← Chapters

နိုင်ငံရေး အခြေအနေများ

Vol. 14 Ch. 136

နိုင်ငံရေး အခြေအနေများ

Vol. 14 Ch. 136

အလောင်းမှာ အသားဖြူသော လူငယ်တစ်ယောက်ဖြစ်ပြီး ကြီးမားတောက်ပသော မျက်လုံးအစုံကို ပိုင်ဆိုင်ထား၏။ သေဆုံးနေသည့်တိုင် သူ့မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက်လျက် ကောင်းကင်ကို မော့ကြည့်လျက် ရှိသည်။ သူ့မျက်လုံးထဲတွင်ကား ထိတ်လန့် ကြောက်ရွံ့ခြင်းအပြင် တစ်စုံတစ်ရာကို မယုံနိုင်ဖြစ်နေသော လက္ခဏာများ ထင်ဟပ်နေ၏။ အကယ်၍ သူသာ စကားပြောနိုင်ခဲ့လျှင် "ငါ့ကျမှ ဘာလို့ဒီလိုအဖြစ်ဆိုး လာဖြစ်ရတာလဲ"ဟု ပြောဆိုမည့်ဟန်ရှိသည်။

သူ့ရင်ဘတ်တွင်ကား ကြီးမားသည့် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်နေပြီး သွေးများတသွင်သွင် စီးကျနေလေရာ ထိုသွေများကြောင့် သူ့တစ်ကိုယ်လုံးမှာလည်း ရွှဲနစ်နေ၏။ သို့သော် သူ့အသက်ကို နှုတ်ယူသွားသော ဒဏ်ရာမှာကား ထိုဒဏ်ရာထက် လည်မျိုမှ ဒဏ်ရာ ဖြစ်ဖို့ရာ ပို၍လမ်းများနေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ လည်မျိုတွင် အလားတူ အပေါက်တစ်ပေါက်ကို တွေ့ရှိရပြီး ထိုအပေါက်သည် ရင်ဘတ်မှ အပေါက်လောက် မကြီးမားသော်လည်း သူ၏ အစာရေမျို တစ်ခုလုံးကို ဖောက်ထွင်းဝင်ရောက် သွားသောကြောင့်ပင်။

စုချန်းက ဒဏ်ရာကို ဂရုတစိုက် စစ်ဆေးရင်း မှတ်ချက်ချလိုက်သည်။

"ဒဏ်ရာကတော့ ဓားဒဏ်ရာပဲဗျ တစ်ယောက်ယောက်က သတ်သွားတာပဲ"

နဂါးကျောင်းတော်အနေနှင့် ဤနေရာတွင် သေဆုံးမှုတို့ကို ခွင့်ပြုထား၏။ ထောင်သောင်းချီသော ပြိုင်ပွဲဝင်များအပြင် မရေမတွက်နိုင်သော သားရဲသတ္တဝါဆိုးများ ပါဝင်နေသော ပြိုင်ပွဲမျိုး ဖြစ်လေရာ ဤနေရာတစ်ခုလုံး၏ လုံခြုံမှုကို မည်သူမျှ အာမခံနိုင်ခြင်းမရှိ။

သေဆုံးခြင်းကို မည်မျှပင် ခွင့်ပြုထားသည် ဆိုသော်ငြား မျက်စေ့ရှေ့မှောက်တွင် အလောင်းတစ်လောင်းကို မြင်တွေ့လိုက်ရသည့်အခါ သူတို့နှစ်ယောက်လုံး လိုလိုသည် စိတ်မသက်မသာ ခံစားလိုက်ရ၏။ ဤပြိုင်ပွဲသည် နဂါးကျောင်းတော်၏ ကျောင်းသားတစ်ယောက် ဖြစ်လာစေရန် တရားသဖြင့် ယှဉ်ပြိုင်နေသည့် ပြိုင်ပွဲမျိုးသာ ဖြစ်ပြီး မလိုမုန်းတီးမှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ရသည့် စစ်မြေပြင်မျိုးမဟုတ်။ အကယ်၍ ဤလူငယ်သည် သားရဲသတ္တဝါဆိုး တစ်ကောင်ကြောင့် သေဆုံးသွားရသည်ဆိုလျှင် ကျွမ်းကျင်မှုနည်း၍သာ ဖြစ်သည်ဟု ဆိုနိုင်သေးသည်။ ယခုကဲ့သို့ အခြားတစ်ယောက်၏ လက်ချက်ဖြင့် သေဆုံးသွားခြင်းမှာ မည်သည့် အဓိပ္ပာယ်မျိုး သက်ရောက်နေသနည်း။

