← Chapters

လူသတ်သမား

Vol. 14 Ch. 137

လူသတ်သမား

Vol. 14 Ch. 137

ထို့နောက် သူတို့နှစ်ယောက်သည် တိုက်ပွဲ၏ သဲလွန်စများအတိုင်း လိုက်ရှာကြလေရာ သိပ်မကြာမီပင် နောက်ထပ် အလောင်းတစ်လောင်းကို ထပ်မံ မြင်တွေ့လိုက်ရ၏။ အလောင်းနှစ်လောင်းမှာ အတော်များများ တူညီနေ၏။ အလောင်း၏ ကိုယ်ခန္ဓာတွင် ဓားဒဏ်ရာအများအပြား တွေ့ရှိရပြီး လည်မျိုမှာ ပွင့်ထွက်နေ၏။ ၎င်း၏ ကျောက်စိမ်းပြားမှာလည်း ပျောက်ဆုံးလျက်ရှိသည်။ တရားခံသည် တစ်ဦးတည်းမှန်း သိသာနေခဲ့လေပြီ။ မျိုးဆက်သစ် လူငယ်နှစ်ဦး တောနက်ကြီးအလယ်တွင် လူမသိသူမသိ သေဆုံးနေသည်မှာကား ဝမ်းနည်းဖွယ်ရာ ကောင်းလှ၏။

"ကြည့်ရတာတော့ လက်စားချေ သတ်ဖြတ်တာနဲ့ သိပ်မတူတော့ဘူး"

စုချန်းက တီးတိုးရေရွတ် လိုက်သည်။

"နဂိုတည်းက အာဃာတရှိတဲ့ လူနှစ်ယောက်ကိုတွေ့လို့ တစ်ပြိုင်တည်း သတ်ခဲ့တာလည်း ဖြစ်နိုင်သေးတယ်"

ဝမ်တောက်ရှန်းက တံတွေးမျိုချရင်း ပြောလိုက်ပြန်သည်။

"ရန်သူနှစ်ယောက်ကို တစ်ချိန်တည်းမှာ တွေ့တယ်ဆိုတော့ ဒီကောင် အတော်လေး ကံကောင်းတာပဲဗျ"

စုချန်းက သဲလွန်စများကို လိုက်ရှာရင်း ပြောလိုက်၏။ သို့သော် သိပ်မကြာမီ အလားတူ နောက်ထပ် အလောင်းတစ်လောင်းကို သူတို့ တွေ့ရှိလိုက်ရပြန်၏။ ဤတစ်ကြိမ်တွင်ကား ဝမ်တောက်ရှန်း တစ်ယောက် သည်းမခံနိုင်တော့။

"ခွေးမသား ဒီကောင် အရူးနဲ့တူတယ် လူတစ်ယောက်ကို မြင်တာနဲ့ သတ်တာပဲဟ"

စုချန်း၏ အမူအရာသည်ကား အတော်ပင် လေးနက်လာ၏။ သူ့မျက်နှာ တစ်ခုလုံးမှာလည်း တင်းမာလျက်ရှိလေသည်။

"နဂါးကျောင်းတော်အနေနဲ့ ဒီလိုဖြစ်ရပ်တွေကို စည်းကမ်းကြပ်မတ်လေ့ မရှိဘူးလားဗျ"

"ဒါကျတော့ ပြောရခက်တယ်ကွ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်တိုက်ခိုက် ကြတဲ့အခါ မတော်တဆမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ မင်းလည်းသိ ... "

"ဒါပေမဲ့ ခုကိစ္စကတော့ မတောတဆမှုမှ မဟုတ်တာ"

"ဒါက ဘယ်လိုအဓိပ္ပာယ် ဖွင့်မလဲဆိုတာနဲ့ သွားပြီးသက်ဆိုင်မယ် တချို့လူတွေဟာ သူတို့ရဲ့ မူလစွမ်းရည်တွေကို မထိန်းချုပ်နိုင်တော့ သူတို့ တိုက်ခိုက်လိုက်တိုင်း တစ်ယောက်ယောက်တော့ သေရတာပဲ"

