ဓာတ်ပြယ်ခြင်း
Vol. 14 Ch. 140
စုချန်းနှင့် ကောင်းချန်းတို့ နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် အနိုင်မခံ အရှုံးမပေးပဲ ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။ ပတ်ဝန်းကျင် တစ်ခုလုံးတွင်ကား သဲမှုန်သဲမွှား ကျောက်သားမှုန်များဖြင့် ပလူပျံနေတော့သည်။
ပေါက်ကွဲနေသော မီးလျှံငှက်နှင့် ရတနာငါးသွယ် အဆိပ်ငွေ့၊ မြူခိုးကြားမှ မြွေခြေလှမ်းနှင့် အရိပတစ်ထောင် ခြေလှမ်း၊ ဝိညာဉ်မျက်လုံးနှင့် အရိပ်မဲ့ခြေကန်ချက်၊ လေအလျင်တွင် ပန်းများပွင့်ခြင်း ကိုယ်ခန္ဓာနည်းစနစ်နှင့် ကောင်းမျိုးနွယ်စု မူပိုင် ကိုယ်ခန္ဓာစုဆောင်းခြင်း နည်းစနစ်။ သူတို့နှစ်ဦး လေ့ကျင့်တတ်မြောက်ထားသော နည်းစနစ်များမှာ အတော်ပင် စုံလင်လှပြီး လက်ရည်ညီလှပေရာ ယခုအချိန်ထိ တိုက်ပွဲကို မည်သူက ဦးဆောင်နေမှန်း ဆုံးဖြတ်ရ ခက်လှ၏။ တစ်ခါတစ်ရံတွင် ပတ်ဝန်းကျင်တစ်ခုလုံးကို အနက်ရောင်မြူခိုးများသာ ဖုံးလွှမ်းနေပြီး တစ်ခါတစ်ရံတွင်ကား ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ မီးပင်လယ်ကြီး ပေါ်ပေါက်လာတတ်၏။
တိုက်ပွဲက ကြာလာလေလေ ကောင်းချန်းတစ်ယောက် ပို၍ အံ့သြလေလေ ဖြစ်နေ၏။ သူသည် စုချန်းကို မယုံကြည်နိုင်ဟန်ဖြင့် စူးစိုက်ကြည့်နေရင်း ကျယ်လောင်စွာ အော်ဟစ်ပြောဆို လိုက်သည်။
"မင်းဟာ တော်ဝင်မျိုးနွယ်စုကတောင် မဟုတ်ဘူး ဘာဖြစ်လို့ ဒီလောက်ကြီးမားတဲ့ တိုက်ပွဲဝင် စွမ်းရည်တွေကို ပိုင်ဆိုင်ထားရတာတုန်း"
စုချန်းကား ခပ်မဆိတ်သာ ရှိနေ၏။ တစ်လုံးတပါဒမျှပင် ပြန်မပြော။ ထိုအခါ ကောင်းချန်းက အဖြစ်အပျက်ကို မိမိဘာသာ ကောက်ချက်ဆွဲလိုက်ပြီး စုချန်းကို သွေးတိုးစမ်းစကား ပြောဆိုလိုက်၏။
"ငါ့ကြောင့် မင်းအဆိပ်မိနေပြီ ဒါတောင်မှ ကုသမဲ့နေရာကို လိုက်မရှာပဲ ငါ့ကို သတ်ဖို့ ကြိုးစားနေသေးတယ် အဆိပ်က မင်းနှလုံးသားကို ရောက်သွားပြီဆိုရင်တော့ ကုရာနတ္တိဆေး မရှိတော့ဘူးလို့သာ မှတ်လိုက်ပေတော့ တကယ်တော့ မင်းကို ငါသတ်တာမဟုတ်ဘူး မင်းကိုယ်တိုင်က ကိုယ်သေတွင်း ကိုယ်တူးနေတာပဲကွ"
ဤတစ်ကြိမ်တွင်တော့ စုချန်းက ပြန်လည် တုံ့ပြန်လိုက်သည်။
