ညှို့ငင်လိပ်ပြာ (၃)
Vol. 15 Ch. 144
ပြင်းထန်သော ပေါက်ကွဲမှုကို ခြေလှမ်းပေါင်း ရာနှင့်ချီသော နေရာမှပင် ခံစားမိနိုင်လေရာ စုချန်း၏ ပစ်မှတ်ဖြစ်သော ချင်းလင်အာတို့ သုံးယောက်လုံးသည် ပေါက်ကွဲမှု၏ ဒဏ်ကို ခံစားလိုက်ရ၏။ ချင်းလင်အားကား ပို၍ အဖြစ်ဆိုး သွားရှာ၏။ သူမသည် ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် ရှိနေခဲ့လေရာ ပြင်းထန်သော စွမ်းအင်လှိုင်းများကြောင့် သူမတစ်ကိုယ်လုံးသည် လေထုအတွင်းသို့ လွင့်စင်သွားပြီး မှော်အကာအကွယ်များ အားလုံး ပျက်စီးသွား၏။ အားလှိုင်းများ အကြိမ်ပေါင်းများစွာ ထိမှန်ခံလိုက်ရသောကြောင့် သူမ ပါးစပ်ထဲမှ သွေးများ ပွက်ခနဲ အန်ထုတ် လိုက်တော့သည်။
စုချန်း၏ တိုက်ခိုက်မှုမှာကား ထိုမျှနှင့်ပင် မရပ်တန့်သေး။ သူ၏ လက်တစ်ဖက်မှာ ဝင်းလက်တောက်ပသော အလင်းရောင်များ ပေါ်ထွက်လာပြီး ချင်းလင်အာဆီသို့ ဦးတည် ပျံသန်းလာ၏။ ထိုအခိုက်မှပင် သူမသည် စုချန်းနှင့် မျက်လုံးချင်း ဆုံမိလေရာ သူမ၏ စိတ်အာရုံ တစ်ခုလုံးမှာ ငလျင်လှုပ်သည့်ပမာ တုန်ခါသွား၏။ ဤလူငယ်တွင် စိတ်လှည့်စားခြင်း နည်းစနစ် တချို့တလေများ ရှိလေသလား။
ပေါက်ကွဲနေသော မီးလျှံငှက်သည်ကား ချင်းလင်အာဆီသို့ အရှိန်ပြင်းစွာနှင့် ပျံသန်း လာခဲ့လေပြီ။ သူမအတွက် ရှောင်တိမ်းရန် များစွာ နောက်ကျသွားခဲ့ပြီမှန်း ချင်းလင်အာ သဘောပေါက်လိုက်သည်။ ထိုအချိန်တွင် ဖန်းယွဲ့သည် အရူးတစ်ယောက်ပမာ စူးရှစွာ အော်ဟစ်ပြီး မီးလျှံငှက်ကို ကြားဝင်ခံပေးလိုက်၏။ ဖန်းယွဲ့၏ အခြေအနေသည် ကနဦးကပင် တဲတဲလေးမျှသာ ကျန်ရှိတော့လေရာ ယခုကဲ့သို့ ကြားဝင်ခံပေးလိုက်သည့် နောက်တွင်တော့ ရင်ဝတွင် အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်လာပြီး ထိုအပေါက်မှ သွေးများ မိုးရွာသည့်သဖွယ် စီးကျလာတော့သည်။
အန္တရာယ်များသော အခြေအနေကြောင့် အသက်ဝဝ မရှုနိုင်ခင်မှာပင် နောက်ထပ်ပစ္စည်းတစ်ခုက ချင်းလင်အာထံသို့ ပျံသန်းလာပြန်၏။ ထိုပစ္စည်းမှာကား ပေါက်ကွဲစေတတ်သော ဝိုင်ကရားပင် ဖြစ်သည်။ ဝိုင်ကရား၏ အရွယ်အစားမှာ သိပ်မကြီးလှသော်လည်း ၎င်း၏ အရွယ်အစားနှင့် စွမ်းအင်မှာ လားလားမျှ မဆိုင်ကြောင်း ချင်းလင်အာ သဘောပေါက်ထား၏။ ထိုအခါ သူမက စူးရှစွာ အော်ဟစ်လိုက်ရာ သူမ၏ ဓားမှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝိုင်ကရားကို ထိမှန်သွားတော့သည်။
