အခွင့်အရေးရလျှင် သတ်ပေရော့
Vol. 14 Ch. 138
ရွှီခနဲမြည်သံနှင့်အတူ ဓားချက်သည် ပြိုင်ဘက်ဖြစ်သူ၏ ကိုခန္ဓာကို ထိုးဖောက်သွား၏။ ပစ်မှတ်ဖြစ်သူ၏ မျက်လုံးများမှာကား "ငါ့ကျမှ ဘာလို့ ဒီလိုကံဆိုးရတာလဲ"ဟု ပြောဆိုနေဟန်ဖြင့် ပြူးကျယ်ဝိုင်းစက် နေလေသည်။
"လူမိုက်"
ဖန်းယွဲ့က အရူးတစ်ယောက်ပမာ အားရပါးရ ရယ်မောလိုက်၏။ ထို့နောက်သူသည် ငါးတစ်ကောင်ပမာ တံစို့ထိုးခံထားရသည့် ပစ်မှတ်ဖြစ်သူကို နီးစပ်ရာ သစ်ပင်တစ်ပင်နှင့် ပြင်းထန်စွာ ရိုက်ပုတ်လိုက်လေသည်။ ထိုသို့ မရိုက်ပုတ်မီ ၎င်း၏ ကျေက်စိမ်းပြားကိုကား လျင်မြန်စွာ ဖြုတ်ယူထားလိုက်၏။ ကျောက်စိမ်းပြား မရှိတော့လေရာ ၎င်းအနေနှင့် ဤနေရာမှ ထွက်ပြေးနိုင်စရာ အကြောင်းမရှိတော့။ မိမိပြုသမျှ နုရပေတော့မည်။ သိပ်မကြာမီ ပတ်ဝန်းကျင်တစ်ခုလုံး သွေးများ ဖုံးလွှမ်းသွားတော့သည်။ ထို့နေက်တွင်ကား ဖန်းယွဲ့သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ထိုနေရာမှ ထွက်ခွာလာခဲ့၏။
သားကောင်၏ စိတ်အားငယ်ခြင်း၊ စိတ်ပျက်ခြင်း၊ မျှော်လင့်ချက်များ ပျက်သုဉ်းခြင်းတို့ကို စောင့်ကြည့်ရသည်ကို ဖန်းယွဲ့အလွန် နှစ်သက်၏။ သားကောင်၏ အားငယ် ထိတ်လန့်နေသော မျက်လုံးများကို စိုက်ကြည့်ပြီးနောက် ဖန်းယွဲ့တစ်ယောက် စိတ်ကြီး ဝင်လာသလိုလိုနှင့် တစ်လောကလုံးဝယ် ငါသာလျှင် အထူးချွန်ဆုံးဟု အမြဲတစေ ခံစားလာရလေ့ရှိသည်။
နဂါးကျောင်းတော် ပြိုင်ပွဲသည် မည်မျှပင် ရူးသွပ်မိုက်မဲလေသနည်း။ ဖန်းယွဲ့ကား ပြိုင်ပွဲကို အနည်းငယ်မျှပင် ဂရုမစိုက်သလို စိတ်လည်းမဝင်စားလှ။ သူ့မျိုးနွယ်စု၏ ကျောထောက်နောက်ခံအရ သူ့အနေနှင့် ဤပြိုင်ပွဲမျိုးကို ဝင်ရောက်ယှဉ်ပြိုင်ရန် မလိုအပ်ချေ။ အမှန်တော့ ဖန်းယွဲ့ ဤနေရာသို့ ရောက်လာခြင်းမှာ နဂါးကျောင်းတော်သား တစ်ယောက် ဖြစ်လာရန်မဟုတ်။ စစ်မြေပြင်၏ ရင်ဖိုစရာ၊ စိတ်လှုပ်ရှားစရာများကို နှစ်သက် သဘောကျ၍သာ ဖြစ်သည်။ ပြိုင်ဘက်များကို အနိုင်ယူသတ်ဖြတ်ခြင်း၊ ၎င်းတို့ကို စိတ်အားငယ်စေခြင်း၊ နာကျင်စေခြင်း စသည်တို့သည် ဖန်းယွဲ့အား ဤပြိုင်ပွဲကို ဝင်ရောက်စေခဲ့သည့် အကြောင်းပြချက်များ ဖြစ်ကြသည်။
