← Chapters

ငရဲမှ ကောင်း‌ကင်ဘုံသို့

Vol. 3 Ch. 281

ငရဲမှ ကောင်း‌ကင်ဘုံသို့

Vol. 3 Ch. 281

"ကျန်းအန့်ချီ ...”

ကျန်းအန့်ပင်မှာ ချန်းဖန် ရွေးချယ်လိုက်သော နာမည်ကို ကြည့်၍ မယုံကြည်နိုင်သည့် အမူအရာများ ပေါ်လာသည်။ သူမမှာ ကျန်းမိသားစု၏ အိပ်မက်ဆိုးများကို သယ်ဆောင်လာသူ ဖြစ်သည်။ အဆုံးသတ်၌ အဘိုးအိုကျန်း သေဆုံးခဲ့ရသလို ကျန်းမိသားစု၏ ပိုင်ဆိုင်မှုများ အားလုံး အသိမ်းခံခဲ့ ရသည်။ ကျန်းအန့်ချီ ကိုယ်တိုင်လည်း အဘွားအို တစ်ယောက် အသွင် ပြောင်းလဲခဲ့ ရသည်။ ချန်းဖန်မှာ သူမအား အဆုံးစွန်သော နာကျင်မှုများကို ခံစားစေပြီးနောက် ပြန်လည် ရွေးချယ်ခဲ့ ပြန်သည်။

"ငါ သူ့ကို မုန်းတယ်လို့ မင်းထင်လား ...”

ချန်းဖန်က ရယ်မောလိုက်သည်။

"အချက်အလက်တွေ အရဆိုရင် ကျန်းအန့်ချီက အလုပ်အတွက် အသင့်တော်ဆုံးပဲ”

ချန်းဖန် စာရွက် တစ်ရွက်ကို ကောက်ယူကာ အသံထွက်၍ ဖန်လိုက်သည်။

"ကျန်းအန့်ချီက သူလုပ်ခဲ့တဲ့ အပြစ်တွေ အတွက် ကျန်းမိသားစုက ထုတ်ပယ်ခံခဲ့ ရတယ်။ သူ့ရဲ့ အမေကလည်း အခြား တစ်ယောက်နဲ့ လက်ထပ်သွားတယ်။ သူ့အဖေ ကျန်းဟိုချောင် ကလည်း ကျန်းအန့်ချီကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်လို့ သမီး အဖြစ်က စွန့်လွှတ်ခဲ့တယ်။ အချက်အလက်တွေ အရ ကျန်းဟိုချောင်မှာ အမြှောင်မယားတွေက မွေးထားတဲ့ တရားမဝင် သားသမီး သုံးယောက်လည်း ရှိနေတယ်။

ကျန်းဟိုချောင်ကတောင် သမီးအဖြစ်က စွန့်လွှတ်လိုက်ပြီ ဆိုတော့ ဘယ်မိသားစုကမှ သူ့ကို လက်မခံတော့ဘူး။ အဆုံးမှာ သူ့ရဲ့ သူငယ်ချင်း တစ်ယောက်နဲ့ နေဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ရဲ့ အိပ်မက်ဆိုးတွေက ခုမှ စတာ။ အဲဒီညမှာပဲ သူနဲ့ အတူနေတဲ့ သူငယ်ချင်းက အခြား သူငယ်ချင်းတွေ အများကြီးကို ဖိတ်ခေါ်ပြီး ကျန်းအန့်ချီရဲ့ အဘိုးအို ပုံစံကို ပြခဲ့တယ်။

ကျန်းအန့်ချီဟာ သူ့ရဲ့ သူငယ်ချင်းဆိုတဲ့လူတွေ လှောင်တာကို မခံနိုင်တဲ့ အဆုံး အဲဒီအိမ် ကနေ ထွက်ပြေးခဲ့တယ်။ အဲဒီနောက် သူ့ရဲ့ လက်အောက်မှာ လုပ်ဖူးတဲ့လူ တစ်ယောက် အိမ်မှာ ပြောင်းနေခဲ့တယ်”

