ညှို့ငင်လိပ်ပြာ (၂)
Vol. 15 Ch. 143
ချင်းလင်အာ၏ စကားကို ကြားသည်နှင့် စုချန်းက မြူခိုးကြားထဲမှ မြွေခြေလှမ်းကို နှိုးဆွလိုက်၏။ သူ့ပုံစံသည် ဖိအားများ အောက်တွင် ပြာယာခတ်နေသယောင် ထင်ရသော်လည်း အမှန်တော့ အရာအားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲသာ ဖြစ်သည်။ ထိုအခိုက်မှာပင် သူ၏ အမြင်အာရုံသည် ရုတ်တရက် မှောင်မိုက်လာ၏။ သူ့ရင်ထဲတွင်လည်း မည်သည့် အကြောင်းပြချက်မှ မရှိပဲ မူးဝေ အော့အန်လို စိတ်များ ပေါ်ပေါက် လာတော့သည်။
ငွေဝတ်စုံလူငယ်၏ သံမဏိလှံချက်ကို ပိတ်ဆို့ ကာကွယ်လိုက်ပြီးနောက် ဖန်းယွဲ့၏ ဓားချက်ကို ရှောင်တိမ်းရန် ကြိုးစားနေခိုက်မှာပင် ထိုဝေဒနာ ပေါ်ပေါက်လာခြင်း ဖြစ်လေရာ စုချန်းခမျာ အတော်လေး ဘေးကျပ်နံကျပ် ဖြစ်သွား၏။ သူ၏ လှုပ်ရှားမှုမှာလည်း နှေးကွေးသွား၏။ သို့သော် စုချန်းသည် မူးဝေအော့အန် လိုသော စိတ်ကိုအတင်းပင် ထိန်းချုပ်ပြီး လေထဲသို့ ခုန်ထွက်ကာ ဓားချက်ကို ရှောင်တိမ်း ပေးလိုက်သည်။ သို့သော် လေးလံ တုံ့ဆိုင်းနေသော လှုပ်ရှားမှုကြောင့် ဖန်းယွဲ့၏ ဓားက သူ၏ ခါးကို ရှပ်ကာ ခုတ်မိ သွားတော့သည်။
ဖန်းယွဲ့၏ မူလစွမ်းရည်မှာကား အတော်လေး ထူးဆန်းသည်ဟု ဆိုရမည်။ အကြောင်းမှာ ဓားချက်သည် အပေါ်ယံ အရေပြားကိုသာ ခြစ်မိသွားဟန် ရှိသော်လည်း ချက်ချင်းပင် ဒဏ်ရာမှာ ပွင့်ထွက်သွားပြီး အပေါက်တစ်ပေါက် ဖြစ်ပေါ်လာတော့သည်။ စုချန်းက လျင်မြန်စွာ နောက်ဆုတ်ရင်း ချင်းလင်အာကို လှမ်းကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ထူးခြားသော အပြုံးတစ်မျိုး ပေါ်ပေါက်နေပြီး သူမ၏ မျက်လုံးအစုံမှာကား တောက်ပသော အလင်းရောင် တချို့ ပေါ်ထွက်နေကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအခါ မူးဝေ အော့အန်လိုသော ခံစားချက်များ ပေါ်ပေါက်မလာမီ ချင်းလင်အာနှင့် အကြည့်ချင်း ဆုံမိသွားကြောင်း စုချန်း သတိရလာ၏။
အခြေအနေမှာ သိပ်မဟန်တော့မှန်း စုချန်း သဘောပေါက်လိုက်၏။ ထိုအခါ သူက ခေါင်းကိုနှိမ့်ပြီး ချင်းလင်အာ၏ အကြည့်ကို မျက်နှာလွှဲဖယ် လိုက်သည်။ သို့တိုင်အော် သူမ၏ အပြုံးသည် သူ၏ အတွေးအာရုံများ နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာသကဲ့သို့ ခံစားနေရ၏။ သူ့နားထဲတွင် ပဲ့တင်ထပ်နေသော ရယ်မောသံများသည် သူ၏ တိုက်ပွဲအခြေအနေကို သုံးသပ်နိုင်စွမ်းနှင့် ပတ်ဝန်းကျင်အပေါ် အကဲဖြတ်နိုင်စွမ်းကို ဆိုးဆိုးဝါးဝါး ထိခိုက်စေသကဲ့သို့ ရှိလေသည်။
ထူးခြား ဆန်းကြယ်လှသော စိတ်လှည့်စားခြင်း နည်းစနစ်ပေတကား။
လီနှင့်မတူသည်မှာကား ချင်းလင်အာ၏ စိတ်လှည့်စားခြင်း နည်းစနစ်သည် တစ်ဖက်လူ၏ စိတ်အာရုံနှင့် နှလုံးသားသို့တိုင် ထိုးဖောက် ဝင်ရောက်နိုင်ပြီး ထိုလူ၏ အသိတရားကို ထိုးနှက် တိုက်ခိုက်နိုင်စွမ်း ရှိနေခြင်းပင် ဖြစ်သည်။
