှစ်ယောက်သည် ထုံးစံအတိုင်း အရေအတွက်ကိုသာ အားထားရတော့သည်။ သာမန်အားဖြင့် ပြိုင်ပွဲဝင်များ အကြားဝယ် ဝမ်တောက်ရှန်းနှင့် စုချန်းကို ကျွမ်းကျင်သူများဟု သတ်မှတ်နိုင်သည်။ ယခု သူတို့နှစ်ယောက် ပူးပေါင်း၍ အသင်းတစ်သင်း ဖွဲ့စည်းလိုက်သောအခါ တော်တော်များများမှာ သူတို့၏ ပြိုင်ဘက် မဟုတ်ကြတော့။ ထိုအခါ သူတို့အသင်းသည် နယ်မြေ ၆အတွင်း မုန်တိုင်းတစ်ခုပမာ မွှေနှောက်တိုက်ခတ် သွားတော့သည်။
ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်နှင့် ပတ်သက်သည့် စိတ်ဖိစီးမှု မရှိတော့၍ စုချန်းအနေနှင့် တခြားနယ်မြေများသို့ ဖြတ်သန်းသွားရန် အလျင်မလိုတော့။ သူသည် နယ်မြေ ၆အတွင်း ဟိုမှသည်မှ သွားလာရင်း ပေါက်ကွဲနေသာ မီးလျှံငှက် နည်းစနစ်ကို အထပ်ထပ်အခါခါ လေ့ကျင့်နေရသည်ကိုပင် ကျေနပ်ပျော်ရွှင်နေ၏။ ဝမ်တောက်ရှန်းကား ပြိုင်ဘက်ကို ဖြတ်တောက်ပိတ်ဆို့ ထိန်းချုပ်သည့်နေရာတွင် အသင့်တော်ဆုံး လူဖြစ်သည်။ ၎င်း၏ တောင်ပံတစ်ထောင် လက်ဝါးကွက်ကိုသာ အပြည့်အဝ ထုတ်သုံးလိုက်လျှင် လူမပြောနှင့်၊ ယင်ကာင်တစ်ကောင်ပင် ဖြတ်သန်းသွားလာရန် ခဲယဉ်း၏။
တိုက်ပွဲတိုင်းတွင် စုချန်းသည် ဝမ်တောက်ရှန်း၏ နောက်တွင် နေရာယူထားပြီး တစ်ဖက်လူကို မီးလျှံငှက်ဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ ရှိသည်။ မီးလျှံငှက်သည် အလွန်ထူးခြားသော နည်းစနစ်ဖြစ်ပြီး တစ်ဖက်လူ၏ နောက်သို့ကပ်လျက် လိုက်ပါသွားနိုင်၏။ မည်သူတစ်ဦး တစ်ယောက်မှ ထိုနည်းစနစ်မျိုးကို မမြင်ဖူးလေရာ စုချန်း တိုက်ခိုက်လိုက်တိုင်း ပစ်မှတ်ကို တိကျစွာ ထိမှန်လေ့ရှိသည်။ အကယ်၍ တစ်ကြိမ်မျှသော တိုက်ခိုက်မှုနှင့် မလုံလောက်လျှင် မီးလျှံငှက်ကို နောက်တစ်ကြိမ် ထုတ်သုံးလိုက်ရုံသာ။
သူတို့၏ တိုက်ပွဲပုံစံမှာကား ရိုးရှင်းလှသည်။ ထို့နောက် သူတို့အသင်းသည် လမ်းကြောင်းတစ်လျှောက် တွေ့သမျှလူတိုင်းကို ချိုးချေဖျက်ဆီး လိုက်ကြကုန်၏။ သူတို့ကား ရပ်တန့်၍မရတော့။
မီးလျှံငှက် နည်းစနစ်သည် မီးလျှံစက်လုံး နည်းစနစ်မှ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်လေရာ ထိန်းချုပ်ရသည်မှာ လွယ်ကူ၏။ အကြိမ်ရာနှင့်ချီအောင် အသုံးပြုပြီးနောက် စုချန်းသည် မီးလျှံငှက် နည်းစနစ်နှင့် ပို၍ပို၍ အသားကျလာတော့သည်။
