ကျန်းလုပ်ငန်းစု
Vol. 3 Ch. 280
နင်းရှန်းချန်၏ သေဆုံးမှု သတင်းက ဟိုးလေး တကျော်ကျော် ဖြစ်မသွားခဲ့ပေ။ ချင်တက်ဂယ်လီ မဂ္ဂဇင်း တစ်ခုသာ ဟွာရီ ဖျော်ဖြေရေး၏ ဆက်ခံသူ သေဆုံးကြောင်းကို ဖော်ပြခဲ့သည်။ နင်းမိသားစုက နင်းရှန်းချန် သေဆုံးသည်ကို ရဲအား မတိုင်ခဲ့သလို ပါတီပွဲသို့ ရောက်ခဲ့သူ များမှာလည်း ချန်းပေ့ရွှမ်းအား ကြောက်ရွံ့ကြ သဖြင့် တစ်ခွန်းပင် မဟဝံ့ချေ။
သို့သော်လည်း ထိုသတင်းမှာ ဟောင်ကောင် အထက်တန်းစားများ ကြားတွင်မူ အလွန် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ ကျိုးတချီ သေဆုံးမှု၊ ကျန်းမိသားစု၏ ကျဆုံးမှု၊ နင်းရှန်းချန်၏ သေဆုံးမှု သတင်းများက သူတို့အကြား၌ လျင်မြန်စွာ ပျံ့နှံ့နေခဲ့သည်။ ချန်းပေ့ရွှမ်း ဆိုသော နာမည်မှာလည်း သူတို့၏ အာရုံကို ဖမ်းစား နေခဲ့သည်။
"ဆရာချန်းက အမြော်အမြင် ရှိပုံပဲ ...”
ဇိမ်ခံဂေါက်ကွင်း တစ်ခုတွင် နေကာမျက်မှန် တပ်ထားသော လူတစ်ယောက်က ဂေါက်တံကို လွှဲရိုက်ရင်း ပြောသည်။ ဟောင်ကောင်မှာ မြေဧရိယာ အလွန် ကျဉ်းမြောင်းသည် ဖြစ်ရာ ထိုသို့ သီးသန့်ဂေါက်ကွင်း တစ်ခု ပိုင်ဆိုင်ထားခြင်းက မည်မျှ ချမ်းသာကြောင်း ပေါ်လွင်စေသည်။
"သူက မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်ခဲ့တာပဲ ...”
အေးစက်စက် အမူအရာနှင့် လူငယ်တစ်ယောက်က ဝင်ပြောလိုက်သည်။
"မျောက်တွေကို မဟုတ်ဘူး။ သူက ငါတို့ကို သတိပေးလိုက်တာ”
ပထမလူက ပြုံးလိုက်ရင်း ပြောသည်။
"ဟွာရီ ဖျော်ဖြေရေးရဲ့ ဆက်ခံသူ ဆိုတာကလွဲရင် နင်းရှန်းချန် ဆိုတာက အလကားပဲ။ သူ့ကို သတ်လိုက်လို့ ဘာမှ ထူးမသွားဘူး။ ချန်းပေ့ရွှမ်းက ဟောင်ကောင်ကို သင်ခန်းစာ တစ်ခုပေးဖို့ သူ့ကို အသုံးချခဲ့တာ”
ထိုလူမှာ အသက် လေးဆယ်ခန့် ရှိပြီး ကမ်းခြေဖိနပ်နှင့် ရွှေရောင် ဦးထုပ်ကို ဝတ်ဆင်ထားသည်။ သူ၏ ပုံစံက သက်သောင့်သက်သာနှင့် ယုံကြည်မှု ရှိပုံရသည်။ ထိုလူမှာ တစ်ဆယ်ဘီလျံကျော် တန်သော လုပ်ငန်းတစ်ခု၏ ပိုင်ရှင်ဖြစ်ကြောင်း သူ၏ အဝတ်အစားများကို အခြေခံ၍ သိနိုင်လိမ့်မည် မဟုတ်ပေ။
"ခင်ဗျား ကြောက်လား ...”
