ညှို့ငင်လိပ်ပြာ (၁)
Vol. 15 Ch. 142
အသံရှင်မှာ မိန်းမပျိုလေး တစ်ဦးဖြစ်ပြီး မျက်စေ့ကျိန်းစပ် လုမတတ် ဝင်းလက် တောက်ပြောင်သော အဝတ်အစားများကို ဝတ်ဆင်ထား၏။ သူမ၏ မျက်နှာမှာကား ငွေပြား တစ်ပြားကဲ့သို့ ဝိုင်းစက်နေပြီး အရပ်မှာ သိပ်မရှည်လှ။ သူမ၏ မျက်လုံး များမှာကား သလင်းကျောက်ကဲ့သို့ တဖြတ်ဖြတ် ဝင်းလက် တောက်ပနေလေသည်။ သူမ၏ လက်ထဲတွင်တော့ သေးငယ်သော မြင်းရိုက် ကျာပွတ်တစ်ချောင်းကို ကိုင်ထား၏။
သူမ၏ နောက်တွင်တော့ နောက်ထပ် လူတစ်ယောက် ရှိနေ၏။ အံ့သြစရာ ကောင်းသည်မှာ ထိုလူသည် တောက်ပသော ငွေသား ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် သံမဏိလှံရှည် တစ်ချောင်းကို ကိုင်ဆောင်ထားခြင်း ဖြစ်သည်။ ပြိုင်ပွဲကျင်းပရေး တာဝန်ခံများအနေနှင့် ထိုလူအား ထိုပစ္စည်းများကို ယူဆောင်ခွင့် ပြုခဲ့သည်မှာ အံ့သြသင့်စရာပင်။ သို့သော် ထိုလူ၏ မျက်လုံးများကို ကြည့်ရသည်မှာ ထုံအအနှင့် သစ်သားတုံးနှင့် တူလှသည်။ လက်စသတ်တော့ ထိုလူသည် လူနုံလူအ တစ်ယောက်သာ ဖြစ်ချေသည်တကား။
ထိုလူသည် အလွန်နှေးကွေးစွာ လမ်းလျှောက်နေလေရာ မျက်နှာဝိုင်းဝိုင်းနှင့် မိန်းမပျိုက နောက်လှည့်ကာ ငေါက်ငမ်း လိုက်သည်။
"ဟဲ့ အမှိုက်လိုကောင် မြန်မြန်လျှောက်စမ်းပါ ငါ့နာမည်ပျက်အောင် မလုပ်စမ်းပါနဲ့"
ထိုအခါ ထိုလူက ပို၍ မြန်ဆန်စွာ လမ်းလျှောက် လိုက်လေသည်။ မျက်နှာဝိုင်းဝိုင်းနှင့် မိန်းမပျိုကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ပြိုင်ပွဲဝင်နှစ်ဦး၏ မျက်နှာမှာ နတ်ဆိုးတစ်ကောင်ကို မြင်တွေ့လိုက် ရသည့်နှယ် ရှုံ့မဲ့သွား၏။
"ဒါညှို့ငင်လိပ်ပြာပဲ မြန်မြန်ပြေး ကြမယ်ဟေ့"
ထို့နောက် သူတို့ နှစ်ယောက်သည် ထိုနေရာမှ ထွက်ပြေးရန် ဟန်ပြင် လိုက်ကြသည်။ သို့သော် ချင်းလင်အာက ထိုနှစ်ယောက်ဆီသူ မျက်နှာမူပြီး ပြောလိုက်သည်။
"ကျွန်မက ရှင်တို့ကို သွားခွင့်ပြုသေးလို့လား"
သူမ၏ စကားသံကို ကြားလိုက်သည်နှင့် ပြိုင်ပွဲဝင် နှစ်ဦးမှာ တုတ်တုတ်မျှပင် မလှုပ်ရဲကြတော့။
"ပြန်လာခဲ့စမ်း"
