← Chapters

မင်းတို့ ငါ့အကြောင်း ပြောနေတာလား

Vol. 3 Ch. 284

မင်းတို့ ငါ့အကြောင်း ပြောနေတာလား

Vol. 3 Ch. 284

အလုပ်ကိစ္စများကို အဆုံးသတ် ပြီးနောက် ဟောင်ကောင်မှ ထွက်ခွာရန် ချန်းဖန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဓမ္မအစီအရင် အတွက် လိုအပ်သော ကုန်ကြမ်း ပစ္စည်းများကိုမူ သူ၏ ဟင်းလင်းပြင် ဓမ္မရတနာထဲသို့ ထည့်ကာ သိမ်းဆည်းထားပြီ ဖြစ်၏။ ဓမ္မအဆောင်များမှာ ကြီးမားသော အရာများ မဟုတ်သောကြောင့် နေရာများစွာ မလိုအပ်ပေ။ ဓမ္မအစီအရင် အတွင်းရှိ နေရာလွတ်က ထိုပစ္စည်းများ ထည့်ရန် လုံလောက်သည်။

အစီအရင် အတွက် ကုန်ကြမ်း အလုံအလောက် ရရှိသည့် နေ့မှစ၍ တရုတ် ပညာရှင် ညီလာခံသို့ ချန်းဖန် မသွားတော့ချေ။

ထိုအချိန်တွင် ကျန်းလုပ်ငန်းစု မှာလည်း လမ်းကြောင်း မှန်ပေါ်သို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။ ကျန်ရှိနေသည့် တစ်ခုတည်းသော ခလုတ်တံသင်းမှာ လုံမိသားစု ဖြစ်သည်။

"ငှက်တွေက အစာအတွက် သေတယ်။ လူတွေကတော့ ပိုက်ဆံအတွက် သေတယ်”

ချန်းဖန် တောင်ထိပ် တစ်ခုပေါ်၌ ရပ်ရင်း အဝေး တစ်နေရာသို့ ငေးနေမိသည်။ ဗစ်တိုးရီးယား ပင်လယ်အော် ရေနက်ပိုင်း ကမ်းခြေ တစ်ခုတွင် လုံမိသားစု၏ အဓိက စံအိမ် တည်ရှိသည်။ အဝေးမှ ကြည့်လျှင် ထိုအရာက တောက်ပနေသည့် ကျောက်မျက်တစ်ခု အလားပင်။

လူများမှာ သူတို့၏ အသက်ကို ပိုက်ဆံအတွက် အလောင်းအစား လုပ်လေ့ ရှိကြသည်။ သူတို့က ပိုက်ဆံအတွက် လုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မူးယစ်ဆေး စသည့် အန္တရာယ်များသည့် လုပ်ငန်းများကို လုပ်ကိုင် နေကြသည်။ ပိုက်ဆံအတွက် ဆိုလျှင် ဥပဒေများ၊ စည်းမျဉ်းများလည်း သူတို့ ဂရုမစိုက်ကြပေ။

ကျန်းလုပ်ငန်းစုမှာ ‌ဟောင်ကောင်ရှိ ခွေးအိုကြီးများ အမြင်တွင် အရသာရှိသော သိုးငယ်လေး တစ်ကောင်ကဲ့သို့ ဖြစ်သည်။ အခွင့်အရေး ရသည်နှင့် သူတို့ ဝိုင်းဆွဲကြမည် ဖြစ်သည်။ ချန်းဖန်မှာ ဟောင်ကောင်မှ မထွက်ခွာခင် သူတို့၏ အစွယ်များအား မဖြတ်ပစ်ခဲ့လျှင် ကျန်းလုပ်ငန်းစုအား ဘက်ပေါင်းစုံမှ အကျိုးအမြတ် ယူရန် သူတို့ လုပ်ဆောင်လိမ့်မည် ဖြစ်သည်။