"တိုက်ပွဲက ဟိုးအပေါ်ကလာတယ် လူသတ်သမားက ဒီနေရာထိ သူ့နောက်ကို လိုက်လာပြီး သတ်ပစ်လိုက်တာပဲ"

ဝမ်တောက်ရှန်းက အဝေးကို တစ်ချက် လှမ်းကြည့်ပြီးနောက် သေဆုံးနေသူကို လက်ညှိုးထိုးကာ ကောက်ချက်ချလိုက်သည်။ သာမန်အားဖြင့် ထိုနေရာတွင် ကျောက်စိမ်းပြား ရှိနေသင့်သော်လည်း တဝက်မှ ပြတ်တောက်နေသော ကြိုးတစ်ချောင်းမှလွဲ၍ မည်သည့်အရာကိုမျှ မတွေ့ရချေ။

"ကြိုးဟာ တစ်ဝက်တိတိ ပြတ်တောက်နေတယ် ဆိုပေမဲ့ သေဆုံးသူဟာ သူ့ရဲ့ကျောက်စိမ်းပြားကို ဖျက်ဆီးဖို့နဲ့ ထွက်ပြေးဖို့ အချိန်မရခဲ့ရှာဘူး ဒီတော့ ကြိုးကိုလူသတ်သမားက ရည်ရွယ်ချက်ရှိရှိနဲ့ ဖြတ်တောက်သွားတာပဲဗျ"

စုချန်းကလည်း သူ၏ ထင်မြင်ယူဆချက်ကို ထပ်မံပြောဆို လိုက်ပြန်သည်။

"သူ့လည်မျိုကတော့ တစ်ချက်တည်းနဲ့ ပေါက်ထွက်ကုန်တာပဲ ဒါဟာ သာမန်တိုက်ခိုက်မှုမျိုး မဟုတ်ဘူးကွ ဓားချက် ဝင်သွားတာနဲ့ ပေါက်ကွဲမှု ဖြစ်ပေါ်စေပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တဲ့ မူလစွမ်းရည်မျိုးပဲ"

ဝမ်တောက်ရှန်းက သေဆုံးနေသူ၏ လည်မျိုကို လက်ညှိုးထိုးကာ ပြောဆိုလိုက်ပြန်သည်။ ထိုအခါ စုချန်းက စကားဆက်ပြန်သည်။

"ဒါပေမဲ့ သူ့ကိုယ်ပေါ်မှာ ဓားဒဏ်ရာ ဆယ့်နှစ်ချက်တောင် ရှိနေတယ်ဗျ တကယ်လို့ လူသတ်သမားသာ ဒီလူငယ်ကို တစ်ချက်တည်းနဲ့ အသေသတ်နိုင်တယ်ဆိုရင် ဘာကြောင့်များ ကြောင်ကကြွက်ကို ဆော့သလို ဆော့နေခဲ့ ... "

စုချန်းကား စကားကို အဆုံးမသတ်နိုင်ပဲ ဝမ်တောက်ရှန်းကို လှည့်ကြည့်လိုက်သည်။ ဝမ်တောက်ရှန်းကလည်း အဓိပ္ပာယ်ပါပါ ပြန်ကြည့်နေ၏။ ထို့နောက် စုချန်းက စကားဆက်လိုက်သည်။

"လူသတ်သမားဟာ သူ့ပြိုင်ဘက်ကို သတ်ဖြတ်ရတာကို အတော်လေး အရသာတွေ့နေတဲ့ လူစားမျိုးပဲဗျ"

ထို့နောက်တွင်ကား သူတို့၏ နှလုံးသားအတွင်း၌ အေးစက်သော ခံစားချက်များ ပေါ်ပေါက်လာ၏။ တဖန် ဝမ်တောက်ရှန်းက မေးလိုက်ပြန်သည်။

"ဒါမှမဟုတ် လူသတ်သမားဟာ သေဆုံးသူနဲ့ အဃာတ ကြီးကြီးမားမား ရှိနေလို့များ ဒီလိုလုပ်တယ် ထင်သလားကွ"

"ဒါလည်း ဖြစ်နိုင်ပါတယ်"

စုချန်းက သေဆုံးသူ၏ သွေးတချို့ကို စေ့စေ့စပ်စပ် ကြည့်ရှုအကဲခတ်ရင်း ပြောလိုက်သည်။

"အေးလေ ဒီလိုပဲဖြစ်ဖို့ မျှော်လင့်ရတာပါပဲဗျာ"