ချင်းလင်အာက အမိန့်ပေး လိုက်လေသည်။ သနားစရာ ပြိုင်ပွဲဝင်နှစ်ယောက်မှာ ချင်းလင်အာ၏ အမိန့်ကို လွန်ဆန်ရဲဟန်မတူ။ နောက်ပြန်လှည့်ရင်း သူမကို ထိတ်လန့် တုန်လှုပ်စွာ စိုက်ကြည့် နေကြရှာသည်။ သူတို့၏ ပုံစံမှာကား မကောင်းဆိုးဝါး တစ်ကောင်နှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် တွေ့နေရသည်နှင့်ပင် တူလှသည်။ ထိုအချိန်တွင် အခြေအနေကို မျက်ခြေမပြတ်တမ်း အကဲခတ်နေသော ဖန်းယွဲ့က တိတ်တဆိတ် လစ်ထွက်ရန် ကြိုးစားလိုက်၏။ သို့သော် ဖန်းယွဲ့၏ ကြိုးစားမှုမှာ အရာမထင်ခဲ့ရှာ။ ချင်းလင်အာက နောက်ကိုပင် လှည့်မကြည့်ပဲ အချက်ပြလိုက်ရာ ငွေရောင် ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်သည် ရှေ့သို့ တစ်ဟုန်ထိုး ခုန်ထွက်သွား၏။ သူ့လက်ထဲမှ လှံရှည်သည်လည်း ဖန်းယွဲ့ဆီသို့ ထိုးစိုက်ချလာ၏။
ဖန်းယွဲ့ အလွန် ထိတ်လန့်သွား၏။ ထိုအခါ သူက ချင်းလင်အာဆီသို့ အမြန်ဆုတ်ခွာရင်း သူမ၏ ရှေ့တွင် ဒူးထောက်ကာ ကပျာကသီ မျက်နှာချို သွေးလိုက်လေသည်။
"ကျွန်တော်ဟာ ထင်ရှုးမြို့တော် ဖန်းမျိုးနွယ်စုက ဖန်းယွဲ့ပါခင်ဗျာ ညှို့ငင်လိပ်ပြာနဲ့ တွေ့ဆုံရတာ အလွန်ပဲ ဝမ်းမြောက် ဂုဏ်ယူမိပါတယ်"
ထိုအခါ ချင်းလင်အာက ဖန်းယွဲ့ကို စူးစမ်းဟန်ဖြင့် လှမ်းကြည့်ရင်း မေးလိုက်သည်။
"နယ်မြေ(၁)က အင်အားအကြီးမားဆုံး ပြိုင်ပွဲဝင် လေးယောက်နဲ့ တိုက်ချင် လှပါချည်ရဲ့ဆိုပြီး စိမ်ခေါ်နေတာ ရှင်ပဲလား"
"ဟာ ကျွန်တော် မဟုတ်ရပါဘူးခင်ဗျာ စိမ်ခေါ်နေတာက သူပါ"
ဖန်းယွဲ့က နောက်ကို လက်ညှိုးထိုးရင်း ပြောလိုက်၏။ ထိုအချိန်တွင် သူ့နောက်မှာ ပြေးလိုက်လာသော အရိပ်သည် ထိုနေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအရိပ်မှာ စုချန်းပင် ဖြစ်၏။ ချင်းလင်အာ အံ့သြသွားပုံ ရသည်။ သူမက စုချန်းကို စိုက်ကြည့်နေ၏။ သူမ၏ မျက်လုံးထဲတွင်ကား မှုန်ဝါးဝါး အလင်းရောင် တချို့ ထွက်ပေါ်နေသကဲ့သို့ ထင်ရသည်။ ချင်းလင်အာ တစ်ယောက် မည်သည့်အရာကိုများ စဉ်းစားနေသနည်း။
စုချန်းသည် ချင်းလင်အာအား အစောကြီးကတည်းက လှမ်းမြင်သလို သူမ၏ ရှေ့တွင် ဒူးထောက် တောင်းပန်နေသော ဖန်းယွဲ့ကိုလည်း မြင်တွေ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဖန်းယွဲ့တစ်ယောက် မည်သည့် အကြောင်းအရာကို ပြောဆိုရန် ကြိုးစားနေမှန်း သူကောင်းစွာ သိရှိထား၏။ သို့သော် သူသည် မိမိကိုယ်မိမိ ကာကွယ်ရန် ကြိုးစားခြင်း အလျင်းပင်မရှိ။ ဤနေရာရှိ လူများသည် သူ့ကို အထင်သေးနေကြမှန်း သူသဘောပေါက်ထား၏။ အကယ်၍ ထိုအနေအထားတွင် သူကသာ မိမိကိုယ်မိမိ ကာကွယ်ရန် ကြိုးစားခဲ့လျှင် တစ်ဖက်လူများ၏ စိတ်ထဲတွင် ဤလူငယ်ကတော့ ကြောက်ရွံ့နေပြီဟု ယူဆသွားဖွယ်ရာ ရှိနေ၏။ ထိုအခါ ထိုသူများသည် အလိုလိုနေရင်း အားတက် လာပေလိမ့်မည်။