ကျန်းအန့်ချီမှာ မည်မျှပင် ကျွမ်းကျင်၍ အရည်အချင်း ရှိသည့် ကောင်မလေး ဖြစ်ပါစေ။ သူမက မိန်းကလေး တစ်ယောက်သာ ဖြစ်သည်။ သူမ အဘိုးကဲ့သို့ ခက်ခဲသည့် အတွေ့အကြုံများ သူမတွင် မရှိပေ။ သူမ၏ အဖေပင်လျှင် ဝန်ထမ်းများ၏ ယုံကြည်မှုကို ရရန် အောက်ခြေမှ စကာ အလုပ်လုပ်ခဲ့ ရသည်။ ယခု အချိန်တွင်လည်း သူမမှာ နည်းလမ်း မျိုးစုံဖြင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ခံနေရသည်။

ထွက်လာသော သတင်းများတွင် သူမမှာ ချန်းဖန်အား စိတ်ရော ကိုယ်ပါ ပုံအပ်ထားသည်။ အကယ်၍ သူမသာ ချန်းဖန်အား ညဘက်၌ သာယာမှု မပေးနိုင်လျှင် စီအီးအို ရာထူးအား ရလိမ့်မည် မဟုတ် စသည်ဖြင့်။ ကျန်းအန့်ချီ အတွက် အလုပ် ကိစ္စများထက် ထိုသို့သော အကြောင်းအရာများက ပိုမို ဖိအား များစေသည်။

"သူတို့က ဘီလျံ တစ်ဒါဇင်ကျော်လောက် ရင်းနှီးမြှုပ်နှံ ထားတာပဲ။ ငါသာ သူတို့နေရာမှာ ဆိုရင်လည်း အဲဒီလိုပဲ လုပ်မိလိမ့်မယ်”

ချန်းဖန်က ခေါင်းကို ခါယမ်းမိသည်။ သူ့အနေဖြင့် ဟောင်ကောင်ရှိ လူများ၏ စိတ်ကို အရိပ်တစ်ခု ထည့်သွင်း ပေးနိုင်ပြီဟု ထင်နေခဲ့မိသည်။ သူ ဟောင်ကောင်သို့ ရောက်ချိန်မှ စ၍ လူလေးယောက်ကို သူသတ်ခဲ့သည်။ ထိုလူများမှာ နင်းတန့်ချင်း၊ ကျိုးတချီ၊ ကျန်းဟိုမိန်နှင့် နင်းရှန်းချန်တို့ ဖြစ်သည်။ သို့သော်လည်း ချန်းဖန်မှာ ကျင်းကျိယူ၊ ကျိုးမိသားစု၊ ကျန်းမိသားစု၊ နင်းမိသားစု တို့၏ အသက်များကိုမူ ချမ်းသာ ပေးခဲ့သည်။ ထို့ကြောင့်ပင် လုံမိသားစုမှာ ကျန်းမိသားစု၏ တစ်စိတ်တစ်ပိုင်းကို ဖဲ့ယူရန် ကြိုးစားလာခြင်း ဖြစ်သည်။

"ဒီနေ့ကစပြီး ငါ့ကို စိန်ခေါ်ရဲတဲ့သူ တစ်ယောက်မှ မရှိစေရတော့ဘူး ...”

ချန်းဖန် လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်ရင်း လုံမိသားစု ရှိရာသို့ ဦးတည် လိုက်တော့၏။ လုံမိသားစုမှာ ဟောင်ကောင်၏ ထိပ်တန်း မိသားစု ဆယ်ခု၌ တစ်ခု အပါအဝင် ဖြစ်ကာ ဘဏ်လုပ်ငန်း၊ အာမခံ လုပ်ငန်း၊ စတော့ရှယ်ယာ လုပ်ငန်း စသည့် ငွေကြေးနှင့် သက်ဆိုင်သော လုပ်ငန်းများကို လုပ်ကိုင်သည်။ လုံမိသားစုမှာ ကျန်းလုပ်ငန်းစု ကျရှုံးခြင်းမှ အကျိုးအမြတ်များ ရလိုပုံ ပေါ်သည်။

