အဖွဲ့သစ် (၁)
Vol. 15 Ch. 145
မျက်လုံးအစုံကို ဖွင့်ပြီးနောက် ချင်းလင်အာ တစ်ယောက် ခက်ခက်ခဲခဲပင် ထထိုင်လိုက်၏။ နှာခေါင်းရိုးဆီမှ ပြင်းပြသာနာကျင်မှုကြောင့် သူမက လက်အစုံဖြင့် ဖွဖွလေး စမ်းကြည့်လိုက်သည်။ ထိုအခါ ထိုလက်များပေါ်တွင် နီရဲသော သွေးများ ပေကျံနေကြောင်း ချင်းလင်အာ တစ်ယောက် တွေ့ရှိလိုက်ရ၏။
ခွေးသူတောင်းစား ... ငါ့နှာခေါင်းရိုးတော့ ကျိုးကုန်ပြီနဲ့ တူတယ် ... ငါ့လို ငယ်ရွယ်နုပျိုတဲ့ မိန်းကလေး တစ်ယောက်ကိုတောင် ဒီလို ရက်ရက်စက်စက် ထိုးရဲတယ်ဆိုတော့ တယ်လဲ အကြင်နာတရားကင်းမဲ့တဲ့ ကောင်ပါလား ...
ချင်းလင်အားကား ဒေါသအမျက် ချောင်းချောင်း ထွက်နေခဲ့လေပြီ။ ထိုအခါ သူမက ပတ်ဝန်းကျင် တစ်ခုလုံးကို အကဲခတ် ကြည့်လိုက်သည်။ စုချန်း၏ မျက်နှာကို မြင်တွေ့လိုက်သော အခါတွင်ကား သူမ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွား၏။ အကြောင်းမှာ စုချန်း၏ လက်ထဲတွင် သူမ၏ ကျောက်စိမ်းပြားကို တွေ့ရှိလိုက် ရသောကြောင့် ဖြစ်သည်။ ဘယ်သူနဂါး ဘယ်သူကျားမှန်း ချင်းလင်အာ တစ်ယောက် ကောင်းကောင်း နားလည်သွားလေပြီ။ ထိုအခါ သူမက စုချန်းကို တောင်းပန်လိုက်သည်။
"ဒီအမှတ်တွေကို ယူချင်ရင် ယူသွားပါ ကျေးဇူးပြုပြီး ကျွန်မရဲ့ ကျောက်စိမ်းပြားကို ချိုးမပစ်ပါနဲ့ရှင်"
စုချန်းက ကျောက်စိမ်းပြားကို ချိုးချေရန် ဟန်ပြင်ပြီးမှ ရပ်တန့်လိုက်၏။ သို့သော် သူ့လက်ထဲရှိဓားနှင့် ချင်းလင်အာကို ချိန်ရွယ်ရင်း ပြောလိုက်သည်။
"ခုကျတော့ ခင်ဗျားက ကျုပ်နဲ့ ညှိနှိုင်းဖို့ ကြိုးစားနေပြန်ပြီ ဒါပေမဲ့ ခုနတုန်းကတော့ ခင်ဗျား ဘာလုပ်ခဲ့သလဲ ကိုယ့်ဟာကိုယ်ကော မှတ်မိရဲ့လား"
ချင်းလင်အာ၏ မျက်လုံးထဲတွင် ဒေါသ အရိပ်အယောင်များ ယှက်သန်းလာ၏။
"ရှင်သာ ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းတွေကို အသုံးမပြုခဲ့ဘူးဆိုရင် ကျွန်မက ရှင့်ကို ကြောက်နေမယ်များ ထင်သလား"
စုချန်းက ခေါင်းကို လေးတွဲ့စွာ ခါယမ်းလိုက်၏။
"ခင်ဗျားက တော်ဝင်မျိုးနွယ်စု တစ်စုရဲ့ သခင်မလေးပီပီ သူတစ်ပါး သနားကြင်နာလာအောင် ဘယ်လိုတောင်းပန်ရမှန်း ကောင်းကောင်း သိပုံမရဘူး"