ထိုအခါ သူက အလွန်အေးဆေး တည်ငြိမ်လှသော အမူအရာနှင့် လမ်းလျှောက်လာပြီး ချင်းလင်အာနှင့် မနီးမဝေးသော နေရာသို့ အရောက်တွင် ခြေလှမ်းများကို ရပ်တန့်လိုက်၏။ ထို့နောက် ဖန်းယွဲ့ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"သူက ကျုပ်အတွက်ပဲ"
"ရှင်ဟာ ဂျီဟန်းယင်၊ ကျွန်မ၊ ကျုံးတင်နဲ့ ကျန်းချန်းအန်တို့ကို ယှဉ်ပြိုင် တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတာ ကျွန်မကြားပြီးပြီ"
ချင်းလင်အာက ပြောလိုက်၏။
"ဒီကိစ္စ ဟုတ်ချင် ဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ဘူး ဒါက ခင်ဗျားအတွက် ပြသာနာ ရှိလို့လား"
စုချန်းက ပြန်လည် မေးမြန်းလိုက်၏။ စုချန်း၏ စကားကို ကြားလိုက် ရသောအခါ ချင်းလင်အာ၏ မျက်ခုံးနှစ်ဖက်က အပေါ်သို့ မြင့်တက်သွား၏။ ထို့နောက် သူမက ပြောလိုက်သည်။
"ဒီကောင်လိမ်နေမှန်း ကျွန်မ သိပြီးသားပါ ဂျီဟန်းယင်နဲ့ တိုက်ခိုက် ရလောက်အောင် ဘယ်သူမှတော့ မမိုက်ဘူးလေ ဒါပေမဲ့ ရှင်ပြောတာ မှန်သားပဲ ဒါဟာ ပြသာနာမှ မဟုတ်တာကိုး ပြီးတော့ ရှင့်ကိုကြည့်ရတာ ကျွန်မနဲ့ တွေ့နေတာတောင် အတော်လေး ယုံကြည်မှုရှိနေတဲ့ ပုံစံပဲ ဒီတော့ နည်းနည်းပါးပါးလောက်တော့ စမ်းသပ် ကြည့်ရသေးတာပေါ့"
ထို့နောက် သူမက ထိတ်လန့်နေသော ပြိုင်ပွဲဝင် နှစ်ယောက်ကို လှည့်ပြီး အမိန့်ပေးလိုက်၏။
"ရှင်တို့နှစ်ယောက် သူ့ကို ဘာဖြစ်လို့ မစမ်းကြည့်ကြတာလဲ"
အနှီပြိုင်ပွဲဝင် နှစ်ယောက်မှာကား ချင်းလင်အာ၏ စကားကို အနည်းငယ်မျှပင် မလွန်ဆန်ဝံ့လေရာ စုချန်းဆီသို့ တစ်ပြိုင်နက်တည်း ခုန်ဝင် တိုက်ခိုက် လိုက်ကြတော့သည်။ စုချန်းကား စကားစတင် ပြောဆိုနေကတည်းက တိုက်ပွဲအတွက် ကြိုတင် ပြင်ဆင်ပြီးသား ဖြစ်လေရာ ချက်ချင်းပင် ပြန်လည် တိုက်ခိုက်လိုက်၏။ သူသည် လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မီးလျှံငှက်နှစ်ကောင် ပေါ်ထွက်လာပြီး ပြိုင်ပွဲဝင် နှစ်ဦးဆီသို့ ဦးတည်ပျံသန်း သွားတော့သည်။ စုချန်းကား မီးလျှံငှက်နည်းစနစ်ကို အလွန်ကျွမ်းကျင် နေခဲ့ပြီ ဖြစ်သည်။ အချိန်သာ လုံလောက်စွာ ရရှိပါက မီးလျှံငှက်နှစ်ကောင်ကို တစ်ပြိုင်နက်တည်း ပစ်လွှတ်နိုင်စွမ်း ရှိလာ၏။ အမှန်တော့ ထိုပြိုင်ပွဲဝင် နှစ်ဦးမှာ သိပ်မညံ့လှ။ သို့သော် မီးလျှံငှက်နှင့် တွေ့ဆုံလိုက်သည့် အခါတွင်ကား ကြိုးပြတ်သွားသည် စွန်များပမာ လေဟုန်စီးကုန် ကြတော့သည်။