စုချန်း၏ အစာအိမ်ပေါ်ရှိ ဒဏ်ရာကိုကြည့်ရင်း ချင်းလင်အာက အော်ဟစ်လိုက်သည်။
"သူ့ဒဏ်ရာက တယ်လဲ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာပါလား နောက်တစ်ကြိမ် ကြိုးစားလိုက်ကြစမ်းဟေ့"
စကားဆုံးသည်နှင့် သူမက လေထဲသို့ ခုန်ထွက် လိုက်လေရာ မနက်ခင်း၏ နေရောင်ခြည် အောက်ဝယ် သူမ၏ တောင်ပြောင်သော အဝတ်အစားများမှ အရောင်မျိုးစုံ ဖြာထွက်နေ၏။ အမှတ်တမဲ့ ကြည့်လိုက်လျင် ရောင်စုံလိပ်ပြာကြီး တစ်ကောင် ပျံသန်းနေသည်ဟုပင် ထင်မှတ်ဖွယ်ရာ ရှိသည်။ ထိုအချိန်မှာပင် သူမက လက်နှစ်ဖက်ကို လှပစွာ ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံး မွှေးကြိုင် သင်းပျံ့လာပြီး လေလှိုင်း တစ်ခုသည် စုချန်းထံသို့ တိုးဝင်လာ၏။ ထိုအခြင်းအရာကို မြင်တွေ့လိုက်သည်နှင့် ချင်းလင်အာ တစ်ယောက် သူမ၏ ကျောက်စိမ်း နှင်းစက် အမွှေးနံသာကိုပင် စတင်အသုံးပြုလိုက်ပြီ ဖြစ်ကြောင်း လူတိုင်း သဘောပေါက်မိကြသည်။
ညှို့ငင်လိပ်ပြာဟူသော နာမည်သည် အဆိပ်ကင်းခြေများ ကဲ့သို့ပင် ထူးခြားချက် နှစ်ခုရှိ၏။ ပထမ စကားလုံး "ညှို့ငင်"ဟူသည် စိတ်လှည့်စားခြင်း နည်းစနစ်ကို ရည်ညွှန်းပြီး ဒုတိယစကားလုံး "လိပ်ပြာ"မှာကား ကျောက်စိမ်း နှင်းစက်အမွှေးနံသာကို ဆိုလိုခြင်း ဖြစ်သည်။ ယခုအချိန်ထိ ချင်းလင်အာ၏ ပုံစံသည် တိုက်ပွဲကို ပေါ့လျော့စွာ တိုက်ခိုက်နေသယောင် ရှိသော်လည်း အမှန်တော့ သူမ၏ ဝှက်ဖဲများကိုပင် စတင်ထုတ်သုံးလိုက်ပြီ ဖြစ်သည်။
ကျောက်စိမ်း နှင်းစက် အမွှေးနံသာသည် လေလှိုင်းနှင့်အတူ စုချန်းထံသို့ မြောလွင့်လာ၏။ စုချန်းကား ထိုအမွှေးနံသာ၏ စွမ်းရည်ကို တိကျစွာ မသိရှိလေရာ မလိုအပ်ပဲ အရဲမကိုးလို။ ထိုအခါ သူက မိုးကြိုးဓားကို အသုံးပြုပြီး အမွှေးနံသာ လေစီးကြောင်းကို ရင်ဆိုင်ထိန်းချုပ် ထားလိုက်၏။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူ၏ အထင်နှင့်အမြင်မှာ တက်တက်စင်အောင် လွဲမှား သွားတော့သည်။ အနှီအမွှေးနံသာ များသည် စုချန်းကို ရည်ရွယ်ပုံ မရချေ။ အမွှေးနံ့များ ထွက်ပေါ်လာသည်နှင့် ငွေဝတ်စုံလူငယ်နှင့် ဖန်းယွဲ့တို့သည် အသက်ကို ပြင်းထန်စွာ ရှုသွင်းလိုက်၏။ ထိုခဏမှာပင် ၎င်းတို့၏ ပုံစံသည် အားအင်များ ပြန်လည် ပြည့်ဝကာ ဖြတ်လတ် တက်ကြွလာပုံ ရလေသည်။
ပြင်းထန်သော တိုက်ပွဲကား ပြန်လည်စတင် ပြန်ချေပြီ။ ငွေဝတ်စုံလူငယ်သည် လှံကိုဝင့်ကာ စုချန်းကို လှမ်းထိုးလိုက်၏။ လူငယ်၏ လက်ထဲရှိ သံမဏိလှံတံသည် နဂါးကြီးတစ်ကောင် ကခုန်နေသကဲ့သို့ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်နှင့် စုချန်းထံသို့ ပြေးဝင်လာ၏။ ထိုအခါ စုချန်းက ဓားကိုမြှောက်ကာ လူငယ်၏ လှံချက်ကို ခုခံကာကွယ် လိုက်သည်။ သို့သော် လှံတံနှင့်အတူ ပါဝင်လာသော ပြင်းထန်လှသည့် အင်အားကြောင့် စုချန်း၏ ခုခံမှုသည် အလကား ဖြစ်သွားရသည်။ လူငယ်၏ လှံသည် စုချန်း၏ ဓားကို ကျော်ဖြတ်ပြီး အကာအကွယ်ပေါ်သို့ နက်ရှိုင်းစွာ ဖောက်ထွင်း ဝင်ရောက်သွားတော့သည်။
