← Chapters

အဖွဲ့သစ် (၂)

Vol. 15 Ch. 146

အဖွဲ့သစ် (၂)

Vol. 15 Ch. 146

ချင်းလင်အာကား ဆွံ့အတုန်လှုပ် နေလေရာ ချက်ချင်း မတုံ့ပြန်နိုင်သေး။ သို့သော် မျှော်စင်ပေါ်ရှိ လူတိုင်း လိုလိုသည်ကား စုချန်း၏ ရည်ရွယ်ချက်ကို နားလည် သဘောပေါက် လိုက်ကြသည်။ ထိုအခါ သူတို့အကြားဝယ် ဆူဆူညံညံ ဝေဖန်သံများဖြင့် ပြန်လည် ဆူညံလာပြန်၏။ သူတို့အားလုံး လိုလိုသည် စုချန်း၏ ဉာဏ်များလှသော အကျင့်စရိုက်ကို မဆွေးနွေးပဲ မနေနိုင်တော့။

"တယ်လဲဉာဏ်များတဲ့ နတ်ဆိုးလို သတ္တဝါလေးပါလား သူမို့လို့ ဒီလို အကြံအစည်မျိုးကို စဉ်းစားရဲတယ်"

"ဟုတ်တယ်ဗျို့ သူက ချင်းလင်အာရဲ့ ရုပ်သေးရုပ်အဖြစ် ဟန်ဆောင်မယ် ပြီးတာနဲ့ သေရေးရှင်ရေး အခြေအနေမှာ ဝုန်းခနဲ ဒိုင်းခနဲ ဝင်တိုက်မယ် ဒါကို သတိမထားမိတဲ့ လူတွေကတော့ တန်ဖိုး ကြီးကြီးမားမား ပေးဆပ်ရတော့မှာပဲ"

"သူတို့အနေနဲ့ နောက်ထပ် လှည့်ကွက်တစ်မျိုးလည်း လုပ်နိုင်သေးတယ်ဗျ ချင်းလင်အာ အနေနဲ့ နောက်ထပ် လူတစ်ယောက်ကို ထိန်းချုပ်ထားပြီး သေရေးရှင်ရေး အခြေအနေ မရောက်ခင်အထိ စုချန်းရဲ့ ခွန်အားကို ဖုံးကွယ်ထား နိုင်သေးတယ်"

"တစ်ယောက်ကို ဟန်ပြပြီး နှစ်ယောက်ရဲ့ အင်အားကို ဖုံးကွယ်ထားတဲ့ အကွက်ပေါ့ မလွယ်ဘူးဗျို့ သူတို့နဲ့ တွေ့တဲ့ လူတွေကတော့ မရှုမလှ အရေးနိမ့် ကုန်တော့မှာပဲ"

မျှော်စင်ပေါ်ရှိ လူများသည် အထက်ပါအတိုင်း စုချန်း၏ လုပ်ရပ်အပေါ် ဝေဖန် သုံးသပ်မှုများ ပြောဆိုနေကြ၏။

အမှန်တော့ စုချန်းအား လူတိုင်းက ချီးကျူး နေသည်တော့ မဟုတ်။ ညစ်တီးညစ်ပတ် လှည့်ကွက်များကိုသာ သုံးတတ်သည်၊ ကိုယ်တိုင်ကား အရည်အချင်းမရှိ စသည်ဖြင့် မှိုချိုးမျှစ်ချိုး ပြောဆိုနေသ များလည်း ရှိနေ၏။ သူတို့၏ စိတ်ထဲတွင် စုချန်း၏ ဘဝသည် ဖန်းယွဲ့ကို သတ်ဖြတ်လိုက် ကတည်းက အဆုံးသတ်သွားပြီဟု တထစ်ချ ယုံကြည်ထား ကြလေသည်။ တချို့ကလည်း ဖန်းမျိုးနွယ်စုကား သွေးဗီဇ တစ်ဝက်ခန့်သာ ပါသော မျိုးနွယ်စုဖြစ်၍ အရေးစိုက်စရာမလို၊ စုချန်းသာ သူတို့မျိုးနွယ်စုထံ လာရောက်ခိုလှုံပါက ဝမ်းသာအားရ လက်ခံမည်ဖြစ်ကြောင်း စုချန်းဘက်မှ အတိုက်အခံ ပြောဆိုနေကြကုန်၏။