စကားဆုံးသည်နှင့် စုချန်းသည် ဓားအနှောင့်ဖြင့် ချင်းလင်အာ၏ ကျောပြင်ကို ဝုန်းခနဲ ထုချလိုက်လေရာ ချင်းလင်အာခမျာ မြေကြီးပေါ်သို့ ပစ်လဲသွားရှာ၏။ သူမ ဒေါသအလွန် ထွက်သွား၏။ ဘဝတစ်လျှောက်လုံး တစ်သက်နှင့်တစ်ကိုယ် ဤသို့ အဆက်ဆံ မခံဖူးလေရာ သူမ၏ စိတ်ထဲတွင် စုချန်းကို အစိမ်းလိုက် ဝါးစားလိုစိတ်များပင် ပေါ်ပေါက်လာတော့သည်။
သို့သော် စုချန်း၏ လုပ်ရပ်မှာ ဤမျှနှင့် မရပ်တန့်သေး။ သူသည် ချင်းလင်အာ၏ လည်မြိုကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ဖန်းယွဲ့၏ အလောင်းကို ညွှန်ပြကာ အေးစက်သော လေသံနှင့် ပြောလိုက်သည်။
"ခင်ဗျားအနေနဲ့ ကိုယ့်အခြေအနေကိုယ် ကိုင်တိုင် ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ဖို့တော့ လိုနေပြီ ကျောက်စိမ်းပြား ပျက်စီးပြီး ပြိုင်ပွဲက ထုတ်ပယ်ခံရတာဟာ ခင်ဗျားကြုံတွေ့ရမဲ့ အဆိုးဆုံး အဖြစ်အပျက် မဟုတ်သေးဘူးဆိုတာ ခင်ဗျား နားလည်သင့်ပြီ"
ဖန်းယွဲ့၏ အလောင်းကို မြင်တွေ့ရသောအခါ ချင်းလင်အာခမျာ ကြက်သီးမွှေးညင်းများပင် ထလာ၏။
"ရှင် ... ရှင် ... သူ့ကို တကယ်ပဲ သတ်ပစ်လိုက်တာပေါ့"
"ခင်ဗျားနဲ့ ကျုပ်နဲ့ အတူတူ သတ်လိုက်တာပါ"
စုချန်းက အခြေအနေကို ထောက်ပြလိုက်သည်။
"တကယ်တော့ ကျုပ်ရဲ့ မီးလျှံငှက်က ခင်ဗျားအတွက် ရည်ရွယ်ထားတာ သူ့ကို မဟုတ်ဘူး ဒါပေမဲ့ ခုချိန်မှာ ဒါတွေက အရေးမကြီးပါဘူးလေ အရေးကြီးတာက ကျုပ်ဟာ တော်ဝင်မျိုးနွယ်စုဝင် တစ်ယောက်ကို သတ်ပစ်လိုက်ပြီ ဆိုတာပဲ ဒီတော့ နောက်တစ်ယောက်ကို သတ်ပစ်ဖို့ ကျုပ်အတွက် ဘာမှ ဝန်လေးနေစရာ မလိုတော့ဘူး ကျုပ်ပြောတာ ခင်ဗျား သဘောပေါက်ရဲ့လား"
ချင်းလင်အာ၏ ဒေါသများသည် တဖြည်းဖြည်း အငွေ့ပျံစ ပြုလာ၏။ အေးစက်စက် မျက်နှာဖုံးနှင် အဓိပ္ပာယ်ဖော်ရခက်သော မျက်လုံးများကို စိုက်ကြည့်ရင်း သူမတစ်ကိုယ်လုံး တုန်ယင်လာ၏။ ယခုအချိန်တွင် သူမ ခံစားနေရသည့် တစ်ခုတည်းသော ခံစားချက်မှာ ကြောက်လန့်ခြင်းသာ ဖြစ်သည်။ ရေနစ်သူအတွက် နောက်ဆုံး ကောက်ရိုးတမျှင် ဆုံးရှုံးသွားသော ခံစားချက်ကြောင့် သူမ၏ နှာခေါင်းရိုးဆီမှ နာကျင်မှုသည် နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာ၏။ တစ်ဆက်တည်းမှာပင် သူမ၏ မျက်ဝန်းအစုံမှ မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။