ထိုအချိန်မှာပင် ဖန်ယွဲ့၏ဓားကလည်း ယခင်ကထက် ပို၍ မြန်ဆန်သော အရှိန်အဟုန်ဖြင့် စုချန်းထံသို့ တိုးဝင်လာခဲ့လေပြီ။ စုချန်းအနေနှင့် ဤတကွက်ကို ရှောင်တိမ်းနေရန် အချိန်မရှိတော့။ ဤအချိန်တွင် သူ့အတွက် ရွေးချယ်စရာဟူ၍ တစ်ခုသာ ရှိတော့သည်။ ၎င်းမှာ ကနဦး ကတည်းက ပြင်ဆင်ထားသော ဝိညာဉ်မျက်လုံးကို ထုတ်သုံးရန်သာ ဖြစ်သည်။ အမှန်တော့ သူသည် ဝိညာဉ် မျက်လုံးကို ချင်းလင်အာ အပေါ်တွင် ထုတ်သုံးရန် စီစဉ်ထားခြင်း ဖြစ်သည်။ ယခုတော့ ဖန်းယွဲ့ကြောင့် ဝိညာဉ် မျက်လုံးကို အချိန်မတန်ပဲ ထုတ်သုံး ရပေတော့မည်။
ဝိညာဉ်မျက်လုံးကြောင့် ဖန်းယွဲ့၏ တိုက်ခိုက်မှုသည် ရုတ်တရက် ရပ်တန့်သွား၏။ ထိုအခွင့်အရေးကို အသုံးချပြီး စုချန်းသည် ၎င်းတို့နှစ်ယောက်၏ ပူးပေါင်း တိုက်ခိုက်မှုကို ပွတ်ကာသီကာနှင့် ရှောင်တိမ်း နိုင်ခဲ့လေသည်။ စုချန်း အတော်လေး ထိတ်လန့်သွား၏။ လက်စသတ်တော့ ကျောက်စိမ်း နှင်းစက် အမွှေးနံသာဟူသည် အဆိပ်မဟုတ်ပဲ တိုက်ခိုက်ရေး စွမ်းရည်ကိုသာ တိုးမြှင့်ပေးခြင်း ပေတကား။ ဤအကြောင်းကိုသာ အစကတည်းက ကြိုသိလျင် ထိုအမွှေးနံသာများကို ရှောင်တိမ်းရန် မကြိုးစားပဲ ဖန်းယွဲ့ တို့ကဲ့သို့ပင် စုချန်းလည်း အားရပါးရ ရှုရှိုက်လိုက်မည်သာ။
အမှန်တော့ ကျောက်စိမ်းနှင်းစက် အမွှေးနံသာ၏ စွမ်းရည်မှာ စုချန်း ယူဆနေသကဲ့သို့ မရိုးရှင်းလှပေ။ ၎င်း၏စွမ်းရည်သည် ထိန်းချုပ်ခံထားရသူများ အပေါ်တွင်သာ အကျိုးသက်ရောက်နိုင်၏။ ပို၍ဆိုးသည်မှာကား ရန်သူများအဖို့ ၎င်းကို ရှုရှိုက်မိသည်နှင့် သတိလက်လွတ် ဖြစ်သွား စေနိုင်ခြင်းပင်။ အကယ်၍ စုချန်းသာ ထိုအမွှေးနံသာများကို ရှုရှိုက်မိပါက သူ၏ ဦးခေါင်းကို ငွေဝတ်စုံလူငယ်နှင့် ဖန်းယွဲ့တို့ လက်ထဲသို့ ဝကွက်အပ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။
ထိုအခါ စုချန်းက လေပေါ်တွင် လွင့်မြော ပျံသန်းနေသော ချင်းလင်အာကို ဖြတ်ခနဲ လှမ်းကြည့် လိုက်ပြန်သည်။ သူမ၏ အမွှေးနံသာ များအပေါ် စုချန်း၏ တုံ့ပြန်ပုံကို မြင်တွေ့ရသော်လည်း ချင်းလင်အာကား အနည်းငယ်မျှပင် စိတ်ပျက်ခြင်းမရှိ။ ထိုအစား သူမပါးစပ်မှ လေပြင်း တစ်ချက်ကို မှုတ်ထုတ်လိုက်၏။ အမွှေးနံ့များ သင်းပျံ့နေသော လေထုသည် စုချန်းဆီသို့ ဦးတည် ရွေ့လျားလာ၏။ ထိုအခိုက်မှာပင် ဖန်းယွဲ့နှင့် ငွေဝတ်စုံ လူငယ်တို့၏ ပုံရိပ်ယောင်ပေါင်း မြောက်များစွာ ပေါ်ပေါက် လာသကဲ့သို့ စုချန်း မြင်တွေ့နေရ၏။ မည်သူက ဖန်းယွဲ့အစစ်၊ မည်သူက ငွေဝတ်စုံလူငယ် အစစ်မှန်း စုချန်း မခွဲခြားနိုင်တော့။