ဝုန်းခနဲ အသံကြီးပေါ်ထွက်လာပြီး ဝိုင်ကရားသည် ပြင်းထန်စွာ ပေါက်ကွဲသွား၏။ ပေါက်ကွဲမှုမှ ပေါ်ထွက်လာသော အားလှိုင်းများကြောင့် သနားစရာ ချင်းလင်အာ တစ်ယောက် နောက်ထပ် ခြေလှမ်းပေါင်း ဆယ်လှမ်းခန့် လွင့်စင် သွားပြန်သည်။ ကနဦးပေါက်ကွဲမှုသည် မည်သည့်နေရာမှ ပေါ်ထွက်လာမှန်း သူမ နားလည်သွားလေပြီ။ သို့သော် ဤတစ်ကြိမ်တွင်လည်း သူမ နောက်ကျခဲ့ ပြန်ချေပြီ တကား။
ထို့နောက်တွင်ကား ချင်းလင်အာ တစ်ယောက် စောင့်ဆိုင်း နေရသည်မှာ စုချန်း၏ ပြင်းထန်သော ထိုးနှက်ချက်များသာ ဖြစ်လေတော့သည်။ စုချန်းကား ချင်းလင်အာကို မိန်းကလေး တစ်ယောက် ဟူ၍ အနည်းငယ်မျှပင် ညှာတာခြင်းမရှိ။ လက်သီးကိုမြှောက်ပြီး မြေကြီးပေါ်တွင် လဲကျနေသော သူမ၏ မျက်နှာကို ချိန်ရွယ်ကာ ပြင်းထန်စွာ ထိုးချ လိုက်တော့သည်။
***
စုချန်းသည် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်သည်။ အမှန်တော့ ဤတစ်ပွဲတွင် သူလည်း မသက်သာလှ။ သူ့ခြေထောက်များသည် ယိမ်းယိုင်နေ၏။ သူ့တစ်ကိုယ်လုံးမှာကား မြေကြီးပေါ်သို့ ခွေယိုင်လဲကျ မတတ်ဖြစ်နေရာ မနည်းပင် ထိန်းသိမ်းထားရသည်။
အောင်ပွဲဆီသို့ သွားရာလမ်းသည် ပန်းခြံထဲတွင် လမ်းလျှောက် နေရသည်နှင့် လားလားမျှမတူ။ ကျဉ်းမြောင်းပြီး အန္တရာယ်များလှသည်။ စုချန်းသည် တိုက်ပွဲစဉ် တစ်လျှောက်လုံးတွင် ၎င်း၏ တင့်တယ်ပြီး ပူပင်ကြောင့်ကြမဲ့သော ဟန်ပန်ကို ထိန်းသိမ်း ထားနိုင်ခဲ့သော်လည်း ကြမ်းတမ်းလှသော တိုက်ပွဲသည် သူ့ကို အကန့်အသတ် အဆုံးမှတ် နီးနီးသို့တိုင် တွန်းပို့နိုင်ခဲ့သည်ကတော့ အမှန်ပင်။
တိုက်ပွဲပိုင်းဆိုင်ရာ သင်္ချာကိန်းဂဏန်း များသည်ကား အတော်ပင် ထူးဆန်းလှ၏။ အကယ်၍ သူတို့၏ အင်အားများသာ အကြမ်းဖျင်း တူညီနေသည် ဆိုပါက တစ် အပေါင်း တစ်သည် နှစ်ထက် ပိုများ၏။ သို့သော် အင်အားသာ ကွာခြားနေပါက တစ် အပေါင်း တစ်ဆိုသော်လည်း နှစ်လောက် မများတော့ပေ။
အမှန်တော့ စုချန်း၏ အင်အားသည် ဖန်းယွဲ့၊ ငွေဝတ်စုံ လူငယ်တို့နှင့် မတိမ်းမယိမ်းမျှသာ။ ထိုအခြေအနေတွင် ထိုနှစ်ယောက် ပူးပေါင်း လိုက်သောအခါ စုချန်းကို သိသိသာသာပင် ဖိအားပေးနိုင်ခဲ့သည်။ ဤနေရာတွင် အတိုင်းအတာ တစ်ခုအထိ အင်အားရှိသော ချင်းလင်အာကို ထည့်မတွက်ထားသေး။ ထို့ကြောင့် သာမာန် အခြေအနေမျိုးသာဆိုလျင် စုချန်းအနေနှင့် မည်သို့မျှ နိုင်ဖွယ်ရာမရှိ။ သူ့တွင် ရှိနေသော ဝိုင်ကရား များသည်လည်း ထိုအခြေအနေကို ပြောင်းပြန် လှန်ပစ်နိုင်ဖွယ်ရာ မရှိ။