ချင်းလင်အာ အံ့သြသွား၏။ သူမ၏ နှုတ်ဖျားမှလည်း အာမေဋိတ်သံ တချို့ လွှတ်ခနဲ ထွက်ပေါ်လာလေသည်။
"တယ်လဲ ရက်စက်ကြမ်းကြုတ်တဲ့ အကွက်ပါလား"
ပြောပြောဆိုဆို သူမက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ တစ်ဆက်တည်းမှာပင် ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်က ရှေ့သို့ တိုးလာပြီး ချင်းလင်အာ ရှေ့တွင် ပိတ်ရပ်လိုက်သည်။ သူ့လက်ထဲရှိ သံမဏိလှံမှာကား ရှေ့သို့ ဆန့်တန်းထား၏။ လှံ၏ ထိပ်ဖျားသည် စုချန်းဆီသို့ ဦးတည်လျက် ရှိသည်။ စုချန်းက လူငယ်ကို ဖြတ်ခနဲ လှမ်းကြည့်ရင်း ချင်းလင်အာကို ပြောလိုက်သည်။
"ဘာလဲ မင်းက ကိုယ်တိုင် ဝင်မတိုက်ပဲ တခြားလူကို တိုက်ခိုင်း မလို့လား"
ချင်းလင်အာက ရယ်မောလိုက်၏။
"သိပ်မှန်တာပေါ့ရှင်"
ပြောပြောဆိုဆိုပင် သူမသည် ဖန်းယွဲ့၏ နဖူးပေါ်တွင် လက်ကို ဖြတ်ခနဲ တင်လိုက်၏။ ထိုအခါ ဖန်းယွဲ့သည် တစ်ကိုယ်လုံး တုန်ယင်လာပြီး မျက်လုံး များမှာလည်း ဝိုင်းဝိုင်းလည်နေကာ အသိစိတ် ပျောက်သွားဟန် ရှိသည်။ တစ်နည်းအားဖြင့် သူ့ပုံစံမှာ မိုးကြိုးပစ်ခံလိုက် ရသူနှင့်ပင် တူနေသေး၏။ အတန်ကြာသော် ချင်းလင်အာက လက်ကို ရုတ်လိုက်ရာ ဖန်းယွဲ့က ဖြတ်ခနဲ မတ်တတ်ရပ်လိုက်သည်။ သို့သော် သူ့မျက်လုံး များမှာကား မည်သည့်အရာကိုမျှ မြင်တွေ့ဟန်မရှိပဲ ပီဘိ ရူးသွပ်သူ တစ်ယောက်ပမာ ရှိလေ၏။ ဖန်းယွဲ့နှင့် ငွေရောင် ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်မှာ တပုံစံတည်း ဖြစ်သွားလေပြီ။
ထိုအခိုက်မှာပင် ချင်းလင်အာက စုချန်းကို ညွှန်ပြပြီး အမိန့်ပေးလိုက်၏။
"သတ်စမ်း"
ချင်းလင်အာ၏ အမိန့်သံကို ကြားလိုက်သည်နှင့် ဖန်းယွဲ့သည် စုချန်းကို စိုက်ကြည့်ပြီး သွားများကိုဖြဲကာ သားရဲတိရိစ္ဆာန် တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်၏။ ထို့နောက် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် စုချန်းထံသို့ ခုန်ဝင် လာတော့သည်။
"လက်စသတ်တော့ ညှို့ငင်လိပ်ပြာဆိုတာ ဒါပဲကိုး ..."