အမှန်တော့ တော်ဝင်မျိုးနွယ်စုတိုင်း သည်လည်း အဆင့်အတန်း တူနေသည်တော့ မဟုတ်။ သွေးဗီဇရာနှုန်းပြည့် ဆက်ခံသူ မျိုးနွယ်စုများနှင့် သွေးဗီဇတဝက်သာ ဆက်ခံသူ မျိုးနွယ်စုများဟူ၍ အဆင့်အတန်း ခွဲခြားသတ်မှတ် ထားသေး၏။

စုချန်းအား မိမိ မျိုးနွယ်စုထံတွင် ဝင်ရောက် ခိုလှုံနိုင်သည်ဟု ရဲရဲတင်းတင်း ပြောဆိုလိုက် သူမှာကား သွေးဗီဇ ရာနှုန်းပြည့် ဆက်ခံသူ လုမျိုးနွယ်စုမှ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သည်။ လုမျိုးနွယ်စုဟူသည် တောင်သုံးလုံး နယ်မြေတွင် ပြိုင်ဘက်ကင်း မျိုးနွယ်စုဖြစ်လေရာ ထိုပုဂ္ဂိုလ်မျိုးက စုချန်းဘက်မှ ရပ်တည် လိုက်ခြင်းသည် များစွာ တာသွားလှသည်။ ထို့နောက်တွင်ကား စုချန်းဘက်မှ ရပ်တည်ပေးသူ အများအပြားပင် ပေါ်ပေါက်လာ၏။ လုမျိုးနွယ်စု၏ ကျောထောက် နောက်ခံကိုသာ ရရှိထားပါက သူကိုယ်ကိုယ်ပင် ဖန်းမျိုးနွယ်စုအား အန်တုရဲသော သဘောပင်တည်း။

စုချန်းအန် အဖို့မှာကား ထိုအခိုက်အတန့်တွင် ရိုလာကိုစတာ စီးနေရသူကဲ့သို့ ခံစားနေရရှာ၏။ ဤအနေအထားတွင် သူနှင့် သားဖြစ်သူအကြား သံယောဇဉ်တရားကို ပြန်လည် တည်ဆောက်ရန် သင့်မသင့် သူ့စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေရှာသည်။ သို့သော် ထိုစိတ်ကူးကို စုချန်းအန်က ချက်ချင်းပင် မောင်းထုတ်လိုက်၏။ အကြီးအကဲ တစ်ယောက်အနေနှင့် သားဖြစ်သူကို ပြန်လည် ဦးညွတ်ရမည့် အဖြစ်မျိုးကို သူလုံးဝ လက်မခံနိုင်။ ထိုသို့သာ ပြုလုပ်ခဲ့မိလျင် နောင်အခါ လူအများရှေ့တွင် သူမည်ကဲ့သို့ မျက်နှာပြမည်နည်း။ တစ်ဖက်တွင်လည်း ဤပုံဤနည်း အတိုင်းသာ ဆက်လက် စခန်းသွားနေပါက ပါရမီရှင် တစ်ယောက် ထွန်းပေါက်လာရန် မွေးမြူ စောင့်ရှောက်ခဲ့သူများ စာရင်းတွင် သူ့နာမည် ဆက်လက် ပါဝင်တော့မည် မဟုတ်။

ဤသို့နှင့် စုချန်းအန်သည် ဆန့်ကျင်ဘက် အတွေးနှစ်မျိုးကြားဝယ် အကြီးအကျယ် ချီတုံချတုံ ဖြစ်နေလေသည်။

ပြိုင်ပွဲနယ်မြေသို့ ပြန်ကြည့်သော် စုချန်း၏ အဆိုပြုချက်ကို ချင်းလင်အာ တစ်ယောက် အထပ်ထပ်အခါခါ စဉ်းစား သုံးသပ်နေ၏။ နောက်ဆုံးတွင် သဘောတူညီမှု၏ နောက်ကွယ်မှ တိကျခိုင်မာသော အကြောင်းပြချက်ကို သူမ နားလည် သဘောပေါက်သွား၏။ ထိုအခါ သူမက ပျော်ရွှင်မြူးထူးသော လေသံနှင့် ပြောလိုက်သည်။

