အခွင့်အရေးရလျှင် သတ်ပေရော့
Vol. 14 Ch. 139
နားထဲမှ အသံကြားသည်နှင့် စုချန်းက ရှေ့သို့ တဟုန်ထိုး တိုးထွက်လိုက်၏။ သူ၏ လှုပ်ရှားမှုမှာကား သူရဲပူးကပ်နေသကဲ့သို့ လျင်မြန်လှသည်။ တစ်ဆက်တည်းမှာပင် သူသည် နောက်သို့ပြန်လှည့်ကာ ရန်သူအသစ်ဆီသို့ မျက်နှာမူရင်း လက်ဝါးရိုက်ချက် ၁၈ချက်တိတိကို ထုတ်လွှတ်လိုက်၏။
လက်ဝါးရိုက်ချက်မှ လေအဟုန်သည် မိုးခြိမ်းသံကဲ့သို့ အသံပြုရင်း လေထုကိုဖြတ်ကာ ပျံသန်းသွား၏။ ရန်သူ၏ အနက်ရောင်တိမ်ထုသည် စုချန်း၏ လက်ဝါးရိုက်ချက်ကြောင့် လမ်းခုလတ်မှာပင် ရပ်တန့်သွား၏။ အနားသို့ပင် မသီနိုင်ခဲ့။ ဤသည်မှာကား မျက်မှောက်ခေတ် မူလစွမ်းရည်တို့၏ အစွမ်းသတ္တိပင် ဖြစ်သည်။ မိုးကြိုးဓားသည် အင်အားအရာတွင် အထူးတလည် မပြင်းထန်လှသော်လည်း တိုက်စစ်နှင့် ခံစစ်တွင် အဆင်ပြေသလို ပြောင်းလဲအသုံးပြုနိုင်၏။ လက်ဝါးရိုက်ချက် ထွက်ပေါ်လာသည်နှင့် မိုခြိမ်းသံကဲ့သို့ အသံပြုကာ ၎င်း၏ လေအဟုန်သည်လည်း ရန်သူ၏ အနက်ရောင်တိမ်ထုကို တားဆီးပြီးသား ဖြစ်သွားလေသည်။
စုချန်းမှာကား တစ်ဖက်ရန်သူအသစ်ကို သေသေချာချာ မကြည့်အားသေး။ ရရှိလာသော အခွင့်အရေးကို အမိအရ အသုံးပြုပြီး မက်ခ် အကာအကွယ်ကို နှိုးဆွလိုက်၏။ နောက်ထပ် ပေါ်ပေါက်လာသော ရန်သူအသစ်မှာ အစိမ်းရောင် ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်ပြီး ထူထဲသိပ်သည်းပြီး မည်းနက်သော ချီစွမ်းအင်တစ်ခုသည် ၎င်း၏ မျက်နှာပေါ်တွင် ဝဲကတော့ကဲ့သို့ လှည့်ပတ်နေ၏။ စုချန်း၏ တုံ့ပြန်မှုကို မြင်တွေ့သောအခါ လူငယ်က အံ့သြသင့်သွားဟန် ပေါ်သည်။
"ငါ့ရဲ့ငါးသွယ်ရတနာ အဆိပ်ငွေ့ကိုတောင် ရှောင်တိမ်းနိုင်တယ်ဆိုတော့ မင်းက သိပ်မဆိုးပါလား အစွမ်းအစ ကောင်းပုံရတယ်"
ဖန်းယွဲ့ကလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေမှုကို အခွင့်ကောင်းယူကာ မတ်တတ်ရပ်လိုက်၏။ အစောပိုင်းက သူသည် စုချန်း၏ ကရုဏာသက်မှုကို သနားဖွယ်ရာ တောင်းပန်နေ ခဲ့သော်လည်း ယခုတွင်တော့ သူ့မျက်နှာပေါ်ဝယ် သွေးဆာသော အရိပ်အယောင်များ ယှက်သန်းလာ၏။
"ခွေးမသား မင်းကများ ငါ့ကိုမလေးမစား ဆက်ဆံရဲတယ်ပေါ့ ဟုတ်လား သေဖို့သာပြင်ပေတော့"