ယခု လုံမိသားစု အိမ်တွင် မီးရောင်များဖြင့် ထိန်လင်းနေသည်။ အဘိုးအိုလုံ၊ လုံချန်နှင့် လုံမိသားစု၏ အခြား ခေါင်းဆောင်များက အဘိုးအို တစ်ဦး၏ ဘေးတွင် စုစည်းနေသည်။ ထိုအဘိုးအိုက ‌ခေါင်းမှ ခြေဖျားထိ တစ်ဆက်တည်း ရောက်သည့် အရောင်မပါသော အင်္ကျီကို ဝတ်ဆင်ထားသည်။

သူ၏ ပုံစံက ဘုန်းကြီးအို တစ်ပါး ကဲ့သို့ပင်။ ထို ဘုန်းကြီးအို၏ မျက်လုံးများက ပိတ်ထားပြီး ထို့အစား နဖူးတွင် အနီစင်းကြောင်း တစ်ခု ဖြစ်ပေါ်နေသည်။ ထိုအဘိုးအို နောက်တွင် လူကောင်သေးပြီး အရပ်ပုသည့် လူတစ်ယောက် ရပ်နေသည်။ သူကား မွေထိုင်း အကျော်အမော် အလော့ဒီ ဖြစ်သည်။

"မစ္စတာ ဒါရှီဘာ ... ခင်ဗျား လိုက်လာခဲ့တာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပဲ ...”

အဘိုးအို လုံကျန်းရှင်းက ပြုံးရင်း ပြောသည်။ သူ၏ အသက်က ခုနစ်ဆယ်ခန့်သာ ရှိပြီး ဟောင်ကောင်၏ ခွေးအိုကြီးများ ထဲ၌ အငယ်ဆုံးဟု ဆိုနိုင်သည်။ သူက အလုပ် လုပ်ရာတွင် ထက်ရှပြီး ပြတ်သားသည်။ ဟောင်ကောင်ရှိ အခြား ခွေးအိုကြီးများမှာ ချန်းဖန်ကို လက်ခံသင့်၊ မခံသင့် ဆွေးနွေး နေကြချိန်တွင် သူကမူ ဆန့်ကျင်ရန် အစီအစဉ် ဆွဲထားခဲ့ပြီး ဖြစ်သည်။

လုံကျန်းရှင်းမှာ ချင်းမိုင်သို့ ကိုယ်တိုင် သွားရောက်ပြီး ဂွန်းတူမှော်နက် ပညာရှင် တစ်ယောက် ဖြစ်သည့် ဒါရှီဘာ ခွန်လွန်ကို ဖိတ်ခေါ်ခဲ့သည်။ ခွန်လွန်မှာ တရုတ်သွေး ပါသောကြောင့် အခြား ပညာရှင်ကြီး များထက် သူ၏ ဖိတ်ခေါ်မှုကို ပိုမို လွယ်ကူစွာ လက်ခံခဲ့သည်။

"သခင်ကြီးလုံ ... ကျုပ်ရဲ့ တရုတ်နာမည် ဖြစ်တဲ့ ကျန်းချင်းဟန် ဒါမှမဟုတ် ခွန်လွန် ကြိုက်သလို ခေါ်နိုင်ပါတယ်”

ခွန်လွန်၏ ပုံစံက ယဉ်ကျေးနေသည်။ သူက ‌ယခုမှ ဟောင်ကောင်သို့ ရောက်ခြင်းဖြစ်ရာ လုံမိသားစု၏ လွှမ်းမိုးနိုင်မှုကို ရယူရန် လိုနေသေးသည်။ ချန်းဖန်နှင့် မတူညီစွာပင် ဟောင်ကောင် အထက်တန်းစားများနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ခြင်းကို သူနားလည်သည်။