ယခုဆိုလျှင် သားကောင်အရေအတွက် မည်မျှကို ဖန်းယွဲ့ သတ်ဖြတ်ခဲ့ပြီးလေ သနည်း။ သူမသိချေ။ သိလျှင်လည်း ဂရုစိုက်လိမ့်မည်မဟုတ်။ ၎င်းတို့သည် သွေးဗီဇမပါသော သာမန်လူများသာ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့ကို ဖြေဖျော်မှုများဟုသာ ဖန်းယွဲ့က ယူဆထား၏။ ၎င်းတို့ကဲ့သို့ အဆင့်နိမ့်သူများအတွက် ဖန်းယွဲ့၏ အနက်ရောင်အဆုံးသတ်ခြင်း ဓားချက်အောက်၌ သေဆုံးခွင့်ရသည်ကပင် ကံကောင်းလှပြီ။
အမှန်တော့ ဖန်းယွဲ့က လူလည်ဖြစ်သည်။ သူသည် ပစ်မှတ်များကို အလွန်တရာ ဂရုစိုက်ပြီးမှ ရွေးချယ်လေ့ရှိ၏။ တော်ဝင်မျိုးနွယ်စုဝင်များအား ဖန်းယွဲ့ လုံးဝလက်ရှောင်ထား၏။ အင်အားကောင်းသော ပြိုင်ပွဲဝင်များအား ရန်စခြင်းသည် သူ့အတွက် အလားအလာ မကောင်းနိုင်ကြောင်း သူ ကောင်းကောင်းသိရှိထားသည် မဟုတ်ပါလား။ သူ အထူးတလည် စိတ်ဝင်စားသည့် ပစ်မှတ်များမှာ သီးခြားသွားလာ လှုပ်ရှားနေကြသော သွေးဗီဇမပါသည့် သာမန်ပြိုင်ပွဲဝင်များသာ ဖြစ်သည်။
၎င်းတို့သည် သူတို့အား မည်သည့်အရာများ စောင့်ကြိုနေကြောင်းပင် ကောင်းကောင်း သိရှိထားကြပုံမရ။ လောင်စန်း တစ်နိုင်ငံလုံးရှိ အကောင်းဆုံး ကျောင်းတော်၏ ပြိုင်ပွဲတွင် ပါဝင်ခွင့်ရခဲ့လေပြီဟု ထင်မှတ်နေခြင်းကပင် ၎င်းတို့၏ မှိုက်မဲမှုဟု ဆိုနိုင်သည်။ အနှီ သာမန်လူများသည် တော်ဝင်မျိုးနွယ်စုဝင်များ၏ တိုက်ပွဲတွင် ပါဝင်ရန် အရည်အချင်း အမှန်တကယ်ပင် ရှိနေသလား။ ဖန်းယွဲ့ကား ဤသို့မထင်။ အမှန်သာ တရားမျှတမှု ရှိခဲ့လျှင် နယ်မြေ တစ်ခုချင်းစီအလိုက် သတ်မှတ်ချက်များသည် ညီတူညီမျှသာ ဖြစ်သင့်သည်။
