← Chapters

နယ်မြေဖြတ်ကျော်အမဲလိုက်ခြင်း

Vol. 15 Ch. 141

နယ်မြေဖြတ်ကျော်အမဲလိုက်ခြင်း

Vol. 15 Ch. 141

ဖန်းယွဲ့ကား ခြေကုန်သုတ်ကာ ပြေးလွှားနေသည်။ သူ၏ ထောင်လွှား မောက်မာသော စိတ်များမှာကား ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားရှာပြီ။ ထိုအစား ထိတ်လန့် တုန်လှုပ်မှု များကသာ အစားထိုး ဝင်ရောက်လာ၏။

သူ၏ကျောက်စိမ်းပြားမှာလည်း စုချန်း လက်ချက်ကြောင့် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်လေရာ ပြိုင်ပွဲမှ ထွက်ပြေး လိုသည့်တိုင် ထွက်ပြေးရန် မဖြစ်နိုင်တော့။ တစ်ဖန် သူ့ကိုယ်ပေါ်မှ ထွက်နေသည့် ထူးခြားသော ရနံ့ကြောင့် စုချန်းဖြစ်စေ၊ ကောင်းချန်းဖြစ်စေ သူ့နောက်သို့ အလွယ်တကူ လိုက်လာနိုင်၏။ တစ်နည်းအားဖြင့် သူ့ဘဝသည် ၎င်းတို့၏ လက်ခုပ်ထဲမှ ရေအဖြစ်သို့ ရောက်ရှိ နေခဲ့လေပြီ။

ခွေးမသား နှစ်ကောင်ကတော့ကွာ …

ဖန်းယွဲ့တစ်ယောက် ကြိတ်၍ ကျိန်ဆဲလိုက်၏။ သူ့စိတ်ထဲတွင်ကား အရူးတစ်ယောက်ပမာ ခံစားနေရရှာသည်။ ထိုအခါ သူက ပြေးလွှားနေရင်းနှင့်ပင် အရူးတစ်ယောက်ပမာ အော်ဟစ်လိုက်သည်။ သို့သော် ဒဏ်ရာ ရရှိထားသော ခြေထောက်နှစ်ဖက်ကြောင့် ဖန်းယွဲ့ခမျာ စိတ်သွားတိုင်း ကိုယ်မပါနိုင် ဖြစ်နေရှာ၏။ သူသည် ခြေထောက် ထော့နင်းထော့နင်းနှင့်ပင် ရှေ့တွင်ရှိသော ကျတ်တီးမြေကို စတင်ဖြတ်သန်း လိုက်လေသည်။ သူ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ စုချန်းနှင့် ကောင်းချန်းတို့၏ တိုက်ပွဲသည် အလွန်ကြာမြင့်ပြီး ထိုအတော အတွင်းဝယ် ၎င်းတို့လက်ဝယ်မှ လွတ်မြောက်အောင် ထွက်ပြေးရန်သာ ဖြစ်သည်။

သို့သော်ငြားလည်း အချိန်အတော်ကြာ ကတည်းကပင် သူ့နောက်ကျောရှိ တစ်စုံတရာကို ဖန်းယွဲ့တစ်ယောက် ခံစားမိခဲ့ ပြီးလေပြီ။ ထိုအခိုက်မှာပင် အဝေးဆီမှ ဖန်းယွဲ့ ရင်းနှီးနေဟန် တူသော အရိပ်တရိပ်သည် လျင်မြန်စွာ ပြေးလွှားလာ၏။ စုချန်းပေတကား။ ထိုအရိပ်၏ မျက်နှာတွင် မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားသည့်တိုင်း စုချန်းမှန်း သူကာင်းကောင်းကြီး မှတ်မိနေ၏။