အေးစက်စက် လူငယ်က မေးသည်။
"ဘာလို့ မကြောက်ရမှာလဲ ...”
ပထမလူက ရယ်မောလိုက်သည်။
"ချန်းပေ့ရွှမ်းမှာ အစွမ်းထက်တဲ့ အင်အားတွေ ရှိပြီးတော့ သူက လူသတ်ဖို့လည်း ကြောက်တဲ့လူ မဟုတ်ဘူး။ ငါက သာမန် စီးပွားရေးသမား တစ်ယောက်ပဲ။ ဘာလို့ မကြောက်ရမှာလဲ။ ငါ့မှာ အဖိုးတန်တဲ့ အချိန်လေးတွေ ပိုင်ဆိုင်ထားတာ။ သူသာ သူ့ကို ဆန့်ကျင်မိရင် ရူးနေတာ မလို့ပဲ”
"ဒါပေမဲ့ လူသတ်တာက စီးပွားရေး လုပ်ငန်း တစ်ခု အောင်မြင်ဖို့ နည်းလမ်း မဟုတ်ဘူး။ သူ့မှာ ဘယ်လို စွမ်းအားတွေပဲ ရှိရှိ သူက စီးပွားရေး နယ်ပယ်မှာတော့ လူသစ် တစ်ယောက်ပဲ”
အေးစက်စက် လူငယ်က ပြောသည်။
"စတော့ ဘုရင်လေး ... မင်းမှန်တယ်"
ပထမလူက လက်ခုပ်တီးရင်း ချီးကျူးလိုက်၏။
"ဓမ္မအစီအရင်နဲ့ စီးပွားရေး လုပ်ငန်းက ခြားနားတဲ့ အရာ နှစ်ခုပဲ။ ချန်းပေ့ရွှမ်းက ကျန်းမိသားစုရဲ့ စီးပွားရေး လုပ်ငန်းတွေကို ထိန်းချုပ်ချင်ရင် သူ စည်းကမ်းတွေကို လိုက်နာဖို့ လိုတယ်။ ကျန်းတွေရဲ့ ကိစ္စပြီးရင် လုံမိသားစုကို သူဖျက်ဆီးရဲ မလား ကြည့်ရ သေးတာပေါ့။ အဲဒီလိုသာ ဖြစ်လာခဲ့ရင် သူ့အတွက် ဟောင်ကောင်မှာရော တရုတ်မှာရော နေစရာ မြေမရှိတော့ဘူး ...”
ပြောရင်း သူ၏ အမူအရာက အလွန် ထက်ရှလာပြီး မျက်လုံးများကလည်း ကျဉ်းမြောင်းသွားသည်။ ရုတ်တရက်ပင် သူ၏ အမူအရာက ပျင်းရိသော သင်လတ်ပိုင်း လူကြီး အဖြစ် ပြန်ပြောင်းသွားကာ ဂေါက်တံအား လွှဲရိုက် လိုက်ပြန်သည်။
"ကျန်းလုပ်ငန်းစုရဲ့ အစည်းအဝေးက နောက်သုံးရက်မှာ ကျင်းပလိမ့်မယ်။ ရှယ်ရာဝင်တွေ ကြားမှာ သူဘယ်လို ကိုင်တွယ်လိမ့်မယ် ဆိုတာ ငါကြည့်ရ ဦးမှာပေါ့”
ဆွဲဆောင်မှု ရှိသော မိန်းကလေး နှစ်ယောက်က သူ့ထံသို့ လျှောက်လာကာ အပေါ်ထပ် အင်္ကျီကို ဝတ်ဆင်ပေး လိုက်သည်။ မိန်းကလေးများ၏ မျက်လုံးများက ထိုအသက်လတ်ပိုင်း လူကို စိန်တုံးကြီး တစ်ခုနှယ် ကြည့်နေခဲ့ကြသည်။