ဝမ်တောက်ရှန်းက တဟားဟား ရယ်မောရင်း ပြောလိုက်သည်။ ဖက်တီး၏ ပြုံးရယ်ခြင်းကို မြင်တွေ့လိုက်ရသောအခါ စုချန်း၏ နှလုံးသားအတွင်း၌ သိမ့်ခနဲ တုန်လှုပ်သွား၏။

"ခင်ဗျားကိုကြည့်ရတာ နည်းနည်းမှ အံ့သြပုံမပေါ်ပါလား"

ထိုအခါ ဝမ်တောက်ရှန်းက အောက်ကလိအာနိုင်သော အသံဖြင့် ရယ်မောလိုက်၏။

"ဘယ်အံ့သြမှာလည်း ကျုပ်က ဒါမျိုးတွေ အများကြီး မြင်တွေ့ဖူးတာကိုး"

"အများကြီး မြင်တွေ့ဖူးတယ် ဟုတ်လား"

စုချန်း၏ မျက်လုံးအစုံက ဝိုင်းစက်သွား၏။

"တစ်ခါတလေကျရင် တချို့အရာတွေကို စကားပုံတွေနဲ့ ရှင်းပြတာ အကောင်းဆုံးပဲကွ မင်းလည်းကြားဖူးမှာပါ တစ်စုံတစ်ယောက်ဟာ ချွန်ထက်တဲ့ လက်နက်ကို ကိုင်ဆောင်ထားပေမဲ့ သူ့ရဲ့ သတ်ဖြတ်လိုတဲ့ စိတ်ကတော့ နှလုံးသားထဲနေ လာတယ်ဆိုတာလေ အေး အဲဒီလိုပဲ တစ်စုံတစ်ယောက်ဟာ အခြားလူတစ်ယောက်ရဲ့ ဘဝကို လွှမ်းမိုးနိုင်တဲ့ သြဇာအာဏာမျိုး ရှိနေခဲ့ရင် ဒါကို အသုံးချချင်တဲ့ လူဆိုတာကလည်း ရှိနေမှာပဲ သူတပါးကို သတ်ဖြတ်ရတာကိုမှ ကြိုက်တတ်တဲ့ လူစားမျိုးတွေကျတော့ လူတွေရဲ့အသက်ကို သူတို့လက်ထဲမှာ ဆုပ်ကိုင်ထားရတဲ့ ခံစားချက်ကို ရူးသွပ်တဲ့လူစားမျိုးတွေပဲ"

"ဒါတွေကို ကျုပ်သိပြီးသားပါ ကျုပ်မေးချင်တာက နဂါးကျောင်းတော်အနေနဲ့ ဘာကြောင့် ဒီလိုဖြစ်ရပ်တွေကို ထိန်းချုပ်ဖို့ မကြိုးစားသလဲဆိုတာပဲ"

"ဘာကြောင့်လဲဆိုတော့ ထိန်းချုပ်ဖို့ ခက်ခဲလို့ပေါ့ကွာ"

ဝမ်တောက်ရှန်းက ဖြေလိုက်သည်။

"မင်းလည်းမြင်တာပဲ သူ့လည်ပင်းကို ပေါက်ကွဲသွားစေတာ ဘာစွမ်းရည်လဲဆိုတာ"

"သွေးဗီဇစွမ်းရည် တစ်မျိုးလေဗျာ"

ဝမ်တောက်ရှန်းက ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။

"သိပ်မှန်တာပေါ့ သွေးဗီဇမူလစွမ်းရည်ပဲ သွေးနှောတွေအနေနဲ့ ဒီလိုစွမ်းရည်မျိုးကို အလွယ်တကူမှ မရနိုင်တာ ဆိုလိုတာက လူသတ်သမားဟာ တော်ဝင်မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်နေတယ် ဆိုတာပဲ"

"အော် ဒါကြောင့်မို့လို့ သူတို့က ဒီကောင်လေးတွေရဲ့ သေဆုံးမှုကို မတော်တဆမှုလို့ သတ်မှတ်ပြီး ဘာအရေးယူမှမှ မလုပ်တော့တာပေါ့"