သို့သော် အာဏာပိုင်များ သို့မဟုတ် စည်းကမ်း သတ်မှတ်ခဲ့သူများက အလွန်ပင် သနားကြင်နာမှု ရှိခဲ့ဟန် ပေါ်သည်။ အမှန်တော့ နိုင်ငံတစ်နိုင်ငံဟူသည် သံလက်သီးဖြင့်သာ အုပ်ချုပ်သင့်၏။ ညီတူညီမျှရှိစေရန်နှင့် တရားမျှတမှုကိုသာ တစ်ချိန်လုံး ဆင်ကန်းတောတိုး ဇောင်းပေးလုပ်ဆောင် နေခဲ့လျှင် အဆင့်နိမ့် လူတန်းစားများအနေနှင့် သူတို့ ရသင့်ရထိုက်သော အခွင့်အရေးများထက် ပိုမို၍ တောင်းဆိုလာနိုင်သော အန္တရာယ်ရှိပေသည်။ ထိုအနေအထားသို့ မရောက်မီ ၎င်းတို့အား အမြန်ဆုံး ရှင်းလင်းပစ်သင့်သည်ဟု ဖန်းယွဲ့က ယူဆထား၏။ ထိုအခါ ဖန်းယွဲ့၏ စိတ်ထဲတွင် ဤပြိုင်ပွဲအတွင်း လူသတ်ခြင်းကို ကမ္ဘာကြီး၏ တာဝန်များကို ဝေမျှထမ်းဆောင် နေသည်ဟုသာ တထစ်ချ ယူဆထား၏။
ဖန်းယွဲ့သည်ကား ကိုယ်ပိုင်ခံယူချက်ဖြင့် ရပ်တည်နေသော လူတစ်ယောက်သာ ဖြစ်ချေတော့သည်တကား။
ယခုတလော သားကောင်များ ရှားပါးလာ၍ ပြိုင်ပွဲ၏ အနေအထားကို ဖန်းယွဲ့ကောင်းစွာ သဘောပေါက်၏။ ပြိုင်ပွဲနောက်ပိုင်း ကာလတွင် ပြိုင်ပွဲဝင်များသည် အချင်းချင်း စုစည်းမိကြပြီဖြစ်၍ တဦးချင်း သွားလာလှုပ်ရှားနေသော သွေးနှောများကို ရှာဖွေရသည်မှာ အလွန်ပင် ခက်ခဲလာ၏။ အမှန်တော့ အဆင့်နိမ့်သူများ အုပ်စုဖွဲ့ခြင်းကို ဖန်းယွဲ့ စိတ်မပူလှ။ မည်မျှပင် အုပ်စုဖွဲ့စေကာမူ ၎င်းတို့သည် သူ့ပြိုင်ဘက်တော့ မဖြစ်နိုင်သေး။ သို့သော် အုပ်စုကြီးမားလာပါက ပြိုင်ပွဲဝင် တစ်ဦးတလေမှာ သူ့လက်အောက်မှာ ထွက်ပြေးလွတ်မြောက် မသွားနိုင်ဟု သူ တထစ်ချ မဆိုရဲ။ ထိုသို့ ထွက်ပြေး လွတ်မြောက်သွားပါက နောင်အခါ ရုန်းရင်းဆန်ခတ် ဖြစ်ရပ်များ ပေါ်ပေါက်လာမည်ကိုတော့ ဖန်းယွဲ့က စိတ်ပူ၏။
ထိုအခါ ဖန်းယွဲ့ ဒေါသထွက်လာ၏။ မည်သည့်ပစ်မှတ်ကိုမှ ရှာဖွေမတွေ့သည့်အခါတိုင်း ပြိုင်ပွဲဝင်အားလုံးကို သိမ်းကျုံးဆဲဆို မိတော့သည်။ ထိုအခိုက်မှာပင် ခပ်လှမ်းလှမ်းမှ ပေါ်ပေါက်လာသော မီးရောင်က ဖန်းယွဲ့အား ဆွဲဆောင်လိုက်ခြင်း ဖြစ်သည်။ မည်သူသည် ဤမျှရုန်းရင်းဆန်ခတ် အခြေအနေမျိုးတွင် ညကြီးမိုးချုပ် မီးဖို၍ ချက်ပြုတ်နေလေသနည်း။ ထိုသူသည် မိမိကိုယ်မိမိ အလွန်တရာ ယုံကြည်မှု ရှိနေ၍ပေလော။ သို့တည်းမဟုတ် ရူးသွပ်နေ၍ပေလော။ မည်သို့ဆိုစေ ဖန်းယွဲ့၏ စိတ်ဝင်စားမှုမှာကား အထွပ်အထိပ်သို့ ရောက်ရှိလာခဲ့ပေပြီ။