နုနယ်သော မိန်းကလေး၏ ပါးပြင်ပေါ်သို့ တသွင်သွင် စီးကျနေသော မျက်ရည်များကို ကြည့်ရင်း စုချန်း ငေးငိုင်သွားသည်။ ဤပြိုင်ပွဲ၏ အင်အားအကြီးမားဆုံး ပြိုင်ပွဲဝင်များ အနက်မှ တစ်ယောက်ဖြစ်သော ညှို့ငင်လိပ်ပြာ ချင်းလင်အာ တစ်ယောက် ဤမျှ စိတ်အားငယ် တတ်လိမ့်မည်ဟု စုချန်းအနေနှင့် လုံးဝ မျှော်လင့်မထား။ ဝမ်းပန်းတနည်း ငိုကြွေးနေရှာသော သူမ၏ ပုံစံသည် လွန်စွာ သနားဖွယ်ရာ ကောင်းလှပေရာ မြင်ရသူအပေါင်း၏ စိတ်အာရုံကို ညွတ်ပျောင်း သွားစေနိုင်၏။ စုချန်းကဲ့သို့သော သံမဏိအသည်း ပိုင်ရှင်သည်ပင်လျင် ဤတစ်ကြိမ်တွင်တော့ ငိုင်ခနဲ ဖြစ်သွား ရှာမိတော့သည်။
ထိုအခါ စုချန်းက ချောင်းတစ်ချက်ဟန့်ရင်း ညင်သာသော လေသံနှင့် ပြောလိုက်သည်။
"ရပြီ ရပြီ အဲလောက်လည်း ငိုနေစရာ မလိုပါဘူးကွာ ကျုပ်က မင်းကို သတ်ပစ်မယ်လို့ မပြောရသေးပါဘူး"
သို့သော် စုချန်း၏ နှစ်သိမ့်စကားက ချင်းလင်အာကို စိတ်သက်သာ ရစေပုံမပေါ်။ သူမ၏ ပါးပြင်ပေါ်မှ မျက်ရည်များသာ မကုန်နိုင်မခန်းနိုင် စီးကျ လာတော့သည်။ သို့သော်လည်း သူမက ပြန်လည် မေးခွန်းထုတ်လိုက်၏။
"ရှင်ဘာလို့ ကျွန်မရဲ့ ကျောက်စိမ်းပြားကို ချိုးမပစ်တာလဲ ကျွန်မ ဆက်ပြိုင်လို့ ရသေးတယ်ဆိုတဲ့ သဘောလား"
"ခင်ဗျားကသာ ကျုပ်ကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူးလို့ ကတိပေးရင်ပေါ့ကွာ"
စုချန်းက ဖြေလိုက်သည်။
"ကျွန်မက ရှင့်ကို ဘယ်လိုလုပ် နှောင့်ယှက်နိုင်အုံးမှာလဲရှင့်"
ချင်းလင်အာက ဗလုံးဗထွေးနိုင်သော လေသံနှင့် ပြောလိုက်သည်။
"ခုနကပဲ ကျွန်မ ထိန်းချုပ်ထားတဲ့ တော်ဝင်မျိုးနွယ်စုဝင် လူငယ်လေးက ကြောက်လန့်တကြားနဲ့ ထွက်ပြေးသွားပြီ သူ့အနေနဲ့ နောက်တခါ ကျွန်မ အနားကပ် လာတာကို ခံတော့မှာ မဟုတ်ဘူး သူမရှိပဲ ကျွန်မက ရှင့်ကို ဘယ်လိုလုပ် နှောင့်ယှက်နိုင်ပါ့မလဲ ပြီးတော့ ခုချိန်ကျမှ သူ့လိုမျိုး အင်အားကောင်းသလောက် စိတ်ပျော့တဲ့ တော်ဝင်မျိုးနွယ်စုဝင် တစ်ယောက်ကို ဘယ်လိုလုပ်ပြီး သွားရှာတော့မှာလဲရှင်"
"ခင်ဗျားသာ သိပ်ဇီဇာမကြောင်ဘူးဆိုရင် တစ်ယောက်ယောက်တော့ သေချာပေါက် ရှာတွေ့နိုင်မှာပါ ကျုပ်ပြောတာ ဟုတ်တယ်မလား"
စုချန်းက ရယ်ရွှန်းဖတ်ရွှန်းနှင့် ပြောလိုက်သည်။ ထိုအခါ ချင်းလင်အာက မျက်လုံးနှစ်ဖက်ကို မှိတ်ရင်း ကျိန်ပြလိုက်သည်။