ဖန်းယွဲ့ကား လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားရှာ၏။ ထိုနောက်သူသည် ခြေကားရား လက်ကားရားနှင့် ကမူးရှုးထိုး ထွက်ပြေးတော့သည်။ စုချန်းသည် ဖန်းယွဲ့၏ နောက်ကို မြန်လည်းမမြန် နှေးလည်းမနှေးပဲ သာမာန်နှုန်းထားဖြင့်သာ ပြေးလိုက်နေ၏။ သူ့ကိုယ်တွင်းရှိ အဆိပ် အကြွင်းအကျန်များ လုံးဝ ပျောက်ကွယ် သွားသည်တိုင် အမြန်နှုန်းကို တိုးမြှင့်ရမည့် ကိစ္စမှာ စုချန်းအတွက် အနည်းငယ် ခက်ခဲနေသေး၏။ သို့သော် ပြသာနာတော့မရှိ။ လက်ရှိ အမြန်နှုန်းလောက်နှင့်ပင် ဖန်းယွဲ့အား အလွယ်တကူ လိုက်မှီနိုင်ကြောင်း စုချန်းက သဘောပေါက် ထားလေသည်။

ဤယနေ့ညတွင်ကား လမင်း၏ အလင်းရောင်သည် အလွန် ထွန်းလင်း တောက်ပနေလေရာ ဖန်းယွဲ့၏ အရိပ်ကို အမှောင်ထဲမှာပင် စုချန်းအဖို့ ကောင်းစွာ မြင်တွေ့နေရ၏။ ယုတ်စွအဆုံး သူသည် ဖန်းယွဲ့၏ စိတ်မကောင်းစရာ အခြေအနေကိုပင် တိတိပပကြီး ပြောပြနိုင်သေးသည်။ ထို့နောက် သူသည် ဖန်းယွဲ့နောက်သို့ တစ်ဟုန်ထိုး ပြေးလွှားလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဖန်းယွဲ့တစ်ယောက် သေကို သေရပေလိမ့်မည်။ သူ့အနေနှင့် ကောင်းချန်းကို ခွင့်လွှတ် နိုင်သော်လည်း ဖန်းယွဲ့ကိုကား ခွင့်မလွှတ်နိုင်။

ဖန်းယွဲ့သည် သူ၏ အမြန်နှုန်းကို တိုးမြှင့်နိုင်ရန် တတ်နိုင်သမျှ ကြိုးစား နေရရှာ၏။ သို့သော် သူနှင့် စုချန်းကြားရှိ အကွာအဝေးမှာ နီးသည်ထက် နီးကပ်လာလေသည်။

ဖန်းယွဲ့ကား ထိတ်လန့်လှပြီ။ နောက်ဆုံးတွင် သူက မနေနိုင်တော့ပဲ ကျယ်လောင်စွာ အော်ဟစ် အကူအညီ တောင်းလိုက်တော့သည်။

"ကယ်ကြပါအုံးဗျို့ ကယ်ကြပါအုံး ဒီမှာ ကျုပ်ကို လိုက်သတ်နေလို့ပါ"

ဖန်းယွဲ့၏ အော်ဟစ် အကူအညီတောင်းသံ အဆုံးဝယ် အနက်ရောင် အရိပ်သုံးရိပ်သည် တောအုပ်အတွင်းမှ ခုန်ထွက်လာ၏။ ထိုအခါ ဖန်းယွဲ့က …

"ကျုပ်ဟာ ထင်းရှုးမြို့တော် ဖန်းမျိုးနွယ်စုဝင် တစ်ယောက်ပါဗျာ ကျုပ်နောက်ကလူက ကျုပ်ကိုသတ်ဖို့ ကြိုးစားနေပါတယ် ကျုပ်ရဲ့ ကျောက်စိမ်းပြားကိုလည်း ဒီကောင်ယူသွားပြီ ဒါကြောင့် ကျုပ်အနေနဲ့ လတ်တလောမှာတော့ ခင်ဗျားတို့ကို ဘာမှမပေးနိုင်ဘူး ဒါပေမဲ့ ဒီကနေ့ ကျုပ်အသက်ကို ကယ်ပေးရင် ခင်ဗျားတို့ အလိုရှိရာကိုသာ တောင်းလိုက်ပါ ကျုပ်ဖြစ်အောင် ဆောင်ရွက်ပေးပါမယ်"

ထိုလူသုံးယောက်သည် ဖန်းယွဲ့ကို စူးစိုက် ကြည့်ရှုနေ၏။ မည်သည့် ကျောက်စိမ်းပြား၏ အရိပ်လက္ခဏာမျှ မတွေ့ရတော့မှ ၎င်းကို ကျောခိုင်းပြီး စုချန်းရှိရာသို့ မျက်နှာမူလိုက်ကြသည်။ ထိုအခါ စုချန်းက လေသံကို မြှင့်ပြီး ပြောလိုက်သည်။