ပြောပြောဆိုဆို သူက စုချန်းကို ဓားဖြင့် လှမ်းထိုးလိုက်၏။ ဖန်းယွဲ့၏ လုပ်ရပ်ကို မြင်တွေ့ရသောအခါ လူငယ်က နှုတ်ခမ်းကိုမဲ့ကာ ရေရွတ်လိုက်သည်။
"လူမိုက်"
ဓားချက်မှာ ရက်စက်ကြမ်းကြုတ် လှသော်လည်း ဒဏ်ရာရနေသော သူ့ခြေထောက်များကြောင့် ဖန်းယွဲ့၏ လှုပ်ရှားမှုမှာ အားရစရာမရှိ။ သူသည် တစ်ဖက်လူကို သတ်ဖြတ်လိုသော ဆန္ဒသာရှိသည်။ ထိုဆန္ဒပြည့်ဝအောင် စွမ်းအောင်နိုင်သော အင်အားနှင့် စွမ်းရည်ကား မရှိရှာတော့။ စုချန်းသည် ဖန်းယွဲ့၏ ဓားချက်ကို ဘေးသို့ခြေတစ်လှမ်းရွေ့ရင်း ရှောင်တိမ်းလိုက်သည်။ တစ်ဆက်တည်းမှာပင် ဒူးကိုမြှောက်ပြီး ၎င်း၏ ရင်ဝကို ပစ်တိုက်လိုက်၏။ ဤတစ်ကြိမ်တွင်ကား စုချန်းအနေနှင့် လက်သီးကို အသုံးပြုရန်ပင် မလိုအပ်တော့။ အမှန်တော့ စုချန်း၏ စိတ်ထဲတွင် ဖန်းယွဲ့ကို အရေးတယူ လုပ်စရာဟုပင် ယူဆခြင်းမရှိတော့။ သူ့မျက်လုံးများသည် အစိမ်းရောင် ဝတ်ဆင်ထားသော လူငယ်ကိုသာ တစ်ချိန်လုံး စိုက်ကြည့်လျက် ရှိလေသည်။
"ခွေးမသား"
ဖန်းယွဲ့ကား အံကိုကြိတ်ရင်း မတ်တတ်ရပ်နိုင်ရန် ကြိုးစားလျက်ရှိသည်။ သို့သော် သူ မတ်တတ်မရပ် နိုင်ခင်မှာပင် နောက်ထပ် ခြေကန်ချက် တစ်ချက် ထွက်ပေါ်လာ၏။ ဤတစ်ကြိမ် ကန်ချက်သည်ကား ဖန်းယွဲ့၏ ဦးခေါင်းဆီသို့ ဦးတည်ထားလေသည်။ စုချန်းအနေနှင့် ဤတစ်ကွက်တွင် အင်အား ထည့်သုံးထားလေရာ ဖန်းယွဲ့အနေနှင့် မသေလျှင်ပင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားပေလိမ့်မည်။ ခြေကန်ချက် ဖန်းယွဲ့၏ ဦးခေါင်းဆီသို့ ကျရောက်လာစဉ်မှာပင် လူငယ်က စတင်လှုပ်ရှားလိုက်သည်။ အနက်ရောင် အလင်းတန်းတစ်ခုကား စုချန်းဆီသို့ ပြေးဝင်လာခဲ့ပေပြီ။
"မင်းက သူ့ကိုသတ်ပစ်မှာကို ငါခွင့်မပြုနိုင်ဘူးကွ ဒီတော့ ရမယ်ထင်ရင် စမ်းကြည့်ပေါ့ကွာ"
စုချန်းက ကိုယ်ကို ယိမ်းနွဲ့ကာ ရှောင်တိမ်းလိုက်၏။ ထိုအချိန်တွင် လူငယ်သည် ဖန်းယွဲ့၏ ရှေ့သို့ ရောက်ရှိနေခဲ့လေပြီ။ သူသည် ဖန်းယွဲ့ကို ခပ်လှမ်းလှမ်းသို့ ခြေထောက်ဖြင့် ကန်ထုတ်ရင်း လှမ်းအောင် အမိန့်ပေးလိုက်သည်။
"ခုချက်ချင်း ဒီနေရာက ထွက်သွားစမ်း မင်းဘာလုပ်ချင်နေတာလဲ ကိုယ့်ဟာကိုယ် သတ်သေဖို့ ကြိုးစားနေတာလား"