စုချန်းက ဒေါသတကြီးနှင့် မေးလိုက်သည်။

"အမှန်တော့ နဂါးကျောင်းတော်အနေနဲ့ ဒီလိုဖြစ်ရပ်တွေကို လုံးဝကြီး ပစ်ပယ်ထားတယ်တော့လည်း မဟုတ်ဘူးကွ စည်းကမ်းချက် တချို့တော့ရှိတယ် ဒါပေမဲ့ သေဒဏ် ပေးလိုက်တာမျိုးတော့ မဟုတ်ဘူးပေါ့"

"လျှော့လျှော့ပေါ့ပေါ့ အရေးယူပြတာမျိုးပေါ့လေ"

စုချန်းက မယုံသင်္ကာဟန်ဖြင့် ပြောလိုက်သည်။ ထိုအခါ ဝမ်တောက်ရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်။

"သူတို့ကို ဘာကြောင့်များ တော်ဝင်မျိုးနွယ်စုတွေလို့ ခေါ်ကြတယ်ထင်သတုန်း သက်သက်မဲ့ နာမည်တစ်မျိုးအဖြစ် ပေးထားတာလို့ မင်းက ထင်နေတာလား"

စုချန်း ခေတ္တ ငြိမ်သက်သွား၏။ ဝမ်တောက်ရှန်း၏ စကားမှာ မှန်ကန်လှသည်။ တော်ဝင်မျိုးနွယ်စုများ ဟူသည်မှာ နာမည်တစ်ခု သက်သက်မဟုတ်။ သူတို့၏ လူ့အဖွဲ့အစည်းဝယ် လူတန်းစားအမျိုးမျိုး ခွဲခြားထားပြီးသား ဖြစ်သည်။ ထိပ်ဆုံးတွင် တော်ဝင်မျိုးနွယ်စုများရှိပြီး ထို့နောက်တွင်မှ သွေးနှောမျိုးနွယ်စုကြီးများ၊ နောက်ဆုံးတွင်ကား သာမန်အရပ်သူ အရပ်သားများ ရှိနေကြသည်။ ဥပမာအနေနှင့် ပြရလျှင် လန်ချိကိုကြည့်ပါ။ အစေခံမသည် အပြစ်ကျူးလွန်၍ သူမကို သေသည်အထိ ရိုက်နှက်ရန် သံမဏိအား စုချန်းက အမိန့်ပေးခဲ့သည်။ သူမ၏ သေဆုံးမှုကို မည်သူမျှ အထွန့်မတက်ရဲသည်မှာ သူမသည် အပြစ်ကျူးလွန်ကြောင်း ဝန်ခံခဲ့၍ပေလော။ အမှန်တော့ ဤကိစ္စမှာ ရာနှုန်းပြည့် မမှန်ပေ။

လန်ချိ၏ သေဆုံးမှုအား မည်သူမျှ စောဒကမတက်ရဲသည်မှာ စုချန်းတွင် ထိုကဲ့သို့ အပြစ်ပေးနိုင်သည့် အခွင့်အာဏာ ရှိ၍သာဖြစ်သည်။ ထိုအခွင့်အာဏာမှာလည်း ကောင်းကင်ဘုံမှ ကျလာသည်မဟုတ်။ လူတန်းစားခွဲခြားမှုနှင့် သခင်၊ ကျွန် တည်းဟူသော အဆင့်သတ်မှတ်ချက်မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အမှန်တော့ စုချန်းအနေနှင့် တစ်စုံတစ်ယောက်ကို သတ်ဖြတ်မိတိုင်း အမြဲတမ်း ယုံကြည်ခဲ့သည်မှာ ထိုလူသည် သေသင့်သေထိုက်၍သာ ဖြစ်သည်၊ သို့တည်းမဟုတ် မိမိကိုယ်ကို ခုခံကာကွယ်ရန် မတ်သာ၍ သတ်လိုက်ရသည် ဟူ၍ ဖြစ်သည်။ သို့သော် လူတိုင်းသည် စုချန်းကဲ့သို့ ကျင့်ဝတ်ပိုင်း ဆိုင်ရာများကို လိုက်နာလိမ့်မည်မဟုတ်။ နေရာတိုင်းဝယ် ကျင့်ဝတ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွန်ပြီး မိမိစိတ်ထင်သည့်အတိုင်း ပြုမူဆောင်ရွက်မည့် သူများလည်း ရှိနေကြအုံးမည်သာ။