"အေးကွာ ဒီလိုပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်"

ဝမ်တောက်ရှန်းက စုချန်း၏ စကားကို သံယောင်လိုက်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။ ဤလူသတ်မှုသည် ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်သာ ဖြစ်ပါက ဤလူငယ် သေဆုံးပြီးနောက် မည်သည့်ပြဿနာမျှ ထပ်မံပေါ်ပေါက်လာစရာ အကြောင်းမရှိတော့။ သို့သော် ထိုသို့မဟုတ်ခဲ့ပါက အခြေအနေမှာ များစွာရှုပ်ထွေးလာနိုင်၏။ ထိုစဉ် ဝမ်တောက်ရှန်းက တစ်စုံတစ်ရာကို ပြောဆိုလိုဟန်ဖြင့် စုချန်းကို လှမ်းကြည့်လိုက်ရာ ထူးဆန်းသော လူငယ်မှာ ယခုအချိန်ထိ သေဆုံးသူ၏ သွေးကို စိုက်ကြည့်လျက်သာ ရှိနေသေးသည်။ ထိုအခါ ဝမ်တောက်ရှန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

"မင်းက ဘာတွေ ကြည့်နေတာတုန်းဟ"

"လူသတ်သမား အသုံးပြုသွားတဲ့ မူလစွမ်းရည်ဟာ မီးကိုအခြေခံပြီး ပေါက်ကွဲစေတတ်တဲ့ စွမ်းရည်ရှိနေတယ်ဗျ သူ့ရဲ့ အင်အားက သိပ်မကြီးမားပေမဲ့ ဒီကောင်ဟာ ဒီစွမ်းရည်ကို အချိန်ကြာကြာ အသုံးပြုနိုင်မယ်လို့ ယူဆရတယ်"

စုချန်းက ရှင်းပြလိုက်သည်။ ထို့နောက် သူက စကားဆက်ပြန်၏။

"ဒီလို အချိန်ကြာကြာ အသုံးပြုနိုင်ခဲ့လို့လည်း သေဆုံးသူဟာ ဒဏ်ရာတွေ အများကြီးရပြီး နောက်ဆုံးမှာ မလှုပ်ရှားနိုင်တဲ့ အခြေအနေမျိုးကို ဆိုက်ရောက်သွားတာဗျို့ ဒါကြောင့်မို့လို့ သူ့ရဲ့ တိုက်ခိုက်ရေး နည်းလမ်းဟာ အားနဲ့မာန်နဲ့ ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်တန်းတန်း တိုက်ခိုက်တာမျိုး ဟုတ်ဟန်မတူဘူး ကြည့်ရသလောက် သူ့ရဲ့ဓားဟာ မြန်ဆန်မယ် သွက်လက်မယ် အမြန်နှုန်းကို အဓိကထားမယ် ဒဏ်ရာများများရလေလေ တိုက်ခိုက်ရေးစွမ်းရည် ဆုံးရှုံးလေလေဆိုတဲ့ သဘောသဘာဝအရ ဒဏ်ရာ ဆယ့်နှစ်ချက်တိတိ ရထားတဲ့ သေဆုံးသူဟာ နောက်ဆုံးမှာ သူ့ရန်သူ ပြုသမျှ လည်စင်းခံသွားရ တော့တာပဲ"

"တယ်ဟုတ်ပါလား မင်းက ဒီလောက်အထိ တွေးခေါ်နိုင်ခဲ့တာကိုး"

ဝမ်တောက်ရှန်းက အံ့သြတကြီးနှင့် ရေရွတ်လိုက်သည်။ ထိုအခါ စုချန်းက ထပ်မံမေးခွန်း ထုတ်လိုက်ပြန်သည်။

"အတွင်းပေါက်ကွဲမှုမျိုးကို ဖြစ်ပေါ်စေတဲ့ ဒီနည်းစနစ်ဟာ သွေးဗီဇစွမ်းရည် တစ်မျိုးမျိုးပဲ ဖြစ်ရမယ် နယ်မြေ ၁၅မှာ ဒီလို သွေးဗီဇစွမ်းရည်မျိုးကို ဘယ်သူ ပိုင်ဆိုင်ထားသလဲဆိုတာ ကျုပ်တို့သိဖို့လိုတယ် ခင်ဗျားအနေနဲ့ တစ်ခုခု သိထားတာများ ရှိသလား"