စကားဆုံးသည်နှင့် လူငယ်သည် လက်နှစ်ဖက်ကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ထောင်ပေါင်းများစွာသော လေလှိုင်းများ ထွက်ပေါ်လာ၏။ အနှီလေလှိုင်းများသည် ပြင်းထန်သော အနံ့အသက်များ ထွက်ပေါ်နေရာ အဆိပ်လေလှိုင်းများ ဖြစ်ကြောင်း သိသာနေ၏။ ထိုအဆိပ် လေလှိုင်းများကား စုချန်းထံသို့ ဦးတည်ရွေ့လျား လာကြလေပြီ။
လူငယ်၏ အဆိပ်ကင်းခြေများ ဟူသော နာမည်သည် သူ၏ သွေးဗီဇကြောင့် ရရှိခဲ့သည်မဟုတ်။ သူ့တွင် ခြေလက်များ ထောင်နှင့်ချီ၍ ရှိသကဲ့သို့ ထင်မှတ်ရစေသည့် ထူးဆန်းသော လက်ဝါး နည်းစနစ်ကြောင့်သာ အဆိုပါ နာမည်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
လုငယ်၏ အဆိပ်လေလှိုင်းများကြောင့် ဤတစ်ကြိမ်တွင် စုချန်း နောက်သို့ ဆုတ်ပေးလိုက်ရ၏။ ထိုအချိန်တွင် ဖန်းယွဲ့သည် လူငယ်၏ ခြေကန်ချက်ကြောင့် တိုက်ပွဲစည်းဝိုင်း၏ အပြင်ဘက်သို့ ရောက်ရှိသွားလေပြီ။ သူသည် စုချန်းကို အလွန်မုန်းတီးသော အမူအရာဖြင့် အတန်ကြာအောင် စူးစိုက်ကြည့်ရှုနေ၏။ ထို့နောက် လူငယ်ကို ဖျတ်ခနဲ လှမ်းကြည့်ကာ ထိုနေရာမှ တချိုးတည်း လစ်ပြေးသွားတော့သည်။ သူ့အနေနှင့် ထိုတိုက်ပွဲတွင် မပါဝင်နိုင်တော့မှန်း ကောင်းကောင်းကြီး သိရှိထားသည် မဟုတ်ပါလား။
ဖန်းယွဲ့၏ ဒဏ်ရာရနေသောပုံရိပ် အဝေးသို့ ရောက်ရှိသွားသည်ကို မြင်သောအခါ စုချန်းက ဒေါသထွက်ရမည့်အစား လွှတ်ခနဲ ရယ်မောလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
"မင်းနာမည် အဆိပ်ကင်းခြေများ ကောင်းချန်းပေါ့ ဟုတ်လား ခုလို မင်းကူညီလိုက်တာကို ဒီကောင် သတိရနေလိမ့်မယ်လို့ မင်း တကယ်ပဲ ထင်သလား ငါ့အမြင်တော့ မင်းကြောင့်သူ အသက်ဘေးက လွတ်သွားတာကို ကျေးဇူးတင်ရမဲ့အစား သူ့ကို ကန်ရမလားဆိုပြီး မင်းကို တစိမ့်စိမ့်နဲ့ မုန်းတီးနေမယ် ထင်တာပဲ လောကကြီးပေါ်မှာ ကျေးဇူးတရားကို မသိတတ်တဲ့လူတွေ တကယ်ပဲ ရှိတယ်ကွ"
ကောင်းချန်းက ယုတ်မာကောက်ကျစ်သော လေသံဖြင့် ရယ်မောလိုက်၏။