စုချန်းက သက်ပြင်းချရင်း တီးတိုး ရေရွတ်လိုက်၏။ နောက်ဆုံးတွင်တော့ သူသည် ထိုနာမည်၏ အဓိပ္ပာယ်ကို သဘောပေါက် သွားလေပြီ။ သူ့ပြိုင်ဘက်၏ အဓိကစွမ်းရည်မှာ တခြားလူများကို ထိန်းချုပ်နိုင်ခြင်း ပေတကား။ ၎င်းသည် စိတ်လှည့်စားခြင်း နည်းစနစ် တစ်မျိုးပေလော။ အမှန်တော့ တခြားလူများကို ထိန်းချုပ်နိုင်သော နည်းစနစ်များစွာ ရှိ၏။ သို့သော် ချင်းလင်အာ လတ်တလော အသုံးပြုလိုက်သော နည်းစနစ်မှာ စိတ်လှည့်စားခြင်း တစ်မျိုးပင် ဖြစ်သည်။ တော်ဝင်သွေး ဗီဇမျိုးနွယ်စုဝင် တစ်ယောက်ပီပီ သူမ၏ စိတ်လှည့်စားခြင်း စွမ်းရည်မှာ တစ်ချိန်က စုချန်း ရင်ဆိုင်ခဲ့ဖူးသော စိတ်လှည့်စားခြင်း ပညာရှင် လီထက်ပင် မြင့်မားနေသေး၏။ အကယ်၍ လီသာ ချင်းလင်အာကဲ့သို့ စွမ်းရည်မျိုး ပိုင်ဆိုင်ခဲ့လျှင် စုချန်းအဖို့ ဟိုးယခင်ကတည်းက သေဆုံး ခဲ့ပြီးလောက်ပေပြီ။
ဖန်းယွဲ့ကား တိရိစ္ဆာန် တစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ စုချန်းထံသို့ ပြေးဝင်လာ၏။ ၎င်း၏ ရူးသွပ်နေသော ပုံစံကိုကြည့်ရင်း စုချန်းက သက်ပြင်းချ လိုက်သည်။ ဖန်းယွဲ့ကား စုချန်းနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့၍ တစ်ချိန်လုံး ထွက်ပြေးနေခဲ့သည်။ ယခုကဲ့သို့ အသိစိတ် ပျောက်သော ဘဝသို့ရောက်ကာ စုချန်းကို ပြန်လည် တိုက်ခိုက်မိလိမ့်မည်ဟု မည်သည့်အခါမျှ မျှော်လင့်မိလိမ့်မည် မဟုတ်။
ထိုအခါ စုချန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မိုးခြိမ်းသံကဲ့သို့ အသံများ ထွက်ပေါ်လာပြီး ပြင်းထန်သော မူလစွမ်းအင် အားလှိုင်းတစ်ခုသည် ဝဲကတော့သဏ္ဌာန် ဖြစ်ပေါ်ကာ ဖန်းယွဲ့ထံသို့ ပြေးဝင်သွားတော့သည်။
စုချန်းတစ်ယောက် ဖန်းယွဲ့ဘက်သို့ အာရုံစိုက် နေရသော အခြေအနေကို ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်က အပြည့်အဝပင် အခွင့်အရေး ယူလိုက်၏။ သူသည် သံမဏိလှံရှည်ကို ပစ်လွှတ်လိုက်လေရာ လှံတံသည် နဂါးကြီးတစ်ကောင်ပမာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးမှာ ဝရုန်းသုန်းကားဖြစ်ကာ ကြီးမားလှသော လေဆင်နှာမောင်းကြီး တစ်ခု ဖြစ်ပေါ်လာတော့သည်။ အလွန်တရာ အင်အား ပြင်းထန်လှသော မူလစွမ်းရည်ပေတကား။ မုချ သွေးဗီဇစွမ်းရည် တစ်မျိုးပင် ဖြစ်ရမည်ဟု စုချန်းက သုံးသပ်လိုက်သည်။