တစ်ချိန်တည်းမှာပင် လူယုတ်မာ နှစ်ယောက်သည် အသင်းတစ်ခုဖွဲ့ကာ တခြားလူများကို လိုက်လံအနိုင်ကျင့် နေကြောင်း သတင်းစကားတစ်ခု ပျံ့နှံ့လာလေရာ နယ်မြေ ၆ရှိ ပြိုင်ပွဲဝင်များအကြားဝယ် အကြောက်တရာများ ကြီးစိုးလာကြကုန်၏။ နောက်ဆုံးတွင် ပြိုင်ပွဲဝင်တစ်ယောက်က ဦးဆောင်ပြီး သူတို့နှစ်ယောက်ကို ဝိုင်းပတ်ပိတ်ဆို့ရန် ပြိုင်ပွဲဝင်ပေါင်း သုံးဆယ်ကျော်ပါဝင်သည့် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းလိုက်ကြ၏။ ဝမ်တောက်ရှန်းနှင့် စုချန်းတို့မှာကား ထိုအကြောင်းကို အနည်းငယ်မျှပင် မသိရှိလေရာ ထောင်ချောင်အတွင်းသို့ တည့်တည့် မတ်မတ်ကြီးပင် တိုးဝင်လာမိကြလေသည်။ ငါးစာအဖြစ်ချထားသော လူအနည်းငယ်ကို ဝင်ရောက်တိုက်ခိုက်ရန် စုချန်းနှင့် ဝမ်တောက်ရှန်းတို့က ပြင်ဆင်နေကြစဉ်မှာပင် ဆယ်နှင့်ချီသော ပြိုင်ပွဲဝင်များ ရုတ်တရက် ခုန်ပျံဝင်ရောက်လာရာ သူတို့ အတော်လေး ထိတ်လန့်သွား၏။ ထောင်ချောက်မှန်း ချက်ချင်းလိုလိုပင် သဘောပေါက်သွားလေရာ ထိုနေရာမှ တချိုးတည်း ထွက်ပြေးကြတော့သည်။
ဤနေရာတွင် သူတို့နှစ်ယောက်၏ အင်အားကို တခြားပြိုင်ပွဲဝင်များ မျက်ဝါးထင်ထင် မြင်တွေ့ရတော့သည်။ ပြိုင်ပွဲဝင် သုံးဆယ်ကျော်ခန့်သည် သူတို့အား အလောတကြီး နောက်ဆုတ်သွားစေရန် ဖိအားပေးနိုင်ခဲ့သော်လည်း ထိုနေရာတွင် ဆက်လက် ထိန်းချုပ်ထားရန်ကား မတတ်နိုင်ခဲ့။
စုချန်းအတွက်ကား ဤကိစ္စမှာ ပို၍ ရိုးရှင်းဟန်ရှိသည်။ သူသည် မြူခိုးကြားထဲမှ မြွေခြေလှမ်းကို အမြင့်ဆုံး နှိုးဆွလိုက်ရာ သူ့ကိုယ်ခန္ဓာသည် မြားတစ်စင်းပမာ ပြေးထွက်သွား၏။ သူသည် မြွေခြေလှမ်းကို စတင်နှိုးဆွလိုက်ကတည်းက ဝန်းရံပိတ်ဆို့ထားခြင်းမှ လွတ်မြောက်ခဲ့ပြီး ဖြစ်သည်။ ဝမ်တောက်ရှန်းကလည်း သိပ်တော့မနှေးလှ။ သူ့အမြန်နှုန်းမှာ နောက်ကျောတွင် အဖြူရောင် ကြိုးကြာရိပ်များ ပေါ်လာသည်ထိ မြန်ဆန်လှသည်။ သူသည်လည်း ပြိုင်ပွဲဝင်တချို့၏ မူလစွမ်းရည်များကြောင့် ဒဏ်ရာတချို့ ရရှိခဲ့သည်တိုင် ထောင်ချောက်အတွင်းမှ အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့သည်။ ပြိုင်ပွဲဝင် သုံးဆယ်ကျော်ပါဝင်သော လူအုပ်စုကြီးသည် စုချန်းတို့နောက်မှ ပြေးလိုက်လာ သေးသော်လည်း အမြန်နှုန်းမှာ ကွာခြားလှပေရာ တဖြည်းဖြည်း မျက်ခြည်ပြတ်ကာ ကျန်ရစ်ခဲ့တော့သည်။