စုချန်းတို့ မျက်စိရှေ့မှောက်ရှိ လူသတ်မှုများသည် ထိုလူစားမျိုး၏ လက်ချက်မှန်း သံသယဖြစ်နေစရာ မလိုတော့။ တစ်စုံတစ်ယောက်သည် ပြိုင်ပွဲကို အကြောင်းပြပြီး လူငယ်များကို ပျော်ပျော်ကြီး သတ်ဖြတ်နေခဲ့သည်မှာ သေချာနေခဲ့လေပြီ။ ဝမ်တောက်ရှန်း၏ အဆိုအရသာဆိုလျှင် ထိုကိစ္စမှာ အထူးတလည် အံ့သြစရာတော့ မဟုတ်။ ပြိုင်ပွဲဝင်များအနေနှင့် မထင်မှတ်သော အန္တရာယ်များ ကြုံတွေ့လာနိုင်သည်ဟု ကျောက်ယီက သတိပေးခဲ့သည်မှာ အံ့သြစရာ မရှိ။ သူတို့အနေနှင့် ဤပြဿနာမျိုးကို ကြိုတင်မျှော်လင့် ထားခဲ့ပြီးသားပင် ဖြစ်သည်။

"ဒီတော့ အခြေခံအနေနဲ့ ဒီကောင်သတ်လိုက်တဲ့လူဟာ တော်ဝင်မျိုးနွယ်စုဝင် မဟုတ်သရွေ့ ဘာပြဿနာမှ တက်လာစရာ အကြောင်းမရှိသေးဘူးဆိုတဲ့ သဘောပေါ့"

စုချန်းက မေးလိုက်သည်။

"သိပ်မှန်တာပေါ့ မင်းက ကျုပ်ဘေးနားမှာသာ ကပ်နေ ဒီကောင် မင်းကို ဘာမှ အန္တရာယ် မပြုနိုင်စေရဘူးလို့ ကျုပ်ကတိပေးတယ်"

ဝမ်တောက်ရှန်းက ဖြေလိုက်၏။ ထိုအခါ စုချန်းက

"ခင်ဗျားသာ ကျုပ်ဘေးနားမှာ ရှိနေရင် ဒီကောင် ကျုပ်ကိုသတ်ဖို့ ကြိုးစားမှာမဟုတ်ဘူးဗျ ဒီတော့ ကျုပ်တို့ လမ်းခွဲလိုက်တာ ပိုမကောင်းဘူးလား"

"ဟေ"

ဝမ်တောက်ရှန်း မျက်လုံးပြူးသွား၏။ ထို့နောက် သူက စုချန်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ဘာလဲ မင်းက ဒီကောင့်ကို သတ်ချင်လို့လား"

စုချန်းက ဝမ်တောက်ရှန်း၏ မေးခွန်းကို မေးခွန်းနှင့်ပင် ပြန်လည် တုံ့ပြန်လိုက်သည်။

"ဒီကောင်က ကျုပ်ကိုသတ်ချင်ရင် ကျုပ်က သူ့ကို သတ်ပစ်လိုက်မယ် ဒါဘာပြဿနာမှ မရှိဘူးထင်တယ် ဟုတ်တယ်မလားဗျ"

