ညလယ်ကောင် တွေ့ဆုံမှု
Vol. 3 Ch. 279
သင်္ဘောပေါ်မှ ပါတီပွဲမှာ လျင်မြန်စွာပင် အဆုံးသတ်လိုက်ပြီ ဖြစ်၏။ ချင်ရီလန်းတို့ မှာမူ အစားစားရန် စိတ်မပါတော့ပဲ သူတို့အတွက် စီစဉ်ပေး ထားသော အခန်းများကို ပြန်ကာ အိပ်လိုက်ကြသည်။ ရေမင်းသမီးပေါ်တွင် အိပ်ခန်းပေါင်း ရာနှင့်ချီ ရှိကာ တစ်ခုချင်းစီက ကြယ်လေးပွင့် ဟိုတယ်အလား ခမ်းနားသည်။
ချန်းဖန်မှာမူ သူ၏ အိပ်ရာပေါ်တွင် လှဲကာ အထီးကျန် သူရဲကောင်း၏ တစ်ကိုယ်တော် စွန့်စားခန်းများ ဝတ္ထုကို ဖတ်နေခဲ့သည်။ နှစ်ငါးရာ ကျင့်ကြံမှု ခရီးလမ်းတွင် စကြဝဠာ အကြောင်း အရာအားလုံးကို တွေ့မြင်ခဲ့ ရသဖြင့် သူစိတ်ဝင်စားသည့် အရာ သိပ်မရှိပေ။ သူ၏ အတိတ်ဘဝမှာ ဝါသနာ စာဖတ်ခြင်းပင်။ ထို့ကြောင့် သေမျိုးတို့၏ ဘဝဖြတ်သန်းပုံ အကြောင်းကို သူဖတ်ကြည့် နေခြင်းပင်။
ထိုစဉ်မှာပင် ရုတ်တရက် တံခါး ခေါင်းလောင်းမှ အသံမြည်လာသည်။
"ဝင်လာခဲ့ ...”
ချန်းဖန်က တံခါးဘက်သို့ လှည့်မကြည့်ပဲ အဖြေပေး လိုက်သည်။ သို့သော်လည်း သူ၏ နတ်ဘုရား စိတ်အာရုံကမူ ထိုနေရာသို့ စစ်ဆေး ပြီးနေပြီ ဖြစ်၏။ တံခါး အပြင်ဘက်တွင် နင်းယွမ်ဟူနှင့် လီရှင်းရုတို့ ရပ်နေခဲ့သည်။
"ဆရာချန်း ...”
နင်းယွမ်ဟူက တံခါးကို ညင်သာစွာ ဖွင့်ကာ အခန်းအတွင်းသို့ ဝင်လာခဲ့သည်။ သူ၏ မျက်နှာက ပြုံးနေကာ သူ၏သား သေဆုံးခဲ့ရခြင်း အတွက် မည်သို့မျှ ခံစားရပုံ မပေါ်ချေ။ သူ၏ နောက်တွင် လိုက်ပါလာသော လီရှင်းရုမှာမူ အစောပိုင်းက အဖြစ်အပျက် အတွက် တုန်လှုပ်လျက်ပင် ရှိနေသေးသည်။ ယခု သူမရှေ့တွင်ရှိသော လူငယ်မှာ နင်းရှန်းချန်အား သတ်ခဲ့သော တစ်ယောက်ဖြစ်သည်။ အကယ်၍ နင်းယွမ်ဟူသာ သူမကို အတင်းအကျပ် တွန်းအား မပေးခဲ့လျှင် ချန်းဖန်ရှိရာ ထံသို့ သူမလာလိမ့်မည် မဟုတ်ချေ။
"ဘာကိစ္စ ရှိလို့လဲ ...”
ချန်းဖန်က လက်ထဲမှ စာအုပ်ကို နောက်တစ်ရွက်သို့ လှန်ရင်း မေးလိုက်သည်။ နင်းယွမ်ဟူက ရှေ့သို့ တစ်လှမ်း တိုးလိုက်ကာ ...