သို့သော် ထိုအထဲမှ ပြိုင်ပွဲဝင်တစ်ဦးမှာကား ထူးထူးခြားခြားပင် မြန်ဆန်လှ၏။ ၎င်းသည် အများသူငါထက် မြန်ဆန်နေသော်လည်း မည်သည့် မူလစွမ်းရည်ကိုမျှ အသုံးပြုထားဟန်မရှိ။ ရှည်လျားလှသော ခြေထောက်နှစ်ချောင်းကိုသာ အားပြုလျက် ပြေးလိုက်နေခြင်း ဖြစ်သည်။ အချိန်အတော် ကြာသည်အထိ ပြေးလွှားခဲ့ပြီးနောက် ဝမ်တောက်ရှန်းနှင့် စုချန်းတို့နှစ်ယောက်က ပြေးလွှားခြင်းကို ရပ်တန့်လိုက်သည်။ ထိုအခါ ခြေတံလက်တံရှည်သော ပြိုင်ပွဲဝင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။
"ဟား ဟား ဟား မင်းတို့နှစ်ယောက် ဆက်ပြီး မပြေးနိုင်တော့ဘူးမလား ပြေးတဲ့နေရာမှာ မင်းတို့ ငါနဲ့ ပြိုင်ချင်သေး ... "
သူ့စကားမှာ မဆုံးလိုက်ပါ။ အဘယ်ကြောင့်ဆိုသော် သူ့ပြိုင်ဘက် နှစ်ယောက်သည် ညစ်ကျယ်ကျယ်ပြုံးကာ သူ့ထံသို့ ဦးတည်လျှောက်လှမ်း လာသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ရာတော့ မှားယွင်းနေပြီဟု ခံစားမိ၍ သူက နောက်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ မည်သူမျှ မရှိ။ သူ့အဖော်များအားလုံး နောက်တွင် ပြတ်ကျန်ရစ်ခဲ့လေပြီ။ သူ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး နောက်ကိုလှစ်ပြေးရန် ဟန်ပြင်လိုက်သည်။ သို့သော် မီးလျှံငှက် တိုက်ခိုက်မှုကား ထွက်ပေါ်လာခဲ့ပြီးပေပြီ။ တစ်ချက်တည်းနှင့် သူ့ခမျာ အဝေးသို့ လွင့်ထွက်သွားရှာ၏။ ထိုအခါ ဝမ်တောက်ရှန်းက မြေကြီးပေါ်တွင် လဲကျနေသော ပြိုင်ပွဲဝင်ကိုကြည့်ရင်း ရယ်မောလိုက်သည်။
"ငါ့နှယ်ကွာ ငါတို့နောက်က တစ်ချိန်လုံး ပြေးလိုက်လာနိုင်လို့ အဟုတ်ကြီးမှတ်နေတာ လက်စသတ်တော့ ဘာမှ မဟုတ်ဘူးပဲ ပိုဆိုးတာက ဒီကောင့်မှာ ဦးနှောက်ပါလာပုံမရဘူး"
ပြောပြောဆိုဆို သူက ထိုပြိုင်ပွဲဝင်၏ အမှတ်များကို နှုတ်ယူလိုက်၏။ ထိုသူ၏ အမှတ်သည် ဝမ်တောက်ရှန်းနှင့် ဆိုင်သည်ဟု သူတိုအကြား သဘောတူညီခဲ့ပြီး ဖြစ်သည်။ ထို့နောက် ဝမ်တောက်ရှန်းက မေးမြန်းလိုက်၏။
"ဒါနဲ့နေစမ်းပါဦး ခုနက မင်း ပြေးနေလွှားနေတာကို မြင်ရတာ တကယ်ကို အံ့မခန်းပဲ ဘာနည်းစနစ်များ ခေါ်သလဲ ကြည့်ရတာ ငါ့ရဲ့ နှင်းကြိုးကြာ ခြေလှမ်းထက်တောင် မြန်နေတယ် ဒီလိုစွမ်းရည်မျိုးကို သွေးဗီဇစွမ်းရည် မဟုတ်ပါဘူးလို့တော့ မင်း မပြောနဲ့နော်"