ချန်းအန့်ချီ အကြောင်း ရေးထားသော အကြောင်းအရာမှာ ကြောက်စရာ ကောင်းသည့်တိုင် အဖြစ်မှန်များက ထိုထက် ဆိုးဝါးကြောင်း ချန်းဖန် သိသည်။ ကျန်းအန့်ချီမှာ ကျန်းမိသားစု၏ မင်းသမီးလေး တစ်ပါး ဖြစ်ခဲ့သည့်တိုင် ယခု အချိန်တွင်မူ သူမ၏ မိသားစု၊ သူငယ်ချင်းများ အပါအဝင် လူများစွာ၏ ဖိနှိပ်ခြင်း၊ လှောင်ပြောင်ခြင်းများကို ခံစားနေရသည်။

ချန်းဖန်၏ အတိတ်ဘဝ ပင်လျှင် သူမခံစား နေခဲ့ရသည့် နိမ့်ကျမှုမျိုး မခံစားခဲ့ရချေ။ အကူအညီ မဲ့စွာဖြင့် ကျန်းအန့်ချီမှာ သူမ ဘဝ၏ အနိမ့်ကျဆုံး အခြေအနေ တစ်ခုသို့ ရောက်နေခဲ့ပြီ ဖြစ်၏။ ထိုသို့ အခြေအနေများကို ခံစားနေခဲ့ရသူ တစ်ဦး အနေဖြင့် ချန်းဖန်သာ သူမကို အခွင့်အရေး တစ်ခုပေးခဲ့လျှင် သူမ အစွမ်းကုန် ကြိုးစားလိမ့်မည် ဖြစ်သည်။ ငရဲ၌ နေခဲ့ဖူးသူများသာ ကောင်းကင်ဘုံ၏ အရသာကို သိသည် မဟုတ်ပါလား။

"သူက အရမ်း ရုပ်ဆိုးတဲ့ အဘွားကြီး ဖြစ်နေပြီလေ။ တကယ်ပဲ သူ့ကို ရွေးမလို့လား”

ကျန်းအန့်ပင်က တအံတဩ မေးလိုက်သည်။

"ဟီးဟီး ... ငါ ဘာလုပ်မယ်ဆိုတာ မင်းမသိပါဘူး ...”

ချန်းဖန် ပြုံးရုံသာ ‌ပြုံးနေလိုက်သည်။ ယုံကြည်မှု ရှိသည့်ပုံစံ တစ်ခုက သူ၏ မျက်လုံးတွင် ပေါ်နေသည်။

***

ထိုအချိန် ဟောင်ကောင် အယ်လ်စီ ပြည်နယ်၏ အဆောက်အဦငယ်‌လေး တစ်ခု၌ ...

"ကျန်းအန့်ချီ ... နင်အဲဒီ ပုံကြမ်းကို ခုထိ မပြီးသေးဘူးလား။ သူဌေးယုနဲ့ အခြားလူတွေက အဲဒါကို ခုည အပြီး လိုချင်နေတာ”

အနက်ရောင် မျက်မှန်ကိုင်းနှင့် မိန်းမတစ်ယောက်က တံခါးနားတွင် ရပ်ကာ အော်ငေါက်လိုက်သည်။

"ဟုတ်ကဲ့ပါ ... ဟုတ်ကဲ့ပါ ...”

ဆံများ ဖြူနေသည့် အဘွားအိုက အလောတကြီး ခေါင်းညိတ်ရင်း အဖြေပေး လိုက်သည်။ ထိုအဘွားအိုမှာ အခြားလူ မဟုတ်ပေ။ ကျန်းအန့်ချီပင် ဖြစ်သည်။ သူမ၏ ဆံပင်များက ငွေအိုရောင်သို့ ပြောင်းကာ ခြောက်သွေ့နေပြီး သူမ၏ အသားအရေ များကလည်း တွန့်လိမ်ကာ အဘွားအို တစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှာ တစ်ချိန်က လူတိုင်း စွဲမက်စရာ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ စိတ်ဝင်စားသူ တစ်ယောက်ပင် မရှိတော့ပေ။