ထိုအခါ စုချန်းက ချက်ချင်းပင် မြူခိုးကြားထဲမှ မြွေခြေလှမ်းကို နှိုးဆွပြီး လျင်မြန်စွာ နောက်ဆုတ်လိုက်၏။ ထိုသို့ နောက်ဆုတ်ရင်းနှင့်ပင် သူက မိုးကြိုးဓား မူလစွမ်းရည်ကို ထုတ်ဖော်လိုက်ရာ ဓားနှင့်လှံ ထိတွေ့မိချိန်ဝယ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာ၏။ အမှန်တော့ လက်ရှိအချိန်တွင် စုချန်းက ပြန်လည် တိုက်ခိုက်မှုကို ဦးစားမပေးသေး။ တစ်ဖက်လူ၏ လှံစက်ကွင်းမှ လွတ်မြောက် စေရန်သာ အဓိက ကြိုးစားလိုက်ခြင်း ဖြစ်သည်။ သို့တိုင်အောင် လူငယ်၏ လှံကြောင့် ဖြစ်ပေါ်လာသော လေဆင်နှာမောင်း သက်ရောက်မှု ဧရိယာမှ လွတ်မြောက်စေရန် သူ့အနေနှင့် ပေရာပေါင်းများစွာ နောက်ဆုတ်ပေး လိုက်ရလေသည်။
ထိုအချိန်တွင် ဖန်းယွဲ့သည် ဓားကိုဝင့်ကာ စုချန်းထံသို့ တစ်ဟုန်ထိုး ခုန်ဝင်လာ၏။ အမှန်တော့ တော်ဝင်မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်လေရာ သူ့အင်အားမှာ သိပ်မနိမ့်လှ။ သူရဲဘော ကြောင်လွန်း၍သာ အထင်သေးလောက်စရာ ဖြစ်နေခြင်းပင်။ ယခုတော့ ချင်းလင်အာ၏ ထိန်းချုပ်မှု အောက်ဝယ် ဖန်းယွဲ့၏ သူရဲဘောကြောင်မှုများ ပျောက်ကွယ်သွားပြီး သူ၏ အင်အားကို အပြည့်အဝ ဖော်ထုတ်နိုင်ခဲ့၏။ သူ့လက်ထဲမှဓားသည် အလွန်သွက်လက် မြန်ဆန်စွာ လှုပ်ရှားနေပြီး လေထဲတွင် ပေါက်ကွဲမှု များစွာကို ဖြစ်ပေါ်နေစေ၏။ မည်သည့်နေရာတွင် ဒဏ်ရာရရှိ သွားသည်ဖြစ်စေ စုချန်းအတွက်ကား မသက်သာလှ။
ရန်သူနှစ်ဦး၏ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုကို ခံနေရလေရာ စုချန်းအဖို့ အန္တရာယ် များလှသည်။ သို့သော် သူသည် မီးခိုးငွေ့တန်းပမာ ရွေ့လျားနေ၏။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် မိုးခြိမ်းသံများ ဆူညံနေပြီး လေထုထဲတွင်ကား ချီစွမ်းအင် လှိုင်းများနှင့်သာ ပြည့်နှက် နေတော့သည်။