အမှန်တော့ ကျောက်စိမ်းနှင်းစက် အမွှေးနံသာဟူသည် အဆိပ်လည်း မဟုတ်သလို ဆေးအစွမ်းလည်း မဟုတ်ချေ။ သွေးဗီဇ ပိုင်ဆိုင်ထားသူများသာ အသုံးပြုနိုင်သည့် မူလစွမ်းရည် တစ်မျိုးသာ ဖြစ်သည်။ ၎င်းသည် တစ်စုံတစ်ယောက်၏ အသိညဏ်နှင့် တိုက်ခိုက်ရေး စွမ်းရည်အပေါ် သက်ရောက်နိုင်ရုံမက အရွယ်အစားအမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုးရှိသည့် ပုံရိပ်ယောင် များကိုလည်း ထုတ်လွှတ်ပေးနိုင်၏။ ဤမူလစွမ်းရည်၏ အသုံးဝင်ပုံမှာ အတိုင်းအဆ မရှိပေ။ ဤနေရာတွင် ချင်းလင်အာသည် ငယ်သေး၍ ဤနည်းစနစ်၏ အမြင့်ဆုံးစွမ်းရည်ကို မလေ့ကျင့်နိုင် သေး၍သာ တော်တော့သည်။ သို့မဟုတ်လျင် တိုက်ပွဲစည်းဝိုင်း တစ်ခုလုံးသည် ပုံရိပ်ယောင်များ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက် သွားပေလိမ့်မည်။ ပုံရိပ်အစစ်နှင့် အတုကို ခွဲခြား ရသည်မှာလည်း အလွန်ပင် ခက်ခဲလှပေရာ ဤတစ်ချက်တည်းနှင့် ဤနည်းစနစ်၏ စွမ်းရည်ကို တွက်ဆနိုင်ပေ၏။
ချင်းလင်အာ တစ်ယောက် ကျောက်စိမ်း နှင်းစက်အမွှေးနံသာ၏ အမြင့်ဆုံးစွမ်းရည်ကို မရရှိသေးသော်လည်း လက်ရှိ အနေအထားနှင့်ပင် စုချန်းအဖို့ အတော်လေး ဘေးကျပ်နံကျပ် ဖြစ်နေခဲ့လေပြီ။ ထိုအခါ သူက ချင်းလင်အာကို ဖြတ်ခနဲ လှမ်းကြည့်ရင်း ပြောလိုက်သည်။
"အစောပိုင်းတုန်းက ကျုပ်ဟာ အဆိပ်ကင်းခြေများနဲ့ တွေ့ခဲ့ပြီးပြီ သူ့အဆိပ်ဟာ အတော်လေး အင်အား ပြင်းထန်တာပဲ"
ချင်းလင်အာ ကြောင်အမ်းအမ်း ဖြစ်သွား၏။ စုချန်းတစ်ယောက် အဘယ်ကြောင့် ကောက်ခါငင်ခါနှင့် ထိုစကားမျိုး ပြောဆိုရသနည်း။ သူမ နားမလည်နိုင်တော့။ စုချန်းက စကားဆက်ပြန်သည်။
"ဒါပေမဲ့ သူရှုံးနိမ့်သွားခဲ့တယ် နောက်တစ်ခါ ကျုပ်ဟာ အမှောင်ထဲမှာ တိုက်ခိုက်တဲ့ နေရာမှာ အလွန်ထူးချွန်တဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ ထပ်တွေ့ခဲ့ပြန်တယ် သူလည်း ကျုပ်လက်အောက်မှာ ရှုံးနိမ့်သွားတာပဲ နောက်တစ်ယောက် ကျပြန်တော့ အအေးဓာတ် တိုက်ခိုက်မှုမျိုးကို အလွန် ကျွမ်းကျင်တဲ့သူပဲ ဘယ်လောက်တောင်လည်းဆိုရင် သူ့မူလစွမ်းရည်က တခြားလူတွေရဲ့ မူလစွမ်းရည်တွေကိုတောင် ဓာတ်ပြယ် သွားစေနိုင်တယ် ဒါပေမဲ့ သူလည်း ကျုပ်ကို မယှဉ်နိုင်ပဲ ရှုံးနိမ့်သွားခဲ့တယ် သူတို့အားလုံးရဲ့ မူလစွမ်းရည်တွေဟာ တကယ်ကိုပဲ အင်အားကြီးမား ကြပါပေတယ် ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ ပြိုင်ဘက်ကင်းဆိုတဲ့ အခြေအနေမျိုးကို ရောက်မလာခဲ့ကြဘူး ဘာကြောင့်လည်း ဆိုတော့ သူတို့မှာ ကိုယ်ပိုင်ကန့်သတ်ချက်တွေ ရှိနေလို့ပဲ"
မည်သည့် အတွက်ကြောင့်မှန်းမသိ ချင်းလင်အာ တစ်ယောက် မသိမသာ တုန်လှုပ်စ ပြုလာ၏။ ထိုအချိန်တွင် စုချန်းက စကားဆက်ပြန်သည်။