ကျန်းအန့်ချီမှာ မျက်မှန် ထူကြီးကို ဝတ်ဆင်ထားပြီး ကွန်ပျူတာပေါ်တွင် ဒီဇိုင်းတစ်ခုကို သဲကြီးမဲကြီး ရေးဆွဲနေခဲ့သည်။ သူမ အင်္ဂလန်တွင် သင်ယူခဲ့သော ဒီဇိုင်နာ ပညာရပ်မှာ သူမ ယခုကဲ့သို့ ဒုက္ခရောက် နေချိန်၌ အသက်ကယ် ပညာ ဖြစ်လိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။ သူမ၏ ထိုပညာရပ် အပေါ် ကျွမ်းကျင်မှုကြောင့်သာ မဟုတ်လျှင် သူမ၏ လုပ်ဖော် ကိုင်ဖက်ဟောင်းက သူမကို လက်ခံလိမ့်မည် မဟုတ်ပေ။

"အလုပ်အပေါ်ကို အာရုံစိုက်။ နင့်ကို ကျွေးမွေး ထားရတာ လွယ်တာ မဟုတ်ဘူး”

တံခါးဝနားမှ မိန်းကလေးက ‌နှာခေါင်းရှုံ့ကာ ထပ်ပြောလိုက်သည်။

"နင်က ကျန်းမိသားစုရဲ့ ဆက်ခံသူ မဟုတ်တော့ဘူး ဆိုတာ မမေ့နဲ့။ နင် ဒီအလုပ်ကို မလုပ်ချင်ရင် တံခါးဝက ဒီမှာ။ အချိန်မရွေး ထွက်သွား။ နင့်ကို ဘယ်သူ လက်ခံမလဲ ကြည့်ရ သေးတာပေါ့”

"ဟုတ်ကဲ့ပါ ...”

အဘွားအိုက အလုပ်ကို လုပ်ရင်း ပြန်ပြောလိုက်သည်။ သူမ ဆွဲပေးနေသော ပုံကြမ်းမှာ များစွာ တန်ဖိုး ရှိသည့်တိုင် ယခုအချိန်တွင်မူ မသေရုံ အစာလောက်သာ ရသည်။ မျက်မှန်နှင့် မိန်းကလေးမှာ တစ်ချိန်က ကျန်းအန့်ချီ၏ လက်ထောက် တစ်ယောက်ဖြစ်ပြီး သူမကို အမြဲတမ်း မနာလိုခဲ့ပေ။ ကျန်းအန့်ချီ၏ လှပမှု အောက်တွင် သူမက အမြဲ မှေးမှိန်ခဲ့ရသည်။

"ဘာကြောင့်လဲ။ ငါက သူ့ရဲ့ ဆွဲဆောင်မှုအောက် မလျော့ပါဘူး။ အဲဒါတောင် အခြား‌လူတွေက ဘာလို့ သူမကို ပိုအာရုံစိုက် ကြတာလဲ။ ဘာကြောင့်လဲ ဆိုတော့ သူက မိသားစုကြီး တစ်ခုရဲ့ ဆက်ခံသူ ဖြစ်လို့ပဲ။ ဟမ့် ... ခု သူက ငါ့ရဲ့ကျွန် ဖြစ်နေပြီ ...”

သူမက ကျန်းအန့်ချီအား ကြည့်ရင်း နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ထိုစဉ်မှာပင် တံခါးဘဲသံ မြည်လာခဲ့သည်။

"ဒင် ... ဒင် ...”

"ဘယ်သူလဲ ...”

မိန်းကလေးက မေးလိုက်သည်။ သူမက တံခါးကို ဖွင့်လိုက်သည်နှင့် သာမန် ရုပ်ရည်နှင့် ကောင်လေး တစ်ယောက်ကို တွေ့ရသည်။ သူ၏ နောက်တွင်မူ သူမတို့ ကုမ္ပဏီ၏ မန်နေဂျာ ပါလာသည်။

"သူဌေးယု ... ဘာကိစ္စရှိလို့လဲ ...”

မိန်းကလေးက သူဌေးနင်းကို အခန်း အတွင်းသို့ ပင့်လိုက်သည်။

"နင်းချင်း ... ဒါက ငါတို့ ကုမ္ပဏီရဲ့ စီအိုးအို သူဌေးချန်းပဲ ...”