"သိပ်ကောင်းတဲ့ စိတ်ကူးပဲ ကျွန်မတို့နှစ်ယောက် ဒီလူတွေကို ငါးစာချမယ် ထောင်ချောက်ဆင်မယ် ပြီးတာနဲ့ ပွဲသိမ်း တိုက်ခိုက်မယ် ရှင့်ရဲ့ အကူအညီသာရရင် ကျုံးတင်ကော ကျန်းချန်းအန်ကော ကျွန်မ မကြောက်ဘူးရှင့် ဒါပေမဲ့ …"

သူမက လေသံကို နှိမ့်ရင်း ပြောလိုက်သည်။

"အသိဉာဏ်ပျောက်နေတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ဘူးရှင့် ရှင် လုပ်နိုင်ပါ့မလား"

"ကျုပ်လုပ်ပြမယ် ခင်ဗျား အကဲခတ်ကြည့်ပေါ့"

စကားဆုံးသည်နှင့် စုချန်း၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွား၏။ ကနဦးက စူးရှတောက်ပပြီး အားမာန် ပြည့်ဝနေသော သူ့မျက်လုံး အစုံသည် ရုတ်ချည်း ဆိုသလို ရီဝေဝေ ဖြစ်လာကာ စိတ်နှင့်ကိုယ် မကပ်တော့ပဲ အသိဉာဏ် ကင်းမဲ့နေဟန် ပေါ်လာ၏။ တစ်နည်းအားဖြင့် သူ၏ ပုံစံမှာ ချင်းလင်အာ၏ ထိန်းချုပ်မှုကို ခံခဲ့ရသော ဖန်းယွဲ့၊ ငွေဝတ်စုံ လူငယ်တို့နှင့် တစ်ထပ်တည်း တူညီနေ၏။

ချင်းလင်အာကား ပါးစပ် အဟောင်းသာ ဖြစ်သွားပြန်သည်။

"ဟမ် တကယ်ပဲ တူလှပါလား ရှင်ဘယ်လိုများ လုပ်လိုက်တာတုန်း"

စုမျိုးနွယ်စုဝင်များ အဖို့ကား စုချန်း၏ ထိုအပြုအမူကို မြင်တွေ့ပြီးနောက် ကျိန်စာသင့် နေသူများကဲ့သို့ ခံစားနေရလေသည်။

ခွေးမသားလေး ... မျက်မမြင်လို ဟန်ဆောင်တုန်းကလည်း ဒီလိုပုံစံပဲ ...

အမှန်တော့ မျက်မမြင်တစ်ယောက်နှင့် အသိဉာဏ်ကင်းမဲ့နေသူ အကြားဝယ် တူညီမှုများစွာ ရှိနေ၏။ ဥပမာအနေနှင့် ပြောရလျှင် မျက်မမြင်တစ်ယောက်၏ မျက်လုံး ဟူသည် ခံစားချက် ကင်းမဲ့နေတတ်ပြီး ပျင်းရိ လေးတွဲ့ကာ ခြောက်ကပ်ကပ်နိုင်သော အမူအရာမျိုး ပေါ်နေတတ်၏။ အသိဉာဏ် ပျောက်ဆုံး နေသူများလည်း ထို့အတူသာ ဖြစ်သည်။ ယခုလည်း စုချန်း၏ အမူအရာမှာ သဏ္ဌာန်လုပ် သရုပ်တူလှသည်။ သူ့အနေနှင့် ထိုအမူအရာမျိုးအား နှစ်ပေါင်းများစွာ ကျင့်သား ရလာမှန်း သိသာနေသည်။

စုချန်း၏ ထိုအမူအရာကို မြင်သည်နှင့် ကုချိန်းလွှာတစ်ယောက် တစ်စုံတခုကို ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုအခါ သူမက အံကြိတ်ပြီး တီးတိုး ရေရွတ်လိုက်၏။

"လက်စသတ်တော့ ဒင်းက ဒီလိုကိုး သေဖို့သာ ပြင်ထားပေတော့"