"ဒီကောင်ဟာ ပြိုင်ပွဲဝင် ဆယ်ယောက်ကျော်ကို ဘာအကြောင်းပြချက်မှ မရှိပဲ သတ်ပစ်ခဲ့တဲ့ကောင်ပဲ"

"မဟုတ်ဘူး ကျုပ်မဟုတ်ဘူး တကယ့် လူသတ်သမားက သူပဲ"

ဖန်းယွဲ့က အရူးတစ်ယောက်ပမာ အော်ဟစ် ငြင်းဆန်လိုက်၏။ ထိုအခါ အနှီလူသုံးယောက်သည် တစ်ယောက် မျက်နှာကို တစ်ယောက်ကြည့်ကာ ချီတုံချတုံ ဖြစ်နေကြဟန်ရှိ၏။ သို့သော် နောက်ဆုံးတွင်ကား သူတို့သည် ဖန်းယွဲ့ကို ကျောခိုင်းကာ စုချန်း ဆီသို့သာ မျက်နှာမူ လိုက်ကြတော့သည်။ ကြည့်ရသည်မှာ စုချန်းထက် ဖန်းယွဲ့ကိုသာ ယုံကြည်ရန် စိတ်ပိုင်း ဖြတ်လိုက် ကြပုံရသည်။ သို့တည်းမဟုတ် ကျောက်စိမ်းပြား မရှိတော့သော ဖန်းယွဲ့ထက် စုချန်းကိုသာ ဦးစားပေး တိုက်ခိုက်၍ အမှတ်များ လုယူရန် ဆုံးဖြတ်လိုက်သည်လည်း ဖြစ်ကောင်း ဖြစ်နိုင်၏။

မသိသား ဆိုးဝါးလှသော ငမိုက်သားများနှင့် ဆုံတွေ့နေရ၍ စုချန်း အတော်လေး ဒေါသထွက်လာ၏။ ထိုအခါ သူသည် ရှေ့သို့ တစ်ဟုန်ထိုး ခုန်ထွက်ရင်း လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ မီးလျှံငှက်တစ်ကောင် ထွက်ပေါ် လာတော့သည်။ အဆိုပါ မီးလျှံငှက်သည် လူသုံးယောက် အနက်မှ တစ်ယောက်၏ အကာအကွယ်ကို ကျကျနနပြီးပင် ထိမှန်သွားလေရာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အနှီ ပြိုင်ပွဲဝင်သည် မြေကြီးပေါ်သို့ ခြေပစ်လက်ပစ်နှင့် ပြုတ်ကျ သွားတော့သည်။

ထိုအချိန်တွင် ကျန်ပြိုင်ပွဲဝင် နှစ်ယောက်က စုချန်းကို ဘေးတဖက် တစ်ချက်စီမှ ခုန်ဝင် တိုက်ခိုက်လာ၏။ ထိုအခါ စုချန်းက သူ၏ ဓားတိုလေးကို ဆွဲထုတ်ပြီး လျင်မြန်စွာ ဝှေ့ယမ်း လိုက်လေရာ မိုးပြာရောင် ဓားရိပ်များ ပလူပျံ သွားတော့သည်။ ပြိုင်ပွဲဝင် နှစ်ယောက်သည် သိပ်တော့ ညံ့လှပုံမရ။ စုချန်း၏ ဓားချက်ကို ပြန်လည်ခုခံပြီး တိုက်စစ်ဆင် လာကြလေသည်။ သို့သော် စုချန်းအနေနှင့် ထိုကဲ့သို့ အပြန်အလှန် တိုက်ခိုက်နေရန် အချိန်မရလေရာ ဝိုင်ကရားနှစ်ခုကို ဆွဲထုတ်ပြီး လျင်မြန်စွာ ပစ်ပေါက် လိုက်တော့သည်။ ထိုအခါ သူတို့နှစ်ယောက် သည်လည်း သူ့အဖော် နည်းလမ်းအတိုင်း မြေကြီးပေါ်သို့ ပြုတ်ကျ သွားကြရှာသည်။