အချိန်အတန်အသင့် ကြာသွားသောအခါ စုချန်း၏ မိုးကြိုးဓားသည် ထိုက်သင့် သလောက်တော့ အာင်မြင်မှု ရရှိလာပုံရသည်။ မိုးကြိုးဓားကို သူတစ်ကြိမ် ပစ်လွှတ်လိုက်တိုင်း မိုးခြိမ်းသံကဲ့သို့ အသံများ ထွက်ပေါ်လာပြီး လေထဲတွင် မိုးကြိုး အစိုင်အခဲများစွာ ပြန့်ကျဲသွားတတ်၏။ ထိုနည်းစနစ်သည် အင်အားအရာတွင် သိပ်မပြင်းထန် လှသော်လည်း မြန်မြန်ဆန်ဆန် ထုတ်ဖော် အသုံးပြုနိုင်သည့်အပြင် တစ်ကြိမ်လျှင် ပေါက်ကွဲမှုဆယ်ကြိမ် အထိ ဖြစ်ပေါ်စေနိုင်သော စွမ်းရည်ရှိ၏။ ထိုအခါ မိုးကြိုးဓားကြောင့် ဖန်းယွဲ့နှင့် ငွေဝတ်စုံ လူငယ်တို့မှာ ဒဏ်ရာ အတော်များများ ရရှိနေခဲ့လေပြီ။ ငွေဝတ်စုံ လူငယ်အနေနှင့် လက်ရှိအချိန်ထိ ဟန်သေးပုံပေါ်သော်လည်း ဖန်းယွဲ့ခမျာကား တစ်ကိုယ်လုံး အညိုအမဲများ စွဲနေခဲ့ပြီ ဖြစ်သည်။
တိုက်ပွဲကို အကဲခတ်နေသော ချင်းလင်အာ၏ မျက်ဝန်းထဲတွင်တော့ အလွန်အမင်း အံ့သြသင့်သော အရိပ်အယောင်များ ယှက်သန်းနေ၏။
"တယ်လဲ ထူးဆန်းပါလား သူအသုံးပြုနေတဲ့ ခြေကွက်တွေကတော့ ကုမျိုးနွယ်မူပိုင် မြွေခြေလှမ်းကွက်တွေပဲ ဒါပေမဲ့ သူ့ရဲ့ လက်ချောင်းကွက်တွေ ကျပြန်တော့ မိုးကြိုးဝိညာဉ် ပိုင်မျိုးနွယ်စုရဲ့ မူပိုင်နည်းစနစ်နဲ့ သွားပြီး တူနေပြန်တယ် ဒီလူငယ်ဟာ ဘယ်သူများလဲ မတူညီတဲ့ မျိုးနွယ်စုနှစ်စုရဲ့ မူပိုင်နည်းစနစ်နှစ်မျိုးကို ဘာကြောင့် ထိန်းချုပ်နိုင်ရတာလဲ"
မည်သို့ဆိုစေ ဤနေရာတွင် ချင်းလင်အာ၏ အတွေ့အကြုံမှာ မသေးလှဟု ဆိုရမည်။ သူမသည် အံ့သြသင့်စရာ ကောင်းလောက်အောင်ပင် မြွေခြေလှမ်းနှင့် ပတ်သက်၍ တိတိကျကျ အကဲဖြတ်နိုင်ခဲ့သည် မဟုတ်ပါလား။