"နဂါးကျောင်းတော်ပြိုင်ပွဲ ကာလတစ်လျှောက်မှာ မတော်တဆဖြစ်ရပ်တွေ တစ်ခုမဟုတ်တစ်ခု ဖြစ်နေမှာကတော့ မလွဲဧကန်ပဲ မဟုတ်ဘူးလား ခုနက မင်းကယ်ဆယ်လိုက်တဲ့ ကောင်ဟာ ဒီနေရာမှာ မတော်တဆမှုလို့ သတ်မှတ်ထားတဲ့ လူသတ်မှုဆယ်မှုကျော်ကို ကျူးလွန်ခဲ့တယ် မင်းကိုယ်တိုင်လည်း ဒီလိုလူသတ်မှုတချို့ကို အလားတူ ကျူးလွန်ခဲ့ပြီးပြီးလို့ ငါကတော့ ယူဆထားတယ် ဒီတော့ မင်းနဲ့ ဒီကောင်နဲ့ ဘာကွာသလဲ ဘာမှမကွာဘူး အခွင့်အရေးရင် ငါ့ကို သတ်မှာပဲမလား ငါ့အထင် မင်းကို ကြည့်ရတာ ငါ့ကို အလွယ်တကူနဲ့ အနိုင်မရနိုင်မှန်းသိလို့ သနားချင်ယောင် ဆောင်နေသလားပဲ ဒါမှမဟုတ် ဒဏ်ရာပြင်းထန်လွန်းလို့ ဆက်ပြီး မတိုက်နိုင်တော့လို့လားကွ"
"ခွေးမသား မင်းကိုငါ သတ်ပစ်မယ်ကွ"
ကောင်းချန်းကား ဒေါသအိုး ပေါက်ကွဲသွားလေပြီ။ သူ့လက်အစုံမှ အဆိပ်လေလှိုင်းများသည် စုချန်းဆီသို့ ဦးတည်ပျံသန်းလာ၏။ ဤတစ်ကြိမ်တွင်တော့ ကောင်းချန်းသည် သူ၏ အဆိပ်နည်းစနစ်များကို အမြင့်ဆုံး လုပ်ဆောင်နိုင်စွမ်းအထိ အင်အားတိုးမြှင့် လိုက်လေသည်။
စုချန်း၏ မျက်နှာမှာကား တဖြည်းဖြည်း ဖြူလျော်လာ၏။ သူသည် အသက်ကို ခဲယဉ်းစွာ ရှုရှိုက်နေရလေသည်။ စုချန်း၏ ပုံစံကိုကြည့်ရင်း ကောင်းချန်းတစ်ယောက် ဝမ်းသာလုံးဆို့နေ၏။
စုချန်း၏ မီးလျှံငှက်သည် ကြောက်မက်ဖွယ်ရာ အင်အားပြင်းထန်လှပြီး ပစ်မှတ်ကို မလွဲအောင် တိုက်ခိုက်နိုင်လေရာ ကောင်းချန်းပင် ၎င်း၏လက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့၏။ ထိုနည်းစနစ်ကို စုချန်းတစ်ကြိမ် အသုံးပြုလိုက်တိုင်း ကောင်းချန်းတစ်ယောက် အသည်းအသန် ခုခံခဲ့ရ၏။ သို့တိုင်အောင် အားလှိုင်းများကြောင့် မလွဲသာမရှောင်သာပဲ ဒဏ်ရာများ ထပ်မံရရှိခဲ့သေးသည်။ သို့သော် စုချန်း၏ လက်ရှိ အခြေအနေကို မြင်တွေ့လိုက်ရ ပြီးနောက် သူ့ဒဏ်ရာများအားလုံး သက်သာပျောက်ကင်း သွားသကဲ့သို့ ကောင်းချန်းတစ်ယောက် ခံစားလိုက်ရသည်။
စုချန်း၏ ကိုယ်တွင်းရှိ အဆိပ်များသည် တဖြည်းဖြည်း အစွမ်းပြလာခဲ့လေပြီ။ ထို့ကြောင့် ၎င်း၏ အခြေအနေမှာလည်း လမ်းဆုံလမ်းခွသို့ ရောက်ရှိနေခဲ့ပြီမှန်း ကောင်းချန်းတစ်ယောက် ကောင်းကောင်းကြီး သဘောပေါက်ထား၏။
ဒီနေ့အတွက် အောင်ပွဲကတော့ ငါ့ဟာပဲဟေ့ ...
