← Chapters

ဒူးထောက်ပြီး တောင်းပန်

Vol. 3 Ch. 286

ဒူးထောက်ပြီး တောင်းပန်

Vol. 3 Ch. 286

ချန်းဖန်၏ ဝိညာဉ် ခန္ဓာကိုယ်မှာ ဝိညာဉ်စွမ်းအင်နှင့် များစွာ ပတ်သက်မှု ရှိသည်။ သာမန်လူ တစ်ယောက်၏ ဝိညာဉ် စွမ်းအင်မှာ အလွန် အားနည်းပြီး ပျက်စီးလွယ်သည်။ ထို့ကြောင့် ချန်းဖန် အကြည့် တစ်ချက်ဖြင့်ပင် နင်းရှန်းချန်အား သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ် စွမ်းအင်ကို လေ့ကျင့်သော ပညာရှင်များမှာ ခန္ဓာကိုယ် ကျင့်ကြံသူများထက် ပိုမို အစွမ်းထက်သည်ဟု ပြောနိုင်ပြီး မိုင်ပေါင်းများစွာ အကွာအဝေးမှ လူတစ်ယောက်ကိုပင် သတ်နိုင်စွမ်း ရှိသည်။ ချန်းဖန်သည် ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ရောက်နေပြီ ဖြစ်သောကြောင့် သူ၏ ဓမ္မစွမ်းအားနှင့် နတ်ဘုရား စွမ်းအားမှာ ခွန်လွန်ထက် အနည်းငယ်သာ ပိုသာသည်ဟု ပြောနိုင်သည့်တိုင် သူ၏ ဝိညာဉ် စွမ်းအင်ကမူ ခွန်လွန်ထက် အပြတ်အသတ် သာသည်။

ချန်းဖန်မှာ ဝိညာဉ် စွမ်းအင်ကိုပင် အသုံးပြုပြီး နတ်ဘုရား စိတ်အာရုံကို ဖော်ထုတ် နိုင်ခဲ့သည်မှာ အလွန်ပင် ကြာမြင့်နေခဲ့ပြီ ဖြစ်၏။ ချန်းဖန်နှင့် ခွန်လွန် တို့၏ ဝိညာဉ် စွမ်းအင်များကို နှိုင်းယှဉ်ပြ ရလျှင် စတီးဓား တစ်ချောင်းနှင့် သစ်သားတုတ် တစ်ချောင်းကဲ့သို့ ကွာဟသည်။

ထိုအချိန်၌ ခွန်လွန်၏ တတိယ မျက်လုံးမှာ ရွှေရောင် အလင်းတန်းများ တောက်ပကာ တရုတ် ဒဏ္ဍာရီများမှ မျက်လုံးသုံးခု အာလန်ရှန်းအလား ထင်မှတ် ရစေသည်။ သူ၏ ဝိညာဉ် စွမ်းအင်များက အစစ်အမှန် ထုထည် အသွင် ဖွဲ့စည်းကာ သန့်ရှင်းခြင်းကို ကိုယ်စားပြု၏။ ထိုအရာက ခွန်လွန်၏ ဝိညာဉ် စွမ်းအင်မှာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့် တစ်ယောက်နီးပါး အစွမ်းထက် နေသည့် လက္ခဏာပင်။

သို့သော်လည်း ချန်းဖန်၏ မျက်လုံးများက အဇူရာရောင် လင်းလက်လာကာ အဇူရာ မီးတောင် တစ်ခုကို ဖန်တီးသည်။ ထို့အရာက ခွန်လွန်၏ ရွှေရောင် စွမ်းအားများထက် ပိုမို အားကောင်းဟန် ရသည်။ ထိုစွမ်းအားနှစ်ခု ထိပ်တိုက် တွေ့သည်နှင့် ပေါက်ကွဲမှု တစ်ခုဖြစ်ကာ လေဟာနယ်ကို တုန်ခါစေသည်။

"အ ...”

ခွန်လွန် နာကျင်စွာ ညည်းညူလိုက်သည်။ သူ၏ တိုက်ခိုက်မှုက အရာဝင်ခဲ့ပုံ မရချေ။ ချန်းဖန်၏ အဇူရာမီးတောက် အောက်တွင် သူ၏ ရွှေရောင် အလင်းတန်းက ဝါးမျိုခံရကာ သူနှင့် အဆက်ပြတ် သွားသည်။ အဇူရာ မီးတောက်က ရပ်တန့်ဟန် မရဘဲ ခွန်လွန်၏ စိတ်ကို တိုးဝင်၍ တိုက်ခိုက်သည်။ မျက်လုံး တစ်မှိတ်စာ အတွင်းမှာပင် သူ၏ နဖူးမှ ရွှေရောင် မျက်လုံးမှာ သာမန်အနီစင်း တစ်ခု အပြန် ပြန်လည် ပြောင်းလဲသည်။