ယခုအချိန်ထိ စုချန်းသည် နှစ်ယောက် တစ်ယောက် တိုက်ခိုက် နေရသော်လည်း အနည်းငယ်မျှပင် ကြောက်လန့်ဟန်မရှိ။ ရန်သူနှစ်ဦး၏ ဖိအားပေးမှုကို အဆက်မပြတ် ခံနေရသော်လည်း သူ၏ လှုပ်ရှားမှုများမှာကား အေးဆေး တည်ငြိမ်လှသည်။ သူသည် တဖက်လူများ၏ တိုက်ခိုက်မှုကို ယိမ်းကာနွဲ့ကာ ရှောင်တိမ်းရင်း အလျင်းသင့်သလို မိုးကြိုးဓားနှင့် ပြန်လည် တိုက်ခိုက်နေ၏။ ရံဖန်ရံခါတွင်ကား သူသည် မီးလျှံငှက်ကို အသုံးပြုကာ ပြန်လည် တုံ့ပြန်တတ်၏။
အကျဉ်းချုပ်၍ ဆိုရလျင် ငွေဝတ်စုံနှင့် လူငယ်သည် အတော်လေး အင်အား ကောင်းသော်လည်း တစ်ပါးသူ၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေလေရာ တိုက်ပွဲနှင့် လိုက်လျောညီထွေစွာ လှုပ်ရှားနိုင်စွမ်းမရှိ။ တစ်ဖက်က ဖန်းယွဲ့ကို ကြည့်ပြန်လျင်လည်း ခြေထောက်နှစ်ဖက်တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိထားပြီး ဖြတ်ထိုးဉာဏ် ပျောက်ဆုံးနေခဲ့လေရာ အသားကုန် တိုက်ခိုက်နေသည့်တိုင် ၎င်း၏ အခြေအနေမှာ သာမာန် ပြိုင်ပွဲဝင် တစ်ဦးထက် အနည်းငယ်မျှသာ သာပေလိမ့်မည်။
ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲ၏ ချိန်ခွင်လျှာမှာ စုချန်းဖက်သို့ ရောက်ရှိ လာတော့သည်။ ဤအတိုင်းသာ ဆက်၍ တိုက်ခိုက်နေလျင် ငွေဝတ်စုံလူငယ်နှင့် ဖန်းယွဲ့တို့ နှစ်ယောက်လုံးသည် စုချန်း၏ လက်ချက်ကြောင့် အသက်ပျောက် သွားပေလိမ့်မည်။
ထိုအခါ ချင်းလင်အာက မျက်ခုံးအစုံကို ပင့်ရင်း ပြောလိုက်သည်။
"တကယ်တော့ ရှင်မဆိုးဘူး တော်တယ်လို့တောင် ပြောလို့ရတယ် တော်ဝင်သွေးဗီဇ မျိုးနွယ်စုဝင် နှစ်ယောက်ကိုတောင် အသာလေး ထိန်းချုပ်နိုင်တယ် အင်အား ပြင်းထန်တဲ့ မူလစွမ်းရည် တချို့ကို ပိုင်ဆိုင်ထားရုံတင် မကဘူး တိုက်ခိုက်တဲ့နေရာမှာ ပါရမီ ပါလာတယ်လို့တောင် ဆိုနိုင်တယ် ဒါပေမဲ့ ကံမကောင်းစွာပဲ ….."
ချင်းလင်အာက စကားမဆက်သေးပဲ အားရပါးရ ရယ်မောလိုက်သည်။ ပြီးမှ သူမက စကားကို ဆက်လိုက်၏။
"ကံမကောင်းစွာပဲ ရှင်ရင်ဆိုင်နေရတာ တော်ဝင်မျိုးနွယ်စုဝင် နှစ်ယောက်တည်း မဟုတ်ဘူး သုံးယောက်ရှင့် သုံးယောက်"
စကားဆုံးသည်နှင့် ချင်းလင်အာက စုချန်းကို စိုက်ကြည့် လိုက်သည်။ သူမ၏ မျက်လုံးထဲတွင်ကား ထူးဆန်းသော အရိပ်အယောင် တချို့ ယှက်သန်းနေ၏။