ကောင်းချန်းကား အထက်ပါအတိုင်း စဉ်းစားတွေးတောရင်း ဝမ်းသာပီတိ ဖြစ်နေတော့သည်။ ထိုအခိုက်မှာပင် စုချန်းက လက်ဝါးကွက် တစ်ချက်ရိုက်ထုတ်ပြီး ကောင်းချန်းကို နောက်ဆုတ်သွားစေရန် ဖိအားပေးလိုက်၏။ ထို့နောက် သူက ခေါင်းကိုမော့ပြီး ပြောလိုက်သည်။ သူ့မျက်နှာပေါ်တွင်ကား ထူးဆန်းသော အပြုံးတစ်မျိုး ပေါ်ပေါက်နေ၏။
"ဒီလိုအဆိပ်လောက်နဲ့ ငါ့ကို ဒုက္ခပေးနိုင်မယ်လို့ မင်းတကယ်ပဲ ထင်နေတာလား"
ကောင်းချန်းတစ်ယောက် အံ့သြသင့်လွန်း၍ ကျောက်ရုပ်ကြီးပမာ ကြက်သေသေနေ၏။ ထိုစဉ် စုချန်းက ထူးဆန်းသော လှုပ်ရှားမှုတစ်ရပ်ကို ထပ်မံ ပြုလုပ်လိုက်ပြန်သည်။ ထိုလှုပ်ရှားမှုမှာ စုချန်းသည် လက်ညှိုးကို အသုံးပြုပြီး သူ့ရင်ဝကို သူ့ဘာသာ ထိုးဖောက်လိုက်ခြင်း ဖြစ်သည်။ ဇွတ်ခနဲ မြည်သံနှင့်အတူ စုချန်း၏ ရင်ဘတ်တွင် အပေါက်ငတစ်ပေါက် ဖြစ်ပေါ်လာပြီး အနက်ရောင်သွေးများသည် လေထုထဲသို့ ပန်းထွက်လာ၏။ ထိုသွေးများအတွင်း၌ စိုစွတ်ပြီး အနက်ရောင် တောက်ပနေသော ပစ္စည်းတစ်မျိုး ပါဝင်နေလေသည်။ သွေးမှာ ချဉ်စုပ်စုပ်အနံ့တစ်မျိုး ထွက်ပေါ်နေ၏။
စုချန်း၏ လုပ်ရပ်ကိုကြည့်ရင်း ကောင်းချန်းတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
"မင်း ငါ့အဆိပ်တွေကို ထုတ်ပစ်လိုက်တာပေါ့"
စုချန်းက ပြုံးလိုက်သည်။
"ဒါ ဘာများခက်လို့လဲကွ"
အမှန်တကယ်လည်း သိပ်မခက်လှ။ သူ့ကိုယ်ခန္ဓာအတွင်းသို့ အဆိပ်များ ဝင်ရောက်လာကတည်းက စုချန်းတစ်ယောက် သတိထားမိပြီး ဖြစ်သည်။ သူ့အနေနှင့် စိမ်းကားခြင်း ရေအလျင်ဆေးပင်နှင့် စိမ်းကားခြင်း သွေးမှုန်တို့ကိုပင် မြင်နိုင်ခဲ့သေးလျှင် ကောင်းချန်း၏ အဆိပ်ကိုလည်း မမြင်နိုင်စရာတော့ မရှိ။ ၎င်း၏ အဆိပ်တွင် အစိတ်အပိုင်းနှစ်မျိုး ပါဝင်၏။ တစ်ပိုင်းမှာ အဆိပ်ဖြစ်၍ နောက်တပိုင်းမှာ မူလပစ္စည်းပင် ဖြစ်သည်။ ဤနေရာတွင် မူလပစ္စည်းမှာ အခရာဖြစ်သည်။ အနှီမူလပစ္စည်းကြောင့်ပင် ကောင်းချန်းတစ်ယောက် အဆိပ်ကို ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။ အနှီ မူလပစ္စည်းကြောင့်ပင် အဆိပ်က လူတစ်ယောက်၏ ကိုယ်ခန္ဓာကို ပျက်စီးစေခြင်း ဖြစ်သည်။