စုချန်းသည် ထိုသုံးယောက်ထံမှ အမှတ်များကို နှုတ်ယူပြီး ရှေးနည်းအတိုင်း ဖန်းယွဲ့နောက်ကို ဆက်လက် လိုက်လာခဲ့၏။ ထိုအချိန်တွင် ဖန်းယွဲ့သည် တောအုပ်အတွင်းသို့ ဦးတည်ပြေးလွှားနေပြီး အဆုပ်များကွဲထွက်မတတ် အော်ဟစ်နေရှာသည်။

"ကယ်ကြပါအုံးဗျို့ ဒီမှာ ကျုပ်ကို လိုက်သတ်နေလို့"

ဖန်းယွဲ့၏ ကျယ်လောင်လှသော အသံသည် နောက်ထပ်ပြိုင်ပွဲဝင် နှစ်ယောက်ကို ထပ်မံဆွဲဆောင် နိုင်လိုက်ပြန်၏။ သူတို့နှစ်ယောက်သည် စုချန်းဆီသို့ တည့်တည့်မတ်မတ်ကြီးပင် ပြေးလွှားလာ၏။ စုချန်းကား အကြီးအကျယ် ဒေါသထွက် နေခဲ့လေပြီ။ ထိုအခါ သူက ကျယ်လောင်စွာ အော်ဟစ်ငေါက်ငန်း လိုက်သည်။

"ဟေ့ကောင်တွေ ငါ့ရှေ့က ဖယ်ကြစမ်း"

အော်သံအဆုံးတွင် မီးလျှံငှက်နှစ်ကောင် ထွက်ပေါ်လာပြီး စုချန်း၏ ရှေ့တွင် လမ်းပိတ်ထားသော ပြိုင်ပွဲဝင် နှစ်ယောက်ကို ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက် လိုက်တော့သည်။ ထုံးစံအတိုင်း ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ထိုနှစ်ယောက်မှလည်း လူ့လောကကြီးနှင့် ခေတ္တ အဆက်ပြတ် သွားကြရှာ၏။ စုချန်းလည်း ထိုနှစ်ယောက်ထံမှ အမှတ်များကို နှုတ်ယူကာ ဖန်းယွဲ့နောက်သို့ ဆက်လက် လိုက်ပါခဲ့ပြန်သည်။

လူသားတစ်ယောက်သည် သေခြင်းတရားနှင့်သာ နဖူးတွေ့ ဒူးတွေ့ ကြုံလာပါက ထူးခြားသော အားအင်မျိုး ပေါ်ထွက်လာတတ်၏။ ဖန်းယွဲ့လည်း ထိုအတိုင်းသာ။ သူသည် ခြေထောက်နှစ်ဖက်တွင် ဒဏ်ရာအသီးသီး ရရှိထားသော်လည်း အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း မရှိပဲ တစ်ဟုန်ထိုး ပြေးလွှားနေ၏။ ထိုမျှသာမကသေး သူသည် အောင်မြင်သော နည်းဗျူဟာမျိုးကို ရှာဖွေ တွေ့ရှိသွားခဲ့ပြီ ဖြစ်လေရာ လူအများ စုရုံးနေသော နေရာမျိုးကိုသာ ဦးတည် ပြေးလွှားနေ၏။ ထိုလူများ၏ အနီးသို့ ရောက်သည်နှင့် သူက "ငါ့မှာ ဘာအမှတ်မှ မရှိတော့ဘူး ငါ့နောက်က လူဆီမှတော့ အမှတ်တွေ အများကြီးပဲ" "ရူးနေတဲ့ လူသတ်သမားတစ်ယောက် နောက်ကလိုက်လာလို့ ကယ်ကြပါအုံးဗျို့"စသဖြင့် ပေါက်ပန်းလေးဆယ် အော်ဟစ်တော့သည်။

ဖန်းယွဲ့၏ အော်ဟစ် အကူအညီ တောင်းသံကြောင့် ပြိုင်ပွဲဝင်များ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာပြီး စုချန်းအား လာရောက် နှောင့်ယှက် ကြတော့သည်။ စုချန်းကား ထိုလူများကို လေကုန်ခံ၍ ရှင်းပြမနေတော့။