ထို့ပြင် ချင်းလင်အာ ကဲ့သို့သော လူစားမျိုးသည် မိမိကိုယ် မိမိ ခုခံကာကွယ်ရာတွင် အလွန်ထူးချွန်ကြောင်း စုချန်းက ရှင်းလင်းပြတ်သားစွာ နားလည် သဘောပေါက်ထား၏။ ထို့ကြောင့် သူ့အနေနှင့် ဝိုင်ကရားကိုသာ သည်အတိုင်း ပစ်ပေါက်လိုက်ပါက ထိုပစ္စည်းကို တစ်ခါမှာ မမြင်ဖူးသည့်တိုင် ချင်းလင်အာက သေချာပေါက် ရှောင်တိမ်းသွားမည်သာ။ လေထဲတွင် ပျံသန်းရင်း ကျောက်စိမ်း နှင်းစက်အမွှေးနံသာများ ထုတ်လွှတ်နိုင်သည်ကို ကြည့်လျှင် သူမသည် အလွန်ပင် မြန်ဆန်သွက်လက်ကြောင်း သိသာနေသည် မဟုတ်ပါလား။
ထို့ကြောင့် စုချန်းသည် ရိုးရှင်းသော တိုက်ခိုက်နည်းအစား အခြားနည်းလမ်း တစ်ရပ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။ ထိုအခါ စုချန်းသည် ချင်းလင်အာ၏ မူလစွမ်းရည်နှင့် ပတ်သက်သည့် အားနည်းချက်များကို ရည်ရွယ်ချက်ရှိရှိ စကားစစ်ထိုး တော့သည်။ တစ်ဖက်တွင်လည်း တိုက်ပွဲအချိန် ကြာလာသည်နှင့်အမျှ သူ့အနေနှင့် သူမက အနိုင်ရရှိရန် အခွင့်အလမ်း ပိုများလာမည် မဟုတ်ပါလား။ နောက်ဆုံးတွင်တော့ တိုက်ပွဲ အတွေ့အကြုံ နည်းပါးခြင်းကြောင့် ချင်းလင်အာ တစ်ယောက် စုချန်း၏ ထောင်ချောက်အတွင်း လှလှပပကြီး ကျရောက်ခဲ့ရ ရှာတော့သည်။
အမှန်တော့ ရန်သူနှစ်ယောက်၏ အဆက်မပြတ် တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရလေရာ သူတို့နှစ်ယောက်အနက် စုချန်းကသာ ပို၍ မောပန်းနေသူ ဖြစ်သည်။ သို့သော် စုချန်း၏ ပြောင်မြောက်လှသော စကားလုံးများက ချင်းလင်အာကို အထိနာစေခဲ့၏။ နောက်ဆုံးတွင် သူမကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှ ဤကဲ့သို့ ထောင်ချောက်မိသွားခြင်း ဖြစ်သည်။
စုချန်း၏ ဝိုင်ကရားများသည် အရည်နှစ်မျိုး ပေါင်းစပ်မိရာမှ ပေါက်ကွဲမှု ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ထိုဝိုင်ကရားများကို သူကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်၍ ပေါက်ကွဲမည့် အချိန်ကို သူ့အနေနှင့် အလွယ်တကူ တွက်ချက်နိုင်၏။ ထိုအခါ စုချန်းက ဝိုင်ကရားကို မပစ်မီ လက်ကိုင်ကို မဆိုစလောက်သာ လှည့်ထားခဲ့၏။ ထို့ကြောင့် အရည်နှစ်မျိုးသည် အလွန် နှေးကွေးသော နှုန်းထားဖြင့်သာ ပေါင်းစပ် သွားကြပေလိမ့်မည်။ ပေါက်ကွဲမှုမှာလည်း ချက်ချင်း မဖြစ်ပေါ်တော့ပဲ နောက်သို့ ဆုတ်သွား ပေလိမ့်မည်။