သို့သော် ကောင်းချန်းနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရသောကြောင့် ထိုအဆိပ်ကို ဆေးမြစ်ဆေးရွက်များ အသုံးပြု၍ ကုသနိုင်ခြင်း ရှိမရှိကို စုချန်းတစ်ယောက် စမ်းသပ်နိုင်ခြင်း မရှိခဲ့။ သို့သော် အဆိပ်ကို ထိန်းချုပ်နေသည့် မူလပစ္စည်းကို မူလစွမ်းအင်အသုံးပြု၍ ဓာတ်ပြယ်အောင် ပြုလုပ်နိုင်မည့် နည်းလမ်းတစ်မျိုးကိုကား သူ စဉ်းစားနိုင်ခဲ့လေသည်။ အဆိပ်တွင်ပါဝင်သော မူလပစ္စည်းမှာ ထင်သလောက် အားမကောင်းလှကြောင်း စုချန်း ချက်ချင်းပင် သိရှိလိုက်၏။ သို့သော် ထိုပစ္စည်းကို ချေဖျက်ရန်မှာကား ထင်သလောက် မလွယ်သေးချေ။ အကြောင်းမှာ မူလစွမ်းအင်ကို အသုံးပြု၍ ထိုပစ္စည်းကို ဖိနှိပ်ရန် ကြိုးစားလိုက်တိုင်း ၎င်းသည် လျင်မြန်စွာ ရှောင်တိမ်းသွား သောကြောင့်ပင်။
ထိုအခါ စုချန်းက အဆိပ်၏ ထိုအားသာချက်ကို သူ့အားသာချက်အဖြစ် အသုံးချရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် အဆိပ်များကို အပင်ပန်းခံ၍ တိုက်ထုတ်ရန် မကြိုးစားတော့ပဲ သွေးပြန်ကြော တစ်ချောင်းမှအပ ကျန်မူလစွမ်းအင် သွေးပြန်ကြောကြီး ရှစ်ချောင်းအတွင်းသို့ မူလစွမ်းအင်များကို အရှိန်အဟုန်ဖြင့် လှည့်ပတ်စီးဆင်း နေစေလိုက်၏။ ဤပုံဤနည်းအားဖြင့် အဆိပ်များသည် မူလစွမ်းအင် စီးဆင်းမှုမရှိသော ကျန်သွေးပြန်ကြော အတွင်း၌သာ စုစည်းကုန်တော့သည်။ ထို့နောက်တွင်ကား အရာအားလုံးသည် ထမင်းစားရေသောက် သကဲ့သို့ လွယ်ကူသွားလေပြီ။ သို့သော် ထူးခြားသော အမြင်အာရုံကြောင့်သာ မဟုတ်လျှင် ဤပြဿနာကို စုချန်း ဖြေရှင်းနိုင်ခဲ့လိမ့်မည် မဟုတ်။ အချိန်ကြာလာသည်နှင့်အမျှ ကောင်းချန်း၏ အဆိပ်ကြောင့် ကောင်းကောင်းကြီး ဒုက္ခရောက်သွား လိမ့်မည်သာ။
နောက်ဆုံးတွင်ကား စုချန်းသည် အဆိပ်များ ပြည့်နှက်သော သွေးကြောကို လက်ညှိုးဖြင့် ထိုးဖောက်ပြီး အဆိပ်များကို အပြင်သို့ စွန့်ထုတ်ပစ်လိုက်တော့သည်။ သူ့ကိုယ်ခန္ဓာအတွင်း၌ အဆိပ်အကြွင်းအကျန် တချို့ ကျန်ရှိနေသေးသော်လည်း အများစုမှာ ထွက်သွားပြီဖြစ်လေရာ စုချန်းအဖို့ စိုးရိမ်စရာမရှိတော့။