"ခင်ဗျားရဲ့ စိတ်လှည့်စားခြင်း နည်းစနစ်ဟာ လူတွေကို ထိန်းချုပ်နိုင်ပြီး ဒီလူတွေကို ခင်ဗျား အလိုရှိသလို စေစားနိုင်လောက်တဲ့အထိ အစွမ်းထက်ပါပေတယ် ဒီလိုအနေအထားမှာ ခင်ဗျားသာ တကယ့်ပညာရှင် တစ်ယောက်ကို ထိန်းချုပ်နိုင်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ရင် ခင်ဗျားဟာ ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်လာနိုင်တယ် ဒါပေမဲ့ ခင်ဗျား မလုပ်နိုင်ခဲ့ဘူး ကျုပ်ပြောတာ ဟုတ်ရဲ့လား ဂျီဟန်းယင် အကြောင်း ပြောတဲ့အခါ ဒီအမျိုးသမီးနဲ့ ယှဉ်ပြိုင် တိုက်ခိုက် ရလောက်တဲ့အထိ ဘယ်သူမှ မမိုက်မဲဘူးလို့ ခင်ဗျား ပြောခဲ့တယ် ဒီတော့ ဆိုလိုတာက ခင်ဗျားအနေနဲ့ သူ့ကို မထိန်းချုပ်နိုင်ဘူး ဆိုတာပဲ ဒါတင်မကသေးဘူး ခင်ဗျားဟာ ကျုံးတင် ကျန်းချန်းအန် တို့ကိုလည်း မထိန်းချုပ်နိုင်ဘူး ဆိုတာ ကျုပ်သိတယ် ဒါဟာ ခင်ဗျားရဲ့ အကန့်အသတ်က ဘယ်မှာ အဆုံးသတ် သွားသလဲ ဆိုတာပဲဗျ ခင်ဗျားဟာ ခင်ဗျားထက် အင်အား ကြီးမားတဲ့ လူတွေကို မထိန်းချုပ်နိုင်ပါဘူးဗျာ"
စုချန်း၏ စကားကို ကြားလိုက်ရသောအခါ ချင်းလင်အာ၏ မျက်နှာပေါ်တွင် စက်ဆုပ်ရွံရှာဟန်များ အတိုင်းသား ပေါ်လွင်လာ၏။
"ကျွန်မနဲ့ ဒီလောက်အထိ တိုက်ခိုက်ပြီးမှ ရှင်သဘောပေါက်လာတာ ဒါပဲတဲ့လား အဲဒီတော့ ဘာဖြစ်သလဲ ကျွန်မရဲ့ လက်ရှိ အရည်အချင်းကို ရှင်နဲ့ ရင်ဆိုင်ဖို့တော့ လုံလောက်နေသားပဲ"
"မဟုတ်သေးဘူးဗျ ဒီလောက်တော့ ဘယ်လွယ်ပါ့မလဲ"
ချင်းလင်အာ၏ တိကျသေချာနေပုံကို ကြည့်ရင်း စုချန်းက ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"ခင်ဗျားရဲ့ စိတ်လှည့်စားခြင်း နည်းစနစ်မှာ အဓိက အားသာချက်လို့ ဆိုရမဲ့ တခြားလူတွေအပေါ် ထိန်းချုပ်နိုင်စွမ်းဟာ အဲဒီလူရဲ့ ခွန်အားအပေါ် မမူတည်ပဲ သူ့ရဲ့ စိတ်စွမ်းအင် အပေါ်မှာပဲ မူတည်နေတာကလား"
အထက်ပါ စကားကို ကြားလိုက်ရသောအခါ ချင်းလင်အာ တစ်ယောက် အတော်လေး လန့်ဖြတ်သွား၏။ သူမ၏ အမူအရာကိုကြည့်ရင်း စုချန်းက အားရပါးရ ရယ်မောလိုက်သည်။
"ဒီတခါလည်း ကျုပ်ရဲ့ ခန့်မှန်းချက်က မှန်သွားပြန်ပြီနဲ့ တူတယ်"
"ဒီတော့ ဘာဖြစ်သလဲ ဒီလိုသိတာက ရှင့်အတွက် ဘာများ အထောက်အကူ ဖြစ်သွားမှာမို့လို့လဲ"
ပြောပြောဆိုဆို ချင်းလင်အာက အမွှေးနံသာ လေစီးကြောင်းကို ထပ်မံထုတ်လွှတ်ပြီး တိုက်ခိုက် လိုက်ပြန်သည်။ များပြားလှသော ပုံရိပ်ယောင်များက ဖန်းယွဲ့နှင့် ငွေဝတ်စုံ လူငယ်တို့၏ အမှန်တကယ် တိုက်ခိုက်မှုကို ဖုံးကွယ် ထားလေသည်။ စုချန်းကား ကိုယ့်ကိုယ်ကို ရေပက်မဝင်အောင် ကာကွယ်ထားပြီး စကားကိုမရပ်ပဲ ဆက်လက် ပြောဆိုနေ၏။
"စကားပြောနေရုံနဲ့ကတော့ ဘာမှမလုပ်နိုင်ဘူးပေါ့ဗျာ ဒါပေမဲ့ ပြောလို့ မပြီးသေးတော့ ဆက်ပြောရအုံးမှာပဲဗျ ခင်ဗျား ဒီကို ရောက်လာတုန်းက ခင်ဗျားနဲ့အတူ လူတစ်ယောက် ပါလာတယ် ခုကျတော့ ခင်ဗျားဟာ လူနှစ်ယောက်ကို ထိန်းချုပ်ပြီး ကျုပ်နဲ့ တိုက်ခိုက်စေနိုင်ခဲ့တယ် ခင်ဗျားရဲ့ မူလစွမ်းရည်မှာ ဒီလို အင်အားမျိုး ရှိနေတယ်ဆိုတော့ ဘာကြောင့်များ လူများများစားစားကို တစ်ခါတည်း ထိန်းချုပ်ထားဖို့ မစဉ်းစားရတာပါလိမ့် ခုဆိုရင် ပြိုင်ပွဲကျင်းပနေတာ နှစ်ရက်တောင်ရှိခဲ့ပြီ ခင်ဗျားသာ ဒီလိုလုပ်ခဲ့လို့ရှိရင် ခင်ဗျားနောက်မှာ လူစုလူဝေးတောင် ဖြစ်နေလောက်ရောပေါ့ ဒါပေမဲ့ ခင်ဗျား မလုပ်ခဲ့ဘူး အဲလိုလုပ်မဲ့အစား ခင်ဗျားနဲ့အတူ လူတစ်ယောက်တည်းကိုပဲ ခေါ်လာခဲ့တယ် ဒါဘာအဓိပ္ပာယ်လဲဗျ ပြီးတော့ ခုနတုန်းက ဖန်းယွဲ့ကို မထိန်းချုပ်ခင် လူနှစ်ယောက်ကို အမိန့်ပေးပြီး ကျုပ်နဲ့ တိုက်ခိုက်စေခဲ့တယ် ခင်ဗျားသာ မရူးဘူးဆိုရင် လူလေးယောက်ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ဖို့ စဉ်းစားမိမှာပဲ ငါးယောက် တစ်ယောက်သာ တိုက်ရရင် ကျုပ်အဖို့ ဘာအကြောင်းကြောင့်မှ နိုင်စရာ လမ်းမရှိတော့ဘူးလေဗျာ ဒါကိုလည်းခင်ဗျား မလုပ်ခဲ့ပြန်ဘူး ဘာကြောင့်ပါလိမ့်"
နောက်ဆုံးတွင်ကား ချင်းလင်အာ၏ အမူအရာက ပြောင်းလဲစ ပြုလာခဲ့လေပြီ။ ထိုအခါ စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
"ဘာကြောင့်လည်း ဆိုတော့ ဒါဟာ စွမ်းအင်ကို အလွန်အမင်း ကုန်ခန်းစေလို့ပဲ ကျုပ်ပြောတာ ဟုတ်ရဲ့လား ခင်ဗျားအနေနဲ့ လူတွေကို ကြိုက်သလောက် ထိန်းချုပ်နိုင်တယ် ဒါပေမဲ့ လူတစ်ယောက်ကို ထိန်းချုပ်လိုက်တိုင်း ခင်ဗျားအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ပိုလာသလိုပဲမလား ဒီတော့ ခင်ဗျားရဲ့ အစီအစဉ်က ဘေးနားမှာ လူတစ်ယောက်ပဲ ထားမယ် တိုက်ရမယ် ခိုက်ရမယ်ဆိုတော့မှ နောက်တစ်ယောက်ကို အလျင်းသင့်သလို ထိန်းချုပ်မယ် ဒါကြောင့်မို့လို့ ကျုပ်က ခင်ဗျားနဲ့ မီးကုန်ယမ်းကုန် တိုက်ခိုက်နေစရာ ဘာအကြောင်းမှ မရှိဘူးဗျ ကျုပ်လုပ်ရမဲ့ အရာဆိုလို့ လက်ရှိ ကျုပ်ရဲ့အနေအထားကို ထိန်းသိမ်းထားနိုင်ဖို့ပဲ ဒီလိုဆိုရင် ကျုပ်နေနဲ့ ခင်ဗျားကို အနိုင်မရနိုင်ရင်တောင် မရှုံးနိမ့်နိုင်ဘူးဗျ ဘာကြောင့်လဲဆိုတော့ အချိန်ကြာလာတာနဲ့အမျှ မူလစွမ်းအင်တွေ ကုန်ခန်းပြီး ခင်ဗျားအနေနဲ့ မောပန်းလာတော့မှာကိုး"
"ခွေးသူတောင်းစား"
ချင်းလင်အာက ကြောက်လန့်တကြားနှင့် ဆဲဆိုလိုက်သည်။
အမှန်တော့ စုချန်း၏ စကားလုံးများသည် ချင်းလင်အာ၏ အကြီးမားဆုံး အားနည်းချက်ကို ကွက်တိ ထိုးနှက်လိုက်သည်နှင့်ပင် တူနေသေးသည်။ သူမ၏ မူလစွမ်းရည်သည် အမှန်တကယ် အင်အားကြီးမား၏။ လူအများကို ခြွင်းချက်မရှိ ထိန်းချုပ်နိုင်၏။ သို့သော် သူမသည် စိတ်စွမ်းအင် မြင့်မားသော လူများကို ထိန်းချုပ်နိုင်စွမ်း မရှိသလို ပစ်မှတ် အများစုကိုလည်း တစ်ကြိမ်တည်းတွင် ထိန်းချုပ်နိုင်စွမ်း မရှိပေ။ လူတယောက်၏ အသိဉာဏ်ကို ထိန်းချုပ်နေစဉ် ကာလအတွင်း သူမ၏ မူလစွမ်းအင်များသည် တဖြည်းဖြည်း စိမ့်ထွက်နေ၏။ အကယ်၍ ထိုလူ၏ ခုခံနိုင်စွမ်းကသာ မြင့်မားလာပါက မူလစွမ်းအင်ကုန်ဆုံးမှု နှုန်းထားမှာ အလွန်ပင် လျင်မြန်လာတော့သည်။ အကယ်၍ ထိုအားနည်းချက်သာ မရှိခဲ့လျှင် ချင်းလင်အာသည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်လာနိုင်၏။ ဂျီဟန်းယင်၊ ကျုံးတင်နှင့် ကျန်းချန်းအန်တို့ကိုသာ ကြာရှည် ထိန်းချုပ်နိုင်ပါက သူမကို မည်သူများ ယှဉ်နိုင်အုံးမည်နည်း။