ချန်းဖန်မှာ ကြောက်ရွံ့စေခြင်း လမ်းစဉ်ကို ရွေးချယ်ခဲ့ သော်လည်း ခွန်လွန်ကမူ ကွဲပြား ခြားနားသည့် နည်းလမ်း တစ်မျိုးကို အသုံးပြုသည်။

"ဆရာကြီး ... ခင်ဗျားက ယဉ်ကျေးလွန်း နေပါပြီ”

သခင်ကြီးလုံ၏ မျက်နှာက ပန်းပွင့် နေခဲ့သည်။

"ဆရာခွန်လွန် ... ခင်ဗျား ချန်းပေ့ရွှမ်းကို ဘယ်လို ကိုင်တွယ်မယ် ဆိုတာ ကျုပ်တို့ သိချင်နေပြီ”

လုံချန်က စိတ်မရှည်စွာ ဝင်မေးလိုက်သည်။

"ချန်းပေ့ရွှမ်း ကိုလား ...”

ခွန်လွန်က နှုတ်ခမ်းလှုပ်ရုံ ရေရွတ်ရင်း ပြုံးလိုက်သည်။

"ခင်ဗျားတို့က သူ့ကို အထင်ကြီး နေကြတာပဲ။ သူက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ။ ကလေးပဲ ရှိသေးတာ။ သူက သူ့ရဲ့ စွမ်းအားတွေကို ဘယ်လို သုံးရမယ်ဆိုတာ ခုထိ မသိသေးဘူး”

"ကျုပ်သာ သူ့နေရာမှာ ဆိုရင် ကျိုးတချီကို စိန်ခေါ် ပြီးတဲ့နောက် ကျန်းမိသားစုကို ညင်ညင်သာသာ ကိုင်တွယ်ခဲ့မှာ။ ဟောင်ကောင်မှာ ကျိုးတချီရဲ့ နေရာကို အစားထိုးယူ နိုင်လိုက်တာက တစ်ဆယ် ဘီလျံထက် ပိုတယ်ဆိုတာ သူနားမလည်ဘူး”

"သူက အဆင်အခြင် မဲ့လွန်းတယ်။ အဘိုးအိုကျန်းကို သတ်ပြီး ကျန်းမိသားစုကို နှင်ထုတ်တယ်။ အဲဒီလုပ်ရပ်က သူ့ရဲ့ ရန်သူတွေကို ပိုပြီး တိုးစေတယ်။ ဟောင်ကောင် လူထုရဲ့ ထောက်ခံမှုကို မရရင် သူ ဟောင်ကောင်ကို ရမှာ မဟုတ်ဘူး”

လူတိုင်းက သဘောတူစွာ ခေါင်းညိတ်ကြသည်။ ယခုဆိုလျှင် အစီအရင် ပညာရှင်များမှ လွဲ၍ ဟောင်ကောင် အထက်တန်းစား များမှာ သူ့အား ရွံကြောက်ကြီး ဖြစ်နေကြသည်။

"မှန်တယ်။ ဒါကြောင့် ထိုင်းကို ကျုပ်ကိုယ်တိုင် လာပြီး ဆရာကြီးကို ဖိတ်ခေါ်ခဲ့တာ။ ဟောင်ကောင်က လူတွေရဲ့ အသက်ကို ချန်းပေ့ရွှမ်း ကစားနေတာ မမြင်ချင်တော့ဘူး ...”

အဘိုးအိုလုံက ပြောသည်။

"စိတ်မပူပါနဲ့ သခင်ကြီး ... ချန်းပေ့ရွှမ်းကို အနိုင်ယူဖို့ ကတိပေးထားတဲ့ အတိုင်း ငါလုပ်မှာပါ”

ခွန်လွန်က ဆက်ပြောသည်။

"ချန်းပေ့ရွှမ်းဆီကို စာတစ်စောင် ရေးပေးပါ။ နောက်ဆယ်ရက် နေရင် ချူလုံတောင်မှာ တွေ့ကြမယ်လို့။ နောက်ပြီး ဒါက သေခြင်း၊ ရှင်ခြင်း တိုက်ပွဲ မဟုတ်ဘူး။ ရှုံးတဲ့လူ ဟောင်ကောင်က ထွက်သွား ပေးရုံပဲလို့ ...”