ထိုအသက်လတ်ပိုင်း လူ၏ အမည်မှာ လုံချန် ဖြစ်သည်။ သူက ရှင်းဟိုင်ဘဏ် လုပ်ငန်း၏ ပိုင်ရှင် ဖြစ်ကာ ကောင်ကောင်၏ အချမ်းသာဆုံး လူသုံးဆယ် စာရင်းသို့ အသက်လေးဆယ် မပြည့်ဝင် ဝင်ရောက် နိုင်ခဲ့သည်။
သူ၏ ဘေးမှ လူငယ်မှည လျူယုစင်း ဖြစ်သည်။ သူ၏ နာမည်ပြောင်မှာ စတော့ဘုရင်လေး ဖြစ်သည်။ သူက အလွန် ထူးချွန်သော လူငယ်တစ်ယောက် ဖြစ်ကာ ဟားဘာ့ဒ် တက္ကသိုလ်မှ အသက် ဆယ့်ခြောက်နှစ်မှာပင် စီးပွားရေးဘွဲ့ ရခဲ့သည်။ သူ ဟောင်ကောင်ကို ပြန်လာပြီး နောက်၌ ရှင်းဟိုင် ဘဏ်လုပ်ငန်းကို ဝင်ရောက် လုပ်ကိုင်ကာ လုံချန်၏ အယုံကြည်ရဆုံး လက်ထောက် တစ်ယောက် ဖြစ်လာခဲ့သည်။
***
ထိုအချိန် ချန်းဖန်မှာ ကားတစ်စီး အထဲ၌ စိတ်လှုပ်ရှား နေသည့် ကျန်းအန့်ပင်နှင့် အတူ ထိုင်နေခဲ့သည်။
ချန်းဖန်က သူနှင့်တွေ့ရန် ခေါ်လိမ့်မည်ဟု ကျန်းအန့်ပင် တစ်ခါမှ မတွေးခဲ့ချေ။ ချင်းဟီက သူ့ထံကို လှမ်းအကြောင်း ကြားစဉ်က သူ၏ ပေါင်ကြားတွင် စိုရွှဲသွား သည်အထိ ဖြစ်ခဲ့သည်။ ချန်းဖန်မှာ ကျန်းမိသားစုနှင့် ကျန်းအန့်ချီအား အိပ်မက်ဆိုး တစ်ခုကို မက်စေခဲ့သည်။ သူက ချန်းဖန်အား မုန်းသည့်တိုင် ချန်းဖန်နှင့် မျက်နှာချင်း ဆိုင်ရန်ပင် သတ္တိမရှိခဲ့ပေ။
"ချန်း ... ဆရာချန်း ... ကျွန်တော့်ကို ဘာလို့ တွေ့ချင်တာလဲ”
ကျန်းအန့်ပင်က အထစ်ထစ် အငေါ့ငေါ့ မေးသည်။ သူ၏ မျက်နှာက စိတ်ဖိစီးမှုကြောင့် ချွေးများဖြင့် စိုရွှဲနေသည်။
"ငါ မန်နေဂျာ တစ်ယောက်လိုတယ်။ ကျန်းမိသားစုက ဖြစ်ရမယ်”
ချန်းဖန်က သူ၏ အပြုအမူများကို သတိမထားမိပဲ ပြောလိုက်သည်။ ကျန်းလုပ်ငန်းစုမှာ ကုမ္ပဏီကြီး လေးခုနှင့် သေးငယ်သော လုပ်ငန်းများစွာ ရှိပြီး ဌာနခွဲပေါင်း တစ်ရာကျော် အပြင် ဝန်ထမ်းပေါင်း တစ်ထောင်ကျော် ရှိသည်။ ထိုကဲ့သို့ များပြားသော လုပ်ငန်းကို တစ်ယောက်တည်း ဦးစီးရန်မှာ လွယ်ကူသော အရာတစ်ခု မဟုတ်ပေ။ ချန်းဖန်တွင် ထိုလုပ်ငန်း အတွက် ဦးစီးရန် အချိန်မရှိပေ။ ဦးစီးသူ မရှိလျှင် လုပ်ငန်းစုမှာ တဖြည်းဖြည်း ကျဆင်း လာလိမ့်မည် ဖြစ်သည်။
"မန်နေဂျာ ...”