သူသည် ထိုလူများအား မီးလျှံငှက်နှင့် ဖြိုခွဲ၏။ ထို့နောက် ၎င်းတို့၏ အမှတ်များကို ယူငင်လိုက်၏။ အကယ်၍ အင်အားကောင်းသော ပြိုင်ပွဲဝင်မျိုးနှင့်သာ ကြုံတွေ့ပါက မီးလျှံငှက်နှင့် ဝိုင်ကရား တချို့ကို တွဲဖက် အသုံးပြုလိုက်၏။ အဆက်မပြတ ပေါက်ကွဲမှုများသည် ယခုအချိန်ထိတော့ မည်သည့် ပြိုင်ပွဲဝင်ကိုမဆို လက်မြှောက် အရှုံးပေးသွားစေရန် လုံလောက် နေသေး၏။

တစ်နည်းအားဖြင့် စုချန်း၏ ပုံစံမှာ မုန်ယိုနေသော ဆင်ကြီးတစ်ကောင်နှင့်ပင် တူနေသေးသည်။ သူသည် သူ့ရှေ့တွင် ပိတ်ဆို့ထားသော အရာဟူသမျှကို နင်းကြိတ်ချေမွ သွားမည့်ဟန် ပေါ်နေ၏။

တိုက်ပွဲက ဆက်တိုက်ဆိုသလို ဖြစ်လာလေရာ စုချန်း၏ မူလစွမ်းအင်မှာလည်း သိသိသာသာပင် ကုန်ခန်းလာ၏။ သို့ရာတွင် ပြသာနာတော့ မရှိ။ သူ့တွင် အဆင့်မြင့် မူလကျောက်တုံး ရှိနေသည် မဟုတ်ပါလား။အဆင့်မြင့်မူလ ကျောက်တုံးသည် စုချန်း၏ ကုန်ဆုံးသွားသော မူလစွမ်းအင်များကို ကောင်းကောင်းကြီး ပြန်လည် ဖြည့်တင်းပေးနိုင်၏။ ထိုအခါ နောက်ထပ်ပြိုင်ပွဲဝင် နှစ်ယောက်ကို အမှောင်သိပ်ပြီးသည်နှင့် စုချန်းသည် မူလကျောက်တုံးကို တိတ်တဆိတ် ဆွဲထုတ်ကာ မူလစွမ်းအင်များကို စုပ်ယူလိုက်၏။ အချိန်အနည်းငယ် အတွင်းတွင် ကုန်ဆုံးသွားသော မူလစွမ်းအင်များအား စုချန်းတစ်ယောက် ပြန်လည် ဖြည့်တင်းနိုင်ခဲ့ပေပြီ။ ထိုအခါ သူသည် မူလကျောက်တုံးကို အဝေးသို့ လွှင့်ပစ်ပြီး ဖန်းယွဲ့နောက်သို့ တစ်ဟုန်ထိုး ပြေးလွှား လိုက်ပါသွားတော့သည်။ သူ့ပုံစံမှာ အနည်းငယ်မျှပင် မောပန်း နေဟန်မရှိ။

တစ်ယောက်က ပြေး၏။ တစ်ယောက်က နောက်မှလိုက်၏။ သူတို့နှစ်ယောက်၏ အနှီ နှစ်ပါးသွား ပြဇာတ်သည်ကား တစ်ညနေခင်းမျှပင် ကြာမြင့်ခဲ့လေပြီ။ ဤယနေ့ညတွင် ဖန်းယွဲ့သည် မရေမတွက်နိုင်သော ပြိုင်ပွဲဝင်များ သူ့ကို ကူညီလာအောင် ဆွဲဆောင်နိုင်ခဲ့ပြီး စုချန်း၏ လူဖမ်းပွဲကို လိုအပ်သည်ထက် ပို၍ ကြာမြင့်အောင် စွမ်းဆောင် နိုင်ခဲ့လေသည်။ ထိုအခါ ထိုပြိုင်ပွဲဝင်များ၏ အမှတ် များသည်လည်း စုချန်းဆီသို့သာ ရောက်သွား ကုန်ကြတော့သည်။