ထိုအခါ အလွန်ဆာလောင်နေသော မြေခွေးတစ်ကောင်ကာ ထိတ်လန့် ကြောက်ရွံ့နေသော ယုန်အနီးသို့ သတိကြီးစွာ ချည်းကပ်သွားသည့်ပမာ ဖန်းယွဲ့သည် မီးရောင် ထွက်ပေါ်လာသော နေရာသို့ တိတ်တဆိတ် ချည်းကပ်သွား၏။ ဖန်းယွဲ့ မြင်တွေ့လိုက်ရသည်မှာကား ကျောက်ခဲပုံကြီးအနီးတွင် ထိုင်နေသော လူငယ်တစ်ယောက်၏ ပုံရိပ်ဖြစ်သည်။ ဖန်းယွဲ့၏ မျက်နှာပေါ်တွင် အားရကျေနပ်သော အပြုံးတစ်မျိုး ပေါ်ပေါက်လာ၏။
သိပ်ကောင်းတာပဲ ... နောက်ထပ် သားကောင်တစ်ကောင်တော့ တွေ့ပြန်ပြီ ကြည့်ရသလောက် ဒီကောင်ဟာ သွေးနှောပဲ ကောင်းကင်ဘုံက ငါ့အပေါ် နောက်တစ်ကြိမ် သနားကြင်နာ လိုက်ပြန်ပြီကိုး ...
ထိုလူငယ် ရွေးချယ်ထားသော နေရာမှာကား အတော်လေး ကောင်းမွန်၏။ ၎င်းသည် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ရင်း မီးတောက်မီးလျှံများကို ငေးမောကြည့်ရှုနေ၏။ ပတ်ဝန်းကျင် တစ်ခုလုံးမှာကား ရှင်းလင်းလျက်ရှိသည်။ လူငယ် မသိရှိပဲ သူ့အနီးသို့ ချည်းကပ်နိုင်ဖွယ်ရာ လမ်းမရှိ။ အကယ်၍ သူမနိုင်သော ပြိုင်ဘက်မျိုးနှင့် တွေ့ဆုံပါက လူငယ်သည် သူ၏ ကျောက်စိမ်းပြားကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်၏။ ထိုအတွက်ကြောင့်ပင် ဤနေရာတွင် မီးဖိုကာ စိတ်ချလက်ချ နေထိုင်ရဲခြင်းဖြစ်ပုံရသည်။ သို့သော် တစ်ယောက်တည်း နေထိုင်ခြင်းသည် အမှတ်တကယ်ပင် စိတ်ချလုံခြုံမှု ရှိမည်လော။ ထိုအခါ ဖန်းယွဲ့က အေစက်စွာပြုံးရင်း ဓားကို တိတ်တဆိတ် ဆွဲထုတ်ကာ ရင်ဘတ်နှင့် တစ်တန်းတည်းတွင် ထားလိုက်၏။ ထိုအခိုက်မှာပင် စိတ်ကူးသစ်တစ်ခု ချက်ချင်းလိုလို ပေါ်ပေါက်လာ၍ ဖန်းယွဲ့သည် ဓားကိုမြှောက်ကာ သူ့ပေါင်ကိုသူ ပြန်၍ ထိုးစိုက်လိုက်သည်။ ထို့နောက် သူက မျက်လုံးအစုံကို မှိတ်ကာ တီးတိုးရေရွတ်လိုက်၏။