သူဌေးယုက သူ့နဖူးမှ စီးကျလာသော ချွေးများကို သုတ်လိုက်သည်။

"သူဌေးချန်း ...” နင်းချင်း မျက်လုံးပြူး သွားသည်။ ထိုသာမန် ရုပ်ရည်နှင့် ကောင်လေးမှာ ကျန်းမိသားစု၏ လုပ်ငန်းများကို ဆက်ခံခဲ့သည့် လူဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

နင်းချင်း၏ အံ့အားနေသော အကြည့်များ အောက်တွင်ပင် ချန်းဖန်က သူမအား တွန်းဖယ်ကာ အခန်း အတွင်းသို့ ဝင်သွားလိုက်သည်။

ကျန်းအန့်ချီမှာ တံခါးက အသံများကို ကြားသည်နှင့် လှမ်းကြည့်နေခဲ့ရာ ချန်းဖန် ဝင်လာသည်ကို သူမ မြင်သည်။ ကျန်းအန့်ချီမှာ ချန်းဖန်ကို မုန်းသော်လည်း ယခုအချိန်တွင်မူ သိပ်မခံစားရတော့ချေ။ ချန်းဖန်ကြောင့်သာ သူမ၏ ပတ်ဝန်းကျင်မှ လူများ၏ အစစ်အမှန် ပုံစံကို သူမ တွေ့ခဲ့ရခြင်း ဖြစ်သည်။

သူမ မိသားစု၏ နှင်ထုတ်မှု၊ သူငယ်ချင်းများ၏ လှောင်ပြောင်မှုများ၊ လုပ်ဖော်ကိုင်ဖက် ဟောင်းများ၏ စော်ကား နှိမ်ချမှုကြားကို ကြုံတွေ့ခဲ့ ရပြီးနောက် ချန်းဖန်ကို မုန်းရန်ပင် အားမရှိတော့ပေ။

"နင်က ငါ့ကို လာပြီး လှောင်တာလား”

ကျန်းအန့်ချီက ခေါင်းကို ငုံ့ရင်း မေးလိုက်သည်။

"မဟုတ်ဘူး။ ငါ ဒီကိုလာတာ နင့်ကို အခွင့်အရေး တစ်ခု ပေးမလို့။ ကျန်းလုပ်ငန်းစုကို စီခံခန့်ခွဲဖို့ ငါ လူတစ်ယောက် လိုတယ်။ နင် လုပ်မလား”

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ဘယ်လို ...”

ကျန်းအန့်ချီက မယုံကြည်နိုင်သည့် အမူအရာဖြင့် လူငယ်ကို ကြည့်ရင်း မေးလိုက်သည်။

"ငါနင့်ကို အသက် ပြန်ငယ်အောင် လုပ်ပေးမယ့် အပြင် ကျန်းလုပ်ငန်းစုကို အပြည့်အဝ ထိန်းချုပ်ဖို့ အာဏာ နင့်ကို ပေးမယ်”

ချန်းဖန်က ဆက်ပြောလိုက်သည်။ သူ၏ စကားလုံး တစ်လုံးချင်းစီက ကျန်းအန့်ချီကို တုန်လှုပ်စေသည်။

"နင်က ဘာပြန် လိုချင်တာလဲ”

ကျန်းအန့်ချီ မေးလိုက်သည်။ သူမက ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့်ပင် သပ်လိုက်မိသည်။

"သစ္စာရှိမှု၊ လုံးဝ သစ္စာရှိမှု ...”

ချန်းဖန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း ...

"မင်း ငါ့ကို ဆန့်ကျင်မယ်ဆိုရင် မင်းရဲ့ ခန္ဓာကိုယ်ရော၊ စိတ်ဝိညာဉ်ရော အဆုံးတိုင် ဆင်းရဲမှုတွေကို ခံစားရမယ် ...”

"သဘောတူတယ် ...”