"ဆရာချန်း ... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေ အတွက် တောင်းပန်ချင်လို့ပါ ...”
သူ၏ သားသေဆုံးခြင်း အတွက် သူ၏ ပုံစံက စိတ်ဝင်စားခြင်း မရှိသည့် အလားပင်။
"ရတယ် ...”
ချန်းဖန်က ခေါင်းညိတ်ပြ လိုက်သည်။ နင်းယွမ်ဟူက ချောင်းတစ်ချက် ရှင်းလိုက်ရင်း ...
"ချင်းချင်းနဲ့ ဆရာချန်းက တော်တော်လေး ရင်းနှီးတယ် ဆိုတာ ချင်းချင်းဆီက ကြားပြီးပါပြီ။ ချင်းချင်းက ဆရာချန်းရဲ့ လူဆိုတော့ ကျွန်တော် သူ့ကို အစွမ်းကုန် ကူညီပေးမှာပါ ...”
လီရှင်းရု၏ မျက်လုံးတွင် အစိမ်းရောင် တစ်ခု ဖြတ်ပြေးသွားသည်။ သူနှင့် ယန်ချင်းချင်း နှစ်ယောက်လုံးမှာ ကုမ္ပဏီ၏ မင်းသမီးများ ဖြစ်ကြသော်လည်း ယန်ချင်းချင်းက အမြဲတမ်း ပို၍ တောက်ပခဲ့သည်။ ယခုဆိုလျှင်လည်း ယန်ချင်းချင်းမှာ ချန်းဖန်၏ လူဖြစ်သောကြောင့် ကုမ္ပဏီ၏ အရင်းအမြစ် အားလုံးကို သူမအတွက် ထောက်ပံ့တော့မည့်ပုံ ရှိသည်။ သူဌေးနင်း၏ စကားအရ ဆိုလျှင် ယန်ချင်းချင်းကို ကမ္ဘာကျော် ဖြစ်သည်အထိ ထောက်ပံ့ ပေးတော့မည်။ သူမနှင့် ယန်ချင်းချင်းတို့ကြားမှ ပြိုင်ဆိုင်မှု၌ သူမ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။
"ဆရာချန်း ... ကျွန်တော်နဲ့ ဟွာရီ ဖျော်ဖြေရေးကိုတော့ ခွင့်လွှတ်ပေးဖို့ တောင်းဆို ပါရစေ ...”
နင်းယွမ်ဟူက ခေါင်းကိုငုံ့၍ ပြောလိုက်သည်။
"ကျုပ်က ခင်ဗျားရဲ့ ကုမ္ပဏီကို သိမ်းပိုက်မယ်လို့ ထင်နေတာလား ...”
ချန်းဖန်က လက်ထဲမှ စာအုပ်ကို ပိတ်ရင်း ပြုံးလိုက်သည်။
"သူဌေးနင်း ... ကျုပ်နဲ့ ကျုပ်ရဲ့ သူငယ်ချင်းတွေကို မထိမချင်း ခင်ဗျား စိုးရိမ်စရာ မလိုပါဘူး။ ခင်ဗျားသားကို ကျုပ်သတ်လိုက်တာက သူနဲ့ ထိုက်တန်လို့ပဲ။ ခင်ဗျားသာ ကျုပ်ကို မစော်ကားဘူး ဆိုရင် ကျုပ်က ဘာလို့ ခင်ဗျားကို ဒုက္ခပေးရမှာလဲ ...”
"ဟုတ်တာပေါ့ ဟုတ်တာပေါ့ ...”