ဝမ်တောက်ရှန်းက ခေါင်းခါယမ်းလိုက်သည်။

"သွေးဗီဇညှို့ငင် ထုတ်ယူကိရိယာဟာ နှစ်ပေါင်း နှစ်သောင်းကျော် ကြာအောင် တည်ရှိနိုင်ခဲ့တယ် ဒီတော့ ကျုပ်တို့က တစ်နှစ်ပတ်လည်မှာ သွေးဗီဇဆက်ခံသူ ဆယ်ယောက်စီပဲ မွေးထုတ်ခဲ့တယ်လို့ ယူဆတယ်ထားဦး တော်ဝင်သွေးဗီဇမျိုးနွယ်စု အရေအတွက်ဟာ နှစ်သိန်းကျော်လောက်အထိ ဖြစ်သွားလိမ့်မယ် ဒါပေမဲ့ နှစ်ပရိစ္ဆေဒ များစွာကြာလာတော့ ဒီအထဲက အများစုဟာ ပျောက်ကွယ်ကုန်ကြတယ် ဒါကြောင့် ခုဆိုရင် လူသားတွေမှာ တော်ဝင်သွေးဗီဇ မျိုးနွယ်စု တစ်သိန်းလောက်ပဲ ကျန်ရစ်တော့တယ် ဒါလည်း အရေအတွက် အားဖြင့်တော့ မှတ်မိဖို့ ခက်သေးတာပဲကွ ဥပမာပြောရရင်ကွာ … လောင်စန်း တစ်နိုင်ငံတည်းမှာကိုပဲ တော်ဝင်မျိုးနွယ်စု တစ်သောင်းအထိ ရှိတယ် ကုန်ကုန်ပြောရရင် နယ်မြေ ၂၁ခုနဲ့ တောင်သုံးလုံး နယ်မြေမှာတင် တော်ဝင်မျိုးနွယ်စု ငါးရာလောက် ရှိနေတာ ဒီလူတွေ အကုန်လုံးကို ကျုပ်က ဘယ်သိနိုင်ပါမလဲ"

ဝမ်တောက်ရှန်း၏ ပါးစပ်မှ ထွက်ပေါ်လာသော အရေအတွက်ကို ကြားလိုက်ရသောအခါ စုချန်း လန့်ဖျပ်သွား၏။

"များလိုက်တဲ့ သွေးဗီဇပိုင်ရှင် မျိုးနွယ်စုတွေပါလားဗျ ဒါတောင်မှ မြောက်ပိုင်းမြို့တော်မှာ တစ်ယောက်တလေတောင် မရှိဘူး ဒါကြောင့်မို့လိုလည်း သွေးဗီဇမျိုးနွယ်စုတွေဟာ အလွန်ရှားပါးပြီး သိပ်မကျန်တော့ဘူးလို့ ကျုပ်စိတ်ထဲမှာ ထင်နေတာပေါ့"

စုချန်း၏ စကားကို ကြားလိုက်ရသောအခါ ဝမ်တောက်ရှန်းက အားရပါးရ ရယ်မောလိုက်သည်။

"ဘာတဲ့ မြောက်ပိုင်းမြို့တော် ဟုတ်လား … အားတော့နာပါရဲ့ကွာ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းတို့မြို့က တောပိုင်းပဲဟာကို ပိုဆိုးတာက သားရဲသတ္တဝါဆိုးတွေရဲ့ ပိုင်နက်ဖြစ်တဲ့ အနီရောင်တောင်ကြော နယ်မြေနဲ့ ဒီလောက်ကပ်နေတာ သားရဲလှိုင်းလုံးကြီးတွေ ဘယ်တော့ပြန်လာမလဲ ဘယ်သူမှ မပြောနိုင်ဘူးလေ ဒီတော့ တော်ဝင်သွေးဗီဇ မျိုးနွယ်စု အတော်များများက အဲဒီလိုနေရာတွေကို မသွားချင်ကြဘူးကွ ဒါပေမဲ့ သွေးနှောတွေကျတော့ အဲဒီလိုနေရာမျိုးမှာ တိုးတက်လာဖို့ အခွင့်အလမ်းတွေ ရှိနေတယ်လေ"

"ဒါပေမဲ့ တော်ဝင်မျိုးနွယ်စုတွေ အနေနဲ့ လူသားတွေကို ရှေ့တန်းကနေ မားမားမတ်မတ်ရပ်ပြီး ကာကွယ်ပေးသင့်တာ မဟုတ်ဘူးလားဗျ"

စုချန်းက စိတ်ပျက်သော လေသံနှင့် ပြောလိုက်သည်။ ထိုအခါ ဝမ်တောက်ရှန်းက ထပ်မံရယ်မော လိုက်ပြန်သည်။