ပေါက်ကွဲမည့် အချိန်ကို အထက်ပါအတိုင်း စနစ်တကျ တွက်ချက်နေရာ ချပြီးသည်နှင့် စုချန်းသည် ထိုဝိုင်ကရားများကို သူ့လက်စွပ် အတွင်းမှ တခြားအမှိုက်သရိုက် များနှင့်အတူ ရောနှော ပစ်ပေါက်ခဲ့၏။ ရိုးစင်းလှသော လှည့်ကွက်သာ ဖြစ်သည်။ စုချန်း ပစ်ပေါက်နေသော အမှိုက်သရိုက် များသည် သူတို့ကို မည်သည့် အန္တရာယ်မျှ မပြုနိုင်လေရာ ချင်းလင်အာအဖို့ ၎င်းတို့ကို အထူးတလည် အာရုံစိုက်ခြင်း မရှိခဲ့။ သူမ လုံးဝ မမျှော်လင့်ခဲ့သည်မှာ စုချန်း ပစ်ပေါက် နေခဲ့သော အမှိုက်သရိုက် များထဲတွင် ချိန်သား ကိုက်ထားသော ပေါက်ကွဲ စေတတ်သည့် ဝိုင်ကရားများ ပါဝင်နေခဲ့ခြင်းကိုပင် ဖြစ်သည်။ သူမ၏ စိတ်ထဲတွင် ထိုဝိုင်ကရားများကို သာမာန် ဝိုင်ကရားများဟုသာ ယူဆနေခဲ့သည် မဟုတ်ပါလား။
ဝိုင်ကရားများ ပေါက်ကွဲမည့်အချိန်ကို စနစ်တကျ တွက်ချက်ထားသော စုချန်းသည် ချိန်သားကိုက်ပင် ချင်းလင်အာတို့ သုံးယောက်ကို ပေါက်ကွဲမှု ဧရိယာအတွင်းသို့ တွန်းပို့နိုင်ခဲ့၏။ ထို့နောက်တွင်ကား အရာအားလုံးသည် သူစီစဉ် တွက်ချက် ထားသကဲ့သို့ ဖြစ်ပေါ်လာခဲ့၏။ သို့မဟုတ်လျင်လည်း ဤယနေ့တွင် ရှုံးနိမ့်မည့်သူမှာ စုချန်းသာ ဖြစ်ပေလိမ့်မည်။ သို့တိုင်အောင် တွက်ချက်မှု အနည်းငယ် လိုအပ်သွား၍ သူကိုယ်တိုင်လည်း ပေါက်ကွဲမှု၏ အဖျားခတ်ခြင်းကို ခံလိုက်ရ၏။ အကာအကွယ်များ အထပ်ထပ် နှိုးဆွထား၍သာ တော်တော့သည်။ သူအဖို့ ကြီးကြီးမားမား ဒဏ်ရာတော့ မရလိုက်။
ယခုအချိန်တွင် စုချန်းသည် ကိုယ်စိတ်နှလုံး ချုံးချုံးကျ နေခဲ့လေပြီ။ သတိလစ် မသွားစေရန်ပင် မနည်းထိန်းသိမ်း ထားရ၏။
ချင်းလင်အာကို အားရပါးရ ထိုးကြိတ်ပြီး သကာလ သူက ဖန်းယွဲ့ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။ ဖန်းယွဲ့ကား ဘဝတစ်ပါးသို့ ပြောင်းသွားရှာလေပြီ။ မီးလျှံငှက်သည် ဖန်းယွဲ့၏ အသက်ကို နှုတ်ယူသွားခြင်း ဖြစ်သည်။ ထိုအခါ သူက မြေကြီးပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချရင်း လွှတ်ခနဲ ပြောလိုက်သည်။
"ဒါကမှ မင်း ပြောပြောနေတဲ့ မတော်တဆမှု ဆိုတာပဲကွ"
ထိုအခိုက်မှာပင် သူ့နောက်ကျောမှ ဆူညံသော အသံများ ကြားလိုက်ရ၍ စုချန်းက နောက်ကို လှည့်ကြည့်လိုက်ရာ ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်က သူ့ကို မုန်းတီးစွာ စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ ပေါက်ကွဲမှုဒဏ်ကို ခံရပြီးနောက် ဤလူငယ်သည် ပထမဦးဆုံး သတိရလာသူ ဖြစ်သည်။