ဝမ်တောက်ရှန်းက ခေတ္တမျှ စဉ်းစားဟန်ပြုပြီး ဖြေလိုက်သည်။

"ဒီလိုအကြောင်းပြချက်မျိုးသာ ပေးနိုင်ရင်တော့ ဘာမှမဖြစ်လောက်ဘူး ထင်တာပဲ ဒီကောင် ပြိုင်ပွဲကိုအကြောင်းပြပြီး စိတ်လွတ်ကိုယ်လွတ် လူသတ်နေတာကို ဘာမှသာ မလုပ်နိုင်ပေမဲ့ နဂါးကျောင်းတော်အနေနဲ့ မကြိုက်လောက်ဘူးဆိုတာတော့ သေချာတယ် တကယ်လို့ မင်းကသာ သူ့ကိုသတ်ပြီး လူသတ်မှုတွေကို တာဆီးနိုင်ခဲ့မယ်ဆိုရင် နဂါးကျောင်းတော်က မင်းကို အပြစ်မပေးတဲ့အပြင် ဝမ်းတောင်သာလိမ့်ဦးမယ် ဆုတွေဘာတွေတောင် ချကောင်းချန်ုင်တယ်ဟေ့ ဒါဟာ ပြဿနာရှာတဲ့လူတွေကို ဖြေရှင်းတဲ့နေရာမှာ နဂါးကျောင်းတော် အသုံးပြုလေ့ရှိတဲ့ နည်းပရိယာယ်တွေထဲက တစ်နည်းပဲ ဆိုပါတော့ကွာ ဒါပေမဲ့ မင်းသတ်လိုက်တဲ့လူဟာ တော်ဝင်မျိုးနွယ်စုထဲက ဆိုတော့ သူတို့က မင်းကို သေချာပေါက် လက်စားပြန်ချေလိမ့်မယ် ဒီတော့ စုချန်း ဒီကိစ္စကို မင်း လုပ်ချင်တာ သေချာရဲ့လား"

ထိုအခါ စုချန်းက မည်သို့မျှ ထူးခြားမှုမရှိသော ဟန်ပန်ဖြင့် ပြောလိုက်သည်။

"ကျုပ်မှာ ထူးထူးခြားခြား ဘာအစီအစဉ်မှ မရှိပါဘူးဗျာ ဒီအတိုင်း တစ်ယောက်တည်း နည်းနည်းပါးပါး လမ်းလျှောက်ချင်ရုံလောက်ပါ"

ဝမ်တောက်ရှန်းသည် စုချန်း၏ မယိုင်မလဲ ခိုင်မြဲသောအမူအရာကို မြင်သည်နှင့် ချက်ချင်းပင် သဘောပေါက်လိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ဤအဖြစ်အပျက်ကို မြင်တွေ့ခဲ့လျင် စုချန်းကို ပြင်းထန်စွာ ပြစ်တင်ဝေဖန် ပေလိမ့်မည်။ အလွန်လိုက်ဖက်ညီသော အသင်းတသင်း ရရှိရန်မှာ လွယ်ကူသော ကိစ္စမဟုတ်။ သို့သော် ဝမ်တောက်ရှန်းက ခေါင်းကို တဆတ်ဆတ်ညိတ်ဟာ စုချန်း၏ ဆန္ဒကို လိုက်လျောပေးလိုက်၏။

"မင်းစိတ်ကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြီးပြီဆိုတော့ ငါတို့ နှုတ်ဆက်ဖို့ပဲ ကျန်တော့တာပေါ့ ကဲ ညီတော်မောင် သေတော့မသေစေနဲ့ကွာ"

စုချန်းက အလွန်လေးနက် တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် ထပ်မံစကားပြောဆိုခြင်း မရှိတော့ပဲ တစ်ယောက်မျက်နှာကို တယောက် ပြုံးကာကြည့်လိုက်ကြ၏။ သူတို့၏ အပြုံးများတွင် စကားလုံးများ ထောင်သောင်းမက ပါဝင်နေသည်ဟု ထင်ရလေသည်။ နှုတ်ဆက်စရာရှိသည်ကို နှုတ်ဆက်ပြီးသည်နှင့် စုချန်းသည် ထိုနေရာမှ လမ်းခွဲထွက်လာခဲ့၏။

စုချန်းသည် တောင်ပေါ်လမ်းလေးအတိုင်း စိတ်အေးလက်အေးနှင့် လမ်းလျှောက်သွားနေ၏။ သူ့ပုံစံမှာ ပြိုင်ပွဲဝင်တစ်ယောက်နှင့် လာလားမျှ မတူချေ။ ကိုယ့်နှင့်မသက်ဆိုင်သည့် နေရာကို မမျှော်လင့်ပဲ ရောက်ရှိလာသည့် အထီးကျန်ခရီးသွား တစ်ယောက်နှင့်သာ တူနေတော့သည်။