"ကောင်းပြီလေ ချင်းမျိုးနွယ်စုကို တိုင်တည်ပြီး ကျွန်မ ကျိန်ဆိုပါတယ် ကျွန်မရဲ့ ကျောက်စိမ်းပြားကိုသာ မချိုးပစ်ဘူးဆိုရင် ကျန်တဲ့ ပြိုင်ပွဲကာလ တစ်လျှောက်မှာ ဘာအကြောင်းကြောင့်နဲ့မှ ရှင့်ကို မနှောင့်ယှက်တော့ပါဘူးရှင် ဒါတင်မကသေးဘူး ပြိုင်ပွဲပြီးသွားတဲ့ နောက်ပိုင်းမှာလည်း ရှင့်ကို လုံးဝ မနှောင့်ယှက်တော့ပါဘူး"
"တွေ့လား ဒါ ဘာမှခက်ခဲတဲ့ ကိစ္စမဟုတ်ဘူး"
စုချန်းက ဓားကို ရုတ်သိမ်းရင်း ပြောလိုက်သည်။ ထို့နောက် သူက ချင်းလင်အာ၏ ကျောက်စိမ်းပြားမှ အမှတ်များကို နှုတ်ယူလိုက်၏။ သူမကား အမှတ်သူဌေး ဖြစ်ပုံရသည်။ ဤတစ်ကြိမ်တွင် စုချန်းအဖို့ ၁၆၂ထိ စုဆောင်း ရရှိလိုက်၏။ များပြားလှသော အမှတ်များကို ကြည့်ရင်း စုချန်း မျက်လုံးပြူး သွားသည်။
"များလှချည်လား"
စုချန်း၏ အမူအရာကို ကြည့်ရင်း ချင်းလင်အာက နှုတ်ခမ်း စူလိုက်သည်။
"ကျွန်မမှာ အမှတ်များတော့ကော ဘာထူးသလဲ ရှင်က ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီအမှတ်တွေကို အပိုင်သိမ်း သွားမှာပဲမလား ခုတော့ သွားပါပြီရှင် ဒီအမှတ်တွေ အကုန်လုံး ရှင်ယူသွားပြီ ဆိုတော့ ကျွန်မအနေနဲ့ အဆင့်တစ်ဆယ်အတွင်း ဘယ်လိုမှ မဝင်နိုင်တော့ဘူး ထင်တယ်"
စကားဆုံးသည်နှင့် ချင်းလင်အာ၏ မျက်နှာသည် ငိုမဲ့ငိုမဲ့ ဖြစ်လာ၏။ ကြည့်ရသည်မှာ နောက်တစ်ကြိမ် ငိုပွဲဆင်တော့မည့် သဘောရှိလေသည်။ ထိုအခါ စုချန်းက ကပျာကသီ နှစ်သိမ့် လိုက်ရသည်။
"ဟေ့ ဟေ့ မငိုနဲ့လေ ဘာများ ငိုစရာရှိလို့တုန်း ဒီပြိုင်ပွဲက အဆင့်တစ်ဆယ်အတွင်း ဝင်နိုင်ဖို့ ပြိုင်တဲ့ ပြိုင်ပွဲမျိုးမှ မဟုတ်တာ ဘာမဟုတ်တဲ့ ခေါင်းစဉ်အတွက် စိတ်ဒုက္ခ မခံစမ်းပါနဲ့ဗျာ"
"အလိုတော် ရှင်က ဘာသိလို့တုန်း"
ချင်းလင်အာက အော်ငေါက် လိုက်သည်။
"တကယ်လို့ တစ်ကနေ တစ်ဆယ်အတွင်း ဝင်နိုင်လို့ရှိရင် သူတို့က ရှင့်ကို သိပ်ပြီး အလားအလာ ကောင်းတဲ့ မျိုးဆက်သစ်လို့ သတ်မှတ်ကြလိမ့်မယ် ဒါဆိုရင် နဂါးကျောင်းတော်မှာ ရှင့်အတွက် အပိုဆုတွေ အများကြီး စောင့်ကြိုနေလိမ့်မယ်"
"အပိုဆုတွေ ဟုတ်လား ဘယ်လိုမျိုးလည်းဗျ"
စုချန်းက မေးမြန်းလိုက်၏။