တော်ဝင်မျိုးနွယ်စုဝင် များသည်ကား ထိုအဖြစ်အပျက်ကို ကြည့်ရင်း အလွန်ပင် ဒေါသထွက်နေကြ၏။
စုချန်းသည် လူငယ်ရှိရာသို့ မျက်နှာမူရင်း နောက်ထပ် တိုက်ပွဲတပွဲ ဆင်နွဲရန် ထပ်မံပြင်ဆင် လိုက်သည်။ သို့သော် လိုအပ်တော့ ဟန်မတူ။ လူငယ်သည် ချင်းလင်အာကို ဖြတ်ခနဲ လှမ်းကြည့်ပြီး ငိုကြွေးကာ ထိုနေရာမှ ပြေးထွက်သွားတော့သည်။
လူငယ်ကိုကြည့်ရင်း စုချန်းတစ်ယောက် စကားမပြောနိုင်ပဲ ဖြစ်သွား၏။ ၎င်း၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာကား စိတ်ပျက်ဖွယ်ရာပင်။ ဤမျှ သူရဲဘောကြောင်၍လည်း ချင်းလင်အာ၏ ရုပ်သေးရုပ်ဘဝသို့ ကျရောက်ခဲ့ရခြင်းပေတကား။
"ကောင်းပြီလေ ဒီအတိုင်းဆိုတော့ ခင်ဗျားနဲ့ကျုပ်နဲ့ပဲ ကျန်တော့တဲ့ပုံပဲ"
စုချန်းက ချင်းလင်အာကို ကြည့်ကာ ပြောလိုက်သည်။
***
စုချန်းနှင့် ချင်းလင်အာတို့၏ တိုက်ပွဲကြောင့် မျှော်စင်ပေါ်ရှိ လူအုပ်စုမှာကား ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
ဤယနေ့သည်ကား ပြိုင်ပွဲ၏ တတိယမြောက်နေ့ ဖြစ်သည်။ အချိန်ကြာ လာသည်နှင့်အမျှ ပြိုင်ပွဲဝင် အရေအတွက်မှာ တဖြည်းဖြည်း ပို၍ နည်းပါးလာ၏။ အလင်း မျက်နှာပြင်ပေါ်တွင် တစ်ဦးချင်းစီ၏ တည်ရှိနိုင်သော အခြေအနေမှာလည်း ပို၍ ကြာမြင့် လာတော့သည်။
စုချန်းသည် ထိုလူနည်းစုများထဲမှ တစ်ယောက်ဖြစ်ပြီး သူနှင့် ချင်းလင်အာ အကြားတိုက်ပွဲ တစ်ခုလုံးကို အလင်း မျက်နှာပြင်ပေါ်တွင် ပြသခံခဲ့ရ၏။
ဤလူငယ်သည် ညှို့ငင်လိပ်ပြာ ချင်းလင်အာကို အမှန်တကယ်ပင် အနိုင်ယူခဲ့လေသလား။
စုချန်း၏ အစောပိုင်း ညတိုက်ပွဲများသည် ရင်သပ်ရှုမောဖွယ်ရာ ကောင်းသော်လည်း ချင်းလင်အာကို အနိုင်ယူခဲ့ပုံနှင့် နှိုင်းစာလျင် ဘာမှမဟုတ်တော့ချေ။
ချင်းလင်အာ၏ အင်အားသည် ပြောပလောက်အောင် မကောင်းသော်လည်း တခြားလူများကို ထိန်းချုပ်နိုင်သော သူမ၏ စွမ်းရည်ကြောင့် တိုက်ပွဲတိုင်း လိုလိုတွင် အသာစီးမှ ရယူနိုင်ခဲ့၏။ ထို့ကြောင့် သူမ၏ တိုက်ခိုက်ရေး စွမ်းရည်ကို ထည့်မတွက်သည့်တိုင် သူမကို ဂျီဟန်းယင်၊ ကျုံးတင်တို့နှင့် တစ်တန်းတည်းတွင် သတ်မှတ် နိုင်ပေသည်။ ထိုကဲ့သို့သော လူစားမျိုးကို သာမာန်သွေးနှော တစ်ယောက်က အနိုင်ရရှိ လိုက်သည်မှာ အထူးပင် အံ့သြဖွယ်ရာ ကောင်းလှသည်။ မျှော်စင်ပေါ်ရှိ လူများမှာကား ကြက်သေသေကာ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေကြလေသည်။