စုချန်းသည် သူမ၏ ထိုအားနည်းချက်ကို ကနဦးကတည်းကပင် ရိပ်စားမိခဲ့၏။ သူ့အနေနှင့် လုပ်စရာဟူ၍ တိုက်ပွဲကို ကြာနိုင်သမျှကြာအောင် ဆွဲဆန့်ထားရုံသာ။ အချိန်ကြာလာသည်နှင့်အမျှ သူမ မောပန်း လာပေလိမ့်မည်။ ထိုအချိန်သည် စုချန်း အနိုင်ရရှိမည့် အချိန်ပင် ဖြစ်သည်။ အမှန်တော့ တိုက်ပွဲအတွင်း မရှုံးနိမ့်သွားစေရန် ကြံ့ကြံ့ခံ ခုခံခြင်းအပြင် စုချန်းအဖို့ နောက်ထပ် လုပ်နိုင်သောအရာ တစ်ခုတော့ ရှိနေသေး၏။ ၎င်းမှာ ပြိုင်ဘက်ဖြစ်သူအား စကားလုံးများဖြင့် ထိုးနှက် တိုက်ခိုက်ခြင်းရန်ပင် ဖြစ်သည်။
ထိုအခါ သူက လေသံကို နှိမ့်ကာ ပြောလိုက်သည်။
"ဟေ့ ဖန်းယွဲ့ မင်းအိပ်ပျော်နေတာလား ဒါမှမဟုတ် မင်းရဲ့ ဘဝတစ်လျှောက်လုံး တကယ်ပဲ ဒီမိန်းမရဲ့ ရုပ်သေးရုပ် ဖြစ်ချင်နေတာလား"
ဖန်းယွဲ့၏ ပုံစံမှာ အနည်းငယ် ငိုင်တွေသွား၏။ သူ၏ ခုခံနိုင်စွမ်းမှာလည်း ပို၍အားကောင်း လာတော့သည်။ ချင်းလင်အာကား အလွန်ပင် ထိတ်လန့်သွားပြီး ဖန်းယွဲ့အပေါ် သူမ၏ အင်အားကို ပို၍ တိုးမြှင့်လိုက်လေရာ မူလစွမ်းရည်များမှာ မိုးဦးကျ တောင်ကျရေ စီးဆင်းသည့်ပမာ တလဟော စီးထွက် ကုန်တော့သည်။
အသုံးမကျတဲ့ ခွေးနှစ်ကောင် ခုချိန်ထိ ဒီကောင့်ကို မရှင်းပစ်နိုင်သေးဘူး ...
ချင်းလင်အာ တစ်ယောက် ဒေါသထွက်ထွက်နှင့် ကျိန်ဆဲမိတော့သည်။ ထိုအတောအတွင်းဝယ် စုချန်းသည် မြူခိုးကြားထဲမှ မြွေခြေလှမ်းကို အမြင့်ဆုံးထိ ထုတ်သုံးကာ ရှောင်တိမ်းခြင်းကိုသာ အဓိက အာရုံစိုက်ထား၏။ တစ်ခါတရံတွင် ခုခံတားဆီးခြင်းမှအပ ရန်သူနှစ်ယောက်ကို တကွက်တလေမှပင် ပြန်လည် တိုက်စစ်ဆင်ခြင်း မရှိ။
တိုက်ပွဲကို ကြည့်နေရင်း ချင်းလင်အာ၏ မျက်နှာမှာ ကြည့်ရဆိုးလောက် အောင်ပင် ရုပ်ပျက်ဆင်းပျက် ဖြစ်လာ၏။
"ခွေးကောင် ဒီလိုနည်းလမ်းလောက်နဲ့များ ငါ့ကို ရင်ဆိုင်လို့ရမယ် ထင်နေတာလား စိတ်လှည့်စားခြင်း နည်းစနစ်မရှိရင်တောင် ညှို့ငင်လိပ်ပြာ မျိုးနွယ်စုဆိုတာ အလွယ်တကူ ရန်စလို့ရတဲ့ မျိုးနွယ်စု မဟုတ်ဘူးဟဲ့"
စကားဆုံးသည်နှင့် ချင်းလင်အာ၏ လက်တွင် ဓားတစ်လက် ဖြတ်ခနဲ ပေါ်ပေါက်လာပြီး မီးခိုးငွေ့များနှင့် ကြဲပက်လိုက်သည့်ပမာ စုချန်းထံသို့ ပျံ့လွင့်လာ၏။ သူမ၏ တိုက်ခိုက်မှုမှာကား နှင်းမုန်တိုင်း ကျသကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ နောက်ဆုံးတွင်တော့ ချင်းလင်အာ တစ်ယောက် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် တိုက်ခိုက်လာခဲ့ပေပြီ။