စုချန်းက ခါးသီးစွာ ရယ်မောလိုက်၏။
"အစောကြီးကတည်းက ခင်ဗျားကို ပြောခဲ့ပြီးသားပဲ ကျုပ်ဟာ သွေးဗီဇမပိုင်ဆိုင်တဲ့ မျိုးနွယ်စုက လာတာပါလို့ ဘယ့်နှယ်လုပ်ပြီး ကျုပ်မှာ သွေးဗီဇစွမ်းရည်မျိုး ရှိပါ့မလဲ"
ဝမ်တောက်ရှန်းကား စကားမပြောနိုင်တော့ပဲ စုချန်းကိုသာ အံ့သြတုန်လှုပ်စွာ ငေးမောကြည့်ရှု နေမိရှာတော့သည်။ ဤလူငယ်သည် ပထမတစ်ကြိမ်တွင် ကြောက်မက်ဖွယ်ရာ အင်အားပြင်းထန်သည့် ပေါက်ကွဲနေသော မီးလျှံငှက် မူလစွမ်းရည်ကို ပြသခဲ့၏။ ထိုစွမ်းရည်သည် သွေးဗီဇစွမ်းရည်များကိုပင် ယှဉ်နိုင်လောက်ပေရာ ဝမ်တောက်ရှန်း တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရ၏။ ယခုတစ်ကြိမ်လည်း လာပြန်ချေပြီ။ ဤလူငယ် အသုံးပြုခဲ့သော စွမ်းရည်၏ အမြန်နှုန်းသည် မည်သည့်သွေးဗီဇ စွမ်းရည်အောက်မျှ နိမ့်ကျဖွယ်ရာမရှိ။ ဤလူငယ်တစ်ယောက် ဘာတွေများ မှားယွင်းနေသနည်း။
အမှန်တော့ သွေးဗီဇစွမ်းရည်များထက် ပို၍အင်အားပြင်းထန်သည့် မူလစွမ်းရည်မျိုး မရှိမဟုတ်။ ရှိတော့ရှိသည်။ သို့သော် အလွန်ရှား၏။ စုချန်းအသုံးပြုခဲ့သော မူလစွမ်းရည်များမှာကား ထိပ်တန်းလျှို့ဝှက်အဆင့် ဖြစ်သည်။ မြောက်ပိုင်းမြို့တော် ကဲ့သို့သော မြို့ငယ်ကလေးဝယ် မည်သည့်အချိန်မှစ၍ လျှို့ဝှက်နည်းစနစ်များ ပေါ်ထွန်းနေခဲ့လေသနည်း။ သို့သော် စုချန်း၏ ကိုယ်ရေးကိုယ်တာအား ဝမ်တောက်ရှန်းအနေနှင့် စွက်ဖက်ပိုင်ခွင့် မရှိ။ စုချန်းသာ နှုတ်ဆိတ်နေခဲ့မည်ဆိုလျင် ဝမ်တောက်ရှန်း တစ်ယောက် မည်သို့မျှ မတတ်နိုင်။ မည်သည့်ဆိုစေ ဝမ်တောက်ရှန်း၏ စိတ်ထဲတွင် စုချန်းကို နားမလည်နိုင်သည်ကတော့ အမှန်ပင်။ နောက်ဆုံးတွင် ဝမ်တောက်ရှန်းက မေးလိုက်သည်။
"ကဲ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"
စုချန်းက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ပြောလိုက်သည်။
"နယ်မြေ ၆ကလူတွေက ကျုပ်တို့ကို သတိထားမိကုန်ပြီ ဒါကြောင့်မို့ ကျုပ်တို့ကို တိုက်ခိုက်ဖို့ သူတို့အချင်းချင်း ပူးပေါင်းလိုက်ကြတာပဲ ဒါကြောင့် ဒီနယ်မြေမှာ ဆက်မနေသင့်တော့ဘူးလို့ ကျုပ်ယူဆတယ်"
"မင်းဆိုလိုတာက ..."