စုချန်းတွင် ထိုနည်းစနစ်မျိုး ရှိနေလိမ့်မည်ဟု ကောင်းချန်း လုံးဝထင်မထား။ ထိုအခါ သူသည် အကြီးအကျယ် အံ့သြသင့်နေ၏။ အဆိပ်များ ကင်းစင်သွားပြီးနောက် စုချန်း၏ ကိုယ်ခန္ဓာသည် ပို၍ အင်အားပြည့်ဝလာဟန် ရှိ၏။
"ကဲ လုပ်စမ်းပါဦးကွ မင်းရဲ့ ထူးခြားတဲ့ နည်းစနစ်လေးတွေ"
ထို့နောက် သူသည် ရတနာငါးသွယ် အဆိပ်ငွေ့များ ထုတ်လွှတ်နေသည့် ကောင်းချန်းဆီသို့ တဟုန်ထိုး ခုန်ဝင်လိုက်တော့သည်။ ကောင်းချန်းတစ်ယောက် အသက်ရှူရပ်မတတ် ကြောက်လန့်သွား၏။
"ဟေ့ ဟေ့ ရပြီ ဒီတိုက်ပွဲကို မင်းနိုင်သွားပြီ"
ပါးစပ်မှလည်း ကပျာကယာပင် တောင်းပန်လိုက်၏။ သို့သော် သူ့အား ဆီးကြိုနှုတ်ဆက် လိုက်သည်မှာကား ကြောက်မက်ဖွယ်ရာ လက်ဝါးရိုက်ချက်ပင် ဖြစ်သည်။ မိုးခြိမ်းသံကဲ့သို့ အသံများ ထွက်ပေါ်လာပြီး အလင်းရောင်များ ဝင်းလက်တောက်ပကာ ကောင်းချန်း၏ ကိုယ်ခန္ဓာသည် လေထဲသို့ လွင့်စဉ်သွားရှာ၏။ ပါးစပ်မှ သွေးများ ပွက်ခနဲ အန်ချလိုက်ပြီး အဆိပ်ကင်းခြေများ ကောင်းချန်းခမျာ မြေကြီးပေါ်တွင် ပက်လက်လန်နေရှာ၏။ တဖြည်းဖြည်း နီးကပ်လာသော စုချန်းကိုကြည့်ပြီး သူ အကြောက်လွန်နေခဲ့ချေပြီ။ နောက်ဆုံးကြိုးစား အားထုတ်မှုအနေနှင့် ကောင်းချန်းသည် စုချန်းကို ငိုကြွေးတောင်းပန်က ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားနေရှာ၏။
"ငါ့ကို မသတ်ပါနဲ့ကွာ ငါဟာ အဲဒီလို ပျော်ရွှင်မှုအတွက် လူသတ်တတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး"
"ဒီကောင် ဘာအတွက် လူသတ်နေတယ်ဆိုတာ မင်း ကောင်းကောင်းသိတယ် ဒါပေမဲ့ မင်း သူ့ကို ကူညီဖို့ ကြိုးစားခဲ့တယ်"
စုချန်းကား တလှမ်းချင်း လမ်းလျှောက်လာရင်း ပြောလိုက်သည်။
"ငါ့အနေနဲ့ လက်ပါးစေ တစ်ယောက်လောက် လိုချင်ခဲ့ရုံပါကွာ လူသတ်တာ ငါနဲ့ မဆိုင်ပါဘူး အားလုံးကို ဖန်းယွဲ့တစ်ယောက်တည်း သတ်တာပါ သူ့အပြစ်တွေပါ ငါ့မှာအပြစ်ဆိုလို့ ငါ့အတွက်ငါ ကြည့်မိရုံလေးပဲ ရှိတာပါကွာ"
ဒီလောက်ပဲလား ... ဒီကောင်တွေရဲ့ စဉ်းစားတွေးခေါ်ပုံက ဒီလောက်ပဲတဲ့လား ...