"တကယ်လို့ ငါဟာ ကြီးကြီးမားမားတစ်ခုကို လုပ်ဆောင်ချင်ရင် ငါကိုယ်တိုင်လည်း ပြင်းပြင်းထန်ထန် နာကျင်ထားဖို့ လိုအပ်တယ် ကဲ ကောင်လေး မင်းကတော့ တကယ် ကံကောင်းသွားပြီ မင်းမသေခင်မှာ သိပ်ကိုလှပတဲ့ တင်ဆက်မှုတစ်ခုကို မြင်တွေ့ခွင့်ရတော့မယ်"
အထက်ပါအတိုင်း စဉ်းစားနေခိုက်မှာပင် ဖန်းယွဲ့၏ တစ်ကိုယ်လုံးသည် ပြင်းထန်စွာ တုန်ခါလာ၏။ စိတ်လှုပ်ရှားခြင်းနှင့် အမဲလိုက်လိုသော ဆန္ဒ၏ လှုံ့ဆော်မှုကြောင့်ပင် ဖြစ်သည်။ ထို့နောက် သူက ပေါင်တွင် ထိုးစိုက်ထားသော ဓားကို ဆွဲထုတ်လိုက်ရာ အနက်ရောင် အဆုံးသတ်ခြင်းဓား၏ မူလစွမ်းအင် ပေါက်ကွဲမှုကြောင့် ကြီးမားသော အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာတော့သည်။ နာကျင်မှုကြောင့် ဖန်းယွဲ့၏ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွား၏။ သို့သော် သူ၏ စိတ်လှုပ်ရှားမှုက နာကျင်မှုထက်ပင် ပိုနေသေးသည်။
ထို့နောက်တွင်ကား ဖန်းယွဲ့သည် တောအုပ်အတွင်းမှ ပြေးထွက်လိုက်ပြီး အော်ဟစ်အကူအညီ တောင်းလိုက်၏။
"ငါ့ကို ကယ်ပါဦးကွာ ... "
သူသည် မိုက်မဲသော ပြိုင်ပွဲဝင်ထံသို့ ဦးတည်ပြေးလွှားသွားခြင်း ဖြစ်သည်။ ဖန်းယွဲ့၏ လှုပ်ရှားမှုမှာကား ပိရိသေသပ်လှ၏။ သူ့မျက်နှာပေါ်တွင် ထိတ်လန့် ကြောက်ရွံ့နေဟန်များ အတိုင်းသား ပေါ်လွင်နေပြီး သွေးရူးသွေးတန်းနှင့် အော်ဟစ်အကူအညီ တောင်းနေရှာသည်။ သူ့ဒဏ်ရာမှာ အမှန်တကယ်ဖြစ်ပြီး ပြင်းထန်စွာ နာကျင်နေလေရာ သဏ္ဌာန်လုပ် သရုပ်မတူစရာလည်းမရှိ။ သို့သော် သူ့နှလုံးသား အတွင်း၌ကား ရက်စက်ကြမ်းကြုတ်စွာ ရယ်မောနေ၏။
လူမိုက်ကား အမှန်တကယ်ပင် ပြေးလာနေ၏။ ထိုအခါ ဖန်းယွဲ့သည် ရယ်မောလိုသော စိတ်များကို အန်ကြိတ်ကာ ထိန်းချုပ်ရင်း မြေကြီးပေါ်သို့ ပစ်လှဲချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ဓားမြှောင်ကို တိတ်တဆိတ် ပြင်ဆင်ထားလိုက်၏။ ထိုအခိုက်မှာပင် လူမိုက်သည် သူ့ကို လျင်မြန်စွာ ဖေးကူရင်း ပြောလိုက်သည်။