"ဟား ဟား ဟား ဒီကောင့်လို အမှိုက်သရိုက်မျိုးကို ငါတကယ် မမြင်တတ်ဘူးလို့ မင်းက ထင်နေတာလား ငါ့အနေနဲ့ ဒီကောင့်ဆီက ဘာကျေးဇူးတရားမှ မလိုဘူးကွ ဒီကောင် ငါခိုင်းတာကို သစ္စာရှိရှိနဲ့ အလုပ်လုပ်ပေးရင် ပြီးတာပဲ"
"ဒီလိုကောင်မျိုးက သစ္စာရှိပါ့မလားကွ"
"ဒီကောင့်ကိုငါ ဖြစ်ကတတ်ဆန်း ကန်ထုတ်လိုက်တယ်များ မင်းက ထင်နေတာလား မင်းကောင် အဆိပ်မိသွားပြီကွ"
ကောင်းချန်းက ပြုံးစိစိနှင့် ပြောလိုက်သည်။
"ဒီကောင့်အတွက်ကတော့ ဒီလောက်ဆိုရင် လုံလောက်ပြီ မင်းအတွက်ရော ဘယ်လိုတုန်း မင်း ငါ့ကို မမုန်းဘူးလား ခုနလေးတင်ပဲ ဒီကောင့်ကိုသတ်မဲ့ မင်းရဲ့အကြံကို ငါ ဖျက်ဆီးလိုက်တယ်လေ"
စုချန်းက ဂရုမစိုက်သော အမူအရာနှင့် ပြောလိုက်သည်။
"ဘာမုန်းနေစရာ လိုသလဲ ခုပဲ မင်း ပြောလိုက်တယ်လေ ဒီကောင့်ကို အဆိပ်ခတ်လိုက်ပြီဆို ဒါ ငါ့ကိုကူညီတာနဲ့ အတူတူပဲပေါ့"
ကောင်းချန်း ရယ်မောလိုက်၏။
"ငါခတ်လိုက်တဲ့ အဆိပ်က လူကို မသေစေဘူးကွ မူလစွမ်းအင်ကို အသုံးမပြုနိုင်ရုံလောက်ပဲ ပိတ်ဆို့ထားတာ ပိုကောင်းတာက ထူးခြားတဲ့ ရနံ့တစ်မျိုးကြောင့် ဒီကောင့်ရဲ့နောက်ကို အချိန်မရွေး လိုက်သွားလို့ ရနေတာပဲ ဒီတော့ ဘယ်လိုလဲ ကြားရတာ အတော်လေး စိတ်ပျက်သွားရဲ့လား"
"ဒီအနံ့ကို အစောကြီးကတည်းက ငါရထားပြီးသားပါ ဒီလိုဆိုရင်ကောကွာ ခု မင်းကို ငါ သတ်လိုက်မယ် ပြီးတာနဲ့ ဒီကောင့်နောက်ကို အမီလိုက်သွားမယ် ငါ့အနေနဲ့ နည်းနည်းတော့ အလုပ်ရှုပ်သွားတာပေါ့"
အမှန်တော့ သူတို့နှစ်ယောက်သည် စကားတပြောပြောနှင့် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်ကသာ ထိုမြင်ကွင်းကို မြင်တွေ့ရလျှင် လူငယ်နှစ်ယောက် စကားများရန်ဖြစ် နေသည်ဟုသာ ထင်ပေလိမ့်မည်။ တကယ်တမ်းတွင်ကား သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် အသေသတ်နေကြခြင်း ဖြစ်သည်။ သူတို့နှစ်ဦးလုံးလိုလိုသည် တစ်ယောက်ကို တစ်ယောက် မခံချင်အောင် ရည်ရွယ်ချက်ရှိရှိ ပြောဆိုပုတ်ခတ်နေကြခြင်း ဖြစ်သည်။ ဒေါသထွက်က အမှားပါလာတတ်သည် မဟုတ်ပါလား။ သို့သော် သူတို့၏ ကြိုးစားအားထုတ်မှုမှာ အချည်းနီးသာ ဖြစ်ကုန်ကြလေသည်။ နှစ်ဦးလုံး၏ အင်အားနှင့် ဉာဏ်ရည် ဉာဏ်သွေးမှာ တန်းတူဖြစ်နေ၏။