"ခုအချိန်က နယ်မြေ ၅ကို သွားရမဲ့အချိန်ပဲ"
"ကောင်းပြီ ကျုပ်တို့ နယ်မြေ ၅ကို သွားကြတာပေါ့"
ဝမ်တောက်ရှန်းကလည်း မဆိုင်းမတွပင် လက်ခံလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် အစီအစဉ်တချို့ ပြုလုပ်ပြီး နယ်မြေ ၅သို့ ဆက်လက် ထွက်ခွာလာခဲ့ ကြလေသည်။ နယ်မြေ ၆ပြီးနောက် နယ်မြေ ၅ရှိ ပြိုင်ပွဲဝင်များကား ကပ်ကြီး ဆိုက်ကြပေဦးမည်။
အမှန်တော့ နယ်မြေ ၅ရှိ ပြိုင်ပွဲဝင်များသည် နယ်မြေ ၁၃ရှိ ပြိုင်ပွဲဝင်များထက် များစွာမြင့်မားကြ၏။ လက်ရှိ စုချန်း၏ အနေအထားရ ထိုနယ်မြေတွင် ကျွမ်းကျင်သူဟု သတ်မှတ်ရန် မခက်သော်လည်း နယ်မြေတစ်ခုလုံးကို မုန်တိုင်းတစ်ခုသဖွယ် ဝင်ရောက် မွှေနှောက်ရန်မှာကား မဖြစ်နိုင်။ သို့သော် သူ့ဘေးတွင် မဟာမိတ်အဖြစ် ဝမ်တောက်ရှန်း ရှိနေခဲ့လေပြီ။ သူတို့နှစ်ဦး ပူးပေါင်းလိုက်ခြင်းကြောင့် ကြီးမားသော အကျိုးသက်ရောက်မှု တစ်ခုကို ဖြစ်ပေါ်လာစေ ခဲ့သည်ဟုပင် ဆိုနိုင်၏။ သူတို့နှစ်ဦးအနက် တစ်ဦးမှာ အားကောင်းသော သွေးဗီဇကို ပိုင်ဆိုင်ထားပြီး ပေါက်ကွဲနိုင်စွမ်းအားမှာ ထိတ်လန့်ဖွယ်ရာ ကောင်း၏။ ကျန်တစ်ဦးမှာ ကိုယ်ခန္ဓာစွမ်းအား စုဆောင်းခြင်းအရာတွင် အဆင့်ငါးအလွှာထိ ရောက်ရှိနေခဲ့ပြီဖြစ်၍ ခံနိုင်ရည်အလွန် ကောင်းသည်။ တနည်းအားဖြင့် သူတို့နှစ်ဦးသည် တစ်ယောက်၏ အားနည်းလျက်ကို တစ်ယောက်က ဖုံးကွယ်ပေးထားပြီး အလွန် သဟဇာတဖြစ်သော အတွဲအဖက်များဟု ဆိုနိုင်ပေသည်။ အရေးအကြီးဆုံးမှာကား သူတို့နှစ်ယောက်လုံး လိုလိုသည် အောင်မြင်မှုအတွက် လိုအပ်သည့်အရာ ဟူသမျှကို လုပ်ဆောင်ရန် နောက်မတွန့်ကြခြင်းပင် ဖြစ်သည်။
ဝမ်တောက်ရှန်း၏ အမူအရာသည် ဖျတ်ခနဲကြည့်လျှင် မထုံတက်တေးနှင့် အရူးအနှမ်း တစ်ယောက်သဖွယ် ထင်မြင်ရသော်လည်း အရည်အချင်းမှာကား မခေလှ။ မူလစွမ်းရည်များကို အလွန်ကျွမ်းကျင်ပြီး သွက်လက်မြန်ဆန်စွာ လှုပ်ရှားတတ်သူ ဖြစ်သည်။ တစ်ဖက်လူသည် စုချန်း၏ မီးလျှံငှက် မူလစွမ်းရည်ကို မမြင်မတွေ့ရချင်း သူတို့ကို အထင်သေးကာ သိုးငယ်လေးများသဖွယ် ဆက်ဆံလေ့ရှိကြသည်။ နောက်ဆုံးတွင် သိုးငယ်ဘဝကို ကျရောက်သွားသူများမှာ သူတို့ကိုယ်တိုင်သာ ဖြစ်ကြလေတော့သည်။