"စိတ်မပူပါနဲ့ကွာ မင်း အဆင်ပြေသွားမှာပါ"
ဖန်းယွဲ့ကလည်း ပြန်လည်ပြောဆို လိုက်သည်။
"ငါကတော့ အဆင်ပြေမှာပါ ဒါပေမဲ့ မင်းကျတော့ကော"
ပြောပြောဆိုဆို သူက တိတ်တဆိတ် ပြင်ဆင်ထားသော ဓားမြှောင်ကို ထုတ်ဖော်အသုံးပြု လိုက်တော့သည်။ သို့သော် သူ့ဓားမြှောင်သည် အတားအဆီးတခုနှင့် တွေ့ကြုံနေရသကဲ့သို့ သားကောင်၏ ကိုယ်ခန္ဓာကို ထိုးဖောက်မရပဲ ဖြစ်နေ၏။ ထိုအခါ ဖန်းယွဲ့တယောက် အလွန် စိတ်လှုပ်ရှားလာ၏။ ကြောက်ရွံ့တုန်လှုပ်မှုသည် လည်ချောင်းအဝသို့တိုင် ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူမရတော့ပဲ မွမ်းကျပ်လာတော့သည်။ စကားလုံးများဖြင့် ဖော်ပြရန် ခဲယဉ်းသော ခံစားချက်မျိုးပင် ဖြစ်လေသည်။
သူ့ဓားမြှောင်သည် အလွန်ပါးလွှာသော လေထုကို အချပ်လိုက် လှီးဖြတ်နေကြောင်း ဖန်းယွဲ့ ထိတ်လန့်တုန်လှုပ်စွာ တွေ့ရှိလိုက်ရသည်။ ပါးလွှာသောလေထုမှာ မည်သည့်အရာပေနည်း။ ဖန်းယွဲ့၏ မျက်လုံးသည် ဇီးကွက် တစ်ကောင်သဖွယ် ပြူးကျယ်ဝိုင်းစက်လာ၏။ ထိုအခိုက်မှာပင် သူ့လက်ကောက်ဝတ်ပေါ်၌ လက်တစ်ဖက်ရှိနေပြီး သူ့လက်ကို အခြားတစ်ဖက်သို့ တွန်းထုတ်နေကြောင်း ဖန်းယွဲ့ မြင်တွေ့လိုက်ရသည်။ ညင်သာသော တွန်းထုတ်မှုကြောင့် သူ့ဓားမြှောင်သည် ဦးတည်ချက်သို့ မရောက်နိုင်ပဲ ဖြစ်နေရှာ၏။
အဘယ်မှာ ဖြစ်နိုင်အံ့နည်း။ ဖန်းယွဲ့ကား အလွန်ပင် ကြောက်လန့်နေခဲ့လေပြီ။ ထိုစဉ် သူ့နားအတွင်းသို့ အသံတစ်သံ တိုးဝင်လာ၏။
"ဒီတော့ မင်းပဲပေါ့လေ"
ဘာလဲဟ
အခြေအနေသည် မကောင်းနိုင်တော့မှန်း သဘောပေါက်လိက်ပြီ ဖြစ်လေရာ ဖန်းယွဲ့က နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ကိုယ်ခန္ဓာသည် ယခုအချိန်ထိ မြေကြီးပေါ်တွင် ရှိနေသေးသည့်အပြင် တစ်ဖက်လူကို ဓားမြှောင်ဖြင့် ထိုးနှက်ရန် အားကုန်ထုတ်ခဲ့ရသည့် အတွက် သူ့တစ်ကိုယ်လုံးသည် လေးကိုင်းသဏ္ဌာန် ကွေးညွတ်နေ၏။ ဤအနေအထားတွင် ပြင်းထန်သော ပေါက်ကွဲအားမျိုးကိုသုံး၍ ဆုတ်ခွာထွက်ပြေးရန်မှာ ဖန်းယွဲ့အတွက် အတော်လေး ခက်ခဲသည်။ သို့သော် မလုပ်ဆောင်နိုင်သည်ကား မဟုတ်။