ထိုအချိန်တွင် ကောင်းချန်းက လက်ဝါးရိုက်ချက် ဆယ်ချက်ကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်ရင်း ရယ်မောလိုက်သည်။
"မင်းကိုငါ စကားပြောနေတာ အပျော်သက်သက်များ ထင်နေသလား အဆိပ်ကင်းခြေများရဲ့ရှေ့မှာ ပါးစပ်ကိုဖွင့်ပြီး စကားပြောတာဟာ ကိုယ့်ဟာကိုယ် သတ်သေနေတာနဲ့ အတူတူပဲကွ"
ထိုသို့ ပြောဆိုနေစဉ်မှာ သူသည် လက်ဖဝါးများဆီမှ စူးရှနံဟောင်သော အငွေ့အသက်များ ထွက်ပေါ်လာစေရန် အထူးပင် အာရုံစိုက်ထား၏။ ဤတစ်ကြိမ်တွင်တော့ စုချန်း ခံလိုက်ရပုံပေါ်သည်။ အနက်ရောင် ချီအားလှိုင်းများသည် စုချန်း၏ မျက်နှာကို ဖြတ်သန်းသွား၏။ သူ့တစ်ကိုယ်လုံးမှာလည်း သွက်သွက်ခါအောင် တုန်ယင်သွားတော့သည်။
"မင်း ... ... "
စုချန်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်ပေါက်လာ၏။ တစ်ဆက်တည်းမှာပင် သူက နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ခြေလှမ်းများမှာ ဒယိမ်းဒယိုင်ဖြစ်နေပြီး မကြာမီပင် မြေကြီးပေါ်သို့ လဲကျသွားတော့မည်ဟု ထင်ရ၏။ စုချန်း၏ အဖြစ်ကိုကြည့်ရင်း ကောင်းချန်းက ခိုးခိုးခစ်ခစ် ရယ်မောလိုက်သည်။
"တွေ့လား မင်း ငါ့ကို မနိုင်ပါဘူးလို့ ဒါပေမဲ့ မင်းမှ ငါ့စကားကို နားမထောင်တာ"
ထို့နောက် သူက စုချန်း၏ရင်ဝကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။ ပွဲသိမ်းလက်ဝါး ရိုက်ချက်သည်ကား စုချန်းဆီသို့ ဦးတည်ရွေ့လျား လာခဲ့လေပြီ။ လက်ဝါးရိုက်ချက်က သူ့ပစ်မှတ်ကို ထိမှန်စဉ်မှာပင် ကောင်းချန်း၏ စိတ်အာရုံအတွင်း၌ ကြီးစွာသော သံသယတချို့ ဖြစ်ပေါ်လာပြီး သူ့လှုပ်ရှားမှုမှာလည်း အနည်းငယ် တုံ့ဆိုင်းသွားတော့သည်။ သူ့အနေနှင့် ငါးသွယ်ရတနာ အဆိပ်ငွေ့၏ စွမ်းအင်ကို ကောင်းစွာ ယုံကြည်ထား၏။ သို့သော် ချီစွမ်းအား ပညာရှင်များဟူသည် သာမန်လူစားမျိုး မဟုတ်။ ကိုယ်ခန္ဓာအတွင်းသို့ အဆိပ်များ ဝင်ရောက်လာပါက အလိုအလျောက် ချေဖျက်ပေးသော နည်းလမ်းများကို ပိုင်ဆိုင်ထားကြ၏။ သို့သော် သူ့အဆိပ်မှာကား စုချန်းအပေါ်တွင် အံ့သြစရာ ကောင်းလောက်အောင် ထိရောက်လွန်းနေ၏။ အဘယ်ကြောင့် ဤမျှထိ မြန်မြန်ဆန်ဆန် သက်ရောက်နေရသနည်း။ တစ်ခုခုတော့ မှားယွင်းနေပေပြီ။