ကျန်းအန့်ပင်က ပြန်မေးလိုက်သည်။
"အမှန်ပဲ။ ဟောင်ကောင်မှာ ငါ အကြာကြီး မနေနိုင်ဘူး။ နောက်ပြီး ကျန်းလုပ်ငန်းစုက ငါ့အတွက် ဘာမှ သိပ်ပြီး အရေးမကြီးဘူး။ အဲဒါကြောင့် ငါ့အချိန်တွေ မပေးနိုင်ဘူး။ ငါ ဟောင်ကောင်က မပြန်ခင်တောင် ကျန်းလုပ်ငန်းစုကို ရောင်းချင်နေတာ”
ချန်းဖန်က ပြောလိုက်သည်။ လူအများစု အတွက် ကျန်းလုပ်ငန်းစုမှာ ကြီးကျယ်ပြီး သူတို့ ဘဝ၏ ရည်မှန်းချက် ဖြစ်နိုင်သည့်တိုင် ချန်းဖန်အတွက်မူ ဘာမှ မဟုတ်ချေ။ ချန်းဖန်၏ စိတ်ကူးတွင် ထိုလုပ်ငန်းများကို လည်ပတ်နိုင်မည့် မန်နေဂျာ တစ်ယောက် မရလျှင် ထိုလုပ်ငန်းကို ရောင်းချမည်။ ထိုမှ ရသော ငွေများကို အစိမ်းရောင် နဂါး အစီအရင် တည်ဆောက်ရာတွင် သုံးမည် ဖြစ်သည်။
"ရောင်းမလို့ ...”
ကျန်းအန့်ပင်က ရေရွတ်ရင်း ချန်းဖန်အား အလောတကြီး ပြောလိုက်သည်။
"မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့ဗျာ။ အဲဒါက ကျန်းမိသားစု မျိုးဆက်တွေရဲ့ ကြိုးစားမှု ရလဒ်ပါ”
ကျန်းအန့်ပင်မှာ အသုံးမကျသည့်ကောင် ဖြစ်သည့်တိုင် သူတို့ ကျန်းမျိုးဆက်များ၏ ကြိုးစားထားသည့် အရာများ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားမည် ကိုတော့ သူ မကြည့်လိုပေ။ ချန်းဖန်မှာ ကျန်းလုပ်ငန်းစု၏ ပိုင်ရှင်အသစ် ဖြစ်သော်လည်း ကျန်းမိသားစုမှာ ဝန်ထမ်းများ ကြားတွင် လွှမ်းမိုးမှု ရှိနေသေးသည်။
ကျန်းလုပ်ငန်းစုကို ချန်းဖန်၏ လက်မှ ပြန်မရနိုင်သည့်တိုင် ချန်းဖန်၏ လွှမ်းမိုးမှုဖြင့် ကျန်းလုပ်ငန်းစု ပိုမို တိုးတက်လာမည်ကို သူမြင်လိုသည်။ အကယ်၍ အခြားသူ လက်ထဲသို့ ရောက်သွားလျှင် ကျန်းလုပ်ငန်းစု၏ အရင်းအမြစ်များက အခြားလုပ်ငန်း တစ်ခုအတွက် အသုံးချ ခံရနိုင်သည်။
"ငါ မရောင်းဖြစ်ဖို့ ဆိုရင် ကုမ္ပဏီ လည်ပတ်ဖို့ အတွက် မန်နေဂျာ တစ်ယောက်လိုတယ်”
ချန်းဖန်က သူ၏ လက်များကို ဆန့်ကာ ဘေးနားက ဝိုင်ပုလင်းကို ယူလိုက်ရင်း ...