"အများကြီးဆိုမှ အများကြီးပေါ့ရှင် ဥပမာပြောရရင် ကိုယ်ခန္ဓာစွမ်းအင် စုဆောင်းဖို့ အကောင်းဆုံးဆိုတဲ့ နေရာတွ ပင်မ စာကြည့်တိုက်ထဲက စာအုပ် ငှားရမ်းခွင့်တွေ ရှင့်ကိုသင်ကြား ပြသပေးမဲ့ ဆရာတွေဆီက အထူးကုသမှုတွေ ဒါမျိုးတွေပေါ့ ဒီအခွင့်အရေးတွေကို အလကား မရဘူးရှင့် အလားအလာ အရမ်းကောင်းတယ်လို့ နဂါးကျောင်းတော်က သတ်မှတ်ခံထားရတဲ့ မျိုးဆက်သစ် တွေကိုပဲပေးတာ ကျွန်မအနေနဲ့ ဘာအတွက် ဒီလောက်ထိ ကြိုးစားနေတယ် ထင်သတုန်း နဂါးကျောင်းတော် ဝင်ခွင့်ရရုံလောက်ပဲ ဆိုရင် အစောကြီး ကတည်းက ပွဲကြည့်ပရိတ်သတ် လုပ်လို့ရနေပြီရှင့် ဆက်ပြီး တိုက်ခိုက်နေစရာ မလိုတော့ဘူး ကံဆိုးချင်တော့ ကျွန်မကလည်း ရှင်နဲ့မှ တည့်တည့်တိုးမိတယ် ရှင့်ကို ကြည့်တော့လည်း ကျွန်မထက် အင်အားနည်းမှန်း သိသာနေတာပဲကိုး ဒါပေမဲ့ မထင်မှတ်ပဲ ကျွန်မ ရှုံးသွားတယ် ဒီတော့ ကျွန်မ ရမဲ့အခွင့်အရေး တွေကို ရှင်သိမ်းပိုက် သွားတာပေါ့ရှင်"
ချင်းလင်အာက ရှင်းပြလိုက်သည်။ သို့သော် ရှင်းသာ ပြနေရသည်။ သူမ၏ စိတ်ထဲတွင်ကား အမှားကြီး မှားခဲ့လေပြီဟု ခံစားနေရရှာသည်။ သူမထက် အင်အားကောင်းသူ တစ်ယောက်ကသာ သူမကို အညိုအမဲစွဲအောင် ရိုက်နှက်သွားပါက ထိုအဖြစ်ကို သူမ လက်ခံနိုင်သေးသည်။ ယခုတော့ စုချန်းသည် သူမထက် အင်အား နည်းပါးသော်လည်း ညစ်တီးညစ်ပတ် လှည့်ကွက်များ အသုံးပြုကာ သူမကို အနိုင်ယူသွားလေရာ သူမအဖို့ ခံရခက်လှ၏။
"အော် လက်စသတ်တော့ ဒီလိုကိုး"
စုချန်းက မေးစေ့ကို ပွတ်ရင်း ပြောလိုက်သည်။ စုချန်းသည် ချင်းလင်အာ ပြောပြခဲ့သည့် စွမ်းအင် စုဆောင်းခြင်း အရင်းအမြစ်များနှင့် ပတ်သက်၍ စိတ်မဝင်စားလှ။ သူ့မျက်လုံးသည် မူလစွမ်းအင်ကို မြင်နိုင်စွမ်းရှိလေရာ သူ့အတွက် အရင်းအမြစ် များများစားစား မလိုအပ်။ သို့သော် နဂါးကျောင်းတော်၏ ပင်မစာကြည့်တိုက် ကြီးသည်ကား သူ့အဖို့ သေရေး ရှင်ရေးတမျှ အရေးပါလှသည်။
ဤကမ္ဘာကြီးဝယ် ဗဟုသုတနှင့် သတင်း အချက်အလက် ဟူသည် အလွန်ပင် အရေးပါလှ၏။ အလွန်သေးငယ်သော သတင်း အပိုင်းအစ တစ်ခုအတွက် တစ်ခါတရံ တန်ဖိုး ကြီးကြီးမားမား ပေးဆပ် ရတတ်လေသည်။ လောင်စန်း တစ်နိုင်ငံလုံးဝယ် နဂါးကျောင်းတော်၏ ပင်မစာကြည့်တိုက်သည် အကြီးမားဆုံးဟု ဆိုရိုး စကားရှိသည်။ ထိုစာကြည့်တိုက် အတွင်းဝယ် မူလစွမ်းရည်နှင့် ကိုယ်ခန္ဓာစွမ်းအင် စုဆောင်းခြင်းနှင့် ပတ်သက်သည့် စာအုပ်များအပြင် အလွန် တန်ဖိုးကြီးမားသော သတင်း အချက်အလက်များကို သိမှီးထားသည်ဟု စုချန်း ကြားဖူးသည်။