လမ်းကြောင်း တစ်လျှောက်တွင်လည်း စုချန်းသည် ရံဖန်ရံခါဆိုသလို သေဆုံးနေသော ပြိုင်ပွဲဝင်တချို့ကို တွေ့မြင်ခဲ့ရ၏။ ထိုအခါ စုချန်း၏ စိတ်ထဲတွင် ထိုအလောင်းများကို မြှုပ်နှံလိုစိတ်များ ပေါ်ပေါက်လာလေသည်။ သို့သော် ထိုဆန္ဒကို သူက ထိန်းချုပ်ထားလိုက်၏။ အကြောင်းမှာ ထိုအလောင်းများကို သူတို့၏ မိသားစုဝင်များအနေနှင့် ပြန်လည်သင်္ဂြိုဟ်ရန် လိုအပ်သည် မဟုတ်ပါလား။

ထို့နောက်တွင်ကား စုချန်းသည် မကြာခဏဆိုသလို အလောင်းများကို ထပ်မံတွေ့ရှိလာရ၏။ ၎င်းတို့၏ သေဆုံးချိန်များကို ထောက်ရှုလျှင် သူသည် လူသတ်သမားနှင့် အလွန်နီးကပ်လာခဲ့ပြီ ဖြစ်ကြောင်း သိသာနေတော့သည်။ ညအမှောင်ထု ဖုံးလွှမ်းလာသည့်အချိန်တွင် စုချန်းသည် အုတ်ပုံကြီးတစ်ပုံ၏ အနီးသို့ ရောက်ရှိလာ၏။ ထိုအခါ သူက အုတ်ခဲများကို အသုံးပြု၍ မီးဖိုတစ်ဖို ပြုလုပ်ကာ မီးဖိုလိုက်လေသည်။ တဖန် သူသည် လက်စွပ်အတွင်းမှ အိုးကြီးတစ်အိုးကို ထုတ်ကာ အိုးအတွင်း၌ ရေများဖြည့်လိုက်ပြီး မီးဖိုပေါ်တွင် တင်ထားလိုက်ပြန်သည်။

ညအမှောင်ထုတွင် မီးရောင်မှာ လွန်စွာတောက်ပလှ၏။ မီးပုံမှ မီးခိုးများသည် ကောင်းကင်ပေါ်သို့ တလူလူ ထိုးတက်နေလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင်ကား အပူငွေ့များ ရိုက်ခတ်နေ၏။ စုချန်းသည် သူသတ်ဖြတ်ခဲ့သော သားရဲကောင်ကို ရင်ခွဲ၍ တုံးတစ်ခုတ်ထစ်ကာ ဆူပွက်နေသော ရေထဲသို့ ပစ်ထည့်လိုက်၏။ အတန်ကြာသော် မွှေးကြိုင်သင်းပျံ့သော ရနံ့သည် လေထဲအတွင်းသို့ ပျံ့နှံ့စပြုလာတော့သည်။

ဤမျှရှုပ်ထွေးပြီး ဝရုန်းသုန်းကားနိုင်သော အခြေအနေတွင် မည်သည့်ပြိုင်ပွဲဝင်မဆို ရိက္ခာခြောက်များကိုသာ စားသုံးကြ၏။ အသားများကို ချက်ပြုတ်စားသောက်သာ လုပ်ရပ်သည် မိမိ၏ အန္တရာယ်ကို ဖိတ်ခေါ်သည်နှင့် အတူတူပင် ဖြစ်သည်။ ယခုလည်း ပြိုင်ပွဲဝင် နှစ်ယောက်သည် ချက်ပြုတ်စားသောက်သည့် ရနံ့ကြောင့် စုချန်း၏ နေရာသို့ ရောက်ရှိလာ၏။ သူတို့၏ ရည်ရွယ်ချက်မှာကား ရှင်းလင်းလှသည်။ စုချန်းကို အနိုင်ယူမည်။ အမှတ်များကို ခိုးယူမည်။ ထို့နောက် အရသာရှိလှသော ညနေစာကို စားသုံးမည်။ ကံမကောင်း အကြောင်းမလှစွာပင် အနှီပြိုင်ပွဲဝင် နှစ်ယောက်သည် စုချန်း၏ မီးလျှံငှက်စာ မိသွားကာ သူတို့၏ အမှတ်များသာ ဆုံးရှုံးလိုက်ရ၏။ ငမိုက်သား နှစ်ယောက်ကို အနိုင်ယူပြီနောက် ညနေစာမှာ စားသောက်ရန် အဆင်သင့် ဖြစ်နေခဲ့လေပြီ။ ထိုအခါ စုချန်းသည် အသားတစ်တုံးကို မြိန်ရေယှက်ရေပင် ကောက်ဝါးလိုက်၏။