"အရမ်းကောင်းတယ်”

လုံကျန်းရှင်းက လက်ခုပ်တီး လိုက်သည်။

"ဟောင်ကောင်က သူဌေးကြီးတွေကို အဲဒီပွဲကို ကြည့်ဖို့ ဖိတ်လိုက်မယ်။ ဒါက လူတိုင်းရဲ့ ရှေ့မှာ ချန်းပေ့ရွှမ်းကို အနိုင်ယူပြီး ဆရာကြီးရဲ့ စွမ်းအားကို ပြဖို့ အခွင့်အရေးပဲလေ”

လုံချန်ကလည်း ခေါင်းညိတ်သည်။

"ချန်းပေ့ရွှမ်းက သစ်သား ရုပ်လေးပါပဲ။ ဆရာကြီး ခွန်လွန်ကို သူယှဉ်နိုင်မှာ မဟုတ်ဘူး ...”

လူတိုင်းက အတွေးကိုယ်စီဖြင့် တိတ်ဆိတ် သွားပြန်သည်။ ချန်းပေ့ရွှမ်းမှာ မည်မျှပင် အစွမ်းထက် စေကာမူ ခွန်လွန်ကဲ့သို့သော ဂွန်းတူမှော်နက် အရှင်သခင်ကို အနိုင်ယူ နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းလုပ်ငန်းစု မှာလည်း သူတို့အတွက် ဖြစ်လာလိမ့်မည်။

လူတိုင်း အတွေးတွင် နစ်မျော နေကြချိန်၌ ရုတ်တရက် တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

"မင်းတို့ ငါ့အကြောင်း ပြောနေကြ တာလား”

***

ပင်လယ်အော် အထက်ပိုင်း၊ ကျန်းမိသားစု စံအိမ် ...

ကျန်းအန့်ချီမှာ ခုံစောင်း တစ်ခုဘေးတွင် ထိုင်ကာ သူ၏ လက်များကလည်း ကီးဘုတ် တစ်ခုပေါ်တွင် ကခုန်လျက် ရှိသည်။

သူက ဆံပင်ရှည်ကို မြင်းအမြီး ပုံစံမျိုး စည်းနှောင်ထားကာ အနားကွပ် မပါသော မျက်မှန်ကို တပ်ထားသည်။ သူမ၏ ကိုယ်တွင်မူ ပရာဒါ စီးပွားရေး ဝတ်စုံကို ဝတ်ထားပြီး ‌ဒူးထိရောက်သည့် စကတ်ကို ဆင်ထားသည်။ သူမမှာ အိမ်သို့ ပြန်ရောက်ချိန်မှ စကာ အလုပ်ဝတ်စုံကို မလဲနိုင်လောက်အောင် အလုပ်များ နေခဲ့သည်။

"တင် ... တင် ... တင် ...”

သူမ အလုပ်ရှုပ် နေစဉ်မှာပင် တံခါး ခေါင်းလောင်းက မြည်လာခဲ့သည်။

"အန်တီဝမ် ...”

ကျန်းအန့်ချီက သူမ၏ အိမ်ဖော်ကို လှမ်းခေါ်လိုက်သည်။ အန်တီဝမ်မှာ ချန်းဖန်ပင် သဘောကျ လောက်အောင် တော်သည်။ သူမက လျှော်ဖွပ်ခြင်း၊ ချက်ပြုတ်ခြင်း၊ အိမ်သန့်ရှင်းရေး စသည်တို့ကို ကျွမ်းကျင် ပိုင်နိုင်စွာ လုပ်ကိုင်နိုင်သည်။

ကျန်းအန့်ချီမှာ ချန်းဖန်၏ သူမအပေါ် သဘောထားများ တစ်နေ့တခြား ပြောင်းလဲ လာသည်ကို ခံစားမိသည်။ ထို့ကြောင့် သူမနှင့် ချန်းဖန်တို့ ကြားတွင် သက်သောင့်သက်သာနှင့် ပေါ့ပါးသည့် ဆက်ဆံရေး တစ်ခု ရှိလာခဲ့သည်။

"ဟို ငပျင်းလေးပဲ ဖြစ်မယ် ...”