ခွန်လွန်မှာ နောက်သို့ အရှိန်မထိန်းနိုင်ပဲ လွင့်စဉ်ကာ ကုလားထိုင် တစ်ခုပေါ်သို့ ထိုင်လျက်သား ကျသည်။ ကုလားထိုင်မှာ သစ်ဝါသားဖြင့် ပြုလုပ် ထားသည့်တိုင် ခွန်လွန်ကို ခံနိုင်ရည် မရှိပေ။ တစ်စစီ ကျိုးပျက်ကာ ခွန်လွန်အား ကြမ်းပြင်ထက်သို့ ကျစေသည်။ တစ်စက္ကန့်မျှ အချိန် အတွင်းမှာပင် သူ၏ စိတ်စွမ်းအင်မှာ ချန်းဖန်၏ ဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။

ထိုအရာက ဝိညာဉ်စွမ်းအင် တိုက်ပွဲ၏ အန္တရာယ် များခြင်းပင်။ ထိုအရာက တိုက်ခိုက်သူ ခုခံသူ နှစ်ယောက်လုံး အတွက် အလွန် အန္တရာယ် ရှိသည်။

"ဘာကြောင့်လဲ။ မင်းက ဘာကြောင့် ဒီလောက် သန်မာတာလဲ”

သွေးများက သူ၏ မျက်လုံးများမှ တသွင်သွင် စီးကျနေ၏။ သူက မြေပြင်ပေါ်တွင် လဲကျနေကာ သူ၏ အသံက ကြောက်ရွံ့မှု‌ဖြင့် တုန်ခါနေသည်။ သူ၏ ဝိညာဉ် စွမ်းအင်က အားလုံးဝ မရှိတော့ပေ။ မူလ အခြေအနေသို့ ပြန်ရောက်လိုလျှင် အနည်းဆုံး နှစ်အနည်းငယ် ကြာအောင် ကျင့်ကြံ ရတော့မည် ဖြစ်သည်။

"မင်းက အရမ်း အားနည်းတယ်”

ချန်းဖန်က ပေါ့ပေါ့ပါးပါး ပြောရင်း လုံမိသားစုဝင်များကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးမှ အဇူရာ အလင်းတန်းများမှာ ကွယ်ပျောက်နေပြီ ဖြစ်သည့်တိုင် အရိပ်အယောင်လောက် ကျန်နေသေးသည်။ သို့သော် ထိုအရာကပင် လုံမိသားစုများကို ခြိမ်းခြောက်ရန် လိုအပ်သည်ထက် ပိုနေသည်။

"ချန်းပေ့ရွှမ်း ... ငါဘယ်တော့မှ အညံ့မခံ ...”

လုံချန်က အံကို တင်းတင်းကြိတ်ကာ သူ၏ ခြေများကို မြဲမြံအောင် ရပ်သည်။ သို့သော်လည်း သွေးများက သူ၏ နှုတ်ခမ်းမှ အန်ထွက်ကာ သူ၏ ခံနိုင်ရည်အားကို ကင်းမဲ့စေသည်။ သူက ချန်းဖန်ကို မုန်းတီးစွာ ကြည့်လိုက်၏။

"ဒူးထောက် ...”

ချန်းဖန် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

"ဘုန်း ...”

လုံချန် ခံနိုင်ရည် မရှိတော့ပေ။ သူ၏ ဒူးနှစ်ဖက်က မြေပြင်ပေါ်သို့ ကျကာ ဒူးထောက်လျက်သား ဖြစ်စေသည်။ လုံမိသားစုဝင် များစွာမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဒူးများပင် တုန်လာ ခဲ့ကြသည်။ ချန်းပေ့ရွှမ်း အကြောင်း ကောလာဟလများကို ကြားဖူးသော်လည်း မျက်လုံးဖြင့် တွေ့မြင် ခဲ့ဖူးခြင်း မရှိရာ သူတို့ အကြောက်အလန့် ကင်းမဲ့ခဲ့သည်။

ယခု ကိုယ်တိုင် တွေ့မြင် ရသည်နှင့် ချန်းပေ့ရွှမ်း၏ စွမ်းအားမှာ ကောလာဟလများ ထဲမှထက် ပိုမို သာလွန်ကြောင်းကို သူတို့ သဘောပေါက် လိုက်သည်။ ထိုချန်းပေ့ရွှမ်း ဆိုသော ကောင်လေးမှာ အတွေးဖြင့်ပင် လူသတ်နိုင်စွမ်း ရှိပုံပေါ်သည်။