"ဒါတော့ဒါပေါ့ကွာ ဒါပေမဲ့ လူတိုင်းဟာ သူတို့စိတ်နဲ့ သူတို့ကိုယ်ဆိုတော့ ဒီလိုတွေ သွားပြောနေလို့ ဘယ်ရပါ့မလဲ ပြီးတော့ တော်ဝင်သွေးဗီဇမျိုးနွယ်စု ဖြစ်တာနဲ့ပဲ အသေခံတပ်သား လုပ်ပေးရမယ်လို့ မဆိုလိုဘူးလေကွာ"

"အသေခံတပ်သား ဟုတ်လား"

စုချန်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

"တော်ဝင်မျိုးနွယ်စုတွေဟာ သားရဲသတ္တဝါဆိုးတွေရဲ့ နယ်စပ်မှာ နေထိုင်သူတွေကို အသေခံတပ်သားလို့ပဲ ယူဆထားတဲ့ သဘောပေါ့ ဟုတ်ရဲ့လား"

ထိုအခါ ဝမ်တောက်ရှန်းက တရင်းတနှီးပင် စုချန်း၏ လက်မောင်းကို ပုတ်ရင်း ပြောလိုက်သည်။

"မင်းအနေနဲ့ ဒီလိုစကားတွေကြားရတာ မကြိုက်ဘူးဆိုတာ ငါသိပါတယ်ကွာ ဒါပေမဲ့ ဒါဟာ အဖြစ်မှန်ပဲကွ နယ်စပ်မျဉ်းလို နေရာတွေမှာ အသေခံတွေ လိုအပ်တယ်ဆိုတာ တကယ်ပဲဟ တော်ဝင်မျိုးနွယ်စုတွေဟာ အဲဒီအချိန်ကျရင် တိုက်ပွဲကို ဦးဆောင်လိမ့်မယ် ဒါပေမဲ့ ရှေ့တန်းကတော့ မဟုတ်ဘူးပေါ့လေ သူတို့တတွေဟာ မှန်ကန်တဲ့အချိန် မှန်ကန်တဲ့နေရာမှာ ချိန်သားကိုက် ပေါ်ပေါက်လာကြလိမ့်မယ် တကယ်တော့ အဲဒီအချိန်ကျရင် ငါတို့ အကောင်းဆုံး လုပ်နိုင်တာဆိုလို့ လူသားတွေရဲ့ အနာဂတ်အတွက် တော်ဝင်မျိုးနွယ်စုတွေရဲ့ ချီစွမ်းအား ပညာရှင်တွေကို အသက်မသေအောင် ဝိုင်းဝန်းကာကွယ် ပေးကြဖို့ပဲဟေ့"

ထိုအခါ စုချန်းက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

"ဒါနဲ့ နေစမ်းပါဦး ခုနကပြောလိုက်တဲ့ မှန်ကန်တဲ့အချိန် ဘာညာဆိုတာ တော်ဝင်မျိုးနွယ်စုတွေက သူတို့ဘာသာ ဆုံးဖြတ်တာမလား"