ကျန်းအန့်ချီက တစ်က္ကန့်မျှပင် မစဉ်းစားပဲ သဘောတူ လိုက်သည်။ ထိုအရာက သူမအတွက် ဆုံးရှုံးစရာ မရှိချေ။ ငရဲခန်းမှ လွတ်မြောက်ရန် အခွင့်အရေး တစ်ခုသာ ဖြစ်သည်။

"ကောင်းတယ် ...”

ချန်းဖန်က ခေါင်းညိတ်၍ လက်ကို တစ်ချက်ယမ်း လိုက်သည်။ အဇူရာရောင် အလင်းတစ်ခုက သူ၏ လက်မှ ထွက်ကာ ကျန်းအန့်ချီထံ တိုးဝင်သွားသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ကို ဝန်းရံကာ ပြုပြင်သည်။

သူဌေးယုနှင့် နင်းချင်း၏ အံ့အားသင့် နေသော အကြည့်များ အောက်တွင်ပင် သူမ၏ ဖြူဖွေးနေသော ဆံပင်များ ပြန်လည် နက်မှောင်လာသလို သူမ၏ တွန့်ကြေနေသော အသားအရေ များမှာလည်း ပြန်လည် စိုပြည်လာသည်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် အဘွားအိုမှာ လှပသော ကောင်မလေး တစ်ယောက်အသွင် ပြန်လည် ပြောင်းလဲ သွားပြီ ဖြစ်သည်။

ထိုအရာကား လူတစ်ယောက်၏ အသက်ကို ယူနိုင်သလို လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲ ပေးနိုင်သည့် နတ်ဘုရား စွမ်းအားပင် ဖြစ်သည်။

***

သုံးရက် အကြာ၌ ...

ကျန်းလုပ်ငန်းစု၏ ရှယ်ယာဝင်များ အစည်းအဝေးကို စတင် ကျင်းပခဲ့ပြီ ဖြစ်သည်။ ကုမ္ပဏီ လေးခုမှ ဒါရိုက်တာများ၊ မန်နေဂျာများ၊ ကိုယ်စားလှယ်များ အားလုံးမှာ ဟောင်ကောင် မြို့လယ်ကောင်ရှိ ကျန်းနန်းတော်ရာဟု ခေါ်သည့် အစည်းအဝေး ခန်းတွင်းသို့ စုစည်းရောက်ရှိ နေခဲ့ကြသည်။ အစည်းအဝေး ခန်းမကြီးမှာ လူများဖြင့် ပြည့်လုမတတ် ဖြစ်နေခဲ့ပြီး ဆွေးနွေးသံများ၊ စကားပြောသံများနှင့် ဆူညံ နေခဲ့သည်။

လုံချန်မှာ အခန်းထဲ၌ ခြေထောက် တစ်ဖက်ကို ချိတ်ကာ ထိုင်နေခဲ့သည်။ ရှင်းဟိုင်ဘဏ် လုပ်ငန်းမှာ ကျန်း‌လုပ်ငန်းစု၏ ရှယ်ယာများနှင့် ပတ်သက် ဆက်နွှယ်မှု ရှိသဖြင့် ထိုအစည်းအဝေးသို့ ရှယ်ယာဝင် တစ်ဦး အနေဖြင့် သူတက်ရောက် လာခဲ့ခြင်း ဖြစ်သည်။

လုံချန် အခန်းကို လှည့်ပတ် အကဲခတ်ကြည့်ရာ အခြား ဘဏ်လုပ်ငန်းရှင် အချို့ကိုလည်း တွေ့ရသည်။ ထိုလုပ်ငန်းရှင်များက လုံချန်းအား ပြန်လည် ပြုံးပြလိုက် ကြသည်။ သူတို့ အားလုံးမှာ ကိုယ့်အကြံနှင့် ကိုယ်ဖြစ်ကြသည်။

"ချန်းပေ့ရွှမ်းက တကယ်တော်ရင် ကျန်းလုပ်ငန်းစုကို သူတစ်ယောက်တည်းနဲ့ မလည်ပတ်နိုင်ဘူး ဆိုတာ သိလိမ့်မယ်။ အဲဒီအချိန်ကျ သူက ငါတို့ အကူအညီလို လိုလိမ့်မယ်။ ငါတို့ တစ်ယောက်ချင်းစီက လုပ်ငန်းစုရဲ့ အရေးပါတဲ့ နေရာတွေကို ချုပ်ကိုင်နိုင်တဲ့ အခါကျရင် သူ ဘာတတ်နိုင် ဦးမှာလဲ”