"မင်း ငါ့ကို ယုံပြီလား”

ချန်းဖန်က လုံချန်ရှိရာသို့ လျှောက်လာကာ ဒူးထောက်နေသော သူအား အပေါ်မှ ငုံ့ကြည့်လိုက်သည်။

"ကျွန်တော် ယုံပါပြီ။ ယုံပါပြီ”

လုံချန် ပြန်ဖြေသည်။ သို့သော် စကားလုံး တစ်ခုချင်းစီက သူ၏ နှလုံးသားကို နာကျင်စေသည်။

"ဒီနေ့ကစပြီး လုံမိသားစုက ကျန်းလုပ်ငန်းစု တစ်ခုခု မဖြစ်အောင် တာဝန်ရှိတယ်။ ကျန်းလုပ်ငန်းစု တစ်ခုခု ဖြစ်တာနဲ့ ခင်ဗျားတို့ အားလုံးကို ကျုပ်သတ်မယ်”

ချန်းဖန်၏ ရေခဲတမျှ အေးစက်သော အသံက ထွက်ပေါ်လာပြီး လုံမိသားစု၏ စိတ်နှလုံးကို အေးခဲစေသည်။

"ဒါက လုံမိသားစုက ကျန်းမိသားစုကို ကာကွယ်ပေးရမယ် ဆိုတဲ့ အဓိပ္ပာယ် မလား”

လူတိုင်းမှာ မတိုင်ပင်ပဲ တညီတညွတ်တည်း တွေးလိုက်မိသည်။ သို့သော် မည်သူမှ မကန့်ကွက် ရဲကြချေ။

"စိတ်ချပါ ဆရာချန်း ... လုံမိသားစုက ကျန်းလုပ်ငန်းစုကို ဂရုစိုက် ပေးပါ့မယ်”

လုံကျန်းရှင်းက ရိုသေစွာ ပြောလိုက်သည်။ ချန်းဖန်က သူ့ကို ခေါင်းညိတ်ပြရင်း ခွန်လွန်ဘက်သို့ ကြည့်လိုက်သည်။

သူ လုံမိသားစုသို့ လာခြင်းမှာ သတ်ဖြတ်ရန် မဟုတ်ပေ။ ခြောက်လှန့်ရုံသာ လုပ်ဆောင်လိုခြင်း ဖြစ်သည်။ သူက ရှန်းမိသားစုဝင် တိုင်းကို သတ်ဖြတ်ခဲ့ပြီး၊ အဘိုးအို ကျန်းကိုပါ သတ်ဖြတ်ခဲ့ သေးသည်။ သူသာ လုံမိသားစုကို ထပ်မံ သတ်ဖြတ်ခဲ့လျှင် ဗိုလ်ချုပ် လီပင်လျှင် သူ့ဘက်မှ ရှိရန် မသေချာတော့ပေ။ သို့သော်လည်း ခွန်လွန်မှာမူ တရုတ်လူမျိုး မဟုတ်သဖြင့် တရုတ် အစိုးရက သူ၏ သေဆုံးခြင်းကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

ချန်းဖန် သူ့ဘက်သို့ လှည့်ကြည့် လိုက်သည်နှင့် ခွန်လွန်က လဲကျနေရာမှ လူးလဲထကာ ဒူးထောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း အထိန်းအကွပ် မရှိ တုန်ခါနေခဲ့ တော့သည်။

"ကျွန်တော်က မျက်လုံးတွေ ရှိပေမဲ့ တောင်ကြီးကို မမြင်နိုင်ခဲ့တဲ့ သူပါ။ ခုစကပြီး ဆရာ့ရဲ့ တပည့်အဖြစ် ခံယူပြီး စည်းမျဉ်းတွေကို လိုက်နာပါ့မယ်။ တကယ်လို့ ဆရာသာ အလိုရှိရင် ဝိညာဉ်နဲ့ ခန္ဓာ နှစ်ခု စလုံးကို ပေးအပ်ပါ့မယ်”

ချန်းဖန်က သူ့အားကြည့်ရင်း အချိန် အတန်ကြာ စဉ်းစားလိုက်သည်။ ထို့နောက် တည်ငြိမ်စွာပင် သူ့အား ပြန်ပြောလိုက်သည်။

"ကောင်းတယ်"