နင်းယွမ်ဟူက ခေါင်းကို အကြိမ်ကြိမ် ညိတ်ရင်း ဆိုသည်။ သူ့အနေဖြင့် ချန်းဖန်၏ ချောက်ချားဖွယ် စွမ်းရည်များကို ဆန့်ကျင်ရဲသည့် သတ္တိမရှိပေ။
"အဲဒါဆို ခင်ဗျားက ဘာလို့ ဒီမှာ ရှိနေသေးတာလဲ ...”
ချန်းဖန် ပြောလိုက်ရင်း စာအုပ်ကို ပြန်လှန်လိုက်သည်။ နင်းယွမ်ဟူမှာ အခြေအနေကို နားလည်လိုက်ပြီ ဖြစ်သည်။ သူက လီရှင်းရုကို တစ်ချက် ကြည့်လိုက်ကာ အခန်းထဲက တစ်ယောက်တည်း ထွက်လာခဲ့သည်။
အခန်းထဲတွင်မူ ချန်းဖန်နှင့် လီရှင်းရုတို့ နှစ်ယောက်သာ ကျန်နေရစ် ခဲ့သည်။ လီရှင်းရုထံမှ ရေမွှေးနံ့ကိုပင် ချန်းဖန် ရှူရှိုက်မိ နေသည်။ ချန်းဖန် ထိုရေမွှေးကို ကောင်းကောင်းသိသည်။ ထိုအရာက ရှင်နယ် နံပါတ်ဖိုက် ဖြစ်သည်။ ထိုရေမွှေးမျိုးမှာ တစ်ပေါင်လျှင် ဒေါ်လာ သုံးရာခန့်အထိ ပေးရသည်။ အတိတ်ဘဝက ထိုကဲ့သို့ ရနံ့မျိုးကို အကြိမ်ပေါင်း များစွာ ရခဲ့ဖူးသည့်တိုင် ယခုဘဝတွင်မူ ပထမဆုံးအကြိမ် ဖြစ်သည်။
"ဆရာချန်း ...”
လီရှင်းရုက တိုးတိတ်စွာ ခေါ်လိုက်ရင်း ချန်းဖန်အား အကဲခတ် လိုက်၏။ အခြားပုရိသပေါင်း များစွာမှာ သူမအား ကြည့်လျှင် တင်ပါး၊ ရင်သား စသည့် နေရာများကို ကြည့်သော်လည်း ချန်းဖန်ကမူ အသိအကျွမ်းဟောင်း တစ်ဦးကဲ့သို့ ကြည့်နေခဲ့သည်။
"ရှင် ကျွန်မကို အစက တွေ့ဖူးလား.."
လီရှင်းရုက မေးလိုက်၏။ ရုတ်တရက် သူမ၏ ရူးကြောင်ကြောင် မေးခွန်းကို နောင်တရမိသည်။ သူမမှာ ရုပ်ရှင်စတား တစ်ဦးဖြစ်ရာ ချန်းဖန် သူမကို တွေ့ဖူးမည်မှာ သေချာသည်။
"အင်း ...”
ချန်းဖန်က ခေါင်းညိတ်လိုက်၏။
"မင်း နတ်ဆိုးရုပ်တု တစ်ခုရှေ့မှာ ဒူးထောက်နေတာ ငါမြင်ဖူးတယ်။ အဲဒီနေရာမှာ အရိုးလည်ဆွဲကို ဆွဲထားတဲ့ အဘိုးကြီး တစ်ယောက်လည်း ရှိတယ်။ မင်းက လက်ပတ် တစ်ခုကို အဲဒီနေရာက ယူလာပြီး ယန်ချင်းချင်းကို ပေးခဲ့တယ်”
လီရှင်းရုမှာ ဒူးများ ခွေယိုင်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမ၏ ခန္ဓာကိုယ်မှာ ကြောက်ရွံ့မှုကြောင့် တုန်ခါနေပြီး သွားချင်း ရိုက်သံများပင် ပေါ်ထွက်နေသည်။
"ရှင် ... ရှင် ဘယ်လို သိတာလဲဟင် ...”