ကျွဲကူးရေပါ ဆိုသလို ဖန်းယွဲ့ကို လိုက်ဖမ်းရင်း စုချန်း၏ ရမှတ်များမှာ တစ်ရှိန်ထိုး မြင့်မားလာ၏။ သူတို့နှစ်ယောက်၏ အဖြစ်သနစ်ကို ကြည့်ရင်း မျှော်စင်ပေါ်ရှိ အကြီးအကဲများသည် အံ့သြသင့်လွန်း၍ ပါးစပ် အဟောင်းသားနှင့် ဖြစ်နေကြလေသည်။ စုချန်းသည် မူလကတည်းက အဆင့် ၅၆နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ဖြစ်သည်။ ဝမ်တောက်ရှန်းနှင့် လမ်းခွဲပြီးနောက် သူ့အဆင့်သည် မလျော့သွားသည့်အပြင် ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့်ပင် တိုးတက် လာနေသေးသည်။

ထိုမျှသာမကသေး စုချန်းသည် တော်ဝင်မျိုးနွယ်စုဝင် တစ်ယောက်ကိုပင် သတ်ဖြတ်ရန် ကြိုးစားလျက်ရှိ၏။ သူသည် ဓားတိုတစ်လက်ကို ကိုင်လျင် နယ်မြေ တချို့ကို ဖြတ်သန်းကာ ဖန်းယွဲ့နောက်သို့ တစ်ဟုန်ထိုး လိုက်ပါလာခဲ့၏။ သူ၏ လမ်းကြောင်းတွင် ပိတ်ဆို့လျက် ရှိသော မည်သည့်လူ၊သတ္တဝါဆိုးမဆို စုချန်း၏ လက်အောက်တွင် ပြားပြားဝပ်ကုန်ကြလေပြီ။ စုချန်းကို ပိတ်ပင်တားဆီးရန် ယခုအချိန်ထိ မည်သူမျှ မစွမ်းဆောင်နိုင်သေး။

ထိုသို့ဖြစ်ရခြင်းမှာ စုချန်းသည် ထိုနယ်မြေ တစ်ခုလုံးတွင် ပြိုင်ဘက်ကင်း အဆင့်အတန်းသို့ ရောက်ရှိ နေခဲ့၍တော့မဟုတ်။ တခြား အကြောင်းပြချက်များ ရှိနေသေး၏။ ပထမ အကြောင်းပြချက်မှာကား သူပိုင်ဆိုင်ထားသော ပေါက်ကွဲစေတတ်သည့် ဝိုင်ကရားများနှင့် မီးလျှံငှက်နည်းစနစ်ကြောင့် ဖြစ်သည်။ ကြီးမားသော ပေါက်ကွဲမှုနှစ်မျိုးသည် သူ၏ အင်အားကို အတိုင်းအဆမရှိ ကြီးမားလာစေ၏။

ဒုတိယ အကြောင်းပြချက်မှာကား အချိန်ကာလနှင့် သက်ဆိုင်နေ၏။ အင်အား ကြီးမားသော ပြိုင်ပွဲဝင် အများစုသည် တစ်နေ့လုံး ပင်ပင်ပန်းပန်း တိုက်ခိုက်ခဲ့ကြလေရာ ညပိုင်းရောက်လျင် အနားယူကြလေ့ရှိ၏။ ထို့ပြင် သူတို့သည် ညတိုက်ပွဲများကို မကျွမ်းကျင်ကြပေ။ စုချန်း အဖို့မှာကား ည၏ အမှောင်ထုက ပြသာာနာ မရှိသည့်အပြင် မူလကျောက်တုံး၏ တန်ခိုးကြောင့် အများသူငှာကဲ့သို့ အနားယူနေစရာ မလိုအပ်လေရာ အဆက်မပြတ် ဆိုသလို တိုက်ခိုက်နိုင်ခဲ့၏။ ထိုအကြောင်းပြချက် နှစ်ခုကြောင့် မည်သည့်ပြိုင်ပွဲဝင်မျှ စုချန်းကို မယှဉ်နိုင်ပဲ အလဲအကွဲနှင့် ရှုံးနိမ့်ကုန်ကြခြင်း ဖြစ်သည်။