ကျန်းအန့်ချီ လုံမိသားစု စံအိမ်ရှိရာသို့ ရောက်သည့် အချိန်၌ တိုက်ပွဲ ပြီးသွားသည်မှာ ဆယ်မိနစ်ခန့် ရှိနေပြီ ဖြစ်သည်။ သူမ ခြေထောက်များ နာနေသည့်တိုင် လုံမိသားစု စံအိမ်အတွင်းသို့ ပြေးကာ ဝင်လာခဲ့သည်။ သို့သော် စံအိမ်အတွင်းမှ မြင်ကွင်းက သူမအား အံ့အားသင့်စေသည်။

ချန်းဖန်မှာ ကုလားထိုင် တစ်ခုပေါ်တွင် ထိုင်နေပြီး သူ့အား သခင်ကြီးလုံ၊ လုံချန်နှင့် ပိန်ပါးသည့် အဘိုးအို တစ်ဦးက ဝန်းရံနေသည်။

"ဒါက ...”

ကျန်းအန့်ချီ မမျှော်လင့်ထားသော မြင်ကွင်းကြောင့် အံ့အားသင့် သွားသည်။ သူမ၏ စိတ်ထဲတွင် ချန်းဖန်နှင့် မွေထိုင်း ဖိုက်တာတို့ အသေအလဲ တိုက်ခိုက်နေမည်ဟု ထင်ခဲ့သော်လည်း စံအိမ်ကမူ ငြိမ်းချမ်းနေသည်။ မစ္စတာရှီနှင့် ချူးယူလင်တို့ မှာလည်း ကျန်းအန့်ချီ၏ နောက်မှ အပြေးကလေး ဝင်လာခဲ့သည်။

စံအိမ်တည်းမှ အဘိုးအို၏ မျက်နှာကို မြင်သည်နှင့် သူတို့၏ အမူအရာက လေးနက်သွားသည်။

"မျက်တစ်လုံး နာဂ ဘုရင် ... ဒါရှီဘာ ခွန်လွန် ...”

သူတို့ အလန့်တကြား ရေရွတ် လိုက်မိသည်။

"ဒီနေ့က စပြီး ဒါရှီဘာ ခွန်လွန် ဆိုတာ မရှိတော့ဘူး။ ငါက ဆရာချန်းရဲ့ အစေခံအိုကြီးပဲ။ ငါ့နာမည်က ကျန်းချင်းဟန်”

ခွန်လွန်က ခပ်တည်တည် ပြောသည်။ သူ၏ မျက်လုံးများက မှိတ်ထားသည့်တိုင် ကြောက်ရွံ့ခြင်းနှင့် လေးစားခြင်းများက အဘိုးအို၏ မျက်နှာအား ခြယ်သထား၏။

နတ်ဘုရား အဆင့် ...

ချန်းပေ့ရွှမ်းမှာ နတ်ဘုရား အဆင့် ဖြစ်ရမည်။

ထိုအဆင့် မဟုတ်လျှင် သူ၏ ဝိညာဉ် စွမ်းအင်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။ ချန်းပေ့ရွှမ်း၏ ဝိညာဉ်စွမ်းအင်က သူ့ထက် အနည်းဆုံး ဆယ်ဆခန့် ပိုမို များပြားသည်။

သူမသေခင် နတ်ဘုရား အဆင့် တစ်ယောက်ကို တွေ့ရလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။

"အန့်ချီ၊ မစ္စတာရှီ နဲ့ ယူလင် ... ခင်ဗျားတို့ ရောက်လာတာလား”

ချန်းဖန်က စားပွဲပေါ်မှ မိုချင် လက်ဖက်ရည်ခွက်ကို ယူရင်း မေးလိုက်သည်။ ထို့နောက် တစ်ငုံ သောက်လိုက်ရင်း ကျန်းအန့်ချီအား ကြည့်ကာ ...

"အန့်ချီ ... ဒီနေ့က စပြီး လုံမိသားစုက ကျန်းလုပ်ငန်းစုရဲ့ မဟာမိတ်ပဲ။ မင်းအကူအညီ လိုရင် သူတို့ကို လွတ်လွတ်လပ်လပ် တောင်းလို့ ရတယ်”

"ဟုတ်ကဲ့ ဆရာ ...”

သူမတွင် မေးခွန်းများ ရှိသည့်တိုင် ကျန်းအန့်ချီက ခေါင်းညိတ်လိုက်သည်။

ထိုအချိန် လုံမိသားစုဝင် များမှာ စိတ်ထဲမှ ကြေကွဲနေသည့်တိုင် သူတို့၏ မျက်နှာများကို ဟန်လုပ်ကာ အတင်းပြုံးထား ကြသည်။ သူတို့ နားလည် လိုက်သည်က သေနတ်ကိုကိုင်၍ ကိုယ့်ခြေထောက်ကို ပစ်မိလိုက်သည် ဆိုခြင်းပင်။

***

All Chapters