ကျန်းအန့်ချီမှာ ချန်းဖန်နှင့် ပိုမို နီးစပ်လာသည်နှင့် ချန်းဖန် မည်မျှ ပျင်းကြောင်း သိလာခဲ့သည်။ ထိုကောင်စုတ်မှာ ရေမချိုးသလို အဝတ်ပင် မလဲချေ။ ထို့အပြင် အရသာရှိသော ဟင်းလျာများကို မစားဘဲ သူ၏ ဆေးကိုသာ စားသည်။ အစားအစာများကို သူမကိုယ်တိုင် ပြင်ဆင်ပေးကာ အတင်းစားစေမှသာ စားသည်။

"သူ့ရဲ့ နှလုံးသားကို ရဖို့က လုံးဝ မဖြစ်နိုင်ဘူး။ သူ ငါ့အပေါ် သံယောဇဉ် ဖြစ်လာဖို့က ဖြစ်နိုင်ပေမဲ့ ခက်တယ်”

သူမက တွေးရင်း တံခါးကို ကိုယ်တိုင် သွားဖွင့်လိုက်သည်။ သို့သော်လည်း တံခါးဝတွင် မစ္စတာရှီနှင့် အခြား အသက်လတ် လူတစ်ယောက် ကိုသာ တွေ့လိုက်ရသည်။

"မစ္စရှီ ... မစ္စတာချူး ... ဒီလိုအချိန်ကြီး ဘာကိစ္စ ရှိလို့လဲ”

ကျန်းအန့်ချီက မေးလိုက်သည်။ အစီအရင် ပညာရှင်များထဲ၌ ထိုနှစ်ယောက်မှာ ချန်းဖန်နှင့် အနီးကပ်ဆုံး ဖြစ်ကြောင်း သူမသိသည်။

"ဆရာချန်းရော ...”

ချူးယူလင်က မေးသည်။

"ဆရာက ဟောင်ကောင်ကနေ ထွက်တော့မှာ။ သူ မပြန်ခင် လုံမိသားစုကို သွားမယ်တော့ ပြောတယ်”

ကျန်းအန့်ချီက ခဏရပ်ကာ ထပ်မေးလိုက်သည်။

"ဘာတွေ ဖြစ်နေလို့လဲ ...”

"ငါ‌တို့တော့ ဒုက္ခရောက်ပြီ ...”

ချူးယူလင်က စိတ်ပျက်လက်ပျက် ခေါင်းကို ခါလိုက်သည်။

"ဂွန်းတူ မှော်နက် ဆရာ မျက်တစ်လုံး နာဂဘုရင် ဟောင်ကောင်ကို ရောက်နေပြီတဲ့။ သူနဲ့အတူ သူ့ရဲ့ တပည့် မွေထိုင်း အထွတ်အထိပ် ပညာရှင် အလော့ဒီလည်း ပါလာသေးတယ်။ ဆရာချန်းအတွက် သူတို့က အန္တရာယ် ရှိနိုင်တယ်”

"ဘယ်လို ...”

ကျန်းအန့်ချီက အခန်းအတွင်းသို့ ပြေးကာ ဖိနပ်ကို ဝတ်ရင်း လုံမိသားစု ရှိရာသို့ သွားရန် ပြင်သည်။

"အာ ... ဘာတုန်း စောင့်ဦးလေ ...”

ချူးယူလင်နှင့် မစ္စတာရှီတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ကျန်းအန့်ချီ နောက်သို့ ပြေးလိုက် လိုက်ကြသည်။

***

All Chapters