အထက်ပါအတိုင်း စဉ်းစားနေခိုက်ဝယ် ကုချိန်လွှာသည် အပြင်းအထန် ဒေါသအိုး ပေါက်ကွဲလျက် ရှိလေရာ ဘေးနားမှ လူများပင် မသိမသာ နောက်ဆုတ်ပေး လိုက်ရ၏။ မဆီမဆိုင် ဤမိန်းကလေး အဘယ်ကြောင့် ဤမျှထိ ဒေါသထွက် နေရသနည်းဟု စဉ်းစားကာ ထိုလူများမှာ နဝေတိမ်တောင် ဖြစ်နေကြလေသည်။

ထိုအချိန်တွင် ချင်းလင်အာနှင့် စုချန်းတို့ နှစ်ယောက်သည် အကြိတ်အနယ် ဆွေးနွေးပြီးနောက် သဘောတူညီမှု ရသွားလေပြီ။ သူတို့နှစ်ယောက်သည် အသင်းတစ်သင်း ဖွဲ့စည်းပြီး နယ်မြေ(၁)ရှိ ပစ်မှတ်များအား စတင် အမဲလိုက်ကြရန် ဆုံးဖြတ်လိုက်၏။

ချင်းလင်အာသည် အင်အား ကြီးမားသော်လည်း နယ်မြေ(၁) တစ်ခုလုံးကိုတော့ စိတ်ထင်သလို မသွားလာနိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ ပြိုင်ပွဲအတွင်း ကျန်ရစ်သူများ အားလုံး လိုလိုသည် အင်အားကြီးမားကြပြီး တော်ဝင်မျိုးနွယ်စုဝင်များ ဖြစ်ကြကုန်၏။ ပို၍ဆိုးသည်မှာ လူတိုင်းနီးပါးသည် ကိုယ်ပိုင်အသင်းများ ဖွဲ့စည်းထားကြခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုလူများကိုသာ ခြုံခို တိုက်ခိုက်လိုပါက ချင်းလင်အာ အနေနှင့် ယခုထက်ပို၍ အဆပေါင်းများစွာ ကြိုးစား အားထုတ်ရန် လိုအပ်နေပေသည်။

ပြိုင်ပွဲနယ်မြေ အတွင်းဝယ် ပန်းခြံထဲတွင် လမ်းသလား နေသူကဲ့သို့ ဖြစ်ကတတ်ဆန်း သွားလာနေသူ တစ်ဦးမျှမရှိ။ လူတိုင်းလိုလိုသည် သတိကြီးစွာ ထားနေကြ၏။ ပြိုင်ဘက်များ၏ စွမ်းရည်ကို လျှော့မတွက်ပဲ အမှန်အတိုင်း နားလည် သဘောပေါက်နိုင်ခြင်း ဟူသည်ကား ဤပတ်ဝန်းကျင်မျိုးတွင် မရှိမဖြစ် လိုအပ်နေသည့် စွမ်းရည်တစ်မျိုး ဖြစ်သည်။ သို့သော် ဤနေရာတွင် နှင်းငှက် ဂျီဟန်းယင်ကိုတော့ ချွင်းချက်အဖြစ် သတ်မှတ် ရပေလိမ့်မည်။ သူမသည်ကား မည်သည့်အရာကိုမျှ စဉ်းစား တွေးတောခြင်းမရှိပဲ လူတယောက်ကို တွေ့သည်နှင့် ကမူရှုးထိုး ဝင်တိုက် တတ်သည်အထိ တိုက်လိုခိုက်လိုစိတ် ပြင်းပြသူဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ စုချန်း၏ အကူအညီနှင့် ချင်းလင်အာသည် ရည်မှန်းချက် ကြီးကြီးမားမား ထား၍ ရပေပြီ။ သူမသည် နဂိုကတည်းက အင်အားကြီး ပြိုင်ပွဲဝင်များအနက် တစ်ယောက်ဖြစ်ပြီး စုချန်းသည်လည်း အင်အားနည်းသူ မဟုတ်။ ထို့အပြင် သူတို့နှစ်ယောက် ပူးပေါင်းပြီး ထောင်ချောက်ဆင် ထားသောအခါ သူတို့နှင့် ရင်ဆိုင်ရမည့် မည်သူမဆိုသည် သတိတစ်ချက် လစ်သွားပါက ပေးဆပ်မှု ကြီမားသွားနိုင်၏။