ထိုစဉ် တစ်စုံတယောက်က စတင်ပြောဆို လိုက်သည်။
"ကြည့်ရတာ လောင်ပိုကျွန်း အသစ်တစ်ယောက် ပေါ်ထွန်းလာပြီနဲ့ တူတယ် ချင်းလင်အာရဲ့ အမှတ်တွေကို ရသွားရင် ဒီကောင်လေး သေချာပေါက် ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်သွားပြီပဲ"
"ဘယ်ကလာ လောင်ပိုကျွန်း အသစ်ရမှာတုန်း ဒီကောင်လေးရဲ့ အင်အားက သာမာန်ထက် ပိုတယ်ဆိုရုံလောက်ပဲ ရှိတာ တရားမျှမျှတတသာ ယှဉ်ပြိုင်မယ်ဆိုရင် သူဟာ ထိပ်ဆုံး ဆယ်ယောက်ထဲက ဘယ်သူ့ကိုမှ နိုင်မဲ့ပုံမပေါ်ဘူး ခုနိုင်သွားတယ် ဆိုတာကလည်း လှည့်ကွက်တွေကြောင့်ပဲဟာကို"
"ဟုတ်တယ်ဗျို့ ဒီကောင်လေးဟာ ဝိုင်ကရားတွေကို အတော်လေး အကျိုးရှိအောင် အသုံးပြုနိုင်ခဲ့တာ တွေ့ရတယ် ဒါပေမဲ့ ဒါဟာ သူ့ခွန်အားအစစ်မှ မဟုတ်တာ မယုံလို့ရှိရင် သူတို့နှစ်ယောက်ကို ပြန်ပြီး တိုက်ခိုင်းကြည့်ပါလား ဒီတစ်ခါတော့ ချင်းလင်အာ မရှုံးလောက်တော့ဘူး"
"ချင်းလင်အာက နမော်နမဲ့ နိုင်လွန်းတယ် ဒါကြောင့်မို့ ဒီကောင်လေးကို ရှုံးသွားတာပဲ"
"သုံးယောက် တစ်ယောက် တိုက်နေရလို့ ဖိအားအရမ်းများနေတဲ့ အချိန်မှာတောင် သူဟာ အရာအားလုံးကို စနစ်တကျ တွက်ချက်နိုင်ခဲ့တယ်ဗျ ဒါဟာ လွယ်တော့ မလွယ်ဘူး"
"လွယ်တော့ မလွယ်ဘူး ဒါပေမဲ့ အမြဲတမ်းလည်း မအောင်မြင်နိုင်ဘူးဗျ ဘာကြောင့်လည်း ဆိုတော့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ စနစ်တကျ တွက်ချက်မှုမှာ ကန့်သတ်ချက်တွေ ရှိနေလို့ပဲ ဥပမာ သတ္တဝါဆိုးကြီးတွေနဲ့ ရင်ဆိုင်တွေ့တယ် ဆိုပါစို့ ခုလို စကားစစ်ထိုးတာဟာ အသုံးမဝင်တော့ဘူးလေ အမှန်တော့ စစ်မှန်တဲ့ ခွန်အားကသာ အထွတ်အထိပ်ကို ရောက်စေတာဗျ"
"ဟုတ်တယ်ဗျို့ သူဟာ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ရင်တောင် လောင်ပိုကျွန်းတော့ မဟုတ်သေးဘူး သူဟာ လောင်ပိုကျွန်းရဲ့ အဆင့်အတန်းမျိုး ရောက်ဖို့ အတော်ကို လိုနေသေးတယ်"
"ကျုပ်ကတော့ ခင်ဗျား မှားနေပြီ ထင်တာပဲ အင်အားဆိုတာ လေ့ကျင့်ယူလို့ ရတယ် ဒါပေမဲ့ ဉာဏ်ရည်ဉာဏ်သွေးကတော့ မတူဘူး ဖြစ်နိုင်ရင် ငွေလေးကြေးလေးနဲ့တောင် လူငယ်ဘက်က လောင်းလိုက်ချင်သေးသဗျို့"
"ဒီလိုကျတော့လည်း ခင်ဗျားစကားက အဓိပ္ပာယ် ရှိသားပဲဗျ"