ဝမ်တောက်ရှန်းက သဘောကျစွာ ရယ်မောလိုက်သည်။

"မင်း အတော်လေး စိတ်ပျက်နေတာ ငါသိပါတယ် ဒါပေမဲ့ ကံမကောင်းစွာပဲ ဒီကိစ္စကြီးတစ်ခုလုံးကိုက ဒီလိုဖြစ်နေတာဟေ့ မင်းဟာ ခုချိန်ထိ သွေးဗီဇမျိုးနွယ်စုဝင်တွေနဲ့ များများစားစား မဆက်ဆံဖူးသေးဘူးမလား နဂါးကျောင်းတော်ကို ရောက်ရင် ဒီကောင်တွေရဲ့ မမျှတမှုတွေ နိုင်လိုမင်းထက် ဆက်ဆံမှုတွေကို ဒီထက်ပိုပြီး မင်း မြင်တွေ့လာရလိမ့်မယ် အဲဒီအချိန်ကျရင် အလိမ္မာလေးနဲ့နေပေါ့ ... ပြီးတော့ တစ်ခုရှိသေးတယ် မင်းတို့ မြောက်ပိုင်းမြို့တော်ဟာ အတော်လေး ကံကောင်းနေသေးတယ် ဘာကြောင့်လဲဆိုတော့ အနီရောင်တောင်ကြော လူသားတွေနဲ့ သတ္တဝါဆိုးတွေကြား နယ်စပ်မျဉ်းဆိုပေမဲ့ အဲဒီနေရာမှာ သတ္တဝါဆိုးတွေ သိပ်ပြီး အားမကောင်းတော့ဘူး ဒီတော့ သားရဲသတ္တဝါဆိုး လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်လာဖို့ဆိုတာ အခွင့်အရေး အတော်လေး နည်းပါသေးတယ်ကွာ တကယ်လို့ ဖြစ်လာခဲ့သည်ထားဦး သိပ်ပြီး ကြောက်စရာ မကောင်းလှတော့ဘူးလို့ ဆိုနိုင်တယ် အမှန်တော့ လောင်စန်းနိုင်ငံရဲ့ အမြဲတမ်းရန်သူကတော့ သားရဲသတ္တဝါးဆိုးတွေ မဟုတ်ဘူးဟေ့ ရက်စက်သူမျိုး စိတ်တွေဟ မိုးတိမ်တိုက်နိုင်ငံတော်နဲ့ လေမုန်တိုင်း နိုင်ငံတော်တို့ကမှ ငါတို့ထက်ပိုပြီး သတ္တဝါဆိုးတွေရဲ့ အန္တရာယ်ကို ပိုပြီး စိုးရိမ်နေရသေးတယ် တကယ်လို့ အခွင့်အခါသင့်ခဲ့ရင် အဲဒီက သတ္တဝါဆိုးတွေဟာ ကြောက်စရာ ကောင်းလှအောင် ကျားကုတ်ကျားခဲ တိုက်ခိုက်တတ်တယ်ဆိုတာ မင်းတွေ့ရလိမ့်မယ် သူတို့ဆီမှာ သုံးနှစ်တစ်ကြိမ် သတ္တဝါဆိုး လှိုင်းလုံးအသေးတွေ ဖြစ်ပေါ်တတ်ပြီး ဆယ်နှစ်တစ်ကြိမ် သတ္တဝါဆိုး လှိုင်းလုံးကြီးတွေ ပုံမှန်လာတတ်တယ် သူတို့နယ်စပ်မျဉ်းတွေရဲ့ ကီလိုမီတာ ငါးရာအတွင်းမှာ ဘယ်လူသားမှ မနေနိုင်တဲ့အတွက် ဘယ်အသေခံတပ်သားမှ ရှိမနေဘူး ဘယ်သတိပေးချက်မှလည်း မရှိဘူးဆိုပါတော့ကွာ ဒီတော့ သူတို့က ဒီဟာကွက်ကိုဖြည့်ဖို့ ဘာလုပ်ကြသလဲဆိုတော့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရာဇဝတ်သားတွေကိ အဲဒီနေရာ ပို့တော့တာပဲ အဲဒီရာဇဝတ်သား မလုံလောက်ဘူးဆိုရင်တော့ မှူးကြီးမတ်ရာတွေ မဟုတ်တဲ့ သာမန် ပြည်သူပြည်သားတွေကို ဗလာချီ နယ်နှင်ဒဏ် ပေးတော့တာပဲဟေ့ ကျုပ် အဲဒီနေရာကို တစ်ခါတုန်းက အလည်အပတ်သွားဖူးတယ် တကယ့်ကို ကပ်ဘေးကြီးပါပဲကွာ မင်းသာ အဲဒီနေရာကို ရောက်သွားရင် သုံးရက်လောက် ထမင်းမစားနိုင်မှာ သေချာသလောက်ပဲ အဲဒီအခိုက်အတန့်ကို ညဘက်တွေမှာ ပြန်တွေးမိတိုင်း ကျုပ်အာရုံမှာ ထင်ကျန်နေတာဆိုလို့ ကပ်ဘေးကြီးပဲဟေ့"

အထက်ပါ အကြောင်းအရာများကို ကြားသိလိုက်ရသောအခါ စုချန်းတစ်ယောက် အေးစက်သော လေတချို့ကို ရှူသွင်းမိတော့သည်။ သူ့အနေနှင့် မြောက်ပိုင်းမြို့တော်တွင် တိုက်ပွဲအတွေ့အကြုံများ ရှိသင့်သလောက် ရှိခဲ့သော်လည်း ၎င်းတို့သည် မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် အချင်းချင်း တိုက်ခိုက်ကြသော သာမန် ပဋိပက္ခ ဖြစ်ရပ်များသာ ဖြစ်သည်။ ဝမ်တောက်ရှန်း ပြောပြခဲ့သည့် ရက်စက်ကြမ်းကြုတ်လှသော ဖြစ်ရပ်မှန်များအား သူတစ်ခါမျှ မမြင်ဖူးသေး။ သူကြားဖူးသမျှမှာလည်း ကောလဟလများသာ ဖြစ်လေရာ သူ့အတွေ့အကြုံသည် အတော်ပင် နုနယ်သေးကြောင်း စုချန်းက သဘောပေါက်လိုက်သည်။