ထိုနေ့ မွန်းလွဲပိုင်းမှာပင် သူတို့ နှစ်ယောက်သည် အင်အားကြီးမားသော ပြိုင်ပွဲဝင် ငါးဦးအဖွဲ့နှင့် ရင်ဆိုင် တိုးမိတော့သည်။ ထိုသူတို့သည် ချင်းလင်အာ၏ အစွမ်းကို ကောင်းကောင်း သိရှိထား၏။ သို့သော် သူတို့၏ စိတ်ထဲတွင် စုချန်းကို ရှိသည်ဟုပင် မယူဆလေရာ ငါးဦးပေါင်းပြီး သူမအား ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။ အကယ်၍ ထိုနေရာတွင် စုချန်းသာ မရှိခဲ့လျင် ချင်းလင်အာ အနေနှင့် ဤတစ်ပွဲကို မည်သို့မျှ နိုင်ဖွယ်ရာမရှိ။ ရန်သူများအနက် တစ်ဦး သို့မဟုတ် နှစ်ဦးကို ထိန်းချုပ်နိုင်ခဲ့လျှင်ပင် သူမအတွက် အလားအလာ မကောင်းနိုင်သေးပင်။

သို့သော် ယခု အခြေအနေမှာ ယခင်နှင့်မတူပဲ တမူထူးခြားသော အခြေအနေမျိုး ဖြစ်သည်။ ချင်းလင်အာသည် စုချန်းကို ထိန်းချုပ်ရန် မလိုအပ်လေရာ ရန်သူနှစ်ဦးကို တစ်ပြိုင်တည်း ထိန်းချုပ်လိုက်ပြီး အဖွဲ့သား အချင်းချင်း ပြန်တိုက်ခိုင်းတော့သည်။ ထိုအခါ မူလက နှစ်ယောက်နှင့် ငါးယောက် တိုက်ခိုက်ရမည့် အခြေအနေမှ လေးယောက် သုံးယောက် တိုက်ပွဲသို့ ချက်ချင်း ပြောင်းလဲသွား၏။

စုချန်း၏ တိုက်ခိုက်မှုမှာကား ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ သူသည် မီးလျှံငှက်နှစ်ကောင်နှင့် ဝိုင်ကရားကို သုံးကာ ကျန်ရစ်သော လူသုံးယောက်ထဲမှ တစ်ယောက်ကို ချက်ချင်းပင် ရှင်းထုတ် ပစ်လိုက်သည်။ ကျန်နှစ်ယောက်အဖို့ကား ကမ္ဘာပျက်ခြင်းပင် ဖြစ်သည်။ ထွက်ပြေးရန် ကြိုးစားသော်လည်း ပြေးပေါက် မရှိတော့။ အရှက်မရှိသော လှည့်စားမှုအတွက် သူတို့၏ စိတ်ထဲတွင် စုချန်းနှင့် ချင်းလင်အာကို ကြိတ်၍ ကျိန်ဆဲမိကြလေသည်။

သူတို့၏ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်သည်ကို ကြည့်ရင်း ချင်းလင်အာ အထူးပင် ပျော်ရွှင်သွား၏။ ဤနိုင်ပွဲကြောင့် ဆုံးရှုံးသွားသော အမှတ်တချို့ကို ချင်းလင်အာ ပြန်လည် စုဆောင်းနိုင်ခဲ့၏။

တိုက်ပွဲပြီးဆုံး သွားပြီးနောက် ချင်းလင်အာ ပို၍ လောဘ တက်လာ၏။ သူမအနေနှင့် အနည်းငယ်မျှ အမှားအယွင်း မခံနိုင်တော့လေရာ စုချန်းကိုပင် သူမနှင့်အတူ လမ်းမလျှောက်စေတော့ပဲ ဘေးနားရှိ ချုံပုတ်များတွင် ပုန်းအောင်းလျက် လိုက်ပါစေခဲ့လေသည်။