ကောင်းချန်း၏ နှလုံးသားအတွင်း၌ အန္တရာယ်အချက်ပေး ခေါင်းလောင်းသံများ ဆူညံလာ၏။ ထို့နောက် သူက လက်ကို လျင်မြန်စွာ ရုပ်သိမ်းပြီး စုချန်းကို လှမ်းကြည့်လိုက်သည်။ စုချန်း၏ မျက်နှာမှာကား ပြုံးယောင်သန်းနေ၏။ ထိုအခိုက်မှာပင် စုချန်း၏ လက်အတွင်းမှ မီးလျှံငှက်တစ်ကောင် ထွက်ပေါ်လာကြောင်း သူ တွေ့ရှိလိုက်ရခေသည်။ မီးလျှံငှက်သည် သေးငယ်ပြီး အန္တရာယ် ပြုနိုင်မည့်ဟန်မရှိ။ သို့သော် မည်သည့် အတွက်ကြောင့်မှန်းမသိ။ ကောင်းချန်း၏ တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများ ထလာ၏။
ထိုအခါ ကောင်းချန်းက စူးရှစွာအော်ဟစ်ပြီး အမြန်နှုန်းကို အဆုံးထိမြှင့်တင်ကာ လေထဲသို့ ခုန်ထွက်လိုက်၏။ အဆိပ်ကင်းခြေများဟူသည် ခြေလက် ထောင်ချီအောင် ပိုင်ဆိုင်ထားသည်ဟု အဓိပ္ပာယ်ရလေရာ သူ၏ လှုပ်ရှားမှုမှာ မြန်ဆန်လှ၏။ မီးလျှံငှက်သည်လည်း ပစ်မှတ်ကို လွဲချော်ကာ ကောင်းချန်း၏ လက်မောင်းအောက်မှ ဖြတ်သန်းသွားတော့သည်။ ထိုအခါကျမှ ကောင်းချန်းတစ်ယောက် သက်ပြင်းချလိုက်နိုင်၏။ သို့သော် စုချန်းသည် သူ့အား ထူးဆန်းသော အပြုံးတစ်မျိုးဖြင့် စိုက်ကြည့်နေကြောင်း ကောင်းချန်း မြင်တွေ့လိုက်ရလေရာ ကျောရိုးအတွင်းမှ စိမ့်ခနဲနေအောင် ခံစားလိုက်ရ၏။ အနေအထားမှာ သိပ်မကောင်းတော့မှန်း သူ သဘောပေါက် လိုက်လေပြီ။ သို့သော် ကောင်းချန်းကား ညံ့ဖျင်းသူမဟုတ်။ အခြေအနေကို အကောင်းဆုံး သုံးသပ်နိုင်သူ ဖြစ်လေရာ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှု အဖြစ်ဆုံး တုံ့ပြန်မှုတစ်ခုကို ပြုလုပ်လိုက်၏။ ကောင်းချန်း၏ ကိုယ်ခန္ဓာ ပတ်ပတ်လည်တွင် မှော်အကာအကွယ်များ ချက်ချင်းလိုလို ပေါ်ပေါက်လာတော့သည်။
မီးလျှံငှက်သည် နောက်ကျောမှနေ၍ ကောင်းချန်းကို ပြင်းထန်စွာ ဝင်တိုက်လေရာ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ တစ်ဆက်တည်းမှာပင် ကောင်းချန်း၏ အကာအကွယ်သည် ရစရာမရှိအောင် ပျက်စီးသွားပြီး ၎င်း၏ ကိုယ်ခန္ဓာမှာလည်း လေထဲသို့ လွင့်စဉ်သွားတော့သည်။ ၎င်း၏ပါးစပ်မှလည်း သွေးများကိုပွက်ခနဲ အန်ထုတ်လိုက်လေသည်။။