တစ်ညဟူသော အချိန်ကာလလေး အတွင်း စုချန်းသည် ပြိုင်ပွဲဝင် တစ်ရာကျော်မျှကို အမှောက်သိပ်နိုင်ခဲ့လေရာ လူတိုင်းလိုလို မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ကုန်ကြ၏။ ဤလူငယ်သည် တခြားကမ္ဘာမှ ရောက်ရှိလာသော လူထူးဆန်း ပေတကား။ အမှတ် အတော်များများ စုဆောင်းမိခဲ့ပြီ ဖြစ်လေရာ သူ၏ ကျောက်စိမ်းပြားမှ အချက်ပြာ မှုမှအထူးပင် အားကောင်းလာ၏။ ထိုအခြင်းအရာကို မြင်တွေ့ရသော ပြိုင်ပွဲဝင်များမှာကား လန့်ဖျား ဖျားကုန်ကြလေသည်။ သူတို့သည် သူ့အား မဆင်မခြင် ဝင်မတိုက်ရဲတော့။ သို့သော် တခြားလူများကို စုချန်း ဂရုမစိုက်။ သူသည် သူ့လမ်းကြောင်းတွင် လာရောက် ပိတ်ဆို့သည်ဟု ယူဆပါက မီးလျှံငှက်နှင့် ဝိုင်ကရားကို အလျင်းသင့်သလို ထုတ်သုံးပြီး အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်နေ၏။

အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးနေ၏။ အရှေ့ဘက် မိုးကောင်းကင်မှ ရောင်နီပင် သန်းလုပေပြီ။ စုချန်း၏ ရမှတ်သည်လည်း ယခင် ၁၁၂မှတ်မှ ၃၅၅မှတ်အထိ ရောက်ရှိလာခဲ့၏။ သူ့အဆင့် သည်လည်း ယခင် ၅၅မှ ၂၅အထိ ခုန်တက် လာခဲ့တော့သည်။ ပြိုင်ပွဲစည်းကမ်းအရ မည်သည့် ပြိုင်ပွဲဝင်မဆို ပြိုင်ပွဲ မပြီးဆုံးမချင်း မိမိ၏ အဆင့်ကို သိခွင့်မရှိပေ။ သို့သော် ရမှတ် အနေအထားအရ သူသည် ထိပ်ဆုံးသို့ ရောက်လုပြီဖြစ်ကြောင်း စုချန်း ကောင်းကောင်း သဘောပေါက်လိုက်သည်။

လက်ရှိအချိန်တွင် သူ့လုပ်ရပ်ကို လူဘယ်နှစ်ယောက် စောင့်ကြည့်နေမှန်း စုချန်း မသိ။ အကယ်၍ သိရှိခဲ့လျင်လည်း ဖန်းယွဲ့အား သတ်ဖြတ်မည့် ဆုံးဖြတ်ချက်ကို စုချန်းအဖို့ ပြောင်းလဲစရာ အကြောင်းမရှိ။

တောတောင်ရေမြေများ၊ စမ်းချောင်းများကို ဖြတ်သန်းကာ လူရိပ်နှစ်ရိပ် တစ်ဟုန်ထိုး ပြေးလွှားနေ၏။ တစ်ဦးက ထွက်ပြေး၍ ကျန်တစ်ဦးက နောက်မှလိုက်နေခြင်း ဖြစ်သည်။ တညတာ ကုန်ဆုံး၍ နောက်တစ်နေ့ ရောက်လာခဲ့ပြီ ဖြစ်လေရာ နေမင်းကြီးသည် အစောပိုင်းကထက် ပို၍ ထွန်းလင်း တောက်ပလာ၏။ ပတ်ဝန်းကျင် တစ်ခုလုံး လင်းလင်းချင်းချင်း ဖြစ်လာ၍ တစ်ညလုံး အချိန်ကုန် သွားခဲ့ပြီမှန်း စုချန်း သဘောပေါက် လိုက်သည်။ ဖန်းယွဲ့ခမျာမှာကား ယခုအချိန်ထိ ယုန်တစ်ကောင်ပမာ လှစ်ခနဲနေအောင် ပြေးလွှားလျက်သာ ရှိသေး၏။

"ငါ့နောက်ကို မလိုက်ပါနဲ့တော့ကွာ အမှတ်တွေ ဒီလောက် ရပြီးတာတောင် မင်းအတွက် မလုံလောက်သေးဘူးလား"

ဖန်းယွဲ့က သနားဖွယ်ရာ အော်ဟစ် တောင်းပန်လိုက်သည်။ သို့သော် စုချန်းကား လက်လျော့ မည့်ပုံမပေါ်။ ထိုအခါ ဖန်းယွဲ့သည် စိတ်ဓာတ် ကျဆင်းလာကာ စတင်ငိုကြွေး တော့သည်။

ဇွဲကောင်းလှသော ခွေးမသားသည် မည်သည့် နေရာကများ လာသနည်း ... အဘယ်ကြောင့် ဤမျှအထိ ကျားကုတ်ကျားခဲ ကြိုးစားနေရသနည်း ... ပြိုင်ပွဲဝင် အတော်များများသည် ဤခွေးမသား၏ လက်အောက်ဝယ် ရှုံးနိမ့်ခဲ့ရလေပြီ ...