အရာအားလုံးသည် မျှော်စင်ပေါ်ရှိ လူအများ ကြိုတင်ခန့်မှန်း ထားသကဲ့သို့ပင် အတိအကျ ဖြစ်လာခဲ့၏။ သူတို့နှစ်ဦးသည် နယ်မြေ(၁) တစ်ခုလုံးတွင် ကြောက်စရာ အကောင်းဆုံး အတွဲအစပ် ဖြစ်လာခဲ့လေသည်။ ချင်းလင်အာသည် နဂိုကတည်းက အင်အားကြီးမားသော ပြိုင်ပွဲဝင် ဖြစ်လေရာ တခြားလူတစ်ဦးနှင့် အသင်းဖွဲ့လိမ့်မည်ဟု မည်သူမျှ ယူဆလိမ့်မည် မဟုတ်။ သူမ၏ အသင်းဖော်ဖြစ်သော စုချန်းသည်လည်း ပုန်းအောင်း နေခဲ့ပေပြီ။ ဤအခြေအနေတွင် ဘုမသိဘမသိနှင့် ချင်းလင်အာကို အနိုင်ယူရန် ကြိုးစားလာ သူတိုင်းသည် မရှုမလှ ခံစားသွား ရပေလိမ့်မည်။

မည်သို့ဆိုစေ စုချန်းနှင့် ချင်းလင်အာတို့၏ ရမှတ်များမှာကား အလျင်အမြန်ပင် တိုးပွားလာခဲ့၏။ ဤတချက်မှာကား မည်သူမျှ မငြင်းနိုင်သော အမှန်တရားပင် ဖြစ်လေသည်။

သူတို့နှစ်ယောက်သည် အထက်ပါနည်းအတိုင်း နောက်ထပ် ပြိုင်ပွဲဝင် တချို့ကို အနိုင်ယူလိုက်သည့် အချိန်မှာပင် တောအုပ်အတွင်းမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။

"ဟဲ့ အကြင်နာတရား ကင်းမဲ့တဲ့ ကောင်မ ငါ့ညီကို လွှတ်လိုက်စမ်း"

စကားဆုံးသည်နှင့် ပြင်းထန်အားပါလှသည့် လက်သီးချက် တစ်ချက်က ချင်းလင်အာဆီသို့ ကျရောက်လာ၏။ သို့သော် ထိုလက်သီးချက်က သူ၏ ရည်ရွယ်ရာသို့ မရောက်လိုက်ချေ။ အကြောင်းမှာ ထိုတိုက်ခိုက်မှုကို စုချန်းက ဝင်ရောက် ခုခံလိုက်သောကြောင့် ဖြစ်သည်။ ထို့နောက် စုချန်းက အော်ဟစ်လိုက်၏။

"ဟေ့ ဝမ်တောက်ရှန်း"

စုချန်း မျှော်လင့်ထားသည့် အတိုင်းပင် ဝမ်တောက်ရှန်းလည်း နယ်မြေ(၁)သို့ ရောက်ရှိ လာခဲ့ပေပြီ။ မထင်မှတ်ပဲ ညီတောင်မောင် တစ်ယောက် အယုတ်တမာမ၏ ထိန်းချုပ်မှုကို ခံရလေပြီဟု ယူဆ၍ ဝမ်တောက်ရှန်းက ဤကဲ့သို့ ဝင်ရောက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ စုချန်း၏ နှုတ်ဖျားမှ သူ့နာမည်ကို ခေါ်လိုက်သံကို ကြားသောအခါ ဝမ်တောက်ရှန်း အံ့သြသွား၏။

"ဟေ စုချန်း မင်းဒီမိန်းကလေးရဲ့ ထိန်းချုပ်တာ မခံရဘူးပေါ့ ငါ့ကို ကောင်းကောင်း မြင်ရတယ်ပေါ့ ဟုတ်လား"

စုချန်းက ဝမ်တောက်ရှန်းကို ငေးကြည့် လိုက်သည်။ သူ့ရင်ထဲတွင်ကား မသိမသာ လှုပ်ရှားနေ၏။

"ခင်ဗျားက ကျုပ်ဟာ ဒီမိန်းကလေးရဲ့ ထိန်းချုပ်မှု ခံနေရပြီထင်လို့ ဒီလိုမျိုး ဝင်ကယ်တာပေါ့ ဟုတ်လား"

စုချန်း၏ အင်အားသည် ဝမ်တောက်ရှန်းနှင့် သိပ်မကွာလှ။ ထို့ကြောင့် ဝမ်တောက်ရှန်း အနေနှင့် ချင်းလင်အာကို မည်သို့မျှ နိုင်ဖွယ်ရာမရှိ။ သို့တိုင်အောင် ဝမ်တောက်ရှန်းသည် သူ့ကိုယ်သူ မငဲ့ပဲ ညီတော်မောင်၏ ဘဝကို ကယ်တင်ရန်သာ ကြိုးစားခဲ့၏။ မိသားစုမေတ္တာ ငတ်မွတ်နေခဲ့သော စုချန်းအဖို့ ထိုအနေအထားကို အဘယ်မှာ စိတ်မလှုပ်ရှားပဲ နေပါမည်နည်း။