"မင်း ဘယ်လို ထင်လဲ”
"အာ ...”
ကျန်းအန့်ပင် ခေါင်းကုတ် လိုက်မိသည်။ သူ့ကိုယ်သူ မန်နေဂျာအဖြစ် ခန့်အပ်ရန် အဆိုပြုချင် သော်လည်း ချန်းဖန်က လက်ခံလိမ့်မည် မဟုတ်ပေ။ သူက အမြဲတမ်း ကျန်းမိသားစု၏ ပိုင်ဆိုင်မှုများကိုသာ ဖြုန်းတီးခဲ့ပြီး သာသာယာယာ နေခဲ့သူ ဖြစ်သည်။ ဘီလျံနှင့် ချီသော လုပ်ငန်းများကို ဦးစီးရန် အရည်အချင်း မရှိကြောင်း သူ့ကိုယ်သူ နားလည်သည်။
"တတိယဦးလေး ကျန်းဟိုမင် ဆိုရင်ရော ဘယ်လိုလဲ”
ကျန်းအန့်ပင်က စဉ်းစားရင်း မေးလိုက်သည်။
"သူက အရည်အချင်း မရှိတဲ့ အဘိုးကြီးပဲ”
ချန်းဖန်က ကျန်းဟိုမင်၏ ကိုယ်ရေးမှတ်တမ်းကို ကြည့်ရင်း ပြောလိုက်သည်။
"နဝမဦးလေး ကျန်းဟိုချောင်ရော။ သူက အရင်တည်းက ကျန်းလုပ်ငန်းစုကို ဦးစီးခဲ့တယ်”
ကျန်းအန့်ပင်က အကြုံပြုသည်။
"သူက အရည်အချင်း ရှိတဲ့ မန်နေဂျာ တစ်ယောက်ပဲ။ ဒါပေမဲ့ လုပ်ငန်းစုကို ဦးစီးဖူးတော့ သူ့ကို မရွေးတော့ဘူး။ သူ စိတ်ရင်းနဲ့ လုပ်မှာ မဟုတ်ဘူး”
ချန်းဖန် ပြုံးရင်း ပြောလိုက်သည်။ သူ၏ အစီအစဉ်တွင် ကျန်းဒုတိယ မျိုးဆက်များထဲမှ ရွေးရန် မပါရှိပေ။ ထို့ကြောင့် ကျန်းတတိယ မျိုးဆက်များထဲမှ ရွေးရန် ချန်းဖန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။
"ကျန်းအန့်ရီ ဆိုရင်ရော ... သူက တတိယ မျိုးဆက်ထဲမှာ အထူးချွန်ဆုံးပဲ”
ကျန်းအန့်ပင်က ပြောသည်။
"သူက ရည်မှန်းချက် ကြီးလွန်းတယ်”
ချန်းဖန် နာမည် တစ်ခုကို စာရွက်ပေါ်၌ ကြက်ခြေခတ်၍ ပယ်ဖျက်လိုက်သည်။ ကျန်းအန့်ပင်မှာ အခြားနာမည် အတော်များများကို အကြုံပြုသည့်တိုင် ချန်းဖန်၏ ပယ်ဖျက်ခြင်းကို ခံနေရသည်။ နောက်ဆုံး၌ နာမည်တစ်ခုသာ စာရွက်၏ အောက်ဆုံး၌ ကျန်နေရစ်သည်။ ချန်းဖန် ထိုနာမည်ကို အနီရောင်မင်နှင့် ဝိုင်းလိုက်သည်။
"ကျန်းအန့်ချီ"
***