လီရှင်းရုက တုန်တုန်ရီရီ မေးလိုက်၏။ ထိုအရာက သူမ၏ လျှို့ဝှက်ချက် ဖြစ်သည်။ ထိုအချိန်က ယန်ချင်းချင်းမှာ သူမအား အဘက်ဘက်မှ ကျော်လွန်နေခဲ့ရာ သူမအတွက် အရာရာက အဆင် မပြေခဲ့ပေ။ နောက်ဆုံး၌ မိတ်ဆွေတစ်ဦး၏ အကြံပေးချက် အရ ထိုဘုရားကျောင်းသို့ သွားကာ အကူအညီ တောင်းခဲ့သည်။
ဘုရားကျောင်းမှ ဘုန်းကြီးက သူမအား ဗုဒ္ဓလက်ကောက်ကို ပေးအပ်၍ ယန်ချင်းချင်းအား ပေးစေခဲ့သည်။ ထိုလည်ဆွဲ ရချိန်မှ စ၍ ယန်ချင်းချင်း အတွက် အဆင်မပြေမှုများ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်တော့သည်။ သို့သော်လည်း ထိုလည်ဆွဲ ပျောက်သွားပြီး နောက်ပိုင်း၌ ယန်ချင်းချင်း၏ သူမအပေါ် သဘောထားက တစ်ရာ့ရှစ်ဆယ် ဒီဂရီ ပြောင်းလဲ သွားခဲ့၏။
"ဗုဒ္ဓလက်ကောက် ထဲကနေ မင်းကို မြင်တာပါ”
ချန်းဖန်က အဖြေပေး လိုက်သည်။
"အဲဒီ ဘုရားကျောင်းထဲက ဘုန်းကြီးက ဘယ်သူလဲ”
လီရှင်းရု ခေါင်းကို ငုံ့လိုက်ရင်း တုန်တုန်ရီရီ ဆိုလိုက်သည်။
"သေတော့ မသေချာပါဘူး။ ကျွန်မ သူငယ်ချင်း တစ်ယောက်က အဲဒီကို ခေါ်သွားတာ။ သူကတော့ အဲဒီဘုန်းကြီးကို အရိုးခေါင်း ဘုရားကျောင်းရဲ့ အထွတ်အထိပ် ဘေးဒုက္ခလို့ ခေါ်တယ်”
"အရိုးခေါင်း ဘုရားကျောင်း ... ဘေးဒုက္ခ"
ချန်းဖန် တွေးတောရင်း ခေါင်းညိတ်လိုက်သည်။ လက်ကောက်၏ ပုတီးလုံးများထဲမှ ကျိန်စာမှာ သိပ်အစွမ်း မထက်သည့်တိုင် ယင်တစ္ဆေဂိုဏ်း၊ ကဝေဂိုဏ်းတို့မှ ကျိန်စာများထက်မူ ပို၍ အဆင့်အတန်း မြင့်သည်။ ထိုကျိန်စာ အစီအရင်ကို ဖန်တီးခဲ့သူမှာ ရှေးဟောင်း ဂိုဏ်းတစ်ခုမှ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေနိုင်သည်။
ချန်းဖန်မှာ ထိုအရိုးခေါင်း ဘုရားကျောင်းနှင့် ပတ်သက်ရန် မရှိသည့်တိုင် ထိုအစီအရင် ပညာရှင်၏ အမည်ကို သိချင်ရုံ သက်သက်ဖြင့် မေးခဲ့ခြင်း ဖြစ်သည်။ သူက အဖြေကို သိရသည်နှင့် လက်ကို ဝှေ့ယမ်းကာ မိန်းကလေးအား ထွက်သွားရန် အချက်ပြ လိုက်သည်။
လီရှင်းရုနှင့် ယန်ချင်းချင်းတို့ ကြားမှ ဇာတ်လမ်းများကို သူ စိတ်မဝင်စားပေ။ ထိုကိစ္စများကြား ပါဝင်ရန် သူ့အတွက် အချိန်မရှိချေ။ သို့သော်လည်း လီရှင်းရုမှာ ထွက်မသွားပဲ ချန်းဖန်ရှိရာသို့ ညင်သာစွာ လာရောက်၍ ဒူးထောက်လိုက်ပြီး ငိုသံပါဖြင့် ...