ကောင်းချန်းကား ဒဏ်ရာကြောင့် မူးဝေနေသည့်တိုင် လေထဲတွင် အလိုက်သင့်မျောလွင့်ရင်း လက်တစ်ဖက်ကို ဝေ့ယမ်းလှုပ်ရှားလိုက်၏။ ထိုအခါ များပြားလှသော အဆိပ်နကျယ် ကောင်များသည် စုချန်းဆီသို့ ဦးတည်ပျံသန်း လာတော့သည်။ စုချန်းကား မီးလျှံငှက်ကို ယခုလေးတင် အသုံးပြုခဲ့လေရာ နောက်တစ်ကြိမ် မဖော်ထုတ်နိုင်သေး။ ထိုအခါ သူက ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်၏။ ထိုပစ္စည်းမှာ တခြားတော့မဟုတ်။ ပေါက်ကွဲစေတတ်သော ဆေးရည်များ ထည့်ထားသည့် ဝိုင်ကရားပင် ဖြစ်သည်။
ထို့နောက် စုချန်းက ဝိုင်ကရားကို နကျယ်ကောင်အုပ်ဆီသို့ ချိန်ရွယ်ကာ ပစ်ပေါက်လိုက်၏။ ပေါက်ကွဲစေတတ်သော ဆေးရည်များ ထည့်ထားသည် ဤဝိုင်ကရား၏ ပေါက်ကွဲအားသည် မီးလျှံငှက်လောက် မပြင်းထန်သော်လည်း ၎င်းသည် ဧရိယာကြီး တစ်ခုလုံးကို လွှမ်းခြုံပျက်စီး စေနိုင်သော စွမ်းရည်ရှိ၏။ တစ်နည်းအားဖြင့် မီးလျှံငှက်သည် ရန်သူတစ်ဦးတည်းကို တစ်ချက်တည်း လဲပြိုသွားစေနိုင်သော စွမ်းရည်ရှိပြီး ပေါက်ကွဲစေတတ်သော ဆေးရည်မှာကား ရန်သူ အများအပြားကို ဒုက္ခပေးနိုင်၏။ ထို့နောက်တွင်ကား ပေါက်ကွဲမှုကြောင့် နကျယ်ကောင် အများအပြား သေဆုံးကုန်ကြတော့သည်။
ကောင်းချန်းကား သူ့ရှေ့တွင် ခြေချစရာ မရှိလောက်အောင် မီးပင်လယ်ကြီး ဖြစ်ပေါ်လာပြီး အဆိပ်နကျယ်ကောင်များ သေဆုံးကုန်သည်ကို တွေ့လိုက်ရသောအခါ အလွန် စိတ်ထိခိုက်သွား၏။
"ငါ့ရတနာလေးတွေ ကုန်ပါပြီကွာ"
သူက နာကျင်စွာ အော်ဟစ်လိုက်၏။ တဆက်တည်းမှာပင် စုချန်းကို ဒေါသတကြီးနှင့်ကြည့်ရှုရင်း အော်ဟစ်ငေါက်ငန်း လိုက်သည်။
"ခွေးမသား မင်းတော့သေပြီပဲ"
စုချန်းကလည်း ပြန်လည် ပြက်ရယ်ပြုလိုက်သည်။
"တကယ်တော့ မင်းကိုမင်းအရင် ဂရုစိုက်သင့်တာကွ"
အမှန်တော့ စုချန်းလည်း မသက်သာလှ။ သူ့တစ်ကိုယ်လုံးမှာ တုန်ယင်နေပြီး သူ့ခြေလက်များမှာလည်း ပျော့ခွေနေ၏။ ဤတစ်ကြိမ်တွင်တော့ သူသည် ဟန်ဆောင်နေခြင်း မဟုတ်ပေ။ စုချန်း၏ အနေအထားကိုကြည့်ရင်း ကောင်းချန်းတစ်ယောက် ဝမ်းသာသွား၏။
"ခွေးမသား မင်းလည်း အဆိပ်မိနေပြီပဲကိုး"