"ဘာပဲဖြစ်ဖြစ် ဒီကလေးက ကမ္ဘာကြီးရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီး လိုက်သလိုပဲဗျ သူဟာ ဖန်းမျိုးနွယ်စုဝင် တစ်ယောက်ကို သတ်ပစ်လိုက်ပြီ ဖန်းရှောင်က သူ့ကို ဒီအတိုင်း လွှတ်ပေးမှာတဲ့လား"
မျှော်စင်ပေါ်ရှိ များပြားလှသော မျိုးနွယ်စုများသည်ကား အထက်ပါအတိုင်း သူတို့၏ ထင်မြင်ယူဆချက်များကို တစ်ယောက်တစ်ပေါက်နှင့် ပြောဆို နေကြလေသည်။ ထိုအချိန်တွင် ထိုလူများထဲမှ တချို့သည် စုချန်း၏ မျက်နှာနှင့် ကိုယ်ဟန်အမူအရာ၊ ပုံပန်းသွင်ပြင် တို့ကို မေ့ပျောက်သွားမည် စိုးရိမ်သည့်အလား စွဲစွဲမြဲမြဲပင် စိုက်ကြည့် နေကြကုန်၏။ ထိုစဉ် လူတစ်ယောက်က လေသံတိုးတိုးနှင့် ပြောလိုက်သည်။
"ငါ့သားကိုတောင် သတ်ပစ်ရဲတာကိုး ဒီကလေး သေကို သေစေရမယ်"
ထိုအချိန်တွင် စုချန်းချဲ့ သည်လည်း အလားတူ ပူပန်သောကမျိုးနှင့် ရင်ဆိုင်နေရရှာ၏။ စုချန်းသည် ချင်းလင်အာကို အနိုင်ယူပြီး ပြိုင်ပွဲ၏ ထိပ်ဆုံးဆယ်ယောက် အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ထိုအခါ လူအများက သူ့အား ချီးကျူး ဂုဏ်ပြုလျက် ရှိကြကုန်၏။ တစ်ဖက်တွင်လည်း စုချန်းသည် အင်အားကြီးမားသော တော်ဝင် သွေးဗီဇမျိုးနွယ်စုကြီး တစ်စုနှင့် ထာဝရ ရန်သူ ဖြစ်သွားခဲ့လေပြီ။ ဤအနေအထားတွင် စုမျိုးနွယ်စုအနေနှင့် ဘာဆက်လုပ် သင့်သနည်း။ စုချန်းချဲ့ကား ခေါင်းများပင် ပူထူလာ၏။
စုချန်းအန်၏ အမူအရာမှာကား စုချန်းချဲ့နှင့် လားလားမျှ မတူ။ စုချန်းတစ်ယောက် ဖန်းယွဲ့အား သတ်ပစ်သည်ကို မြင်လိုက် ရကတည်းက သူ့ရင်ထဲမှ သောကဝေဒနာများ အားလုံး ငြိမ်းအေး သွားခဲ့လေပြီ။ ထိုအခါ သူ့ထံသို့ ချီးကျူးဂုဏ်ပြုရန် လာရောက်သူ တစ်ယောက်အား စုချန်းအန်က လေသံတိုးတိုးနှင့် ပြောလိုက်သည်။
"ခင်ဗျားအနေနဲ့ ကျုပ်ကို ဘာမှချီးကျူး ဂုဏ်ပြုနေစရာ မလိုပေါင်ဗျာ ဒီကောင် ကျုပ်သား မဟုတ်တော့တာ ကြာလှပေါ့ ဒီတော့ ဒီကောင့်အနေနဲ့ ဘယ်လို အောင်မြင်မှုမျိုးပဲရရ ကျုပ်နဲ့ မဆိုင်သလို ဘယ်လို ဘေးဒုက္ခမျိုးပဲရောက်ရောက် ကျုပ်အနေနဲ့ ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး"
သို့သော်ငြားလည်း ကမ္ဘာတစ်ဖက်ခြမ်းမှ ထွက်ပေါ် လာသကဲ့သို့ တိုးညင်းပြီး တုန်ယင် အက်ကွဲနေသော သူ့အသံကြောင့် စုချန်းအန် တစ်ယောက် မည်မျှ ခံစားနေရကြောင့် သူတို့ အားလုံးလိုလို သဘောပေါက် လိုက်ကြလေသည်။