ဤအတိုင်းဆိုလျှင် လူသားများတွင် ရက်စက်ကြမ်းကြုတ်သော၊ အကြင်နာကင်းမဲ့သော နယ်မြေ မြောက်မြားစွာ ကျန်ရှိနေသေးပါကလား။ ၎င်းနှင့် နှိုင်းယှဉ်ကြည့်လျှင် သူ ကြုံတွေ့ခဲ့ရသော တိုက်ပွဲများသည် ကလေးကစားစရာမျှသာ ရှိနေသေးကြောင်း စုချန်းတစ်ယောက် ဂဃနဏ သဘောပေါက်လာ၏။ ထိုအခါ သူက မေးမြန်းလိုက်သည်။

"ဒါပေမဲ့ ဒီအတိုင်းဆိုရင်တောင် သတ္တဝါဆိုးတွေရဲ့ အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ နေရတဲ့နိုင်ငံဟာ နှစ်နိုင်ငံပဲ ရှိနေသေးတဲ့ သဘောပေါ့"

"အင်း ... အချိန်ကြာလာတာနဲ့အမျှ အရာအားလုံးဟာ တဖြည်းဖြည်း ပြောင်းလဲလာတာပဲလို့ ဆိုရမှာပေါ့"

ဝမ်တောက်ရှန်းက ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ဖြေလိုက်သည်။

"ဒီကမ္ဘာကြီး စတင် ဖြစ်တည်လာစတုန်းက မူလသတ္တဝါတွေသာ နေရာတိုင်းမှာ လွှမ်းမိုးနေခဲ့ပြီး ဉာဏ်ရည်မြင့် မျိုးစိတ်တွေဟာ အားနည်းလူတွေသာ ဖြစ်တယ် ဒါပေမဲ့ ကြယ်စုနှစ်သစ် အရောက်မှာတော့ မူလစွမ်းအင်တွေ တဖြည်းဖြည်း လျော့ပါးလာခဲ့လို့ အားငယ် ကြောက်လန့်နေတဲ့ သတ္တဝါဆိုးတွေဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ကျောခိုင်းပြီး မြေကြီးအောက်ကို တိုးဝင်ဆောင်းခို ကုန်ကြတယ် မူလသတ္တဝါတွေ ကောင်းကင်ဘုံကို ထိန်းချုပ်နိုင်တဲ့ အစွမ်းသတ္တိ လျော့နည်းသွားတဲ့ နောက်မှာတော့ ဉာဏ်ရည်မြင့် မျိုးစိတ်တွေရဲ့ ခေတ်ကို ရောက်လာခဲ့တယ် သူတို့ဟာ သီးခြားမျိုးနွယ်စုတွေ တည်ထောင်လာနိုင်ခဲ့တယ် အဲဒီအချိန်ကစပြီး ဘယ်မဟာမိတ်မဆို ကြာရှည်မခံတော့ပဲ ပြိုကွဲကုန်ကြတော့တာပဲ ရှင်းရှင်းပြောရရင် ကျုပ်တို့အနေနဲ့ တခြားမျိုးစိတ်တွေနဲ့ မဟာမိတ်ဖွဲ့လို့ မရတော့ဘူးပဲ ဆိုရမှာပေါ့ ရက်စက်သူ မျိုးစိတ်တွေဟာ သတ္တဝါဆိုးကြီးတွေရဲ့ နောက်လိုက်နောက်ပါ လူယုံတော် သစ္စာခံလို့ သတ်မှတ်ကြတဲ့အတွက် သူတို့ကို ဉာဏ်ရည်မြင့် မျိုးစိတ်တွေထဲမှာ ထည့်မတွက်ထားဘူး သူတို့ကို မူလသတ္တဝါဆိုးတွေရဲ့ နေရာမှာ အစားဝင်လာတဲ့ နောက်ထပ်ရန်သူ တစ်မျိုးလို့ပဲ ကျုပ်တို့က သတ်မှတ်ထားကြတယ် လူပျံတော်မျိုးစိတ်တွေ ကျပြန်တော့ကော ... သူတို့လည်း သိပ်တော့မထူးဘူး သူတို့ဟာ အစားအသောက်နားမှာ တဝဲလည်လည်လုပ်နေတဲ့ ယင်ကောင်တွေနဲ့တူတယ် သူတို့ဟာ သတ္တဝါဆိုးတွေရဲ့ ဖူးဖူးမှုတ်ထားတာကို လိုချင်လို့ လူမိုက်ကြီး ဝင်လုပ်တတ်တဲ့အပြင် သတ္တဝါဆိုးတွေရဲ့ အစွမ်းကို သူတို့ရဲ့ ကိုယ်ကျိုးအတွက အသုံးချလေ့ရှိကြတယ် ဝိညာဉ်မျိုးစိတ်တွေကတော့ ရှင်းတယ် ဘယ်သူနဲ့မှ မဟာမိတ်မဖွဲ့ဘူး နောက်ဆုံးမှာ ကျုပ်တို့နဲ့ မဟာမိတ် ဖြစ်နိုင်တာဆိုလို့ ပင်လယ်လူသား မျိုးစိတ်တွေပဲ ကျန်တော့တယ် ဒါပေမဲ့ ချမ်းသာဘုရင်ကြီးရဲ့ လက်ထက်မှာ သူတို့နဲ့ ကျုပ်တို့ဟာလည်း ရန်သူတွေ ဖြစ်သွားကြတယ်"