ထိုအချိန်မှာပင် ပြင်းထန်အားပါသော လက်သီးချက် တစ်ချက်က ဖန်းယွဲ့၏ မျက်နှာပေါ်သို့ ကျရောက်လာတော့သည်။
"မလုပ်နဲ့"
ငိုသံပါအောင် အော်ဟစ်ပြီး ဖန်းယွဲ့တစ်ယောက် မြေကြီးကို လက်ဝါးဖြင့်ပုတ်ကာ ဂျယ်လီငါး တစ်ကောင်ကဲ့သို့ လေထဲသို့ ခုန်ထွက်လိုက်၏။ သူသည် အမြန်နှုန်းနှင့် သွက်လက်မြန်ဆန်မှုကို အားကိုးအားထားပြုပြီး တိုက်ခိုက်တတ်သော မူလချီစွမ်းအား ပညာရှင်မျိုး ဖြစ်သည်။ အနီးကပ် တိုက်ခိုက်ရေးသမား မဟုတ်။ ထို့ကြောင့် ရန်သူနှင့် သင့်တော်သည့် အကွာအဝေးတစ်ခုကို ရရှိနိုင်ရန် ကြိုးစားပမ်းစားနှင့် အားထုတ်လိုက်ရခြင်း ဖြစ်သည်။ တစ်ဖက်တွင်လည်း ရန်သူ၏ လက်သီးက သူ့မျက်နှာပေါ်သို့ ကျရောက်လာခဲ့ပြီ မဟုတ်ပါလား။
သို့သော် ဖန်းယွဲ့က လူနုံဟု ယူဆထားခဲ့သော လူငယ် (ဝါ) ပြိုင်ပွဲဝင်သည် ပါးနပ်လှ၏။ ဖန်းယွဲ့၏ ဤတကွက်ကို ကြိုတင်တွက်ဆ ထားပုံရသည်။ ၎င်းသည် ဖန်းယွဲ့နောက်သို့ ထက်ကြပ်မကွာ လိုက်လာပြီး ပြင်းထန်အားပါသော လက်သီးဖြင့် ခါးလည်ကို ဖြတ်ကာ ထိုးချလိုက်လေရာ ဖန်းယွဲ့ခမျာ မြေကြီးပေါ်သို့ ခြေပစ်လက်ပစ်နှင့် ပြုတ်ကျသွားတော့သည်။ တစ်ဆက်တည်းမှာပင် ၎င်းသည် ဖန်းယွဲ့၏ ဆံပင်ကိုဆွဲပြီး မြေကြီးပေါ်သို့ ဆောင့်ချလိုက်လေသည်။ မြေကြီးပေါ်တွင် ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ပေါ်ပေါက်လာ၏။
"ခွေးမသား"
ဖန်းယွဲ့က နာကျင်စွာ အော်ဟစ်ပြီး တစ်ဖက်လူ၏ လည်မျိုကို ခြေထောက်ဖြင့် ဖြတ်ကန်ရန် ကြိုးစားလိုက်သည်။
သို့သော် စုချန်းကား ဖန်းယွဲ့ကို အသက်ရှူခွင့်မပေး။ ဓားတိုတစ်ချောင်းကို ဆွဲထုတ်ပြီး ဖန်းယွဲ့၏ ဒဏ်ရာမရှိသေးသော ခြေထောက်ကို စိုက်ချလိုက်၏။
"အား"