စုချန်းကား နေရာမှာပင် ရပ်တန့်ကာ ငူငူကြီး စဉ်းစားနေ၏။ သူ့မျက်လုံး အစုံသည်ကား ကောင်းချန်းကို စူးစိုက်ကြည့်ရှုလျက် ရှိသည်။ ကောင်းချန်းမှာကား စုချန်းတစ်ယောက် သူ့ကို ပြုလုပ်နိုင်ဖွယ်ရှိသည့် အရာများကို မှန်းဆကာ ကြောက်လန့်နေရှာ၏။ သို့သော် သူ့ခမျာ ရန်သူ၏ နောက်ထပ်လှုပ်ရှားမှုကို မခန့်မှန်းနိုင်လေရာ အသနားခံသော မျက်လုံးအစုံဖြင့်သာ စိုက်ကြည့် နိုင်ရှာတော့သည်။
လူနှစ်ယောက်လုံးသည် မည်သည့်လှုပ်ရှားမှုမျှ မပြုပဲ ပကတိ ငြိမ်သက်လျက်ရှိသည်။ နောက်ဆုံးတွင် စုချန်းက စကားစလိုက်၏။
"သိပ်ကို တန်ဖိုးကြီးမားတဲ့ သွေးဗီဇပိုင်ရှင် တော်ဝင်မျိုးနွယ်စုတွေ၊ လူသားမျိုးနွယ်စုရဲ့ ကာကွယ်သူလို့ သတ်မှတ်ခြင်း ခံရသူတွေ၊ သူတို့ရဲ့ လုပ်ဆောင်မှုတိုင်းဟာ အမြဲတစေ မှန်ကန်တယ်လို့ ပြောစမှတ်တွင်တဲ့သူတွေ ... သူတို့တတွေဟာ လူသားတွေရဲ့ ဖြစ်တည်မှုကို ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်မှန်သမျှကို လူသားတွေရဲ့ ရှေ့ကနေပြီးတော့ မားမားရပ် ကာကွယ်ခဲ့ကြတယ် ဒီကနေ့မှာတော့ ငါဟာ သူတို့နဲ့ပတ်သက်ပြီး ကောင်းကောင်းကြီး အတွေ့အကြုံ ရခဲ့ပြီ သူတို့ရဲ့ စစ်မှန်တဲ့ သဘောသဘာဝကို မှန်မှန်ကန်ကန် သိမြင်နိုင်ခဲ့ပြီ"
စကားဆုံးသည်နှင့် စုချန်းသည် ကောင်းချန်း၏ ရင်ဘတ်ပေါ်တွင် ခြေထောက် တစ်ဖက်ကိုတင်ရင်း အေးစက်သော လေသံဖြင့် ပြောလိုက်ပြန်သည်။
"မင်းလိုမျိုး တော်ဝင်သွေးဗီဇ မျိုးနွယ်စုဝင်ဆိုတဲ့ ကောင်တွေကတော့ စိတ်ပျက်စရာပဲကွ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့ မင်းကိုငါ မသတ်ပါဘူး မင်းထက်ပိုပြီး ဂရုစိုက်ပေးရမဲ့ နွားတစ်ကောင် ရှိနေသေးတယ် တစ်ခုတော့ရှိတယ် မင်းကိုငါ ဒီအတိုင်းတော့ မလွှတ်ပေးနိုင်ဘူး ငါ့ကိစ္စမှာ ဝင်ရှုပ်တဲ့အတွက် ထိုက်တန်တဲ့ သင်ခန်းစာတော့ ပေးရမယ်"
ကောင်းချန်းကား သူ့အပေါ် မည်သည့် ဝေဒနာမျိုး ကျရောက်လာမည်မှန်း မသိရှိလေရာ ကြောက်အားလန့်အားနှင့် မျက်လုံးအစုံကို မှိတ်ထားရှာ၏။ အချိန်အတန် ကြာသည်အထိ မည်သည့် နာကျင်မှုမျှ မခံစားရလေရာ သူက မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူမြင်တွေ့လိုက် ရသည်မှာကား စုချန်းတစ်ယောက် စာရွက်အပိုင်းအစ တစ်ခုပေါ်တွင် တစ်စုံတစ်ရာကို ရေးသားနေခြင်း ဖြစ်သည်။