ဖန်းယွဲ့၏ အဖြစ်မှာကား လက်မှိုင်ချကာ အရှုံးပေးရမည့် အခြေအနေသို့ ဆိုက်ရောက် နေခဲ့လေပြီ။ သူ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ စုချန်းနှင့် လက်ရည်တူ ပြိုင်ဘက်မျိုးကို အမြန်ဆုံး ရှာဖွေ တွေ့ရှိရန်သာ ဖြစ်သည်။ ထိုအချိန်တွင် သူတို့ဆီသို့ ဦးတည် ပြေးလွှားလာသော ပြိုင်ပွဲဝင် နှစ်ယောက်ကို ဖန်းယွဲ့ မြင်တွေ့လိုက်ရ၏။ ထိုအခါ သူက ကျယ်လောင်စွာ အော်ဟစ် မေးမြန်းလိုက်သည်။

"ငါ့ကို မြန်မြန်ပြောစမ်းပါ ဒီနေရာက အင်အား အကောင်းဆုံး ပြိုင်ပွဲဝင်ဟာ ဘယ်သူလဲ"

မမျှော်လင့်သော မေးခွန်းကြောင့် ထိုလူနှစ်ယောက် အံ့သြသင့်သွား၏။ သူတို့၏ နှုတ်ဖျားမှလည်း အဖြေတချို့ လွှတ်ခနဲ ထွက်ပေါ် လာတော့သည်။

"နှင်းငှက် ဂျီဟန်းယင်ကတော့ ဒီနေရာမှာ အင်အား အကောင်းဆုံးလို့ပဲ ဆိုရမယ် နောက်ပြီးတော့ သွေးနတ်ဆိုး ကျုံးတင် ညှို့ငင်လိပ်ပြာ ချင်းလင်အာတို့လည်း အင်အား ကောင်းတာပဲ အဲ နေအုံး ပေါင်းကူးသစ်ပင် ကျန်းချန်းအန် ဆိုရင်လည်း တကယ်တော်တဲ့ လူပဲဗျ"

ထိုအခါ ဖန်းယွဲ့က ခေါင်းကိုမော့ရင်း ကျယ်လောင်စွာ အော်ဟစ် လိုက်တော့သည်။

"နှင်းငှက် ဂျီဟန်းယင် သွေးနတ်ဆိုး ကျုံးတင် ညှို့ငင်လိပ်ပြာ ချင်းလင်အာ ပေါင်းကူးသစ်ပင် ကျန်းချန်းအန် ခင်ဗျားတို့ ဘယ်မှာလဲ ဒီမှာ ခင်ဗျားတို့နဲ့ ယှဉ်ပြိုင်မဲ့လူ ရောက်နေတယ်"

ဖန်းယွဲ့၏ အသံသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွား၏။ ပြိုင်ပွဲဝင် နှစ်ယောက်သည် မူလက တိုက်ခိုက်ရန် ကြံစည် ထားသော်လည်း ဖန်းယွဲ့၏ စကားသံကို ကြားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ အကြံအစည်ကို ပြန်လည် ရုပ်သိမ်း လိုက်ကြ၏။ ထိုအခိုက်မှာပင် လေထုအတွင်းမှ အသံတစ်သံ ပျံ့လွင့်လာ၏။

"ဘယ်လောက်တောင် တော်နေလို့ လေးယောက် တစ်ယောက် စိမ်ခေါ်နေတာလဲ ကျွန်မနဲ့ပဲ အရင် စမ်းကြည့်ပါအုံးလား"

ထို့နောက်တွင်ကား ပတ်ဝန်းကျင် တစ်ခုလုံး မွှေးကြိုင်သင်းပျံ့ သွားတော့သည်။

All Chapters