ဖန်းယွဲ့ခမျာ ခါးသီးနာကျင်စွာ အော်ဟစ်လိုက်ရှာ၏။ ဤတစ်ကြိမ် ဒဏ်ရာသည်ကား သူ့ကိုယ်သူ ပြုလုပ်ထားသည့် ဒဏ်ရာထက် အဆပေါင်းများစွာ ပို၍ ပြင်းထန်လှသည်။ တုံးတိနေသော ဓားမြှောင်သည် အသွေးအသားများကို ဖြတ်တောက်သွားပြီး ပြင်းထန်လှသော ဒဏ်ရာကို ဖြစ်ပေါ်စေတော့သည်။
ဖန်းယွဲ့က အကာအကွယ်ကို နှိုးဆွရန် ကြိုးစားလိုက်သေးသည်။ သို့သော် စုချန်း၏ လက်သီးချက်က မူလစွမ်းအင်ပို့ဆောင်ရေး ဆုံမှတ်များဆီသို့ တည့်တည့်မတ်မတ်ကြီးပင် ကျရောက်လာခဲ့လေရာ ဖန်းယွဲ့ခမျာ အကာအကွယ်ကို နှိုးဆွဖို့ဝေးစွ၊ အလူးအလိမ့်ပင် ခံစားနေရရှာသည်။
"မလုပ်ပါနဲ့ ငါ့ကို လွှတ်ပေးပါတော့"
ဖန်းယွဲ့ကား တောင့်မခံနိုင်တော့။ ကြောက်လန့်တကြားနှင့် အော်ဟစ် တောင်းပန်တော့သည်။ ထိုအခါ စုချန်းက အေးစက်သော လေသံနှင့် ပြောလိုက်သည်။
"မင်းသတ်ပစ်ခဲ့တဲ့ တခြားပြိုင်ပွဲဝင်တွေလည်း ခုလိုပဲ တောင်းပန်ခဲ့မယ်ထင်တယ် မင်း သူတို့ကို လွှတ်ပေးခဲ့သလား"
"ငါ ... ငါမှားပါပြီကွာ ... ကျေးဇူးပြုပြီး ငါ့ကို သနားပါ"
ဖန်းယွဲ့ကား သနားဖွယ်ရာ တောင်းပန်နေရှာ၏။ စုချန်းသည် ဖန်းယွဲ့ကို အနည်းငယ်မျှပင် ဂရုမစိုက်။ လက်သီးနှင့်သာ အားရပါးရ ထိုးကြိတ်နေတော့သည်။ ဖန်းယွဲ့သည် သူ၏ ကျောက်စိမ်းပြားကို ဖျက်ဆီးပြီး ထွက်ပြေးချင်လှပြီ။ သို့သော် စုချန်းကား ၎င်း၏ ကျောက်စိမ်းပြားကို ကနဦးကတည်းကပင် ယူငင်ကာ လွှင့်ပစ်ခဲ့ပြီးလေပြီ။ မြင်ကွင်းမှာ ဖန်းယွဲ့တစ်ယောက် သူ သတ်ဖြတ်ခဲ့သော ပြိုင်ပွဲဝင်များကို ဆက်ဆံပုံနှင့် တထပ်တည်း တူညီနေ၏။
သိပ်မကြာမီ စုချန်း၏ လက်သီးချက်ကြောင့် ဖန်းယွဲ့ခမျာ ဘဝတပါးသို့ ပြောင်းရရှာတော့မည်။
"ကယ်ကြပါဦးဗျာ ကယ်ကြပါဦး"
ဖန်းယွဲ့သည် အူသည်းလှိုက်သည်းပင် အော်ဟစ်နေ၏။ ထိုအခိုက်မှာပင် မထင်မှတ်ပဲ စကားသံတစ်သံ ထွက်ပေါ်လာ၏။
"ဟေ့ မင်းဟာ အမှောင်သားရဲချိန်ခွင် မျိုးနွယ်စုကမလား မှတ်ထားစမ်းဟေ့ မင်းရဲ့ ကယ်တင်ရှင်ဟာ အဆိပ်ကင်းခြေများ ကောင်းချန်း ဆိုတာ"
စကားအဆုံးတွင် အနက်ရောင် လေလှိုင်းတစ်ခုသည် လူးကာလိမ့်ကာနှင့် စုချန်းထံသို့ တိုးဝင်လာတော့သည်။