စုချန်းသည် စာရွက်ကို ကောင်းချန်း၏ ကျောပေါ်တွင် သေသေချာချာ ကပ်ပေးလိုက်၏ ထို့နောက် ကျောက်စိမ်းပြားကို ရိုက်ခွဲပြီး ၎င်းကို ပြိုင်ပွဲမှ မောင်းထုတ်လိုက်တော့သည်။
မျက်စေ့တစ်မှိတ် အတွင်းဝယ် ကောင်းချန်းသည် အဝင်ပေါက် စင်မြင့်၏ နောက်ကျောသို့ ပြန်လည်ရောက်ရှိလာ၏။ ထိုနေရာတွင် သူ့နည်းတူ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော တခြားပြိုင်ပွဲဝင်များလည်း စုဝေးနေကြ၏။ ကောင်းချန်းခမျာကား အံ့သြသင့်လိုက် ဒေါသထွက်လိုက် ဖြစ်နေ၏။ အနှီ ခွေးမသားသည် ကျောက်စိမ်းပြားကို ရိုက်ခွဲကာ သူ၏ နဂါးကျောင်းတော်ဝင်ခွင့်ကို ဆုံးရှုံးစေခဲ့လေပြီ။
ဟင်း … ဒီလောက်လေးနဲ့ ငါ့ကို သင်ခန်းစာ ပေးမတဲ့လား ခွေးမသား မင်းကငါ့ကို အတော်လေး အထင်သေးနေတာပဲကိုး ဒီဝင်ခွင့်အတွက် ငါ့မှာ တခြားနည်းလမ်းတွေ ရှိမနေဘူးလို့ မင်း တကယ် ထင်နေတာလား ကောင်းမျိုးနွယ်စုကိုများ အထင်သေးလို့ကွာ မင်းနဲ့တော့ တွေ့ကြပြီပေါ့ ...
အထက်ပါအတိုင်း စဉ်းစားနေစဉ် သူ့ဘေးနားရှိလူများသည် သူ့ကို လက်ညှိုးထိုးပြီး တီးတိုးပြောဆို နေကြကြောင်း ကောင်းချန်း တွေ့ရှိလိုက်ရ၏။ မသိုးမသန့်နိုင်သော ခံစားချက်ကြောင့် ကောင်းချန်းတစ်ယောက် နေမထိ ထိုင်မသာ ဖြစ်လာ၏။ ထိုအခိုက်မှာပင် ကောင်းချန်းသည် စုချန်း ရေးသားနေသော စာရွက်အပိုင်းအစကို မြင်ယောင်လာတော့သည်။
အမှန်တော့ ထိုစာရွက်မှာ သူ့ကျောကုန်းပေါ်တွင် ရှိနေခဲ့ပြီး ဖြစ်သည်။
စာရွက်ပေါ်တွင်ကား စုချန်းသည် ရတနာငါးသွယ် အဆိပ်ငွေ့ကို သူ့အနေနှင့် မည်သို့မည်ပုံ ဓာတ်ပြယ်အောင် ပြုလုပ်ခဲ့ကြောင်းကို အသေးစိတ် ရေးသားထား၏။ ထိုအထဲတွင် ရတနာငါးသွယ် အဆိပ်ငွေ့၏ ဂုဏ်သတ္တိနှင့် အသုံးပြုပုံများအပြင် ၎င်းကို ဓာတ်ပြယ်အောင် ပြုလုပ်ရာတွင် မည်သည့်အချက်များကို ထည့်သွင်းစဉ်းစား သင့်ကြောင်းကိုပါ စနစ်တကျ ဆစ်ပိုင်းရေးသားထား၏။