အထက်ပါအတိုင်း ညနေစာကို ဇိမ်ယူစားသောက် နေစဉ်မှာပင် သိပ်မဝေးလှသော နေရာမှ တိုးညင်းသော ငိုကြွေးသံတစ်သံကို စုချန်း ကြားလိုက်ရသည်။

"ကယ်ကြပါဦးဗျာ"

ထိုအခါ စုချန်းက အသံထွက်ပေါ်လာသော နေရာကို လှမ်းကြည့်လိုက်၏။ သူမြင်တွေ့လိုက် ရသည်မှာကား တောအုပ်အတွင်းမှ ပြေးထွက်လာသော ပြိုင်ပွဲဝင်တစ်ယောက်။ သူ့တစ်ကိုယ်လုံးတွင်လည်း သွေးများ ပေကျံလျက်ရှိပြီး ဒဏ်ရာအပြင်းအထန် ရရှိထားဟန်တူသည်။ သူ့ပေါင်ခြံတွင်ကား ကြီးမားလှသော ဓားဒဏ်ရာ အပေါက်ကြီး တစ်ပေါက်ကို အတိုင်းသား တွေ့မြင်နေရ၏။

ထိုသူသည် စုချန်းဆီသို့ ဦးတည်ပြေးလွှားလာရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ငါ့ကိုကယ်ပါဦးကွာ တစ်ယောက်ယောက် ငါ့ကို သတ်ဖို့ ကြိုးစားနေတယ်"

စုချန်းက မတ်တတ်ရပ်ရင်း လှမ်းမေးလိုက်သည်။

"မင်းကိုသတ်ဖို့ ကြိုးစားနေတာ ဘယ်သူလဲ ဘယ်မှာလဲ"

"သူ ငါ့အနောက်က တောအုပ်ထဲမှာ ရှိတယ် သူငါ့ကို သတ်ဖို့ ကြိုးစားနေတယ် သူ ငါ့ကိုသတ်ဖို့ ကြိုးစားနေတယ်"

ထိုသူက သူ့နောက်ကျောရှိ တောအုပ်ကို လက်ညှိုးထိုးပြရင်း တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ သူ့ပုံစံမှာ ကြောက်ရွံ့တုန်လှုပ်မှုကြောင့် ဆောက်တည်ရာမရ ဖြစ်နေရှာ၏။ ထို့နောက်တွင်ကား ထိုသူသည် ဟန်ချက်ကို မထိန်းနိုင်တော့ပဲ မြေကြီးပေါ်သို့ လဲပြိုသွားတော့သည်။ ထိုအခါ စုချန်းက ထိုသူကို အလျင်အမြန်ပင် ဖေးကူပေးလိုက်၏။

"စိတ်မပူပါနဲ့ကွာ မင်း အဆင်ပြေသွားမှာပါ"

ထိုအခါ ထိုသူက ခေါင်းကို အနည်ငယ် မော့လိုက်၏။ သူ့မျက်နှာတွင်ကား အလွန်ရက်စက် ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်ပေါက်လာလေသည်။

"ငါကတော့ အဆင်ပြေမှာပါ ဒါပေမဲ့ မင်းကျတော့ကော"

ထိုအခိုက်မှာပင် ဓားရောင်များ ဝင်းလက်တောက်ပသွားပြီး အလင်းတန်းတစ်ခုက စုချန်းထံသို့ ပြေးဝင်လာတော့သည်။

All Chapters