"ဆရာချန်း ... ကျွန်မ ဒီမှာ တစ်ညလောက် နေပါရစေ။ ခုချိန်သာ ကျွန်မ အပြင်ကို ထွက်သွားရင် သူဌေးနင်းက ကျွန်မကို သတ်လိမ့်မယ်”
မျက်ရည်များက သူမ၏ ပါးပြင်ပေါ်သို့ စီးကျလာသည်။ ထိုအခိုက်တွင် သူမ၏ ပုံစံမှာ အလွန် ဆွဲဆောင်မှု ရှိပြီး ကမ္ဘာပေါ်တွင် သနားစရာ အကောင်းဆုံး မိန်းကလေး တစ်ယောက်ဟုပင် ထင်ရသည်။ ချန်းဖန်နှင့် သူမကြားမှ အကွာအဝေးမှာ လိင်စိတ် နိုးကြွရန် အတွက် ပြည့်စုံသည့် အနေအထား တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ချန်းဖန်မှာ ရင်ဘတ်၌ အပူလုံးတစ်ခု ဖြစ်ပေါ်လာသည်ဟု ခံစားလိုက်ရကာ ထိုအပူလုံးက သူ၏ ခေါင်းကြားသို့ ဆင်းလက်လာသည်။ ချန်းဖန် သူ၏ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကာ ခန္ဓာကိုယ်မှ မတည်မငြိမ် ဖြစ်မှုများကို ဆေးကြောလိုက်သည်။ ထို့နောက် ခပ်ယဲ့ယဲ့ ပြုံးကာ သူမအား ကြည့်လိုက်ရင်း ...
"မင်းက သူ့ကိုတော့ ကြောက်ပြီး ငါ့ကိုတော့ မကြောက်ဘူးပေါ့”
လီရှင်းရုမှာ ယောက်ျားပေါင်း များစွာ လိုချင်ကြသည့် ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သည်။ ချန်းဖန်ပင်လျှင် အတိတ်ဘဝက ယခုကဲ့သို့ အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရလျှင် သူ၏ ခန္ဓာကိုယ်ကို သူမထံ ပုံအပ်ခဲ့ မိလိမ့်မည် ဖြစ်သည်။
သို့သော်လည်း စကြာဝဠာထဲမှ ပြစ်မျိုးမှဲ့မထင် မိန်းကလေး များစွာကို တွေ့မြင်ပြီး နောက်တွင်မူ လီရှင်းရု၏ အလှက မထူးခြားတော့ပေ။ အကယ်၍ သူသာ လူငယ် ခန္ဓာကိုယ်၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းလိုလျှင် ရှု့ယုံဖေး၊ တန့်ရီဖေး၊ ယန်ချင်းချင်းတို့ ကဲ့သို့သော ကောင်မလေးမျိုးကို ပိုမို သဘောကျသည်။
ချန်းဖန်၏ စကားက လီရှင်းရုအပေါ် အကျိုး သက်ရောက်မှု ရှိပုံမရပေ။ သူမက ရှေ့သို့ ပိုမို တိုးကပ်လိုက်ကာ သူမ၏ ကျောရိုးများကို ဆွဲဆောင်မှုရှိစွာ ကော့ညွှတ်လိုက်၏။ ချန်းဖန်က တည်ငြိမ်စွာပင် ပြုံးလိုက်ကာ ...