အဖိုးတန် ဗဟုသုတ ဘဏ္ဍာတိုက်ကြီးကား ထိုနံရံများ၏ နောက်ကွယ်တွင် တည်ရှိနေ၏။ သို့သော် ထိုနေရာသို့ ဝင်ခွင့်မရလျင် ထိုစာအုပ်များကို ဖတ်ရှုနိုင်လိမ့်မည် မဟုတ်။ စုချန်း အဖို့ကား ထိုနေရာသို့ ဝင်ခွင့်ရရန်မှာ အသက်တမျှ အရေးကြီး၏။ ကနဦးသည် သူသည် အဆင့်တစ်မှ တစ်ဆယ်အတွင်း ဝင်ရောက် သူများသာ ထိုအခွင့်အရေးကို ရရှိမှန်း မသိရှိခဲ့ပေ။ ချင်းလင်အာ၏ စကားသာ မှန်ကန်နေခဲ့လျင် ထိုအခွင့်အရေးကို ရရှိရန် သူသည် အစွမ်းကုန် တိုက်ခိုက်မည်သာ။
သို့သော် စုချန်း၏ လက်ရှိ အနေအထားအရ ထိုကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် လိုအပ်တော့ဟန် မတူ။ လက်ရှိ သူ့ရမှတ်သည် အဆင့်တစ်ဆယ် အတွင်း ဝင်ရောက်ရန် ဖူလုံနေခဲ့ပုံပေါ်၏။ ချင်းလင်အာနှင့် ဖန်းယွဲ့ကို အနိုင်ယူပြီးနောက် စုချန်းသည် စုစုပေါင်းရမှတ် ၅၈၇ထိ စုဆောင်း နိုင်ခဲ့လေပြီ။
အမှန်တော့ အဆင့်တစ်ဆယ် အတွင်း ဝင်ရောက်နိုင်ရန် အနည်းဆုံး ရမှတ် ဘယ်နှစ်မှတ်အထိ စုဆောင်းသင့်မှန်း စုချန်း မသိ။ အနည်းဆုံး စုဆောင်းသင့်သည့် ရမှတ်ကို ခန့်မှန်းနိုင်ရန် စုချန်း တစ်ယောက် နည်းနည်းပါးပါးတော့ တွက်ချက် ရပေအုံးမည်။
ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် အယောက်ပေါင်း ၁၀၀၀၀ခန့် ဝင်ပြိုင်ပြီး တစ်ယောက်လျှင် ၃မှတ်စီ ပေးထားလေရာ စုစုပေါင်းအမှတ်မှာ ၃၀၀၀၀ဝန်းကျင်ခန့်ဟု အကြမ်းဖျင်း သတ်မှတ်နိုင်သည်။ ထိုအထဲတွင်မှ သားရဲသတ္တဝါဆိုး များကို သတ်ဖြတ်၍ ရရှိနိုင်သော အမှတ်ကို ထည့်ပေါင်း လိုက်သောအခါ အမှတ်ပေါင်း ၅၀၀၀၀ ဝန်းကျင်ခန့် ဖြစ်လာမည်ဟု တွက်ဆရသည်။ ထိုထက်တော့ ပိုသွားဖွယ်ရာ မရှိပေ။
လက်ရှိ စုချန်း၏ ရမှတ်မှာ ၅၀၀ကျော်ဖြစ်လေရာ အဆင့်အတန်းမှာလည်း မနိမ့်လှဟု ယူဆရသည်။ အနည်းဆုံးတော့ အဆင့်တစ်ရာ အတွင်းတွင် ရှိပေလိမ့်မည်။ ထိပ်ဆုံးတစ်ရာ အတွင်းရှိ ပြိုင်ပွဲဝင် ၁၀၀အား အမှတ်ပေါင်း ၅၀၀၀၀ကို ညီတူညီမျှ ဝေငှလိုက်ပါက တစ်ယောက်လျှင် အမှတ် ၅၀၀စီ ရရှိနေသည် မဟုတ်ပါလား။ သို့သော် ဤတွက်ချက်ပုံမှာ အကြမ်းဖျင်းသာ ဖြစ်သည်။ ဤနေရာတွင် မည်သည့် ပြိုင်ပွဲဝင်က တိုက်ပွဲ ဘယ်နှစ်ပွဲကို အနိုင်ရရှိခဲ့သနည်း ဟူသော မေးခွန်း၏ အဖြေကို ထည့်သွင်း တွက်ချက်နိုင်ခြင်း မရှိလေရာ ဝိဝါဒကွဲပြားစရာ များစွာ ကျန်ရှိနေသေး၏။ ပုံသေနည်းအရ တိုက်ပွဲများများ တိုက်ပြီး များများ အနိုင်ရသူသည် တခြားလူများထက် ပို၍ အမှတ်များမည်မှာ သေချာနေသည် မဟုတ်ပါလား။ ထိုအခါ တစ်ယောက်လျှင် အမှတ်၅၀၀ဟု အကြမ်းဖျင်း တွက်ဆရန် မဖြစ်နိုင်တော့ပေ။