ဝမ်တောက်ရှန်းက တခစ်ခစ်နှင့် ရယ်မောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းက ကျုပ်အသက်ကို ကယ်ခဲ့တာပဲလေကွာ သူများလက်ထဲ ခွေးသေဝက်သေ ပစ်ထားခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ ဒါနဲ့ ငါ့ကို ရှင်းပြစမ်းပါအုံး ဒါက ဘယ်လိုဖြစ်လာတာလဲ ဒီလောက် ချစ်စရာကောင်းတဲ့ မိန်းကလေးမျိုးနဲ့ ဘယ်လိုလုပ်ပြီး အတွဲမိလာတာလဲ"

ထိုအခါ ချင်းလင်အာက ရှက်အန်းအန်းနိုင်သော အမူအရာဖြင့် ငေါက်ငန်း လိုက်သည်။

"ဟေ့ ဖက်တီးကောင် ရှင့်ပါးစပ်ကို ထိန်းထားစမ်း ဘာကို ချစ်စရာ ကောင်းတာလဲ သေချင်လို့လား"

ထို့နောက် သူတို့ သုံးယောက်သည် အနီးအနားတွင် နေရာတစ်နေရာ ရှာကာ စကားစမြည် ပြောဆိုကြ၏။ စုချန်းက သူကြုံတွေ့ခဲ့ရသော အဖြစ်သနစ်များ အားလုံးကို ဝမ်တောက်ရှန်းအား ရှင်းပြလိုက်လေသည်။ ချင်းလင်အာ၏ ရုပ်သေးရုပ်အဖြစ် ဟန်ဆောင်မည့် စုချန်း၏ အကြံအစည်ကို ကြားလိုက်ရသောအခါ ဝမ်တောက်ရှန်း တစ်ယောက် မအောင့်နိုင်တော့ပဲ ဟားတိုက် ရယ်မော လိုက်တော့သည်။

"ဟာ စုချန်း စုချန်း ခွေးသူတောင်းစားလေး တယ်လဲ အကြံပက်စက်တဲ့ ကောင်ပါလားကွ ဟား ဟား ဟား မဆိုးဘူးဟေ့ မဆိုးဘူး မင်းအကြံ တကယ်ကောင်းတယ် လုပ်စမ်းပါဟ ငါလည်း စမ်းကြည့်ရအောင်"

"ကောင်းတယ် သိပ်ကောင်းတယ်"

ချင်းလင်အာက ချက်ချင်းပင် လက်ခံလိုက်၏။

"ခုဆိုရင် ကျွန်မတို့ဟာ သုံးယောက် တစ်ဖွဲ့ဖြစ်သွားပြီ ဒီပြိုင်ပွဲနယ်မြေ တစ်ခုလုံးကို ဗြောင်းဆန်အောင် လုပ်လို့ရနေပြီ ဒီအနေအထား အတိုင်းဆိုရင် ဂျီဟန်းယင်ကိုတောင် ကြောက်စရာ မလိုတော့ဘူး"

"မှန်တာပေါ့ မှန်တာပေါ့"

ဝမ်တောက်ရှန်းက ခေါင်းတဆတ်ဆတ် ညိတ်ရင်း ထောက်ခံလိုသည်။ သို့သော် တစ်စုံတရာကို စဉ်းစားမိဟန်ဖြင့် ခေါင်းခါ လိုက်ပြန်သည်။

"တခြားလူတွေအတွက် ဆိုရင်တော့ ဟုတ်ကောင်း ဟုတ်မယ် ဒါပေမဲ့ ဂျီဟန်းယင် အတွက်ဆိုရင်တော့ မေ့ထားလိုက်တာ ကောင်းမယ် ထင်တယ်"

သူတို့သုံးယောက် ပူးပေါင်းနိုင်ခဲ့သည့် တိုင်အောင် ဝမ်တောက်ရှန်း တစ်ယောက် ယခုအချိန်ထိ ယုံကြည်မှု မရှိသေးပေတကား။

All Chapters