"မင်း ဘာလို့ ဒီမှာ ရှိနေတယ် ဆိုတာ ငါသိပါတယ်။ ငါနဲ့အတူတူ နေမယ့်အစား ငါ့ကို တစ်ခုလုပ်ပေး။ နောက်ကျရင် ရှု့ယုံဖေးလို့ ခေါ်တဲ့ကောင်မလေး တစ်ယောက်ကို သေချာ စောင့်ရှောက်ပေးပါ။ အဲဒီလိုဆိုရင် မင်းကို သူဌေးနင်းဆီ ကနေ ယန်ချင်းချင်းနဲ့ အခွင့်အရေး အတူတူပေးဖို့ ငါပြောပေးမယ်”
"တကယ်လား ...”
ရှု့ယုံဖေး၏ မျက်လုံးများက ဝင်းလက်သွားသည်။
"အင်း ...”
ချန်းဖန် ပြန်ဖြေလိုက်သည်။ ရှု့ယုံဖေးက အတိတ်ဘဝတွင် ချန်းဖန်အပေါ် အမြဲတမ်း ကောင်းခဲ့သူ ဖြစ်ပြီး ယခု ဘဝတွင်လည်း သူနှင့် ပိုမို ရင်းနှီးသော ဆက်ဆံရေး ရှိရာ သူမအတွက် ချန်းဖန် တစ်ခုခု လုပ်ပေးလိုသည်။ လီရှင်းရု၏ အကူအညီနှင့် ဆိုလျှင် တောက်ပသော ကြယ်တစ်ပွင့် ဖြစ်လာရန် သူမအတွက် ခက်ခဲလိမ့်မည် မဟုတ်တော့ချေ။
"မင်းအကိုလို ငါ့ကိုအမြဲတမ်း ဆက်ဆံခဲ့တဲ့ အတွက် ငါ့ကူညီပေးတာကို လက်ခံပေးပါ”
ချန်းဖန်က ရှု့ယုံဖေး အကြောင်းကို တွေးရင်း စိတ်ထဲမှ ပြောလိုက်မိသည်။ လီရှင်းရု ထွက်သွားသည်နှင့် ချန်းဖန် လျင်မြန်စွာပင် အိပ်မော ကျသွားသည်။ နောက်တစ်နေ့၌ ချင်ရီလန်းနှင့် အခြား လူငယ်များမှာ ပြည်မကြီးသို့ ပြန်သွားကြသည်။ နိုင်ငံ အားလပ်ရက်မှာလည်း ကုန်ဆုံးတော့မည် ဖြစ်သည်။
ချန်းဖန်ကမူ တရုတ် ပညာရှင်များ ညီလာခံ တက်ရန် ဟောင်ကောင်၌ နေရစ်ခဲ့သည်။ ထိုအတောအတွင်း အစီအရင်အတွက် လိုအပ်သော ပစ္စည်းများနှင့် ကျန်းမိသားစု၏ ငွေကြေး လုပ်ငန်းများကို လက်စဖြတ် ရဦးမည် ဖြစ်သည်။ ဒေါ်လာဘီလျံနှင့် ချီ၍ တန်သော လုပ်ငန်းများကို လည်ပတ်ရန်မှာ လွယ်ကူသော အရာတစ်ခု မဟုတ်ပေ။
အကယ်၍ တင်းကျပ်မှုသာ လျော့နည်းခဲ့လျှင် ဝန်ထမ်းများက သူတို့၏ အကျိုးအမြတ် အတွက် လုပ်ငန်းငွေကြေးများကို အလွဲသုံးစား လုပ်မည်မှာ သေချာသည်။ ထိုသို့သော လူများကို သတ်ခြင်းက ကောင်းမွန်သော ဖြေရှင်းနည်း တစ်ခု မဟုတ်ပေ။
"ကျန်းမိသားစုရဲ့ လုပ်ငန်းတွေ လည်ပတ်ဖို့ မန်နေဂျာ တစ်ယောက်တော့ လိုနေပြီ”
ချန်းဖန် မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်၏။
***