လုံချန် သူ၏ မေးစေ့ကို ပွတ်ရင်း ပြုံးလိုက်သည်။ ချန်းဖန်အနေဖြင့် ထိုကျန်း လုပ်ငန်းစုကို ကောင်းမွန်စွာ လည်ပတ်နိုင်ရန် မစွမ်းဆောင်နိုင်ကြောင်း သူကောင်းစွာ သိသည်။

ကြီးမားသော လုပ်ငန်းများမှာ ရှယ်ယာဝင်များ၊ ဝင်ငွေလည်ပတ် စီးဆင်းမှု၊ ဝင်ငွေ၊ ထွက်ငွေ စသည်ဖြင့် ရှုပ်ထွေးသော လုပ်ငန်းများကို အချိန်တို အတွင်း ပြီးစီးအောင် စီမံကွပ်ကဲရန် လိုသည်။ တစ်ချက်မှားသည်နှင့် ကုမ္ပဏီကျဆင်း သွားသည် အထိ ဖြစ်သွားနိုင်သည်။

လုံချန်အနေဖြင့် ဖြစ်နိုင်သည်များကို တွက်ချက်ပြီး ဖြစ်သည်။ ချန်းဖန် အနေဖြင့် ကျန်းဟိုချောင်ကို ပြန်ခေါ်မှသာ ကုမ္ပဏီကို ကောင်းစွာ လည်ပတ် နိုင်လိမ့်မည် ဖြစ်သည်။ သို့သော် ချန်းဖန် အနေဖြင့် သူအား ဆန့်ကျင်မည့်သူကို ခေါ်ယူလိမ့်မည် မဟုတ်ပေ။

"ချန်းပေ့ရွှမ်း ... မင်းရဲ့ ဝှက်ဖဲတွေကို ငါကြည့်ရသေးတာပေါ့ ...”

လုံချန် လှောင်ပြုံးပြုံးလိုက် မိသည်။ ထိုအခိုက်မှာပင် အခန်းတစ်ခုလုံး အံ့အားသင့်သံများ ထွက်ပေါ်လာသဖြင့် သူ၏ အတွေးများ ပြတ်တောက်သွားသည်။

အခန်းထဲရှိ လူတိုင်းမှာ ဝင်ပေါက်ရှိရာ နေရာသို့ အံ့အားသင့်သည့် မျက်လုံးများဖြင့် ကြည့်နေခဲ့ ကြသည်ကို သူသတိပြုမိ လိုက်သည်။ သူတို့၏ မျက်လုံးများ၌ ရှော့ခ်ရခြင်း၊ မယုံကြည်နိုင်ခြင်းများက အထင်းသား ပေါ်လွင်နေခဲ့သည်။

"ဘာလဲဟ ...”

လုံချန် အလွန် အံ့အားသင့်မိ သွားသည်။ သူဝင်ပေါက်ဘက်သို့ လှည့်လိုက်သည်နှင့် သာမန်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရသည်။ သူမ၏ ဆံပင်များက ပခုံးထက်မှ ရှည်လျား ကျနေသည်။ ဒေါက်ဖိနပ် ဝတ်ထားသဖြင့် သူမမှာ ရှိရင်းစွဲ အရပ်ထက် ပိုမို ရှည်လျားသယောင် ထင်ရသည်။ သူမခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူမ၏ မျက်လုံးထဲ၌ အေးစက်မှု တစ်ခု ဖြစ်တည်နေသည်။ အားလုံး ခြုံငုံကြည့်လျှင် သူမ၏ အသွင် သဏ္ဌာန်မှာ ဘုရင်မ တစ်ပါးနှင့်ပင် တူညီသည်။

သူမသည်ကား ရက်အတန် ကြာအောင် ပျောက်ကွယ် နေခဲ့သည့် ကျန်းအန့်ချီပင် ဖြစ်တော့သည်။

***

All Chapters