လက်ရှိတွင်ကား ပြိုင်ပွဲဝင်များ အားလုံးသည် ကြိုးစား ယှဉ်ပြိုင်နေဆဲသာ ဖြစ်လေရာ ထိပ်ဆုံးဆယ်ယောက် ဟူသည် လူတိုင်းအတွက် မျှော်လင့်ချက် ရှိနေသေး၏။
နောက်ဆုံးတွင်ကား စုချန်းသည် အကြမ်းဖျင်း တွက်ချက်မှုကိုသာ ပြုလုပ်နိုင်၏။ နဂါးကျောင်းတော်သည် ပြိုင်ပွဲဝင်များ၏ အဆင့်အတန်းကို ဖုံးကွယ်ထားလေရာ နောက်ဆုံးအချိန်ထိ မည်သူမျှ စိတ်မလျှော့ရဲချေ။ ဤသည်မှာပင် နဂါးကျောင်းတော်၏ ရည်ရွယ်ချက် ဖြစ်သည်။ ပြိုင်ပွဲဝင်များ အနေနှင့် မိမိ၏ အဆင့်ကို စိတ်ကျေနပ်ပြီး ပျင်းရိသွားမည်ကို နဂါးကျောင်းတော်အနေနှင့် လိုလားခြင်း မရှိ။
မူလက စုချန်း၏ ရည်ရွယ်ချက်မှာ မြောက်ပိုင်း မြို့တော်အတွက် ရရှိထားသော ဝင်ခွင့်လေးနေရာ အနက်မှာ တစ်နေရာကို သိမ်းပိုက်ရန်သာ ဖြစ်သည်။ သို့သော် ချင်းလင်အာထံမှ ရရှိလိုက်သော သတင်း အချက်အလက် အသစ်ကြောင့် သူ့အနေနှင့် ထိုမျှလောက်နှင့် မတင်းတိမ်နိုင်တော့။ ထိပ်ဆုံး ဆယ်ယောက်အတွင်း ဝင်ရောက်လိုစိတ်များ ပေါ်ပေါက်လာ၏။ ကံကောင်းသည်မှာ ဖန်းယွဲ့ နောက်သို့လိုက်ရင်း သူသည် အမှတ်များစွာ စုဆောင်း ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
အစစ အရာရာ စိတ်တိုင်းကျ တွက်ချက်ပြီးနောက် စုချန်းက ချင်းလင်အာကို မေးမြန်းလိုက်သည်။
"ခင်ဗျားအနေနဲ့ ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်ချင်နေတုန်းပဲလား"
ချင်းလင်အာ၏ မျက်လုံးသည် မျက်ရည်ဝဲလာ၏။
"ရှင် တမင်သက်သက် ကျွန်မကို ခနဲ့နေတာလား"
"ကျုပ်အနေနဲ့ ခင်ဗျားကို ကူညီနိုင်တယ်"
"ရှင်က ဘယ်လို ကူညီမှာလဲ"
စုချန်းက ရှင်းပြလိုက်သည်။
"ကျုပ်တို့ နှစ်ယောက်ပေါင်းပြီး အသင်းတစ်သင်း ဖွဲ့နိုင်သားပဲ ခင်ဗျားဟာ တစ်ယောက်ယောက်ကို ထိန်းချုပ်နိုင်ဖို့ လိုအပ်နေတယ်မလား ဒီလူဟာ ကျုပ်ဖြစ်နိုင်သားပဲ ဘယ့်နှယ်လဲ"
"ဘာပြောလိုက်တယ်ရှင့်"
ချင်းလင်အာတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရှာသည်။