အဆိပ်ကင်းခြေများ ဟူသော နာမည်သည် အဆိပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ခြင်းအပြင် ၎င်း၏ အဆိပ်ကို ချေဖျက်ရန် ခက်ခဲခြင်းဟူသော ဂုဏ်သတင်း အပေါ်တွင်လည်း မူတည်နေ၏။ ယခုတော့ ၎င်း၏ အဓိကလက်နက်ဖြစ်သော ရတနာငါးသွယ် အဆိပ်ငွေ့မှာ ရစရာမရှိအောင် ချေဖျက်ခြင်း ခံလိုက်ရလေပြီ။ နောင်တစ်ချိန်တွင် အဆိပ်ကင်းခြေများဟူသော နာမည်ကို ကောင်းချန်းတစ်ယောက် မည်သို့မည်ပုံ ဆက်လက် ခံယူနိုင်မည်နည်း။
ကောင်းချန်းကား ဆောက်တည်ရာမရ ဖြစ်သွားခဲ့လေပြီ။ သူ့မျက်လုံးများထဲမှ မျက်ရည်များသည် မိုးအဝင် တောင်ကျချောင်းသဖွယ် တသွင်သွင် စီးကျလာ၏။ စုချန်း၏ လုပ်ရပ်မှာကား ရက်စက်လှသည်။ သူ့ဘဝနှင့် သူ့အနာဂတ်တစ်ခုလုံးကို ရစရာမရှိအောင် ဖျက်ဆီးပစ်လိုက်ခြင်း ပေတကား။
ဟာ ... မဟုတ်သေးဘူး ... ဒီပြဿနာရဲ့ နောက်ဆက်တွဲက ကောင်းမျိုးနွယ်စုကိုပါ သွားပြီး ထိခိုက်ကုန်ပြီ ... ရတနာငါးသွယ် အဆိပ်ငွေ့ဟာ ငါတို့မျိုးနွယ်စုရဲ့ ရတနာပဲဟာကို ... သွားပြီ ... ဒီတစ်ခါတော့ တကယ်သွားပြီ ... ငါတို့ ဘာဆက်လုပ်ကြမလဲ ... .
အထက်ပါအတိုင်း စဉ်းစားပြီး ကောင်းချန်းသည် အလွန်ကြောက်ရွံ့လာ၏။ ထို့နောက် သူက အရူးတစ်ယောက်ပမာ အော်ဟစ်လိုက်သည်။
"မကြည့်နဲ့ မကြည့်ကြနဲ့ ခွေးမသားတွေ မင်းတို့ မြင်ထားတာတွေကို ခုပဲ မေ့လိုက်စမ်းဟေ့"
သို့သော် လူအများမှာကား မေ့ပစ်ဖို့နေနေသာသာ ရတနာငါးသွယ် အဆိပ်ငွေ့အား ချေဖျက်သည့် နည်းစနစ်ကို အသည်းအသန် မှတ်သားနေကြကြောင်း ကောင်းချန်းတစ်ယောက် ဝမ်းနည်းဖွယ်ရာ မြင်တွေ့လိုက်ရတော့သည်။ ယခုအချိန်မှစ၍ ကောင်းမျိုးနွယ်စု၏ အဆိပ်သည်ကား ခွေးပစ်တုတ် တစ်ချောင်းမျှပင် အသုံးမဝင်တော့။ အမှန်တော့ စုချန်း၏ လုပ်ရပ်သည် ကောင်းချန်း၏ ဘဝကိုသာမက ကောင်းမျိုးနွယ်စု၏ အနာဂတ်တစ်ခုလုံးကို ဖျက်ဆီးပစ် လိုက်သည်နှင့် အတူတူပင်။
ထိုအချိန်တွင်ကား သာမန်သွေးနှောလူငယ် သို့မဟုတ် စုချန်းသည် ဖန်းယွဲ့ ထွက်ပြေးသွားသော လမ်းကြောင်းကို စူးရှသော မျက်လုံးအစုံဖြင့် စိုက်ကြည့်ရင်း နတ်ဆိုးမျက်နှာဖုံးကို ပြန်လည် တပ်ဆင်လိုက်၏။
ထိုမျက်နှာဖုံးသည် ဒေါသထွက်နေသော နတ်ဆိုးတစ်ကောင်၏ မျက်နှာနှင့် ခပ်ဆင်ဆင်တူနေပြီး လတ်တလော စုချန်း၏ စိတ်အခြေအနေကို ထင်ဟပ်ပြနေ၏။
ဖန်းယွဲ့ မင်း သေကိုသေရမယ်။