တော်ဝင်မျိုးနွယ်စုဝင် သုံးယောက်ကား မြောက်ပိုင်းမြို့တော်မှ သွေးနှောလူငယ်လေး တစ်ယောက်ကို ဝိုင်းအုံ တိုက်ခိုက်နေကြ၏။ သံမဏိလှံတံနှင့် ဓားလှိုင်းများကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး မုန်တိုင်း ကျနေသကဲ့သို့ ရှိလေသည်။ စုချန်းကား နောက်သို့သာ တစ်ချိန်လုံး ဆုတ်ပေး နေရရှာသည်။ သို့သော် ထိုသို့ နောက်ဆုတ်ရင်းနှင့်ပင် သူသည် လက်စွပ်အတွင်းမှ တွေ့ကရာ ပစ္စည်းများအား ဆွဲထုတ်ကာ ချင်းလင်အာတို့ သုံးယောက်အား ပစ်ပေါက်နေ၏။ ထိုပစ္စည်းများမှာကား ချက်ပြုတ် စားသောက်သော အိုးခွက်ပန်ကန်များ၊ သားရဲသတ္တဝါဆိုးအရေခွံများ၊ အရိုးများ၊ ဝိုင်ကရားများ စသည်တို့ပင် ဖြစ်ကြလေသည်။ စုချန်း၏ အဖြစ်သနစ်ကို ကြည့်ရင်း ချင်းလင်အာက ရယ်မောလိုက်သည်။
"နင့်ကိုကြည့်ရတာ သနားစရာ ကောင်းလိုက်တာဟယ် ဘာအကြံဉာဏ်မှ မရှိတော့ဘူးလား ကြည့်စမ်းပါအုံး တွေ့ကရာ အမှိုက်တွေနဲ့ ပစ်ပေါက် နေလိုက်တာ"
သူမ၏ ရယ်မောသံ အဆုံးဝယ် သူတို့သုံးယောက်သည် စုချန်းအား ပြိုင်တူ တိုက်ခိုက် လိုက်ကြတော့သည်။ သူတို့၏ တိုက်ခိုက်မှုမှာကား ရက်စက်ကြမ်းကြုတ်လှ၏။
ချင်းလင်အာသည် လိပ်ပြာတစ်ကောင်ကဲ့သို့ လေထဲသို့ ခုန်ထွက်ပြီး များပြားလှသော အလင်းစက်များအား ကြဲချလိုက်၏။ သွေးဗီဇဆိုင်ရာ စိတ်လှည့်စားခြင်း နည်းစနစ် မရှိလျင်ပင် ချင်းလင်အာသည် အတော်လေး ဖြုံလောက်စရာ တိုက်ခိုက်ရေး စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည်ဟု ဆိုရပေလိမ့်မည်။ ကျန်နှစ်ယောက်ကလည်း ချင်းလင်အာကို အလယ်တွင်ထားပြီး မီးကုန်ယမ်းကုန်ပင် တိုက်ခိုက်လိုက်ကြ၏။ ထိုသုံးယောက်၏ ပူးပေါင်းတိုက်ကွက်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ဤတစ်ကြိမ်တွင်တော့ စုချန်းအနေနှင့် မည်သို့မျှ ခုခံနိုင်ဖွယ်ရာ မရှိ။
ထိုအခိုက်မှာပင် စုချန်း၏ မျက်နှာပေါ်ရှိ ထူးဆန်းသော အပြုံးကို ချင်းလင်အာ တစ်ယောက် တိတိကျကျပင် မြင်တွေ့လိုက် ရတော့သည်။ ထိုအပြုံးကို မြင်သည်နှင့် တစ်ခုခုတော့ မှားယွင်းနေပြီ ဖြစ်ကြောင်း သူမက ချက်ချင်း သဘောပေါက်လိုက်၏။ အန္တရာယ် အငွေ့အသက်များကြောင့် သူမတစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထလာ၏။ သို့သော် ထိုအန္တရာယ် မည်သည့်နေရာက ပေါ်ထွက် လာမည်ကိုကား သူမအနေနှင့် မှန်းဆနိုင်စွမ်းမရှိ။ ထိုအခါ သူမသည် အလိုအလျောက်ပင် နောက်သို့ ခုန်ဆုတ်လိုက်၏။
ထိုစဉ် စုချန်းသည် လက်ကို နောက်သို့ယူပြီး ကြာပန်းတစ်ပွင့် ဖူးပွင့်လာသည့် ပုံစံမျိုး ပြုလုပ်လိုက်၏။ ချင်းလင်အာ၏ မျက်လုံးထဲတွင်ကား ကြောက်ရွံ့တုန်လှုပ် နေဟန်များ အတိုင်းသား ထင်ဟပ်လာ၏။ ထိုအချိန်တွင် သူမလုပ်နိုင်သော အရာဟူ၍ မှော်အကာအကွယ်ကို အမြန်ဆုံး နှိုးဆွရန်သာ ရှိလေတော့သည်။
ထိုအခိုက်မှာပင် ချင်းလင်အာ၏ ခြေဖဝါး အောက်ဘက်တွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး သူမတစ်ကိုယ်လုံး လေထဲသို့ လွင့်ထွက် သွားတော့သည်။