မှန်၏။ စုချန်းတစ်ယောက် အမှန်တကယ်ပင် အဆိပ်မိနေခဲ့လေပြီ။ အဆိပ်ကင်းခြေများနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ခိုက်သူ တစ်ယောက်အဖို့ အဆိပ်မမိစေရန် ရှောင်လွဲနိုင်ဖို့ဟူသော ကိစ္စမှာ မည်သို့မျှမဖြစ်နိုင်။ သို့သော် မူလချီစွမ်းအား ပညာရှင်များဟူသည် သာမန်လူနှင့် မတူ။ ၎င်းတို့၏ ကိုယ်ခန္ဓာတွင် အဆိပ်ကို ချေဖျက်နိုင်သော သဘာဝစွမ်းရည်များကို ပိုင်ဆိုင်ထားကြ၏။ အကယ်၍ သာမန် သို့မဟုတ် အလယ်အလတ်အဆင့် အဆိပ်တစ်မျိုးမျိုးသာ မိသွားခဲ့သည်ဆိုပါက မူလချီစွမ်းအား ပညာရှင်များအတွက် ကြောက်စရာမလိုပေ။ မည်သည့်ဆေးဝါး အကူအညီမှ မပါပဲ အလိုအလျောက် သက်သာပျောက်ကင်း သွားတတ်လေသည်။
အဆိပ်ကင်းခြေများ ကောင်းချန်း၏အင်အားမှာကား အကန့်အသတ်နှင့်သာ ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် အလွန်ပြင်းထန်သော အဆိပ်မျိုးကို အသုံးမပြုနိုင်။ သို့သော် နှစ်ပေါင်းများစွာ အဆိပ်မျိုးစုံကို ကိုင်တွယ်အသုံးပြု ခဲ့ရသည့်အတွက် ကောင်းချန်း၏ အဆိပ်ကို ခံနိုင်သော စွမ်းရည်မှာ သာမန်လူများထက် အဆပေါင်းများစွာ မြင့်မားနေ၏။ ထိုအတွက် ကောင်းချန်း ပေးဆပ်လိုက်ရသော တန်ဖိုးမှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားပင် ဖြစ်သည်။ ၎င်းကို ထေမိစေရန် ကောင်းချန်းသည် ကိုယ်ခန္ဓာစွမ်းအား စုဆောင်းခြင်းကို အဆင့်မြင့်မြင့် လေ့ကျင့်ထားခဲ့ရ၏။ ထိုအတွက်ကြောင့်ပင် မီးလျှံငှက်စာ မိသွားသော်လည်း ယခုအချိန်ထိ သတိမလစ်ပဲ မြေကြီးပေါ်တွင် ကောင်းချန်းတစ်ယောက် မားမားမတ်မတ် ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။
ယခုအခါ ရန်သူနှစ်ဦးအနက် တစ်ဦးမှာ အဆိပ်မိ၍ တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရနေခဲ့လေပြီ။ သို့သော် ၎င်းတို့၏ မျက်လုံးများတွင်ကား သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းလျက်ရှိသည်။ မည်သူ့မည်သူမျှ လက်မြှောက် အရှုံးပေးမည့်ပုံမပေါ်။
ထို့နောက် သူတို့နှစ်ယောက်သည် ကျယ်လောင်စွာ အော်ဟစ်လျက် အသက်ကို ပြင်းထန်စွာ ရှူသွင်းကာ တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်လိုက် ကြတော့သည်၊၊