ဤပုံဤနည်းအားဖြင့် သူတို့၏ အမှတ်များသည် တဖြည်းဖြည်း တိုးမြင့်လာ၏။ ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက် ကိစ္စကြောင့် ထိပ်ဆုံးတစ်ရာ၏ ပြင်ပကိုရောက်ရှိ သွားသော စုချန်းသည်လည်း ထိပ်ဆုံးတစ်ရာအတွင်း ပြန်လည်ဝင်ရောက် လာနိုင်ခဲ့လေသည်။ သူသည် အလင်းမျက်နှာပြင်ပေါ်တွင် သုံးကြိမ်တိတိ ပြန်ပေါ်လာ၏။ တစ်ကြိမ်ပြန်ပေါ်လာတိုင်း သူသည် ပို၍ မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။ နောက်ဆုံးတွင်ကား ၇၀၅ သူသည် ၁၁၂မှတ်ဖြင့် အဆင့် ၅၆တွင် ရပ်တည်နိုင်ခဲ့တော့သည်။ ဝမ်တောက်ရှန်း၏ အဆင့်မှာကား စုချန်းထက်အနည်းငယ် မြင့်၏။ သူသည် ၁၃၆မှတ်ဖြင့် အဆင့် ၅၄တွင် ရပ်တည် ဪ ၄မမ်ဖ ၄ ၅ထားနိုင်ခဲ့သည်။
အလင်းမျက်နှာပြင်ပေါ်ရှိ အဆင့်နှင့် ရမှတ်များကိုကြည့်ရင်း လူတိုင်းလိုလိုသည် စကားပင် မပြောနိုင်ကြတော့ပဲ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေကြ၏။ အလင်းမျက်နှာပြင်ကို ပြန်လည်ပြုပြင်ပြီး ဖြစ်လေရာ တိုက်ပွဲကို တိုက်ရိုက်ကြည့်ရှု နေကြသော တော်ဝင်သွေးဗီဇ မျိုးနွယ်စုဝင်များသည်ပင် စုချန်းအနေနှင့် ဝမ်တောက်ရှန်း၏ အားသာချက်ကို မှီခိုအားထားခဲ့ကြောင်း ပြောဆိုရန် မဝံ့ရဲကြပေ။ အကြောင်းမှာ စုချန်း အသုံးပြုနေသည် မီးလျှံငှက် မူလစွမ်းရည်၏ ပေါက်ကွဲနိုင်စွမ်းအားမှာ သူတို့ မျှော်လင့်ထားသည်ထက် များစွာ မြင့်မားနေသောကြောင့်ပင် ဖြစ်သည်။
"ဘာမတော်တဆမှုမှ ဖြစ်မလာခဲ့ရင် ဒီကောင်လေးဟာ ထိပ်ဆုံးတစ်ရာအတွင်း သေချာပေါက်ဝင်လိမ့်မယ်"
တော်ဝင်မျိုးနွယ်စုဝင် တစ်ဦးက ကောက်ချက်ချလိုက်သည်။
"ကြည့်ရတာ ဒီကောင်လေးဟာ တကယ်ကို ထူးချွန်တဲ့ မျိုးဆက်သစ် တစ်ယောက်ပဲဗျ"
"အင်း နောက်ထပ် လောင်ပိုကျွမ်း တစ်ယောက် ပေါ်လာပြန်ပြီလို့ ယူဆရတော့မယ်နဲ့ တူတယ်ဗျို့"