"ဒီတော့ ကျုပ်တို့အားလုံးဟာ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားနေကြတဲ့ ပြိုင်ဘက်တွေ ဆိုပါတော့ လောင်စန်းနိုင်ငံတော်ဟာ ရက်စက်သူမျိုးစိတ်တွေနဲ့ ရန်သူဖြစ်ဖို့ အလားအလာ များနေတယ်ဆိုရင် တခြားနိုင်ငံတွေကျတော့ ဘယ်လိုတုန်း"

စုချန်းက မေးလိုက်သည်။

"လျောင့်ယဲ့နိုင်ငံတော်နဲ့ လူပျံတော်မျိုးစိတ်၊ ဇီးကွက်နိုင်ငံတော်နဲ့ ဝိညာဉ်မျိုးစိတ်၊ ရေတံလျပ်နိုင်ငံတော်နဲ့ ပင်လယ်လူသားမျိုးစိတ် သူတို့တွေအကုန်လုံးဟာ ကိုယ့်နယ်မြေကို ကာကွယ်ဖို့နဲ့ သူများနယ်မြေတွေကို သိမ်းပိုက်နိုင်ဖို့ အသီးသီး ကြိုးစားနေကြတယ်ပဲ ဆိုပါတော့ကွာ"

"ဟာလာဟင်းလင်း တောင်ထိပ်ဆိုတာကော ခင်ဗျား ကြားဖူးသလားဗျ"

စုချန်းက ထပ်မံမေးမြန်း လိုက်ပြန်သည်။

"ဟာလာဟင်းလင်း တောင်ထိပ်နိုင်ငံတော် လား"

ဝမ်တောက်ရှန်းက ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ရယ်မောလိုက်သည်။

"သူတို့ကျတော့ သားရဲသတ္တဝါဆိုးတွေနဲ့ ရန်သူတွေ မဟုတ်သလို တခြား ဉာဏ်ရည်မြင့် မျိုးစိတ်တွေနဲ့လည်း ရန်သူတွေ မဟုတ်ပြန်ဘူးကွ"

"ဒါဆိုရင် သူတို့ရဲ့ ရန်သူတွေက ဘယ်သူတွေလဲဗျ"

စုချန်းက မေးလိုက်ပြန်၏။ သို့သော် ဤတစ်ကြိမ်တွင်ကား ဝမ်တောက်ရှန်းက စကားမပြောတော့။ သူသည် ကောင်းကင်ကို အချိန်အကြာကြီး မော့ကြည့်နေ၏။ အတန်ကြာမှ သူက စကားဆက်သည်။

"ခုနစ်နိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံရေးတွေဟာ ကျုပ်တို့လို လူစားမျိုးတွေ ဆွေးနွေးနေဖို့ မသင့်တော်ပါဘူးကွာ ခုဒါတွေပြောရင်းနဲ့ အချိန်အတော်လေး ကုန်ဆုံးသွားပြီ ကျုပ်ကတော့ လူသတ်သမား ချန်ထားခဲ့တဲ့ သဲလွန်စတွေများ ကျန်ဦးမလား လိုက်ရှာသင့်တယ် ထင်တာပဲ"

All Chapters