"လောင်ပိုကျွမ်းတုန်းက အဆင့် ၁၀အတွင်း ဝင်နိုင်ခဲ့တယ် သူ့အနေနဲ့ နောက်ထပ် လောင်ပိုကျွမ်း ဖြစ်ချင်ရင် ဒီလောက်နဲ့တော့ မရသေးဘူး ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့ဖို့ လိုအပ်နေသေးတယ်"
"မှန်တယ်ဗျို့"
"သိပ်လည်းစိတ်မပူပါနဲ့ နောက်ပိုင်းကျရင် ပြိုင်ပွဲနယ်မြေထဲမှာ တကယ့် ပြိုင်ဘက်ကောင်းတွေပဲ ကျန်ရစ်တော့မှာပါ"
တစ်စုံတစ်ယောက်က ပျင်းရိလေးတွဲ့သော ဟန်ပန်ဖြင့် ပြောလိုက်သည်။ ထိုသူ၏ စကားသည် အကြွင်းမဲ့ မှန်ကန်နေ၏။ အချိန်ကြာလာသည်နှင့်အမျှ ပြိုင်ပွဲဝင်များ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားလေရာ အမှန်တကယ် အင်အားကောင်း သူများသာလျှင် နောက်ဆုံး ကျန်ရစ်နိုင်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ နယ်မြေ ၁၃ သို့မဟုတ် မြောက်ပိုင်းမြို့တော်မှ လာသော စုချန်းအဖို့ လက်ရှိရောက်နေသော အဆင့်အတန်းမှာ ဂုဏ်ယူစရာ ဆိုသည်ထက်ပင် ပိုနေခဲ့လေပြီ။
လူအတော်များများသည် စုချန်းအား မြောက်ပိုင်းမြို့တော် စုမျိုးနွယ်စုမှလာမှန်း သိရှိသွားခဲ့ပြီ ဖြစ်လေရာ စုမျိုးနွယ်စုဝင်များအား ဝိုင်းဝန်းဂုဏ်ပြုစကား ဆိုကြလေသည်။ သို့သော် ချီးမွမ်းဂုဏ်ပြုသံများ ညံလာလေလေ၊ စုမျိုးနွယ်ဝင်များ၏ မျက်နှာမှာ ရှုံ့မဲ့လေလေမှန်း အံ့သြသင့်ဖွယ်ရာ တွေ့မြင်နေကြရကုန်၏။ စုချန်းအန်အတွက်ကား အထိအနာဆုံး ဖြစ်သည်။ အနီးအနားရှိလူများသည် သူ့အား စုချန်း၏ ဖခင်မှန်း သိရှိသွားကြလေရာ ဝိုင်းဝန်း ဂုဏ်ပြုစကား ဆိုကြလေသည်။ လူအများ၏ ဂုဏ်ပြုစကားကို ကြားလိုက်ရတိုင်း စုချန်းအန်အဖို့ နှလုံးသားကို ဓားထက်ထက်နှင့် မွှမ်းနေသကဲ့သို့ ခံစားနေရရှာ၏။ စုချန်း အဆင့်တစ်ကြိမ် တက်လာတိုင်း ချီးမွမ်းသံများမှာ ပို၍ညံလာ၏။ ထိုအခါ စုချန်းအန်၏ နှလုံးသားအတွင်း၌ ပြင်းထန်သော နာကျင်မှုကို ခံစားနေရတော့သည်။
အလင်း မျက်နှာပြင်သည်ကား စုချန်းကို တစ်ချိန်လုံး ပြသနေခြင်းမရှိ။ အခြားလူများကို တစ်လှည့်ပြန်လည် ပြသနေပြန်သည်။
ထိုအချိန်တွင် စုချန်းနှင့် ဝမ်တောက်ရှန်းသည် တစ်စုံတစ်ရာကို ငေးမောကြည့်ရှုနေကြ၏။
ထိုအရာမှာကား လူသေအလောင်း တစ်လောင်းပင် ဖြစ်လေတော့သတည်း။